ဂိုဏ်းချုပ် ကျွန်တော်တို့တွေ တိုက်ကြအုန်းမှာလား
Vol. 5 Ch. 65
အခန်း (၆၅) ဂိုဏ်းချုပ် ကျွန်တော်တို့တွေ တိုက်ကြအုန်းမှာလား
ဂိုဏ်းဆယ့်ကိုးဂိုဏ်း ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်တဲ့သတင်းဟာ ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ ဒါပေမဲ့ လီချင်းဇဲ့ဟာ အလန့်တကြားဖြစ်ခြင်း မရှိဘဲ တောင်ထိပ် ၁၈ ထိပ်က အကြီးအကဲတွေနဲ့ အပြင်ဂိုဏ်း အကြီးအကဲတွေကို တပည့်တွေ ထိန်းသိမ်းခိုင်းပါတယ်။ အဲဒီနောက် လီချင်းဇဲ့ဟာ ဂိုဏ်းစောင့်အရံအတားကို ဖွင့်လိုက်ပြီး တပည့်အားလုံးကို ထွက်မတိုက်ကြဖို့ အမိန့်ပေးလိုက်ပါတယ်။
ယွီဂျင်ဂိုဏ်းတပည့်တွေကလည်း ကြောက်ရွံ့တုန်လှုပ်ခြင်း လုံးဝမရှိပါဘူး။ သူတို့တွေက လူတစ်ယောက်ကို စောင့်နေကြခြင်း ဖြစ်ပါတယ်။
နတ်သတ်အကြီးအကဲ။
အကြီးအကဲတွေ ပြောပြလို့ နတ်သတ်အကြီးအကဲက အထိအခိုက် အကျအဆုံးတွေ များမှာစိုးတဲ့အတွက် ဂိုဏ်းဆယ့်ကိုးဂိုဏ်းနဲ့ တစ်ဦးရင်ဆိုင်မှာဖြစ်ကြောင်း ယွီဂျင်ဂိုဏ်းတပည့်တွေ သိပြီးပါပြီ။
ပထမတုန်းက လီချင်းဇဲ့ဟာ ဒီလို မစီစဉ်ထားပါဘူး။ ဒါပေမဲ့ ဂိုဏ်းဆယ့်ကိုးဂိုဏ်းက တစ်စုတစ်စည်းတာ လာနေတာကို အံဩဖွယ်ရာ တွေ့လိုက်ရပါတယ်။ ဒီအခြေအနေက နတ်သတ်အကြီးကဲက သူတို့အားလုံးကို ဖမ်းဆီးဖို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ။
ဟန်ကျွယ်ဟာ စတင်လှုပ်ရှားလိုက်ပါတယ်။
ဟန်ကျွယ် လိုဏ်ဂူထဲက ထွက်လာတာနဲ့ ငရဲကြက်နက်ဟာ ဟန်ကျွယ်ရှေ့မှာ ချက်ချင်း ပေါ်လာပါတယ်။
“သခင်... ရောင်ဝါတွေ အများကြီး ကျွန်တော် ခံစားမိတယ်၊ ရန်သူတွေ လာတိုက်တာလား၊ ကျွန်တော်တို့တွေ ထွက်ပြေးကြမှာလား” ငရဲကြက်နက်ဟာ အလောတကြီး မေးလိုက်ပါတယ်
“ဒီကောင်တွေက ကြက်သာသာ ခွေးသာသာရှိတာ၊ ဘာလို့ထွက်ပြေးရမှာလဲ” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ လေအသွင်ပြောင်းလဲပြီး ဝီရိယတောင်ကနေ ထွက်ခွာသွားပါတယ်။
ငရဲကြက်နက်ဟာ ဟန်ကျွယ်ထွက်ခွားသွားတဲ့ဘက်ကို တလေးတစား ကြည့်လိုက်ပါတယ်။
‘နေပါအုန်း’
‘သခင်ပြောသွားတဲ့ ကြက်သာသာ ခွေးသာသာက ဘာကိုဆိုလိုတာလဲ’
