← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

105 01

အခန်း 105

ဒီတစ်ခါ မြို့တော်မှ သယ်လာခဲ့တာ ဝိုင်အိုး လေးအိုး ဖြစ်သည်။

နန်းတော် လျှို့ဝှက်ချက် ဝိုင်က ပါးစပ်ထဲ ဝင်တဲ့အခါ နူးညံ့ပြီး ကြာရှည် ခံစားရသည်။

သို့သော်လည်း ဝိုင်က ဘယ်လောက်ပဲ နူးညံ့ပါစေ၊ တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက် သောက်တာကို မခံနိုင်ပေ။

နှစ်တစ်ရာရှိ ဂျင်ဂိုပင်အောက်တွင် ဧကရာဇ်နှင့် အမတ် နှစ်ဦးသား ကြယ်ပွင့်များ အောက်တွင် ဝိုင်တစ်အိုးလုံးကို ကုန်စင်အောင် သောက်ခဲ့ကြသည်။

ဝိုင်အိုးထဲတွင် တစ်ဝက်နီးပါး ကျန်တော့ချိန်တွင် မေဝမ့်ရှူးသည် လက်ဖြင့် ဝိုင်ခွက်ကို ဖုံးအုပ်လိုက်သည်။ ရေငွေ့ဝေနေသော မျက်လုံးများဖြင့် တောင်းပန်သော အမူအရာ ပါလာသည်။

သူမက အရူး မဟုတ်။ လော့ရှင်းယွမ်သည် သူမကို တမင် မူးယစ်စေရန် ရည်ရွယ်နေသည်ကို သေချာပေါက် သိသည်။

လေညင်းခံ ညစာစားပွဲလို ကောင်းမွန်သော ပွဲတစ်ခုတွင် အမတ်က အရှင်သခင်ကို စံအိမ်တွင် လာရောက်နေထိုင်ရန် ဖိတ်ခေါ်ပြီး၊ ဧည့်သည်တော်က အိမ်ရှင်ကို ဝိုင်တိုက်၍ မူးယစ်စေခြင်းမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်လဲ။

မျက်နှာချင်းဆိုင်မှ ဧကရာဇ်သည် သူမ၏ လက်ကို ဖယ်ရှားလိုက်ပြီး ဖြည်းဖြည်းချင်း ဝိုင်ကို ပြန်ဖြည့်သည်။

“တောင်ပေါ် ရောက်တဲ့ ပထမဆုံးနေ့မှာ ဝိုင် နည်းနည်း သောက်တာ ဘာဖြစ်လဲ”

သူကိုယ်တိုင် ဝိုင်ခွက်ကိုကိုင်ပြီး မျက်နှာနီမြန်းနေသော နှုတ်ခမ်းနားသို့ ပို့ပေးကာ ချော့မော့သည်။ “နန်းတော်က ကိုယ်တိုင် လုပ်တဲ့ ဝိုင်ကောင်းတွေ။ မူးရင်တောင် ခေါင်းမကိုက်ဘူး၊ ခေါင်းလည်း မူးမိုက်မနေဘူး”

မေဝမ့်ရှူးသည် ခရမ်းရောင် နန်းဆောင်တွင် ဝိုင်သောက်ပြီး နေ့လယ်ခင်း အိပ်ပျော်ခဲ့သည့် ကိစ္စကို သတိရပြီး မျက်တောင်ရှည်များကို ချကာ၊ နှုတ်ခမ်းဆီ ရောက်လာသော ဝိုင်ခွက်ကို ကြည့်လိုက်သည်။

ဧကရာဇ်က ဘေးက ရင်းနှီးသော အမတ်ကို ဖောက်ပြန်သောစိတ် ဖြစ်ပေါ်နေပြီ ဆိုရင်...

