← Chapters

ကျန်းဝူဂိုဏ်း၊ အနှိုင်းမဲ့ဓားတာအို

Vol. 5 Ch. 70

ကျန်းဝူဂိုဏ်း၊ အနှိုင်းမဲ့ဓားတာအို

Vol. 5 Ch. 70

အခန်း (၇၀) ကျန်းဝူဂိုဏ်း၊ အနှိုင်းမဲ့ဓားတာအို

“မနက်ဖြန်တော့ ဘယ်ဟုတ်မလဲ၊ အချိန်အကြာကြီး လိုပါသေးတယ်၊  ဂိုဏ်းတွေကလည်း ခုခံကြမှာဆိုတော့ ယွီဂျင်ဂိုဏ်းကိုရောက်ဖို့ တော်တော်လိုသေးတယ်၊ ကျုပ်က တာအိုရောင်းရင်းကို သတိကြိုပေးထားတာ”

လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ စကားကို နားလည်တာကြောင့် ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ အကြီးအကဲဟန်ရဲ့ အရည်အချင်းက တကယ့်ကိုပြိုင်ဘက်ကင်းပါ။ နှစ်သုံးလေးဆယ်နဲ့ အများကြီး တိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ဒီလိုဆိုရင်တော့ ကျုပ် ပြေးစရာမလိုတော့ဘူး”

လီချင်းဇဲ့နဲ့ ဟန်ကျွယ်ဟာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ပါတယ်။ မသိမသာနဲ့ လီချင်းဇဲ့ အမှီခိုဆုံးလူဟာ ဟန်ကျွယ် ဖြစ်လာပါတယ်။ သူတို့နှစ်ဦးဟာ သိပ်ပြီးမတွေ့ဆုံကြပေမဲ့ ယွီဂျင်ဂိုဏ်း ဘေးတွေ့တိုင်း လီချင်းဇဲ့ ပထမဆုံးတွေးမိတဲ့လူက ဟန်ကျွယ်ပါ။

“ဒါနဲ့... ကျုပ်တပည့် ဘယ်ရောက်သွားလဲ၊ သူ ပျောက်သွားတာကို ဂိုဏ်းချုပ် လိုက်မရှာဘူးလား” ရန်ထျန်တုန်းဟာ လီချင်းဇဲ့နဲ့ ကျင့်ကြံခြင်းဆွေးနွေးပွဲကို လိုက်သွားကတည်းက ပျောက်ဆုံးသွားတာပါ။

လီချင်းဇဲ့ဟာ ထူးဆန်းတဲ့မျက်နှာနဲ့ ဖြစ်သွားပါတယ် “ကျုပ် သူ့ကို ရှာတွေ့ပါတယ်၊ ဒါပေမဲ့ သူက ပြန်မလာချင်ဘူး၊ အခုသူက နတ်ဆိုးဘုရင်ဖြစ်ပြီး ရန်ကျင့်ကြံခြင်းလောကရဲ့ နတ်ဆိုးတွေကြားမှာ တော်တော်လေး နာမည်ကျော်နေတယ်၊ နောက်နှစ်တစ်ရာလောက်ဆိုရင် သူက ရန်ကျင့်ကြံခြင်းလောကရဲ့ နတ်ဆိုးဘုရင် ဖြစ်လာလောက်တယ်”

ဟန်ကျွယ်ဟာ ပြောစရာစကားမရှိတော့ပါဘူး။

လီချင်းဇဲ့ဟာ ပြုံးလိုက်ပါတယ် “မကြာသေးခင်က ကနဦးဝိညာဉ်ကျင့်ကြံသူအချို့ ကျုပ်တို့ဂိုဏ်းထဲ ဝင်လာတယ်၊ ဒီနှစ်တွေမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ နှစ်ယောက်ကိုလည်း ဂိုဏ်းထဲဝင်ဖို့ ကျုပ် ဖျောင်းဖြနိုင်ခဲ့တယ်”

