← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

📝အပိုင်း - ၄ မိစ္ဆာအရိုး

ဘာသာပြန် - Na Gar🐉

လုလီ သည် မြေပြင်ပေါ်တွင် ပုံလျက်သား ထိုင်နေမိသည်။ မျက်နှာတစ်ခုလုံးတွင် မျက်ရည်များ စိုရွှဲနေပြီး ခြေလက်များမှာ အေးစက်ကာ လှုပ်ရှားရန်ပင် အားမရှိတော့ပေ။

သူသည် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်ပြီး ရွာမှတစ်ခါမျှ မထွက်ဖူးချေ။ ဤကဲ့သို့သော ငရဲခန်းမျိုးကို မည်သည့်အခါမှ မမြင်ဖူးခဲ့ပါ။

ဆွေမျိုးသားချင်းများ၊ အလောင်းပုံကြီးများ၊ မိစ္ဆာသတ္တဝါများ၊ အော်ဟစ်ငိုယိုသံများနှင့် ကြောက်မက်ဖွယ် ရယ်မောသံများ... အရာအားလုံးက သူ့ကို အသက်ရှူရန်ပင် ခက်ခဲအောင် ဖိနှိပ်ထားသည်။

ယခုအချိန်တွင် သူသည် မိမိမျက်စိရှေ့၌ပင် မြင်တွေ့နေရသည်မှာ

ခုနကတင် သူ့ကို ဖက်ထားပြီး "အစ်ကိုကြီးရှိတယ်" ဟု အော်ဟစ်နေခဲ့သော လုယွမ် သည် ရုတ်တရက် ရုန်းကန်ခြင်း မရှိတော့သလို တုန်ရီခြင်းလည်း မရှိတော့ပေ။

သူသည် မတ်တတ်ရပ်လိုက်ပြီး သူ၏ အကြည့်များမှာ အလွန်ပင် စိမ်းကားသွားသည်။

အေးစက်ပြီး ခံစားချက်ကင်းမဲ့လှရာ လူသားတစ်ယောက်ကို ကြည့်နေသည်မှာ ကျောက်ခဲ သို့မဟုတ် သစ်ပင်တစ်ပင်ကို ကြည့်နေသကဲ့သို့ပင်။

သူသည် လုလီကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဓားဖြင့် ခွဲထားသည့် ဝတ်စုံဖြူဝတ် အမျိုးသမီး အလောင်းဆီသို့ တည့်တည့် လျှောက်သွားသည်။

"အစ်ကိုကြီး..."

လုလီ၏ အသံမှာ ခြင်တစ်ကောင်၏ အသံကဲ့သို့ သေးငယ်လှပြီး တုန်ရီနေကာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွမ်က ပြန်မထူးပေ။

သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး ထိုအလောင်းကို ငုံ့ကြည့်လိုက်သည်။

ရုတ်တရက် သူ၏ သေးငယ်သော လက်ကို ဆန့်ထုတ်ကာ အမျိုးသမီး၏ ဝမ်းဗိုက်ရှိ ဒဏ်ရာအတွင်းသို့ တည့်တည့် ထိုးသွင်းလိုက်သည်။ လက်ချောင်းများမှာ အသွေးအသားများအတွင်း မြုပ်ဝင်သွားပြီး အူများနှင့် သွေးများကြားတွင် တစ်ခုခုကို လိုက်လံမွှေနှောက် ရှာဖွေနေတော့သည်။

"ရွှတ်..."

အရှိန်မမြန်ဟု ထင်ရသဖြင့် မြေပြင်ပေါ်မှ အရိုးဓားကို ကောက်ယူကာ 'စွပ်'ဟူသော အသံနှင့်အတူ ပျက်စီးနေသော ဝမ်းဗိုက်ကို ထပ်မံ ဆုတ်ဖြဲလိုက်ပြန်သည်။ ဓားဦးမှာ အူများနှင့် အသည်းများကိုပါ ကော်ထုတ်လိုက်ရာ သွေးများမှာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာပြီး သူ၏ မျက်နှာတစ်ခုလုံး ပေကျံသွားတော့သည်။

လုလီမှာ ပျို့အန်နေပြီဖြစ်ပြီး မျက်စိရှေ့တွင် မှောင်အတိ ကျနေသော်လည်း မျက်တောင်ပင် မခတ်ရဲဘဲ စိုက်ကြည့်နေမိသည်။

ရုတ်တရက် လုယွမ်၏ နှုတ်ခမ်းများမှာ တွန့်သွားပြီး ထူးဆန်းသော ဝမ်းမြောက်မှုတစ်ခု ပေါ်လာသည်။

"တွေ့ပြီ"

သူသည် အသွေးအသားများကြားမှ မည်းနက်ပြီး ကွေးညွတ်နေသော အရိုးတစ်ခုကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ ၎င်းမှာ သားရဲလက်သည်းနှင့် တူသော်လည်း ထူးဆန်းသော အက္ခရာစာလုံးများ ပါရှိပြီး သွေးရောင်အောက်တွင် အေးစက်လှသော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသည်။

"မိစ္ဆာအရိုး ရှိနေတုန်းပဲ... ဟားဟားဟားဟား၊ ငါ ကျင့်ကြံလို့ ရသေးတယ်... ကျင့်ကြံလို့ ရသေးတယ်"

သူသည် ခေါင်းမော့၍ ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ၏ အသံမှာ အက်ကွဲနေပြီး သဲဖြင့် ပွတ်တိုက်ထားသော သံတုံးတစ်တုံး ရယ်မောနေသကဲ့သို့လည်းကောင်း၊ သေလူတစ်ယောက် ပြန်လည်နိုးထလာပြီးနောက် ပြောဆိုသည့် ရူးသွပ်သံကဲ့သို့လည်းကောင်း ထွက်ပေါ်နေသည်။

ထိုသို့ ရယ်မောပြီးနောက် သူသည် ရုတ်တရက် အသံတိတ်သွားကာ လက်ထဲမှ အရိုးကို ငုံ့ကြည့်ရင်း မျက်လုံးထဲတွင် ပုံပျက်ပန်းပျက်ဖြစ်နေသော အားငယ်မှုနှင့် နာကျည်းမှုများ ပေါ်လာသည်။

"နှမြောစရာပဲ... ငါ့ရဲ့ မူလအလှဆုံး ခန္ဓာကိုယ်လေး။ လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ 'ချိုးယွဲ့နတ်သမီး' ဟာ ဘယ်လောက်တောင် ထင်ပေါ်ခဲ့လဲ"

"အခုတော့ ဒီဂူထဲမှာ ငါကိုယ်တိုင် မွေးမြူထားတဲ့ မြေဘီလူးဘုရင်ရဲ့ ပြန်လည်တိုက်ခိုက်တာကို ခံရတယ်၊ တိရစ္ဆာန်တစ်သိုက်ရဲ့ 'သွေးအိတ်' အဖြစ် အကျဉ်းချခံထားရပြီး နေ့တိုင်း အသားလှီး သွေးဖောက်ခံခဲ့ရတယ်... ငါ... နောက်ဆုံးတော့... လွတ်လပ်ပြီ..."

သူ၏ လက်မှာ ထိုအရိုးကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များမှာ ဖြူလျော့နေသော်လည်း မျက်လုံးထဲတွင် မျက်ရည်များ တစ်ချက် ဝေ့တက်လာသည်။

"အဖေ... သမီးကို လာကယ်မှာလား သမီးက ယွီဟွာဂိုဏ်းရဲ့ အတောက်ပဆုံး ကြယ်ပွင့် ဖြစ်လာမှာလို့ အဖေ ပြောခဲ့တယ်မဟုတ်လား... သမီး မပျောက်ကွယ်ချင်ဘူး"

ထို့နောက် သူက အေးစက်စွာ ပြုံးလိုက်သည်။

"သွေးသန့်စင်ဂိုဏ်း... မော်ယာအဖိုးကြီး၊ ငါ့ကို 'ဖိုမကျင့်ကြံဖော်' အဖြစ် သိမ်းပိုက်ဖို့ တကယ်ပဲ ကြံစည်ရဲတယ်ပေါ့ ဟွန်း... ငါ့ရဲ့ ကျင့်ကြံမှု အောင်မြင်တဲ့နေ့မှာ နင်တို့ ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်မယ်"

ဤစကားလုံးများမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်၏ ပါးစပ်မှ ထွက်ပေါ်လာခြင်းဖြစ်ရာ လုလီ၏ နားထဲတွင် အလွန်ပင် စိမ်းကားလွန်းလှသဖြင့် ရူးချင်စိတ်ပင် ပေါက်လာတော့သည်။

သူ သိလိုက်ပြီ၊ ထိုသူမှာ သူ၏ အစ်ကို မဟုတ်တော့ပေ။

သူ သိကျွမ်းသော လုယွမ် မဟုတ်တော့ချေ။

လုလီမှာ ထိုနေရာတွင် တောင့်တင်းစွာ ကျန်ရစ်ခဲ့ပြီး သူ၏ မျက်စိရှေ့တွင် သွေးစွန်းနေသော အစ်ကိုဖြစ်သူ၏ နောက်ကျောနှင့် စိမ်းကားလှသော ရူးသွပ်သံများ၊ နာကျည်းဖွယ် ရေရွတ်သံများကိုသာ မြင်ကြားနေရသည်။