ဒီညမှာ ထပ်မံ မူးမေ့လဲကျခဲ့ရင် ဘယ်လို အနိုင်ကျင့်ခံရလိမ့်မလဲ မသိနိုင်။

စိတ်ထဲတွင် တွေးလိုက်ပြီး သူမက အလိုက်သင့် ပါးစပ်ဖွင့်ကာ နှုတ်ခမ်းဆီ ရောက်လာသော ဝိုင်ကို ကုန်အောင် သောက်လိုက်သည်။ ထို့နောက် မူးယစ်နေဟန် ဆောင်ကာ လက်ချောင်းထိပ်များဖြင့် နဖူးကို ထောက်၍ ရေရွတ်သံ အချို့ ထွက်ကာ ဖြည်းဖြည်းချင်း စားပွဲပေါ်တွင် မှောက်လိုက်သည်။

ထိုနောက် လော့ရှင်းယွမ် ဘယ်လို ချော့မော့ပါစေ၊ ဘယ်လို တိုက်တွန်းပါစေ၊ သူမသည် လုံးဝ မကြားဟန် ပြုပြီး ထပ်ထိုင်၍ မသောက်တော့ပေ။

ဒီညရဲ့ လေညင်းခံ ညစာစားပွဲက စံအိမ်ရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ လော့ရှင်းယွမ်သည် သူမကို ချော့ချော့မော့မော့ ဝိုင်တိုက်နေချိန်တွင် ပတ်ဝန်းကျင်က လူတိုင်းက အရှင်နဲ့ အမတ် ရယ်မောပျော်ရွှင်နေသည်ဟု ထင်၍ ပြုံးရယ်စွာ ကြည့်နေကြသည်။

ကုန်းကုန်းငယ်လေး ကွေ့ယွမ်သည် ဧကရာဇ်ရဲ့ နောက်တွင် အမြဲ ရပ်နေသည်။ ချန်ပေါ်က တံခါးဝတွင် စောင့်နေသည်။ ချီကျန့်ဟန်လည်း ရှိနေပြီး အစောင့်တပ်သား ဒါဇင်ပေါင်းများစွာဖြင့် ခြံဝင်း အတွင်းအပြင်ကို ကာကွယ် စောင့်ရှောက်နေသည်။

105 02

လူများစွာ ကြည့်နေသောကြောင့် မေဝမ့်ရှူးသည် မူးယစ်သွားမှာကို မကြောက်ပေ။ သတိ လုံးဝ လစ်သွားမှာကိုသာ ကြောက်သည်။

သူမက မူးယစ်နေဟန် ဆောင်ကာ မှောက်ကျသွားသောအခါ တံခါးဝက ချန်ပေါ်က မြင်လိုက်ပြီး ချက်ချင်း ထရပ်ကာ ချီကျန့်ဟန်ကို လူလွှဲပေးရန် သွားတိုင်ပင်သည်။

ခဏအကြာတွင် ချီကျန့်ဟန် ရောက်လာပြီး မူးနေသော မေပညာရှိအမတ်ကို ပြန်ပို့ပေးမည့် ကိစ္စကို တိုးတိုးလေး မေးသည်။

မေဝမ့်ရှူး စားပွဲပေါ် မှောက်လျက်သားဖြင့် ချီကျန့်ဟန် လာရောက် ထူပေးမည့် အချိန်ကို စောင့်နေသည်။

သို့သော်လည်း နောက်တစ်ခဏတွင် နားနားက အမိန့်ပေးသံကို ကြားလိုက်ရသည်။

လော့ရှင်းယွမ်က ချီကျန့်ဟန်ကို အမိန့်ပေးသည်။ “ရွှယ်ချင့် ဒီည ဒီမှာပဲ အနားယူလိမ့်မယ်။ အားလုံးကို ခေါ်ပြီး ထွက်သွား၊ ခြံဝင်းတံခါး ပိတ်လိုက်”

မေဝမ့်ရှူး စိတ်ထဲတွင် လန့်သွားပြီး တစ်ဝက်မူးနေသော မျက်လုံးများက အင်္ကျီလက်အောက်မှ ရုတ်တရက် ဖွင့်လိုက်မိသည်။

