← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

📝အပိုင်း - ၁၀ မိုးနှင့်မြေ

ဘာသာပြန် - Na Gar🐉

သာမန်အရိုးရှိသူများ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်နှင့်အမျှ ဂိုဏ်းတံခါးဝတစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်လာသည်။

ဝါနတ်အရိုး ဆယ်ဂဏန်းခန့် ဆက်တိုက် စစ်ဆေးတွေ့ရှိပြီးနောက် ကွင်းပြင်အတွင်းရှိ အငွေ့အသက်မှာ စတင် တင်းမာလာတော့သည်။ ဝါနတ်အရိုးမှာ အဆင့်နိမ့်သော်လည်း ဝင်ခွင့်အရည်အချင်း ရှိပေရာ သူတို့ကို တောင်တက်လမ်း၏ ဘေးတစ်ဖက်သို့ ခေါ်ဆောင်သွားပြီး အဝါရောင်ဝတ်တပည့်များက ဒုတိယအဆင့် စမ်းသပ်ပွဲအတွက် ဘေးနန်းဆောင်တွင် စောင့်ဆိုင်းရန် ပို့ဆောင်ပေးကြသည်။

အခြားတစ်ဖက်တွင်မူ အရေအတွက် အလွန်နည်းပါးသော နက်မှောင်နတ်

အရိုး အုပ်စုမှာ သီးသန့်တန်းစီရပ်နေကြပြီး လူတစ်ယောက် ပေါ်လာတိုင်း တိုးတိုးတိုးတိုးဖြင့် ပြောဆိုသံများ ထွက်ပေါ်လာတတ်သည်။

ရုတ်တရက် အရိုးစစ်ဆေးခြင်း သံလိုက်အိမ်မြှောင်ရှေ့တွင် ဝိညာဥ်အလင်းတန်းများ ဖြာထွက်လာပြီး ကလေးငယ် နှစ်ဦး ရှေ့သို့ လှမ်းတက်လာသည်။ မိန်းကလေးမှာ ဆီးနှင်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် ကြည်လင်သော မျက်ဝန်းများ ရှိရာ ပေါ်လာသည်နှင့် လူအများ၏ အာရုံကို ဖမ်းစားလိုက်သည်။ သူမမှာ တုံရှန်း ပင် ဖြစ်၏။

သူမသည် သံလိုက်အိမ်မြှောင်ရှေ့သို့ ငြိမ်သက်စွာ လျှောက်သွားပြီး မဆိုင်းမတွဘဲ လက်ကို တင်လိုက်သည်။

"ဝုန်း..."

သံလိုက်အိမ်မြှောင်ပေါ်တွင် စူးရှတောက်ပသော စိမ်းရွှေရောင် ဝိညာဥ်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်သော ဝိညာဥ်ဖိအားတစ်ခု ဝုန်းခနဲ ပျံ့နှံ့သွားရာ ပတ်ဝန်းကျင်ရှိ အဝါရောင်ဝတ်တပည့်များမှာ နောက်သို့ တစ်လှမ်း ဆုတ်သွားရသည်။ အဝေးမှ အတွင်းစည်းတပည့် ကိုယ်စားလှယ်များပင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားကြတော့သည်။

စစ်ဆေးနေသော တပည့်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒုတိယအဆင့် မြေနတ်အရိုး"

တစ်ကွင်းလုံး ပွက်ပွက်ညံသွားတော့သည်။ မြေနတ်အရိုးဆိုသည်မှာ မည်မျှကြာမှ တစ်ယောက် ပေါ်ထွက်လာမှန်း မသိရဘဲ ပါရမီနှင့် အလားအလာမှာ ထိပ်တန်းအဆင့်သို့ နီးကပ်နေသော နတ်အရိုး ဖြစ်သည်။

ချီကွမ်ကျီ၏ မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာပြီး ခေါင်းကို တရစပ် ညိတ်လျက်...

"ကောင်းတယ်၊ ကောင်းတယ်၊ တကယ်ကို ကောင်းတယ်... ဒီနေ့ ငါတို့ ဟွမ်ရှန်းဂိုဏ်းအတွက် ကံကောင်းမှု့ကြီးပဲ"

သူက လက်ကို ဝှေ့ယမ်းကာ တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"ဒီကလေးမလေးရဲ့ ပါရမီက ထူးချွန်လို့ နောက်ဆက်တွဲ စမ်းသပ်ပွဲတွေ ဖြေဆိုဖို့ မလိုတော့ဘူး။ တိုက်ရိုက် အပြင်စည်းတပည့် အဖြစ် သတ်မှတ်လိုက်မယ်"

စကားဆုံးသည်နှင့် တောင်ထွတ်လေးခုမှ ကိုယ်စားလှယ်များမှာ ယမ်းပုံထဲ မီးကျသကဲ့သို့ ချက်ချင်းပင် ဆူညံသွားကြသည်။

ကျောက်ချုံယွမ်က အရင်ဆုံး ရှေ့သို့ တက်လာပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

"ဒီညီမလေးရဲ့ အကြည့်တွေက ကြည်လင်ပြီး အရိုးထဲမှာ မီးဓာတ်ပါတယ်။ ငါတို့ လမ်းစဥ်ခြောက်သွယ်တောင်ထွတ် က ခန္ဓာကိုယ်ကျင့်စဉ်မှာ အရမ်းတော်တာ။ မင်းလို နတ်အရိုးမျိုးနဲ့ အသင့်တော်ဆုံးပဲ၊ ငါတို့ဆီ လာခဲ့ပါလား"

လင်းကျင့်ယွီ က နှာခေါင်းတစ်ချက် ရှုံ့ကာ...

"နတ်အရိုးက အရမ်းစစ်မှန်လွန်းရင် မိစ္ဆာစိတ်ဝင် ဖို့ ပိုလွယ်တယ်။ နင်တို့ရဲ့ လမ်းစဥ်ခြောက်သွယ်ဟွမ်ယွမ်ကျင့်စဉ်ကိုသာ မှားကျင့်မိရင် သူမရဲ့ အခြေခံ ပျက်စီးသွားလိမ့်မယ်"

"ငါတို့ ကျွယ်ချင်းတောင်ထွတ် က ဝိညာဥ်သန့်စင်ခြင်းကျင့်စဉ်ကို အဓိကထားတာ။ သူမရဲ့ ဝိညာဥ်နဲ့ အရိုးကို သန့်ရှင်းအောင် ထိန်းသိမ်းပေးနိုင်မှာမို့ ငါတို့ဆီကသာ အသင့်တော်ဆုံးပဲ"

ဟူကျင်ရှင်း က မျက်မှောင်ကြုတ်ကာ အေးစက်စွာ ဝင်ပြောလိုက်၏။

"သွေးဓားတောင်ထွတ် ကတော့ အပိုစကားတွေ မပြောဘူး။ တကယ့်လက်တွေ့ စွမ်းအားကိုပဲ ကြည့်တာ။ မြေနတ်အရိုးရှိပြီးသားကို အေးအေးဆေးဆေး ကျင့်ကြံနေရင် မနှမြောစရာကောင်းဘူးလား ငါတို့ တောင်ထွတ်ကို လာပါ၊ စွမ်းအားနဲ့ တရားရှာနည်းကို ငါသင်ပေးမယ်။ နှစ်

