စုချီ၏အထင်လွဲမှု
Vol. 5 Ch. 64
အခန်း (၆၄) စုချီ၏အထင်လွဲမှု
သုံးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဒုတိယအဆင့်ကို ရောက်ရှိသွားပါတယ်။ ရှင်းဟုန်ရွှမ်ကတော့ လျှို့ဝှက်နယ်မြေထဲက လိုဏ်ဂူထဲမှာ လိုဏ်ဂူနံရံကကျင့်စဉ်ကို နားလည်အောင် ကြိုးစာနေတုန်းပါပဲ။
ဟန်ကျွယ်ဟာ အဆင့်တက်ပြီးတာနဲ့ သူ့အကျင့်အတိုင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင် ဖြစ်လာသည်။]
[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၉
[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီသည် မတော်တဆ ကံကောင်းပြီး ဆန်းကြယ်စွမ်းအားတစ်မျိုးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ဝဲကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၈၇
[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၀၂
[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ဝဲလမ်းစဉ်သို့ ကျဆင်းသွားပြီဖြစ်သည်။]
…
‘ခွီးတဲ့မှပဲ... နောက်ထပ် တပည့်တစ်ယောက် လက်ဝဲလမ်းစဉ်ထဲ ကျသွားပြီလား၊ ကောင်းချီးပေးခံတဲ့လူလဲ လက်ဝဲလမ်းစဉ်ထဲ ကျတာပဲလား’
ဟန်ကျွယ်ဟာ ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။
‘ဒီကောင်းကင်မိုးကြိုးတောင်ထိပ်က ဘာတွေဖြစ်နေတာလဲ၊ တောင်ထိပ်အကြီးအကဲက သူလျှို၊ အဓိကတပည့်နှစ်ယောက်ကလည်း လက်ဝဲလမ်းစဉ်ထဲ ကျသွားတယ်’
မော့ဖူချိုနဲ့ ကျိုးဖန် နှစ်ယောက်လုံးရဲ့ ကျင့်ကြံခြင်းဟာ ရွှေဓာတ်လုံး ပဥ္စမအဆင့်နဲ့ အထက်မှာ ရှိနေတာပါ။ သူတို့ရဲ့ ကျင့်ကြံခြင်းက တဟုန်ထိုး တိုးတက်သွားတာပါ။
ဘာလို့ ဒီလိုတိုးတက်သွားရတာလဲဆိုတာကို ဟန်ကျွယ် စိတ်မဝင်စားဘဲ မနေနိုင်ပါဘူး။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးရဲ့ရောင်ဝါကို ရုတ်တရက် အာရုံခံမိလိုက်ပါတယ်။ ဒီခွေးဝတုတ်ဟာ လိုဏ်ဂူဝမှာ ဆောင့်ကြောင်ထိုင်နေပြီး စကားတစ်လုံးမှ မပြောပါဘူး။ ဒီခွေးပုံစံကို ကြည့်ရတာ တစ်ခုခုပြောချင်ပေမဲ့ ချီတုံချတုံဖြစ်နေပုံပါပဲ။
ဟန်ကျွယ်က အထဲကနေ လှမ်းမေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
“သခင်... ကျွန်တော် အတွေ့အကြုံရအောင် အပြင်ဘက်ထွက်လို့ရမလား၊ ကျွန်တော် ဒီနေရာမှာဆက်ပြီး မနေနိုင်တော့ဘူး”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ ဟန်ကျွယ့်စကားကို စိတ်မသက်မသာနဲ့ စောင့်နေပါတယ်။
“မင်းက နတ်သားရဲ၊ မင်း သရုပ်မှန်ပေါ်သွားရင် တစ်ခြားလူတွေရဲ့ အာရုံစိုက်တာကို ခံရလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းကို ငါကယ်ဖို့ ခက်သွားပြီ” ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ တော်တော်လေး ကရိကထများပါတယ်။ ငရဲကြက်နက်လို တည်တည်ငြိမ်ငြိမ် မရှိဘဲ အပြင်လောကကို တွေ့မြင်ဖို့ စိတ်အားထက်သန်နေပါတယ်။
