စိတ်ဝိညာဉ်ဂျင်ဆင်း၊ ရွေးချယ်စရာ သုံးခု
Vol. 5 Ch. 67
အခန်း (၆၇) စိတ်ဝိညာဉ်ဂျင်ဆင်း၊ ရွေးချယ်စရာ သုံးခု
‘ဒီစာကြောင်းကို မမြင်ရတာ နှစ်ဘယ်လောက်တောင် ကြာသွားပြီလဲ’
ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပြီး ဇစ်မြစ်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ရွှင်ချန်အန်း: အခြေခံအဆင့် သတ္တမတန်း။ ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း ပြန်ဝင်စားသူ ဖြစ်၏။ အရင်ဘဝ၌ တချန်ဘုန်းကြီးများလက်ထဲတွင် ကြီးပြင်းလာခဲ့ပြီး နတ်ဆိုးမိန်းကလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။ ဤကိစ္စကို တချန်ဖူ သိသွားသောအခါ အလွန်ဒေါသထွက်ပြီး စိတ်ခံစားမှုကပ်ဘေးကို နှစ်ပေါင်းတစ်သောင်း ခံစားရန် သေမျိုးနယ်ပယ်သို့ ပို့ခဲ့၏။ မိမိကိုယ်ကို မေ့ပျောက်ပြီး ခံစားချက်များကို သုတ်သင်နိုင်မှသာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းမှ လွတ်မြောက်မည် ဖြစ်သည်။ ဤဘဝသည် ရွှင်ချန်အန်း၏ ၃၉ ဘဝမြောက်ဖြစ်၏။ ရွှင်ချန်အန်းသည် ကျင့်ကြံချင်းမိသားစု၌ မွေးဖွားခဲ့ပြီး အရည်အချင်း ရှိသော်လည်း ရုပ်ဆိုးလွန်းသော်ကြောင့် သူ ချစ်ခင်နှစ်သက်သူများ၏ မေတ္တာတရားကို မရရှိခဲ့ချေ။ ချစ်ရသူ၏ လှောင်ပြောင်မှုကို ခံရသောကြောင့် ဝမ်းနည်းပက်လက်ဖြစ်ပြီး ဆံချ၍ ဘုန်ကြီးဝတ်ခဲ့သည်။ ရွှင်ချန်အန်းသည် ယွီဂျင်ဂိုဏ်း၏ နတ်သတ်အကြီးအကဲက ကျင့်ကြံခြင်းလောက၌ နံပါတ်တစ်ပုဂ္ဂိုလ်ဟု ကြားသိရသောကြောင့် ဆရာတင်လို၍ ယွီဂျင်ဂိုဏ်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် နတ်သတ်အကြီးအကဲနှင့် အတူတူကျင့်ကြံအားထုတ်ပြီး သေမျိုးနယ်ပယ်ကို မေ့ပျောက်ပစ်လို၏။
အထူးသတိပေးချက်: ရွှင်ချန်အန်းသည် ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း ပြန်ဝင်စားသူဖြစ်သောကြောင့် အနီးအနားပတ်ဝန်ကျင်ရှိ စိတ်ဝိညာဉ်ချီအား သိပ်သည်းစေသည်။ ဤအချက်ကြောင့် ရွှင်ချန်အန်းသည် ထူးချွန်ထက်မြက်သော အရည်အချင်း ရှိနေခြင်း ဖြစ်သည်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
‘ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း ပြန်ဝင်စားတာလား၊ သူက ငါ့ကိုတောင် အထူးတလည် လာရှာတာလား’
ဟန်ကျွယ်ဟာ နည်းနည်းထူးဆန်းသွားပါတယ်။ အဲဒီနောက် အထူးသတိပေးချက်ကို သတိပြုမိသွားတဲ့အခါမှာတော့...။
‘ဝိုး... ဒီကောင်က စိတ်ဝိညာဉ်ထုတ် လူသားစက်ပဲ’
ဟန်ကျွယ်ဟာ သူ့အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ ရွှင်ချန်အန်းက ဝီရိယတောင်အောက်ကို ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။
လီဝူဝတ်ဆင်ထားတဲ့ ရွှင်ချန်အန်းဟာ ကျောက်ပြားဆီကို လျှောက်သွားပါတယ်။