ရည်မှန်းချက်ကြီးမားတာ လူတိုင်းရဲ့ သဘာဝပါ။

အခုအချိန်မှာ ယွီဂျင်ဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကရဲ့ အင်အားအကြီးမားဆုံးဂိုဏ်း ဖြစ်နေပါပြီ။ ဒါ့အပြင် ယွီဂျင်ဂိုဏ်းမှာရှိတဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုက တစ်ခြားဂိုဏ်းတွေထက် အများကြီးသာလွန်တော့ ဒီလူတွေ ဘက်ပြောင်းလာတာ မဆန်းပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ယွီဂျင်ဂိုဏ်း အင်အားကြီးလေလေ ဟန်ကျွယ်အတွက် ပိုကောင်းလေလေပါပဲ။ အမှန်အတိုင်းပြောရရင် ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ အအားလပ်ဆုံး အကြီးအကဲပါ။ ဒီနှစ်တစ်ရာမှာ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းအတွက် လေးငါးကြိမ်ပဲ လှုပ်ရှားခဲ့တာပါ။ ဝီရိယတောင်မှာရှိတဲ့ စိတ်ဝိညာဉ် သစ်ပင်ပန်းမန်တွေကိုလည်း တပည့်တွေကို စောင့်ရှောက်ပေးပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်မှာ ကျင့်ကြံခြင်းကလွဲလို့ ဘာမှလုပ်စရာ မရှိပါဘူး။

“နှစ်တွေကြာသွားပြီဆိုတော့ တာအိုရောင်းရင်းရဲ့ နတ်သတ်အကြီးအကဲ နာမည်တောင် မေ့ပျောက်ပျောက် ဖြစ်နေကြပြီ၊ အခုအချိန်မှာ ကျုပ်တို့လို အဘိုးကြီးတွေကပဲ တာအိုရောင်းရင်းအကြောင်း ပြောကြတော့တယ်၊ အခုအချိန်မှာ နာမည်ကြီးနေတာက ကျိုးဖန်၊ မော့ဖူချို၊ ရန်ထျန်တုန်းလို ပါရမီရှိတဲ့ လူငယ်လူရွယ်တွေပဲ၊ ဒီသုံးယောက်က ကျင့်ကြံခြင်းလောကကို တော်‌တော်လေး လွှမ်းမိုးနိုင်တယ်၊ နှမြောဖို့ကောင်းတာက သူတို့တွေ ယွီဂျင်ဂိုဏ်းမှာ မရှိတော့တာပဲ၊ ဒါနဲ့ ဒီနှစ်တွေထဲမှာ နတ်ဆိုးခွေးတစ်ကောင်း သောင်းကျန်းနေတယ်လို့ ကြားရတယ်၊ တပည့်တွေပြောပုံအရတော့ ဒီနတ်ဆိုးခွေးက တာအိုရောင်းရင်း မွေးထားတဲ့ခွေးနဲ့ ဆင်တူတယ်တဲ့”

လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို မေးရင်းနဲ့ သူ့မှတ်ဉာဏ်တွေကို ပြန်ခေါ်လိုက်ပါတယ်။ အရင်တစ်ခေါက် ဝီရိယတောင်ကို လာတုန်းက သူ တွေ့ခဲ့တဲ့ ပဋိပက္ခကောင်းကင်ခွေးကို အခု မတွေ့ရတော့ပါဘူး။

“ဟုတ်တယ်၊ အဲဒီခွေးက ကျုပ် မွေးထားတဲ့ခွေးပဲ၊ သူ့ကို ဂရုစိုက်မနေနဲ့၊ ဒုက္ခတွေ့ရင် ပြန်လာလိမ့်မယ်”

လီချင်းဇဲ့ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ စကားစမြည် ပြောဆိုကြပြီး တစ်အောင့်ကြာတဲ့အခါမှာတော့  လီချင်းဇဲ့ ပြန်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်ပြီး လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၇၈

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် ကြီးမားသောကံတရားနှင့် တွေ့ကြုံမိပြီး ‌ရှေးဟောင်း စိတ်ဝိညာဉ်ရတနာကို ရရှိသွားသည်။]

