← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

📝အပိုင်း - ၁ ဂူ၊ လူရှင်များ မဝင်ရ

ဘာသာပြန် - Na Gar🐉

ဒီဂူဟာ အသက်ရှင်နေတဲ့လူတွေ ဝင်ရမယ့်နေရာမျိုး မဟုတ်ပေ။

လုလီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အသက်ရှူပင် မဝတော့ချေ။ သူသည် ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်ကဲ့သို့ အသက်ကို ပြင်းပြင်းရှူလိုက်မိရာ မျက်စိရှေ့တွင် မှောင်အတိ ကျသွားတော့သည်။

"စန်းနု မင်း ဘာတွေမြင်နေရတာလဲ" လုယဲ့ က နောက်ဘက်မှ တိုးညင်းစွာ မေးလိုက်သည်။

လုလီ ပြန်မဖြေနိုင်ဘဲ အော်ဟစ်ငိုယိုမိခြင်းမရှိစေရန် မိမိပါးစပ်ကို အတင်းပိတ်ထားရကာ တစ်ကိုယ်လုံး တုန်ရီနေမိသည်။ သူ၏ အကြည့်တို့သည် ရှေ့သို့သာ စိုက်ကြည့်နေမိသည်။

ထိုနေရာကား ကြီးမားသော လိုဏ်ဂူကြီးတစ်ခုဖြစ်ပြီး ဂူအမိုးထက်ရှိ ကျောက်စက်ပန်းဆွဲများမှာ သားရဲတစ်ကောင်၏ အစွယ်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ နံရံလေးဘက်လုံးမှာ စိုစွတ်နေပြီး အစိမ်းရောင် ရေညှိများ ဖုံးလွှမ်းနေကာ အေးစက်သော မီးစုန်းရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

သို့သော် အစောဆုံး မြင်တွေ့လိုက်ရသည်မှာ ပြန့်ကျဲနေသော အလောင်းများနှင့် ထိုအလောင်းများအပေါ်တွင် ဝပ်တွားနေကြသော မိစ္ဆာသတ္တဝါများပင် ဖြစ်သည်။

အသားအရေမှာ အစိမ်းရောင်သန်းနေပြီး ပုကွကွနှင့် ပုံပျက်ပန်းပျက်ဖြစ်နေသော မိစ္ဆာရာပေါင်းများစွာ ရှိနေသည်။ သူတို့၏ အစွယ်များမှာ အပြင်သို့ ထွက်နေပြီး မျက်လုံးများမှာ မှင်ကဲ့သို့ မည်းနက်နေကြသည်။

၎င်းတို့မှာ မြေပြင်ပေါ်တွင် ဟိုတစ်စု ဒီတစ်စု အနားယူနေကြပြီး လက်ထဲတွင် သားရေဖြင့် ပတ်ထားသော အရိုးဓားများကို ကိုင်ဆောင်ထားကာ ဓားသွားများမှာ စေးကပ်သော အနက်ရောင်အလင်းများ ထွက်ပေါ်နေသည်။

မြေပြင်တွင် လူသားတို့၏ အကြွင်းအကျန်များ၊ ဖြူဖွေးနေသော အရိုးစုများ၊ ပြတ်တောက်နေသော ခြေလက်များနှင့် ပြည့်နှက်နေပြီး အချို့သော အရိုးများပေါ်တွင် အသားစများနှင့် သွေးမည်းများ ကပ်ပါနေသေးသည်။

လေထုထဲတွင် ပုပ်စော်နံသောအနံ့နှင့် သွေးညှီနံ့များ လွှမ်းမိုးနေကာ အလောင်းများမှာ ဂူတစ်ခုလုံးကို ပုပ်သိုးစေနေသကဲ့သို့ပင်။

လုလီ၏ လည်ချောင်းထဲတွင် တစ်ခုခုတက်လာပြီး ထိုနေရာတင် အန်ထုတ်မိတော့မလို ဖြစ်သွားသည်။ သူသည် မိမိပါးစပ်ကို အတင်းပိတ်ထားကာ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ အသံတိတ် စီးကျလာသည်။

ထိုအချိန်တွင် သူ မြင်လိုက်ရသည်မှာနံရံတွင် ချိတ်ဆွဲခံထားရသော အမျိုးသမီးတစ်ဦးပင်။

သူမသည် ဝတ်စုံဖြူဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ခြေလက်များကို ကြီးမားသော သားရဲအရိုးများဖြင့် ကျောက်နံရံတွင် ရိုက်

နှက်ချုပ်နှောင်ထားကာ လူမှာ (大) ပုံစံဖြင့် တွဲလောင်းကျနေသည်။

သူမ၏ အဝတ်အစားများမှာ ဆုတ်ဖြဲခံထားရပြီး ဝမ်းဗိုက်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုရှိကာ အတွင်းကလီစာများမှာ အပြင်သို့ ထွက်နေသည်။ အူများမှာ ငါးရှည့်များကဲ့သို့ လေထဲတွင် တွဲလောင်းကျနေပြီး အနည်းငယ် လှုပ်ရှားနေဆဲ ဖြစ်သည်။

သို့သော် သူမ အသက်ရှင်နေသေးသည်။

သူမ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ရီနေပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များအောက်မှ သွေးရောင်လွှမ်းနေသည့် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေကာ အပြင်းအထန် နာကျင်မှုကို အံကြိတ်ခံစားနေရပုံပေါ်သည်။

လုလီသည် ပိန်လှီသော မြေဘီလူးတစ်ကောင် ယိမ်းထိုးလျက် ရှေ့သို့တက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် အရိုးဓားကိုကိုင်ကာ အသားလှီးသကဲ့သို့ သူမ၏ ပေါင်မှ အသားတစ်စကို ဖြည်းညင်းစွာ လှီးဖြတ်လိုက်ပြီးနောက် အစွယ်များဖြင့် ပြည့်နှက်နေသော ၎င်း၏ ပါးစပ်ထဲသို့ ထည့်ကာ သွေးများပန်းထွက်သည်အထိ ဝါးစားနေတော့သည်။

လုလီသည် လည်ချောင်းထဲမှ တစ်ခုခု ဆန်တက်လာသလို ခံစားရသော်လည်း သူ မအန်ဝံ့ချေ။ မျက်တောင်ပင် မခတ်ဝံ့တော့ပေ။

နောက်ကွယ်မှ လုယဲ့၏ မေးမြန်းသံမှာ အခြားကမ္ဘာတစ်ခုမှ လာသကဲ့သို့ ခံစားနေရသည်။

သူ ငိုချင်သော်လည်း မိမိကိုယ်ကို အတင်းထိန်းထားရသည်။ သူ အသံမထွက်ဝံ့ချေ။ သူတို့ ဤနေရာသို့ မလာသင့်ကြောင်းနှင့် စောစောစီးစီး ထွက်သွားသင့်ကြောင်း သူ သိလိုက်ရပြီ။

သို့သော် သူတို့ ဝင်လာခဲ့မိပြီ။

ဤတောင်ကို မိစ္ဆာခေါင်းတောင် ဟု ခေါ်ကြသည်။

ရွာထဲက လူကြီးတွေ ပြောစကားအရ ဤတောင်ပေါ်တွင် တစ်နှစ်လျှင် (၁၁) လခန့် မြူများ အလွန်ထူထပ်သဖြင့် လက်ဖြန့်ကြည့်လျှင်ပင် မမြင်ရသော်လည်း ဤလတွင်မူ ရက်အနည်းငယ်ခန့် မြူများ ပါးလေ့ရှိသည်။

မြူများထဲမှ ထွက်လာသော ဝတ်စုံဖြူဝတ် တစ္ဆေရိပ်များကို မြင်ဖူးသူရှိသလို၊ တောနက်ထဲတွင် လှည့်လည်သွားလာနေသော မီးရောင်များကို မြင်ဖူးသည်ဟု ပြောသူများလည်း ရှိသည်။ အချို့ကမူ ဤတောင်မှာ မိစ္ဆာသတ္တဝါများ၏ အခြေစိုက်စခန်းဟု ဆိုကြသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က မုဆိုးတစ်ဦးသည် တောင်ပေါ်တွင် ခရမ်းရောင်

အရွက်ရှိသော ဆေးဖက်ဝင်အပင်တစ်ပင်ကို တွေ့ရှိခဲ့ပြီး ခေါင်းတလားဖိုး ရခဲ့ဖူးသည်ဟု ဆိုကြသည်။ သို့သော် ထိုသူသည် နောက်ပိုင်းတွင် ရူးသွပ်သွားကာ ရွာထိပ်ရှိ သစ်ပင်ကြီးတွင် သုံးရက်သုံးည အော်ဟစ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးသွားခဲ့သည်။

မြူထဲတွင် ရှိနေသော အရာမှာ နတ်ဘုရားလော သို့မဟုတ် တစ္ဆေလော မည်သူမျှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာခေါင်းတောင်၏နက်ရှိုင်းသောနေရာမှ မည်သူမျှ အသက်ရှင်လျက် ပြန်မလာနိုင်သောကြောင့် ဖြစ်သည်။

လုယွမ်၊ လုယဲ့ နှင့် လုလီ တို့မှာ ရွာသားများ ခေါ်လေ့ရှိသော "နွားကျောင်းသား သုံးဦး" ပင် ဖြစ်သည်။