“မဆုတ်မနစ် ကျင့်ကြံအားထုတ်လျှင် မသေမျိုး ဖြစ်လာမည်၊ ဝီရိယတောင်... ဒီတောင်က နတ်သတ်အကြီးကဲနေတဲ့နေရာ ဖြစ်ရမယ်”
ရွှင်ချန်အန်းရဲ့ မျက်လုံးတွေဟာ မီးလျှံလို တောက်ပသွားပြီး ကျောက်ပြားရှေ့မှာ ဒူးထောက်ချလိုက်ပါတယ်။ အဲဒီနောက် လက်ဝါးနှစ်ဖက်ကို ထိလိုက်ပြီး အော်ပြောလိုက်ပါတယ်။
“ကျွန်တော်က ရွှင်ချန်အန်းပါ၊ နတ်သတ်အကြီးအကဲဆီမှာ တပည့်ခံလိုက်ပါတယ်”
ပြီးတဲ့အခါမှာတော့ ရွှင်ချန်အန်းဟာ ရှိခိုးလိုက်ပါတယ်။
ဂိုဏ်းဆယ့်ကိုးဂိုဏ်း ရှုံးနိမ့်ပြီး ပြန်လာကတည်းက နတ်သတ်အကြီးအကဲဟာ ရန်ကျင့်ကြံခြင်းလောကရဲ့ နတ်ဘုရားသဖွယ် ဖြစ်လာပြီး သူ့ဒဏ္ဍာရီတွေကို ရန်ကျင့်ကြံခြင်းလောကတစ်ခုလုံး ပျံ့နှံ့သွားပါတယ်။ စွမ်းအားကြီးတာထက် ပိုမိုကျော်ကြားတာကတော့ နတ်သတ်အကြီးအကဲရဲ့ ကျင့်ကြံခြင်းနှလုံးသားပဲ ဖြစ်ပါတယ်။
ရွှင်ချန်အန်းဟာ ယွီဂျင်ဂိုဏ်းတပည့်တွေနဲ့ တွေ့ဖူးပါတယ်။ သူတို့ဆီကနေ နတ်သတ်အကြီးကဲက ခြိုးခြံကျင့်ကြံသူဖြစ်ပြီး အဆင့်တက်တာနဲ့ ကျူးကျော်သူတွေကို တားဆီးတာကလွဲလို ကျင့်ကြံခြင်းလိုဏ်ဂူကနေ မထွက်ခွာဘူးဆိုတာ သိလိုက်ရပါတယ်။
ဒါကြောင့် ရွှင်ချန်အန်းဟာ ဒီပုဂ္ဂိုလ်ကပဲ သူ့ကို ဒုက္ခတွင်းထဲကနေ ကယ်တင်နိုင်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ သူဟာ ထပ်ပြီးတော့ မချစ်ချင်တော့ပါဘူး။ သူမကို ထပ်ပြီးတော့ မတွေးချင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းအသံကို ကြားပေမဲ့ လျစ်လျူရှူလိုက်ပါတယ်။ ရွှင်ချန်အန်းက စိတ်ဝိညာဉ်ချီကို သိပ်သည်းစေတယ်ဆိုပေမဲ့ ပြဿနာကိုလည်း ဆောင်ယူလာမှာပါ။ ဒီအပြင် ဟန်ကျွယ်ဟာ တပည့်တစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ လက်မခံလိုပါဘူး။
ရွှင်ချန်အန်းဟာ နတ်သတ်အကြီးအကဲဆီကနေ စကားပြန်မရတာကြောင့် ဆက်ပြီးတော့ ဒူးထောက်နေပါတယ်။
နွေဦးကုန်ဆုံးလို့ ဆောင်းဦးကို ရောက်လာပါတယ်။
ရွှင်ချန်အန်းဟာ ယွီဂျင်ဂိုဏ်းထဲမှာ နာမည်ကြီးလာပါတယ်။ သူဟာ နတ်သတ်အကြီးအကဲရဲ့ တပည့်ဖြစ်ဖို့အတွက် ဝီရိယတောင်မှာ နေ့ညမနား ဒူးထောက်နေတာပါ။ သူ့ရဲ့ သံမဏိလို မာကျောတဲ့ စိတ်ဓာတ်ကို ယွီဂျင်ဂိုဏ်းတပည့်တွေက မချီးကျူးဘဲ မနေနိုင်ပါဘူး။
ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ရွှင်ချန်အန်းကို ကြည့်ဖို့အတွက် ဝီရိယတောင်ကို တမင်သက်သက် ဖြတ်သွားဖြတ်လာ လုပ်ကြပါတယ်။ ဒါပေမဲ့ အကြီးအကဲတွေရဲ့ သတိပေး တားမြစ်ချက်ကြောင့် ယွီဂျင်ဂိုဏ်းရဲ့ ဘယ်တပည့်ကမှ ဝီရိယတောင်မှာ မနေရဲပါဘူး။