[သင့်မိတ်ဆွေကောင်း နတ်မိမယ်ရှီရွှမ်သည် လက်ဝဲကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၃

[သင့်မိတ်ဆွေကောင်း ကွမ်းယိုကုန်သည်း လက်ဝဲကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၂၁

[သင့်တပည့် စုချီသည် ကောင်းကင်တာအိုကို သိမြင်နားလည်သွားသောကြောင့် ဆန်းကြယ်စွမ်းအားတစ်မျိုးကို ရရှိသွားသည်။]

[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် လက်ယာကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၉၈

[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် ကျန်းဝူဂိုဏ်း၏ ဖမ်းဆီခြင်းကို ခံလိုက်ရသည်။]

…

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းရဲ့ အခြေအနေကို မသိပေမဲ့ သူ့ပုံရိပ်က ရှိနေတုန်းမို့ ဂူအောင်းကျင့်ကြံနေတယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့တပည့်သေမှာကိုတော့ မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ သူ့တပည်စုချီတစ်ယောက် ဆန်းကြယ်စွမ်းအားတစ်မျိုး သိမြင်နားလည်သွားတာကို သတိပြုမိလိုက်တာကြောင့် စိတ်ဝင်စားသွားပါတယ်။ စုချီတင် မဟုတ်ပါဘူး။ တစ်ခြားလူတွေလည်း ကျင့်ကြံနေရင်းနဲ့ ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်သွားကြပါတယ်။

ဟန်ကျွယ်ကတော့ စတင်ကျင့်ကြံခြင်းကတည်းက စနစ်ရဲ့ဆုတွေကိုပဲ မှီခိုခဲ့တာပါ။ သူ့အင်အား အကုန်လုံးကို ကျင့်ကြံခြင်းအဆင့်တက်ဖို့သာ သုံးစွဲခဲ့ပြီး ဆန်းကြယ်စွမ်းအားကို ကိုယ့်ဘာသာ နားလည်အောင် မကြိုးစားခဲ့ပါဘူး။

ဒါကြောင့် ဟန်ကျွယ်ဟာ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မှာ ထိပ်တန်းဓားပညာ နားလည်မှု ရှိတာကြောင့် ဓားဆန်းကြယ်စွမ်းအားကို သိမြင်နားလည်‌အောင် ကြိုးစားမယ်ဆိုရင် သိပ်မခက်ခဲလောက်ပါဘူး။ အမြဲတမ်းကျင့်ကြံနေရတာက ပျင်းရိငြီးငွေ့ဖို့ကောင်းပါတယ်။ တစ်ခါတစ်လေ အသိဉာဏ်ပွင့်လည်းပြီး သိမြင်နားလည်တာက စိတ်ဝင်စားဖို့ကောင်းမှာပါ။

‌ဆန်းကြယ်စွမ်းအားကို ဘာမှမရှိတာကနေ ဖန်တီးချင်ရင် စိတ်ကူးဉာဏ်ရင့်သန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားတွေကို တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ဓားတစ်သောင်း ဆန်းကြယ်စွမ်းအားကို ရွေးချယ်လိုက်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ်အတွက် လူအရှိန်ဆုံးဖြစ်တဲ့အတွက် တိုးတက်အောင် လုပ်ဖို့ထိုက်တန်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို မျက်စိမှိတ်လိုက်ပါတယ်။

ဓားတစ်သောင်း ဆန်းကြယ်စွမ်းအားက သမိုင်းထဲမှာရှိတဲ့ ဓားအရိပ်တွေကနေ အများဆုံး ဓားတစ်သောင်းအထိ ဆင့်ခေါ်နိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။ ဓားတစ်သောင်းကို ဆင့်ခေါ်နိုင်တဲ့အတွက် လူရှိန်စရာ ကောင်းပေမဲ့ ဒီဓားတွေရဲ့ ထိခိုက်မှုက သာမန်လောက်ပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။ အဲဒီအကြံကတော့ အရိပ်သုံးပါးဓားသိုင်းနဲ့ ဒီဓားတစ်သောင်း ဆန်းကြယ်စွမ်းအားကို ပေါင်းစပ်ဖို့ပါ။ အရိပ်သုံးပါးဓားသိုင်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ထိခိုက်မှုနဲ့ ဓားတစ်သောင်း ဆန်းကြယ်စွမ်းအားရဲ့ များပြားလှတဲ့ဓားတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်...။