သူသည် ဖြည်းညင်းစွာ နောက်ဆုတ်လိုက်သည်။ တစ်လှမ်းချင်းစီ ဂူဝဆီသို့ တိုးကပ်သွားသည်။

သူ၏ သေးငယ်သော လက်ဖြင့် ပါးစပ်ကို တင်းတင်းပိတ်ထားကာ မည်သည့်အသံမျှ ထွက်မလာစေရန် ကြိုးစားနေသည်။

သူ သိသည်မှာ တစ်ခုတည်း၊ ထွက်ပြေးရမည်။

အခုမှ မပြေးရင် သူ မမှတ်မိတော့တဲ့ ဒီ "အစ်ကိုကြီး" က သူ့ကို ကိုယ်တိုင် သတ်ပစ်လိမ့်မည်။

ဂူဝမှာ ရှေ့နားတွင် ရှိနေသည်။

လုလီသည် ယိမ်းထိုးလျက် နောက်ဆုတ်နေပြီး မျက်နှာမှာ ဖြူလျော့ကာ သွားများမှာလည်း "ကတောက်ကတောက်" တုန်ရီနေသည်။ သူ၏ မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေသည်။

သို့သော် ခြေလှမ်းတစ်လှမ်းမျှပင် မလှမ်းရသေးခင်မှာပင် နောက်ကွယ်မှ အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ပြေးချင်တာလား"

ထိုအသံမှာ ရင်းနှီးသော လည်ချောင်းမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း အလွန်ပင် အေးစက်လှရာ ဓားဦးဖြင့် နှလုံးသားကို ထိုးစိုက်လိုက်သကဲ့သို့ ခံစားရစေသည်။

လုလီ ရုတ်တရက် လှည့်ကြည့်လိုက်ရာ လုယွမ် မဟုတ်ပါ၊ ယခု မည်သူမှန်း မသိတော့သောသူမှာ အရိုးဓားကို ကိုင်ကာ တစ်လှမ်းချင်း လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

ထိုမျက်လုံးထဲတွင် လူသားဆန်မှု တစ်စက်မျှ မကျန်တော့ဘဲ သတ်ဖြတ်လိုစိတ်များသာ ပြည့်နှက်နေသည်။

"အစ်ကိုကြီး..."

လုလီ၏ အသံမှာ ပိတ်ဆို့နေပြီး တုန်ရီစွာဖြင့် ထိုစကားလုံးကို ခေါ်လိုက်သော်လည်း ခြေထောက်များမှာ ပျော့ခွေပြီး မတ်တတ်ရပ်ရန်ပင် မလွယ်တော့ပေ။

လုယွမ်၏ ကိုယ်မှာ ရုတ်တရက် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး အရိုးဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

"ဘုန်း..."

လုလီမှာ မြေပြင်ပေါ်သို့ လွင့်ကျသွားပြီး ကျောက်နံရံနှင့် ပြင်းထန်စွာ ရိုက်မိကာ ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။

သူ ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် အရိုးဓားမှာ အမြင့်သို့ မြှောက်တက်သွားပြီး အေးစက်သော အလင်းတန်းနှင့်အတူ သူ၏ ရင်ဘတ်ဆီသို့ တည့်တည့် စိုက်ဝင်လာတော့သည်။

လုလီ မျက်လုံးများကို ပြူးကျယ်စွာ စိုက်ကြည့်နေမိသည်။ သူ၏ မျက်စိရှေ့တွင် ဓားသွားကိုသာ မြင်ရတော့သဖြင့် ပင်ကိုယ်ဗီဇအရ မျက်လုံးများကို စုံမှိတ်လိုက်သည်။

သူ သေရတော့မည်ဟု ထင်လိုက်သည်။

သို့သော် ဓားမှာ ကျမလာပေ။

ယင်းအစား အလွန်အမင်း တုန်ရီနေသော တိုးညင်းသည့် ရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။

"လု... လုလီ... မြန်မြန် ငါ့ကို သတ်... ငါ့ကို သတ်လိုက်... အစ်ကိုကြီးကို မြန်မြန် သတ်လိုက်... အားအားအားအား..."

လုလီ မျက်လုံးဖွင့်ကြည့်လိုက်ရာ လုယွမ်သည် အရိုးဓားကို အမြင့်သို့ မြှောက်ထားပြီး သူ၏ ကိုယ်မှာ လေဖြတ်ထားသူကဲ့သို့ ပြင်းထန်စွာ တုန်ရီနေကာ နှုတ်ခမ်းများ တွန့်လိမ်ပြီး မျက်နှာအမူအရာမှာလည်း အမျိုးမျိုး ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။

အသိစိတ် နှစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ ဆွဲဖြဲ တိုက်ခိုက်နေကြသည်။

သူ၏ အကြည့်မှာ တစ်ခါတစ်ရံတွင် နီရဲပြီး ရက်စက်နေသော်လည်း တစ်ခါတစ်ရံတွင်မူ ရင်းနှီးလှသော အစ်ကိုဖြစ်သူ၏ နူးညံ့မှုများ ပြန်လည် ပေါ်ပေါက်လာသည်။

ထိုနူးညံ့မှု ပေါ်လာသည့် ခဏမှာပင် သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာပြီး အသံမှာ အက်ကွဲ၍ တိုးညင်းလှသည်။

"အစ်ကိုကြီး... မင်းကို မကာကွယ်နိုင်တော့ဘူး... မင်း တစ်ယောက်တည်းပဲ ရှေ့ဆက်သွားနိုင်အောင် ထားခဲ့ရတော့မယ်..."

လုလီ၏ နှုတ်ခမ်းများမှာ ဖြူလျော့နေပြီး မျက်လုံးများမှာ ကျုံ့ဝင်သွားကာ မျက်ရည်များနှင့် သွေးများ ရောနှော၍ စီးကျလာသည်။

သူ သိလိုက်ပြီ ဒါဟာ အိပ်မက် မဟုတ်သလို စိတ်ကူးယဉ်မှုလည်း မဟုတ်ပေ။

သူသည် တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ လုယွမ်၏ လက်ထဲမှ အရိုးဓားကို အတင်းလုယူလိုက်သည်။

အရိုးဓားမှာ လေးလံလှသဖြင့် သူ၏ ပိန်လှီသော လက်မောင်းမှာပင် မနိုင်မနင်း ဖြစ်နေသည်။

သို့သော် သူသည် မျက်လုံးများကို စုံမှိတ်ကာ တစ်ကိုယ်လုံးရှိ အားအင်

အားလုံးကို သုံး၍ ထိုးစိုက်လိုက်တော့သည်။

"ဖတ်..."

အရိုးဓားမှာ နှလုံးအိမ်ကို ဖောက်ထွက်သွားသည်။

လုယွမ်၏ ကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး ဒူးထောက်ကျသွားကာ ရင်ဘတ်မှ သွေးများမှာ အရှိန်အဟုန်ဖြင့် ပန်းထွက်လာသည်။

သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း နူးညံ့သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"မငိုနဲ့၊ လုလီ... အစ်ကိုကြီးက... မင်းအတွက် အမှောင်ဆုံး လမ်းကို အစားထိုး လျှောက်လှမ်းပေးခဲ့ပြီ..."

သူ၏ မျက်လုံးထဲတွင် လုလီ၏ မျက်နှာ အရိပ်ထင်ဟပ်နေသည်။

၎င်းမှာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်၏ မျက်နှာဖြစ်ပြီး စိတ်ဓာတ်ကျဆင်းမှုနှင့် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။

အသက်ဓာတ်များ ကုန်ဆုံးသွားပြီ။

သို့သော် မပြီးဆုံးသေးပေ။

နောက်တစ်စက္ကန့်တွင် လုယွမ်၏ အပြုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး မျက်နှာမှာ ရက်စက် ကြမ်းကြုတ်သော ပုံစံသို့ ပြောင်းလဲသွားပြန်သည်။

"မကျေနပ်ဘူး ငါ မကျေနပ်ဘူး အားအားအား..."