ဒီကြားထဲမှာ ဘယ်သူကမှ ရွှင်ချန်အန်းကို လာမနှင်ထုတ်ပါဘူး။ ဒါကြောင့် ရွှင်ချန်အန်းရဲ့ ကျင့်ကြံခြင်းမိသားစုက မရိုးရှင်းဘူးလို့ ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။ လီချင်းဇဲ့ကလည်း ဒီရွှင်ချန်အန်းကို ဟန်ကျွယ်တပည့် ဖြစ်စေချင်ပုံပါပဲ။
ရွှင်ချန်အန်းဟာ ပထမတစ်ကြိမ် အော်ပြောပြီးကတည်းက ဘာမှထပ်မပြောတော့ပါဘူး။ ကျောက်ပြားရှေ့မှာ ဒူးထောက်ပြီး ရံဖန်ရံခါ ဦးချရှိခိုးပါတယ်။ ဒီလိုနဲ့ ရွှင်ချန်အန်း ဒူးထောက်တာ ငါးနှစ် ကြာသွားခဲ့ပါတယ်။ ဒီငါးနှစ်အတွင်းမှာ ရွှင်ချန်အန်းဟာ တစ်ချက်ကလေးတောင် မတ်တတ်မရပ်ပါဘူး။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ စိတ်ဓာတ်ကို မလေးစားဘဲ မနေနိုင်တော့ပါဘူး ‘ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းနှလုံးသားက မဆိုးဘူး၊ ငါ့တပည့်ဖြစ်လာပြီးရင် ပြဿနာ မရှာလောက်ဘူးတော့ ထင်တာပဲ’
ဒီနေ့မှာပဲ မော့ကျူဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။ ဟန်ကျွယ် မော့ကျူကို မမြင်ရတာတောင် အတော်ကြာခဲ့ပါပြီ။ မော့ကျူဟာ ယွီဂျင်ဂိုဏ်းရဲ့ လျှို့ဝှက်ခန်းမမှာ ကျင့်ကြံအားထုတ်နေတာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး မော့ကျူကို သူ့လိုဏ်ဂူထဲ ခေါ်သွင်းလိုက်ပါတယ်။ အချိန်အတော်ကြာ မတွေ့ရပြီးတဲ့နောက်မှာ မော့ကျူဟာ အရင်ကလို ကလေးမဆန်တော့ပါဘူး။ ပုရိသအပေါင်းကို ညှို့ယူဖမ်းစားနိုင်တဲ့ နတ်မိမယ်တစ်ပါးလို လှပကြော့ရှင်းလာပါပြီ။
မော့ကျူဟာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နားလည်ရခက်တဲ့ မျက်ဝန်းတွေနဲ့ ဟန်ကျွယ်ကို စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ မော့ကျူကို ပြန်စိုက်ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “မိန်းကလေးမော့... မင်အစ်ကိုနောက်လိုက်ပြီး နတ်ဆိုးဖြစ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”
မော့ကျူဟာ သက်ပြင်းချလိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်မ ယွီဂျင်ဂိုဏ်းကနေ ထွက်ပြီး အစ်ကို့အတိုင်း ကလဲ့စားချေဖို့ စီစဉ်ထားတယ်”
‘ကလဲ့စားချေမှာလား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုသွားပါတယ် “ဒီလောက်နှစ်တွေ ကြာနေပြီပဲ၊ ဒီအမုန်းတရားတွေကို လွှတ်ချလိုက်ပါတော့လား” ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို အပြင်ဘက် ချက်ချင်း စေလွှတ်လိုက်ပါတယ်။
“ကျွန်မလည်း ဒီကိစ္စတွေကို မေ့နိုင်ပြီလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ကျွန်မ ကျင့်ကြံခြင်းလမ်းပေါ်ကို စရောက်ကတည်းက ဒီအမုန်းတွေကို မမေ့ဖျောက်နိုင်တဲ့အပြင် ကျွန်မရဲ့ အတွင်းနတ်ဆိုးတောင် ဖြစ်လာပြီ၊ ကျွန်မ ကလဲ့စားမချေနိုင်ဘူးဆိုရင် အတွင်နတ်ဆိုးကို ချေဖျောက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါဆို ကနဦးဝိညာဉ်အဆင့်ကို ရောက်ဖို့ တော်တော်လေး အလှမ်းဝေးသွားပြီ၊ ကျွန်မ ရှင့်ဆီလာလည်တာက နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားပြောဖို့ပဲ”