အကြီးဆုံး လုယွမ်မှာ အသိတရားရှိပြီး အရပ်အရှည်ဆုံးနှင့် အားအကောင်းဆုံးဖြစ်သဖြင့် "နွားကြီး" ဟု ခေါ်ကြသည်။ လုယဲ့မှာ ဒုတိယဖြစ်ပြီး စကားများကာ ကြောက်တတ်သဖြင့် "နွားလတ်" ဟု အမည်တွင်သည်။ အငယ်ဆုံး လုလီမှာမူ အသက် (၁၁) နှစ်သာ ရှိသေးပြီး အရိုးများမှာ ကြက်ကလေးကဲ့သို့ ပိန်ချော့လှသဖြင့် ယခုနှစ် ဆောင်းတွင်းကို ကျော်ဖြတ်နိုင်ပါ့မလားဟု လူတိုင်းက စိုးရိမ်ကြသည်။

သူတို့ သုံးဦး၏ အဘိုးမှာ ဖျားနာနေပြီး အိမ်ထဲမှပင် မထွက်နိုင်တော့ပေ။ တစ်နေ့လုံး သွေးများအန်ကာ ချမ်းတုန်နေပြီး တစ်ကိုယ်လုံးတွင် အရိုးငေါငေါသာ ကျန်တော့သည်။

ရွာထဲက လူတွေပြောတာတော့ ဒါဟာ "ဝိညာဉ်ထိခိုက်တဲ့ ဒဏ်ရာဟောင်း" ဒါမှမဟုတ် "မြေဓာတ် အရိုးထဲဝင်တာ" လို့ ပြောကြပြီး ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်ဖို့ မလွယ်တော့ပေ။

ဆေးဖက်ဝင်အပင်ကို မရှာနိုင်ရင် အဘိုး သေရတော့မည်။

ထို့ကြောင့် သူတို့သည် မြူပါးသော ဤရက်အနည်းငယ်အတွင်း မိစ္ဆာခေါင်းတောင်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ကြခြင်း ဖြစ်သည်။

"တောင်ပေါ်မှာ တကယ်ပဲ ဆေးဖက်ဝင်အပင် ရှိမှာလား" ဟု ထိုနေ့က လုလီ မေးခဲ့ဖူးသည်။

လုယွမ်က နောက်လှည့်မကြည့်ဘဲ တိုးညင်းစွာ ပြောလိုက်သည်။

"ငါလည်း မသိဘူး။ ဒါပေမဲ့ ငါတို့ တက်သွားမှ ဖြစ်မယ်"

ညက အလွန်အေးပြီး တောင်ကလည်း မြင့်လှသည်။ အဝတ်အစားများက ဟောင်းနွမ်းကာ လက်ဆစ်များမှာလည်း အေးခဲပြီး ကွဲအက်နေသည်။ သူတို့ သုံးဦးမှာ ပိန်လှီနေသော ပိုးကောင် သုံးကောင်ကဲ့သို့ တောင်ပေါ်သို့ တဖြည်းဖြည်းချင်း တက်လာခဲ့ကြသည်။

ဂူပေါက်တစ်ခုကို တွေ့လိုက်ရသည်အထိပင်။

ထိုဂူမှာ ကျောက်တောင်နံရံ၏ အချိုင့်ထဲတွင်ရှိပြီး အေးစက်ကာ မှောင်မည်းနေသည်။ ဂူထဲမှ တိုက်ခတ်လာသော လေတွင် ပုပ်သိုးနေသောအသား သို့မဟုတ် မှိုနံ့ကဲ့သို့သော အနံ့ဆိုးများ ပါဝင်နေသည်။

ပို၍ ထူးဆန်းသည်မှာ ထိုလေထဲတွင် ညသန်းခေါင်ယံ၌ လူတစ်ယောက် ရယ်မောသံ သို့မဟုတ် တစ်ခုခုက သွားကြိတ်နေသံကဲ့သို့သော စူးရှရှအသံများ ပါဝင်နေခြင်း ဖြစ်သည်။

"ခဏနားကြရအောင်၊ အထဲဝင်ပြီး လေခိုမယ်" လုယွမ်က အသက်ကို ပြင်းပြင်းရှူရင်း ဂူဝကို အရင်ဆုံး ကိုင်လိုက်ပြီး အတွင်းဘက်ကို အနည်းငယ် ကြည့်ရှုကာ ဝင်သွားတော့သည်။

ဂူဝမှာ အတွင်းသို့ ရောက်လေ ကျဉ်းမြောင်းလေဖြစ်ရာ ကလေးတစ်ယောက်သာ ဝပ်တွား၍ ဝင်နိုင်သည်။

သူတို့ သုံးဦးသည် ဂူဝတွင် အစီအစဉ် ပြောင်းလိုက်ကြရာ လုလီက အငယ်ဆုံးဖြစ်၍ ရှေ့ဆုံးမှဖြစ်ပြီး လုယဲ့က အလယ်၊ လုယွမ်က နောက်ဆုံးမှ ဖြစ်သည်။

သူတို့၏ သေးငယ်သော ကိုယ်ခန္ဓာများမှာ ဂူအတွင်း၌ ပိတ်မိနေပြီး စိုစွတ်အေးစက်သော ကျောက်နံရံများအတိုင်း 'တီကောင်' ကဲ့သို့ တွားသွားရသည်။

သူတို့၏ အသက်ရှူသံများမှာ ဂူအတွင်းရှိ ပဲ့တင်သံများကြောင့် ပျောက်ကွယ်သွားပြီး အမှောင်ထဲတွင် အဝတ်အစားများနှင့် ကျောက်ဆောင်များ ပွတ်တိုက်သံများသာ ထွက်ပေါ်နေသည်။

"ဒီထဲမှာ လေတိုက်နေတယ်ဆိုတော့ ဒါက လမ်းပိတ်နေတဲ့ ဂူမဟုတ်ဘူး" လုယွမ်က တိုးညင်းစွာ ပြောလိုက်ရာ ရှေ့တွင် ပဲ့တင်သံ အနည်းငယ် ထွက်ပေါ်လာသည်။

"ဖြစ်နိုင်တာက... အထဲမှာ တကယ်ပဲ လမ်းရှိနေတာ ဖြစ်လိမ့်မယ်"

လုယဲ့၏ မျက်နှာမှာ လုလီ၏ ခြေဖနောင့်နှင့် ကပ်နေပြီး ရှေ့တွင် အမှောင်ထုသာ ရှိကာ လှုပ်ရှားရသည်မှာ ခက်ခဲလှသည်။ သူသည် နံစော်နေသော အနံ့အသက်များကို မစဉ်းစားမိစေရန် ကြိုးစားနေပြီး ကျောက်ခဲကို ထုနေသကဲ့သို့ ခုန်နေသော မိမိ၏ နှလုံးခုန်သံကိုသာ ကြားနေရသည်။

နောက်ဘက်ရှိ တောင်လေများမှာ ဂူဝသို့ တိုးဝင်လာသည်။

လေထဲတွင် တစ်ခုခု ပါဝင်လာသကဲ့သို့ ရှိသည်။

လူသံလည်း မဟုတ်၊ လေသံလည်း မဟုတ်ပေ။

တစ်ခုခုက ဂူထဲတွင် သူတို့ကို စောင့်ကြိုနေသည်မှာ ကြာပြီဖြစ်သည့်အလား။

သူတို့ သုံးဦးမှာ စိုစွတ်နေသော ကျောက်နံရံများကို လက်ဖြင့်စမ်းကာ တွားသွားနေကြပြီး လက်ထိပ်များမှာ ပွတ်တိုက်မိသဖြင့် သွေးများနှင့် ရွှံ့များ ရောနှောနေပြီဖြစ်သည်။ ဂူထဲတွင် အလင်းရောင်မရှိဘဲ သူတို့၏ ပြင်းထန်သော အသက်ရှူသံများသာ ပဲ့တင်ထပ်နေသည်။

"ရှေ့မှာ... အလင်းရောင်ရှိတယ်" လုလီက တုန်ရီနေသော အသံဖြင့် တိုးညင်းစွာ ပြောလိုက်သည်။

မည်မျှကြာအောင် တွားသွားခဲ့သည်မသိ၊ ရှေ့တွင် အလင်းရောင် တစ်စွန်းတစ်စ ပေါ်လာသည်။ ၎င်းမှာ နေရောင်မဟုတ်ဘဲ သေဆုံးနေသူ၏ မျက်လုံးထဲမှ အလင်းရောင်ကဲ့သို့ အေးစက်ဖြူဖျော့သော အလင်းရောင်မျိုး ဖြစ်သည်။

"လမ်းရှိပြီ"

လုလီက အားတက်သရော ပြောကာ ရှေ့သို့ အမြန်တိုးသွားပြီး ကျောက်ကြားမှ ထွက်လိုက်ရာ တစ်ကိုယ်လုံး ဂူဝမှ လိမ့်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် ဂူနှုတ်ခမ်းတွင် တောင့်တင်းစွာ ရပ်နေမိတော့သည်။

ထို့နောက်တွင်မူ လုလီသည် သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည်။