ထိုအသံမှာ လုယွမ်၏ အသံ မဟုတ်တော့ဘဲ ချိုးယွဲ့ မိစ္ဆာဝိညာဉ်၏ ကျိန်စာသံသာ ဖြစ်တော့သည်။

သူသည် ခေါင်းမော့၍ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ၏ အကြည့်များမှာ အေးစက်ကာ ရူးသွပ်ပြီး ခေါင်းမာလှသည်။

ခန္ဓာကိုယ်မှာ ပျက်စီးနေပြီး နှလုံးသားမှာ ပေါက်ကွဲနေသော်လည်း အသိစိတ်မှာ ရုန်းကန်နေဆဲပင်။

"ငါ ချိုးယွဲ့နတ်သမီးက သာမန် ကလေးတစ်ယောက်ရဲ့ လက်ထဲမှာ သေရမယ်ပေါ့... မကျေနပ်ဘူး မကျေနပ်ဘူး"

သို့သော် ဤတစ်ကြိမ်တွင်မူ ကောင်းကင်နှင့် မြေကြီးက မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

သူ၏ မျက်လုံးထဲမှ တစ္ဆေချီများ ကွယ်ပျောက်သွားပြီး ခေါင်းမှာ စောင်းကျကာ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။

အလောင်းမှာ လဲကျသွားပြီး အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။

လုလီသည် ထိုနေရာတွင် ဒူးထောက်လျက် သွေးစွန်းနေသော အရိုးဓားကို ဖက်ကာ နှုတ်ခမ်းများ တုန်ရီနေပြီး မျက်ရည်များမှာ မရပ်မနား ကျဆင်းနေသည်။

အစ်ကိုဖြစ်သူ၏ သွေးများမှာ သူ၏ လက်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး အစ်ကိုဖြစ်သူ၏ နူးညံ့သော အပြုံးမှာလည်း သူ၏ ဦးနှောက်ထဲတွင် ရှိနေဆဲပင်။

မည်မျှကြာသွားသည်မသိ။

လုလီသည် ထိုနေရာတွင် ဒူးထောက်နေဆဲဖြစ်ပြီး တစ်ကိုယ်လုံး သွေးများ ပေကျံနေကာ မျက်ရည်များလည်း ခန်းခြောက်သွားပြီဖြစ်သည်။

အလောင်းမှာ သူ၏ မျက်စိရှေ့တွင် ရှိနေပြီး အစ်ကိုဖြစ်သူ၏ မျက်နှာတွင် သေဆုံးခါနီးက ချန်ထားခဲ့သော နူးညံ့မှုလေး ကျန်နေသေးသည်။ သို့သော် ထိုအပြုံးက သူ့ကို သတိပေးနေသကဲ့သို့ပင်။

ဤကမ္ဘာကြီးမှာ လူသားတို့၏ သံယောဇဉ်ကို နေရာပေးသည့် နေရာမျိုး မဟုတ်ပေ။

သူ သေသွားပြီ၊ အစ်ကိုလတ်လည်း သေသွားပြီ။

သူ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

"ဂလု..."

ဝမ်းဗိုက်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဆာလောင်မှု၊ အအေးဒဏ်နှင့် သွေးညှီနံ့များမှာ နှလုံးသားကို ထိုးဆွနေသကဲ့သို့ နာကျင်လှသည်။ လုလီသည် မိမိ၏ သေးငယ်သော ခန္ဓာကိုယ်ကို ဖက်ကာ အစ်ကိုဖြစ်သူ၏ အလောင်းဘေးမှ ခက်ခဲစွာ ရုန်းထလိုက်သည်။

သူ မငိုဝံ့တော့ပေ။

ဆက်ငိုနေလျှင် သူလည်း ဤနေရာတွင် သေသွားမည်ကို စိုးရိမ်မိသည်။

သူ၏ အကြည့်မှာ လုယွမ်၏ တောင့်တင်းနေသော လက်ချောင်းများဆီသို့ သတိလက်လွတ် ရောက်သွားရာ တစ်စုံတစ်ခုကို တင်းတင်းဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

၎င်းမှာ ထူးဆန်းသော အရိုးတစ်ခု ဖြစ်သည် တစ်ခုလုံး မည်းနက်နေပြီး မြွေကဲ့သို့ ကွေးညွတ်နေကာ မျက်နှာပြင်တွင် သွေးကြောများသဖွယ် ခရမ်းရောင် အက္ခရာစာလုံးများ စီးဆင်းနေပြီး သက်ရှိအရာတစ်ခုကဲ့သို့ပင်။

လုလီသည် တုံ့ဆိုင်းစွာဖြင့် လက်လှမ်းလိုက်ရာ လက်ထိပ်မှာ ထိုအရိုးနှင့် ထိလိုက်သည်နှင့် အေးစက်သော အရှိန်အဝါတစ်ခု အရိုးထဲမှတစ်ဆင့် အရေပြားအတွင်းသို့ တိုးဝင်သွားသည်။ ၎င်းမှာ ရေစက်တစ်စက် သူ၏ အရိုးတွင်းခြင်ဆီအတွင်းသို့ ကျသွားသကဲ့သို့ ဖြစ်ရာ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

သူသည် ပင်ကိုယ်ဗီဇအရ လက်လွှတ်လိုက်ချင်သော်လည်း..

နောက်တစ်စက္ကန့်တွင် သူ မြင်လိုက်ရသည်မှာ...

လုယွမ်၏ လက်မှာ သေဆုံးသွားသော်လည်း ထိုအရိုးကို ကာကွယ်ပေးနေသကဲ့သို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။

သူသည် အစ်ကိုဖြစ်သူ၏ တောင့်တင်းနေသော လက်ချောင်းများကို အသာအယာ ဖြည်လိုက်ရာ ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာပြီး မျက်ဝန်းများမှာ ထပ်မံ စိုရွှဲလာပြန်သည်။

လုလီသည် သွေးစွန်းနေသော ထိုမိစ္ဆာအရိုးကို ကြည့်ကာ ရွံရှာစိတ်ကို အောင့်အည်းရင်း လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။

သူသည် မိမိလက်ဖဝါးပေါ်ရှိ ထူးဆန်းသော အရိုးကို ငုံ့ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"ဒီအမျိုးသမီးက... သေခါနီးအထိ ဒီအရာကို အသည်းအသန် ကာကွယ်နေတာဆိုတော့... ဒါက သာမန်အရာ မဟုတ်တန်ဘူး"

"ငါ ဒီနေ့ ဆေးဖက်ဝင်အပင်ကို မတွေ့ခဲ့ဘူး... ဒါပေမဲ့... လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး"

"ဒါက ဘာပဲဖြစ်ဖြစ်၊ အဘိုးကို နည်းနည်းပဲဖြစ်ဖြစ် ကယ်နိုင်ရင်... နည်းနည်းလေးပဲဖြစ်ဖြစ်..."

ပြောပြောဆိုဆိုဖြင့် သူသည် ထိုမိစ္ဆာအရိုးကို အဝတ်စုတ်ဖြင့် ပတ်ကာ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

သူ လှည့်ထွက်သွားချိန်တွင် အစ်ကိုဖြစ်သူ၏ အလောင်းနှစ်ခုကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။

သူ မြေမြှုပ်ပေးချင်သော်လည်း အားမရှိတော့ပေ။

သူ ငိုချင်သော်လည်း မျက်ရည်များ ခန်းခြောက်သွားပြီ ဖြစ်သည်။

📝အပိုင်း - ၅ လောကဓံ၏ အေးစက်မှု့

ဘာသာပြန် - Na Gar🐉

ညဉ့်နက်လာသည်နှင့်အမျှ မိစ္ဆာခေါင်းတောင်၏ မြူထူများမှာ သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားလာပြီး လာစဉ်ကထက် ပိုမိုထူထပ်၊ ပိုမိုလေးလံလာကာ အသက်ရှင်နေသူတိုင်းကို အရိုးကြားထဲအထိ ဝါးမြိုပစ်တော့မည့်အတိုင်းပင်။

လုလီ သည် တောင်နံရံကို စမ်းကာ တစ်လှမ်းချင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။

သူ၏ လက်ချောင်းများမှာ ပွတ်တိုက်မိလွန်းသဖြင့် စုတ်ပြတ်နေပြီဖြစ်ကာ ခြေဖဝါးများတွင်လည်း သွေးများနှင့် ရွှံ့များ ပေကျံနေသည်။ သူဝတ်ထားသော အဝတ်အစားများမှာလည်း သူတောင်းစားပင် ရွံရှာရလောက်အောင် စုတ်ပြတ်နေချေပြီ။

သူသည် တောင်နံရံကို မှီထားစဉ် ခြေထောက်များ ပျော့ခွေသွားပြီး ချောက်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"အား..."

ကျောက်ခဲများမှာ နက်ရှိုင်းသော တောင်ကြားထဲသို့ လိမ့်ကျသွားသော်လည်း မြေပြင်သို့ ရောက်ရှိသံကိုမူ အတော်ကြာသည်အထိ မကြားရပေ။

လုလီသည် ကျောက်ကြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး နှလုံးခုန်သံမှာ အလွန်ပြင်းထန်လှရာ အားလုံးကို လက်လျှော့လိုက်ချင်စိတ်ပင် ပေါက်လာတော့သည်။

ထိုစဉ်မှာပင်...

"ဝုန်း..."