မော့ကျူဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။
“ယွီဂျင်ဂိုဏ်းတစ်ခုလုံးမှာ ကျွန်မမိသားစုကလွဲလို့ ကျွန်မ ဂရုအစိုက်ဆုံးက ရှင်ပဲ၊ ရှင်က ကျွန်မကို ကယ်တင်ခဲ့သလို ကျွန်မရဲ့ နှလုံးသားကို လှုပ်ရှားအောင် လုပ်နိုင်ခဲ့တဲ့ တစ်ဦးတည်သောသူပဲ”
ဟန်ကျွယ်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ် ‘အား... သူ ငါ့ကို ဖွင့်ပြောတော့ မလို့လား’
“ကျွန်မ ရှင့်ကို ဒီအကြောင်းတွေ ပြောနေတာက ကျွန်မအတွက် တစ်ခုခု လုပ်ပေးစေချင်လို့ မဟုတ်ပါဘူး၊ ရှင် တာအိုကို ဘယ်လောက်ထိ လိုချင်လဲဆိုတာ ကျွန်မသိပါတယ်၊ အနာဂတ်မှာ ကျွန်မ အသက်ရှင်နေသေးရင် ကျွန်မတို့တွေ အတူတူကျင့်ကြံအားထုတ်ပြီး တာအိုကို ရှာဖွေကြတာပေါ့”
“ဒီစကားတွေကို ဒီအချိန်မှာ မပြောဘူးဆိုရင် ကျွန်မတစ်ဘဝလုံး နောင်တရနေမှာ ကျိန်းသေတယ်”
မော့ကျူဟာ ဟန်ကျွယ်နားကို တဖြည်းဖြည်း တိုးကပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီတစ်ခါတော့ မရှောင်တိမ်းပါဘူး။
မော့ကျူဟာ ဟန်ကျွယ့်ပါးပြင်ကို အသာအယာ နမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မော့ကျူဟာ နောက်ပြန်ဆုတ်ပြီး နီမြန်းတဲ့မျက်နှာနဲ့ ချိုသာစွာ ပြောလိုက်ပါတယ် “ဟန်ကျွယ်... ကျွန်မ အသက်ရှင်လျက် ပြန်လာခဲ့ရင် ကျွန်မကို လက်ထပ်နိုင်မလား”
“အတူတူ ကျင့်ကြံအားထုတ်တာက ပိုမကောင်းဘူးလား၊ လက်ထပ်ဖို့ကိစ္စကိုတော့ မသေမျိုးဖြစ်လာမှ ပြောကြတာပေါ့”
မော့ကျူဟာ ပြုံးလိုက်ပါတယ်။ သူ့အပြုံးက ပျားသကာထက် ချိုမြိန်လွန်းပါတယ်။
‘သူ မငြင်းဘူးပဲ၊ ဒါနဲ့တင် လုံလောက်ပါပြီ’
ဟန်ကျွယ်ဟာ မော့ကျူရဲ့လက်ကို ရုတ်တရက် ကိုင်လိုက်တာကြောင့် မော့ကျူဟာ မှင်သက်သွားပြီး ဟန်ကျွယ်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မော့ကျူလက်ကို ချက်ချင်းပဲ ပြန်လွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် အမှတ်အသားကို မော့ကျူရဲ့ဝိညာဉ်မှာ ခတ်နှိပ်လိုက်ပါတယ်။ ကျင့်ကြံခြင်းအဆင့် ကွာခြားလွန်းတာကြောင့် မော့ကျူဟာ အမှတ်အသား ခတ်နှိပ်ခံရတာကို သတိမထားမိလိုက်ပါဘူး။
“ဒါပဲလား” ဟန်ကျွယ်က ခံစားချက်ကင်းမဲ့စွာ မေးလိုက်ပါတယ်။
မော့ကျူဟာ ခေါင်းညိတ်ပြီး တစ်ဖက်ကို လှည့်လိုက်တဲ့အခါမှာ မျက်ရည်ထွက်ကျလုနီး ဖြစ်သွားပါတယ်။
‘ကျွန်မတို့တွေ ထပ်တွေ့ရအုန်းမှာလား၊ ရှင် ဘာလို့ကျွန်မကို မသွားဖို့ မတားရတာလဲ...၊ ရှင် ဘာလို့ ကျွန်မနောက်ကို မလိုက်ရတာလဲ...’