ငရဲကြက်နက်ဟာ အနှိမ်ခံရသလို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို တွေးမိပြီး ချက်ချင်း ဝမ်းသာသွားပါတယ်။
‘မဟုတ်သေးဘူး၊ ငါက ဖီးနစ်ပဲ... ကြက်မှ မဟုတ်တာ၊ သခင်က ဟိုခွေးဝတုတ်ကို နှိမ်တာပဲ ဖြစ်ရမယ်’
…
ဂိုဏ်းဆယ့်ကိုးဂိုဏ်းက ကျင့်ကြံသူတွေ အကုန်လုံးနီးပါးဟာ ရင်ခုန်ပြီး စိတ်လှုပ်ရှားနေကြပါတယ်။
“ရှေ့နားက ယွီဂျင်ဂိုဏ်းပဲ”
“အဲဒီစီနီယာဝေ့ယွမ်က တကယ်ကဲ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူလား”
“ဟုတ်တယ်လေ၊ ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲက ရန်ကျင့်ကြံခြင်းလောကမှာ နံပါတစ်ပဲ၊ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူမပါဘဲ ဘယ်သူက ယွီဂျင်ဂိုဏ်းကို လာတိုက်ရဲမှာလဲ”
“ဒီတိုက်ပွဲက သမိုင်းတွင်မဲ့ တိုက်ပွဲပဲ”
“ယွီဂျင်ဂိုဏ်းတော့ ကြမ္မာငင်ပြီ၊ ကျိုးဖန်နဲ့ မော့ဖူချိုက ဒီလောက် လူသတ်ထားတာတောင် ယွီဂျင်ဂိုဏ်းကနေ ထုတ်မပစ်ဘူး၊ ဒီယွီဂျင်ဂိုဏ်းက လက်ယာဂိုဏ်းတွေရဲ့ အရှက်ရစရာပဲ”
ကျင့်ကြံသူတွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။
လီချန်းလုံနဲ့ ဝေ့ယွမ်ဟာ ဒီကျင့်ကြံသူအုပ်စုရဲ့ ရှေ့ဆုံးမှာ ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ ပုံမှန်ပဲ သွားနေကြပါတယ်။ ဝေ့ယွမ်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတာမို့ ယွီဂျင်ဂိုဏ်းကို ဂရုမစိုက်ပါဘူး ‘ဒီတိုက်ပွဲကို ငါအစောကြီး အဆုံးသတ်လိုက်ရင် ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး ပြသနိုင်မှာလဲ’
ဒီအချိန်မှာပဲ...
ဟန်ကျွယ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ချီလင်ဓားကို စီးပြီး ပျံသန်းလာပါတယ်။ ဒီအတိုင်း ပျံသန်းလို့ရပေမဲ့ ဓားစီးတာက ပိုပြီးတော့ ဟိတ်ဟန်ရှိမယ်လို့ ခံစားရတာကြောင့် ဟန်ကျွယ်ဟာ ဓားစီးပြီး ပျံသန်းလာတာပါ။
ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီကို အသုံးပြုပြီး သူ့မျက်နှာကို မြူခိုးတွေနဲ့ ဖုံးအုပ်ထားတာကြောင့် ဘယ်သူမှ သူ့မူလရုပ်သွင်ကို မမြင်နိုင်ပါဘူး။
ဝေ့ယွမ်ရဲ့အကြည့်ဟာ ဟန်ကျွယ်ဆီ ကျရောက်သွားပါတယ်။
‘အခြေခံအဆင့် နဝမတန်းလား’
‘ဘာလဲဟ’
‘နေပါအုန်း’
‘သူ့ကိုယ်မှာ...’