*** *** ***

ချီကျန့်ဟန်သည် လူအားလုံးကို ခေါ်ဆောင်၍ အရိုအသေပေး ထွက်ခွာသွားပြီး ခြံဝင်းတံခါး နှစ်ချပ်ကို ပိတ်လိုက်သည်။

ကောင်းကင်နဲ့ မြေကြီးကြားမှာ သစ်ခက်ကို တိုက်ခတ်သော လေမှလွဲ၍ ပြင်းထန်တဲ့ ဝိုင်ရနံ့သာ ကျန်တော့သည်။

လော့ရှင်းယွမ်သည် ထရပ်၍ ခြေလှမ်းအနည်းငယ် လျှောက်လာသည်။ မူးယစ်နေသူ၏ မျက်နှာကို ဖုံးအုပ်ထားသော ဝတ်ရုံလက်ကို ဖယ်လိုက်ပြီး ကျောက်စိမ်းဖြူ ကဲ့သို့သော မျက်နှာကို ထုတ်၍ မီးရောင်အောက်တွင် သေချာ စိုက်ကြည့်လိုက်သည်။

ကြယ်ရောင်လို မျက်လုံးများ မှေးမှိတ်ထားပြီး အသက်ရှူနှုန်း မြန်သည်။ ပါးပြင်က နီမြန်း နေသည်။

သေချာပေါက် အတော်လေး မူးနေသည်။

သူက ခပ်တိုးတိုး ရယ်လိုက်ပြီး၊ လက်တစ်ဖက်ဖြင့် ခါးကို ဖက်၊ နောက်တစ်ဖက်ဖြင့် ဒူးအောက်မှ ထမ်း၍ လူကို ကန့်လန့်ဖြတ် ပွေ့ချီကာ အိမ်ထဲသို့ လျှောက်သွားသည်။

နွေးထွေးသော အမျိုးသား ခန္ဓာကိုယ် အပူချိန်သည် ပါးလွှာသော နွေဦးဝတ် အင်္ကျီ အဝတ်စမှတစ်ဆင့် ပျံ့နှံ့လာသည်။

မေဝမ့်ရှူးကို နူးညံ့သော ကုတင်ပေါ် တင်လိုက်သည်။ မူလက ဘေးစောင်း ကွေးနေသည်။ ဘေးက ကုတင်ဘောင်က အောက်သို့ အနည်းငယ် နိမ့်ကျသွားသည်။ အမျိုးသားသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ မျက်နှာကို ဖုံးထားသော အင်္ကျီလက်ကို ဖယ်ရှား၊ ခန္ဓာကိုယ်ကို စောင်း၍ သူမ၏ နှုတ်ခမ်းထောင့်ကို ခပ်ဖွဖွ နမ်းလိုက်သည်။

105 03

ထို့နောက် လက်ချောင်းထိပ်များဖြင့် သူမ၏ မေးရိုးကိုကိုင်ကာ သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ နမ်းရှိုက်သည်။

မေဝမ့်ရှူး၏လက်ချောင်းထိပ်များက အင်္ကျီလက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင် ထားသည်။

အသံမထွက်စေရန် အားတင်း ထိန်းချုပ်ထားရသည်။

သို့သော်လည်း တစ်ဖက်လူက သူမကို တမင် အသံထွက်စေချင်ဟန်ဖြင့် နှုတ်ခမ်းများကို သေသေချာချာ လျှာဖြင့်လျက် ပွတ်သပ်လိုက် ပွတ်တိုက်လိုက် နမ်းနေသည်။ တစ်ခါတရံ ခပ်ဖွဖွ ကိုက်သည်။ ဝိုင်ကြောင့် ရဲနေသော နှုတ်ခမ်းများပင် နမ်းရှိုက်ခြင်းကြောင့် အနည်းငယ် ရောင်ရမ်း လာသည်။

