← Chapters

နတ်ဆိုးဘုရင်တန်စု၊ တာအိုသခင်တျန်ကုန်း

Vol. 5 Ch. 73

နတ်ဆိုးဘုရင်တန်စု၊ တာအိုသခင်တျန်ကုန်း

Vol. 5 Ch. 73

အခန်း (၇၃) နတ်ဆိုးဘုရင်တန်စု၊ တာအိုသခင်တျန်ကုန်း

ဖူစန်းသစ်ပင်။

ဟန်ကျွယ်ဟာ သူ့လက်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ သစ်စေ့ကိုကြည့်ပြီး မျက်ခုံးပင့်သွားပါတယ်။ ဖူစန်းသစ်ပင်က တရုတ်ဒဏ္ဍာရီမှာ အလွန်ကျော်ကြားပြီး နေမင်းနဲ့ ဆက်နွှယ်နေပါတယ်။

ဖူစန်းသစ်ပင်က နှစ်တစ်သောင်းသက်တမ်းရှိရင် ရွှေကျီးကန်းကို ဆွဲဆောင်နိုင်ပါတယ်။ ရွှေကျီးကန်းကိုယ်တိုင်က နေမင်း မဟုတ်ပါလား။

နှစ်တစ်သန်းသက်တမ်းရှိရင် တစ်ခြားလောကတွေနဲ့ ဆက်သွယ်နိုင်ပါတယ်...။

ဟန်ကျွယ်ဟာ ဒီအချက်ကို စိတ်မဝင်စားပါဘူး။ နှစ်တစ်သန်းဆိုတာက အတော့်ကိုရှည်ကြာတဲ့ အချိန်ကလတစ်ခုပါ။

ဖူစန်းသစ်စေ့ဟာ မက်မွန်းသီးအစေ့လိုမျိုးဖြစ်ပြီး သာမန်သစ်စေ့တွေနဲ့ ဘာမှမခြားနားပါဘူး။ နတ်သစ်စေ့လို့ ထင်မှတ်စရာ တစ်စက်ကလေးတောင် မရှိပါဘူး။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားရင်း ရွှင်ချန်အန်းကို ခေါ်လိုက်ပါတယ်။

“ဆရာသခင်... ဘာကိစ္စရှိလို့ပါလဲ” ရွှင်ချန်အန်းက မျှော်လင့်စောင့်စားနေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်ပါတယ် ‘ဆရာသခင်က ငါ့ကို ဆန်းကြယ်စွမ်းအား သင်ပေးတော့မှာလား’

ဟန်ကျွယ်ဟာ ဖူစန်းသစ်စေ့ကို ရွှင်ချန်အန်းဆီ လှမ်းပေးရင်း ပြောလိုက်ပါတယ် “ဒီသစ်စေ့က အဖိုးအရမ်းကြီးတယ်၊ မင်း ဒီသစ်စေ့ကို ဒီနေရာမှာစိုက်ပြီး ဒီဟာရှေ့မှာ နေ့တိုင်းတရားထိုင်ရမယ်၊ ဘာတစ်ခုမှမဖြစ်အောင် ကာကွယ်ရမယ်၊ ဒီသစ်ပင်က ကောင်းကောင်း မကြီးလာဘူးဆိုရင် အဲဒါမင်းအပြစ်ပဲ”

ရွှင်ချန်အန်းဟာ နားမလည်နိုင်အောင် ဖြစ်သွားပါတယ် “ကျွန်တော့်အပြစ်လား”

“မင်းကို အပြစ်မတင်လို့ ဘယ်သူ့ကို တင်ရမှာလဲ”

“အား...” ရွှင်ချန်အန်းဟာ အထိတ်တလန့် ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို ဂရုမစိုက်တော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်ကာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

ရွှင်ချန်အန်းဟာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖူစန်းသစ်စေ့ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ပါတယ်။ အဲဒီနောက် သစ်စေ့အေးမှာစိုးတဲ့အတွက် နှင်းတွေကိုဖယ်ထုတ်ပြီး မြေကြီးပေါ်မှာ စိုက်ပျိုးလိုက်ပါတယ်။

ဒီဟာက ဟန်ကျွယ်ပေးတဲ့ ပထမဆုံးတာဝန်မို့ ရွှင်ချန်အန်းဟာ ရင်ခုန်စိတ်လှုပ်ရှားနေပြီး တစ်ခုခုဖြစ်မှာစိုးတာကြောင့်လည်း ထိတ်လန့်နေပါတယ်။ ဒီသစ်စေ့သာ သေသွားမယ်ဆိုရင် သူ့မှာ ဒုတိယအခွင့်အရေးဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။