တစ်ရာအတွင်း တတိယအဆင့်(ရွေအမြုတေအဆင့်)ကို ရောက်ဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက် မဟုတ်ဘူး"

ဟော်ရှို့ယွမ် ကမူ ယပ်တောင်ကို ခတ်လျက် နူးညံ့စွာ ပြုံးနေဆဲပင်။

"မင်းတို့ ဘာတွေ ရန်ဖြစ်နေကြတာလဲ၊ သူမ ဘာမှ မပြောရသေးဘူးလေ။ ညီမလေး... ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်ပါ၊ အချိုသတ်စကားတွေနောက်ကို မပါသွားစေနဲ့ဦး"

ကွင်းပြင်အတွင်း ဆူညံသံများ ထပ်မံထွက်ပေါ်လာသည်။ ချီကွမ်ကျီက မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်၏။

"ဒီမိန်းကလေးရဲ့ ပါရမီမြင့်လို့ တောင်ထွတ်တွေ အပြိုင်အဆိုင် လုကြတာဟာ ဓမ္မတာပါပဲ။ ဒါကြောင့် သူမကိုယ်တိုင်ပဲ ဘယ်ကိုသွားမယ်ဆိုတာ ဆုံးဖြတ်ပါစေ"

စကားဆုံးသောအခါ တုံရှန်းမှာ ခဏမျှ မှင်သက်သွားပြီး လူအများကြားတွင် မည်သို့ ရွေးချယ်ရမည်ကို မသိဘဲ ဝေခွဲမရ ဖြစ်နေရှာသည်။ ထိုစဉ် ရင်းနှီးသော်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ရှန်းအာ"

တုံရှန်း မော့ကြည့်လိုက်ရာ လျိုယွမ်ဂိုဏ်းမှ အဘိုးအို ဖြစ်နေသည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း အကြည့်များမှာ နက်ရှိုင်းလှ၏။

"သမီးရဲ့ ပါရမီက အရမ်းမြင့်တယ်၊ ကျင့်ကြံခြင်းလမ်းစဉ်ဟာ အခြေခံနဲ့ ဦးတည်ချက်အပေါ်မှာ မူတည်တယ်"

"ဒီတောင်ထွတ် လေးခုထဲမှာ သမီးနဲ့ အသင့်တော်ဆုံးကတော့ ကွေ့ယွမ်

တောင်ထွတ် ပဲ"

တုံရှန်းက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ပါ အဘိုး"

ထို့နောက် သူမသည် ဟော်ရှို့ယွမ်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။

"တပည့်... ကွေ့ယွမ်တောင်ထွတ်ကို ဝင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်"

ဟော်ရှို့ယွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယပ်တောင်ကို ပိတ်ကာ နွေဦးရာသီကဲ့သို့ နူးညံ့စွာ ပြောလိုက်သည်။

"အမြင်စူးရှတယ်... တကယ်ကို အမြင်စူးရှတယ်။ ညီမလေး... ဒါကမင်းလုပ်ခဲ့သမျှထဲမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ"

ကျန်သုံးဦးမှာ စိတ်ပျက်သွားကြပြီး လင်းကျင့်ယွီက နှုတ်ခမ်းမဲ့ကာ ဘာမှမပြောတော့ပေ။ ဟူကျင်ရှင်းက လက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားပြီး ကျောက်ချုံယွမ်ကမူ သက်ပြင်းချလိုက်သည်။

တုံရှန်းသည် ထွက်မသွားမီ အရိုးအဆင့်မစစ်ရသေးသော လုလီကို လှည့်ကြည့်ကာ အလေးအနက် ပြောလိုက်၏။

"မောင်လေးလုလီ... နင်လည်း တခြားတောင်ထွတ်တွေကို မသွားနဲ့ဦးနော်။ ငါနဲ့အတူ ကွေ့ယွမ်တောင်ထွတ်ကိုပဲ လိုက်ခဲ့တာ အကောင်းဆုံးပဲ"

လုလီသည် ထိုစကားကို ကြားသောအခါ ခေါင်းငုံ့လျက် ဂါရဝပြုလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"သခင်မလေး တုံရှန်း စိတ်ချပါ။ အဘိုးရဲ့ ကျေးဇူးတွေ ရှိနေတာမို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

သူ စကားပြောပြီးနောက် လင်းလက်တောက်ပနေသော ကွေ့ယွမ်တောင်ထွတ် ဘက်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

သို့သော် မြေနတ်အရိုး ပိုင်ရှင်သာလျှင် တောင်ထွတ်ကို ရွေးချယ်ခွင့်ရှိသော်လည်း၊ ဝါနတ်အရိုး ပိုင်ရှင်မှာမူ အစွမ်းကုန် ကြိုးစားရုံသာ တတ်နိုင်ပေသည်။

တုံရှန်း စင်မြင့်ပေါ်မှ ဆင်းသွားသော်လည်း ရိုက်ခတ်မှုမှာ မငြိမ်သေးဘဲ တပည့်များမှာ တိုးတိုးတိုးတိုးဖြင့် ပြောနေကြဆဲ ဖြစ်သည်။ ဒုတိယအဆင့် မြေနတ်အရိုးဆိုသည်မှာ ဟွမ်ရှန်းဂိုဏ်း၏ နှစ်ပေါင်းထောင်ချီ သမိုင်းတွင်ပင် အလွန်ရှားပါးလှရာ တောင်ထွတ်လေးခုက အပြိုင်အဆိုင် လုကြပြီး ချီကွမ်ကျီကိုယ်တိုင် ဆုံးဖြတ်ပေးခဲ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။

သူမ၏ နောက်ကွယ်တွင် အဝတ်ကြမ်းဝတ်ထားသော ကလေးငယ်တစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။ ထိုကလေးမှာ အဝတ်အစားများ စုတ်ပြတ်နေပြီး ကြက်ကလေးတစ်ကောင်ကဲ့သို့ ပိန်လှီလှ၏။ အသားအရေမှာ ဖြူဖျော့နေပြီး မျက်လုံးများမှာ အရိပ်အောက်တွင် ဝှက်ထားသကဲ့သို့ ဖြစ်နေသည်။ သူသည် သံလိုက်အိမ်မြှောင်ရှေ့သို့ အောက်ကျနောက်ကျမရှိဘဲ လျှောက်သွားသည်။

အဝါရောင်ဝတ်တပည့်က လောဆော်ရန် ပြင်လိုက်စဉ်မှာပင် စမ်းသပ်ပွဲဝင်နေသူ တစ်ဦးက တိုးတိုးလေး ပြောလိုက်၏။

"သူက အဲဒီ မြေနတ်အရိုး မိန်းကလေးနဲ့ အတူလာတဲ့သူပဲ"

ထိုအသံမှာ တိုးသော်လည်း လူအုပ်ကြားသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

"သူက တုံရှန်းနဲ့ အတူလာတဲ့ ကလေးပဲ အဲဒီ မိန်းကလေးက သူ့ကို မောင်လေးလို့တောင် ချစ်ချစ်ခင်ခင် ခေါ်နေတာ"

"ဒါဆို သူလည်း ပါရမီရှင်တစ်ယောက် ဖြစ်နေမလား"