မော့ကျူဟာ ဒီလိုတွေ တွေးမိလိုက်ပေမဲ့ သူ့စိတ်ကို ပြန်ထိန်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလမ်းက သူ ရွေးချယ်ခဲ့တဲ့လမ်းပါ။
မော့ကျူဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပဲ အဖမ်းခံလိုက်ပါတယ်။
ဟုတ်ပါတယ်။ အဖမ်းခံလိုက်ရတာပါ။
တာအိုသခင်ကျင်းရှုနဲ့ လီချင်းဇဲ့က မော့ကျူကို ဖမ်းလိုက်ခြင်း ဖြစ်ပါတယ် ‘မင်းက ဂိုဏ်းကို သစ္စာဖောက်ချင်တာလား၊ လုံးဝ မရဘူး’
မော့ကျူက သူ့ရည်ရွယ်ကို ဖော်ပြလိုက်တာနဲ့ တစ်ပြိုင်နက် ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို အသုံးပြုပြီး လီချင်းဇဲ့ကို သတင်းပေးလိုက်ပါတယ်။ လီချင်းဇဲ့က ဘယ်လိုလုပ်ပြီး မော့ကျူကို သစ္စာဖောက်ခွင့် ပေးနိုင်မှာလဲ။ မော့ဖူချိုနဲ့ ကျိုးဖန်နှစ်ယောက်တည်းနဲ့တင် ယွီဂျင်ဂိုဏ်းက တော်တော်လေး ပြဿနာတက်နေပါပြီ။
“ဟန်ကျွယ်” မော့ကျူအသံဟာ ခါးသီးနေပါတယ်။ အဲဒီနောက်မှာတော့ မော့ကျူဟာ လီချင်းဇဲ့နဲ့ တာအိုသခင်ကျင်းရှုနောက် ပါသွားပါတယ်။
ဟန်ကျွယ်ဟာ မော့ကျူကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့နဲ့ ဂူအောင်းကျင့်ကြံတဲ့ အပြစ်ဒဏ်ပေးဖို့ လီချင်းဇဲ့ကို အထူးတလည် သတိပေးလိုက်ပါတယ်။
တောအုပ်ထဲက အနက်ရောင် ကြက်ဝတုတ်ဟာ မြည်တမ်းလိုက်ပါတယ် “မင်းကများ ငါ့သခင်က စားချင်သေးတယ်၊ အိပ်မက် မက်နေလိုက် ကောင်မစုတ်”
ဟန်ကျွယ်ဟာ အများကြီးမတွေးတောဘဲ တောင်ခြေမှာရှိတဲ့ ရွှင်ချန်အန်းကို ကြည့်လိုက်ပါတယ် ‘ဒီကောင်လေး ဒူးထောက်နေတာ ငါးနှစ်ရှိပြီ၊ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ရင် လျှောက်သွားမဲ့ပုံ မရှိဘူး၊ တောင်ပေါ်မှာပဲ ငါနဲ့အတူ ကျင့်ကြံအားထုတ်မှာဆိုရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပြီး ရွှင်ချန်အန်းကို ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ခေါ်ယူလိုက်ပါတယ်။
ရွှင်ချန်အန်းဟာ အနည်းငယ် ကြောင်သွားပေမဲ့ ယိုင်တိယိုင်တိုင်နဲ့ ဆက်ပြီးတော့ ဒူးထောက်နေပါတယ်။ အခြေခံအဆင့် ကျင့်ကြံသူဖြစ်မယ်ဆိုရင်တောင် ငါးနှစ်လုံးလုံး ဒူးထောက်ဖို့က တော်ရုံတန်ရုံစိတ်မျိုးနဲ့ မလုပ်နိုင်တဲ့ ကိစ္စပါ။