…

ကျယ်ပြန်တဲ့လောကကို နှင်းတွေ ဖုံးလွှမ်းနေပါတယ်။

တောင်တန်းတစ်ခုမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေဟာ တောအုပ်တစ်ခုထဲ စုစည်းနေကြပါတယ်။ သူတို့အကုန်လုံးဟာ နှင်းဝတ်ရုံတွေ ဝတ်ဆင်ထားတာကြောင့် ရေခဲရုပ်ထုတွေလိုပါပဲ။

ရန်ထျန်တုန်းဟာ သစ်ပင်တစ်ပင်အောက်မှာ မတ်တတ်ရပ်ပြီး တစ်စုံတစ်ခုကို စောင့်နေပါတယ်။ နှင်းတွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပါတယ်။ သူဟာ အနက်‌ရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ရက်စက်တဲ့ အသွင်အပြင် ရှိနေပါတယ်။ သူ့ဆံပင်အများစုက ဖြူစွတ်နေပြီး သူ့မျက်ဆံတွေကတော့ သွေးလိုနီရဲနေပါတယ်။ သူ့ပုံစံက နတ်ဆိုးတစ်ကောင်နဲ့ ဘာမှမခြားနားပါဘူး။

သူ့အကြည့်ဟာ ရှေ့မှာရှိတဲ့ တောင်ထိပ်ဆီကနေ တစ်ချက်ကလေးတောင် မခွာသွားပါဘူး။ ဒီတောင်ထိပ်ဟာ ကောင်းကင်ကို ညွှန်ပြနေတဲ့ဓားလို ရှိပြီး တစ်ခြားတောင်တွေထက် ပိုမြင့်ပိုဖြောင့်ပါတယ်။

ဒီတောင်ထိပ်ပေါ်ကျလာတဲ့ နှင်းတွေဟာ တစ်ခဏချင်း အရည်ပျော်သွားပါတယ်။ သေသေချာချာ ကြည့်မယ်ဆိုရင်တော့ နတ်ဆိုးရောင်မျှင်တွေက ဒီတောင်ထိပ်ကို ရစ်ပတ်ထားတာ တွေ့ရမှာပါ။

လေနဲ့နှင်းဟာ အဖြူရောင် လေဆင်နှာမောင်းလို တောင်ထိပ်ကို လှည့်ပတ်နေတဲ့အတွက် အံမခန်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။

ရန်ထျန်တုန်းဟာ သူ့ဘေးက သစ်ပင်နတ်ဆိုးကို မေးလိုက်ပါတယ် “ဘယ်လောက် ကြာအုန်းမှာလဲ”

သစ်ပင်နတ်ဆိုးအိုကြီးဟာ သူ့ခန္ဓာကိုယ်ပေါ်က အိပ်ပျော်နေတဲ့သားရဲ‌တွေကို လှုပ်ချပြီး ပြောလိုက်ပါတယ် “သိပ်မကြာလောက်တော့ပါဘူး၊ သူက ရန်ကျင့်ကြံခြင်းလောကရဲ့ အစွမ်းအထက်ဆုံး နတ်ဆိုးဘုရင်ပဲ၊ နတ်ဆိုးဘုရင်တန်စု နိုးထလာတာနဲ့ ငါတို့တွေ သူ့နောက်လိုက်ပြီး နတ်ဆိုးတွေအတွက် သာယာဝပြောတဲ့လောကကြီးကို တည်ဆောက်ကြတာပေါ့”

ရန်ထျန်တုန်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“သူက အဲဒီလောက်စွမ်းရင် ဘာလို့ နှစ်နှစ်‌ထောင်‌တောင် အိပ်နေရတာလဲ” ရန်ထျန်တုန်းဟာ နှုတ်ခမ်းတွန့်ပြီး မေးလိုက်ပါတယ်။

ရန်ထျန်တုန်းက ရည်မှန်းချက်ကြီးမားသူပါ။ သူ့ရည်မှန်းချက်က ရန်ကျင့်ကြံခြင်းလောကရဲ့ အစွမ်းထက်ဆုံး နတ်ဆိုးဘုရင် ဖြစ်ဖို့ပါ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် နှစ်တစ်သောင်းနတ်ဆိုးအိုကြီးက ပြန်နိုးထလာတော့မှာပဲ ဖြစ်ပါတယ်။