ဝေ့ယွမ်ရဲ့ မျက်လုံးတွေဟာ ပင်လယ်လို အကျယ်ကြီး ဖြစ်သွားပါတယ်။ သူဟာ နှစ်တစ်ထောင်ကျော် ရှင်သန်နေထိုင်ခဲ့တာကြောင့် ဗဟုသုတ အရမ်းကြွယ်ဝပါတယ်။ ဒါကြောင့် ဟန်ကျွယ်ကိုယ်ပေါ်က စိတ်ဝိညာဉ်ရတနာတွေကို တစ်ချက်တည်းနဲ့ မြင်တွေ့သွားပါတယ်။
‘ဒီကောင်လေး တစ်ကိုယ်လုံးမှာ စိတ်ဝိညာဉ်ရတနာတွေချည်းပါပဲလား’
ဝေ့ယွမ်ဟာ ဒီလောက်ထိ မချမ်းသာပါဘူး။ သူ့မှာ စိတ်ဝိညာဉ်ရတနာတစ်ခုပဲ ရှိပါတယ်။ ဒါတောင် ခံစစ်ရတနာမဟုတ်ပါဘူး။ တိုက်စစ်ရတနာပါ။
လီချန်းလုံဟာ ဝေ့ယွမ်လို အမြင်မရှိပေမဲ့ ဒီလူက နတ်သတ်အကြီးအကဲဆိုတာ ချက်ချင်း ခန့်မှန်းမိလိုက်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ လက်မြှောက်ပြီး ဂိုဏ်းဆယ့်ကိုးဂိုဏ်း ရပ်တန့်ဖို့ အချက်ပြလိုက်ပါတယ်။
ကျင့်ကြံသူတွေအားလုံးဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။
‘ယွီဂျင်ဂိုဏ်းက ငါတို့ကို ရင်ဆိုင်ဖို့ လူတစ်ယောက်တည်း လွတ်လိုက်တာလား’
‘ဒီဂိုဏ်းက တော်တော်ဘဝမြင့်တာပဲ’
‘ဒီလူက နာမည်ကျော်...’
ချက်ချင်းဆိုသလိုပဲ ဂိုဏ်းဆယ့်ကိုးဂိုဏ်းက ကျင့်ကြံသူတွေဟာ အသံတိတ်သွားပြီး နိုးနိုးကြားကြား ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဝေ့ယွမ်ပေါ် ကျရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဒုတိယအဆင့်ကို ရောက်နေပြီမို့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့် ကျင့်ကြံသူကို သတ်ပစ်ဖို့ဆိုတာ ပုရွတ်ဆိတ်တစ်ကောင် သတ်ရတာလောက် မခက်ခဲပါဘူး။
‘ငါ သူ့ကို ဘယ်လိုသတ်သင့်လဲ၊ ဟိတ်ဟန်ထုတ်ပြီး သတ်ရမလား၊ အဲဒီလိုဆိုရင် ငါ့အစွမ်းတွေကို ထုတ်ပြမိလိုက်သလိုမျိုး ဖြစ်သွားမလား’
‘ထားလိုက်ပါတော့... ဒါတွေ တွေးနေရင် ခေါင်းရှုပ်ဖို့ကောင်းတယ်၊ ဒီလူကို တစ်ချက်တည်း သတ်ပစ်လိုက်တာ ပိုကောင်းတယ်’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီး ဝေ့ယွမ်နားကို တိုးသွားပါတယ်။
ဝေ့ယွမ်ဟာ သလင်းကျောက်တွေ စီခြယ်ထားတဲ့ သစ်သားတုတ်ချောင်းကို ထုတ်ယူလိုက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ လီချန်းလုံကို အသံလွှင့်ပြီး မေးလိုက်ပါတယ် “ဒီလူက တကယ်ပဲ တာအိုသခင်ကျိုးတီ မဟုတ်ဘူးလား”
‘ဒီလူဆီမှာရှိတဲ့ စိတ်ဝိညာဉ်ရတနာတွေက တော်တော်ကြောက်ဖို့ကောင်းတယ်’ ဝေ့ယွမ်ဟာ အရှုံးပေးချင်စိတ်တောင် ပေါက်သွားပါတယ်။
လီချန်းလုံက အသံလွှင့်ပြီး ပြန်ဖြေပါတယ် “မဟုတ်ဘူး၊ သူက နတ်သတ်အကြီးအကဲပဲ၊ သူက တွေ့ရခဲ့တဲ့ ပါရမီရှင်လို့ ကျွန်တော် ကြားထားတယ်၊ သူက ယွီဂျင်ဂိုဏ်းရဲ့ အပြင်စည်းမှာ မွေးဖွားလာပြီးတော့ အသက် ၃၀၀ တောင် မပြည့်သေးဘူး”
