ဘာကြောင့်ပဲဖြစ်ဖြစ် ရန်ဒေသကို မသွားနဲ့
Vol. 5 Ch. 74
အခန်း (၇၄) ဘာကြောင့်ပဲဖြစ်ဖြစ် ရန်ဒေသကို မသွားနဲ့
ကောင်းကင်သွေးမီးလျှံဂိုဏ်းက တာအိုသခင်တျန်ကုန်းကို ရန်ဒေသဆီ လွှတ်လိုက်တာ မဟုတ်ပါဘူး။ တာအိုသခင်တျန်ကုန်းဟာ အပြင်လောကမှာ ခြေဦးတည့်ရာလျှောက်သွားပြီး တာအိုကိုရှာဖွေနေတာ ကြာပါပြီ။ သူဟာ ကောင်းကင်သွေးမီးလျှံဂိုဏ်းဆီက လျှို့ဝှက်စာကို လက်ခံရရှိလိုက်တာကြောင့် ကောင်းကင်သွေးမီးလျှံဂိုဏ်း အစီအစဉ်ကို သိသွားပါတယ်။ ဒီလိုနဲ့ အပြန်လမ်းမှာ ယွီဂျင်ဂိုဏ်းကို ဖြတ်မိတာကြောင့် ယွီဂျင်ဂိုဏ်းထဲ စိမ့်ဝင်ပြီး သတင်းစုံစမ်းနေတာပါ။
တာအိုသခင်တျန်ကုန်းဟာ သူတစ်ယောက်တည်းနဲ့ ရန်ဒေသရဲ့ အင်အားအကြီးဆုံး ယွီဂျင်ဂိုဏ်းကို ရှင်းပစ်နိုင်မယ်ဆိုရင် ကောင်းကင်သွေးမီးလျှံဂိုဏ်းက ရန်ဒေသကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မယ်လို့ တွေးလိုက်ပါတယ်။
ယွီဂျင်ဂိုဏ်းကို စိမ့်မဝင်ခင်တုန်းကလည်း တာအိုသခင်တျန်ကုန်းဟာ ယွီဂျင်ဂိုဏ်းကို အလေးမထားပါဘူး။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိတဲ့အတွက် အခုလိုရုပ်ဖျက်ပြီး စုံစမ်းရခြင်းဖြစ်ပါတယ်။
ကျင့်ကြံခြင်းလောကမှာ သတိမဲ့ခြင်းက အသက်ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ယွီဂျင်ဂိုဏ်းရဲ့ နောက်ခံကို သေသေချချာ စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ တာအိုသခင်တျန်ကုန်းဟာ ပေါ့ပေါ့ပါးပါး ရှိသွားပါတယ်။ ဒီလိုဂိုဏ်းမျိုးမှာ သူ့လိုအဆင့်ရှိတဲ့လူ မရှိနိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။
တာအိုသခင်ကျိုးတီက ယွီဂျင်ဂိုဏ်းမှာ ဘာလို့ဆက်မနေချင်ရတာလဲ။ အကြောင်းရင်းက ရှင်းရှင်းလေးပါ။ ဆက်နေမယ်ဆိုရင် ကျင့်ကြံခြင်းအဆင့် မတိုးနိုင်လို့ပါ။
တာအိုသခင်တျန်ကုန်းဟာ ဆုံးဖြတ်ချက်ချလိုက်ပြီး ဝီရိယတောင်ရှိရာကို ပျံသန်းလိုက်ပါတယ်။ စိတ်ဝိညာဉ်ချီတွေ ပြည့်နှက်နေတဲ့ တောင်ထိပ်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ တာအိုသခင်တျန်ကုန်းဟာ ရုတ်တရက် မသက်မသာ ခံစားလိုက်ရတာကြောင့် ပျံသန်းနေတာ ချက်ချင်ရပ်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။
“ဘာဖြစ်တာလဲ”
ကျင့်ကြံခြင်းလောကမှာ လှည့်လည်နေတာ နှစ်ကြာပြီမို့ တာအိုသခင်တျန်ကုန်းဟာ သူ့ မသိစိတ်ကို ယုံကြည်ပါတယ်။ အန္တရာယ်ကို ကြိုတင်ခံစားနိုင်တဲ့ ဒီလိုမသိစိတ်မျိုးဟာ အန္တရာယ်ပေါင်းများစွာကို တွေ့ကြုံရပြီး ဖြစ်ပေါ်လာတာပါ။
ဝီရိယတောင်ကနေ အန္တရာယ်အငွေ့အသက်ကို တာအိုသခင်တျန်ကုန်း ရလိုက်ပါတယ်။ ဖြစ်နိုင်တာကတော့ ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲဟာ ထင်သလောက် မရိုးရှင်းပုံပါပဲ။
ယုတ္တိရှိရှိ စဉ်းစားမယ်ဆိုရင် နတ်သအကြီးအကဲ ဘယ်လောက်ပဲ အစွမ်းထက်ထက် သူ့ကိုတော့ မမီနိုင်ပါဘူး။ ဒါမှမဟုတ် နတ်သတ်အကြီးအကဲက သာမန်အတွေးအမြင်နဲ့ အကဲဖြတ်လို့ မရတလာလား။
