အခန်း (၁၀၂)
Vol. 11 Ch. 102
102 01
အခန်း 102
လော့ရှင်းယွမ်သည် မျက်နှာတွင် ပျော်ရွှင်သော အမူအရာဖြင့်၊ ဤနေရာ ပိုင်ရှင် ဖြစ်သူ၏ ဦးဆောင်ခေါ်ဆောင်မှုအောက်တွင် ပင်မဆောင်တော်ဘက်သို့ ဦးတည်သွားသည်။
ကျယ်ဝန်းသော ပင်မဆောင်ကို ကြိုတင်၍ ရှင်းလင်း ပြင်ဆင်ထားပြီး ဖြစ်သည်။
ပင်မခန်း သုံးခန်း၊ ဘေးဘက်ဆောင်ခန်းများ၊ အလယ်တွင် ကျယ်ဝန်းသော ခြံဝင်းတစ်ခု ပါရှိပြီး ခြံဝင်း၏ လမ်းလျှောက်လမ်းဘေးတွင် အမြဲစိမ်း ထင်းရှူးပင်များကို စိုက်ပျိုးထားသည်။
“ခြံစည်းရိုးဘက်မှာ တစ်တန်းလုံး စိုက်ထားတာက ဂျင်ဂိုပင်တွေပါ”
မေဝမ့်ရှူးသည် လမ်းလျှောက်ရင်း အရပ်ဝတ်ဖြင့် ကြွရောက်လာသော ဧကရာဇ်ကို ညွှန်ပြသည်။ “အရှင်မင်းကြီးသာ ဆောင်းဦးရာသီမှာ ကြွလာခဲ့ရင် တံခါးဖွင့်ဝင်လိုက်တာနဲ့ မြေပြင်အပြည့် ဂျင်ဂိုရွက်တွေ ကြွေကျနေမှာ။ မြင်ကွင်းက အင်မတန် ရင်ကို လှုပ်ရှားစေမှာပါ” (ဂျင်ဂိုရွက်တွေက ဝါလွင်နေတာ ရွက်ကြွေတဲ့အချိန်ဆို မြင်ကွင်းတစ်ခုလုံးက ဝါလွင်နေပြီး တကယ့်ကို လှတယ်။ မေပယ်ကတော့ အနီရောင်ပါ။ သူလည်း ရွက်ကြွေတဲ့အချိန်ဆို နီရဲတောက်ပပြီး လှပါတယ်)
အခုလို အညှောက်သစ်များသာ ထွက်နေသော သစ်ခက်ဗလာများကို ကြည့်ပြီး သူမ၏ အပြုအမူက ပုံဆွဲပြီး ဗိုက်ပြည့်အောင် လုပ်နေရသူနှင့် တူနေသည်ဟု ခံစားရသဖြင့် မနေနိုင်ဘဲ ခပ်ဖွဖွ ပြုံးလိုက်ပြီး ဖြည့်စွက်ပြောသည်။
“ဒီနှစ် ဆောင်းဦးရာသီပါ။ ဂျင်ဂိုပင်တွေ ရွှေဝါရောင် ပြောင်းတဲ့အခါ၊ ဧကရာဇ် ကြွရောက်လာခြင်းကို ကြိုဆိုပါမယ်”
ဘေးချင်းယှဉ် လျှောက်နေသော ဧကရာဇ်သည် တိုးညင်းစွာ ခေါင်းညိတ်သည်။ “ကောင်းပြီ”
အရပ်ဝတ်ဖြင့် လှည့်လည်လာသော ဧကရာဇ်သည် ယနေ့တွင် ဂုဏ်အရှိဆုံး နဂါးဝတ်ရုံကို ချွတ်ပြီး အရည်အသွေး အလွန်ကောင်းမွန်သော ကျီးနက်ပြာရောင် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားသည်။ ပေါ့ပါးသော ပိုးသားက သူ့ရဲ့ ကျယ်ပြန့်သော ပခုံးနှင့် သွယ်လျသော ခါးကို ပိုမို ပေါ်လွင်စေသည်။