၎င်းမှာ ဒဏ္ဍာရီထဲက ဆေးဖက်ဝင်အပင်လည်း မဟုတ်၊ ကံကောင်းခြင်းများလည်း မဟုတ်ဘဲ သေခြင်းတရားနှင့် သွေးညှီနံ့များ လွှမ်းမိုးနေသော ငရဲခန်းတစ်ခုသာ ဖြစ်သည်။

ထိုအချိန်မှသာ သူ နားလည်လိုက်တော့သည်။

၎င်းမှာ "ဂူ" တစ်ခု မဟုတ်ပေ။

၎င်းမှာ "တွင်း" တစ်ခု ဖြစ်သည်။

တောင်၏ ဂူအတွင်းပိုင်းသို့ ဦးတည်နေသော တွင်းကြီးတစ်ခု။

တွင်းအောက်ခြေတွင် ရှိနေသည်မှာ နတ်ဘုရား မဟုတ်။

ဆေးပင်လည်း မဟုတ်။

ငရဲသာ ဖြစ်သည်။

📝အပိုင်း - ၂ မြေဘီလူးဘုရင်

ဘာသာပြန် - Na Gar🐉

လုလီ၏အသံမှာ အမှောင်ထုအတွင်း တုန်ရီစွာဖြင့် ထွက်ပေါ်လာသည်။ လေတိုက်၍ ဆုတ်ပြဲနေသော ပိတ်စဟောင်းတစ်ခုကဲ့သို့ တိုးညင်းလှသည်။

"အများကြီးပဲ... အလောင်းတွေ... နောက်ပြီး မိန်းမတစ်ယောက်လည်း ရှိတယ်... နံရံမှာ... နံရံမှာ သံမှိုနဲ့ ရိုက်ထားတာ..."

သူသည် ဂူဝရှိ ကျောက်ကြားတွင် တစ်ကိုယ်လုံး ကပ်ထားပြီး ဆန်ခါချသကဲ့သို့ တုန်ရင်နေကာ မျက်နှာမှာ သွေးမရှိတော့ဘဲ ဖြူလျော့နေသည်။ သူ၏ မျက်လုံးများထဲတွင် ဖော်ပြ၍မရနိုင်သော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ထိုစဉ်မှာပင်...

"ဝူး..."

အေးစက်လှသော တစ္ဆေချီတစ်ခုမှာ လိုဏ်ဂူဝမှ ရုတ်တရက် ဝေ့ဝဲဝင်ရောက်လာသည်။ ၎င်းမှာ မှင်ကဲ့သို့ မည်းနက်သော လှိုင်းလုံးကြီးများသဖွယ် အားလုံးကို လွှမ်းခြုံသွားပြီး အလွန်ပင် ထူထပ်လှသည်။

ဘာမှမသိလိုက်ရခင်မှာပင် တစ်ဝက်တစ်ပျက် အိပ်မောကျနေသော အသားစိမ်း မြေဘီလူးတစ်ကောင်မှာ ထိုတစ္ဆေချီနှင့် ငြိတွယ်သွားပြီး..

"ဘုန်း..." ဟူသော အသံနှင့်အတူ လေထဲတွင် ပေါက်ကွဲသွားကာ အသားစများနှင့် အရိုးစများ လွင့်စင်သွားတော့သည်။

လိုဏ်ဂူအတွင်း ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ကျိကျိ.."

"အားအားအား.."

မြေဘီလူးများမှာ ထူးဆန်းစူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး တစ်ကောင်ပြီးတစ်ကောင် အစွယ်တပြူးပြူးဖြင့် ဂူဝဆီသို့ အရူးအမူး ပြေးဝင်သွားကြသည်။

ထိုမှောင်ရိပ်ထဲမှပင် ခါးကုန်းကုန်းနှင့် အဖိုးအိုတစ်ဦး ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာသည်။

သူသည် ဟောင်းနွမ်းစုတ်ပြတ်နေသော ခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်တွင်းများမှာ နက်ရှိုင်းစွာ ချိုင့်ဝင်နေကာ ပါးပြင်မှာလည်း အရိုးပေါ် အရေတင်သာ ရှိတော့သဖြင့် မပုပ်သိုးသေးသော အလောင်းတစ်လောင်းနှင့် တူလှသည်။ ရှည်လျားသော ဆံပင်များမှာ ရေညှိများကဲ့သို့ ဖရိုဖရဲဖြစ်နေပြီး သူ၏ ပတ်ပတ်လည်တွင် မည်းနက်သော တစ္ဆေရိပ်များက ဝံပုလွေကဲ့သို့လည်းကောင်း၊ မြွေကဲ့သို့လည်းကောင်း သူ၏ ခြေရင်းတွင် ဟိန်းဟောက်ဝေ့ဝဲနေကြသည်။

သူသည် ငရဲမှ တက်လာသော တစ္ဆေတစ်ကောင်အလားပင်။

မြေဘီလူးများမှာ လှိုင်းလုံးများသဖွယ် သူ့ဆီသို့ ပြေးဝင်လာကြသော်လည်း သူက လက်ကို ဝှေ့ယမ်းလိုက်ရုံသာ ပြုလုပ်သည်။

မီးခိုးရောင်အရိပ်များမှာ ပိုးမျှင်များကဲ့သို့ ထွက်ပေါ်လာပြီး မြေဘီလူးများ၏ ပါးစပ်၊ နှာခေါင်း၊ နားနှင့် မျက်လုံးများအတွင်းသို့ တိုးဝင်သွားကြသည်။ ခဏချင်းမှာပင် ..

"ဗုန်း ဗုန်း ဗုန်း..."

မြေဘီလူးများမှာ တစ်ကောင်ပြီးတစ်ကောင် ဖောင်းကားလာကာ ပုံပျက်ပန်းပျက်ဖြင့် ပေါက်ကွဲသွားကြပြီး ဂူအတွင်း သွေးမိုးများ ရွာသွန်းသွားတော့သည်။

ဆယ်စက္ကန့်ပင် မပြည့်မီအချိန်အတွင်း မြေပြင်ပေါ်တွင် ခြေလက်အင်္ဂါ အပိုင်းအစများနှင့် အရိုးများ ပြည့်နှက်သွားကာ တစ်ဂူလုံး တိတ်ဆိတ်သွားတော့သည်။

အဖိုးအိုမှာ လေးလံသော ခြေလှမ်းများဖြင့် ကျောက်နံရံရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားပြီး သံမှိုရိုက်ခံထားရသည့် အမျိုးသမီးရှေ့တွင် ရပ်လိုက်သည်။

သူသည် မည်းနက်သော အက်ကြောင်းများဖြင့် ပြည့်နေသည့် သူ၏ ခြောက်သွေ့သော လက်ကို ဆန့်ထုတ်ကာ ထိုအမျိုးသမီး၏ မေးစေ့ကို အသာအယာ မော့လိုက်သည်။

၎င်းမှာ အလွန်ပင် ဖြူလျော့နေသော မျက်နှာတစ်ခု ဖြစ်သည်။ သွေးစုတ်ထားသကဲ့သို့ ဖြစ်နေသော်လည်း... ရင်သပ်ရှုမောဖွယ် လှပနေဆဲပင်။

ယခုကဲ့သို့ စုတ်ပြတ်ညစ်ပတ်နေပြီး ဝတ်လစ်စလစ်ဖြစ်ကာ ဝမ်းဗိုက်ဒဏ်ရာမှ အူများထွက်နေသော်လည်း သူမ၏ "နတ်သမီး" တစ်ပါးကဲ့သို့ ရုပ်ရည်ကိုမူ ဖုံးကွယ်ထား၍ မရပေ။

အဖိုးအိုက ခဏမျှ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော သနားစရာနှင့် သရော်လိုစိတ်များ ပေါ်လာကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။

"တောက် တောက်... ယခင်က 'ယွီဟွာဂိုဏ်း' ရဲ့ နံပါတ်တစ် အလှဆုံး ချိုးယွဲ့နတ်သမီးက ဒီလို အခြေအနေမျိုးအထိ ကျဆင်းသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

"တားမြစ်ပညာရပ်တွေကို တိတ်တဆိတ် လေ့ကျင့်ပြီး မိမိရဲ့ အသွေးအသားနဲ့ မြေအောက်တစ္ဆေတွေကို ကျွေးမွေးခဲ့တယ်၊ ယင်ဝိညာဉ်ကနေတစ်ဆင့် လမ်းစဉ်ထဲ ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ ပြန်လည်တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာနဲ့ ဂူထဲ ပြုတ်ကျခဲ့တာပေါ့... မမျှော်လင့်ဘဲ အသိဉာဏ်မရှိတဲ့ မြေဘီလူးတွေရဲ့ ပိတ်လှောင်တာကို ခံလိုက်ရပြီး နေ့တိုင်း အသားအလှီးခံ၊ သွေးအစုပ်ခံနေရတာကို ဆယ်နှစ်တောင် အောင့်အည်းသည်းခံပြီး မသေဘဲ တောင့်ခံနိုင်ခဲ့သားပဲ"

နံရံပေါ်ရှိ အမျိုးသမီးမှာ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း ဝေဝါးသော "အက်... အက်..." ဟူသော အသံများသာ ထွက်ပေါ်လာသည်။