တာအိုသခင်တျန်ကုန်းဟာ တစ်ခဏတွေးတောလိုက်ပြီး သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ဝိညာဉ်အပိုင်းအစတစ်ခုကို အဝေးကို လွှင့်ထွက်သွားပါတယ်။ ဒီလိုဆို သူ သေသွားမယ်ဆိုရင်တောင် ပြန်လည်မွေးဖွားနိုင်မှာပါ။
တာအိုသခင်တျန်ကုန်းဟာ သူ့စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ဝီရိယတောင်ကို ဆက်ပျံသန်းပါတယ်။ ဝီရိယတောင်နဲ့ ပိုနီးလာလာလေလေ တာအိုသခင်တျန်ကုန်း ခံစားရတဲ့ အန္တရာယ်အငွေ့အသက်က ပိုသန်မာလာလေလေပါပဲ။
‘ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲက ဘယ်လိုမွန်းစတားမျိုးလဲဟ’
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ဝီရိယတောင်ရဲ့ ချောက်ကမ်းပါးပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ ဟန်ကျွယ်ဟာ တဖြည်းဖြည်းနီးကပ်လာတဲ့ တာအိုသခင်တျန်ကုန်းရဲ့ ရောင်ဝါကို ခံစားမိတာကြောင့် ဝမ်းမသာဘဲ မနေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုသခင်တျန်ကုန်းကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး ခေါင်းခြောက်နေတာပါ။ အခုတော့ တာအိုသခင်တျန်ကုန်းက တံခါးဝကို ကိုယ့်ဘာသာ ရောက်လာပါပြီ။
လေအဝှေ့မှာ ဟန်ကျွယ်ရဲ့ ဆန်းကြယ်နတ်ဝတ်ရုံဟာ လူးလွန့်သွားပြီး ရေခဲဘုရင်သရဖူမှာ ချည်နှောင်ထားတဲ့ မြေဧကရာဇ်ပဝါဟာ လေထဲလွှင့်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို ရှိနေပါတယ်။
တာအိုသခင်တျန်ကုန်းဟာ ဟန်ကျွယ်ကို အဝေးကနေ လှမ်းမြင်လိုက်ရပါတယ် ‘ချောလိုက်တဲ့ကောင်ပါလား... ဟင်... အခြေခံအဆင့် နဝမတန်း၊ သူက နတ်သတ်အကြီးအကဲရဲ့ တပည့်များလား’ တာအိုသခင်တျန်ကုန်းဟာ သူ့ဘာသာ တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းဟာ စနစ်ကိုသုံးပြီး ဖုံးကွယ်ထားတာကြောင့် ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတောင် ထိုးဖောက်ပြီး မမြင်နိုင်ပါဘူး။
တာအိုသခင်တျန်ကုန်းဟာ ဝီရိယတောင်ဆီ ပျံသန်းလိုက်ပြီး သူ့ညာလက်နဲ့ တံဆိပ်တစ်ခုဆွဲကာ ရှေ့ကို တွန်းထုတ်လိုက်ပါတယ်။ ဒီတံဆိပ်ကြောင့် ဝီရိယတောင်ရဲ့ အကာအကွယ်မှာ အက်ကြောင်းတစ်ခု ထင်သွားပါတယ်။ တာအိုသခင်တျန်ကုန်းဟာ ဒီအက်ကြောင်းကနေ ဝီရိယတောင်ထဲ ဝင်လိုက်ပါတယ်။
တာအိုသခင်တျန်ကုန်းဟာ ဟန်ကျွယ်ဘေးနားကို ဆင်းသက်လိုက်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “နတ်သတ်အကြီးအကဲက ဒီမှာနေတာလား”
‘တော်တော်လေး ကြည့်လို့ကောင်းတဲ့ရုပ်ရည်ပဲ၊ ငါလိုတဲ့အချိန် သူ့ခန္ဓာကိုယ်ကို နေရာယူနိုင်အောင် ငါနဲ့အတူ ခေါ်သွားရမယ်’
[တာအိုသခင်တျန်ကုန်းသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိလာပါသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဒီစာကြောင်းကြောင့် ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။
‘ကြည့်ရတာ ဒီကောင်လည်း ငါ့ရုပ်ရည်ကို မလွန်ဆန်နိုင်ဘူးပဲ’
ဟန်ကျွယ်ဟာ သူ့ညာလက်ကိုဝှေ့ယမ်းပြီး ဟွမ့်သွမ့်ဓားကို ထုတ်ယူလိုက်ပါတယ်။
ဒီဓားကို မြင်လိုက်ရတဲ့အခါမှာ တာအိုသခင်တျန်ကုန်းရဲ့ မျက်ဆံဟာ ကျုံ့သွားပါတယ်။
‘ဒီဓားက...’
