← Chapters

နတ်ဆိုးဘုရင်တန်စု နိုးထလာခြင်း

Vol. 5 Ch. 75

နတ်ဆိုးဘုရင်တန်စု နိုးထလာခြင်း

Vol. 5 Ch. 75

အခန်း (၇၅) နတ်ဆိုးဘုရင်တန်စု နိုးထလာခြင်း

“တကယ်ကြီးလား” လျူပုမီဟာ တအံတဩဖြစ်ပြီး မျက်လုံးပြူးသွားပါတယ် ‘အဲဒီလိုပုဂ္ဂိုလပ်များ ရန်ဒေသမှာ တကယ်ရှိတာလား’

တာအိုသခင်တျန်ကုန်းက အံကြိတ်ပြီး ပြောလိုက်ပါတယ် “ငါ့ကိုပဲကြည့်လေ... ဒီသက်သေက မလုံလောက်ဘူးလား”

လျူပုမီဟာ တိတ်ဆိတ်သွားပါတယ်။

ခန္ဓာကိုယ်ပေါင်းစပ်ခြင်း ကျင့်ကြံသူကို မဖိတ်ခေါ်ခင် တာအိုသခင်တျန်ကုန်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူပါ။ လျူပုမီ ဂိုဏ်းချုပ်ဖြစ်လာတာကလည်း တာအိုသခင်တျန်ကုန်းရဲ့ ကျေးဇူးနဲ့ မကင်းပါဘူး။

လျူပုမီဟာ ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ ရွှေခေတ်ကို ရောက်တော့မယ်လို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ တာအိုသခင်တျန်ကုန်းက ယွီဂျင်ဂိုဏ်းမှာ ဒုက္ခရောက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

လျူပုမီဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “အဲဒီလူက ဘယ်သူလဲ”

တာအိုသခင်တျန်ကုန်းဟာ သက်ပြင်းချပြီး ဖြေလိုက်ပါတယ် “နတ်သတ်အကြီးအကဲပဲ၊ မင်း ရန်ဒေသကို လူလွှတ်ပြီး စုံစမ်းရင် သူ့ဂုဏ်သတင်းကို ရှာတွေ့လိမ့်မယ်၊ ဒီလူက ကုပ်ကုပ်‌လေးနေတာ၊ အဲဒါကို အထင်သေးပြီး သွားရန်စမိရင် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်၊ ယွီဂျင်ဂိုဏ်းက ရန်ဒေသရဲ့ နံပါတစ်ဂိုဏ်းဖြစ်လာတာ သူ့ကြောင့်ပဲ”

လျူပုမီဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီလိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်က ရန်ဒေသမှာ ဘာလို့နေနေတာလဲဆိုတာကို နားမလည်နိုင်ပါဘူး။

“ထားလိုက်ပါတော့၊ ကျွန်တော်တို့တွေ ရန်ဒေသကို ရန်စလို့မရဘူးဆိုတော့ အသူရာချောက်ဒေသကို အရင်ဆုံး သိမ်းပိုက်ကြတာပေါ့” လျူပုမီဟာ သက်ပြင်းချလိုက်ပါတယ်။

တာအိုသခင်တျန်ကုန်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်နှာဟာ တာအိုသခင်တျန်ကုန်းရဲ့ စိတ်ထဲမှာ ထပ်ပေါ်လာပါတယ် ‘ဘာတွေပဲဖြစ်ဖြစ် ငါ သူ့ကို အပြစ်ပြုမိလို့မရဘူး’

…

တာအိုသခင်တျန်ကုန်းကို သတ်ဖြတ်ပြီး လေးနှစ်အကြာမှာ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း သတ္တမအဆင့်ကို ရောက်ရှိသွားပါတယ်။ အဆင့်တက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ တာအိုသခင်တျန်ကုန်း အသက်ရှင်နေသေးတာကို တွေ့လိုက်ရတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားပါတယ်။

ဒါဟာ ဟန်ကျွယ် ပထမဆုံးအကြိမ် ကြီးကြီးမားမား စိတ်ပျက်တာပါ ‘ငါ သူ့ကို ကျိန်းသေပေါက် သတ်လိုက်တာပါ၊ သူ ဘာလို့ အသက်ရှင်နေရသေးတာလဲ’

[တာအိုသခင်တျန်ကုန်း: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်။ ကောင်းကင်သွေးမီးလျှံဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး သင့်အား အလွန်ကြောက်ရွံ့၏။ သင့်အား ဘယ်သောအခါမျှ တစ်ဦးတည်း မျက်နှာချင်းမဆိုင်ရဲတော့ချေ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