“ဘာလို့ ငါ့ကို ဆရာသခင်လို မခေါ်သေးတာလဲ” ဟန်ကျွယ်ဟာ အေးစက်စွာ ပြောလိုက်ပါတယ်။ ဟန်ကျွယ်စကားကြောင့် ရွှင်ချန်အားဟာ အလိုလို မော့ကြည့်လိုက်ပါတယ်။
‘သေစမ်း... ဒီကောင့်ရုပ်ထက် ဘီလူးမ သံပရာသီး ကိုက်ထားတာကမှ လှလှပပ ရှိအုန်းမယ်’
ရွှင်ချန်အန်းဟာ သိမ့်ခနဲဖြစ်သွားပြီး သတိဝင်လာပါတယ် “နတ်သတ်... အကြီးအကဲ” ရွှင်ချန်အန်းဟာ ဟန်ကျွယ်ကို ချက်ချင်းပဲ ဂါရဝပြုလိုက်ပါတယ်။
“တပည့်ရွှင်ချန်အန်းက ဆရာသခင်ကို ဂါရဝပြုပါတယ်”
“တပည့်ရွှင်ချန်အန်းက ဆရာသခင်ကို ဂါရဝပြုပါတယ်”
“တပည့်ရွှင်ချန်အန်းက ဆရာသခင်ကို ဂါရဝပြုပါတယ်”
ရွှင်ချန်အန်းဟာ ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျလာပါတယ်။ ငါးနှစ်ကြာသွားပါပြီ။ သူဟာ နတ်သတ်အကြီးအကဲရဲ့ တပည့်ဖြစ်လာဖို့အတွက် ငါးနှစ်ကြာအောင် ဒူးထောက်ခဲ့ရတာပါ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ရှေ့မှာ စာကြောင်းလေးကြောင်း ပေါ်လာပါတယ်။
[သင်သည် ကံတရားအထောက်အပံ့ရှိသူ သုံးဦးအား တပည့်အဖြစ် လက်ခံခဲ့သည့်အတွက် သင့်ကံတရားသည် ပိုမိုကောင်းမွန်သွားပြီ ဖြစ်သည်။ သင်၏ ကျင့်ကြံခြင်း တိုးတက်မှုလမ်းသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။ သင့်တွင် အောက်ပါရွေးချယ်စရာများ ရှိသည်။]
[၁။ ဓားအင်မော်တယ်လမ်းစဉ်၊ တာအိုသို့ ဓားဖြင့်ဝင်ရောက်မည်။ ကောင်းကင်ဘုံဝင်ခြင်းအဆင့်သို့ ရောက်လျှင် အထက်လောကသို့တက်၍ ကောင်းဓားအင်မော်တယ် ဖြစ်လာမည်။]
[၂။ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်လမ်းစဉ်၊ နိယာမဖြင့် တာအိုကိုချိုးဖျက်မည်။ ကောင်းကင်ဘုံဝင်ခြင်းအဆင့်သို့ ရောက်လျှင် ငရဲသို့ဆင်း၍ သရဲဓားအင်မော်တယ် ဖြစ်လာမည်။]
[၃။ ပြန်လည်မွေးဖွားရာ ဓားဝိဇ္ဇာလမ်းစဉ်၊ ပြန်လည်မွေးဖွားခြင်းတာအို နှင့် ဓားတာအိုအား အတူတူ ကျင့်ကြံမည်။ နယ်ပယ်သုံးရပ်မှ ထွက်ခွာနိုင်ပြီး ဒြပ်စင်ငါးခုအကြား လွတ်လပ်စွာ ခရီးနှင်နိုင်မည်။]