နှစ်ယောက်သား ဘေးချင်းယှဉ် လျှောက်သွားနေစဉ် မေဝမ့်ရှူးသည် အံ့အားသင့်စွာ တွေ့လိုက်ရသည်မှာ နှစ်လသုံးလခန့် မတွေ့ရသဖြင့် လူငယ်ဧကရာဇ်သည် အရပ်အနည်းငယ် ထပ်ရှည်လာပြီး သူမ၏ အရပ်သည် သူ့ရဲ့ မေးရိုးအောက်နားလောက်သာ ရှိတော့သည်။
သူမ၏ အကြည့်သည် သူ့ရဲ့ မေးရိုးနေရာတွင် ခဏမျှ ရပ်တန့်သွားသည်။ သူက ချက်ချင်း သတိထားမိပြီး ခေါင်းလှည့်ကာ သူမကို ပြန်ကြည့်သည်။
102 02
“မြို့တော်ကို ရောက်တာ ဒီလောက် နှစ်ပေါင်းကြာပြီ၊ မင်း အရပ် သိပ် မရှည်လာဘူး ထင်တယ်”
လော့ရှင်းယွမ် လက်မြှောက်၍ အမှတ်အသား ပြလိုက်သည်။
“ကျန်း မှတ်မိတာ၊ ပထမဆုံး တွေ့ဆုံတုန်းကကျန်း အရပ်က မင်းရဲ့ ရင်ဘတ်လောက်ပဲ ရှိတယ်။ အဲဒီတုန်းက မင်းက အရိုအသေပေးဖို့ လာတဲ့အခါကျန်းက သံသယစိတ် အရမ်းများနေတော့ ဘေးကို ရှောင်ပြီး ထွက်ပြေးချင်ခဲ့တယ်။ မင်းက တားဆီးလိုက်တော့ ကျန်းက ပြင်းပြင်းထန်ထန် ဝင်တိုက်လိုက်တာ။ နဖူးက မင်းရဲ့ ရင်ဘတ်ကို တည့်တည့် ဝင်တိုက်မိပြီး မင်း မြေပေါ် လဲကျမလို ဖြစ်သွားခဲ့တယ်”
ဒီလောက် နှစ်တွေကြာခဲ့ပေမဲ့ အဲဒီတုန်းက မြင်ကွင်းကို မေဝမ့်ရှူး အမှတ်ရနေသေးသည်။
သူမ ခပ်ဖွဖွ အသက်ရှူသွင်းလိုက်သည်။
အဲဒီတုန်းက သူမ အသက် ဆယ့်ခြောက်နှစ်ရှိပြီ ဖြစ်ကာ ရင်သားလည်း ဖွံ့ဖြိုးပြီး ဖြစ်သည်။ မြို့တော်သို့ လာရောက်ရန် စီစဉ်ကတည်းက အဝတ်စနဲ့ တင်းတင်းကျပ်ကျပ် စည်းထားခဲ့ပြီး၊ အနည်းငယ်သာ အသားကျလာခဲ့သည်။
သို့သော်လည်း အကြောင်းအကျိုး မသိသေးသော ဧကရာဇ်လေးက တည့်တည့် ဝင်တိုက်လိုက်သဖြင့် ထိုစဉ်က နာကျင်မှုကြောင့် မျက်ရည်များ စိမ့်ထွက်လာခဲ့ပြီး မျက်ခွံအိမ်ထဲတွင် အောင့်အီး ထိန်းချုပ်ထားခဲ့ရသည်။