‘အသက် ၃၀၀ တောင် မပြည့်သေးဘူး... ဟုတ်လား’
‘စောက်အဓိပ္ပာယ်မရှိတာ... ရန်ကျင့်ကြံခြင်းလောကမှာ ဒီလောက်များတဲ့ စိတ်ဝိညာဉ်ရတနာတွေ ဘယ်လိုလုပ်ပြီး ရှိမှာလဲ၊ ဒီလူက ယွီဂျင်ဂိုဏ်းက လုံးဝမဖြစ်နိုင်ဘူး’
ဝေ့ယွမ် တုံ့ဆိုင်းနေတုန်းမှာပဲ ဟန်ကျွယ်ဟာ သူ့ဆီကို အလွန်လျင်မြန်စွာ ရောက်လာပါတယ်။ လေနတ်သိုင်းကို အသုံးပြုထားတာကြောင့် ဟန်ကျွယ်ဟာ အလွန့်အလွန် မြန်ဆန်လှပါတယ်။ အာားပြင်းတဲ့လေအရှိန်ကြောင့် ဝေ့ယွမ်ဟာ သူ့တုတ်ချောင်းကို အလိုလို မြှောက်မိသား ဖြစ်သွားပါတယ်။
‘ဒီကောင်လေးက စိတ်ဓာတ်မကောင်းဘူးပဲ... တိုက်ပွဲမစခင် ကိုယ့်ကိုကိုယ်တောင် မနှုတ်ဆက်ဘူး’
ဝေ့ယွမ်ဟာ ဒေါသထွက်သွားပြီး သူ့တုတ်ကို ဝှေ့ယမ်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ကလည်း သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်လက်ဝါးကနေ အရောင်ခြောက်ရောင် ထွက်ပေါ်လာပြီး အလွန်လျင်မြန်စွာ စက်ဝိုင်းပုံတံဆိပ်တစ်ခု ဖြစ်ပေါ်သွားပါတယ်။
လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်။
“ဝုန်း...”
စူးရှလွန်းတဲ့ အလင်းရောင်ကြောင့် ကျင့်ကြံသူအားလုံးဟာ မျက်စိစုံမှိတ်လိုက်ကြပါတယ်။
ဝေ့ယွမ်ဟာ အလွန်ကြောက်မယ်ဖွယ်ကောင်းတဲ့ အင်အားတစ်ခု ဖိဆင်းလာတာကို ခံစားလိုက်ရပါတယ်။ ဝေ့ယွမ်ရဲ့ တုတ်ချောင်းဟာ ဒီအင်အားကို မကာကွယ်နိုင်ပါဘူး။ ဒီအင်အားဟာ သူ့ကိုယ်ထဲ ဝင်ရောက်လာပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို ဖျက်ဆီးပစ်လိုက်ပါတယ်။
‘အို... မဟုတ်ဘူး’
ဝေ့ယွမ်ဟာ ထိတ်လန့်သွားပြီး ဘာတစ်ခုမှ ထပ်မတွေးနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ လမ်းခြောက်သွယ် အန္တိမတံဆိပ်က သူ့ပဓာနဝိညာဉ်ကို ပွတ်တိုက်ဖျက်ဆီးပစ်လိုက်လို့ပါပဲ။
တစ်ချက်တည်း ပွဲသိမ်းသွားပါတယ်။ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့်ကတည်းက ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်မှာရှိတဲ့ တာအိုသခင်ကျိုးတီကို သတ်ပစ်နိုင်ခဲ့ပါတယ်။ ဝေ့ယွမ်လိုမျိုးကို ရှင်းပစ်ဖို့က ဘာမှမခက်ပါဘူး။
လီချန်လုံးဟာ စူးရှတဲ့အလင်းရောင် ပျောက်ကွယ်သွားလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဝေ့ယွမ်အလောင်းကို ဟန်ကျွယ်လက်ထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကြောင့် လီချန်းလုံဟာ ဒူးမခိုင်တော့ဘဲ ခွေကျသွားပါတယ်။