ရန်ကျင့်ကြံခြင်းလောကရဲ့ နတ်ဆိုးဘုရင်တွေ အကုန်လုံးက ဒီနတ်ဆိုးအိုကြီး ပြန်နိုးထလာတာကို ဂါရဝလာပြုကြပါတယ်။ ရန်ထျန်တုန်းလည်း ရွေးချယ်စရာ မရှိတာကြောင့် ဒီနေရာကို ရောက်လာရခြင်း ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့နှစ်နှစ်ထောင်တုန်းက ရန်ကျင့်ကြံခြင်းလောကဆိုတာ မရှိသေးဘူး၊ ဒီနေရာက ငါတို့လို နတ်ဆိုးအတွက် နိဗ္ဗာဘုံပဲ၊ နတ်ဆိုးဘုရင်တန်စုက ဒီနေရာရဲ့ တစ်ဦးတည်းသော နတ်ဆိုးဘုရင်ပဲ၊ နတ်ဆိုးတွေအကုန်လုံးက သူ့စကားကို နားထောင်ကြတယ်၊ ဒါပေမဲ့ တစ်နေ့မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ လူသားကျင့်ကြံသူတစ်ဦးက ဒီနေရာကို မတော်တဆ ရောက်လာခဲ့တယ်၊ နတ်ဆိုးဘုရင်တန်စုက ဒီလူသားကို သနားလို့ ကယ်တင်လိုက်တယ်၊ ဒါပေမဲ့ ကျေးဇူးရှိလို့ ကျေးစွပ်တယ်ဆိုတဲ့ စကားအတိုင်းပဲ ဒီလူက တစ်ခြားကျင့်ကြံသူအများကြီးကို ခေါ်လာပြီး ငါတို့ကို တိုက်ခိုက်ခဲ့တယ်၊ အဲဒါကြောင့် အတော်လေးကြာတဲ့စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ နောက်ဆုံးတော့ နတ်ဆိုးဘုရင်တန်စုက ဒီနေရာမှာ ချိပ်ပိတ်ခံလိုက်ရပြီး ငါတို့နတ်ဆိုးတွေလည်း သေသူကသေ ထွက်ပြေးသူကပြေးနဲ့ ဆယ်ပုံတစ်ပုံတောင် မကျန်တော့ဘူး”

အတိတ်အကြောင်းကို ပြန်ပြောပြတဲ့ သစ်ပင်နတ်ဆိုးအိုကြီးရဲ့ လေသံဟာ နာကြည်းချက်တွေ အပြည့်ပါပဲ။

“ငါတို့က နတ်ဆိုးဘုရင်တန်စု ပြန်နိုးထလာပြီး ပြန်တိုက်မှာကို စောင့်နေတာ၊ အဲဒီတော့က စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေနေတဲ့နေရာက ဒီနေရာနဲ့ အတော်လေး အလှမ်းဝေးတယ်၊ လက်ရှိ ရန်ဒေသက နတ်ဆိုးဘုရင်တန်စုကို လုံးဝမတားနိုင်ဘူး”

ဒီစကားကို ပြောလိုက်တဲ့ သစ်ပင်နတ်ဆိုးအိုကြီးရဲ့ မျက်နှာဟာ အရူးအမူး ဖြစ်သွားပါတယ်။

ရန်ထျန်တုန်းဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အဲဒီအချိန်တုန်းက ကျင့်ကြံသူတွေက နတ်ဆိုးဘုရင်တန်စု ပြန်နိုးထလာမှာကို မစိုးရိမ်ကြဘူးလား”

သစ်ပင်နတ်ဆိုးအိုကြီးက သရော်သံနဲ့ ပြောလိုက်ပါတယ် “လူသားတွေရဲ့ နှလုံးသားက နတ်ဆိုးတွေရဲ့ နှလုံးသားထက် အများကြီး ညစ်ပတ်တယ်၊ နှစ်နှစ်ထောင်ကြာမှတော့ ဒီလူတွေက အရင်တုန်းကလို စုစုစည်းစည်းနဲ့ ရန်သူကို ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး၊ သူတို့အချင်းချင်း သတ်ဖြစ်ကြလို့ နည်းနည်းပါးပါးပဲ အသက်ရှင်လျက် ရှိတော့မှာ”

