ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပဥ္စမအဆင့်၊ စွမ်းအားကြီးသော ဧည့်အကြီးအကဲ
Vol. 5 Ch. 69
အခန်း (၆၉) ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပဥ္စမအဆင့်၊ စွမ်းအားကြီးသော ဧည့်အကြီးအကဲ
‘ဆရာသခင်... ကျွန်တော့်ကို ကယ်ပါအုန်း’
စုချီရဲ့ အော်သံကြောင့် ကျင့်ကြံသူအကုန်လုံးဟာ ရပ်တန့်သွားပြီး ဘေးဘီပတ်ဝန်းကျင်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြပါတယ်။ စုချီနောက်ကိုလိုက်တဲ့ ကျင့်ကြံသူတွေဟာ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာတာကြောင့် စုချီနောက်မှာ တစ်ယောက်ယောက် ရှိရမယ်လို့ သူတို့တွေ သံသယရှိနေခဲ့တာ ကြာပါပြီ။
‘ဒါဆို ဒီလူက သူ့ဆရာသခင်ပေါ့’
စောစောက စုချီကို ကြိမ်းမောင်းခဲ့တဲ့ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူဟာ အော်ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... ဘာလို့ အမှောင်ထဲမှာ ပုန်းနေတာလဲ၊ အပြစ်ရှိတယ်လို့ ခံစားရလို့လား”
ဒါပေမဲ့ ဘယ်သူကမှ သူ့ကို ပြန်မဖြေပါဘူး။ ဒါကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားဟာ စုချီကို ထပ်ကြည့်လိုက်တဲ့အခါမှာ သရော်ပြုံးပြုံးနေတဲ့ စုချီကို တွေ့လိုက်ရတာကြောင့် ပိုပြီးတော့ စိုးရိမ်သွားပါတယ်။
“ဝုန်း...”
ကောင်းကင်ယံမှာ မိုးကြိုးတိမ်တိုက်တွေဟ အလွန်လျင်မြန်စွာ စုစည်းလာပြီး မှောင်မိုက်သွားပါတယ်။
ကျင့်ကြံသူတွေဟာ ကောင်းကင်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြပါတယ်။
“ဝှစ်.....”
တစ်ချိန်တည်းမှာပဲ လေပြင်းတိုက်ခိုက်လာပြီး တဖြည်းဖြည်းနဲ့ ပြင်းထန်လာပါတယ်။
ကျင့်ကြံသူတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒါကကတော့ တိုက်ခိုက်လာတဲ့ လေပြင်းထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ လေဓားတွေ ပါလာခြင်းပါ။ လေဓားတွေဟာ အလွန်ရှတာကြောင့် ကျင့်ကြံသူတွေရဲ့ အဝတ်အစားကို စုတ်ဖြဲပစ်လိုက်ပါတယ်။ ကျင့်ကြံသူတွေဟာ လန့်ဖျပ်သွားပြီး သူတို့ရဲစိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ကြပါတယ်။
စုချီကလွဲလို့ ကျန်တဲ့လူအားလုံး ဒီလေဓားကနေ မလွတ်မြောက်နိုင်ပါဘူး။ စုချီဟာ တော်တော်လေး လေးစားသွားပါတယ်။
‘စီနီယာ... မှားလို့... ဆရာသခင်က အရမ်းအစွမ်းထက်တာပဲ’
မိုးကြိုးတွေဟာ ကမ္ဘာပျက်ခါနီးလို ကျယ်လောင်စွာ ခြိမ်းလာကြပါတယ်။ ပထမမိုးကြိုးကျလာမှ ဂိုဏ်းခုနှစ်ဂိုဏ်းက ကျင့်ကြံသူတွေဟာ တကယ့်ဘေးတွေ့ပြီလို သဘောပေါက်လိုက်ကြပါတယ်။
ဒီမိုးကြိုးတွေက သာမန်မိုးကြိုးတွေ မဟုတ်ပါဘူး။
ကောင်းကင်မိုးကြိုးတွေပါ။
…
သေမျိုးတွေအတွက်တော့ တစ်နှစ်ဆိုတာ အလွန်ကြာညောင်းတဲ့ အချိန်ကလာတစ်ခုပါ။ ဆယ်ရှစ်နှစ်ဆိုရင်ပဲ လူသားတစ်ယောက် ကြီးပြင်းလာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ အိပ်မက်တစ်ခုလို တစ်ခဏလေးပါပဲ။
ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပဥ္စမအဆင့်ကို ရောက်ရှိသွားပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအလျင်က အလွန်ကို လျင်မြန်လွန်းပါတယ်။ တာအိုသခင်ကျိုးတီဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌမဆင့်ကနေ ဆက်မတက်နိုင်သေးသလို ရှောင်အယ်ကလည်း ဒုတိယအဆင့်မှာ ရှိနေတုန်းပါပဲ။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်းနဲ့ ရွှင်ချန်အန်းကို နှလုံးသားမဲ့ဓားသိုင်း သင်ပေးလိုက်ပါတယ်။ ရွှင်ချန်အန်းဟာ နှလုံးသားမဲ့ဓားသိုင်းကို ဆယ်နှစ်တာ လေ့ကျင့်ပြီးတဲ့နောက်မှာ အတိတ်ကို မတွေးမိတော့တာကို အံအားသင့်စွာ တွေ့ရှိလိုက်ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကာမစိတ်တွေ လျော့နည်းသွားတာကိုတော့ ရွှင်ချန်အန်းတစ်ယောက် မသိခဲ့ပါဘူး။
အဆင့်တက်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရှောင်အယ်ကို ကျိန်စာတိုက်ပါတယ်။ စာအိတ်က ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်း ရှိတဲ့လူတွေကိုပဲ ဖော်ပြတာဖြစ်တဲ့အတွက် ရန်သူရဲ့အခြေအနေကို ဟန်ကျွယ် မသိနိုင်ပါဘူး။ ဒါပေမဲ့ ရှောင်အယ်ပုံရိပ်က ရှိနေတုန်း ဖြစ်တဲ့အတွက် မသေသေးဘူးဆိုတာ ဗေဒင်တွက်စရာမလိုပါဘူး။ ရှောင်အယ် မသေမချင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို လုံးဝရပ်မှာ မဟုတ်ပါဘူး။
ဒီလူက ဟန်ကျွယ့်အပေါ် မုန်းတီးမှုမြင့်မားတဲ့အပြင် ဒီလောက်နှစ်တွေ ကြာတာတောင် လုံးဝလျော့ကျသွားခြင်း မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးကို စစ်ဆေးရင်းနဲ့ ရှောင်အယ်ကို ကျိန်စာတိုက်ပါတယ်။
ဒီဆယ့်ရှစ်နှစ်မှာ လူအများစုက အတိုက်ခိုက် ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရတယ်ဆိုတာထက် အချင်းချင်း တိုက်ခိုက်ကြတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ လူတိုင်းက အမြဲတမ်း အတိုက်ခိုက်ခံရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန်အများစုမှာ သူတို့က စတိုက်ကြခြင်း ဖြစ်ပါတယ်။
ဒီလောကကြီးဟာ အန္တရာယ်များလွန်းပါတယ်။ ဒီလောအရှုပ်တွေနဲ့ ဝေးဝေးမှာနေတာ အကောင်းဆုံးပါ။
ဟန်ကျွယ်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ အတိုက်ခိုက်ခံရတာကို မကြောက်ရတော့ဘူးဆိုပေမဲ့ အကြိမ်အများကြီးသာ တိုက်ခိုက်ခံရမယ်ဆိုရင် သူ့ကျင့်ကြံခြင်းကို ကျိန်းသေပေါက် ထိခိုက်လာမှာပါ။
ရန်ထျန်တုန်းနဲ့ ကျိုးဖန်ဟာ အမြဲတမ်းလိုလို တိုက်ခိုက်ခံရတဲ့အတွက် သူတို့ကျင့်ကြံခြင်းက သိပ်ပြီးရှေ့မရောက်ပါဘူး။ ပဋိပက္ခကောင်းကင်ခွေးဟာ သူတို့ကို တဖြည်းဖြည်း မီလာပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေး အတိုက်ခံရတာကို မြင်တိုင်း ပြုံးမိပါတယ်။
‘ငါ့စကားကို နားမထောင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ခံပေတော့’