"မဖြစ်နိုင်တာ... အဲဒီကောင်လေးကို ကြည့်ရတာ အရမ်း သာမန်ကာလျှံကာပဲ။ အဝတ်အစားကလည်း စုတ်ပြတ်နေပြီး အာဟာရချို့တဲ့နေတဲ့ ပုံစံမျိုး... ဒါပေမဲ့ မြေနတ်အရိုးနဲ့ အတူလာတယ်ဆိုတော့ တကယ်ပဲ ထူးခြားနေမလား"

ခဏအတွင်းမှာပင် လူအများအပြား အသက်ရှူအောင့်ကာ မျှော်လင့်ချက်

အနည်းငယ်ဖြင့် စောင့်ကြည့်နေကြသည်။ အဝါရောင်ဝတ်တပည့်မှာလည်း ဘာမှမပြောဘဲ သူ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေ၏။

လုလီသည် လက်ကို မြှောက်ကာ သံလိုက်အိမ်မြှောင်ပေါ်သို့ တင်လိုက်သည်။ လက်ဖျားများမှာ အေးစက်နေပြီး။

ဝိညာဥ်စွမ်းအားများ အရိုးထဲသို့ စီးဝင်သွားသည်။

နောက်တစ်ခဏတွင် သံလိုက်အိမ်မြှောင်ပေါ်တွင် မှေးမှိန်သော အဝါရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ခဏမျှ လက်ခနဲ ဖြစ်သွားပြီးနောက် ဖယောင်းတိုင်မီး ဆုံးသွားသကဲ့သို့ ပြန်လည်ငြိမ်းသတ်သွားတော့သည်။

"စတုတ္ထအဆင့် ဝါနတ်အရိုး"

အသံမှာ တည်ငြိမ်အေးစက်နေသည်။

အံ့သြသံများ မရှိ၊ ဝိညာဥ်အလင်းတန်း ကောင်းကင်သို့ ထိုးတက်သွားခြင်း မရှိ၊ ချီကွမ်ကျီ၏ ချီးကျူးသံ သို့မဟုတ် ကိုယ်စားလှယ်များ၏ လုယူသံများလည်း လုံးဝမရှိပေ။

တိတ်ဆိတ်သွားသည်။ လေထုမှာ လေးလံသွားသကဲ့သို့ ခံစားရ၏။

ခဏအကြာတွင် လူအုပ်ကြားမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။

"အင်း... ဝါနတ်အရိုးတဲ့လား"

"မြေနတ်အရိုးနဲ့ အတူပေါ်လာပေမဲ့ တကယ်တော့ အနိမ့်ဆုံး နတ်အရိုးပဲ ဖြစ်နေတယ်..."

"တကယ်တော့ နောက်ခံရှိလို့ ကပ်ပါလာတာပဲ ဖြစ်မှာပါ"

အဝါရောင်ဝတ်တပည့်မှာ မည်သည့်အမူအရာမျှမရှိဘဲ အဝေးရှိ တောင်

တက်လမ်းကို လက်ညှိုးညွှန်ပြလိုက်သည်။

"ဟိုဘက်မှာ သွားရပ်လိုက်။ ဒုတိယအဆင့် စမ်းသပ်ပွဲအတွက် အသင့်ပြင်ထား"

လုလီသည် ခေါင်းညိတ်ပြကာ တစ်ခွန်းမျှ မဟဘဲ လက်ကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည်။ ထို့နောက် စင်မြင့်ပေါ်မှ လှည့်ထွက်သွားတော့သည်။ သူ၏ ကျောပြင်မှာ မတ်နေပြီး ခြေလှမ်းများမှာ တည်ငြိမ်လှ၏။ မည်သူ၏ စကားကိုမျှ မကြားသကဲ့သို့ မည်သူ့ကိုမျှလည်း လှည့်မကြည့်ပေ။

သို့သော် သူ၏ လက်သီးမှာ အင်္ကျီလက်ထဲတွင် တင်းတင်းဆုပ်ထားမိသည်။

စင်မြင့်ထက်တွင် ရပ်နေသော တုံရှန်းမှာ ခဏမျှ မှင်သက်သွားပြီး မျက်လုံးလေး ကစားလျက် ဝေးကွာသွားသော ထိုကျောပြင်ကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်၏။

"သူက ဘာလို့ ဟိုဘက်ကို သွားတာလဲ သူက ကျွန်မရဲ့... သူက ဘာလို့ ကွေ့ယွမ်တောင်ထွတ်ကို လာလို့မရတာလဲ"

သူမ၏ အသံမှာ မကျယ်သော်လည်း ဟော်ရှို့ယွမ်၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်သွားသည်။ ဟော်ရှို့ယွမ်က ပြုံးလျက် ခေါင်းခါပြလိုက်၏။ လေသံမှာ နူးညံ့သော်လည်း စိမ်းကားမှု ပါဝင်နေသည်။

"ညီမလေး... အဲဒီကလေးက စတုတ္ထအဆင့် ဝါနတ်အရိုးပဲ ရှိတာ။ ဂိုဏ်းထဲဝင်ဖို့တောင် မနည်းကြိုးစားရဦးမှာ"

"ပါရမီက အနိမ့်ဆုံးပဲ၊ တကယ်လို့ ထူးခြားတဲ့ ကံတရားသာ မရှိရင် ဒီတစ်သက်မှာ ပထမအဆင့် (ချီစုဆောင်းခြင်းအဆင့်) ကနေ တက်မှာ မဟုတ်ဘူး။ ငါတို့ ကွေ့ယွမ်တောင်ထွတ်က ဝိညာဥ်သန့်စင်ပြီး ပါရမီမြင့်မားသူတွေကိုပဲ လက်ခံတာ၊ သူက ဝင်လို့မရဘူး"

"ဒါ့အပြင် ဒုတိယအဆင့် စမ်းသပ်ပွဲကို မကျော်ဖြတ်နိုင်တဲ့သူတွေက.. များသောအားဖြင့် အသက်ရှင်ဖို့ မလွယ်ဘူး"

တုံရှန်း၏ အကြည့်များ တန့်သွားသည်။ သူ ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမသည် မျက်တောင်တဖျတ်ဖျတ် ခတ်လျက် တောင်ခြေရှိ ဝေးကွာသွားသော ထိုကျောပြင်ကို ကြည့်နေမိစဉ် ထူးဆန်းသော ခံစားချက်တစ်ခု စိတ်ထဲတွင် ပေါ်လာသည်။

သူမသည် ငယ်စဉ်ကတည်းက လျိုယွမ်ဂိုဏ်းတွင် ကြီးပြင်းခဲ့ရပြီး အဘိုးက ချစ်သည်၊ ဂိုဏ်းသားများက ရိုသေကြသည်။ လိုအပ်သမျှလည်း အကုန်ရခဲ့သည်။ "မင်းနဲ့သူက လူတန်းစားမတူဘူး" ဆိုသော ခွဲခြားမှုကို သူမ တစ်ခါမှ မကြုံဖူးခဲ့ပေ။