အဖိုးအိုက မျက်မှောင်ကြုတ်ကာ သူမ၏ ပါးစပ်ကို ဟိုက်ကြည့်လိုက်ပြီး ခဏရပ်သွားသည်။

"လျှာကိုလည်း အဖြတ်ခံထားရတာပဲ။ ဟက်... အပေါ်ကနေ အောက်အထိ တကယ်ပဲ မြည်းစမ်းခံထားရတာပဲ"

သူက လက်ကို လွှတ်လိုက်ပြီး သရော်သံပါသော သက်ပြင်းကို ချလိုက်သည်။

"ယွီဟွာဂိုဏ်းကလူတွေ မင်းကို မေ့နေတာ ကြာပြီ။ အရင်က မင်းဟာ တောက်ပလွန်းခဲ့ပေမဲ့ အခုတော့ ဒီတောင်စောင့်ဘီလူးတွေရဲ့ 'သွေးအိတ်' ဖြစ်နေရပြီ"

"ဒါပေမဲ့... အသက်ရှိနေသေးသလို မျက်နှာကလည်း လှနေတုန်းပဲ။ 'အလှဆုံး နတ်သမီး' လို့ ခေါ်ဖို့ ရှက်စရာမလိုသေးဘူး"

"ငါ မင်းကို ကယ်တာက အလကားတော့ မဟုတ်ဘူး "

သူ၏ အကြည့်များမှာ အေးစက်သွားပြီး လေသံမှာလည်း တဖြည်းဖြည်း မာကျောလာသည်။

"ဒီနေ့ကစပြီး ငါ့ရဲ့ 'ဖိုမကျင့်ကြံဖော်' အဖြစ် သိမ်သိမ်မွေ့မွေ့ နေပေတော့။ မင်းရဲ့ ဒီခန္ဓာကိုယ်က... ဆေးဖော်ဖို့၊ ဝိညာဉ်မွေးမြူဖို့နဲ့ တစ္ဆေကျွေးဖို့ဆိုရင် မင်းရဲ့ ဒီမျက်နှာနဲ့ ထိုက်တန်ပါသေးတယ်"

အမျိုးသမီး၏ မျက်ဝန်းထောင့်မှ သွေးရောင်မျက်ရည်များ စီးကျလာပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေသော်လည်း အသံတစ်စက်မျှ မထွက်နိုင်ချေ။

လုလီ၊ လုယဲ့နှင့် လုယွမ်တို့ သုံးဦးမှာ ကျောက်ကြားနောက်ကွယ်တွင် ပုန်းကွယ်နေကြပြီး ချွေးစေးများဖြင့် တစ်ကိုယ်လုံး စိုရွှဲနေကာ ငိုပင်မငိုရဲကြချေ။

အဖိုးအိုက နံရံရှေ့သို့ လျှောက်သွားပြီး လက်ကို လှန်လိုက်ရာ လက်ချောင်းငါးချောင်းမှာ တစ္ဆေရိပ်ကဲ့သို့ မည်းနက်သော ပိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး "ရွှတ် ရွှတ် ရွှတ်" ဟူသော အသံများနှင့်အတူ အမျိုးသမီး၏ ခြေလက်များတွင် ရိုက်နှက်ထားသော အရိုးမှိုများကို တိကျစွာ ဆွဲထုတ်လိုက်သည်။

အရိုးမှိုများ ခန္ဓာကိုယ်မှ ထွက်သွားသည့် ခဏမှာပင် အမျိုးသမီး၏ ကိုယ်မှာ ကြိုးပြတ်သွားသော စက္ကူရုပ်ကဲ့သို့ နံရံထက်မှ ပျော့ခွေကျလာကာ ပါးစပ်မှ သွေးမြှုပ်များ ထွက်လာသည်။

အဖိုးအိုက သူမကို ဖမ်းထိန်းလိုက်ပြီး မြေပြင်ပေါ်သို့ အသာအယာ ချထားပေးလိုက်သည်။

သို့သော် သူ၏ အကြည့်များမှာ လေးလံသွားသည်။

သူသည် အရိုးမှိုတစ်ချောင်းကို ကောက်ယူကာ မျက်မှောင်ကြုတ်လျက် အသေအချာ စစ်ဆေးကြည့်လိုက်သည်။

"မမှန်ဘူး... ဒီမှိုရိုက်နည်းက အစီအစဉ် ရှိတယ်။ ဒါက ဝိညာဉ်ကို နှိမ်နင်းပြီး ဝိညာဉ်လိပ်ပြာကို ချုပ်နှောင်တဲ့ အစီအရင်ပဲ... ဝိညာဉ်ကို အရိုးထဲမှာ ချုပ်နှောင်ပြီး အာရုံတွေကို ပိတ်ဆို့ထားတာ"

သူသည် ကျောက်နံရံကို မော့ကြည့်လိုက်ပြီး မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။

"ဒါက မြေဘီလူးတွေ လုပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး... ဒါဆိုရင် ဒီနေရာမှာ တစ်ချိန်တုန်းက..."

သူ၏ စကားမဆုံးမီမှာပင်..

"ဘုန်း..."

ဂူတစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်ခု လိုဏ်ဂူအတွင်းပိုင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက်တွင်မူ တစ်ကိုယ်လုံး အသားစိမ်းရောင်ရှိပြီး အမြင့် ၁၂ ပေခန့်ရှိသော ကြီးမားလှသည့် မိစ္ဆာကြီးတစ်ကောင်မှာ မြူမှောင်များအတွင်းမှ ထွက်ပေါ်လာသည်။

၎င်း၏ ကြွက်သားများမှာ ကျောက်ဆောင်များကဲ့သို့ တောင့်တင်းခိုင်မာနေပြီး မျက်လုံးနှစ်လုံးမှာ မီးအိမ်ကြီးများကဲ့သို့ နီရဲနေကာ အစွယ်များမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ပါးစပ်မှလည်း မည်သည့်အရာမှန်းမသိသော အရာများကို ဝါးစားနေသည်။ ၎င်းမှာ အခြားသော မြေဘီလူးများကဲ့သို့ ပိန်ချုံးနေခြင်းမရှိဘဲ သားရဲသားရေများကို ဝတ်ဆင်ထားကာ ပုခုံးတွင် အရိုးဆွဲကြိုးများကို ဆွဲထားသည်။ နဖူးအလယ်တွင် တတိယမျက်လုံးတစ်လုံး ရှိနေပြီး ထိုမှတစ်ဆင့် မည်းနက်သော အခိုးအငွေ့များ ထွက်ပေါ်နေသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။

အဖိုးအို၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး အသံပင် ပြောင်းသွားတော့သည်။

"ရွေအမြုတေအဆင့် ရှိတဲ့... မြေဘီလူးဘုရင် ဒီမိစ္ဆာကောင်က တကယ်ပဲ မွေးဖွားလာခဲ့တာလား"

သူသည် လက်ကို လွှတ်လိုက်ပြီး အမျိုးသမီးကို သွေးအိုင်ထဲတွင် ပစ်ထားခဲ့ကာ ခြေဦးလှည့်၍ ထွက်ပြေးတော့သည်။

"ရွှတ် ..."

သို့သော် မြေဘီလူးဘုရင်မှာ ဂူဝကို ပိတ်ဆို့ထားပြီး ဖြစ်သည်။ ၎င်းသည် စူးရှသော အော်ဟစ်သံများနှင့်အတူ လက်သီးနှစ်ဖက်ကို လွှဲ၍ ထိုးလိုက်ရာ ပြင်းထန်သော အလောင်းချီများမှာ တစ်ဂူလုံးသို့ ဝေ့ဝဲသွားတော့သည်။

တစ္ဆေချီများ ထကြွလာပြီး မြူများ ကွဲလွင့်ကုန်ကာ ဂူအတွင်း လေပြင်းများနှင့် မိုးကြိုးသံများကဲ့သို့ ဆူညံသွားတော့သည်။

အဖိုးအိုက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ္ဆေရိပ်များကို ထုတ်

လွှတ်ကာ မြေဘီလူးဘုရင်နှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။ လက်ဝါးရိပ်များ၊ အရိုးဓားများ ဆုံတွေ့ကြပြီး အသားစများ လွင့်စင်ကာ ဝိညာဉ်ချီများမှာ မိုးကြိုးများပမာ ဟိန်းဟောက်နေသည်။

ထိုရှုပ်ထွေးနေသော အခြေအနေအတွင်း ...

လွင့်စင်သွားသော တစ္ဆေချီတစ်ခုမှာ လှိုင်းလုံးကြီးသဖွယ် ကျောက်နံရံအထက်ရှိ ဂူဝကို ပြင်းထန်စွာ သွားရောက် ရိုက်ခတ်လိုက်သည်။

"ဘုန်း..."

ကျောက်ကြားတွင် ပုန်းနေသော လုလီ၊ လုယဲ့နှင့် လုယွမ်တို့ သုံးဦးမှာ မမျှော်လင့်ဘဲ ထိုဒဏ်ကို ခံလိုက်ရပြီး အဝတ်စုတ်များသဖွယ် ကျောက်လမ်းကြောင်းအတိုင်း လိမ့်ကျသွားကြတော့သည်။

"အား..."