ရင်ခွင်ထဲရှိ ထို မိစ္ဆာအရိုး မှာ ရုတ်တရက် အသာအယာ ပူနွေးလာသည်။

နွေးထွေးသော အရှိန်အဝါတစ်ခုသည် သူ၏ ရင်ဘတ်မှတစ်ဆင့် ပျံ့နှံ့သွားပြီး ရေခဲရေထဲသို့ မီးတောက်တစ်စက် ကျသွားသကဲ့သို့ ရုတ်ချည်းပင် အငွေ့ပျံတက်လာသည်။

ထိုအပူရှိန်မှာ သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး ခန္ဓာကိုယ်အနှံ့သို့ ရောက်ရှိကာ နွေးထွေးပြီး ထူးဆန်းလှသည်။

သူ၏ အသိစိတ်မှာ အနည်းငယ် ရှင်းလင်းသွားပြီး တစ်ကိုယ်လုံးတွင် အားအင်အနည်းငယ် ပြန်လည်ရရှိလာသကဲ့သို့ ခံစားရသည်။

လုလီ ခဏမျှ မှင်တက်သွားပြီးနောက် ရင်ခွင်ထဲရှိ အရိုးကို တင်းတင်းဆုပ်ကိုင်ကာ မျက်လုံးများတွင် အလင်းရောင် ပြန်လည်တောက်ပလာသည်။

"ဒီအရိုးက... တကယ်ပဲ သာမန်မဟုတ်ဘူး။ ငါ့ကို ကယ်နိုင်သလို... အဘိုးကိုလည်း ကယ်နိုင်မှာပဲ"

သူ မနှေးဝံ့တော့ပေ။ အံကိုတင်းတင်းကြိတ်ကာ မိစ္ဆာအရိုးမှ ပေးစွမ်းသော အပူရှိန်အကူအညီဖြင့် တစ်လှမ်းချင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။

ခြေလှမ်းတိုင်းမှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသကဲ့သို့ ရှိပြီး အသက်ရှူတိုင်းမှာ ဓားသွားများကို မျိုချနေရသကဲ့သို့ နာကျင်လှသည်။

နောက်ဆုံးတွင်မူ သူသည် မြူထူများကြားမှ ယိမ်းထိုးလျက် ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။ အဝေးမှ ရွာကလေးမှာ မှောင်အတိကျနေပြီး အိမ်ခေါင်မိုးများမှ ထွက်လေ့ရှိသော မီးခိုးငွေ့များလည်း မရှိတော့ပေ။

သူ အချိန်မဆွဲဝံ့ဘဲ အားအင်ကုန်ခမ်းနေသော်လည်း မိမိ၏ ဝါးတဲကလေးဆီသို့ အတင်းပြေးသွားတော့သည်။

"အဘိုး ကျွန်တော် ပြန်လာပြီ ကျွန်တော် ယူလာခဲ့ပြီ..."

တံခါးကို တွန်းဖွင့်လိုက်သည့် ခဏတွင် သူ မှင်တက်သွားတော့သည်။

အိမ်ထဲတွင် အလွန်ပင် တိတ်ဆိတ်နေသည်။

မီးဖိုမှာ အေးစက်နေပြီး မီးသွေးပြာများမှာလည်း ငြိမ်းသတ်ပြီးသား ဖြစ်နေသည်။

ခုတင်ပေါ်ရှိ လူမှာ ဘေးစောင်းလဲလျောင်းနေပြီး အိပ်ပျော်နေသကဲ့သို့ပင်။

လုလီ ပြေးသွားပြီး စမ်းကြည့်လိုက်သည်။

အေးစက်နေသည်။

သူ၏ လက်ထိပ်များမှာ အဘိုး၏ မျက်နှာနှင့် ထိတွေ့လိုက်ချိန်တွင် ကျောက်ခဲတစ်လုံးကို ထိလိုက်ရသကဲ့သို့ပင်။

နှာခေါင်းဝတွင် စမ်းကြည့်လိုက်ပြန်ရာ အသက်ရှူသံ မရှိတော့ပေ။

"မဟုတ်ဘူး..."

လုလီ၏ အသံမှာ လည်ချောင်းထဲမှ အနိုင်နိုင် ထွက်ပေါ်လာပြီး အလွန်အမင်း တုန်ရီနေသည်။

သူသည် အဘိုး၏ ခန္ဓာကိုယ်ကို လှုပ်နှိုးကာ အော်ဟစ်ငိုယိုနေမိသည်။ အိပ်ပျော်နေသော အိမ်မက်တစ်ခုကို အတင်းအဓမ္မ နှိုးနေသကဲ့သို့ပင်။

"အဘိုး... နိုးပါဦး... ကျွန်တော် ပြန်လာပြီလေ... ကျွန်တော် ရှာတွေ့ခဲ့ပြီ၊ တကယ်ပါ၊ အဘိုးကို ကယ်နိုင်မယ့် အရိုးကို ကျွန်တော် ရှာတွေ့ခဲ့ပြီ..."

သူသည် ရင်ခွင်ထဲမှ မိစ္ဆာအရိုးကို ထုတ်ယူကာ အဘိုး၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ ရတနာတစ်ခုကို ဆက်သနေသကဲ့သို့ ငိုယိုကာ ပြောနေမိသည်။

"ကြည့်ပါဦး ကြည့်ပါဦးဗျာ... ဆေးဖက်ဝင်အပင်က အသက်ကယ်နိုင်

တယ်ဆို... ကျွန်တော် အပင်တော့ မတွေ့ခဲ့ဘူး၊ ဒါပေမဲ့ ဒါကို တွေ့ခဲ့တယ်ဒါက အပူပေးနိုင်တယ်၊ ဒါက ကျွန်တော့်ကို ကယ်ခဲ့တာ... ဒါက အဘိုးကိုလည်း ကျိန်းသေကယ်နိုင်မှာပါ..."

သို့သော် သူ အတော်ကြာအောင် စောင့်ခဲ့သော်လည်း ထိုသူမှာ မျက်လုံးပွင့်မလာသလို လှုပ်ရှားခြင်းလည်း မရှိပေ။

နံရံအက်ကြောင်းများမှ တိုးဝင်လာသော တောင်လေများသာ အဖိုးအို၏ ဆံပင်များကို လှုပ်ခတ်စေပြီး သူ၏ နောက်ဆုံးကျန်ရှိသော ကိုယ်အပူရှိန်ကို နှုတ်ဆက်နေသကဲ့သို့ပင်။

အိမ်ထဲတွင် အေးစက်ပြီး တိတ်ဆိတ်နေတော့သည်။

မိစ္ဆာအရိုးမှာ သူ၏ လက်ထဲတွင် အနည်းငယ် ပူနွေးနေပြီး သူ နောက်ကျသွားခြင်းကို သရော်နေသကဲ့သို့ ရှိသည်။

လုလီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဘိုးကို ရင်ခွင်ထဲ၌ ပွေ့ဖက်ထားပြီး ခေါင်းကို တဖြည်းဖြည်း မြှုပ်နှံထားလိုက်သည်။

သူ မငိုတော့ပေ။

မျက်ရည်များမှာ ခန်းခြောက်သွားပြီ ဖြစ်သည်။

အမှောင်ထုအတွင်း သူ၏ တိုးညင်းသော အသံသာ ပြတ်တောက်လျက် ထွက်ပေါ်နေတော့သည်။

"အားလုံး... သေကုန်ပြီ... အစ်ကိုကြီးတို့လည်း သေပြီ... အဘိုးလည်း ထွက်သွားပြီ..."

"ကျွန်တော့်မှာ... ဘာမှ မကျန်တော့ဘူး"

လုလီ တစ်ညလုံး မျက်စိမမှိတ်ခဲ့ပေ။

သူသည် အဘိုး၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်ကာ အိမ်ထောင့်တွင် ထိုင်နေပြီး အကြည့်များမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။

အိမ်ထဲတွင် လေတိုးသံနှင့် သူ၏ ရင်ဘတ်မှ အားနည်းသော နှလုံးခုန်သံသာ ရှိသည်။

မိုးလင်းလာခဲ့ပြီ။

နေရောင်ခြည်မှာ ပျက်စီးနေသော သစ်သားပြတင်းပေါက်မှတစ်ဆင့် ကျရောက်လာပြီး အိုမင်း၍ တောင့်တင်းနေသော ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။

သွေးညှီနံ့များမှာ အအေးဒဏ်အောက်တွင် ပျောက်ကွယ်သွားပြီး အိမ်ထဲတွင် သေခြင်းတရား၏ အနံ့အသက်သာ ကျန်ရှိတော့သည်။

"ဒေါက် ဒေါက် ဒေါက်"

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

အိမ်နီးချင်း အဒေါ်ဝမ်၏ အသံဖြစ်ပြီး ထုံးစံအတိုင်း စူးရှပြီး သံသယဖြစ်

ဖွယ် အသံမျိုး ဖြစ်သည်။ "လုအဘိုး သက်သာရဲ့လား ကျွန်မတို့ အိမ်က ခြံစည်းရိုးက ပြန်ပျက်နေပြန်ပြီ... လာပြီး ပြင်ပေးပါဦးလား..."

လုလီမှာ သတိလက်လွတ်ဖြင့် ထရပ်ကာ တံခါးဆီသို့ သွား၍ တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားသည့် ခဏတွင် အဒေါ်ဝမ်မှာ စကားပြောရန် ပြင်လိုက်သော်လည်း ခဏမျှ ကြောင်သွားပြီး မျက်နှာ ချက်ချင်း ပျက်သွားတော့သည်။

အိမ်ထဲရှိ အလောင်းကို မြင်လိုက်ရချိန်တွင် သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လုလီ၏ မျက်လုံးများကို အမြန်ကာပေးလိုက်သည်။

"အို... ဘုရားရေ... မင်းအဘိုး... သေသွားပြီပဲ"

ဤအော်ဟစ်သံကြောင့် ပတ်ဝန်းကျင်မှ လူများစွာ ရောက်ရှိလာကြသည်။

မကြာမီမှာပင် တံခါးဝ၌ ယောက်ျားများ၊ မိန်းမများနှင့် အခြေအနေကို လာကြည့်ကြသည့် ကလေးအချို့ဖြင့် ဝိုင်းနေတော့သည်။

"လုအဘိုး သေသွားပြီလား"

"အင်းလေ၊ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အိပ်ရာထဲက မထနိုင်ဘူးလို့ ကြားတာပဲ၊ အခုတော့..."