ပဋိပက္ခကောင်းကင်ခွေးဟာ အမြဲတမ်းတိုက်ခိုက်ခံနေရပေမဲ့ ကောင်းချီးပေးခံရတဲ့ နတ်သားရဲဆိုတော့ သူ့ကျင့်ကြံခြင်းက ဆက်တိုက် တိုးတက်လာပါတယ်။ တစ်ခြားသူတွေလည်း ကျင့်ကြံခြင်းတွေ တိုးတက်ပေမဲ့ အနှေး အမြန်တော့ ကွာခြားကြပါတယ်။
လေးငါးရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဆီ ရှင်းဟုန်ရွှမ် အလည်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို အပြင်ထုတ်ပြီး ရှင်းဟုန်ရွှမ်ကို လက်ခံတွေ့ဆုံပါတယ်။
“ယောက်ျား... ကျွန်မ ဒီနှစ်တွေမှာ ကံကောင်းထောက်မပြီး ဆန်းကြယ်စွမ်းအားတစ်မျိုးကို နားလည်သဘောပေါက်ခဲ့တယ်၊ ယောကျ်ား သင်ချင်လား၊ ကျွန်မ သင်ပေးမယ်လေ” ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ စိတ်လှုပ်ရှားစွာ ပြေးလာပြီး ရတနာတစ်ခုကို လက်ဆောင်ပေးသလို ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ့မှာ ကိုယ်ပိုင်ဆန်းကြယ်စွမ်းအားတွေ ရှိပါတယ်၊ မလိုဘူး”
ရှင်းဟုန်ရွှမ်ဟာ တကယ်ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုကို ရရှိခဲ့တာပါ။ သူ့ကျင့်ကြံခြင်းဟာ ရွှေဓာတ်လုံး အဋ္ဌမအဆင့်ထိ ထိုးတက်သွားပါပြီ။ ရှင်းဟုန်ရွှမ်ဟာ ကံတရားအထောက်အပံ့ရှိတဲ့ ကျိးဖန်လိုလူမျိူးကို မီလုနီး ဖြစ်လာပါပြီ။
ရှင်းဟုန်ရွှမ်ဟာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ လက်သီးလုံးလောက်ရှိတဲ့ အစိမ်းရောင်သစ်သီးနှစ်လုံးဟာ သူ့လက်ထဲမှာ ပေါ်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ်။
“ဒီထူးဆန်းတဲ့ သစ်သီးတွေကို ရှေးဟောင်းလျှို့ဝှက်နယ်မြေကနေ ကျွန်မရလာခဲ့တာ၊ ဒီသစ်သီးကို စားလိုက်ရင် သွေးကို သန့်ရှင်းစင်ကြယ်စေပြီး ရုပ်ခန္ဓာကို သန်မာစေတယ်၊ တကယ့်အံဖွယ် သစ်သီးတွေပဲ၊ ကျွန်မ တစ်လုံးပဲ စားရသေးတယ်၊ ခပ်သေးသေး တောင်တစ်တောင်ကို လက်ဝါးတစ်ချက်တည်းနဲ့ ဖြိုဖျက်နိုင်ပြီ”
ဟန်ကျွယ်ဟာ အစိမ်းရောင်သစ်သီးကို တစ်ချက်ကြည့်လိုက်တဲ့အခါမှာ သာမန်မဟုတ်မှန်း တန်းသိလိုက်ပါတယ်။ အဲဒါကြောင့် တစ်လုံးယူပြီး တစ်ကိုက်စားလိုက်ပါတယ်။ သစ်သီးဟာ လည်ချောင်းဝကို ရောက်တယ်ဆိုရင်ပဲ ပျော်ဆင်းသွားပြီး နွေးထွေးတဲ့အပူလိုင်းတစ်ခုဟာ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အသီးသီးဆီကို ပျံ့နှံ့သွားပါတယ်။ အဲဒီနောက် တစ်ကိုယ်လုံး နွေးထွေးသွားပါတယ်။ သိသာလွန်းတဲ့ အကျိုးတရားကြောင့် ဟန်ကျွယ်ဟာ တစ်လုံးလုံးကုန်အောင် ချက်ချင်း စားပစ်လိုက်ပါတယ်။
ရှင်းဟုန်ရွှမ်က ဟန်ကျွယ်ကို နောက်တစ်လုံး ကမ်းပေးပါတယ်။
“ငါက ဒါက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ” ဟန်ကျွယ်ဟာ ဒီလိုပြောလိုက်ပေမဲ့ ကျန်တဲ့သစ်သီးကို ယူစားလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ပြုံးသွားပါတယ် “ရပါတယ်၊ ကျွန်မက ယောက်ျားကို ကူညီနိုင်တယ်ဆိုရင်ပဲ ပျော်လှပါပြီ”