“ကျန်း မှတ်မိတယ်၊ အဲဒီတုန်းက မင်းကို တိုက်မိလို့ မင်း ငိုခဲ့တယ် ထင်တယ်”
ထင်းရှူးပင်လမ်းအောက်တွင် လော့ရှင်းယွမ်သည် လက်နောက်ပစ်၍ ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်ရင်း သတိတရ ပြောသည်။
“အဲဒီတုန်းကကျန်း တွေးမိတာ၊ ဒီကလေးက နန်းတော်ထဲ ဝင်ဖို့ ပို့လိုက်တဲ့ စာဖတ်ဖော်လား သိပ်တော့ အသုံးမကျပုံ ရတယ်”
သူ ရယ်လိုက်သည်။ “အရင်က စာဖတ်ဖော် ရောက်လာမယ်ဆိုတဲ့ သတင်း ကြားတုန်းက ကျန်း ရက်အနည်းငယ်ကြာအောင် စိုးရိမ်ပူပန်ခဲ့ရတယ်။ မကောင်းတဲ့သူနဲ့ ထပ်တွေ့ပြီး အနိုင်ကျင့်ခံရမှာ စိုးလို့။ နောက်ပိုင်း မင်းက မျက်ရည်တွေဝဲပြီး မြေပေါ်က ထလာတာ တွေ့တော့ လက်သေး၊ ခြေသေးနဲ့ ကြောင်ကလေးလို မျက်လုံးတွေက အလွယ်တကူ အနိုင်ကျင့်လို့ ရနိုင်တဲ့ ပုံပေါက်နေတော့ကျန်း ရုတ်တရက် မကြောက်တော့ဘူး”
မေဝမ့်ရှူး ဘာမှ ပြန်မပြောနိုင် ဖြစ်သွားသည်။
သူမ တိတ်ဆိတ်စွာ နောက်ကို ခြေလှမ်းအနည်းငယ် လိုက်လျှောက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုးက အနိုင်ကျင့်ဖို့ မလွယ်ပါဘူး”
လော့ရှင်းယွမ်က ရယ်လိုက်ပြီး သူ့လက်ကို ထပ်မြှောက်၍ သူမ၏ အရပ်အမောင်းကို သူ့မေးရိုးအထိ ချိန်ကြည့်လိုက်သည်။
“ရွှယ်ချင့်က အနိုင်ကျင့်ဖို့ မလွယ်တာ အမှန်ပဲ” နေရောင်အောက်တွင် လက်နောက်ပစ်၍ ရှေ့ဆက်လျှောက်ရင်း ပျော်ရွှင်စွာ ပြောသည်။
102 03
“ရွှယ်ချင့်က စီမံခန့်ခွဲရာမှာ ကျွမ်းကျင်တယ်၊ အစီအစဉ် ချမှတ်ရာမှာလည်း တော်တယ်။ ရွှယ်ချင့်ကို အနိုင်ကျင့်ချင်ရင် အခြေအနေအလိုက် လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်း ရှိရမယ်၊ ရုတ်တရက် တိုက်ခိုက်မှသာ အသာစီးရနိုင်မှာ”
မေဝမ့်ရှူးသည် သူမ၏ သိမ်မွေ့သော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်ကို ကြားလိုက်သည်။ “အရှင်မင်းကြီး...”