“စိတ်ကူးတွေ အရမ်းများတယ်” သူက သူမ၏ နားနားတွင် တီးတိုး ပြောသည်။

ထို့နောက် နူးညံ့သော နားရွက်ဖျားကို ခပ်ဖွဖွကိုက်သည်။ “တခြားသူတွေက မူးရင် ဟာသတွေ ပြောတတ်တယ်။ မင်းကျတော့ မူးနေတာတောင် စကားတစ်လုံးမှ မပြောဘူး”

ဝိုင်ကြောင့် ထိန်းချုပ်မှု လျော့ရဲသွားသည်လား မသိ၊ တစ်ဖက်လူ၏ အသက်ရှူသံက တဖြည်းဖြည်း လေးလံလာသည်။

မေဝမ့်ရှူးသည် မျက်လုံးမှိတ်ထားဆဲပင်၊ သူမ၏ အသက်ရှူသံ ရုတ်တရက် အနည်းငယ် မြန်လာသည်။ ရင်ခုန်သံသည် ဗုံသံကဲ့သို့ ပြင်းထန်နေသည်။

ချီကျန့်ဟန်သည် ယခုအခိုက်အတန့်တွင် အစောင့်တပ်သား ဒါဇင်ပေါင်းများစွာနဲ့ ပင်မဆောင် အပြင်တွင် စောင့်နေသည်။

ဝိုင်ကြောင့် သတ္တိများသွားသော ဧကရာဇ်သည် အမတ်တစ်ယောက်အပေါ် မိုက်မဲသော စိတ်ကူး ပေါ်လာခဲ့ရင် သူမသည် ဧကရာဇ်၏ ဂုဏ်သတင်းကို လျစ်လျူရှုပစ်ပြီး... အခန်းထဲတွင် “တိုက်ခိုက်ခံနေရတယ် ကယ်တော်မူကြ” ဟု အော်ဟစ်ရတော့မည်။

သစ္စာရှိသော ချီကျန့်ဟန်ကို အတွင်းသို့ ခေါ်သွင်းလာပြီး...

ထိုအခါ လူတိုင်း မျက်နှာချင်းဆိုင် တွေ့ကြ၊ ရှက်ရွံ့ဖွယ် ကောင်းပေမဲ့ သူမ ကုတင်ပေါ်ရောက် ညစ်ပတ်ခံရမှုသည် ဆယ်နှစ်ကြာ ဖုံးကွယ်ထားသော ဧကရာဇ်ကို လိမ်လည်မှု ပေါ်ပေါက်သွားရခြင်း ထက်တော့ ပိုကောင်းသည်။

သူမက အိပ်ပျော်နေဟန်ဆောင်ကာ အနည်းငယ် ရုန်းကန်၊ စောင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

တစ်ဖက်လူက သူမ၏မလုံမလဲဖြစ်မှုကို သတိထားမိပုံရပြီး သူမ၏ နှုတ်ခမ်းထောင့်ကို ထပ်မံ ခပ်ဖွဖွ နမ်းလိုက်သည်။

“မင်း ဘာကို ကြောက်နေတာလဲ”

နီမြန်းသော နားရွက်ဖျားတွင် ခပ်ဖွဖွကိုက်ရင်း တီးတိုးဆိုသည်။ “မကြောက်ရဘူး”

သူ လက်လွှတ်လိုက်ပြီး ထရပ်ကာ အပြင်သို့ ထွက်သွားသည်။

*** ***

105 04

ချီကျန့်ဟန်သည် ပင်မဆောင် အပြင်ဘက်တွင် ရှိနေသည်။

တစ်ဖက်တွင် အခန်းထဲက လှုပ်ရှားမှုများကို ဂရုပြုနေသလို၊ နောက်တစ်ဖက်တွင် လူလိုချင်သော ချန်ပေါ်ကို ဖြေရှင်းနေရသည်။