ရန်ထျန်တုန်းဟာ ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။ အဲဒီနောက် သူ့ဆရာသခင်နဲ့ ယွီဂျင်ဂိုဏ်းကို အမှတ်ရသွားတာကြောင့် သစ်ပင်နတ်ဆိုးအိုကြီးကို မေးလိုက်ပါတယ် “နတ်ဆိုးဘုရင်တန်စု ပြန်ရှင်သန်လာရင် သူက ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ လူသားတစ်မျိုးနွယ်လုံးကို ကျိန်းသေပေါက် သတ်ပစ်မှာလား”

“သတ်ပစ်မှာပေါ့” သစ်ပင်နတ်ဆိုးအိုကြီးက ပြန်ဖြေလိုက်ပါတယ်။

ဒီအဖြေကြောင့် ရန်ထျန်တုန်းရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့အငွေ့အသက်တစ်ခု ရုတ်ခြည်းပေါ်လာပြီး ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။

…

ရန်ကျင့်ကြံခြင်းလောကရဲ့ နှင်းမုန်တိုင်းဟာ နှစ်နှစ်ကြာညောင်းပြီး လူပေါင်းမြောက်များစွာ သေကျေပျက်စီးစေခဲ့ပါတယ်။ တိုင်းပြည်တွေဟာ ရွေးချယ်စရာမရှိတာကြောင့် ကျင့်ကြံခြင်းလောကဆီက အကူအညီ တောင်းခံတော့မှပဲ ကပ်ဘေးကနေ သက်သာခွင့်ရခဲ့ပါတယ်။

တစ်နေ့မှာတော့ နတ်ဆိုးရောင်ဝါဟာ ကောင်းကင်ယံထိ ထိုးဖောက်သွားပြီး တိမ်အရောင်ကို ပြောင်းလဲသွားစေတာကြောင့် ရန်ကျင့်ကြံခြင်းလောကတစ်ခုလုံး မသက်မသာ ဖြစ်သွားပါတယ်။

လီချင်းဇဲ့က ဟန်ကျွယ်ကို ဒီကိစ္စနဲ့လာရှာတဲ့အခါမှာ ဟန်ကျွယ်ဟာ နှစ်တစ်သောင်းနတ်ဆိုး ပေါ်လာပြီဆိုတာကို မဖုံးကွယ်ဘဲ ပြောပြလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ဒီသတင်းကြောင့် ကြောက်လန့်တုန်လှုပ်သွားပြီး သူ့နေရာဆီ ချက်ချင်းပြန်ကာ ယွီဂျင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို အစောင့်အကြပ် တိုးမြှင်လိုက်ပါတယ်။

ဒါပေမဲ့ နှစ်တစ်သောင်းနတ်ဆိုးက ရောက်မလာခဲ့ပါဘူး။

မျက်စိတစ်မှိတ်အတွင်း အချိန်ငါးနှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း သတ္တမအဆင့်ကို ရောက်ရှိဖို့ နည်းနည်းလိုပါသေးတယ်။

နှစ်တစ်သောင်းနတ်ဆိုးအိုကြီးက ရန်ကျင့်ကြံခြင်းလောကကို မတိုက်ခိုက်တာ သူ့စွမ်းအားတွေ အပြည့်အဝ ပြန်မရသေးတာကြောင့်လို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။

ရန်ဒေသကို ဖုံးအုပ်ထားတဲ့ နှင်းတွေကလည်း အရည်ပျော်ကျသွားပြီး အရင်လို ပြန်ငြိမ်းချမ်းသွားပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံနေတာကို ရပ်တန့်လိုက်ပြီး လိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပါတယ်။

ခုနစ်နှစ်ကြာပြီးတဲ့နောက် ဖူစန်းသစ်ပင်ဟာ အပင်ပေါက် ဖြစ်နေပါပြီ။

ရွှင်ချန်အန်းဟာ ဖူစန်းသစ်ပင် မကြီးထွားမှာကို ကြောက်တာကြောင့် ဖူစန်းသစ်ပင်ကို သူ့သားတစ်ယောက်လို ဂရုစိုက် စောင့်ရှောက်ပါတယ်။

ဟန်ကျွယ် ထွက်လာတာကို တွေ့လိုက်ရတာကြောင့် ရွှင်ချန်အန်းဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ် “ဆရာသခင်...”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ဖူစန်းသစ်ပင်ကို ကြည့်လိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ ပိုးစာပင်နှစ်ပင် လိမ်ယှက်နေသလိုမျိုးဖြစ်ပြီး ကြည့်ရှုသူရဲ့ စိတ်နှလုံး ဖမ်းစားနိုင်ပါတယ်။