လော့ရှင်းယွမ်က ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ပေါ့ပေါ့ပါးပါး စတာကို အတည်ယူလိုက်တာလား”
ရင့်ကျက်ဟန်ရှိသော ဧကရာဇ်သည် ဆယ့်ရှစ်နှစ်အရွယ်တွင် အုပ်ချုပ်ရေးကို ကိုယ်တိုင် စတင်ကတည်းက နေ့စဉ်ဘဝတွင် ရယ်မောမှု နည်းပါးသည်။ ပေါ့ပေါ့ပါးပါး ရယ်လိုက်တဲ့ အသံထဲမှာ ပါလာတဲ့ ပျော်ရွှင်မှုက အလွန် ကူးစက်တတ်ပြီး ထင်းရှူးတောထဲတွင် ပဲ့တင်ထပ်နေသည်။ နောက်က လိုက်လာတဲ့ ချီကျန့်ဟန်တောင် မသိစိတ်ကနေ ပြုံးမိသွားသည်။
မေဝမ့်ရှူးသည် နာကျင်နေသည့် နားထင်ကို ပွတ်သပ်လိုက်ပြီး၊ ပျော်ရွှင်နေသော ဧကရာဇ်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ကျယ်ပြန့်သော ခြံဝင်းကို ကြည့်ပြီး စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်သည်။
ဒီနန်းတော်ကြီးက တကယ်ပဲ အရမ်းကို ချုပ်ချယ် ဖိနှိပ်လွန်းတာပဲ။
နန်းတော်မှ ထွက်ခွာလာသော ဧကရာဇ်သည် စိတ်နေစိတ်ထားပင် ပြောင်းသွားသယောင် ဖြစ်နေသည်။
သူမသည် ဧကရာဇ်ကို ဆက်လက် ဦးဆောင်ခေါ်သွားသည်။
“ဒီခြံဝင်းထဲက ပစ္စည်းကိရိယာတွေက ထူးခြားတာ မရှိပါဘူး။ ဒီမှာရှိတဲ့ ပစ္စည်းတွေအားလုံး နန်းတော်မှာ အစုံရှိပါတယ်။ တစ်ခု ရှိတာက စံအိမ်ကို ဆောက်တုန်းက အထူးတလည် လုပ်ထားတာပါ။ နည်းနည်း ဆန်းသစ်ပါတယ်။ အရှင်မင်းကြီး နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”
သူမသည် ပင်မအိမ်၏ အလင်းရောင် ရှိသော ခန်းမကို ဖြတ်ကျော်သွားသည်။ စာချပ်များ ချိတ်ဆွဲလေ့ရှိသော အဖြူရောင် နံရံပေါ်တွင် ရုတ်တရက် တံခါးတစ်ချပ် ပေါ်လာသည်။
“ဒီတံခါးက နောက်ဖေးခြံဝင်းကို တိုက်ရိုက်သွားပါတယ်”
သူမသည် သာမန်ပုံပေါက်သော ထိုသစ်သားတံခါးဆီ လျှောက်သွားပြီး ဖွဖွလေး တွန်းဖွင့်လိုက်သည်။
ဘဲဥပုံသဏ္ဍာန်ရှိသော ဟင်းလင်းဖြစ်နေသည့် ရေပူစမ်း တစ်ခုသည် ရေနွေးငွေ့များ ထွက်နေလျက် လူတိုင်းရှေ့တွင် ပေါ်လာသည်။
“မြို့တော် အနီးတစ်ဝိုက်မှာ သဘာဝ ရေပူစမ်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးက တောင်ပေါ်က ရေကြည်ကို သွယ်ယူပြီး ဒီမှာ ဟန်ပိုင်ကျောက်နဲ့ ရေကန်လေး ဆောက်ထားတယ်။ ဘေးနားမှာ ရေနွေးဆူဖို့အတွက် မီးဖိုချောင်ငယ်လေး တစ်ခု ထည့်ထားတယ်။ ကန်ထဲက ရေက အချိန်တိုင်း နွေးနေတော့ ဒါကိုလည်း ရေပူစမ်းလို့ ခေါ်လို့ရပါတယ်”
102 04