ဝေ့ယွမ်မျက်လုံးတွေက သေတာတောင် ပြူးကျယ်နေတုန်းဖြစ်ပေမဲ့ အရင်လို မတောက်ပတော့ပါဘူး။ လီချန်းလုံဟာ သေလောက်အောင် ကြောက်သွားပြီး အလန့်တကြား အော်ခေါ်လိုက်ပါတယ် “စီနီယာဝေ့ယွမ်”
ဟန်ကျွယ်ဟာ လီချန်းလုံရဲ့ရောင်ဝါကို မှတ်မိသွားပါတယ်။
‘ဒီကောင်က လီချန်လုံးပါလား၊ အချိန်ကိုက်လိုက်လေခြင်း’
ဟန်ကျွယ်ဟာ သူ့ညာလက်ညိုးကိုမြှောက်ပြီး ပြိုင်ဘက်ကင်းဓားလက်ချောင်းသိုင်းကို ထုတ်သုံးလိုက်ပါတယ်။ ဟန်ကျွယ် လက်ညိုးထဲက ထွက်လာတဲ့ ဓားရောင်ဝါဟာ လီချန်းလုံရဲ့ ရင်ဘက်ကို ထိုးဖောက်သွားပြီး လီချန်းလုံခန္ဓာကိုယ်ထဲက ရွှေဓာတ်လုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒီနောက် ကနဦးဝိညာဉ်ကို ဆွဲဖြဲပစ်လိုက်ပြီး လီချန်းလုံရဲ့ ပဓာနဝိညာဉ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေပါတယ်။
“ဝေါ့...”
လီချန်းလုံဟာ သွေးအန်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေဟာလည်း လွင့်ပါးပျောက်ကွယ်သွားပါတယ်။
နောက်ထပ် တစ်ချက်တည်းနဲ့ ပွဲသိမ်းသွားတာပါ။
လီချန်းလုံဟာ လေပေါ်မှာ အေးခဲသွားပြီး ဒွါရကိုးပေါက်ကနေ သွေးတွေစီးကျလာတဲ့အတွက် တော်တော်လေး သနားစရာကောင်းတဲ့ဘဝကို ချက်ချင်းဆိုသလို ရောက်ရှိသွားပါတယ်။ လီချန်းလုံဟာ ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး မယုံကြည်နိုင်တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ်။
“မင်း... ဘယ်လိုလုပ်ပြီး...”
အရာအားလုံးဟာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပါတယ်။ တိုက်ပွဲမစရသေးခင်မှာပဲ ဝေ့ယွမ်ဟာ သေဆုံးသွားပြီး လီချန်းလုံဟာ ပညာပျက်သွားပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဂိုဏ်းဆယ့်ကိုးဂိုဏ်းက ထောင်ချီတဲ့ကျင့်ကြံသူတွေဟာ ကြက်သေသေသွားပါတယ်။
ဟန်ကျွယ်ဟာ သရော်ပြုံး ပြုံးလိုက်ပါတယ်။
‘ဘယ်လိုလုပ်ပြီး ဟုတ်လား၊ ငါက အမတဧကရာဇ်ရဲ့ မျိုးဆက်၊ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်ရှိသလို ပြိုင်ဘက်ကင်းတဲ့ ကောင်းချီးလည်းရှိတယ်၊ မင်းကို သတ်ဖို့ဆိုတာက ပုရွတ်ဆိတ်သတ်ရတာလောက်တောင် မခက်ဘူး’
ဟန်ကျွယ်ဟာ သူ့ရှေ့က လီချန်းလုံကို လှမ်းဖမ်းလိုက်ပါတယ်။ အဲဒီနောက် ဂိုဏ်းဆယ့်ကိုးဂိုဏ်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ထွက်ခွာသွားပါတယ်။