‘နေအုန်း... သူ့တစ်ကိုယ်လုံးမှာ စိတ်ဝိညာဉ်ရတနာတွေပါလား’
‘သူက နတ်သတ်အကြီးအကဲများလား’ တာအိုသခင်တျန်ကုန်းဟာ ထိတ်လန့်သွားပြီး ဓားထုတ်ဖို့ ပြင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်က တာအိုသခင်တျန်ကုန်းကို ဓားနဲ့ခုတ်လိုက်ပါတယ်။ အနက်ရောင်ဓားရောင်ဝါဟာ ကောင်းကင်ပြင်တစ်ခုလုံးကို လပြည့်ဝန်းပမာ ပျံ့နှံ့သွားပါတယ်။
“ဝုန်း...”
တာအိုသခင်တျန်ကုန်းဟာ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားချီကြောင့် အဝေးကို လွှင့်စဉ်ထွက်သွားပြီး တစ်ကိုယ်လုံး သွေးချင်းနီရဲသွားပါတယ်။
“တော်တော် ကြောက်ဖို့ကောင်းတဲ့ ဓားချီပါလား” တာအိုသခင်တျန်ကုန်းဟာ ဖိမ့်ဖိမ့်တုန်အောင် ကြောက်သွားပါတယ်။
တာအိုသခင်တျန်ကုန်းဟာ မတ်တတ်ပြန်မရပ်နိုင်ခင်မှာပဲ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ အရပ်လေးမျက်နှာမှာပေါ်လာပြီး သူ့ဆီပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။
သုံးလောက သန့်ရှင်းခြင်း။
ဓားအရိပ်တစ်သောင်းဟာ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းလိုက်ပါတယ်။
တာအိုသခင်တျန်ကုန်းဟာ ဓားအရိပ်တစ်သောင်း ဝန်းရံတာကို ခံလိုက်ရတာကြောင့် ထွက်ပြေးစရာနေရာ မရှိတော့ပါဘူး။ အဲဒါကြောင့် ချက်ချင်းပဲ သူ့ စိတ်ဝိညာဉ်ရတနာကို ထုတ်ယူလိုက်ပါတယ်။ တာအိုသခင်တျန်ကုန်းရဲ့ စိတ်ဝိညာဉ်ရတနာဟာ အစိမ်းရောင်ဘုံကျောင်းဖြစ်ပြီး တစ်ခဏချင်း ကြီးမားကျယ်ပြန့်သွားကာ တာအိုသခင်တျန်ကုန်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပါတယ်။
ဓားအရိပ်တစ်သောင်းရဲ့ တိုက်ခိုက်မှုကြောင့် အစိမ်းရောင်ဘုံကျောင်းဟာ အမှုန့်ဖြစ်သွားပါတယ်။ စိတ်ဝိညာဉ်စွမ်းအား ပေါက်ကွဲမှုကြောင့် ကြီးမားတောက်ပတဲ့ ရောင်စုံအလင်းရောင်တွေ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး အံမခန်း လှပသွားပါတယ်။
ဟန်ကျွယ်ဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်နေပြီး ကောင်းကင်က မီးရှုးမီးပန်းတွေကို ကြည့်လိုက်ပါတယ်။
‘တော်တော်လှတာပါ’
တာအိုသခင်တျန်ကုန်းဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်မို့ ဟန်ကျွယ်ဟာ နှစ်ကွက်သုံးလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ နှမြောတသ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုသခင်တျန်ကုန်းရဲ့ သိုလှောင်လက်စွပ်ဟာ သူ့ခန္ဓာကိုယ်နဲ့အတူ ပျက်စီးသွားလို့ပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ စွမ်းအားကြီးလွန်းတာကလည်း ကောင်းတဲ့အရာ တစ်ခုတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူဝက ဖူစန်းသစ်ပင်အောက်မှာ ထိုင်နေတဲ့ ရွှင်ချန်အန်းဟာ ဒီမြင်ကွင်းကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ ရွှင်ချန်အန်းဟာ ဟန်ကျွယ်လှုပ်ရှားတာကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပြီး ဟန်ကျွယ်သုံးလိုက်တဲ့ သုံးလောက သန့်ရှင်းခြင်းစွမ်းအားကို သူ့ကို လုံးဝမှင်သက်သွားစေပါတယ်။