လောလောဆယ်မှာ ဖူစန်းသစ်ပင်က မိုးမြေစိတ်ဝိညာဉ်ချီကို စတင်ထုတ်လုပ်နေပြီဆိုပေမဲ့ တော်တော်လေး အားနည်းပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လုံးဝမရှိတာထက် နည်းနည်းလေးရှိတာက ပိုကောင်းမြဲ မဟုတ်ပါလား။

နတ်သစ်ပင်နဲ့ သာမန်ရတနာကြားက ကွာခြားချက်ဟာ ပြုစုပြိုးထောင်ရတဲ့အချိန်ပါ။ နတ်သစ်ပင် ကြီးထွားလာဖို့ လိုအပ်တဲ့အချိန်က သာမန်ရတနာထက် ထောင်သောင်းမက ပိုကြာမြင့်ပါတယ်။

ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ ဖူစန်းသစ်ပင် ချောချောမွေ့မွေ့ ကြီးထွားလာတာကိုပဲ လိုအပ်တာပါ။

ငရဲကြက်နက်က ပဋိပက္ခကောင်းကင်ခွေးက ပြုစုပြိုးထောင်ပြီး ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း လူဝင်စားက ဖူစန်းသစ်ပင်ကို စိုက်ပျိုးတယ်။

‘အင်း... အချင်းချင်း လိုက်ဖက်သားပဲ’ ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ တွေးလိုက်ပါတယ်။

ဖူစန်းသစ်ပင်ကို ကြည့်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ အကြောဆန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အချိန်အတော်ကြာ တရားထိုင်ရတဲ့အတွက် မကြာခဏ လေ့ကျင့်ခန်းလုပ်တာ အကျင့်တောင် ဖြစ်နေပါပြီ။

ရွှင်ချန်အန်းဟာ ဟန်ကျွယ်ကို ဂရုတစိုက် လေ့လာတဲ့အခါမှာ ဟန်ကျွယ် လှုပ်ရှားမှုတွေက ရိုးရှင်းပေမဲ့ အဓိပ္ပာယ်လေးနက်နေတာကို ရှာတွေ့သွားပါတယ်။ ရွှင်ချန်အန်းဟာ ဟန်ကျွယ်လှုပ်ရှားမှုတွေကို နားမလည်ပေမဲ့ အထင်ကြီးလေးစားသွားပါတယ်။

ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုတွေက သူ့အရင်ဘဝမှာ လူတိုင်းနီးပါးသိတဲ့ လှုပ်ရှားမှုတွေပါ။ ဒါပေမဲ့ ဒီလောကမှာတော့ တော်တော်လေး အဆင့်အတန်း မြင့်ပါတယ်။

ဟန်ကျွယ် ခါးကြော့ဆန့်လိုက်ပြီးနောက် သူ့ခြေထောက်ကို မြှောက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယွီဂျင်ဂိုဏ်းမှာ သူကလွဲလို့ အစွမ်းထက်ဆုံးလူကို စစ်ဆေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နှစ်တစ်သောင်းနတ်ဆိုးအိုကြီးက ယွီဂျင်ဂိုဏ်းထဲ စိမ့်ဝင်နေမှာစိုးတဲ့အတွက် ဒီလိုစစ်ဆေးရခြင်း ဖြစ်ပါတယ်။

[တာအိုသခင်တျန်ကုန်း: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်၊ ကောင်းကင်သွေးမီးလျှံဂိုဏ်း၏ အကြီးအကဲ။]

‘ကောင်းကင်သွေးမီးလျှံဂိုဏ်း... ဝေ့ကျင့်ကြံခြင်းလောကကို စုစည်းခဲ့တဲ့ဂိုဏ်းလား’

ဟန်ကျွယ်ဟာ လီချင်းဇဲ့ပြောခဲ့တဲ့ ကောင်းကင်သွေးမီလျှံဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်ထားတယ်ဆိုတဲ့စကားကို မမေ့သေးပါဘူး။ ဒီကောင်းကင်သွေးမီးလျှံဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကဆီ ဒီလောက်မြန်မြန် လူလွှတ်လိုက်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ တာအိုသခင်တျန်ကုန်းရဲ့ တည်နေရာကို ရှာဖွေလိုက်တဲ့အခါမှာ အတွင်းဂိုဏ်းတပည့်ယောင်ဆောင်ပြီး သားရဲအဆောင်မှာ လျှောက်သွားနေတာကို တွေ့လိုက်ရပါတယ်။ ဖြစ်နိုင်တာကတော့ နတ်ဆိုးတစ်သောင်းနယ်မြေထဲ ထိုးဖောက်ဝင်ချင်ပုံပါပဲ။