အစိမ်းရောင် သစ်သီးနှစ်လုံးကို စားပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပစ္စည်းအချို့ ထုတ်ယူပြီး ရှင်းဟုန်ရွှမ်ကို ပေးလိုက်ပါတယ်။ ဒီဟာတွေ အကုန်လုံးက ရန်သူတွေဆီကနေ သိမ်ဆည်းထားတာတွေ ဖြစ်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ငြင်းဆန်ပေမဲ့ ဟန်ကျွယ်က အတင်းအကျပ်ပေးတာကြောင့် နောက်ဆုံးမှာတော့ လက်ခံလိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အလွန်တရာမှ ဝမ်းသာပျော်ရွှင်သွားပါတယ်။
“မင်းရဲ့ ကောင်းကင်ရုပ်သေးရုပ်ကို ထုတ်အုန်း၊ ငါ ပိုကောင်းအောင် လုပ်ပေးမယ်”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်စကားကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပါတယ်။ သူဟာ ကောင်းကင်ရုပ်သေးရုပ်ကို မထုတ်ချင်ထုတ်ချင်နဲ့ ထုတ်ယူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။
ကောင်းကင်ရုပ်သေးရုပ် မျက်နှာက လူတစ်ယောက်ရဲ့ မျက်နှာနဲ့သွားတူနေပါတယ်။ အဲဒီမျက်နှာပိုင်ရှင်ကတော့ ဟန်ကျွယ်ပါ။ အတိအကျကြီး မတူပေမဲ့ ယေဘုယျအားဖြင့် တူညီတယ်လို့ ပြောရပါမယ်။ ထူးဆန်းတာတစ်ခုကတော့ ကောင်းကင်ရုပ်သေးရုပ်ရဲ့ ပါးစပ်ဟာ မျက်နှာချေ လိမ်းထားသလို နည်းနည်း နီနေတာပါ။
‘ဒါက...’ ဟန်ကျွယ်ဟာ ဆက်မတွေးရဲတော့ပါဘူး။ သတိမထားမိယောင် ဆောင်လိုက်ပြီး လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို ကောင်းကင်ရုပ်သေးရုပ်ထဲ လောင်းထည့်လိုက်ပါတယ်။ ကောင်းကင်ရုပ်သေးရုပ်မှာ ကျင့်ကြံခြင်းအဆင့်တွေ မရှိပါဘူး။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို ပြောင်းထည့်လိုက်တာနဲ့ သူ့တိုက်ခိုက်နိုင်စွမ်းက ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ထိ တိုးသွားပါတယ်။
ဒါပေမဲ့ ဒီကောင်းကင်ရုပ်သေးရုပ်က ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကိုပဲ လက်ခံပါတယ်။ တစ်ခြားသူရဲ့ စိတ်ဝိညာဉ်စွမ်းအားကို လောင်းထည့်မယ်ဆိုရင်တော့ ဘာအကျိုးမှရှိမှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ကောင်းကင်ရုပ်သေးရုပ်က ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်အသွင်တစ်ခုလိုပါပဲ။
ကောင်းကင်ရုပ်သေးရုပ် စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်တာက သိပ်ပြီးကရိကထ မများသလို အချိန်လည်း သိပ်မကြာပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးမှာ ထိုင်လိုက်ပြီး ပုရိသအပေါင်း အရည်ပျော်ဆင်းသွားစေမဲ့ ပျော့ပျောင်းညင်သာတဲ့အသံနဲ့ မေးလိုက်ပါတယ် “ခုတလော ယောက်ျားကို မော့ကျူ လာရှာသေးတလား”
ချန်ယွီအာ ထွက်ခွာသွားပြီဆိုပေမဲ့ ရှင်းဟုန်ရွှမ်မှာ နောက်ထပ် အချစ်ပြိုင်ဘက်တစ်ယောက် ရှိနေပါတယ်။ အချိန်အများကြီး ကြာသွားပြီဖြစ်တဲ့အတွက် မော့ကျူက ဟန်ကျွယ်ကို တစ်ခုခု လှုပ်ရှားနိုင်ပါတယ်။
“လာရှာတယ်” ဟန်ကျွယ်ဟာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “နှမြောဖို့ကောင်းလိုက်တာ”
“ဘာကိုနှမြောတာလဲ”