သူမက ရေပူစမ်းကို လော့ရှင်းယွမ်ကို ပြသည်။
“ဆောင်းရာသီမှာ နှင်းကျတဲ့အခါ ရေပူစမ်းထဲ စိမ်ပြီး ရေနွေး သောက်ရတာဟာ ဘဝရဲ့ပျော်စရာ အကောင်းဆုံးထဲက တစ်ခုပါ။ ပျော်စရာ မကောင်းဘူးလား”
လော့ရှင်းယွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သူမဘက်သို့ လှည့်ကြည့်သည်။
“မင်း အရင်က ဆောင်းဦးနဲ့ ဆောင်းရာသီ နာမကျန်းဖြစ်တုန်းက ဒီရေပူစမ်းထဲမှာ စိမ်ခဲ့တာလား”
မေဝမ့်ရှူးက သေချာပေါက် စိမ်ခဲ့သည်။ ဆောင်းရာသီတိုင်း လုပ်ခဲ့သည်။
သူမက ပြုံးရယ်ရင်း ပြောသည်။ “အခု နွေဦး ဖြစ်နေလို့ ဆောင်းရာသီ နှင်းကျတဲ့ ခံစားချက်မျိုး မရှိပေမဲ့ အရှင်မင်းကြီးလည်း စမ်းကြည့်သင့်ပါတယ်”
လော့ရှင်းယွမ်က သဘောတူပြီး ခဏစဉ်းစား၍ မေးသည်။ “ကျန်းက ဒီပင်မဆောင်မှာ နေမယ်၊ မင်းက ဘယ်မှာ နေမှာလဲ”
မေဝမ့်ရှူးက ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် အရှေ့ဘက်သို့ လက်ညှိုးထိုးပြသည်။
“အရှေ့ဘက်မှာ မက်မုံပန်းဥယျာဉ် ဆိုတာ ရှိတယ်။ ဒီပင်မဆောင်ကို ပုံတူကူးပြီး ဆောက်ထားတာ။ အရွယ်အစား နည်းနည်း သေးပေမဲ့ အလွန် သာယာလှပအောင် ဆောက်ထားပါတယ်။ အဲဒီမှာ မက်မုံပန်းပင်တွေ အပြည့် စိုက်ထားတယ်။ ဒီကနေလည်း သိပ်မဝေးပါဘူး။ ကျွန်တော်မျိုး မက်မုံပန်းဥယျာဉ်မှာပဲ နေပါ့မယ်”
“မက်မုံပန်းဥယျာဉ်...”
လော့ရှင်းယွမ် စဉ်းစားဟန်ဖြင့် ပြောသည်။ “အဲဒီမှာ ဒီလိုရေပူစမ်းမျိုး ဆောက်ထားလား မင်းက ဒီစံအိမ်ရဲ့ ပိုင်ရှင်ပါ။ ရေပူစမ်း တစ်ခုပဲ ရှိရင် ကျန်း တစ်ဦးတည်း သုံးရတာ မသင့်တော်ဘူး”
မေဝမ့်ရှူးက ရယ်လိုက်သည်။ “ရေပူစမ်း ဆောက်ဖို့ ဒီလောက် အားထုတ်ထားတာ တစ်နေရာတည်းပဲ ဆောက်ပါ့မလား”
သူမက စိတ်သက်သာရာရစေရန် ပြောသည်။ “မက်မုံပန်းဥယျာဉ်မှာလည်း အဲဒီလို ရေပူစမ်း ရှိတယ်။ မက်မုံပန်းတောကို တည့်တည့် မျက်နှာမူထားတယ်။ အခုဆိုရင် တောင်ပေါ်မှာ မက်မုံပန်းပန်းတွေ ပွင့်နေပြီဆိုတော့ အဲဒီက ရှုခင်းကလည်း အင်မတန် သာယာပါတယ်။ ကျွန်တော်မျိုးကို စိတ်မပူပါနဲ့။ အရှင်မင်းကြီး စိတ်ချလက်ချ ဒီပင်မဆောင်မှာ အနားယူနိုင်ပါတယ်”
လော့ရှင်းယွမ်၏ မျက်နှာတွင် ပြုံးရိပ်သန်းသွားပြီး ခေါင်းညိတ်သည်။
“ရွှယ်ချင့်က ရေပူစမ်းကို ကြိုက်မှန်း သိတယ်။ လူကောင်းတစ်ယောက်ဟာ သူများ အကြိုက်ကို မလုယူသင့်ဘူး။ သေချာ မေးမြန်းပြီးမှ ကျန်း စိတ်ချလက်ချ နေနိုင်မှာ”
++++++