တော်တော်ကြောက်ဖို့ ကောင်းမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ဓားအရိပ်တစ်သောင်းဟာ ရန်သူတစ်သောင်းကို တစ်ခဏချင်း သတ်ပစ်နိုင်မှာပါ။ ဟန်ကျွယ် သူ့အကြံအတိုင်း သိမြင်နားလည်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသိဉာဏ်ပွင့်လင်းလာမှုကို လုံးဝအာရုံစိုက်လိုက်ပါတယ်။

…

အနောက်ဘက် အသူရာချောက်ဒေသဟာ တိုင်းပြည်တွေမရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး နတ်ဆိုးတွေ အများကြီးရှိတာကြောင့် မော်တယ်တိုင်းပြည်တွေ နေရာဝင်ယူနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေကတော့ အများကြီး ရှိပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် ရန်ကျင်ကြံခြင်းလောထက် နှစ်ဆလောက်ကို ပိုများတာပါ။

ကျန်းဝူဂိုဏ်းဟာ အသူရာချောက်ဒေသရဲ့ ထိပ်တန်း လက်ယာဂိုဏ်း ဖြစ်ပါတယ်။ အဆောင်တစ်ခုမှာ ဟွမ်ဂျိဟောင်ဟာ အိပ်ရာပေါ်ထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။

ရုတ်တရက် တံခါးပွင့်သွားပြီး အပြာရောင်ဝတ်ရုံနဲ့ လူတစ်ယောက် ဝင်လာပါတယ်။ ဒီလူဟာ စူးရှတဲ့မျက်ခုံး တောက်ပတဲ့မျက်လုံးကို ပိုင်ဆိုင်ထားပြီး ချောမောတဲ့ ရုပ်ရည်ရှိပါတယ်။ အပြာရောင်ဝတ်ရုံနဲ့လူဟာ စားပွဲဆီလျှောက်သွားပြီး ထိုင်ချလိုက်ပါတယ်။ အဲဒီနောက် သူ့ဓားကို စားပွဲပေါ်တင်လိုက်ပြီး လက်ဖက်ရည်ကြမ်းတစ်ခွက် ကောက်ငှဲ့လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပြုံးပြီး ပြောလိုက်ပါတယ်။

“ဟွမ်ဂျိဟောင်... မင်းအခုထိ စိတ်မပြောင်းသေးဘူးလား”

ဟွမ်ဂျိဟောင်ဟာ မျက်လုံးကောက်ဖွင့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါတယ် “ကျုပ် ခင်ဗျားကိုရှုံးတာ ကျုပ်ဓားသိုင်းမှာ လစ်ဟာကွက်တွေ ရှိနေလို့ပဲ၊ ကျုပ်ကို နှစ်တစ်ရာအချိန်ပေးရင် ခင်ဗျားကို ကျိန်းသေပေါက် အနိုင်ယူနိုင်မှာ၊ ဟင်္သာဓားဂိုဏ်းက ကျုပ်ကို ဒီလိုဖြစ်လာအောင် မြေတောင်မြှောက်ခဲ့တာ၊ အဲဒါကြောင့် ဟင်္သာဓားဂိုဏ်းကို ကျုပ် သစ္စာဖောက်မှာ မဟုတ်ဘူး”