“ဘာမှ မဟုတ်ပါဘူး” ရှင်းဟုန်ရွှမ်ဟာ သူ့လက်ကိုခါပြီး ပြန်ဖြေပါတယ်။
ဒီလိုနဲ့ သူတို့နှစ်ဦးဟာ စကားစမြည် ပြောဆိုကြပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီနှစ်တွေမှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလောကအကြောင်းကို တစ်စိတ်တစ်ပိုင်း သိလိုက်ရပါတယ်။
ဆယ်ရက်ကြာပြီးနောက်။
ရှင်းဟုန်ရွှမ်ဟာ လိုဏ်ဂူဝဆီ လျှောက်သွားပါတယ်။ သူ့အဝတ်အစားတွေ သန့်ရှင်းသပ်ရပ်နေတာ သေချာပြီဆိုမှ ရဲတွတ်နေတဲ့မျက်နှာလေးနဲ့ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်လိုက်ပြီး ဖိုသီဖတ်သီဖြစ်နေတဲ့ သူ့အဝတ်အစားတွေကို ပြန်ပြင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်မျက်နှာကတော့ ပြုံးလျက်ပါ။
…
ငါးနှစ်ကြာတဲ့အခါမှာတော့ လီချင်းဇဲ့ ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို အပြင်ထုတ်လိုက်ပြီး လီချင်းဇဲ့ကို လက်ခံတွေ့ဆုံပါတယ်။ လီချင်းဇဲ့ရဲ့ စိုးရိမ်နေတဲ့ မျက်နှာထားကြောင့် ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတော့တယ်။
‘တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား၊ လေးငါးဆယ်နှစ်ပဲ ရှိသေးတာကို၊ ဘာထပ်ဖြစ်ပြန်ပြီလဲကွာ’
လီချင်းဇဲ့ဟာ ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ဟန်ကျွယ်ကို ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။
“အကြီးအကဲဟန်... မကောင်းတာတော့ ဖြစ်လာပြီ၊ ဝေ့ကျင့်ကြံခြင်းလောကက စုစည်းခြင်းခံလိုက်ရပြီ၊ ဒီကိစ္စကို ကောင်းသွေးမီးလျှံဂိုဏ်းက ဦးဆောင်ပြီးလုပ်တာ၊ သူတို့က စွမ်းအားကြီးတဲ့ ဧည့်အကြီးအကဲတစ်ယောက်ကို ဘယ်နေရာကနေ ရှာလာလဲမသိဘူး၊ သူတို့တွေက သူတို့ဘေးနားက ကျင့်ကြံခြင်းလောကတွေကိုလည်း စုစည်းမယ်ဆိုပြီး ကြွေးကြော်ထားကြတယ်”
ဟန်ကျွယ်ဟာ နားမလည်နိုင်အောင် ဖြစ်သွားရပါတယ် “အကုန်လုံးက ကျင့်ကြံသူတွေပဲ မဟုတ်ဘူးလား၊ တာအိုကို နားလည်သဘောပေါက်အောင် ကြိုးစားပြီး ထာဝရအသက်ရှည်အောင် ကြိုးစားရမဲ့အစား ဘာလို့ သာမန်လူတွေလို့ နယ်မြေအတွက် တိုက်ခိုက်နေကြရတာလဲ”
လီချင်းဇဲ့ဟာ ခေါင်းခါလိုက်ပါတယ် “ဒီလက်ဝဲကျင့်ကြံသူတွေရဲ့ ရည်မှန်းချက်က သူတို့ကျင့်ကြံခြင်းအဆင့်တွေ တိုးလာတာနဲ့ ကြီးမားလာတာပဲ၊ နောက်ပြီး ကျင့်ကြံခြင်းလောကတွေကို သူတို့တွေ ပိုသိမ်းပိုက်နိုင်လေလေ ရင်းမြစ်တွေကို သူတို့ပိုရလာလေလေပဲ”
“အဲဒီဧည့်အကြီးအကဲက ဘယ်လောက်တောင် စွမ်းအားကြီးနေလို့လား”
“ကျုပ်လည်း သေချာတော့မသိဘူး၊ အနည်းဆုံးတော့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်မှာ ရှိလိမ့်မယ်၊ ဒီလိုမှ မဟုတ်ရင် ဝေ့ကျင့်ကြံခြင်းလောကကို ဒီလောက်မြန်မြန် စုစည်းနိုင်မှာ မဟုတ်ဘူး”
“ခန္ဓာကိုယ်ပေါင်းစပ်ခြင်း အဆင့်မှာလား”
“အဲဒီအဆင့်မှာဆိုရင် အကြီးအကဲဟန် ဘာလုပ်မှာလဲ”
“အချိန်ကြာမယ်ဆိုင်တော့ မပြောတက်ဘူး၊ မနက်ဖြန်လာမယ်ဆိုရင်တော့ ကျုပ် ထွက်ပြေးမှာ ကျိန်းသေပဲ”