"ဒီကလေးက ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ နွားကြီးနဲ့ နွားလတ်ကော"

ထိုစကားကို ကြားလိုက်ရချိန်တွင် လုလီ၏ အသိစိတ်မှာ ပြန်လည် နိုးကြားလာပုံရသည်။

သူ ခေါင်းမော့လိုက်ပြီး အက်ကွဲ၍ တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးတို့... သေကုန်ပြီ"

လူတိုင်း မှင်တက်သွားကြသည်။

"ဘာ ဘယ်မှာ သေတာလဲ"

"မိစ္ဆာခေါင်းတောင်မှာ"

ဤစကားလုံး သုံးလုံး ထွက်ပေါ်လာသည်နှင့် မူလက သနားကြင်နာနေကြသော လေထုမှာ ခဏချင်းပင် အေးစက်သွားတော့သည်။

"မင်းတို့ ကလေးသုံးယောက်က မော်ထိုတောင်ကို သွားခဲ့ကြတာလား ရူးနေတာလား"

"အဲဒီနေရာက လူကြီးတွေတောင် မဝင်ရဲတဲ့ နေရာလေ"

"ရှင် ပြောတာ မဟုတ်လား ရှင်ပဲ အဲဒီတောင်ပေါ်မှာ ဆေးဖက်ဝင်အပင် ရှိတယ်လို့ ပြောခဲ့တာ မဟုတ်လား" အမျိုးသမီးတစ်ဦးက ရုတ်တရက် လှည့်ကြည့်ကာ သူမ၏ ယောက်ျားဖြစ်သူ၏ ခြေထောက်ကို ပြင်းထန်စွာ နင်းလိုက်သည်။

ထိုလူမှာ စိတ်မကောင်းစွာဖြင့် ခေါင်းငုံ့သွားပြီး စကားမပြောရဲပေ။

လူအုပ်ထဲမှ လူအချို့မှာ တိတ်တဆိတ် ထွက်ခွာသွားကြပြီး၊ အချို့က ခေါင်းခါလျက် သက်ပြင်းချကြကာ၊ အချို့ကမူ မျက်မှောင်ကြုတ်၍ ကျိန်ဆဲကြသည်။

"ဒီကလေးက... ကံတော်တော် ဆိုးတာပဲ၊ တစ်ယောက်တည်း ပြန်လာပြီး သုံးယောက်လုံးကို သေစေခဲ့တာပဲ"

"အဘိုးကလည်း ခုမှ သေတယ်၊ အစ်ကိုနှစ်ယောက်လည်း သေတယ်... ဒါက ထူးဆန်းမနေဘူးလား"

"သူ့နား မကပ်နဲ့၊ ဒီကလေးက မသန့်ရှင်းဘူး"

အမျိုးသမီးအချို့မှာ ကလေးများကို ဆွဲ၍ ထွက်သွားကြပြီး၊ အမျိုးသားအချို့မှာလည်း မျက်မှောင်ကြုတ်လျက် ခြံဝင်းမှ ဆုတ်ခွာသွားကြသည်။ အချို့ကမူ "ကျွန်တော်တို့ အရင်သွားလိုက်ပါဦးမယ်..." ဟု ဆိုကာ ကပျာကယာ ထွက်သွားကြသည်။

လုလီ စကားမပြောပေ။ လူအုပ်ကိုသာ စိုက်ကြည့်နေမိသည်။ ရုတ်တရက် သူသည် "ဗုန်း" ခနဲ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်။

သူသည် တံခါးဝတွင် ခေါင်းကို မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်၍ ဦးတိုက်လိုက်သည်။

"အားလုံးကို တောင်းပန်ပါတယ်... ကျွန်တော့်အစ်ကိုနှစ်ယောက်ရဲ့ အလောင်းတွေက တောင်ပေါ်မှာ ရှိနေသေးတယ်၊ မြေမမြှုပ်ရသေးဘူး... ဘယ်သူများ ကျွန်တော်နဲ့အတူ လိုက်ပြီး သူတို့ကို ပြန်သယ်ပေးနိုင်မလဲ... တောင်းပန်ပါတယ်..."

သူသည် အသက် (၁၁) နှစ်အရွယ် ကလေးတစ်ဦး ဖြစ်သော်လည်း ငိုပင်မငိုနိုင်တော့ဘဲ အသံမှာ အက်ကွဲ ပျက်စီးနေသည်။

"ကျွန်တော် တစ်ယောက်တည်း မသွားရဲလို့ပါ... တောင်းပန်ပါတယ်..."

သို့သော် သူ့အား ပြန်လည်တုံ့ပြန်သည်မှာ တဖြည်းဖြည်း နည်းပါးသွားသော ခြေသံများသာ ဖြစ်သည်။

လူအုပ်မှာ တဖြည်းဖြည်း လူချင်းကွဲသွားကြပြီ။

အချို့က ခေါင်းခါကြသည်၊ အချို့က သူ့ကို တစ်ချက် လှည့်ကြည့်ပြီးနောက် အကြည့်ကို ချက်ချင်း ပြန်လွှဲလိုက်ကြသည်၊ အချို့ကမူ နောက်ဆုံးတစ်ချက်ပင် မကြည့်ချင်တော့ဘဲ ခြေလှမ်းများကို အရှိန်မြှင့်၍ ထွက်သွားကြသည်။

၎င်းမှာ မိစ္ဆာခေါင်းတောင် ဖြစ်သည်။

ဘယ်သူက ပြန်သွားဝံ့မှာလဲ လူသေတွေအတွက်နဲ့ ဘယ်သူက မိမိအသက်ကို သဒ္ဓါတရား တစ်ခုတည်းအတွက်နဲ့ ရင်းဝံ့မှာလဲ။

ရွာထိပ်တွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ပြီး၊ ရင်းနှီးသော်လည်း အေးစက်သော ကျောပြင်များကို ကြည့်ကာ မြေပေါ်တွင် ဒူးထောက် ဦးတိုက်နေမိသည်။

နဖူးမှ သွေးများ ထွက်လာသော်လည်း သူ မရပ်တန့်ပေ။

နေရောင်ခြည်မှာ သူ၏ ကိုယ်ပေါ်သို့ ဖြာကျနေပြီး နွေးထွေးမှုမှာ အရေပြားကို ဖောက်ထွက်သွားသော်လည်း ရင်ထဲမှ အေးစက်နေသော သွေးများကိုမူ နွေးထွေးအောင် မလုပ်နိုင်ပေ။

လူအုပ်ကွဲသွားပြီးနောက် နေရောင်မှာ မှိန်ဖျော့လာကာ ခြံရှေ့တွင် ပျက်စီးနေသော တံခါးနှင့် သွေးစက်များသာ ကျန်ရစ်သည်။

ဤတိတ်ဆိတ်မှုအတွင်း နုနယ်သော အသံတစ်ခုက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"အဘိုး... အဘိုး... သူက သနားစရာကောင်းလိုက်တာ၊ သူ့ကို ကူညီပေးပါလား..."

လုလီ ခေါင်းမော့ကြည့်လိုက်ရာ တံခါးဝတွင် မည်သည့်အချိန်က ရောက်နေသည်မသိသော အဖိုးအိုတစ်ဦးနှင့် ကလေးမလေးတစ်ဦးကို တွေ့လိုက်ရသည်။

အဖိုးအိုမှာ မီးခိုးရောင်သန်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး မြင်းမှီးယပ်ကို ကိုင်ဆောင်ထားကာ မျက်နှာမှာ လောကဓံ၏ အတွေ့အကြုံများကြောင့် တည်ငြိမ်နေသည်။

သူ၏ ဘေးမှ ကလေးမလေးမှာမူ ကြွေရုပ်ကလေးတစ်ရုပ်ကဲ့သို့ လှပပြီး မျက်လုံးများမှာ ကြည်လင်နေကာ အဝတ်အစားများမှာလည်း ဖုန်တစ်စက်မျှ မပေကျံဘဲ ဤစုတ်ပြတ်နေသော ရွာကလေးနှင့် လုံးဝ လိုက်ဖက်မှု မရှိပေ။

လုလီ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။

သူ ဤတောင်တောထဲတွင် ဤမြေးအဘိုး နှစ်ဦးကို တစ်ခါမျှ မမြင်ဖူးချေ။ သူတို့သည် တစ်နေရာရာမှ ဖြတ်သွားသူများနှင့် တူသော်လည်း သာမန်လူသားများနှင့်မူ မတူပေ။ အဖိုးအို၏ ကိုယ်ပေါ်တွင် လောကီအငွေ့အသက် တစ်စက်မျှ မရှိဘဲ သူ၏ အမူအရာမှာ မထုတ်ဘဲနှင့်ပင် ခန့်ညားလှရာ၊ ရွာထဲက လူကြီးများ ပြောလေ့ရှိသည့် ကျင့်ကြံသူ များပင် ဖြစ်နိုင်ချေ ရှိသည်။

အဖိုးအိုက လုလီကို စိုက်ကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ဖြည်းညင်းစွာ မေးသည်။

"နေပါဦး... မင်းရဲ့ အစ်ကိုနှစ်ယောက်က မိစ္ဆာခေါင်းတောင်မှာ သေသွားတာလား"

လုလီ ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်လုံးထဲ၌ အရေးတကြီး မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