အပြာရောင်ဝတ်ရုံနဲ့လူဟာ ပြုံးလိုက်ပါတယ် “ကျန်းဝူဂိုဏ်းက ဟင်္သာဓားဂိုဏ်းထက် အင်အားပိုကြီးတယ်၊ ရန်ကျင့်ကြံခြင်းလောကမှာ နံပါတစ်ဆိုတဲ့ ယွီဂျင်ဂိုဏ်းထက်လည်း အင်အားပိုကြီးတယ်၊ တာအိုရောင်းရင်းသာ ကျန်းဝူဂိုဏ်းထဲဝင်မယ်ဆိုရင် လောကမှာနံပါတစ် ဓားသမားဖြစ်လာအောင် ကျုပ် လုပ်ပေးနိုင်တယ်၊ အနာဂတ်မှာ ဓားဝိဇ္ဇာတောင် ဖြစ်လာနိုင်တယ်၊ ဒါက တာအိုရောင်းရင်းအတွက် အခွင့်အရေးကြီးနော်၊ ဓားကျင့်ကြံသူတွေ အိပ်မက်မက်ရတဲ့ အခွင့်အရေးတစ်ခုနော်”

ဟွမ်ဂျိဟောင်ဟာ တိတ်ဆိတ်သွားပါတယ်။

“တာအိုရောင်းရင်းသာ ကျန်းဝူဂိုဏ်းမှာ မွေးဖွားခဲ့မယ်ဆိုရင် အနည်းဆုံး စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဋ္ဌမအဆင့်ကို ရောက်နေလောက်ပြီ၊ တာအိုရောင်းရင်းမှာ မွေးရာပါဓားနှလုံးသား ရှိတာပဲ၊ ကိုယ့်အရည်အချင်းကို မဖြုန်းတီးသင့်ဘူး”

“တာအိုရောင်းရင်းသာ ဓားဝိဇ္ဇာဖြစ်လာရင် ဟင်္သာဓားဂိုဏ်းလည်း ဂုဏ်တက်တာပေါ့”

ဝတ်ရုံပြာဟာ မျှော်လင့်စောင့်စားနေတဲ့ မျက်လုံးတွေနဲ့ လေးလေးနက်နက် ပြောလိုက်ပါတယ်။

ဟွမ်ဂျိဟောင်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ် “ကျုပ်ရဲ့အရည်အချင်းက တကယ်ပဲ ပြိုင်ဘက်ကင်းလို့လား၊ ဓားပညာမှာ ကျုပ်ထက် ပါရမီရှိတဲ့လူကို တွေ့ခဲ့ပြီးပြီ၊ သူ့ဓားချီက ခင်ဗျားရဲ့ဓားချီထက် ပိုကြောက်ဖို့ကောင်းတယ်” ဟွမ်ဂျိဟောင်ဟာ သူရင်ဆိုင်ခဲ့ရတဲ့ ဟန်ကျွယ်ရဲ့ဓားချီကို ပြန်တွေးမိပြီး ဆက်ဆက်တုန်သွားပါတယ်။

ဝတ်ရုံပြာဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။ ပြီးတဲ့အခါမှာ ပြုံးပြီး မေးလိုက်ပါတယ် “အဲဒီလူက ရန်ကျင့်ကြံခြင်းလောကကလား”

ဟွမ်ဂျိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

ဝတ်ရုံပြာက မော်ကြွားစွာ ပြောလိုက်ပါတယ် “ဒါလုံးဝ မဖြစ်နိုင်ဘူး၊ ရန်ကျင့်ကြံခြင်းလောကမှာ ကျုပ်ထက် ပိုစွမ်းတဲ့ ဓားကျင့်ကြံသူ မရှိနိုင်ဘူး”

“ခင်ဗျား ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲကို ကြားဖူးလား၊ သူ့အစွမ်းက ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူနဲ့ ယှဉ်နိုင်နေပြီ၊ နဂါးကိုးကောင်ဂိုဏ်းရဲ့ ဝေ့ယွမ်တောင် စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတာ၊ တိုက်ပွဲအကြောင်းကိုလည်း တစ်လုံးတစ်ပါဒမှ ထုတ်မပြေဘူး၊ ဒါကို ကြည့်ခြင်းအားဖြင့် နတ်သတ်အကြီးအကဲက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သိနိုင်တယ်”