တုံရှန်းသည် သူမဘေးတွင် ရပ်နေသော ဟော်ရှို့ယွမ်ကို မော့ကြည့်လိုက်

သည်။ ဤကွေ့ယွမ်တောင်ထွတ်မှ ပါရမီရှင်သည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းဆွဲပြား ချိတ်ထားလျက် အပြုံးများမှာ နူးညံ့လှ၏။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ပြောမပြတတ်အောင် တည်ငြိမ်ပြီး မြင့်မြတ်လှသည်။

သူ စကားပြောသောအခါ ပတ်ဝန်းကျင်ရှိ တပည့်များမှာ ခေါင်းငုံ့ကာ နားထောင်ကြသည်။ သူ လှည့်ထွက်သွားသောအခါ တောင်ပေါ်မှ လေညင်းများပင်လျှင် နူးညံ့စွာ တိုက်ခတ်သွားသကဲ့သို့ ခံစားရ၏။

နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်လှသော အမူအရာ။ သူမသည် မသိစိတ်ဖြင့် ထိုအရှိန်အဝါကို အားကျမိသွားသည်။ ဤသူကား နတ်ဘုရားဂိုဏ်း၏ အဆင့်မြင့်လူတန်းစားပင် ဖြစ်သည်။

သို့သော် ယနေ့တွင် လူအများအားကျရသော ထိုစီနီယာအစ်ကိုဟော်က သူမကို ကိုယ်တိုင် မှာကြားခဲ့သည်။

"နောင်ကျရင် အဲဒီလိုလူမျိုးတွေနဲ့ အဆက်အသွယ် သိပ်မလုပ်နဲ့။ သူတို့က ငါတို့လိုလူမျိုးတွေ မဟုတ်ဖို့ ကံပါလာပြီးသား"

တောင်တက်လမ်း၏ အခြားတစ်ဖက်တွင်မူ...

အဝတ်ကြမ်းဝတ်ထားသော ထိုလူငယ်လေး၏ ကျောပြင်မှာ ဝါနတ်အရိုး တပည့်များကြားထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် လျှော်ဖွတ်လွန်းသဖြင့် ဖြူလျော့နေသော အင်္ကျီကို ဝတ်ထားပြီး ပခုံးပေါ်ရှိ အဝတ်မှာ အနည်းငယ် စုတ်ပြဲနေ၏။ သူ၏ ကိုယ်လုံးမှာ အလွန်ပိန်လှီပြီး လည်ပင်းတွင် အကြောစိမ်းများ ထနေကာ လေတိုက်လျှင်ပင် လဲသွားတော့မည့် မြက်ပင်လေးတစ်ပင်နှင့် တူနေသည်။ လူအုပ်ကြားထဲတွင် သူသည် သာမန်ကျောက်ခဲတစ်လုံးကဲ့သို့ မထင်မရှား ရှိနေတော့သည်။

သူသည် ခေါင်းမမော့၊ လှည့်မကြည့်ဘဲ အနောက်ဆုံးတန်းရှိ အရိပ်ထဲတွင် ငြိမ်သက်စွာ ရပ်နေသည်။ သူသည် ထိုနေရာနှင့်သာ ထိုက်တန်သကဲ့သို့ပင်။

တုံရှန်းမှာ ရုတ်တရက် မှင်သက်သွားသည်။ သူမ၏ ရှေ့မှ မြင်ကွင်းမှာ တဖြည်းဖြည်း ဝေးကွာသွားသကဲ့သို့ပင်...

စီနီယာအစ်ကိုဟော်မှာ ဖန်သားပြင် နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်မှ ကြယ်တာရာနှင့် တူလှသည်။ လုလီမှာမူ တောထဲမှ ပိန်လှီသော ငှက်ငယ်တစ်ကောင်ကဲ့သို့ လေတိုက်လျှင်ပင် လွင့်ပါသွားတော့မည်။

သူမနှင့် သူ၏ကြားမှ တကယ့် ကွာဟချက်ကို ပထမဆုံးအကြိမ် သူမ သတိပြုမိသွားခြင်း ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်လား မျိုးရိုးလား ပါရမီလား သို့မဟုတ်... ကံကြမ္မာလား။

သူမ နားမလည်ပေ။ ရင်ထဲတွင် တစ်စုံတစ်ခု တင်းကျပ်လာသကဲ့သို့သာ ခံစားရပြီး သူမ၏ ကလေးဆန်သော စိတ်ကူးထဲတွင် ဆွဲဆန့်ခံရမှု့ တစ်ခု တိတ်တဆိတ် ကွဲအက်သွားသည်။ သူမ သူ့ကို လှမ်းခေါ်ချင်သည်။ ထုံးစံအတိုင်း မောင်လေးလုလီ ဟု ခေါ်ပြီး ကွေ့ယွမ်တောင်ထွတ်ကို ခေါ်လာချင်သည်။

သို့သော် သူမ ရုတ်တရက် သတိပြုမိသွားသည်မှာ... တခြားလူက ဘယ်လိုမြင်မလဲ စီနီယာအစ်ကိုဟော်က ဘာတွေးမလဲ...

သူမ ခေါင်းငုံ့လိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ ရှက်ရွံ့မှုကို ခံစားလိုက်

ရသည်။ သူမက ဟော်ရှို့ယွမ်၏ အနားသို့ ဖြည်းဖြည်းချင်း တိုးသွားပြီး သူ၏ အင်္ကျီစကို မဝံ့မရဲ ဆွဲလျက် တိုးတိုးလေး ပြောလိုက်၏။

"စီနီယာအစ်ကိုဟော် ပြောတာမှန်ပါတယ်... သူက ကျွန်မရဲ့ မောင်လေး မဟုတ်ပါဘူး။ ကျွန်မရဲ့ ကျွန်တစ်ယောက်ပဲလေ"

ဤစကားကို ပြောထွက်သွားချိန်တွင် သူမ၏ ရင်ထဲ၌ ဘာကြောင့်မှန်းမသိဘဲ နာကျင်မှုကို ခံစားလိုက်ရရှာသည်။ ဟော်ရှို့ယွမ်က ပြုံးလျက် ခေါင်းညိတ်ပြကာ သူမ၏ ဆံပင်ကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်၏။

"ဒါမှ ဟုတ်တာပေါ့"

စင်မြင့်အောက်တွင် လျိုယွမ်ကျီသည် အစအဆုံး တစ်ခွန်းမျှ မပြောခဲ့ပေ။ သူ၏ မြေးမလေးမှာ ဟော်ရှို့ယွမ်၏ ဘေးတွင် လိမ္မာစွာ ရပ်နေသည်ကို ကြည့်ကာ သူ၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

"ကွေ့ယွမ်တောင်ထွတ်ရဲ့ ပါရမီရှင်နဲ့ ရင်းနှီးအောင် လုပ်တာဟာ သမီးရဲ့ အနာဂတ်အတွက် အခြေခံပဲ"

"လုလီနဲ့ ပတ်သက်ရင်တော့..."