“သခင် မစိုးရိမ်ပါနဲ့၊ ကျွန်တော် ကျိန်းသေပေါက် ဂရုစိုက်မှာပါ၊ ကျွန်တော် ပြဿနာမရှာသလို သရုပ်မှန်လည်း မပေါ်စေရပါဘူး၊ အပြင်လောကကို တစ်ချက်ကြည့်ပြီးတာနဲ့ ကျွန်တော် ပြန်လာမှာပါ”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ် “အဲဒါဆိုလည်း သွားပေါ့”
ကောင်းချီးပေးခံရတဲ့ နတ်သားရဲတစ်ကောင်အနေနဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ သူများပြောတိုင်း မယုံပါဘူး။ အပြင်လောကမှာ ဒုက္ခတွေ့မှ ခပ်ကုပ်ကုပ်ကျင့်ကြံအားထုတ်တာရဲ့ အကျိုးကျေးဇူးတွေကို သိမြင်နားလည်လာမှာပါ။ အဲဒါကြောင့် ဟန်ကျွယ်က ပဋိပက္ခကောင်းကင်ခွေကို အပြင်လောကဆီ ထွက်သွားခွင့်ပြုလိုက်တာပါ။
အံအားသင့်ပြီး ကျေနပ်သွားတဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ချက်ချင်းဆိုသလိုပဲ တောင်အောက် ပြေးဆင်းသွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေး ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ငရဲကြက်နက် ရောက်လာပါတယ်။
“ဘာလဲ၊ မင်းကလည်း အပြင်ထွက်ချင်လို့လား” ဟန်ကျွယ်က ဒေါသတကြီး မေးလိုက်ပါတယ်။
ငရဲကြက်နက်ဟာ ကြောက်ရွှံမှုကြောင့် တုန်တက်သွားပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သခင်က ကျွန်တော့်ကို သေအောင်ရိုက်သတ်ရင်တောင် သခင့်အနားကနေ ကျွန်တော်ခွာမှာ မဟုတ်ဘူး၊ အပြင်လောကက အရမ်းအန္တရာယ်များတယ်၊ အခုဒီခွေးဝတုတ် ထွက်သွားပြီဆိုတော့ ဘယ်လိုကျင့်ကြံရမလဲဆိုတာ ကျွန်တော့်ကို သင်ပေးပါလား”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပါတယ်။ သူတကယ်ပဲ ငရဲကြက်နက်ကို ပညာအချို့ သင်ပေးသင့်ပါတယ်။ ငရဲကြက်နက်ဟာ ကိုယ်ပိုင်ကျင့်စဉ်ရှိပေမဲ့ သိုင်းပညာတို့ ဆန်းကြယ်စွမ်းအားတို့ မရှိပါဘူး။
အခုအချိန်မှာ ငရဲကြက်နက်က အိမ်တစ်လုံးစာအရွယ် ရှိနေပါပြီ။ ငရဲကြက်နက်ရဲ့ ကြီးမားတဲ့အရွယ်အစားကြောင့် ဟန်ကျွယ်ဟာ မိုးနှင်မြေ ဆန်းကြယ်စွမ်းအားကို သင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို မိုးနှင့်မြေစွမ်းအားအကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်ပါတယ်။
ငရဲကြက်နက်ဟာ ကျေနပ်အားရသွားပြီး သူ့ကိုယ်သူ တွေးလိုက်ပါတယ် “ခွေးဝတုတ်... မင်းဒီလိုဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူးမလား၊ မင်းထွက်သွားတာနဲ့ ငါက သခင့်ဆီကနေ ဆန်းကြယ်စွမ်းအားတွေ သင်ယူမယ်၊ မင်းပြန်လာတာနဲ့ မင်းကို ကောင်းကောင်းကြီး ပညာပြလို့ရပြီ”