“ကျွန်တော့် သခင်က မူးလဲကျနေတယ်။ ညသန်းခေါင် ထလာပြီး သက်သာစေတဲ့ ဟင်းရည် တောင်းရင်၊ အဝတ်လဲရင်၊ နေရာတိုင်းမှာ လူ လိုတယ်။ ဝိုင်ကြောင့် မူးပြီး သေဆုံးတဲ့ ကိစ္စတွေ မကြာခဏ မဖြစ်ပေမဲ့ မြို့တော်မှာ မရှိတာလည်း မဟုတ်ဘူး ဧည့်သည်တော် ခွင့်ပြုပေးပါ။ ကျွန်တော်မျိုး သခင်ကို ခေါ်သွားပြီး စောင့်ရှောက်ပါရစေ”

ချန်ပေါ်၏ မျက်နှာက ပျက်နေသည်။ မလုံမလဲနဲ့ ခြံဝင်းတံခါးဝတွင် ရပ်လျက် အသံကျယ်ကျယ်ဖြင့် အထဲက ဧည့်သည်တော် ကြားနိုင်စေရန် စကားပြောသည်။

မြို့တော်၏ တတိယအဆင့် စစ်ဘက်အရာရှိသည် ခေါင်းကိုက်နေသည်။ ချန်ပေါ်ကို တိတ်ဆိတ်အောင် ပြောသော်လည်း အဘိုးကြီးက ပို၍ ကျယ်ကျယ် အော်ဟစ်သည်။

ထိုအချိန်တွင် လော့ရှင်းယွမ် တံခါးဖွင့်၍ ထွက်လာသည်။

“မင်းက မေမိသားစုရဲ့ အိမ်တော်ထိန်းလား။ မင်းရဲ့သခင်က အရမ်း မူးနေလို့ ရွှေ့ပြောင်းရတာ မကောင်းဘူး။ ဒီည အခန်းထဲမှာပဲ အနားယူပါစေ။ မင်း လူနှစ်ယောက် ရွေးပြီး အတွင်းထဲ ဝင်စောင့်ရှောက်ခိုင်းပါ”

ချန်ပေါ်အလွန် ဝမ်းသာသွားပြီး ချက်ချင်း အရိုအသေပေးပြီး ချက်ချင်း အခန်းထဲသို့ အလျင်အမြန် ဝင်သွားသည်။ “ကျွန်တော်မျိုး သခင်ကို ငယ်ငယ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာခဲ့တာပါ။ ကျွန်တော်မျိုးကိုယ်တိုင် စောင့်ရှောက်ပါ့မယ်”

လော့ရှင်းယွမ်သည် ချက်ချင်း ပြန်မဝင်ဘဲ လက်နောက်ပစ်၍ ခြံဝင်းအပြင်ဘက်သို့ ခြေလှမ်း အနည်းငယ် လျှောက်သွားသည်။

ချီကျန့်ဟန်လည်း နောက်ကနေ အနီးကပ် လိုက်ပါလာသည်။ စိတ်ထဲမှ တီးတိုး ရေရွတ်သည်။

စံအိမ်က ဒီလောက် ကြီးတာ၊ အခန်းလွတ်တွေလည်း အများကြီးပဲ။ မေပညာရှိအမတ်ကို ပြန်ပို့လိုက်ရင် ပြီးရောကို… အခုတော့ ကောင်းရော၊ ဧကရာဇ် အနားယူတဲ့ အခန်းထဲကို အပြင်လူ တစ်ယောက် ဝင်ခွင့်ပြုလိုက်ပြီ။

ထိုအချိန်တွင် လော့ရှင်းယွမ်က သူ့ကို မေးလိုက်သည်။ “မေမိသားစုရဲ့ ဝမ်းကွဲညီမလေးနေတဲ့ နေရာကို မင်း သိလား”

ချီကျန့်ဟန် အလျင်အမြန် ပြန်လျှောက်သည်။ “သိပါတယ်၊ ကျွန်တော်မျိုး နေ့လယ်ကပဲ သွားကြည့်ခဲ့တာပါ”