သူက တောင်တက်လမ်း၏ တစ်ဖက်တွင် လူအုပ်အဆုံး၌ တိတ်ဆိတ်စွာ ရပ်နေသော လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။

"သူကတော့ လမ်းဘေးက ကောက်လာတဲ့ သစ္စာရှိ ခွေးတစ်ကောင်ပါပဲ"

"အသုံးဝင်ရင် ထားမယ်၊ အသုံးမဝင်ရင် သတ်ပစ်မယ်"

အခြားတစ်ဖက်တွင်မူ လုလီသည် ဝါနတ်အရိုး တပည့်များကြားတွင် ရပ်နေပြီး ရှေ့မှ ကျောက်လှေကားများကို ငြိမ်သက်စွာ ကြည့်နေသည်။ သူကနောက်သို့ လှည့်မကြည့်ပေ။

သူ့နောက်ကွယ်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သူ သိသည်။ တုံရှန်း သူ့ကို တစ်ချက် ကြည့်လိုက်သည်ကို သူ သိသည်။

"သူက ဘာလို့ ဟိုဘက်ကို သွားတာလဲ" ဟု သူမ မေးခဲ့သည်ကိုလည်း သူ သိသည်။

ဟော်ရှို့ယွမ်၏ ပြန်ပြောသံကိုလည်း သူ ကြားခဲ့သည်။

ထို့ထက်မက သူမကိုယ်တိုင် ပြောလိုက်သော စကားကိုလည်း သူ အသေအချာ ကြားလိုက်ရသည်။

"သူက ကျွန်မရဲ့ ကျွန်တစ်ယောက်ပဲလေ"

လုလီ၏ မျက်တောင်များပင် တုန်လှုပ်ခြင်း မရှိပေ။ နှလုံးသားထဲတွင်လည်း မည်သည့် လှိုင်းတံပိုးမျှ မထ ရှိချေ။ သူ၏ ရင်ခွင်ထဲတွင် သိမ်းထားသော၊ ရင်ဘတ်နှင့် ကပ်နေသော မိစ္ဆာအရိုးကသာ တဖြည်းဖြည်း ပို၍ ပူနွေးလာတော့သည်။

တုန့်ပြန်နေသကဲ့သို့ပင်။

သူက တုံရှန်းမှာ အပြစ်ကင်းစင်ပြီး တစ်ခြားလူတွေနှင့် မတူဟု ထင်ခဲ့မိသည်။ သို့သော် ယနေ့တွင် သူ ပထမဆုံး သိလိုက်ရသည်မှာ...

ဤဟွမ်ရှန်းဂိုဏ်းအတွင်း၌ "ပါရမီ" သည်သာ ကံကြမ္မာ ဖြစ်သည်။

မင်းက မြေနတ်အရိုးဆိုရင် သူတို့က မင်းကို လုယူမယ်၊ ရိုသေမယ်၊ မင်းအတွက် လမ်းဖွင့်ပေးမယ်။

မင်းက ဝါနတ်အရိုးဆိုရင်တော့ သူတို့က မင်းကို လှောင်ပြောင်မယ်၊ အထင်သေးမယ်၊ ပြီးတော့ မင်းကို သေခြင်းရှင်ခြင်း စမ်းသပ်ပွဲထဲကို ပစ်

ထည့်လိုက်လိမ့်မယ်။

📝အပိုင်း - ၁၁ ကောင်းကင်နတ်အရိုး နှင့် ချိုးယွဲ့နတ်သမီး

ဘာသာပြန် - Na Gar🐉

ပထမအဆင့် စမ်းသပ်ပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဂိုဏ်းတံခါးရှေ့ရှိ လူဦးရေမှာ အစပိုင်းက ထောင်ချီရှိရာမှ ယခုအခါ ငါးရာပင် မပြည့်တော့ဘဲ သိသိသာသာ လျော့နည်းသွားသည်။ ကိုးပုံတစ်ပုံမှာ ဝါနတ်အရိုး များ ဖြစ်ကြပြီး လူပေါင်း ၃၀ ကျော်သာ နက်မှောင်နတ်အရိုး ထဲသို့ ပါဝင်ကျသည်။ တပည့်အားလုံး၏ ပိရမစ်ထိပ်ဆုံးတွင် ရပ်တည်နေသည့် "မြေနတ်အရိုး" မှာမူ တစ်ယောက်တည်းသာ ရှိပြီး ၎င်းမှာ တုံရှန်း ပင် ဖြစ်သည်။

ဒါဟာ ကျင့်ကြံခြင်းလောကရဲ့ အစစ်မှန်ဆုံး ခွဲခြားမှုပင်။ ပါရမီက ကောင်းကင်ဘုံက သတ်မှတ်ပြီးသားဖြစ်သလို၊ လူတန်းစားကလည်း ဖြစ်တည်ပြီးသား ဖြစ်သည်။

ချီကွမ်ကျီသည် လေထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း တောင်တက်လမ်းကို ဝေ့ကြည့်ကာ စိတ်ပျက်စွာ ခေါင်းခါလိုက်မိသည်။ ပါရမီများမှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး အံ့သြမှင်သက်စရာ ပါရမီရှင်မျိုး အလွန်ရှားပါးလှသည်။ ယနေ့ စမ်းသပ်ပွဲသည် ဤမျှနှင့်ပင် ပြီးဆုံးသွားလိမ့်မည်ဟု သူ ထင်မြင်မိသည်။

သို့သော်လည်း...

နောက်ဆုံးတပည့်တစ်ဦး အရိုးစစ်ဆေးခြင်း စင်မြင့်ပေါ်သို့ တက်လာသည့် ခဏချင်းတွင်ပင် ရုတ်တရက်...

"ဝုန်း...."

ထိုသံလိုက်အိမ်မြှောင်ပေါ်ရှိ မှေးမှိန်နေသော စိမ်းရွှေရောင် ဝိညာဥ်ကျောက်တုံးမှ ရွှေရောင်မီးတောက်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး ဝိညာဥ်အလင်းတန်းမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။ မိုးကြိုးပစ်သံများ ဟိန်းထွက်လာကာ ကောင်းကင်ယံရှိ တိမ်မည်းများပင် လိပ်တက်

သွားသည်။

အရိုးစစ်ဆေးနေသော တပည့်၏ မျက်လုံးသူငယ်အိမ်များ တုန်လှုပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"ကောင်း... ကောင်းကင်နတ်အရိုး"

ခဏအတွင်းမှာပင် ဂိုဏ်းတံခါး ပေါက်ဝတစ်ခုလုံးတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

"ကောင်းကင်နတ်အရိုး ကောင်းကင်နတ်အရိုးပဲ"

"ဘုရားရေ... ငါ အသက်ရှင်နေတဲ့ ကောင်းကင်နတ်အရိုးကို မြင်လိုက်ရတာလား"

"ဟွမ်ရှန်းဂိုဏ်းမှာ နှစ်ပေါင်းထောင်ချီမှ တစ်ခါပေါ်တဲ့ ကောင်းကင်နတ်

အရိုး... ဒီနေ့ တကယ်ပဲ ပေါ်လာတာလား"

စင်မြင့်အလယ်တွင် အသက် ၁၀ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးသည် နက်ပြာရောင် ရွှေချည်ထိုးဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ အေးစက်ကာ အကြည့်များမှာ အလွန်နက်ရှိုင်းလှသည်။ သူသည် နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး မျက်လုံးထဲတွင် အနည်းငယ်မျှ ဝမ်းသာဂုဏ်ယူခြင်း မရှိဘဲ၊ ပုရွက်ဆိတ်အုပ်ကို ကြည့်နေသည့်အလား အေးစက်နေ၏။