ဒီလိုနဲ့ ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ပညာစတင် သင်ကြားပေးပါတယ်။
…
ကြိတ်ကြိတ်တိုး စည်ကားနေတဲ့ မြို့တစ်မြို့မှာ စုချီဟာ လမ်းလျှောက်နေပါတယ်။ ဟန်ကျွယ်ဆီကထွက်လာတာ နှစ်ပေါင်းများစွာ ကြာသွားပြီမို့ အရင်လို ရိုးရိုးအအ မဟုတ်တော့ပါဘူး။ စုချီရဲ့မျက်နှာမှာ အပြုံးတွေလည်း မရှိတော့ပါဘူး။ ဘဝဒုက္ခ အကြောင်းကို သိမြင်ခံစားပြီးဖြစ်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ မျက်နှာတစ်ခု ဖြစ်နေပါတယ်။
စုချီဟာ ဘေးဘီဝန်းကျင်ကို ကြည့်ရင်း လမ်းလျှောက်လာပါတယ်။ လျူမိသားစု ပျက်စီးပြီးနောက် စုချီဟာ လျူမိသားစုရဲ့ ရတနာတွေကို တစ်ခုမကျန် သိမ်းယူလိုက်တာကြောင့် အခုဆိုရင် သူ့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ စိတ်ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးတွေ အများကြီးရှိနေပါပြီ။ ဒီလောက် အခက်အခဲတွေ ကြုံတွေ့ရပေမဲ့ စုချီဟာ ဟန်ကျွယ်ပေးလိုက်တဲ့ တာဝန်ကို မမေ့ပါဘူး။
“ဆရာက ဒီတာဝန်ရဲ့ ရလဒ်ကို ဂရုစိုက်ဟန် မတူဘူး၊ ငါ ဒီတာဝန်ထမ်းဆောင်ရင်း ရရှိလာတဲ့ အတွေ့အကြုံတွေကို အလေးထားပုံပဲ” စုချီဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။
ဒီနှစ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်ပြီး စုချီဟာ သက်ပြင်းချလိုက်ပါတယ်။ သူ မျှော်လင့်ချက်မဲ့တဲ့ မလွတ်မြောက်နိုင်ဘူးလို့ထင်တဲ့ အခြေအနေတွေကို နောက်ဆုံးကျရင် သူဟာ အမြဲတမ်း ပြောင်းပြန်လှန်နိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်ရတာက သူ့ဆရာက သူ့ကို လျှို့ဝှက်ပြီး စောင့်ရှောက်နေလို့လို့ စုချီကို ကောက်ချက်ချလိုက်ပါတယ်။
‘ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်ရမယ်၊ ဒီလိုမှ မဟုတ်ဘူးဆိုရင်... ငါ ဒီလောက်အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဘယ်လိုလုပ်ပြီး လွှတ်မြောက်နိုင်မှာလဲ၊ နောက်ပြီး ဆရာပြောတာ ငါမှတ်မိသေးတယ်၊ ဆရာက နတ်ဆိုးနိုင်ဂိုဏ်းကိုသွားပြီး ကိုယ်တိုင် ဖျက်ဆီးပစ်မှာဆိုပဲ... ဟုတ်တယ်၊ ဆရာက ငါ့ကို အရည်အချင်းရှိတဲ့ တပည့်တစ်ယောက် ဖြစ်လာအောင် ပြိုးထောင်နေတာ နေမယ်’
ဒီလိုတွေးမိလိုက်တဲ့ စုချီဟာ သွေးတွေဆူပွက်လာပါတယ် ‘ငါက တစ်ယောက်တည်း မဟုတ်ဘူး၊ ငါက ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်တော့ဘူး’
စုချီရဲ့ နှလုံးသားထဲမှာ ဟန်ကျွယ်ကို ဆရာသခင်အဖြစ် သတ်မှတ်ပြီးပါပြီ ‘ဆရာသခင်က ငါ့ကို လျှို့ဝှက်ပြီး ကာကွယ်နေတာဆိုတော့ ဒီတာဝန်ကို ငါပြီးမြောက်အောင် ထမ်းဆောင်ရမယ်’
“ဝုန်း...”