“ဒါဆို ရပြီ” လော့ရှင်းယွမ် ခဏ စဉ်းစားပြီး အမိန့်ပေးသည်။

“တကယ်ကို အစွမ်းအစရှိတဲ့ လူအချို့ကို ရှာပြီး ညသန်းခေါင်မှာ အဲဒီမေမိသားစု ညီမလေးကို ဖမ်းခေါ်လာခဲ့။ လူမထိခိုက်စေနဲ့၊ ခြိမ်းခြောက်တဲ့နည်းကို သုံးပြီး သူ့ရဲ့လျှို့ဝှက်ချက် အားလုံးကို ဖော်ထုတ်ခိုင်း၊ ပြီးရင် ချက်ချင်း ပြန်လွှတ်လိုက်”

ချီကျန့်ဟန် အကြီးအကျယ် လန့်သွားသည်။ “ဘာလျှို့ဝှက်ချက်လဲ အဲဒါ... အဲဒါ မေမိသားစုရဲ့ ဆွေမျိုး မဟုတ်ဘူးလား မေပညာရှိအမတ် ကိုယ်တိုင် ပြောခဲ့တာလေ”

လော့ရှင်းယွမ်က သူ့ကို လှည့်ကြည့်ပြီး လေသံ နက်နဲစွာ ပြောသည်။ “မေပညာရှိအမတ် ပြောတာ မှန်သမျှ မင်း ယုံတာလား”

ချီကျန့်ဟန် အံ့အားသင့်သွားသည်။

ဧကရာဇ်ရဲ့ ဘေးနားမှာ အချစ်ဆုံး ယုံကြည်ရတဲ့ အမတ်၊ ဆယ်နှစ်ကြာ အတွေ့အကြုံရှိတဲ့သူ။ မေပညာရှိအမတ်ကို မယုံရင် ဘယ်သူ့ကို ယုံရတော့မလဲ။

105 05

“ဟို... လိမ်လည်မှုများ ရှိနေသလား”

လော့ရှင်းယွမ်သည် လက်နောက်ပစ်၍ အညှောက်သစ်များ ထွက်နေသော ဂျင်ဂိုပင်အောက်တွင် ဖြည်းဖြည်းချင်း လျှောက်သည်။

“တကယ်တော့ သူသာ ဒီည အဲဒီညီမလေးကို ခေါ်လာပြီး အတူတူ ထိုင်ပြီး ညစာစားရင် ကျန်း မကြိုက်ပေမဲ့ သူက မေမိသားစုရဲ့ဆွေမျိုး ဖြစ်နိုင်တယ်လို့ ယုံကြည်မယ်”

“ဒါပေမဲ့ သူက ကျန်း မကြိုက်မှန်း သိတယ်။ ကျန်းကို အနှောင့်အယှက် မပေးချင်ဘူး။ မျက်နှာတစ်ခါ ပြပြီး ထွက်သွားခိုင်းတယ်”

လော့ရှင်းယွမ်က ရယ်လိုက်သည်။ “ကျန်း မြင်တာနဲ့ ချက်ချင်း နားလည်လိုက်တယ်။ သူက ပထမဆုံး အကွက်ကို ချလိုက်တာ။ နောက်မှ ဖြည်းဖြည်းချင်း အကွက် ဆက်ချဖို့ ရည်ရွယ်နေတာ”

ဒီနေရာတွင် သူ ခြေလှမ်း ရပ်လိုက်ပြီး လှည့်ကာ လေသံ အေးဆေးစွာ အမိန့်ပေးသည်။

“မေပညာရှိအမတ် ဒီည မူးယစ်နေပြီး ဒီပင်မဆောင်ကနေ ထွက်မသွားနိုင်တာကို အခွင့်ကောင်းယူပြီး မင်းတို့ ညတွင်းချင်း ချက်ချင်း သွားပြီး အဲဒီ မေမိသားစု ညီမလေးရဲ့ ဝန်ခံချက်ကို မေးမြန်းယူလာခဲ့”

******

All Chapters