ထိုအမူအရာမျိုးသည် (၁၀) နှစ်သား ကလေးတစ်ယောက်နှင့် လုံးဝမတူဘဲ ခပ်စောစောကတည်းက လောကထက်တွင် ရပ်တည်နေသည့် နတ်သူငယ်တစ်ဦးနှင့် ပိုတူလှသည်။

ချီကွမ်ကျီမှာ ခဏမျှ ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် ရင်ခွင်ထဲမှ ရွှေနီရောင် မန္တန်စာရွက်တစ်ခုကို ထုတ်ယူကာ ဝိညာဥ်စွမ်းအား ထည့်သွင်းပြီး ဂိုဏ်းတံခါးထဲသို့ ပစ်သွင်းလိုက်သည်။

"ဝုန်း"

နောက်တစ်ခဏတွင် ဟွမ်ရှန်းဂိုဏ်း၏ အတွင်းပိုင်းမှ အလင်းတန်းတစ်ခု ပျံထွက်လာပြီး ကိုးထပ်သော ကောင်းကင်ယံမှ မိုးကြိုးအရှိန်အဝါများနှင့်အတူ မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်တွင် ရပ်လိုက်သည်။ ထိုအဘိုးအိုသည် မုတ်ဆိတ်ဖြူများ၊ ဆံပင်ဖြူများဖြင့် ကြည်ညိုဖွယ်ကောင်းလှပြီး စကားမပြောခင်မှာပင် သူ၏ အရှိန်အဝါကြောင့် အောက်ရှိ တပည့်များအားလုံး တစ်ပြိုင်နက် ဒူးထောက်လိုက်ကြရသည်။

ချီကွမ်ကျီသည် အင်္ကျီလက်ကို စုသိမ်းကာ ရိုသေစွာ ဂါရဝပြုလိုက်၏။

"ချီကွမ်ကျီက အကြီးအကဲဟွမ်ကို ကြိုဆိုပါတယ်ခင်ဗျာ"

တစ်ကွင်းလုံး ပွက်ပွက်ညံသွားပြန်သည်။

"အကြီးအကဲဟွမ်အဲဒါ... ဟွမ်ရှန်းဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲ မဟုတ်လား"

"သူက ဟွမ်ရှန်းဂိုဏ်းရဲ့ အမြင့်ဆုံးအကြီးအကဲ တစ်ဦးဖြစ်ပြီး ရွေအမြုတေအဆင့်ကို ရောက်နေပြီလို့ ကြားတယ်"

"ဒီလို ပုဂ္ဂိုလ်မျိုးက တပည့်တစ်ယောက်အတွက်နဲ့ ကိုယ်တိုင်ပေါ်လာတာလား"

"ကောင်းကင်နတ်အရိုးဆိုတော့လည်း... ထိုက်တန်ပါတယ်..."

အကြီးအကဲဟွမ်သည် အားလုံးကို ငုံ့ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ ရွေချည်ထိုးဝတ်စုံနဲ့ ကလေးငယ်ပေါ်သို့ ကျရောက်သွားရာ သူ၏ မျက်လုံးထဲတွင် ရှားရှားပါးပါး ချီးကျူးမှုနှင့် နူးညံ့မှုများ ပေါ်လာသည်။

"ကောင်းတယ်၊ အရမ်းကောင်းတယ်။ အရိုးအဆစ်က ပြည့်စုံတယ်၊ ကံကြမ္မာကလည်းကောင်းပြီး စိတ်ဓာတ်ကလည်း ခိုင်မာတယ်"

"ဟွမ်ရှန်းဂိုဏ်းက မင်းကို ရလိုက်တာဟာ ငါတို့ဂိုဏ်းအတွက် ကောင်းကင်ဘုံရဲ့ ကောင်းချီးပဲ"

ထိုလူငယ်သည် ခေါင်းငုံ့ကာ ဂါရဝပြုလိုက်ပြီး လေသံမှာ အေးစက်ကြည်လင်လှသည်။

"အကြီးအကဲဟွမ်ကို ဂါရဝပြုပါတယ်ခင်ဗျာ"

တပည့်များ၏ စိတ်အာရုံမှာ တုန်လှုပ်သွားသည်။ ထိုအမူအရာ၊ ထိုအသံ... ဒါဟာ ပါရမီရှင်တစ်ယောက်ရဲ့ ပထမဆုံး ပေါ်ထွက်လာခြင်း ပဲ မဟုတ်လား။

ချီကွမ်ကျီက ခေါင်းတရစပ် ညိတ်ကာ ပြုံးလျက်...

"ဒီလို ပါရမီမျိုးရှိရင်တော့ တောင်ထွတ်လေးခုရဲ့ တောင်ထွတ်သခင်တွေဆီမှာ တိုက်ရိုက် တပည့်ခံရမှာပဲ။ စမ်းသပ်ပွဲတွေ အကုန်ကင်းလွတ်ခွင့်ပေးပြီး ဂိုဏ်းထဲကို တိုက်ရိုက် ဝင်ရောက်နိုင်ပါတယ်"

သို့သော် မမျှော်လင့်ဘဲ ထိုလူငယ်က ခေါင်းခါပြကာ တည်ငြိမ်စွာ ပြောလိုက်၏။

"တပည့်ကတော့ ကင်းလွတ်ခွင့် မယူလိုပါဘူး။ စမ်းသပ်ပွဲကို လာခဲ့တာကကျင့်ကြံခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ"

"သေခြင်းရှင်ခြင်းကို မရင်ဆိုင်ခဲ့ရရင် ဘယ်မှာ 'တာအိုစိတ်နှလုံး'ရှိမှာလဲ"

ချီကွမ်ကျီမှာ မှင်သက်သွားပြီး အကြီးအကဲဟွမ်ကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"စိတ်ဓာတ်က ချီးကျူးစရာပဲ၊ အောင်မြင်မယ့် အလားအလာ အပြည့်ရှိတယ်"

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်အလင်းတန်းများ ဖြာထွက်နေသော ကျောက်စိမ်းပြားတစ်ခုမှာ လူငယ်၏ လက်ထဲသို့ ဖြည်းညင်းစွာ ကျဆင်းသွားသည်။

"ဒီအကာအကွယ်ကျောက်စိမ်းပြားက မင်းကို ကာကွယ်ပေးလိမ့်မယ်။ စမ်းသပ်ပွဲကို ဆက်ဝင်နိုင်တယ်၊ ဒါပေမဲ့ သေတဲ့အထိတော့ တိုက်ခိုက်စရာ မလိုပါဘူး"

လူငယ်က အကာအကွယ်ကျောက်စိမ်းပြားကို လက်ခံယူကာ အလေးအနက် ဂါရဝပြုလိုက်ပြီး "ကျေးဇူးတင်ပါတယ် အကြီးအကဲဟွမ်"

တစ်ကွင်းလုံး တိတ်ဆိတ်သွားတော့သည်။ ကွေ့ယွမ်တောင်ထွတ်ပေါ်မှ ဟော်ရှို့ယွမ်ပင်လျှင် ယခုအခါ မျက်လုံးထဲတွင် လေးနက်မှုများ ပေါ်လာသည်။ လင်းကျင့်ယွီ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး ကျောက်ချုံယွမ်မှာ နှုတ်ခမ်းမဲ့သွားကာ ဟူကျင်ရှင်း၏ အကြည့်များမှာ စူးရှသွားကြသော်လည်း မည်သူမျှ တစ်ခွန်းမျှ မပြောကြတော့ပေ။

ကောင်းကင်နတ်အရိုး ပေါ်ထွန်းလာပြီဆိုလျှင် ယခုအကြိမ်၏ အထင်ပေါ်ဆုံးနေရာကို မည်သူမျှ လုယူ၍ မရနိုင်တော့ကြောင်း အားလုံး သိလိုက်ကြပြီ။

ဝါနတ်အရိုးအုပ်စုထဲတွင် ရပ်နေသော လုလီသည် ထိုလူငယ် ကောင်းကင်အလင်းတန်းများကြားမှ ဆင်းလာသည်ကို ကြည့်နေမိသည်။ သူ ဘာမှမပြောသော်လည်း သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော အတွေးများသာ ကျန်ရှိတော့သည်။

ရုတ်တရက်...