သူသည် ပင်ကိုယ်ဗီဇအရ ရင်ခွင်ထဲသို့ လက်လှမ်းလိုက်မိသည် အဝတ်စုတ်ဖြင့် ပတ်ထားသော မိစ္ဆာအရိုးမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး သူ၏ ရင်ဘတ်နှင့် ထိကပ်ကာ အနည်းငယ် ပူနွေးနေသည်။

သူသည် ၎င်းကို ထုတ်ပြလိုက်ချင်စိတ်ပင် ပေါက်သွားသည်။

ဤအဖိုးအိုသာ တောင်ပေါ်သို့ လိုက်ပေးမည်ဆိုလျှင်... ၎င်းနှင့် လဲလှယ်ရမည်ဆိုလျှင်ပင် တန်ပါသည်။

သို့သော် သူ၏ လက်မှာ အင်္ကျီအတွင်းသို့ ရောက်သွားချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။

ထိုလိုဏ်ဂူအတွင်း၌ လူသားမဟုတ်သကဲ့သို့ လှပသော အမျိုးသမီးသည် သေခါနီးအထိ ဤအရိုးကို အသည်းအသန် ကာကွယ်ခဲ့သည်။

သူမသည် ဆယ်နှစ်တိုင်တိုင် ပိတ်လှောင်ခံထားရပြီး လျှာအဖြတ်ခံရ၊ ဝမ်းဗိုက်အဖောက်ခံရသည့်တိုင် လက်မလွှတ်ခဲ့ပေ။

ဤအရာမှာ သာမန်အရာ မဟုတ်သည်မှာ သေချာသည်။

ရှေ့မှ အဖိုးအိုသည် နတ်ဘုရားလော မိစ္ဆာလော သူ လုံးဝ မခန့်မှန်းနိုင်ပေ။ အကယ်၍ ဤအရာကို လိုချင်သဖြင့် သူ့ကို သတ်ပစ်မည်ဆိုလျှင် အစ်ကိုဖြစ်သူ၏ အလောင်းကိုပင် ပြန်မရနိုင်တော့ဘဲ ဖြစ်သွားမည် မဟုတ်ပါလား။

လုလီ၏ လက်ချောင်းများမှာ ရင်ခွင်ထဲမှ ဖြည်းညင်းစွာ ပြန်လည်ဆုတ်ခွာသွားပြီး ခေါင်းငုံ့ကာ အကြည့်များ မှိန်ဖျော့သွားသည်။ သို့သော် ချက်ချင်းပင် "ဗုန်း" ခနဲ ဒူးထောက်ကာ ခေါင်းကို မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်၍ ဦးတိုက်လိုက်ပြန်သည်။

"တောင်းပန်ပါတယ်... ကျွန်တော့်အစ်ကိုနှစ်ယောက်ရဲ့ အလောင်းတွေက မိစ္ဆာခေါင်းတောင်ပေါ်မှာ ရှိနေတုန်းပါ... ဘယ်သူမှ မသွားရဲကြဘူး၊ ကျွန်တော် တစ်ယောက်တည်းလည်း... ပြန်မသယ်နိုင်လို့ပါ..."

သူသည် အလွန်တိုးညင်းစွာ ပြောသော်လည်း အလွန်ပင် စစ်မှန်လှသည်။

ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနှင့် သတိကြီးစွာ ထားရှိမှုတို့မှာ အသက် (၁၁)နှစ်အရွယ် ကလေးငယ်၏ သေးငယ်သော ခန္ဓာကိုယ်အတွင်း ရောယှက်နေပြီး ဦးတိုက်သံများအဖြစ် ထွက်ပေါ်နေတော့သည်။

မြေပြင်ပေါ်ရှိ ကျောက်ပြားမှာ သွေးများဖြင့် နီရဲနေပြီး သူ၏ နောက်ကွယ်ရှိ အလောင်းရှိရာ အိမ်ကလေးမှာမူ တိတ်ဆိတ်ငြိမ်သက်နေသည်။

📝အပိုင်း - ၆ မိစ္ဆာခေါင်းတောင်သို့ တစ်ကျော့ပြန်

ဘာသာပြန် - Na Gar🐉

"လာခဲ့တော့"

အဖိုးအိုက နောက်ဆုံးတွင် စကားပြောလာသည်။ သူ၏လေသံမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး အရေးမပါတော့သော ကိစ္စအသေးအမွှားတစ်ခုကို ခိုင်းစေနေသကဲ့သို့ပင်။

လုလီ သည် တွားသွားလျက် ပြေးသွားပြီး သူ၏မျက်လုံးများတွင် မျက်ရည်များ ဝေ့တက်လာသည်။ နောက်ဆုံးကျန်ရှိသော ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ပင်။

အဖိုးအိုသည် ခြောက်သွေ့ဖြူလျော့နေသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လုလီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ဖဝါးမှာ အေးစက်လှပြီး သံကွင်းတစ်ခုကဲ့သို့ တင်းတင်းကြပ်ကြပ် ရှိလှသည်။

သူသည် မျက်လုံးများကိုမှိတ်ကာ ခဏမျှ ငြိမ်သက်သွားပြီး တစ်စုံတစ်ခုကို အာရုံခံနေပုံရသည်။ ခဏအကြာတွင် မျက်လုံးများကို အသာအယာဖွင့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"မဆိုးဘူး နတ်အရိုး ရှိတာပဲ။ နတ်အရိုးတွေထဲမှာ အောက်ဆုံးအဆင့်ပဲ ဆိုပေမဲ့ မင်းရဲ့ သိတတ်တဲ့စိတ်ကို ချီးကျူးရမယ်၊ စိတ်ဓာတ်လည်း တော်တော်လေး ခိုင်မာတာပဲ"

သူက အနည်းငယ် ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။

"မင်းသာ ငါနဲ့အတူ ဂိုဏ်းကိုလိုက်ပြီး ကျင့်ကြံမယ်ဆိုရင်၊ ငါ မင်းကို မင်းရဲ့ အစ်ကိုနှစ်ယောက် အလောင်းရှိတဲ့နေရာဆီ ခေါ်သွားပေးမယ်"

လုလီသည် စဉ်းစားပင်မနေတော့ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "လိုက်ပါမယ် ကျွန်တော် လိုက်ပါမယ်"

ဤခဏတွင် သူ အလိုချင်ဆုံးမှာ အစ်ကိုဖြစ်သူများကို ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ရန်သာ ဖြစ်သည်။

အဖိုးအိုက ဘာမှထပ်မပြောတော့ဘဲ လက်တစ်ဖက်ဖြင့် သူ၏ဘေးမှ ကြွေရုပ်ကလေးကဲ့သို့ လှပသော ကလေးမလေးကို ပွေ့ချီလိုက်ကာ အခြားလက်တစ်ဖက်ဖြင့် လုလီ၏ လက်ကောက်ဝတ်ကို ထပ်မံဆုပ်ကိုင်လိုက်သည်။

သူ၏ ပါးစပ်မှ မန္တန်တစ်ခုကို တိုးညင်းစွာ ရွတ်ဆိုလိုက်သည်။

"လေကိုအုပ်စိုးသော ဓား... ထွက်ပေါ်လာစေ"

"ဝုန်း" ဟူသော အသံနှင့်အတူ သုံးပေရှည်သော ဓားတစ်စင်းမှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။ ငွေရောင်အလင်းတန်းများမှာ ရေကဲ့သို့ စီးဆင်းနေပြီး ဓားပေါ်ရှိ အက္ခရာစာလုံးများမှာ သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားနေသည်။

အဖိုးအိုသည် ဓားပေါ်သို့ တက်လိုက်ပြီး သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

"ဘုန်း..."

ဓားအလင်းမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ပြင်းထန်သော လေတိုးသံမှာ ဓားပေါင်းသောင်းခြောက်ထောင်ဖြင့် ခန္ဓာကိုယ်ကို ခြစ်ထုတ်နေသကဲ့သို့ ခံစားရစေရာ လုလီမှာ နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး စုတ်ပြဲသွားမတတ်ပင်။

ပုရွက်ဆိတ်ပေါင်းများစွာက အရေပြားပေါ်တွင် ကိုက်ခဲနေပြီး အရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်ကာ အတွင်းကလီစာများပါ ဆူပွက်နေသကဲ့သို့ ခံစားရသည်။

ထိုစဉ် သူ မျက်လုံးဖွင့်၍ ပြင်းထန်သော နာကျင်မှုကို အောင့်အည်းကာ ကြည့်လိုက်ရာ...