အတွေးလွန်နေတဲ့ စုချီဟာ တစ်စုံတစ်ယောက်ကို ဝင်တိုက်မိသွားပါတယ်။ အတိုက်ခံရတဲ့လူဟာ စိတ်ဝိညာဉ်ချီကို အသုံးပြုပြီး စုချီကို တွန်းထုတ်လိုက်ပါတယ်။ စုချီဟာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ ဝင်တိုက်တဲ့လူကို ကြည့်လိုက်တဲ့အခါမှာ အမျိုးသမီးတစ်ဦး ဖြစ်နေတာကို တွေ့လိုက်ရဲ့တဲ့အတွက် ချက်ချင်း တောင်းပန်လိုက်ပါတယ်။
“အမှတ်တမဲ့ ဖြစ်သွားလို့ပါ... တောင်းပန်ပါတယ်”
ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ မျက်နှာကလေး လှသလောက် စိတ်ကြမ်းပါတယ်။ ချက်ချင်းပဲ လက်ညိုးငေါက်ငေါက်ထိုးပြီး စုချီကို ကြိမ်းမောင်းပါတော့တယ် “ရှင့်မှာ မျက်လုံးမပါဘူးလား၊ ရှင့်မျက်လုံးတွေကို ကျွန်မဖောက်ထုတ်ပစ်လို့ရတယ်ဆိုတာ ရှင်ယုံလား”
‘ကြမ်းလှချည်လား’
စုချီဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ သူဟာ ဒေါသထွက်ခြင်းမရှိဘဲ အမျိုးသမီးဆီကနေ ရှောင်ထွက်လိုက်ပါတယ်။ စုချီက ဂရုမစိုက်တာကို တွေ့လိုက်ရတဲ့အခါမှာ အဲဒီအမျိုးသမီးဟာ ယမ်းပုံမီးကျဖြစ်သွားပြီး ဓားဆွဲထုတ်ကာ စုချီကို ခုတ်ချလိုက်ပါတယ်။
ဓားဆွဲထုတ်လိုက်တဲ့အသံဟာ အနီးအနားက ရောင်းဖို့ချထားတဲ့ သားရဲတွေကို နိုးနိုးကြားကြား ဖြစ်သွားစေပါတယ်။ သားရဲအချို့ဟာ အမျိုးသမီးအပေါ်ကို ခုန်အုပ်လိုက်တဲ့အတွက် အမျိုးသမီးဟာ ဓားကို ကမန်းကတမ်း ဝေ့ယမ်းလိုက်ပါတယ်။ ဒါပေမဲ့ သားရဲအများကြီးနဲ့ တစ်ယောက်ဖြစ်တဲ့အတွက် တော်တော်လေးဆိုးတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။
ဒါကို မြင်လိုက်ရတဲ့စုချီဟာ တိတ်တဆိတ် ပြုံးလိုက်ပါတယ်။
‘ငါ သိသားပဲ၊ ဆရာသခင်က ငါ့ကို တိတ်တဆိတ် ထပ်ကူညီပြန်ပြီ’ စုချီရဲ့ ရင်ထဲမှာ နွေးထွေးမှုတွေ ပြည့်လျှံသွားပါတယ်။
…
ပဋိပက္ခကောင်းကင်ခွေး တောင်အောက်ဆင်းသွားပြီး တစ်နှစ်မပြည့်ခင်။
လီချန်းလုံနဲ့ ဝေ့ယွမ်ရဲ့ ဦးဆောင်မှုအောက်မှာ ဂိုဏ်းဆယ့်ကိုးဂိုဏ်းက ယွီဂျင်ဂိုဏ်းကိုတိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။ ဂိုဏ်းတိုင်းဂိုဏ်းတိုင်းဟာ တပည့်ရာချီ ခေါ်ဆောင်လာပါတယ်။ ဒီတပည့်တွေအကုန်လုံးထဲမှာ အားအနည်းဆုံးက အခြေခံအဆင့် အဋ္ဌမတန်းပါ။
ဂိုဏ်းဆယ့်ကိုးဂိုဏ်းလုံး ပေါင်းလိုက်ရင် ကျင့်ကြံသူထောင်ချီ ရှိပါတယ်။ သူတို့တွေဟာ အရပ်ရှစ်မျက်နှာကနေ မလာဘဲ အုပ်စုတစ်စုတည်းအဖြစ် စုစည်းကြပါတယ်။ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူနဲ့တိုးမှာစိုးတဲ့အတွက် အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်သတ်အကြီးအကဲကို ရင်ဆိုင်ရမှာစိုးတာကြောင့် သူတို့တွေအကုန်လုံးဟာ ဝေ့ယွမ်နောက်ကနေ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဝေ့ယွမ်က နတ်သတ်အကြီးအကဲကို သတ်လိုက်တာနဲ့ ယွီဂျင်ဂိုဏ်းကို သူတို့စိတ်ကြိုက် တိုက်ခိုက်လို့ရပါပြီ။