သူတို့ သုံးဦးမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ လိုဏ်ဂူ၏ ကျောက်လှေကားများနှင့် အရိုးပုံများကြားတွင် အရှိန်ဖြင့် လိမ့်ကျသွားကာ ခေါင်းကွဲပြီး သွေးများထွက်ကာ နောက်ဆုံးတွင် လူအရိုးပုံကြီးတစ်ခုပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကြသည်။

သွေးနှင့် ရွှံ့များ ရောနှောသွားပြီး သုံးဦးလုံး သတိလစ်သွားကြတော့သည်။

လိုဏ်ဂူအတွင်းမှာမူ တိုက်ပွဲမှာ အရှိန်တက်နေဆဲ ဖြစ်ပြီး တစ္ဆေရိပ်များမှာ လှိုင်းလုံးများပမာ၊ သွေးမြူများမှာလည်း ဆူပွက်နေသည်။

မည်မျှကြာသွားသည်မသိ၊ ထိုအဖိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီနေ့ရဲ့ ရန်ကြွေးကို ငါ မှတ်ထားမယ် မြေဘီလူးဘုရင်... ငါ ပြန်လာတဲ့နေ့ဟာ မင်းရဲ့ ဝိညာဉ်ပျက်စီးမယ့်နေ့ပဲ"

နောက်တစ်စက္ကန့်တွင် သူ၏ကိုယ်မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုအတွင်းသို့ ကပျာကယာ ထွက်ပြေး ပျောက်ကွယ်သွားတော့သည်။

ဂူအတွင်းမှာမူ မြေဘီလူးဘုရင်၏ ဟိန်းဟောက်သံကြီးသာ ကျန်ရစ်ပြီး အလောင်းချီများမှာ ပိုမိုထူထပ်လာသည်။ ကျောက်နံရံရှေ့တွင် လဲလျောင်းနေသော အမျိုးသမီးမှာ ရုန်းကန်ရန် အားမရှိတော့ဘဲ သတိလစ်နေသည့် ခလေးသုံးဦးကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသည်။ သူမ၏ နီရဲသော မျက်လုံးများထဲတွင် မှေးမှိန်သော အလင်းရောင်တစ်ခု တိတ်တဆိတ် ပေါ်လာသည်။

တိုက်ပွဲပြီးဆုံးသွားသော ဂူအတွင်းပိုင်းမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်သွားသည်။

သွေးများနှင့် ခြေလက်အင်္ဂါ အစိတ်အပိုင်းများမှာ မြေပြင်အနှံ့ ပျံ့နှံ့နေပြီး လေထုထဲတွင် ပုပ်စော်နံသော သွေးညှီနံ့များ လွှမ်းမိုးနေသည်။

ကြီးမားလှသော မြေဘီလူးဘုရင်မှာ ဂူအလယ်တွင် ရပ်နေပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ပုခုံးမှ သွေးများ ထွက်နေသည်။ စောစောက တိုက်ပွဲမှာ အနိုင်ရခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများကို ရရှိခဲ့သည်။

သူသည် သွေးစွန်းနေသော အလောင်းပုံများကြားတွင် ရပ်နေပြီး မိမိ၏ အမျိုးအနွယ် မြေဘီလူးများ၏ အလောင်းများကို ကြည့်ကာ မည်းနက်သော မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထို့နောက် သူက ဖြည်းညင်းစွာ လှည့်လိုက်ပြီး သွေးအိုင်ထဲတွင် လဲလျောင်းနေသော ဝတ်စုံဖြူဝတ် အမျိုးသမီးကို မြင်လိုက်ရသည်။

သူ၏ ကြီးမားသော ကိုယ်ခန္ဓာမှာ တစ်ချက် တုန်ရီသွားပြီးနောက် ဒဏ်ရာရနေသော ခြေထောက်ကို တရွတ်တိုက်ဆွဲကာ သူမဆီသို့ အမြန်လျှောက်သွားသည်။

သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး သွေးစွန်းနေသော သူမ၏ ခန္ဓာကိုယ်ကို ကြီးမားသော လက်ဝါးဖြင့် အသာအယာ မလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ မိမိမြတ်နိုးရသော အရုပ်ကလေးတစ်ရုပ်ကို ပွေ့ချီထားသကဲ့သို့ အလွန်ပင် သိမ်မွေ့လှသည်။

သူ၏ အက်ကြောင်းများနှင့် သွေးများ ပေကျံနေသော လက်ဝါးမှာ အမျိုးသမီး၏ ပါးပြင်ကို အသာအယာ ထိတွေ့လိုက်သည်။

လှုပ်ရှားမှုမှာ နူးညံ့နေသော်လည်း မျက်နှာအမူအရာမှာမူ ကျောချမ်းဖွယ်ကောင်းသော နူးညံ့မှုမျိုး ဖြစ်နေသည်။

မြေဘီလူးဘုရင်၏ မျက်လုံးများမှာ တောက်ပလာပြီး သူမ မျက်လုံးဖွင့်လာမည့်အချိန်နှင့် တုံ့ပြန်မှုကို စောင့်ဆိုင်းနေသကဲ့သို့ပင်။

သူ၏ ပါးစပ်မှာ တွန့်သွားပြီး အစွယ်များကို ထုတ်ပြလိုက်သော်လည်း ရန်လိုသည့် အမူအရာမဟုတ်ဘဲ ပြုံးနေသကဲ့သို့ ဖြစ်နေသည်။

၎င်းမှာ သားရဲတစ်ကောင်က မိမိ၏ "ချစ်သူ" အပေါ် ထားရှိသော အပြုံးမျိုး ဖြစ်သည်။

သို့သော် သူမသိလိုက်သည်မှာ ထိုအမျိုးသမီးသည် ယခင်ကကဲ့သို့ "သွေးအိတ်" တစ်ခု မဟုတ်တော့ခြင်းပင်။

ဝိညာဉ်ချုပ်နှောင်တဲ့ အရိုးမှိုကို ထိုအဖိုးအိုက ကိုယ်တိုင် ဆွဲထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် အမျိုးသမီး၏ မျက်တောင်များမှာ အသာအယာ လှုပ်ရှားသွားပြီး သူမ၏ နီရဲသော မျက်ဝန်းများအတွင်းမှ ရက်စက်သော၊ အေးစက်သော၊ အရူးတစ်ယောက်ကဲ့သို့သော အကြည့်များ တိတ်တဆိတ် ပေါ်ထွက်လာသည်။

သူမ၏ လက်ချောင်းများ လှုပ်ရှားသွားသည်။

မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိဘဲ သူမ၏ လက်ထဲတွင် ပြတ်တောက်နေသော အရိုးဓားတစ်ချောင်း ရှိနေသည်။ ၎င်းမှာ သေဆုံးသွားသော မြေဘီလူးတစ်ကောင် ချန်ထားခဲ့သော လက်နက်ဖြစ်ပြီး အဆိပ်သွေးများနှင့် သံချေးများဖြင့် ပြည့်နေသည်။

မြေဘီလူးဘုရင်က သူမ၏ ဆံပင်များကို ပွတ်သပ်ရန် လက်လှမ်းလိုက်

သည့် ခဏမှာပင်...

"ဖတ်.."

ထိုအရိုးဓားမှာ မည်းနက်သောအလင်းတန်းနှင့်အတူ သူ၏ လည်ချောင်းထဲသို့ ပြင်းထန်စွာ ထိုးဝင်သွားတော့သည်။

မြေဘီလူးဘုရင်၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ ခဏမျှ ဘာဖြစ်သွားသည်ကို မသိလိုက်ရပေ။

သူသည် မိမိ၏ လည်ချောင်းထဲတွင် စိုက်ဝင်နေသော အရိုးဓားကို ဖြည်းညင်းစွာ ငုံ့ကြည့်လိုက်ရာ သွေးများမှာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာတော့သည်။

အမျိုးသမီးက ခေါင်းမော့လိုက်ပြီး ၎င်း၏ မျက်နှာကို စိုက်ကြည့်ကာ နှုတ်ခမ်းထောင့်မှာ ပုံပျက်ပန်းပျက်ဖြင့် ကွေးညွှတ်သွားသည်။

နောက်တစ်စက္ကန့်မှာပင်...

မြေဘီလူးဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူမကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

သူမ၏ ကိုယ်ခန္ဓာမှာ အဝတ်စုတ်တစ်ခုကဲ့သို့ ကျောက်နံရံနှင့် သွားရောက် ရိုက်မိပြီး အရိုးကျိုးသံများနှင့်အတူ သွေးများမှာ ကျောပြင်အတိုင်း စီးကျလာသည်။ သူမမှာ အသက်ရှူရန်ပင် ခက်ခဲသွားပြီး သေလုနီးပါး ဖြစ်သွားသည်။

မြေဘီလူးဘုရင်မှာ မော့၍ ဟိန်းဟောက်နေပြီး လည်ချောင်းမှ သွေးမည်းများ ထွက်ကျလာသည်။ ထိုဒေါသမှာ ခဏမျှသာ ခံလိုက်ပြီး မျက်လုံးထဲမှ အသက်ဓာတ်မှာ လှိုင်းလုံးများသဖွယ် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

သူသည် မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။

ခေတ်တစ်ခေတ်၏ မြေဘီလူးဘုရင်သည် ဂူအတွင်း၌ သွေးအိုင်ထဲတွင် မျက်လုံးမပိတ်နိုင်ဘဲ သေဆုံးသွားခဲ့ချေပြီ။

အဝေးရှိ အမျိုးသမီးမှာမူ ကျောက်နံရံအောက်တွင် မှီ၍ ထိုင်နေပြီး ဆံပင်များမှာ မျက်နှာကို ဖုံးအုပ်နေကာ တစ်ကိုယ်လုံး သွေးများ ပေကျံနေသော်လည်း နှုတ်ခမ်းထောင့်တွင်မူ ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။

သူမသည် ခေါင်းမော့လိုက်ပြီး ပါးစပ်မှ "အက်... အက်အက်... အားဟားဟားဟား..." ဟူသော အသံများကို ရုတ်တရက် အော်ဟစ်လိုက်သည်။

၎င်းမှာ ရယ်မောသံမဟုတ်သလို နာကျင်သံလည်း မဟုတ်ပေ။ ၎င်းမှာ လျှာမရှိသော လူတစ်ယောက်က မိမိ၏ အားရှိသမျှကို သုံး၍ လူသားတို့၏ ရယ်မောသံကို လိုက်လံတုပနေခြင်းသာ ဖြစ်သည်။

သူမ၏ မျက်နှာမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူလျော့နေသော်လည်း မျက်လုံးထဲတွင်မူ ပြင်းထန်သော ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်။

အသံမထွက်သော သရော်သံ၊ စကားမပါသော ဝမ်းမြောက်မှု။

ထိုပုံပျက်ပန်းပျက် ရယ်မောသံ များသည် အလောင်းပုံများကြားတွင် ပဲ့တင်ထပ်နေတော့သည်။

ထူးဆန်းလှသည်။ ရူးသွပ်လှသည်။ ကြောက်မက်ဖွယ် ကောင်းလှသည်။

📝အပိုင်း - ၃ ဝိညာဉ်သိမ်းပိုက်ခြင်း

ဘာသာပြန် - Na Gar🐉

မည်မျှကြာသွားသည်မသိ။

စိုစွတ်အေးစက်သောလေထုမှာ နှာခေါင်းပေါက်မှတစ်ဆင့် တိုးဝင်လာပြီး လုလီ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ခန္ဓာကိုယ်အနှံ့မှ ပြင်းထန်သော နာကျင်မှုများမှာ အရိုးအားလုံးကို ရိုက်ချိုးပြီးမှ ပြန်ဆက်ထားသကဲ့သို့ ခံစားရစေသည်။

သူသည် အရိုးပုံများကြားတွင် လဲလျောင်းနေပြီး တစ်ကိုယ်လုံး သွေးများ ပေကျံနေသည်။ မျက်လုံးဖွင့်လိုက်သည့် ခဏတွင် မြင်လိုက်ရသည်မှာ ကျောက်နံရံတွင် ချိတ်ဆွဲခံထားရသော ပြတ်တောက်နေသည့် လက်မောင်းတစ်ခုဖြစ်ပြီး လက်ချောင်းများမှာ အနည်းငယ် လှုပ်ရှားနေဆဲပင်။

သူ ခဏမျှ ကြောင်သွားပြီး ဦးနှောက်ထဲတွင် ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားသည်။

"အစ်... အစ်ကိုကြီး"

လုလီ၏ အသံမှာ အက်ကွဲနေပြီး လည်ချောင်းထဲမှ ဓားဖြင့်ခြစ်ထုတ်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။ သူသည် ရုန်းကန်၍ ထလိုက်ပြီး ယိမ်းထိုးလျက် အလောင်းပုံများကြားတွင် ရင်းနှီးသော ပုံရိပ်ကို လိုက်လံရှာဖွေတော့သည်။

ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

ရှေ့နားတွင် ထိုးထွက်နေသော ကြီးမားသည့် ကျောက်အရိုးတစ်ခုမှာ ကျောက်ကြားထဲသို့ စိုက်ဝင်နေပြီး ထိုအပေါ်တွင် လူတစ်ယောက်ကို ရိုက်နှက်ချိတ်ဆွဲထားသည်။

လုယဲ့။

သူ့၏ အစ်ကိုလတ်။

ထိုရင်းနှီးလှသော နုနယ်သည့် မျက်နှာမှာ ယခုအခါ ဖြူလျော့တောင့်တင်းနေပြီး ရင်ဘတ်တစ်ခုလုံးမှာ ထက်မြက်သော အရိုးမှိုဖြင့် ဖောက်ထွက်ခံထားရသည်။ ခန္ဓာကိုယ်မှာ အမြင့်တွင် တွဲလောင်းကျနေပြီး မျက်လုံးများမှာ ပြူးကျယ်နေကာ သေဆုံးခါနီးတွင် သူတို့ကို လှမ်းခေါ်နေခဲ့ပုံရသည်။

"မဟုတ်ဘူး..."

လုလီသည် ထိုအလောင်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ သူသည် ရုတ်တရက် ရှေ့သို့ အပြင်းအထန် တိုးဝင်သွားပြီး အေးစက်နေပြီဖြစ်သော ထိုခန္ဓာကိုယ်ကို ဖက်ကာ အော်ဟစ်ငိုယိုတော့သည်။

"အစ်ကိုလတ်... နိုးပါဦး... အတူတူ ပြန်ကြမယ်လို့ ကတိပေးထားတယ်

မဟုတ်လား... ကျွန်တော့်ကို ငါးရှည့်ဖမ်းပေးမယ်လို့ ပြောထားတယ်လေ... အစ်ကိုလတ်ပြောခဲ့တယ်လေ... အား..."

သူသည် အသံများ တိမ်ဝင်သွားသည်အထိ အော်ဟစ်ငိုယိုနေပြီး လက်များမှာ အလောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ မျက်နှာကိုလည်း အလောင်းထဲတွင် မြှုပ်နှံထားမိသည်။

မည်မျှကြာအောင် ငိုခဲ့သည်မသိ၊ ရုတ်တရက် အခြားလူတစ်ယောက် ရှိသေးသည်ကို သတိရလိုက်သည်။

"အစ်ကိုကြီး"

လုလီ ခေါင်းမော့လိုက်ပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ရာ လဲကျနေသော အရိုးပုံကြီးတစ်ခုကြားတွင် လဲလျောင်းနေသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နေပြီး လက်မောင်းမှာ ပုံပျက်နေကာ မျက်နှာတွင် သွေးများ ပေကျံနေသော်လည်း ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေဆဲပင်။

လုယွမ်။

လုလီသည် ထိုနေရာသို့ ယိမ်းယိုင်လျက် ပြေးသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ့ကို အတင်းလှုပ်နှိုးတော့သည်။

"အစ်ကိုကြီး၊ မြန်မြန်နိုးပါဦး အစ်ကိုလတ်သေသွားပြီ... အစ်ကိုလတ်က... အဖောက်ခံလိုက်ရတယ်၊ သူ သေသွားပြီ ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်... အစ်ကိုကြီး..."

လုယွမ် နိုးမလာပေ။

လုလီ၏ အသံမှာ တုန်ရီနေပြီး သူ၏ အစ်ကိုကိုယ်ပေါ်တွင် မှောက်လျက် ထပ်ခါတလဲလဲ အော်ဟစ်ငိုယိုနေသည်။

လိုဏ်ဂူတစ်ခုလုံးတွင် သူတို့နှစ်ဦး၏ အသံမှလွဲ၍ တိတ်ဆိတ်နေတော့သည်။ ပုပ်သိုးနေသောအသားနံ့၊ မိစ္ဆာတို့၏ အလောင်းပုပ်နံ့၊ သွေးညှီနံ့နှင့် တစ္ဆေချီများ ရောနှောနေသော အနံ့ဆိုးများမှာ တိတ်ဆိတ်မှုအတွင်း ပို၍ပင် စူးရှလှသည်။

လုလီ၏ ငိုသံမှာ သားရဲတစ်ကောင်ကဲ့သို့ စူးရှနေပြီး လိုဏ်ဂူတစ်ခုလုံးကို နိုးကြားစေတော့မည့်အတိုင်းပင်။

သို့သော် အလောင်းများမှလွဲ၍ မည်သူမျှ သူ့ကို ပြန်မထူးကြချေ။

ထိုစဉ်မှာပင်...

မလှမ်းမကမ်းမှ သာမန် ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာသည်။

"ရွှတ်...ရွှတ်..."