အဖိုးအိုနှင့် ကလေးမလေး၏ ပတ်ပတ်လည်တွင် နွေးထွေးသော ရွှေရောင်အလင်းတံတိုင်းတစ်ခု ကာရံထားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ နတ်ဘုရားတို့၏ အကာအကွယ်ကဲ့သို့ဖြစ်ပြီး လေနှင့် ဖုန်မှုန့်များပင် တိုးမပေါက်ချေ။

သူတို့နှစ်ဦးမှာ တည်ငြိမ်အေးဆေးစွာဖြင့် တစ်ဦးက မျက်လုံးမှိတ်၍ အနားယူနေကာ တစ်ဦးကမူ ကောင်းကင်ကို ငေးကြည့်နေသည်မှာ လေကိုစီး၍ ခရီးနှင်နေသော နတ်သားသူများအလား။

မိမိဘက်တွင်မူ မည်သည့်အကာအကွယ်မျှမရှိဘဲ ဓားသွားကဲ့သို့ ထက်မြက်သော လေများကို တိုက်ရိုက်ခံစားနေရသည်။

"အိပ်မပျော်သွားစေနဲ့ဦး"

နားထဲသို့ အဖိုးအို၏ အေးစက်သော စကားသံတစ်ခွန်း ဝင်ရောက်လာသည်။ သူ၏လေသံမှာ အေးစက်လှပြီး လှည့်ပင်ကြည့်မလာပေ။

"အိပ်ပျော်သွားရင် သေလိမ့်မယ်"

လုလီ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး နှုတ်ခမ်းများ ဖြူလျော့သွားကာ ရင်ထဲတွင် ထိတ်လန့်သွားသော်လည်း အံကိုတင်းတင်းကြိတ်ကာ မျက်လုံးများကို အတင်းဖြဲ၍ ကြည့်နေမိသည်။

သူ အသံမထွက်ဝံ့သလို နာကျင်သည်ဟုလည်း မအော်ဝံ့ပေ။

ဤခဏတွင်မှ သူ နားလည်လိုက်သည်မှာ...

ကျင့်ကြံသူ ဆိုသူများမှာ အားလုံး ကြင်နာတတ်သူများ မဟုတ်ကြပေ။

လေထဲတွင် သူသည် ဓားသွားအောက်မှ အဝတ်စုတ်တစ်ခုကဲ့သို့ တွဲလောင်းကျနေသော်လည်း၊ ကြွေရုပ်ကလေးကဲ့သို့ ကလေးမလေးမှာမူ အဝတ်စတစ်စပင် မလှုပ်ဘဲ တည်ငြိမ်နေသည်။

အဖိုးအိုက သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။

ဤကလေးမှာ သူ၏အစီအစဉ်အတွက် ခဏတဖြုတ် ကောက်ယူလိုက်သော ကျောက်ခဲတစ်လုံးမျှသာ ဖြစ်ပြီး၊ မြေပြင်ပေါ်သို့ အသက်ရှင်လျက် ဆင်းနိုင်မနိုင်ဆိုသည်မှာ သူ့အတွက် အရေးမကြီးပုံရသည်။

လုလီမှာမူ ရင်ခွင်ထဲရှိ အဝတ်ထုပ်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။

"အစ်ကိုကြီး... ကျွန်တော့်ကို ခဏစောင့်ဦး ကျွန်တော် လာနေပြီ... အစ်ကိုကြီးတို့ကို ကျိန်းသေ အိမ်ပြန်ခေါ်သွားပေးမယ်"

ဓားပျံသည် လေကိုခွင်း၍ ပျံသန်းနေသည်။

မည်မျှကြာအောင် ပျံသန်းခဲ့သည်မသိ၊ မိုးချုပ်လာပြီး အအေးဒဏ်မှာ ပိုမိုပြင်းထန်လာသည်။

အဖိုးအိုက ရုတ်တရက် အေးစက်သော အသံဖြင့် မေးလိုက်သည်။

"ဘယ်နေရာကနေ တောင်ထဲဝင်ခဲ့တာလဲ မင်း မှတ်မိလား"

လုလီ ကပျာကယာ ပြန်ထူးလိုက်ပြီး အောက်ဘက်ရှိ တောင်တန်းကြီးများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"ဟိုဘက်က တောင်နံရံကနေပါ... ကျွန်တော်တို့ အဲဒီကျောက်တန်းအတိုင်း တက်လာပြီး ဟိုနေရာအထိ..."

သူ၏လက်ညှိုးမှာ တောင်ခါးပန်းရှိ ချိုင့်ဝင်နေသော ကျောက်နံရံတစ်ခုဆီသို့ ရောက်သွားသည်။ ထိုနေရာမှာ သူနှင့် သူ၏အစ်ကိုများ ဝင်ခဲ့သော ဂူပေါက်ရှိသည့် နေရာပင် ဖြစ်သည်။

"အဲဒီ ဂူပေါက်လေးထဲကနေ ဝင်သွားတာလား"

"ဟုတ်ကဲ့ ဂူက အရမ်းကျဉ်းတော့ ကျွန်တော်တို့ ကလေးတွေပဲ တွားဝင်လို့ရတာပါ... ဒါပေမဲ့ အနားမှာ တခြားဝင်ပေါက်တွေ ရှိဦးမယ်လို့ ထင်ပါတယ်၊ အရင်က မြေဘီလူးတွေ ဝင်ထွက်နေတာ မြင်ခဲ့ရလို့ ဒီတစ်ခုတည်းတော့ မဟုတ်နိုင်ပါဘူး..."

အဖိုးအိုသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ တစ်ချက်လက်သွားပြီး ခဏမျှ ငြိမ်သက်သွားကာ ဓားပျံကို ထိုတောင်ခါးပန်းအနားတွင် ဝေ့ဝဲ၍ ဆင်းသက်လိုက်သည်။

သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအား များက ချုံနွယ်ပိတ်ပေါင်းများကို ဖယ်ရှားပစ်လိုက်သည်။ မကြာမီမှာပင် မလှမ်းမကမ်းရှိ မြက်ပင်များကြားတွင် ပိုမိုကျယ်ဝန်းသော အခြားဂူပေါက်တစ်ခုကို တွေ့ရှိလိုက်ရသည်။

ထိုဂူပေါက်မှာ သိပ်မကြီးသော်လည်း ကျောက်တုံးများနှင့် သစ်ကိုင်းခြောက်များဖြင့် သေသေချာချာ ဖုံးအုပ်ထားသဖြင့် သတိမထားပါက ရှာတွေ့ရန် အလွန်ခက်ခဲလှသည်။

အဖိုးအိုသည် တမင်တကာ ဖုံးကွယ်ထားသော ထိုဂူပေါက်ကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"စိတ်ဝင်စားစရာပဲ"

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လုလီ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူ့ကို ဂူထဲသို့ အတင်းတွန်းချလိုက်တော့သည်။

လုလီမှာ မမျှော်လင့်ဘဲ အရှိန်ဖြင့် လဲကျသွားပြီး စိုစွတ်နေသော ဂူနံရံနှင့် ပြင်းထန်စွာ ရိုက်မိကာ နာကျင်လွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရသော်လည်း အသံတစ်စက်မျှ မထွက်ဝံ့ပေ။

သူ၏ နောက်ကွယ်တွင် လေအေးတစ်ချက် တိုက်ခတ်သွားသည်။

အဖိုးအိုသည် ကလေးမလေးကို ပွေ့ချီလျက် ဂူထဲသို့ လိုက်ဝင်လာပြီး ဓားပျံမှာ လေထဲတွင် တိတ်ဆိတ်စွာ ကွယ်ပျောက်သွားတော့သည်။

ပတ်ဝန်းကျင်မှာ ချက်ချင်းပင် မှောင်အတိကျသွားပြီး လေးလံသော ဖိအားများ ခံစားရစေသည်။ ဂူအတွင်းပိုင်းမှ လေအေးများ တိုက်ခတ်လာပြီး တစ်စုံတစ်ဦးက နက်ရှိုင်းသော နေရာတွင် အံကြိတ်၍ တိုးတိုးလေး ပြောဆိုနေသကဲ့သို့ပင်။

အဖိုးအိုသည် အမှောင်ထဲတွင် ရပ်နေပြီး လုလီကို ငုံ့ကြည့်ကာ အေးစက်သော စကားလုံးနှစ်လုံးကို ပြောလိုက်သည်။

"လမ်းပြ"

ထိုလေသံမှာ ငြင်းဆန်ရန် မဖြစ်နိုင်ဘဲ တိရစ္ဆာန်တစ်ကောင်ကို အမိန့်ပေးနေသည့်အလား။

လုလီ ခေါင်းငုံ့၍ ပြန်ထူးလိုက်သည်။ ရင်ထဲတွင် ကြောက်ရွံ့နေသော်လည်း မတုံ့ဆိုင်းဝံ့ဘဲ အံကိုတင်းတင်းကြိတ်ကာ မှတ်မိသမျှ လမ်းကြောင်းအတိုင်း တုန်တုန်ရီရီဖြင့် လျှောက်လှမ်းသွားတော့သည်။

မှောင်မည်းနေသော လိုဏ်ဂူကြီးမှာ သားရဲတစ်ကောင်၏ ပါးစပ်ကြီးကဲ့သို့ ပြန်လည်ပွင့်ဟလာပြီး သူတို့ကို တစ်ဦးပြီးတစ်ဦး ဝါးမြိုပစ်လိုက်ပြန်သည်။

မည်မျှကြာအောင် လျှောက်ခဲ့သည်မသိ၊ စိုစွတ်နေသော ဂူလမ်းမှာ ရုတ်တရက် ကွေ့သွားပြီး ရှေ့တွင် ကျယ်ဝန်းသော နေရာတစ်ခု ပေါ်လာသည်။

ကြီးမားပြီး ဟာလာဟင်းလင်း ဖြစ်နေသော လိုဏ်ဂူကြီးတစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။ ဂူအမိုးမှ တွဲလောင်းကျနေသော ကျောက်စက်များမှာ တစ္ဆေမီးအိမ်များကဲ့သို့ ဝါဖျော့ဖျော့ အေးစက်သော အလင်းတန်းများဖြင့် ဂူအတွင်းရှိ အရာအားလုံးကို လင်းထိန်စေသည်။