ဟန်ကျွယ်ကို တာအိုသခင်တျန်ကုန်းကို ဘယ်လိုသတ်ရရင်ကောင်းမလဲ တွေးလိုက်ပါတယ်။ ယွီဂျင်ဂိုဏ်းထဲမှာ သူ လှုပ်ရှားမယ်ဆိုရင် မဆိုင်တဲ့လူတွေကို ထိခိုက်ကုန်မှာ ကျိန်းသေပေါက်ပါပဲ။

…

သားရဲအဆောင်။

လူငယ်တပည့်အသွင် ရုပ်ဖျက်ထားတဲ့ တာအိုသခင်တျန်ကုန်းဟာ နတ်ဆိုးတစ်‌သောင်းနယ်မြေရဲ့ နတ်ဆိုးစာရင်း စာအုပ်ကိုကြည့်နေပါတယ်။

‘ဒါက ရန်ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ်ဂိုဏ်းလား၊ ဘယ်လောက်တောင် အားနည်းလိုက်လဲ’ တာအိုသခင်တျန်ကုန်းဟာ အထင်အမြင်သေးစွာ တွေးလိုက်ပါတယ်။

တာအိုသခင်တျန်ကုန်းဟာ ယွီဂျင်ဂိုဏ်းထဲ စိမ့်ဝင်ခဲ့တာ တစ်နှစ်နီးပါး ရှိခဲ့ပါပြီ။ ဒီတစ်နှစ်အတွင်းမှာ ယွီဂျင်ဂိုဏ်းရဲ့ အုတ်မြစ်က ကောင်းကင်သွေးမီးလျှံဂိုဏ်းကို လုံးဝမမီတာ တွေ့လိုက်ရပါတယ်။ တာအိုသခင်တျန်ကုန်း မသိသေးတာဆိုလို့ နတ်သတ်အကြီးအကဲပဲ ရှိပါတော့တယ်။

တာအိုသခင်တျန်ကုန်းဟာ စာရင်းစာအုပ်ကို ချလိုက်ပြီး သားရဲဆောင်အပြင်ဘက်ကို လျှောက်သွားပါတယ်။

နတ်သတ်အကြီးအကဲရဲ့ နေရာကို ရှာဖွေ့ရတာက မခက်ပါဘူး။ ဝီရိယတောင်ဟ ယွီဂျင်ဂိုဏ်းတစ်ခုလုံးမှာ စိတ်ဝိညာဉ်ချီ အသိပ်သည်းဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် ဦးနှောက်ရှိတဲ့တပည့်မှန်သမျှ နတ်သတ်အကြီးအကဲ ဘယ်နေရာမှာ ဂူအောင်းကျင့်ကြံလဲဆိုတာကို မှန်းဆနိုင်ပါတယ်။ ဒီအပြင့် တာအိုသခင်တျန်ကုန်းဟာ ပိုပြီးတော့သေချာသွားအောင် တစ်ခြားတပည့်တွေကိုလည်း လျှောက်မေးကြည့်ပြီးပါပြီ။

‘ရန်ကျင့်ကြံခြင်းလောကရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူတဲ့၊ ငါ့ရှေ့မှာ ဒူးထောက်ပြီး ချမ်းသာပေးဖို့ တောင်းပန်တဲ့အခါ ဘယ်လောက်ထိ သနားစရာကောင်းမလဲဆိုတာ ကြည့်ရအောင်’ တာအိုသခင်တျန်ကုန်းဟာ သူ့ကိုယ်သူ တွေးတောလိုက်ပါတယ်။

တာအိုသခင်တျန်ကုန်း ဒီလိုတွေးတောက သိပ်တော့မထူးဆန်းပါဘူး။ သူ့ကျင့်ကြံခြင်းအဆင့်က ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ကို ရောက်နေပြီး ယွီဂျင်ဂိုဏ်းတည်ထောင်သူ တာအိုသခင်ကျိုးတီထက် အများကြီးပိုသာပါတယ်။

‘နတ်သတ်အကြီးအကဲကို သတ်ပြီးရင် ယွီဂျင်ဂိုဏ်းကို ဘယ်သူမှမသိအောင် ရှင်းပစ်လိုက်ရင်ကောင်းမလား’

All Chapters