တော်တော်လေး အစွမ်းထက်တဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားပါ။
အဝေးမှာရှိနေတဲ့ သစ်ပင်တွေဟာ လေအရှိန်ကြောင့် ယိမ်းထိုးနေပြီး ဟန်ကျွယ်ရဲ့စွမ်းအားက ဘယ်လောက်ထိ ကြီးမားလဲဆိုတာကို သက်သေပြနေပါတယ်။
တောင်ခါးပန်းမှာရှိတဲ့ ငရဲကြက်နက်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ဂလုခနဲနေအောင် တံတွေးကို မြိုချလိုက်ပါတယ်။
ကျယ်လောင်လွန်းတဲ့အသံဟာ အတွင်းဂိုဏ်းအကြီးအကဲတွေကို ဆွဲဆောင်လိုက်ပါတယ်။
လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ ပထမဆုံးရောက်လာပြီး ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ဘာဖြစ်တာလဲ”
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်သွေးမီးလျှံဂိုဏ်းက တာအိုသခင်တျန်ကုန်း ရောက်လာတာ”
“ဘာ... တာအိုသခင်တျန်ကုန်း ဟုတ်လား... ဘယ်မှာလဲ” လီချင်းဇဲ့ဟာ ကြောက်ရွံ့မှုကြောင့် လက်တုန်ခြေတုန် ဖြစ်သွားပါတယ်။
“သေသွားပြီ”
လီချင်းဇဲ့ဟာ ကြားလိုက်ရတဲ့စကားကြောင့် ကျောက်ရုပ်လို မလှုပ်မယှက် ဖြစ်သွားပါတယ်။ အတန်ကြာမှ အံဩတကြီးဖြစ်နေတဲ့မျက်နှာနဲ့ ဂရုတစိုက် မေးလိုက်ပါတယ် “အကြီးအကဲဟန်... အကြီးအကဲဟန်က ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ကို ရောက်နေပြီလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ အဲဒီအဆင့်နဲ့ တော်တော်လေး အလှမ်းဝေးသေးတယ်၊ ပြဿနာမတက်ရအောင် ဒီနေ့ဖြစ်ခဲ့တာတွေကို လျှောက်မပြောနဲ့၊ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို တိတ်တိတ်လေး ဝမ်းနည်းခွင့် ပေးလိုက်ပါ”
လီချင်းဇဲ့ဟာ ခေါင်းညိတ်လိုက်ပြီး အကြီးအကဲတွေကို ကိုယ့်နေရာ ကိုယ်ပြန်ဖို့ ချက်ချင်းထွက်ပြောပါတယ်။
ဝီရိယတောင်က ထွက်ခွာလာပြီးနောက် လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့စကားနဲ့ အပြုအမူကို ပြန်စဉ်းစားတဲ့အခါမှာ ကြက်သီးမွေးညင်းထသွားပါတယ်။
“တာအိုသခင်တျန်ကုန်း... သူက ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ နံပါတစ်ကျင့်ကြံသူပဲ...” လီချင်းဇဲ့ဟာ အိပ်မက်မက်နေသူအလား သူ့ကိုယ်သူ ရေရွတ်လိုက်ပါတယ်။
…
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ ကြည်ညိုလေးစားတဲ့ မျက်ဝန်းတွေကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်လိုက်ပါတယ်။ ဒီအချိန်မှာ တာအိုသခင်တျန်ကုန်းရဲ့ ပုံရိပ်က ပျောက်မသွားတာကို သတိထားမိလိုက်ပါတယ်။
‘ဘာတွေ ဖြစ်နေတာလဲ... သူ ဘာလို့ မသေသေးတားလဲ’