အလောင်းများမှာ မြေပြင်အနှံ့ ပျံ့နှံ့နေပြီး သွေးများမှာ ခြောက်သွေ့နေကာ လေထုထဲတွင် ပုပ်စော်နံသော အနံ့အသက်များ ကျန်ရှိနေဆဲ ဖြစ်သည်။

အဖိုးအိုသည် ဂူထဲသို့ ဝင်လိုက်သည်နှင့် သူ၏မျက်လုံးများမှာ သွေးမြင်လိုက်ရသော အမဲလိုက်ခွေးတစ်ကောင်ကဲ့သို့ ချက်ချင်း တောက်ပလာသည်။

"တကယ်ပဲ တစ်ခုခု ရှိနေတာပဲ... ဒီလောက်ပြင်းထန်တဲ့ အလောင်းပုပ်နံ့ဆိုရင် သေတဲ့သူက သာမန်လူတွေတင် မဟုတ်လောက်ဘူး"

ပြောပြောဆိုဆိုဖြင့် သူသည် သူ၏နောက်ကွယ်မှ ကလေးမလေးကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ရှန်းအာ... သမီး ဒီမှာပဲ စောင့်နေနော်၊ အဘိုးက ဒီကောင်လေးနဲ့အတူ အထဲဝင်ကြည့်ပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"

ရှန်းအာက နှုတ်ခမ်းဆူကာ မကျေမနပ် ပြောသည်။

"သမီးလည်း လိုက်ချင်တာပေါ့... အဘိုးက လူလိမ်ကြီး..."

အဖိုးအိုက လေသံကို အသာအယာပြောင်းကာ အတော်ကြာအောင် ဖျောင်းဖျပြီးမှ သူမကို ဂူဝတွင် ရပ်စောင့်နေစေခဲ့သည်။ သူ လှည့်လိုက်သည့်အချိန်တွင် အကြည့်များမှာ ချက်ချင်းပင် ပြန်လည် အေးစက်သွားတော့သည်။

"သွားမယ်"

သူသည် လုလီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အလောင်းပုံများကြားသို့ တစ်လှမ်းချင်း တိုးဝင်သွားသည်။

မကြာမီမှာပင် သူသည် တောင်ကဲ့သို့ ကြီးမားလှသော အသားစိမ်း မိစ္ဆာအလောင်းကြီးဘေးသို့ ရောက်ရှိသွားသည်။ ၎င်းမှာ မြေဘီလူးဘုရင်ပင် ဖြစ်သည်။

အဖိုးအိုသည် ဒူးထောက်ထိုင်ချလိုက်ကာ အကြည့်များမှာ ရက်စက်လှပြီး မြေဘီလူးဘုရင်၏ ခြောက်သွေ့နေသော ပါးပြင်ကို လက်ဖြင့် တစ်ချက်ပုတ်လိုက်သည်။

"နှစ်ပေါင်းတစ်ရာ ကျင့်ကြံမှုရှိတဲ့ မြေဘီလူးဘုရင်ပဲ... ဒါက သာမန်အရာ မဟုတ်ဘူး"

သူက အသာအယာ ပြုံးလိုက်ပြီး ညာဘက်လက်ချောင်းကို ဓားကဲ့သို့ အသုံးချကာ အရှိန်ဖြင့် ခုတ်ချလိုက်သည်။

"ဖတ်..."

မြေဘီလူးဘုရင်၏ ဦးခေါင်းခွံမှာ အလယ်မှ ကွဲထွက်သွားပြီး သွေးမည်းများ စီးထွက်လာကာ မှင်ကဲ့သို့ မည်းနက်နေသော်လည်း မှေးမှိန်သော အလင်းရောင် ထွက်ပေါ်နေသည့် အစိုင်အခဲတစ်ခု ထွက်ကျလာပြီး အဖိုးအို၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားသည်။

အဖိုးအိုသည် ၎င်းကို မယူ၍ အသေအချာ ကြည့်ရှုပြီးနောက် မျက်နှာတွင် ဖုံးကွယ်၍မရသော ဝမ်းသာမှုများ ပေါ်လာသည်။

"ဟားဟား... တစ္ဆေဝိညာဉ်အမြုတေ ပဲနှစ်တစ်ရာသက်တမ်းရှိတဲ့ အလောင်းဘုရင်ဆီကနေ ရတဲ့ ယင်ဓာတ်သန့်စင်တဲ့ အမြုတေပဲ၊ ကောင်းကင်ကပေးတဲ့ လက်ဆောင်ပဲ"

သူသည် ဝမ်းသာအားရ ဖြစ်နေစဉ် အကြည့်တစ်ချက် ဝေ့လိုက်ရာ မလှမ်းမကမ်းရှိ ပျက်စီးနေသော အမျိုးသမီး အလောင်းကို မြင်လိုက်ရပြန်သည်။

သွေးများ ခြောက်သွေ့နေပြီး အသားများမှာ ကွဲအက်ကာ ဝတ်လစ်စလစ် ဖြစ်နေသလို ခြေလက်များမှာလည်း ပြတ်တောက်နေပြီး မျက်နှာမှာလည်း မသဲမကွဲ ဖြစ်နေသည်။

အဖိုးအို၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားပြီး ရှေ့သို့ တစ်လှမ်းတက်ကာ ဟိန်းဟောက်လိုက်သည်။

"သူမကို လှန်လိုက် ငါ့ကိုသူမရဲ့မျက်နှာ ပြစမ်း"

လုလီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခြေလက်များ အေးစက်သွားသော်လည်း မငြင်းဆန်ဝံ့ဘဲ တစ်လှမ်းချင်း လျှောက်သွားသည်။

သူသည် အံကိုတင်းတင်းကြိတ်ကာ ထိုအလောင်းကို ခက်ခဲစွာဖြင့် လှန်ပေးလိုက်ရသည်။

ထိုခဏတွင် ပျက်စီးနေသော အသွေးအသားများကြားမှ ပေါ်ထွက်လာသည်မှာ ပျက်စီးနေသော်လည်း လှပဆဲဖြစ်သည့် မျက်နှာတစ်ခု ဖြစ်သည်။

ထိုကွယ်ပျောက်နေပြီဖြစ်သော နီရဲသည့် မျက်လုံးများထဲတွင် ထူးဆန်းသော အရှိန်အဝါများ ကျန်ရှိနေဆဲပင်။

အဖိုးအိုသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အံ့ဩတကြီး ပြောလိုက်သည်။

"ဒါ... ချိုးယွဲ့နတ်သမီး ပါလား"

သူ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး အလောင်းဆီသို့ အပြေးသွားကာ လက်နှစ်ဖက်ဖြင့် သွေးများ ပေကျံနေသည်ကို ဂရုမစိုက်ဘဲ အလောင်း၏ ခါး၊ အင်္ကျီလက်နှင့် လည်ပင်းတို့တွင် အလျင်အမြန် လိုက်လံ ရှာဖွေတော့သည်။

"သိုလှောင်အိတ်ကော... သူမရဲ့ သိုလှောင်အိတ်က ဘယ်မှာလဲ"

သူ၏အသံမှာ အေးစက်လာပြီး လှုပ်ရှားမှုများမှာ ပိုမို အရေးတကြီး ဖြစ်လာသည်။

သို့သော် အတော်ကြာအောင် ရှာသော်လည်း ဘာမှမတွေ့ပေ။

သူ၏အကြည့်မှာ ဘေးနားရှိ လုလီထံသို့ ရုတ်တရက် ရောက်ရှိသွားပြီး အေးစက်လှသော ဖိအားများ ထွက်ပေါ်လာသည်။

"မင်း... သူမရဲ့ ပစ္စည်းတွေကို ယူထားတာလား"

လုလီ ခဏမျှ ကြောင်သွားပြီး မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

"ကျွန်တော်... သိုလှောင်အိတ်ဆိုတာ ဘာလဲဆိုတာတောင် မသိပါဘူး..."

"ဟန်ဆောင်နေတာလား"

အဖိုးအို၏ အသံမှာ လုံးဝ အေးစက်သွားပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။

"နောက်တစ်ခေါက် ထပ်မေးမယ်၊ အဲဒီ သိုလှောင်အိတ်က ဘယ်ရောက်သွားတာလဲ မပြောရင် ငါ မင်းကို သတ်ပစ်မယ်"

သူသည် မတ်တတ်ရပ်လိုက်ပြီး သူ၏ အရှိန်အဝါမှာ တောင်တစ်လုံးကဲ့သို့ ဖိနှိပ်ထားတော့သည်။

ဤခဏတွင် သူ၏အစ်ကိုများ အလောင်းကို ပြန်သယ်ပေးမည်ဟု ကတိပေးထားသော "ကျင့်ကြံသူ" ဆိုသူမှာ ထိုကတိများကို ကောင်းကင်ယံသို့ လွှင့်ပစ်လိုက်ပြီ ဖြစ်သည်။

လုလီ ချက်ချင်းပင် နားလည်လိုက်သည်မှာ...

ဤလူသည် အစကတည်းက သူ့ကို ကူညီရန်သက်သက် လာခဲ့ခြင်း မဟုတ်ပေ။

သူသည် ကူညီချင်ယောင်ဆောင်နေသော်လည်း လက်တွေ့တွင်မူ အကွက်ချ စီစဉ်နေခြင်းသာ ဖြစ်သည်။

All Chapters