"ဒီနတ်ဘုရားလမ်းစဥ်တွေဆိုတာ... အမြဲတမ်း လူတန်းစားခွဲခြားရတာကို သဘောကျတာပဲ"

၎င်းမှာ အမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။ အလွန်သာယာလှပြီး အလွန်အမင်းပင် နားဝင်ချိုလှ၏။ လေတိုက်လို့ မိုးကျလာသကဲ့သို့ နူးညံ့သော်လည်း မြွေလျှာဖြင့် နားကို လာလျက်နေသကဲ့သို့ ထူးဆန်းသော ဆွဲဆောင်မှုမျိုး ပါဝင်နေပြီး လူ၏ နှလုံးခုန်သံကို ချက်ချင်း မြန်ဆန်စေသည်။

လုလီ ထိတ်လန့်တကြား ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သော်လည်း တပည့်များမှာ ကောင်းကင်နတ်အရိုးပိုင်ရှင်ကိုသာ ငေးကြည့်နေကြပြီး ဘာမှမကြားကြသည့်အလား ဖြစ်နေသည်။

"မရှာနဲ့တော့" ထိုအသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

ပေါ့ပါးသော်လည်း အေးစက်မှု အနည်းငယ် ပါဝင်နေသည်။

"ငါက နင့်ရဲ့ ကိုယ်ပေါ်မှာ ရှိနေတာ"

"အတိအကျ ပြောရရင်... နင့်ရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ အရိုးထဲမှာပေါ့"

လုလီ ငုံ့ကြည့်လိုက်ရာ သူ၏ ရင်ဘတ်နှင့် ကပ်ထားသော မိစ္ဆာအရိုးမှာ တိတ်တဆိတ် ပူနွေးလာနေသည်။

နောက်တစ်ခဏတွင် သူ၏ စိတ်အာရုံမှာ အနည်းငယ် တုန်ခါသွားပြီး မယုံနိုင်လောက်အောင် လှပသော မျက်နှာတစ်ခုမှာ သူ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။

ထိုမျက်နှာကို စကားလုံးဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။ သာမန် လှပခြင်းမျိုး မဟုတ်သလို၊ ဟွမ်ရှန်းဂိုဏ်းမှ တပည့်များကဲ့သို့ ပေါ့ပါးသော အလှမျိုးလည်း မဟုတ်ဘဲ၊ လူ၏ ဝိညာဥ်ကို ဖမ်းစားနိုင်သော သေလောက်အောင် လှပသည့် အလှမျိုး ဖြစ်သည်။ နှင်းတောင်ထိပ်တွင် ပွင့်နေသော သွေးပဒုမ္မာကြာပန်းကဲ့သို့ပင်။

သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းလွန်းသဖြင့် ဖောက်ထွင်းမြင်နိုင်လုနီးပါး ရှိသော်လည်း သွေးစွန်းမှုများဖြင့် ပြည့်နှက်နေသည်။ နှုတ်ခမ်းမှာ မီးကဲ့သို့ နီမြန်းပြီး အနည်းငယ် ပြုံးနေသော်လည်း အထင်သေးသော အေးစက်မှုများ ပါဝင်နေ၏။

ယခုအခါ ထိုမျက်နှာပေါ်တွင် ဒဏ်ရာများ၊ သွေးစွန်းမှုများ ပြည့်နှက်နေသော်လည်း အကြည့်လွှဲရန်ပင် မဖြစ်နိုင်လောက်အောင် လှပနေဆဲ ဖြစ်သည်။

လုလီ မိမိကိုယ်တိုင် ဘယ်အချိန်က အသက်ရှူအောင့်လိုက်မိမှန်း မသိတော့ပေ။ ဤမျှ ဆန့်ကျင်ဘက်ဖြစ်ပြီး အားကောင်းသော အလှအပမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ၎င်းမှာ သနားစရာကောင်းသော နူးညံ့သည့် အလှမျိုး မဟုတ်ဘဲ၊ မြင့်မြတ်သူတစ်ဦးထံမှ လာသော ဝတ်ပြုကိုးကွယ်ချင်စရာကောင်းသည့် ဖိအားပေးသော အလှမျိုး ဖြစ်သည်။ သူမ၏ ပုံရိပ်မှာ ပျက်စီးနေလျှင်ပင် လောကရှိ မပျက်မစီးသေးသော မည်သူ့ထက်မဆို ပိုမိုလှပနေဆဲပင်။

ဒါက ယွီဟွာဂိုဏ်းရဲ့ နံပါတ်တစ် အလှပိုင်ရှင်ပဲ။

လုလီ၏ ရင်ထဲတွင် လေးလံသွားပြီး ထိုနာမည်ကို ပြန်မြင်ယောင်လာသည်။ချိုးယွဲ့နတ်သမီး။

ဖြူဝင်းသော အသားအရေ၊ သွေးစွန်းမှုများ၊ ပြတ်တောက်နေသော ဆံပင်၊ နီမြန်းသော မျက်လုံးများ။ သူမသည် မျက်လုံးများကို ဖွင့်လျက် အမှောင်ထုထဲတွင် ဇောက်ထိုးပျံဝဲနေပြီး သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်မှာ ပြုံးသလိုလို ရှိနေသည်။

သူမ မသေသေးဘူး မဟုတ်ဘူး သူမ သေသွားခဲ့ပြီ ဒါပေမဲ့... လုံးဝကြီးတော့ မဟုတ်ဘူး။

ဘာစကားမှ မပြောပေ။ ထိုမျက်နှာမှာ သူ့ကို အမြဲစိုက်ကြည့်နေပြီး အကဲခတ်နေသကဲ့သို့ သို့မဟုတ် စမ်းသပ်နေသကဲ့သို့ပင်။ သူ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို သူ ခံစားနေရသည်။

သူသည် တိုးတိုးလေး စကားစလိုက်၏။ ပထမဆုံးအကြိမ် သူမကို စကားပြောလိုက်ခြင်း ဖြစ်သည်။

"မင်း... ဘာလုပ်ချင်တာလဲ"

သူ၏ စိတ်အာရုံနက်ရှိုင်းရာမှ ထိုလှပသော မျက်နှာမှာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လေသံမှာ လေညင်းကဲ့သို့ ပေါ့ပါးလှသည်။

"နင် ခန့်မှန်းကြည့်မလား"