လုလီ ခဏမျှ ကြောင်သွားပြီး ခေါင်းမော့ကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။

ဝတ်စုံဖြူဝတ် အမျိုးသမီး။

သူမသည် မည်သည့်အချိန်ကတည်းက နိုးလာသည်မသိဘဲ နဂိုနေရာမှ ဖြည်းညင်းစွာ တွားသွားနေသည်။ ဒူးနှစ်ဖက်ကို မြေတွင်ထောက်ကာ လက်

နှစ်ဖက်ဖြင့် မြေပြင်ကို အားပြု၍ ဤဘက်သို့ တဖြည်းဖြည်းချင်း ရွေ့လျားလာနေသည်။

သူမ၏ ခန္ဓာကိုယ်မှ သွေးများမှာ စမ်းချောင်းသဖွယ် စီးကျနေဆဲဖြစ်ပြီး တစ်ကိုယ်လုံးမှာ နှစ်ပိုင်းကွဲလုနီးပါး ဖြစ်နေကာ အူများမှာ မြေပြင်ပေါ်တွင် တရွတ်တိုက် ပါလာသည်။ ဝတ်ရုံမှာ သွေးများဖြင့် စိုရွှဲနေပြီး သူမ၏ အသားအရေနှင့် ကပ်နေတော့သည်။

သူမက ပါးစပ်ကို ဟ၍ အားယူကာ အသံထွက်ရန် ကြိုးစားနေသော်လည်း ပြတ်တောက်နေသော "ဝူးဝူး... အက်... အက်..." ဟူသော တိုးညင်းသည့် အသံများသာ ထွက်ပေါ်လာသည်။

သူမ၏ လက်နှစ်ဖက်မှာ မရပ်မနား ဝှေ့ယမ်းနေပြီး လုလီထံသို့ ဦးတည်နေကာ လှုပ်ရှားမှုမှာ အလွန်ပင် အရေးတကြီးဖြစ်နေပြီး တစ်စုံတစ်ခုကို အသည်းအသန် တောင်းပန်နေသကဲ့သို့ပင်။

ထိုပုံစံမှာ အသံမထွက်နိုင်သော အရူးတစ်ယောက်က သေလုဆဲဆဲတွင် နောက်ဆုံးကယ်တင်ရှင်ကို ဆွဲကိုင်ရန် ကြိုးစားနေသည့်အလား။

သို့သော် လုလီမှာ မလှုပ်မယှက်ပင်။

သူသည် အမျိုးသမီး၏ ခေါ်ယူမှုကို မတုံ့ပြန်ဘဲ သူမကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်လုံးများမှာ အေးစက်နေပြီး သံသယများ၊ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။

"မလာနဲ့..."

သူက တိုးညင်းစွာ ပြောလိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

သူမ ဘယ်သူလဲဆိုတာ သူ မသိသလို၊ ဘာကြောင့် သူ့ကို အကူအညီတောင်းနေတာလဲဆိုတာကိုလည်း သူ မယုံကြည်ပေ။ သူ သိသည်မှာ မိမိ၏ ဆွေမျိုးသားချင်းမှာ နိုးမလာသေးခြင်းသာ ဖြစ်သည်။

ထို့ကြောင့် သူသည် ခေါင်းလှည့်ကာ ပြန်ငုံ့လိုက်သည်။

ထိုခဏမှာပင်...

လုယွမ်၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ရှားသွားပြီး လည်ချောင်းထဲမှ အက်ကွဲသော ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။

"ဟွတ်...ဟွတ်..."

လုလီသည် ချက်ချင်းပင် ဝမ်းသာသွားပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"အစ်ကိုကြီး အစ်ကိုကြီး နိုးလာပြီပဲ အစ်ကိုလတ်က... အစ်ကိုလတ်မရှိတော့ဘူး"

လုယွမ်၏ သတိမှာ တဖြည်းဖြည်း ပြန်လည်ရှင်းလင်းလာသည်။ ထိုစကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ရီသွားပြီး အားယူကာ ထိုင်လိုက်ရာ အဝေးရှိ အရိုးမှိုစိုက်ခံထားရသော အလောင်းကို မြင်လိုက်ရသည်။

သူသည် ပါးစပ်ဟထားမိသော်လည်း စကားတစ်လုံးမျှ မထွက်လာပေ။

ခဏအကြာတွင် လုယွမ်သည် လုလီကို မိမိ၏ ရင်ခွင်ထဲသို့ အတင်းဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူသည် အံကို တင်းတင်းကြိတ်ထားပြီး မျက်ရည်များမှာ စမ်းရေတွင်းကဲ့သို့ စီးကျလာတော့သည်။

"ငါ မင်းတို့ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး... ငါ သူ့ကို မကာကွယ်နိုင်ခဲ့ဘူး..."

ညီအစ်ကို နှစ်ဦးမှာ အရိုးပုံများကြားတွင် ဖက်၍ ငိုယိုနေကြသည်။ ဤသေခြင်းတရား လွှမ်းမိုးနေသော လိုဏ်ဂူအတွင်းတွင် သူတို့သည် အလွန်ပင် အထီးကျန်ပြီး သေးငယ်လှသည်။

လုလီသည် လုယွမ်၏ ပုခုံးပေါ်တွင် မှောက်၍ အသည်းအသန် ငိုကြွေးနေမိသည်။

သို့သော် လုယွမ်မှာ ညီဖြစ်သူကို ပိုမိုတင်းကြပ်စွာ ဖက်ထားကာ ဝမ်းနည်းမှုကို အောင့်အည်းရင်း သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော တည်ငြိမ်မှုတစ်ခု ပေါ်လာသည်။

သူသည် အကြီးဆုံး အစ်ကိုကြီး ဖြစ်သည်။

ယခုအချိန်တွင် သူသာလျှင် အားတင်းထားနိုင်မည်ဖြစ်သည်။

"မကြောက်နဲ့" သူက တိုးညင်းစွာ ပြောသည်။

"အစ်ကိုကြီး ရှိတယ်"

ထိုစဉ်မှာပင် သွေးအိုင်ထဲတွင် တွားသွားနေသည့် သာမန်အသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

သူတို့နှစ်ဦး မော့ကြည့်လိုက်ရာ ထိုဝတ်စုံဖြူဝတ် အမျိုးသမီးမှာ သူတို့ဆီသို့ ခက်ခက်ခဲခဲ တွားဝင်လာနေဆဲပင် ဖြစ်သည်။

သူမ၏ ဒူးနှင့် လက်ဝါးများမှာ ပွတ်တိုက်မိလွန်းသဖြင့် စုတ်ပြတ်နေပြီဖြစ်ကာ အူများပါလာသည့် ခန္ဓာကိုယ်မှာ အလောင်းပုံများကြားတွင် တရွတ်တိုက် ပါလာသည်။ သူမ ရွေ့လျားလိုက်တိုင်း သွေးစွန်းသော လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး ပါးစပ်မှ "ဝူးဝူး... အားအား..." ဟူသော အသံများ ထွက်ပေါ်နေကာ သူမ၏ မျက်လုံးများမှာ လုလီကိုသာ စိုက်ကြည့်နေသည်။ ထိုအကြည့်များမှာ မီးလျှံကဲ့သို့ ပြင်းထန်ပြီး ရူးသွပ်စွဲလမ်းနေပုံရသည်။

"မင်း ဘာလုပ်မလို့လဲ" လုယွမ်၏ အသံမှာ ပြောင်းလဲသွားပြီး တည်ငြိမ်အေးစက်ကာ ရန်သူကို ရင်ဆိုင်နေသည့်အလား ဖြစ်သွားသည်။

သူသည် လုလီကို မိမိ၏ နောက်ကွယ်တွင် ကာကွယ်ထားပြီး လက်တစ်ဖက်ဖြင့် ညီဖြစ်သူ၏ ခေါင်းကို မကြည့်ရန် ဖိထားကာ အခြားလက်တစ်ဖက်ဖြင့် မြေပြင်ပေါ်မှ အရိုးဓားတစ်ချောင်းကို တုန်တုန်ရီရီဖြင့် ကောက်ယူလိုက်သည်။

၎င်းမှာ ကျိုးနေသော မြေဘီလူးမိစ္ဆာ၏ လက်နက်ဖြစ်ပြီး သွေးပုပ်များ ပေကျံနေကာ ဓားသွားမှာလည်း ပဲ့နေသော်လည်း အေးစက်သော အရှိန်အဝါ ရှိနေဆဲပင်။

လုယွမ်သည် အံကိုကြိတ်ကာ ဓားကို မိမိရှေ့တွင် ကာထားပြီး အမျိုးသမီးကို ချိန်ရွယ်လိုက်သည်။

"မလာနဲ့.." သူက ဟိန်းဟောက်လိုက်သည်။

"မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"

ဝတ်စုံဖြူဝတ် အမျိုးသမီးက ပြန်မဖြေပေ။

သူမသည် ဆက်လက်တွားဝင်လာပြီး သူမ၏ အကြည့်မှာ လုယွမ်ထံမှ မခွာပေ။ သူမ၏ ပါးစပ်မှာ ဟစေ့ဟစေ့ ဖြစ်နေပြီး စကားပြောရန် ကြိုးစားနေပုံရသော်လည်း လည်ချောင်းမှ သွေးများသာ စီးကျလာပြီး "ဝူးဝူး" ဟူသော အသံသာ ထွက်လာသည်။

ထိုအကြည့်မှာ တောင်းပန်နေသကဲ့သို့လည်း ရှိသလို၊ အသက်ကို နုတ်ယူတော့မည့်အလားလည်း ရှိနေသည်။

"ငါ နောက်ဆုံး သတိပေးမယ်..."