ကျင့်ကြံသူတွေ အများကြီးရှိနေတာကြောင့် ဒီလူတွေ အကုန်လုံးကို ဟန်ကျွယ် သတ်လိုက်မယ်ဆိုရင် ယွီဂျင်ဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကရဲ့ အဓိကရန်သူ ဖြစ်သွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ရန်ကျင့်ကြံခြင်း လောကတစ်ခုလုံးဟာလည်း အင်အားလျော့သွားပါလိမ့်မယ်။ ဒါဆိုရင် တစ်ခြားနိုင်ငံတွေ တစ်ခြားတိုင်းပြည်တွေက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရန်ကျင့်ကြံခြင်းလောကကို ကျူးကျော်လာနိုင်ပါတယ်။
ဒီလိုအကြောင်းတွေရှိတာကြောင့် ဟန်ကျွယ်ဟာ သူတို့ကို မသတ်ဘဲ လွှတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝေ့ယွမ်သေဆုံးမှုက ဂိုဏ်းဆယ့်ကိုးဂိုဏ်းကို ခြေကနေကိုင်ပြီး လှုပ်ခါလိုက်သလိုပါပဲ။
တစ်ကိုယ်လုံး ဇောချွေးပျံနေတဲ့ ကျင့်ကြံသူတစ်ဦးဟာ သူတို့ဂိုဏ်းက ဂိုဏ်းချုပ်ကို တုန်တုန်ယင်ယင် မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော်တို့တွေ တိုက်အုန်းမှာလား”
“တိုက်မယ်... ဘာကိုတိုက်မှာလဲ... မင်းက သူလျှိုလား၊ ငါတို့က ယွီဂျင်ဂိုဏ်းကို ကူညီဖို့ ရောက်လာတာလေ...”
‘အခုခေတ် လူငယ်တွေက အမျှော်အမြင် မရှိတော့ပါလား၊ ငါတို့ဂိုဏ်းရဲ့ အနာဂတ်ကတော့ စိုးရိမ်စရာပဲ’
…
ဟန်ကျွယ်ဟာ ပညာပျက်သွားတဲ့ လီချန်းလုံကို အဓိကတောင်ထိပ်က လီချင်းဇဲ့ဆီ ပစ်ပေးလိုက်ပါတယ်။ အဲဒီနောက် ကျင့်ကြံခြင်းလိုဏ်ဂူထဲပြန်ပြီး ဝေ့ယွမ်အလောင်းကို မြေကြီးပေါ် ချလိုက်ပါတယ်။
လက်တစ်ချက် လှုပ်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်လက်ဝါးထဲမှာ ဝိညာဉ်တစ်ခု ပေါ်လာပါတယ်။ ဒီဝိညာဉ်က မိုးကာဝတ်ရုံဂိုဏ်းချုပ် ဟွမ်ဇွမ်တျန်ပါ။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို မသတ်ဘဲ သူ့ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးမှာ အကျဉ်းချထားခဲ့တာပါ။
ဟန်ကျွယ်ဟာ ခံစားချက်ကင်းမဲ့စွာ မေးလိုက်ပါတယ် “မင်း အသက်ပြန်ရှင်ချင်လား”
ဝေ့ယွမ်က နဂါးကိုးကောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပါ။ သူ့ကို သတ်လိုက်တာက နဂါးကိုးကောင်ဂိုဏ်းနဲ့ မပြေနိုင်တဲ့ရန်ငြိုးကို ဖွဲ့လိုက်မိသလိုပါပဲ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ဝိညာဉ်ကို ဝေ့ယွမ်ခန္ဓာကိုယ်ထဲမှာ နေရာယူစေချင်ပါတယ်။
အတိအကျပြောရရင် ဝေ့ယွမ်ဟာ လုံးဝသေသွားတာ မဟုတ်သေးပါဘူး။ သူ့ပဓာနဝိညာဉ်က ပျက်စီးသွားပေမဲ့ သူ့ခန္ဓာကိုယ်ရဲ့ အသက်စွမ်းအားကတော့ ရှိနေပါသေးတယ်။ ဒါပေမဲ့ ပဓာနဝိညာဉ် ပျက်စီးသွားတာကြောင့် သူ့ခန္ဓာကိုယ်ကလည်း ကြာကြာမခံနိုင်ပါဘူး။ နေရာဝင်ယူမဲ့လူမရှိရင် အချိန်တိုအတွင်း ပျက်စီးသွားမှာပါ။