ဝေ့ယွမ်ဟာ လေပေါ်မှာ လမ်းလျှောက်နေပြီး သူ့အင်္ကျီစတွေက လေထဲမှာ လွင့်နေပါတယ်။ သူဟာ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ဦးလိုပါပဲ။
ဝေ့ယွမ်ဟာ သူ့နတ်အာရုံကို အသုံးပြုပြီး ယွီဂျင်ဂိုဏ်းကို စစ်ဆေးလိုက်တဲ့အခါမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားပါတယ် “ယွီဂျင်ဂိုဏ်းထဲမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦးပဲ ရှိတယ်၊ ဒီလူကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်”
ဝေ့ယွမ်ဟာ လီချန်းလုံကို မကျေမချမ်း ကြည့်လိုက်ပါတယ်။ သူ့အကြည့်က ‘မင်း ငါ့ကို ကစားနေတာလား’ လို့ မေးခွန်းထုတ်နေပုံပါပဲ။
ဝေ့ယွမ်ဟာ တိုက်ပွဲကြီးတိုက်ရမယ် အထင်နဲ့ လက်နက်ပစ္စည်းမျိုးစုံနဲ့ အဆောင်လက်ဖွဲ့မျိုးစုံကို ပြင်ဆင်လာခဲ့ပါတယ်။ အခုတော့ သူတိုက်ခိုက်ရမဲ့လူက ဒဏ်ရာရနေတဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ ဖြစ်နေပါတယ်။ ဝေ့ယွမ် ဘယ်လောက်ထိ စိတ်ပျက်သွားမလဲဆိုတော့ ခန့်မှန်းကြည့်ကြပါတော့။
လီချန်းလုံဟာ အံအားသင့်သွားပါတယ် ‘သူ ဒဏ်ရာရနေတာလား၊ ဒါက တော်တော်လေးကောင်းတဲ့ ကိစ္စပဲ’
လီချန်းလုံရဲ့ ရည်မှန်းချက်က ယွီဂျင်ဂိုဏ်းကို ဖျက်ဆီးဖို့ ဖြစ်တဲ့အတွက် ကျန်တာတွေဘာတစ်ခုမှ ဂရုမစိုက်ပါဘူး။
ဝေ့ယွမ်က မကျေမချမ်း နှာခေါင်းရှုံ့လိုက်ပါတယ်။ ဒီအထိ ရောက်လာပြီ ဖြစ်တဲ့အတွက် ဝေ့ယွမ်ဟာ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရှေ့သို့သာ ဆက်သွားရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲက တရားကျင့်နေတဲ့ ဟန်ကျွယ်ရှေ့မှာ သတိပေးချက်တစ်ခု ပေါ်လာပါတယ်။
[ယွီဂျင်ဂိုဏ်းသည် လက်ယာ လက်ဝဲ ဂိုဏ်းဆယ့်ကိုးဂိုဏ်း၏ တိုက်ခိုက်မှုကို ခံနေရသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ပြဿနာနှင့် ဝေးဝေးမှာနေရန် ချက်ချင်းထွက်ပြေးပါ။ စိတ်ဝိညာဉ်ရတနာကို ရရှိမည်။]
[၂။ ရန်သူအား သုတ်သင်ပြီး ယွီဂျင်ဂိုဏ်းကို ကာကွယ်ပါ။ ပညာရပ်တစ်မျိုးမျိုးကို ရရှိမည်။]
ဟန်ကျွယ်ဟာ ချက်ချင်းကြီး ရွေးချယ်မှုမလုပ်ဘဲ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုကာ အနီးအနားက အစွမ်းထက်ဆုံးလူကို ရှာဖွေလိုက်ပါတယ်။
[ဝေ့ယွမ်: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့်၊ အနောက်ချောက်ပြည်နယ်မှ နဂါးကိုးကောင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်။]
‘ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့်လား... မဆိုးဘူး’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ဝေ့ယွမ်နဲ့ တိုက်ခိုက်ပါတယ်။ သုံးစက္ကန့်အကြာမှာ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ခေါင်းခါလိုက်ပါတယ်။
‘မင်းမှာ ဒါလေးပဲ ရှိတာလား... အညောင်းတောင် မပြေဘူး’