ဟန်ကျွယ်ကို သက်သောင့်သက်သာ ဖြစ်စေတာကတော့ တာအိုသခင်တျန်ကုန်းက သူ့ကို အလွန်ကြောက်နေတာပါ။

မျက်နှာသာပေးမှုက ကောင်းမွန်တဲ့ခံစားချက်ချည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။

ဒီမျက်နှာသာပေးမှုဟာ သူ့ရုပ်ရည်ပေါ်ထားရှိတဲ့ တာအိုသခင်တျန်ကုန်းရဲ့ အကောင်းမြင်မှုပဲ ဖြစ်ပါတယ်။ တာအိုသခင်တျန်ကုန်းဟာ ဟန်ကျွယ်ကို ကြောက်လွန်းတာကြောင့် မမုန်းရဲပါဘူး။ ဒါကြောင့် အခုလို မျက်နှာသာပေးမှု ဆက်ရှိနေတာ ဖြစ်ပါတယ်။

တာအိုသခင်တျန်ကုန်း ဟန်ကျွယ်ကို တစ်ခုသတိပေးလိုက်ပါတယ်။ အဲဒါကတော့ ဟန်ကျွယ်ဟာ သူ့ရန်သူကို လုံးဝဖျက်ဆီးနိုင်စွမ်းရှိပေမဲ့ ရန်သူတိုင်းကို သေအောင် သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျင့်ကြံခြင်းလောကမှာ အရည်အချင်းရှိသူတွေ အများကြီးပါ။ ရန်သူတွေက တဖြည်းဖြည်း စွမ်းအားကြီးလာတာနဲ့ သူတို့အသက်ကို ကာကွယ်မဲ့ နည်းလမ်းပေါင်း သောင်းခြောက်ထောင် ရှိလာမှာပါ။

ဟန်ကျွယ်ဟာ အနာဂတ်မှာ ရန်သူကို သတ်မယ်ဆိုရင် ဂရုစိုက်မှရပါတော့မယ်။ အကောင်းဆုံးကတော့ အလစ်အငိုက် တိုက်ခိုက်တာပါပဲ။

ဟန်ကျွယ်ဟာ တာအိုသခင်တျန်ကုန်းနဲ့ တိုက်ပွဲကို ပြန်မြင်ယောင်ကြည့်လိုက်ပါတယ်။ ဒီပြဿနာက နှစ်ကြိမ်တိုက်လိုက်ရတာကြောင့် ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။

‘ဟုတ်တယ်... ဒါကြောင့်ပဲ ဖြစ်ရမယ်၊ နောက်ဆိုရင် ငါ ရန်သူတွေကို အခွင့်အရေးလုံးဝမပေးဘဲ ချက်ချင်း သတ်ပစ်ရမယ်၊ ငါကိုက သတိမဲ့လွန်းတာပဲ’

ဟန်ကျွယ်ဟာ ဘယ်တော့မှ သတိမလစ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သတိမဲ့ခြင်းက သေနိုင်လောက်တဲ့ အားနည်းချက်တစ်ခုပါ။

ဟန်ကျွယ်ဟာ ပြဿနာကို ရှာတွေ့ပြီးတဲ့နောက် သူ့စိတ်ဓာတ်ဟာ ပိုမိုခိုင်မာသွားပါတယ်။ နောက်တစ်ကြိမ်တိုက်ခိုက်ရန် စွမ်းအားကုန်ထုတ်ပြီး တိုက်ခိုက်ရမယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

…

ရန်ဒေသရဲ့ မြောက်ပိုင်းဟာ နှင်းနဲ့ရေခဲတွေ ဖုံးအုပ်ထားပါတယ်။

ကျယ်ပြန်လှတဲ့ နှင်းတွေအကြားမှာ ပေတစ်ထောင်မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရုပ်သွင်တစ်ခု မတ်တတ်ရပ်လျက် ရှိနေပါတယ်။ ကြီးမားလှတဲ့ အမြီးလေးချောင်းဟာ ဟိုဟိုဒီဒီ လှည့်ပတ်နေပြီး အားကောင်းတဲ့ လေပြင်းတွေ ဖြစ်ပေါ်လာစေပါတယ်။

ရန်ထျန်တုန်းနဲ့ နတ်ဆိုးဘုရင် ဆယ်ယောက်ကျော်ဟာ အတူရှိနေပြီး ဒီကြောက်မယ်ဖွယ်ကောင်းတဲ့ ရုပ်သွင်အောက်မှာ ဒူးထောက်နေကြပါတယ်။

ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ရုပ်သွင်ကတော့ နှစ်တစ်သောင်းနတ်ဆိုးအိုကြီး နတ်ဆိုးဘုရင်တန်စုကလွဲလို ဘယ်သူဖြစ်နိုင်အုန်းမှာလဲ။

ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင်တန်စုကို မော့ကြည့်ပြီး ဒီလောက်အေးစက်တဲ့နေရာမှာ ဇောချွေးပျံသွားပါတယ်။

နတ်ဆိုးဘုရင်တျန်စုရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးရောင်ဝါကြောင့် ဒူးထောက်နေတဲ့ နတ်ဆိုးဘုရင်အကုန်လုံး ခိုက်ခိုက်တုန်သွားကြပါတယ်။ ကျင့်ကြံခြင်းအပြင် သွေးစည်းရဲ့ ဖိနှိပ်မှုကြောင့် ဒီလိုဖြစ်တာပါ။

နတ်ဆိုးဘုရင်တန်စု မနိုးထခင်တုန်းက ရန်ထျန်တုန်းဟာ ရန်ဒေသရဲ့ နတ်ဆိုးဘုရင် ဖြစ်လာလိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု နတ်ဆိုးဘုရင်တန်စုကို ရင်ဆိုင်ရတဲ့အခါ သူ့အတွေးတွေက ဘယ်လောက်ထိ ရယ်စရာကောင်းလဲဆိုတာကို သဘောပေါက်သွားပါတယ်။

ရန်ထျန်တုန်းဘေးမှာ ရှိနေတာကတော့ နတ်ဆိုးဘုရင်တန်စုအကြောင်း ရှင်းပြခဲ့တဲ့ သစ်ပင်နတ်ဆိုးအိုကြီးပဲ ဖြစ်ပါတယ်။

သစ်ပင်နတ်ဆိုးအိုကြီးဟာ တလေးတစားနဲ့ မေးလိုက်ပါတယ် “နတ်ဆိုးဘုရင် ကျွန်တော်တို့ကို ဒီနေရာဆီ ဘာအကြောင်းကြောင့် ခေါ်ရတာလဲ”

တစ်ခြားနတ်ဆိုးဘုရင်တွေဟာလည်း ရင်တထိတ်ထိတ် ဖြစ်သွားကြပါတယ်။ နတ်ဆိုးဘုရင်တန်စု ပြဿနာရှာမှာကို သူတို့အားလုံး စိုးရိမ်နေကြတာပါ။

နက်ရှိုင်းပြီး အင်အားကြီးတဲ့အသံတစ်ခု ထွက်ပေါ်လာပါတယ်။

“အခုအချိန်ကစပြီး...”

“ဒီဒေသမှာ ငါ တစ်ယောက်တည်း ဘုရင်ဖြစ်ရမယ်၊ အခုရှိနေတဲ့ နတ်ဆိုးဘုရင်အားလုံး ငါ့စစ်သူကြီး ဖြစ်ရမယ်”

ဒီစကားကြောင့် နတ်ဆိုးဘုရင်အကုန်လုံးဟာ အလန့်တကြား ဖြစ်သွားကြပါတယ်။ သူတို့ဟာ မခံမရပ်နိုင်ဖြစ်သွားကြပေမဲ့ ဘာမှမပြောရဲပါဘူး။ ဒီထဲမှာ ရန်ထျန်တုန်းလည်း အပါအဝင်ပါ။

သစ်ပင်နတ်ဆိုးအိုကြီးက ချက်ချင်းပဲ မျက်နှာချိုသွေးပါတယ် “ဟုတ်ပါတယ်... ဒီဒေသမှာ နတ်ဆိုးဘုရင်တစ်ပါးပဲ ရှိတာပါ၊ ကျွန်တော်တို့တွေ ရန်ဒေသမှာရှိတဲ့ လူသားတွေကို ဘယ်တော့ မျိုးတုန်းပစ်မလဲ”

ရန်ထျန်တုန်းဟာ သစ်ပင်နတ်ဆိုးအိုကြီးကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒီနတ်ဆိုးအိုကြီးက တကယ့်ကို ခွေးလိမ္မာပါ။ အခုအချိန်မှာ ရန်ထျန်တုန်းဟာ သစ်ပင်နတ်ဆိုးအိုကြီး ပြောခဲ့တဲ့ နတ်ဆိုးဘုရင်တန်စုအကြောင်းက တကယ်ပဲမှန်ကန်ရဲ့လားဆိုတာကို သံသယဝင်သွားပါတယ်။ သစ်ပင်နတ်ဆိုးအိုကြီးက နတ်ဆိုးဘုရင်တန်စုကို ချီးမွန်းခန်းဖွင့်ပြီး လူသားတွေကို လူယုတ်မာဖြစ်အောင် ပြောတာလည်း ဖြစ်နိုင်ပါတယ်။

ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင်တန်စုဆီကနေ တစ်ခါမှမကြုံဖူးတဲ့ သတ်ဖြတ်ငွေ့တွေကို ခံစားလိုက်ရပါတယ်။

ဒီနတ်ဆိုးဘုရင်တန်စုဟာ ရန်ထျန်တုန်းထင်ထားတာထက် အဆများစွာသာလွန်တဲ့ သက်ရှိတွေကို သတ်ပစ်ခဲ့တာပါ။

“လူသားမျိုးနွယ်စုကို မျိုးတုန်းပစ်မယ်၊ ဘယ်တုန်းက လူသားတွေကို မျိုးတုန်းပစ်မယ်လို့ ငါ ပြောလိုက်လို့လဲ”  နတ်ဆိုးဘုရင်တန်စု ပြန်ပြောလိုက်တဲ့ လေသံဟာ အေးစက်လွန်းတာကြောင့် သစ်ပင်နတ်ဆိုးအိုကြီးဟာ ခိုက်ခိုက်တုန်အောင် ကြောက်လန့်သွားပါတယ်။

ရန်ထျန်တုန်းဟာ ကြောက်ဖို့ကောင်းတဲ့ အာရုံတစ်ခု သူတို့ဆီ ဖြတ်သွားတာကို ခံစားလိုက်ရပါတယ်။

“အို... လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်ပါလား... စိတ်ဝင်စားဖို့ကောင်းတယ်၊ နတ်ဆိုးလေး ဒီနားကိုလာအုန်း” နတ်ဆိုးဘုရင်တန်စုရဲ့ စကားကြောင့် ရန်ထျန်တုန်းဟာ စိတ်ဖိစီးသွားပါတယ်။

ရန်ထျန်တုန်းဟာ ခေါင်းမော့ကြည့်လိုက်တဲ့အခါမှာ ကြောက်မယ်ဖွယ်ကောင်းတဲ့ နတ်ဆိုးဘုရင်တန်စုကို မတွေ့ရတော့ဘဲ သာမန်လူတစ်ယောက် အရွယ်အစားပဲ ရှိတော့တဲ့ နတ်ဆိုးဘုရင်တန်စုကို တွေ့လိုက်ရပါတယ်။

နတ်ဆိုးဘုရင်တွေ အကုန်လုံးဟာ ရန်ထျန်တုန်းကို ဝိုင်းကြည့်ကြပါတယ်။

ရန်ထျန်တုန်းဟာ အံကြိတ်လိုက်ပြီး စိတ်ကို အတက်နိုင်ဆုံးထိန်းကာ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက်မှာ နတ်ဆိုးဘုရင်တန်စုဆီ လျှောက်သွားပါတယ်။

ဘယ်နေရာကိုကြည့်ကြည့် နှင်းတွေနဲ့ ပြည့်နှက်နေပြီး သွားစရာ လမ်းအကျယ်ကြီး ရှိနေပါတယ်။ ဒါပေမဲ့ ရန်ထျန်တုန်းအဖို့ လျှောက်လိုက်တဲ့ ခြေလှမ်းတိုင်းဟာ အသူရာချောက်ဆီကို ဦးတည်နေပြီး ဒီအသူရာချောက်ရဲ့သခင်ကတော့ နတ်ဆိုးဘုရင်တန်စုပဲ ဖြစ်ပါတယ်။

…

တာအိုသခင်တျန်ကုန်းကို ဟန်ကျွယ် သတ်လိုက်တယ်ဆိုကတည်းက လီချင်းဇဲ့ဟာ စိတ်လက်ပေါ့ပါးသွားပါတယ်။ သူထင်တဲ့အတိုင်း ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ ရန်ဒေသကို မတိုက်ခိုက်ရဲတော့ပါဘူး။

နှစ်တစ်သောင်းနတ်ဆိုးအိုကြီး နတ်ဆိုးဘုရင်တန်စုကလည်း မလှုပ်ရှားတဲ့အတွက် ရန်ကျင့်ကြံခြင်းလောကဟာ တော်တော်လေး တည်ငြိမ်နေပါတယ်။