‘ငါ သူ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ကျိန်းသေပေါက် ဖျက်ဆီးလိုက်တာပါ၊ တစ်ခုခု မှားသွားလို့လား’
‘သူမှာ ကိုယ်ပွား ဒါမှမဟုတ် တစ်ခုခုရှိနေတာပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ တာအိုသခင်တျန်ကုန်း ဘာလို့မသေသေးတာလဲ ဆိုတာကို စဉ်းစားလို့မရပါဘူး။ အဲဒါကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုသခင်တျန်ကုန်းကို ကျိန်စာတိုက်ပါတော့တယ်။
…
သုံးနှစ်ကြာပြီးနောက်။
တာအိုသခင်တျန်ကုန်းရဲ့ ဝိညာဉ်အပိုင်းအစဟာ နောက်ဆုံးမှာတော့ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ပြန်ရောက်သွားပါတယ်။
တာအိုသခင်တျန်ကုန်းကို လက်ခံတွေ့ဆုံတဲ့သူကတော့ ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် လျူပုမီပဲ ဖြစ်ပါတယ်။ လျူပုမီဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်တဲ့မျက်နှာထားရှိကာ ဓားလိုစူးရှတဲ့အကြည့် ရှိပါတယ်။
ခန်းမထဲမှာ။
လျူပုမီဟာ ထိပ်ဆုံးနေရာမှာ ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်ပါတယ် “စီနီယာအစ်ကို...
တာအိုသခင်တျန်ကုန်းရဲ့ ဝိညာဉ်အပိုင်းအစဟာ တုန်ယင်သွားပါတယ်။ ဟန်ကျွယ်ကို ရှုံးနိမ့်ပြီး ထွက်ပြေးရတဲ့ တာအိုသခင်တျန်ကုန်းဟာ ကောင်းကင်ကပ်ဘေး အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ကံကို တော်တော်လေးကို ဆိုးရွားခဲ့တာပါ။ ကံကောင်းထောက်မပြီး တာအိုသခင်တျန်ကုန်းဟာ အကြမ်းခံနိုင်သူမို့ အသက်ရှင်နိုင်ခဲ့တာပါ။
“ဂျူနီယာညီလေး... မင်း ရန်ဒေသကို တိုက်ခိုက်တော့မလို့လား” တာအိုသခင်တျန်ကုန်းဟာ အံကြိတ်ပြီး မေးလိုက်ပါတယ်။ တာအိုသခင်တျန်ကုန်းဟာ ပြိုင်ဘက်ကင်းအောင် ချောမောတဲ့ ဟန်ကျွယ်ရဲ့မျက်နှာကို ပြန်တွေးမိပြီး ဝိညာဉ်အပိုင်းအစတစ်ခုလုံး တုန်ယင်သွားပါတယ်။
“ဟုတ်တယ်၊ နောက်ငါးနှစ်အတွင်း သွားတိုက်ဖြစ်လောက်တယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ဖိတ်ထားတဲ့ ဧည့်အကြီးအကဲကလည်း လှုပ်ရှားလိမ့်မယ်”
“မသွားနဲ့... ရန်ဒေသကို မသွားနဲ့၊ ရန်ဒေသက ထိလို့မရဘူး၊ ယွီဂျင်ဂိုဏ်းမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ ဆရာကြီးရှိတယ်၊ မင်း ငါ့အစွမ်းကို သိတယ်မလား၊ ငါကျင့်ကြံခြင်းက ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ရှိတာတောင် အဲဒီလူဆီက ဓားတစ်ချက်ကို မခံနိုင်ဘူး၊ ငါ ဘာမှမလုပ်နိုင်ဘဲနဲ့ အသတ်ခံလိုက်ရတယ်”
တာအိုသခင်တျန်ကုန်းဟာ အလွန်တရာ ယောင်ယက်ခတ်ပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။
“ငါတို့တွေ ရန်ဒေသကိုသွားရင် ကျိန်းသေပေါက် သေလိမ့်မယ်၊ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ရှိတဲ့ ဧည့်အကြီးအကဲ လှုပ်ရှားရင်တောင် ငါတို့တွေ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”