“ဝေ့ယွမ်က ဘာအရည်အချင်းရှိလို့လဲ၊ ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကိုတောင် ကံကောင်းထောက်မပြီး ရောက်လာတာ၊ အဆင့်တက်ဖို့အတွက် တစ်ခြားသူငှားတာကို လက်ခံလိုက်တာပဲကြည့်၊ ကျုပ်တို့လို့ ဟင်းလင်းပြင်းပေါင်းစပ်ခြင်း ကျင့်ကြံသူတွေကို အရှက်ရစေတယ်၊ သူ့ကို အနိုင်ယူဖို့ဆိုတာ ဘာမှမခက်ဘူး”

ဒီအချိန်မှာပဲ

စားပွဲပေါ်မှာတင်ထားတဲ့ဓားဟာ ရုတ်တရက် တုန်ခါလာပါတယ်။

ဝတ်ရုံပြာရဲ့ဓားတင် မဟုတ်ပါဘူး။ ဟွမ်ဂျိဟောင်ရဲ့ဓားလည်း တုန်ခါလာပါတယ်။ ဒီအဖြစ်ကြောင့် ဝတ်ရုံပြာရော ဟွမ်ဂျိဟောင်ရော လန့်သွားကြပါတယ်။

ဟွမ်ဂျိဟောင်ဟာ သူ့ဓားကို ဆုပ်ကိုင်လိုက်ပေမဲ့ တုန်ခါမှုက ရပ်မသွားပါဘူး။ ဟွမ်ဂျိဟောင်ဟာ မနေနိုင်ဘဲ ဝတ်ရုံပြာကို မေးလိုက်ပါတယ် “ဘာဖြစ်တာလဲ”

ဝတ်ရုံပြာနဲ့လူဟာ သူ့ဓားကိုဆွဲကိုင်ပြီး အခန်းအပြင်ကို ထွက်သွားပါတယ်။ ဟွမ်ဂျိဟောင်လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပါတယ်။

သူတို့နှစ်ဦးဟာ ဝင်းခြံတစ်ခုထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီဝင်းခြံက တောင်ထိပ်တစ်ခုမှာ တည်ရှိတာကြောင့် ကျန်းဝူဂိုဏ်းရဲ့ ရှုခင်းအများစုကို အပေါ်စီးကနေ ကြည့်ရှုနိုင်ပါတယ်။

ကျန်းဝူဂိုဏ်းတပည့်တွေရဲ့ ဓားတွေဟာ ဓားအိမ်ထဲကနေ ပျံထွက်သွားပြီး ကောင်းကင်ယံမှာ ထိန်းချုပ်မှုကင်းမဲ့စွာ ပျံသန်းကြပါတယ်။ ဓားနန်းတော်က ဓားတွေဟာလည်း တံခါးကိုချိုးဖျက်ပြီး ကောင်းကင်ယံကို ထိုးတက်သွားကြပါတယ်။

ဓားတစ်သောင်းဟာ လေပေါ်ဝဲပျံနေပြီး အရပ်မျက်နှာတစ်ခုတည်းကို ညွှန်ပြနေကြပါတယ်။ ဒီမြင်ကွင်းကို တကယ့်ကို မှင်သက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။ ဓားအကုန်လုံးဟာ စတင်တုန်ခါလာပြီး တုန်ခါရာကနေ ထွက်လာတဲ့အသံတွေဟာ ကျန်းဝူဂိုဏ်းတစ်ဂိုဏ်းလုံးကို လွှမ်းမိုးသွားပါတယ်။

ဝတ်ရုံပြာဟာ အလွန်တရာ အံအားသင့်သွားပြီး ရေရွတ်လိုက်ပါတယ် “ဓားတစ်သောင်းရဲ့ လေးစားမှု၊ ဓားဝိညာဉ်ရဲ့ ပဲ့တင်သံ... တစ်ယောက်ယောက်က အနှိုင်းမဲ့ဓားတာအိုကို သိမြင်နားလည်သွားပြီ”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

All Chapters