ဟန်ကျွယ်ကတော့ ထုံးစံအတိုင်း ဂူအောင်းကျင့်ကြံနေပါတယ်။

အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သေမျိုးလောကမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ကျင့်ကြံသူတွေဟာ ကပ်ဘေးကို ဖြတ်ကျော်ကြသလို မော်တယ်တွေကလည်း ပြန်လည်မွေးဖွားကြပါတယ်။ ရှည်လျားလှတဲ့သမိုင်းမြစ်မှာ ဒီအချိန်လေးက တစ်ခြားအချိန်တွေနဲ့ ဘာမှထူးပြီး ခြားနားခြင်းမရှိပါဘူး။

ခုနှစ်ကြာတဲ့အခါမှာတော့ လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို လာရှာပြန်ပါတယ်။

‘ကိစ္စကြီး ဖြစ်ပျက်တော့မှာမို့လို့လား၊ နှစ်တစ်သောင်းနတ်ဆိုးအိုကြီး တိုက်ခိုက်လို့လား၊ ဒါမှမဟုတ် ကောင်းကင်သွေးမီးလျှံဂိုဏ်းက တိုက်ခိုက်တာလား’

လီချင်းဇဲ့ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ရောက်ရောက်ချင်း စိုးရိမ်သောကရောက်နေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “အကြီးအကဲဟန် မကောင်းတော့ဘူး”

ဟန်ကျွယ်ရဲ့ နှလုံးခုန်နှုန်းဟာ နည်းနည်းမြန်သွားပြီး လီချင်းဇဲ့ ဆက်ပြောမဲ့စကားကို စောင့်နေပါတယ်။

“အရင်တုန်းက ဂိုဏ်း ၁၉ ဂိုဏ်းပေါင်းပြီး ယွီဂျင်ဂိုဏ်းကို လာတိုက်တုန်းက ခေါင်းဆောင်ကျင့်ကြံသူက ဝေ့ယွမ်ဆိုတဲ့တစ်ယောက်မလား၊ သူ့ကို တာအိုရောင်းရင်း သတ်လိုက်တယ်ဆိုပေမဲ့ အခုထိ အသက်ရှင်နေသေးတယ်၊ သူက အသူရာချောက်ဒေသမှာရှိတဲ့ နဂါးကိုကောင်းဂိုဏ်းကို ပြန်သွားပြီး ဘာဖြစ်တယ်မှတ်လဲ၊ ဂိုဏ်းချုပ်သစ် ဖြစ်လာတယ်၊ သူက ကျုပ်တို့ဆီမှာ ဒုက္ခရောက်ခဲ့တာဆိုတော့ နဂါးကိုးကောင်းဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး ယွီဂျင်ဂိုဏ်းကို လာတိုက်ကောင်း တိုက်နိုင်တယ်”

လီချင်းဇဲ့ဟာ စိုးရိမ်တကြီး ပြောလိုက်ပေမဲ့ ဟန်ကျွယ်မျက်နှာကတော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။

‘ဘာလဲဟ... ဟွမ်ဇွမ်တျန်က ဂိုဏ်းချုပ်ဖြစ်လာတာလား’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[ဟွမ်ဇွမ်တျန်: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့်(အယောင်ဆောင်)၊ နဂါးကိုးကောင်ဂိုဏ်းချုပ်။ ပင်ကိုဗီဇအားဖြင့် သတိကြီးသူဖြစ်ပြီး ရှင်သန်ရန်အတွက် ဘာမဆိုလုပ်နိုင်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ ဘာပြောရမှန် မသိတော့ပါဘူး။ ဟွမ်ဇွမ်တျန် ထွက်မသွားခင်က ဂိုဏ်းချုပ်နေရာကို အရယူရမလားလို့ ဟန်ကျွယ်ကို မေးခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ဒီကိစ္စကို သိပ်ပြီးဂရုမစိုက်ဘဲ ကြိုက်သလိုလုပ်ဖို့ ပြောခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်က ဂိုဏ်းချုပ်နေရာကို အရယူနိုင်လိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့တာပါ။

‘ကြည့်ရတာ ဒီကောင်က အာဏာယူတာ တော်တော်ကျွမ်းတာပဲ’

ဟန်ကျွယ်ဟာ တအံတဩနဲ့ မေးလိုက်ပါတယ် “နဂါးကိုးကောင်ဂိုဏ်းက ဒီလောက်တောင် အားနည်းတာား၊ ဝေ့ယွမ်တောင် ဂိုဏ်းချုပ်ဖြစ်နိုင်တယ်”

လီချင်းဇဲ့ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒါတော့ ကျုပ်လည်းမသိဘူး၊ ဒါပေမဲ့ နဂါးကိုးကောင်ဂိုဏ်းချုပ်ကြောင့် အသူရာချောက်ဒေသတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေတာတော့ အမှန်ပဲ”

All Chapters