လုယွမ်၏ လက်ထဲမှ ဓားမှာ တုန်ရီနေပြီး ၎င်းမှာ ကြောက်ရွံ့မှုကြောင့်လော သို့မဟုတ် ဒေါသကြောင့်လော မသေချာပေ။

"နောက်တစ်လှမ်း ထပ်တိုးလာရင် ငါ လက်လှုပ်တော့မယ်"

အမျိုးသမီးက မရပ်တန့်ပေ။

သူမ၏ သွေးစိမ်းရှင်ရှင် ပေကျံနေသော လက်ချောင်းများမှာ အရိုးများ ငေါထွက်နေပြီး သူတို့ဆီသို့ ဖြည်းညင်းသော်လည်း ခိုင်မာစွာ ဆန့်တန်းလာသည်။

အရိုးဓားမှာ လုယွမ်၏ လက်ထဲတွင် တုန်ရီနေပြီး လုလီမှာလည်း အစ်ကိုဖြစ်သူ၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ကာ တစ်ကိုယ်လုံး တောင့်တင်းနေသည်။

သေခြင်းတရား၊ ထူးဆန်းမှုနှင့် မသိနားမလည်မှုများမှာ ဤသွေးညှီနံ့ နံစော်နေသော လိုဏ်ဂူအတွင်းတွင် လေးလံသော ဖိအားများအဖြစ် ပြည့်နှက်နေသည်။

ဤခဏတွင် လေထုကြီးပင် သေဆုံးသွားသကဲ့သို့ ရှိနေတော့သည်။

ထိုဝတ်စုံဖြူဝတ် အမျိုးသမီးမှာ ပို၍ ပို၍ နီးကပ်လာသည်။

သူမ၏ မျက်နှာမှာ သွေးညစ်များနှင့် ဆံပင်များအောက်တွင် အလွန်အမင်း လှပနေသည်ကို တွေ့ရသည်။

ပန်းချီကားတစ်ချပ်ကဲ့သို့ သိမ်မွေ့လှပပြီး နှင်းကဲ့သို့သော အသားအရေနှင့် ရေခဲကဲ့သို့သော မျက်ဝန်းများမှာ နတ်ဘုံဗိမာန်မှ ဆင်းသက်လာသည့်အလားပင်။

သို့သော် သူမ၏ လှုပ်ရှားမှုများမှာ သားရဲတစ်ကောင် တွားသွားနေသကဲ့သို့ အရိုးများ ငေါထွက်နေကာ အူများမှာ မြေပြင်ပေါ်တွင် တရွတ်တိုက် ပါလာသည်။ သူမ တွားသွားလိုက်တိုင်း ကျောက်ပြင်နှင့် သွေးသားများ ပွတ်တိုက်မိသည့် အသံဆိုးများမှာ ကျောရိုးကျိုးသွားသော ပင့်ကူတစ်ကောင်ကဲ့သို့ ထွက်ပေါ်နေသည်။

ဤအရုပ်ဆိုးမှုနှင့် လှပမှုတို့၏ အစွန်းရောက် ကွဲလွဲနေခြင်းမှာ လူကို ကျောချမ်းစေသည်။

လုယွမ်၏ မျက်လုံးထဲတွင် သွေးကြောများ ပြူးထွက်လာပြီး နောက်ဆုံးတွင် အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်တော့သည်။

"ထွက်သွားစမ်း..."

သူသည် ဓားကို အရှိန်ဖြင့် လွှဲလိုက်ရာ အရိုးဓားမှာ အေးစက်သော အရှိန်အဝါဖြင့် အမျိုးသမီး၏ ပုခုံးထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားတော့သည်။

"ဖတ်...."

သွေးများ ပန်းထွက်လာပြီး အမျိုးသမီး၏ ကိုယ်မှာ တစ်ချက် တုန်ရီသွားသော်လည်း နောက်ဆုတ်မသွားဘဲ ခေါင်းကို အနည်းငယ် မော့လိုက်ကာ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

သူမ... ပြုံးနေတာလား...

လုယွမ်မှာ ဒေါသကို မထိန်းနိုင်တော့ဘဲ မျက်လုံးများ နီရဲလာကာ ဓားကို ထပ်မံ လွှဲလိုက်ပြန်သည်။

ဒုတိယတစ်ချက်မှာ သူမ၏ ရင်ဘတ်ကို ဓားရာပေးလိုက်သည်။

တတိယတစ်ချက်မှာ သူမ၏ ဝမ်းဗိုက်ဘေးကို ခွဲလိုက်သည်။

တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေခြင်းမှာ သူ၏ ကြောက်ရွံ့မှု၊ အပြစ်ရှိစိတ်နှင့် ဝမ်းနည်းမှုအားလုံးကို ထုတ်ဖော်နေသကဲ့သို့ပင်။ သူသည် ရူးသွပ်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ ဓားကို မရပ်မနား လွှဲနေပြီး မျက်စိရှေ့မှ အရာကို အသားစများဖြစ်အောင် ဖျက်ဆီးပစ်တော့မည့်အတိုင်းပင်။

သို့သော် ထိုအမျိုးသမီးမှာ ရုန်းကန်ခြင်း မရှိသလို ပြန်လည်တိုက်ခိုက်ခြင်းလည်း မရှိပေ။

ဓားတစ်ချက် ကျလာတိုင်း သူမ၏ ပါးစပ်မှ တိုးညင်း၍ ထူးဆန်းသော ညည်းတွားသံများသာ ထွက်ပေါ်လာသည်။

"အက်... အက်အက်... အားအက်..."

ထိုအသံမှာ နာကျင်ခြင်းထက် သာယာမှုကို ခံစားနေရသည့်အလားပင်။

လုယွမ်မှာ အမောတကောဖြင့် လက်ကို ရပ်လိုက်သည်။ သူ၏ လက်နှစ်ဖက်စလုံးမှာ သွေးများ ပေကျံနေပြီး သွေးအိုင်ထဲမှ တက်လာသော မိစ္ဆာတစ်ကောင်နှင့် တူလှသည်။

အမျိုးသမီးမှာ ခေါင်းငုံ့သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း လှုပ်ရှားမှု ရပ်တန့်သွားသည်။

ရုတ်တရက်...

"ရွှတ်..."

ဖြူဖွေးသော မြူခိုးတစ်စသည် သူမ၏ မျက်ခုံးအလယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုမြူခိုးထဲတွင် သွေးမျှင်များ ပါဝင်နေပြီး မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်နေကာ ရုတ်တရက် "ရွှတ်" ဟူသော အသံနှင့်အတူ လေကို ခွင်း၍ လုယွမ်၏ နဖူးဆီသို့ တည့်တည့် တိုးဝင်သွားတော့သည်။

"အား..."

လုယွမ်မှာ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် မြူခိုးမှာ သူ၏ မျက်ခုံးအလယ်သို့ တိုးဝင်သွားခဲ့ချေပြီ။

သူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး လက်ထဲမှ အရိုးဓားမှာ မြေပေါ်သို့ ကျသွားသည်။ မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားကာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နောက်တစ်စက္ကန့်တွင် မြေပေါ်သို့ ဘုန်းခနဲ လဲကျကာ ခြေလက်များမှာ ပြင်းထန်စွာ တုန်ယင်နေတော့သည်။

"အစ်ကိုကြီး"

လုလီ လန့်အော်လိုက်ပြီး တွားသွားလျက် ရှေ့သို့ ပြေးသွားသည်။

သို့သော် လုယွမ်၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး နှုတ်ခမ်းများမှာ တုန်ရီနေကာ တစ်ခါတစ်ရံတွင် နာကျင်စွာ ညည်းတွားပြီး တစ်ခါတစ်ရံတွင် သတိလက်လွတ် ဖြစ်နေသည်။

သူသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လုလီကို ကြည့်ကာ တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"လုလီ... မကြောက်နဲ့... အစ်ကိုကြီး ဒီမှာ ရှိတယ်... အစ်ကိုကြီး ရှိတယ်..."

စကားမဆုံးမီမှာပင် သူ၏ အကြည့်များမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာတစ်ခုလုံးမှာ ရက်စက် ကြမ်းကြုတ်သော အမူအရာ ပေါ်လာကာ နှုတ်ခမ်းထောင့်တွင် စိမ်းကားသော အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

"မြေဘီလူးဘုရင်... နင် ငါ့ကို ပြန်ပြီး သိမ်းပိုက်ဖို့ ကြိုးစားရဲတယ်ပေါ့ ငါ နင့်ကို ဆယ်နှစ်တောင် မွေးမြူခဲ့တာကို နင်က တကယ်ပဲ..."

"အားအားအားအား...."

လုယွမ်သည် မြေပြင်ပေါ်တွင် အရူးအမူး လိမ့်နေပြီး ခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်နေတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကိုက်ခဲ တိုက်ခိုက်နေကြသကဲ့သို့ပင်။

လုလီမှာ ထိုနေရာတွင် မှင်တက်လျက် ရပ်နေမိသည်။ မျက်နှာမှာ ဖြူလျော့နေပြီး မျက်လုံးများမှာ တုန်ရီနေကာ ဘာလုပ်ရမှန်း မသိတော့ပေ။

သူ့ကို ခုနကတင် ကာကွယ်ပေးခဲ့သော အစ်ကိုကြီးမှာ ယခုအခါ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

All Chapters