စကားအဆုံးတွင် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ မိစ္ဆာအရိုး၏ အပူချိန်မှာ လျော့ကျသွားပြီး အသက်မဲ့သောအရာကဲ့သို့ ငြိမ်သက်သွားသည်။

လုလီက လက်ဖဝါးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။ သူသည် ခေါင်းငုံ့လျက် ညာဘက်လက်ဖြင့် ရင်ဘတ်ပေါ်မှ ထိုအရိုးကို တင်းတင်းဖိထားမိသည်။ သူ၏ အကြည့်များမှာ အနည်းငယ် အေးစက်သွားသော်လည်း အမူအရာမှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။

ချိုးယွဲ့နတ်သမီး။

ထိုနာမည်ကို သူ သေချာပေါက် မှတ်မိသည်။ သူမ၏ သွေးစွန်းနေသော ခန္ဓာကိုယ်အကြွင်းအကျန်ကိုလည်း မှတ်မိသလို၊ လုယွမ်၏ ရင်ဘတ်ကို သူ ဓားဖြင့် ထိုးလိုက်ချိန်တွင် ထွက်ပေါ်လာသော ရင်ကွဲမတတ် အော်ဟစ်သံကိုလည်း မှတ်မိသည်။ ထိုမျှော်လင့်ချက်မဲ့မှု၊ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များမှာ အယောင်ဆောင်ထားခြင်း မဟုတ်ပေ။

သူမသည် ထိုအချိန်ကတည်းက အပြီးအပိုင် သေဆုံးသွားသင့်သည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယခုမူ သူမသည် ပြန်လည်ရှင်သန်လာပြီး သူ၏ ရင်ခွင်ထဲမှ အရိုးထဲတွင် ပုန်းအောင်းလျက် ပြုံးပြကာ စကားပြောနေသည်။ သူမကိုယ်တိုင်ပင် ဘယ်လို အသက်ရှင်ကျန်ခဲ့မှန်း သိပါဦးမလား။

လုလီသည် မျက်တောင်များကို နှိမ့်ချလိုက်ပြီး စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

ချိုးယွဲ့သည် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ ထာဝရအသက်အတွက် မိစ္ဆာလမ်းစဉ်ကို တိတ်တဆိတ် ကျင့်ကြံခဲ့သလို၊ မြေဘီလူးဘုရင်ကို မွေးမြူပြီး သာမန်လူတွေကို သတ်ဖြတ်တာတွေလည်း လုပ်ဝံ့သူ ဖြစ်သည်။ သူ၏ အစ်ကိုဖြစ်သူ လုယွမ်ပင်လျှင် သူမ၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။

သူသည် သာမန် ဝါနတ်အရိုး ရှိသည့် လူသားတစ်ယောက်သာ ဖြစ်ရာ၊ သူမသာ ထိုမိစ္ဆာအရိုးကို စေခိုင်းနိုင်လျှင် သူ့ကို အသက်ရှင်ခွင့် ပေးပါဦးမည်လား။ သူမသည် သူ့ကို ချက်ချင်း မသတ်ခဲ့သလို၊ ခန္ဓာကိုယ်ကို လုယူရန်လည်း မကြိုးစားခဲ့ပေ။

ဒါဟာ သူမမှာ တစ်ခုခု အဆင်မပြေဖြစ်နေတာ ဒါမှမဟုတ် ဝိညာဥ်ပိုင်းဆိုင်ရာ ထိခိုက်ထားလို့ ထိုမိစ္ဆာအရိုးထဲကနေ ယာယီ ထွက်လို့မရတာ၊ သူ့ကို ရန်မပြုနိုင်တာကို ပြနေတာပဲ။ ဆိုလိုတာက သူမမှာ အခုလောလောဆယ် သူ့ကို လိုအပ်နေတယ်။

ဒါပေမဲ့ နောက်ကျရင်တော့ လိုအပ်နေဦးမယ်လို့ မဆိုလိုပေ။ သူမသာ နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့ရင် သူ အသက်ရှင်နိုင်ပါဦးမလား။

လုလီ၏ လက်များမှာ တုန်ရီနေသည်။ သူ တကယ်ပင် ထိုအရိုးကို အဝေးသို့ ပစ်ချပစ်ချင်စိတ် ပေါ်လာသည်။ အခုချက်ချင်းပဲ၊ အဝေးဆုံးကိုပေါ့။ သူ မကြောက်တာ မဟုတ်ဘူး၊ ဒါဟာ ဘေးဒုက္ခတစ်ခုဆိုတာ သူ မသိတာ မဟုတ်ဘူး။

ဒါပေမဲ့... သူ၏ လက်ကို သူ ပြန်ကြည့်လိုက်သည်။ ပိန်လှီပြီး ဖြူဖျော့နေသော လက်ချောင်းလေးများ။

ဝါနတ်အရိုး။

ဝိညာဥ်ချီများမှာ ရှုပ်ထွေးနေပြီး ပါရမီမှာ အနိမ့်ဆုံး ဖြစ်နေသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ဖို့ ကံမပါခဲ့ပေ။ ဤအရိုးသာ မရှိရင် သူဟာ ဟွမ်ရှန်းဂိုဏ်းထဲက အနိမ့်ဆုံး ဖုန်မှုန့်တစ်စလို ဖြစ်နေမှာဖြစ်ပြီး သူတစ်ပါးနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းတောင် ရှိမှာ မဟုတ်ပေ။

ခဏအကြာတွင် သူ၏လက်မှာ ဖြည်းဖြည်းချင်း ပြန်ကျသွားပြီး အရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူသည် မျက်လုံးများကို နှိမ့်ချလျက် တည်ငြိမ်စွာ၊ တိတ်ဆိတ်စွာပင်...

"မင်းက လူပဲဖြစ်ဖြစ်၊ တစ္ဆေပဲဖြစ်ဖြစ်..."

"ဒီအရာကို... ငါ ဆက်ထားဖို့ ဆုံးဖြတ်လိုက်ပြီ"

သူက အံကို တင်းတင်းကြိတ်ကာ စိတ်ထဲမှ စကားတစ်လုံးကိုသာ ပြောလိုက်သည်။

"လောင်းကြေးထပ်မယ်"

ထိုအရိုးသည် သူ့ရဲ့ ရင်ဘတ်နှင့် ကပ်လျက် တိတ်ဆိတ်နေသော်လည်း အနည်းငယ် တုန်ခါသွားသကဲ့သို့ပင်။

ရယ်မောနေသကဲ့သို့ပင်။

📝အပိုင်း - ၁၂ အချင်းချင်း သတ်ဖြတ်ခြင်း

ဘာသာပြန် - Na Gar🐉

လုလီသည် စိတ်အာရုံ တုန်လှုပ်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်ရာ မိမိကိုယ်တိုင် ဝါနတ်အရိုး အုပ်စုနောက်မှ ဒုတိယအဆင့် စမ်းသပ်ကွင်းထဲသို့ မည်သို့ ရောက်ရှိလာသည်ကိုပင် သတိမထားမိလိုက်ချေ။

၎င်းမှာ တောင်ခါးပန်းတွင် ဖြန့်ခင်းထားသော စင်မြင့်ကျယ်ကြီးတစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်တွင် အတားအဆီးမန္တန်များဝန်းရံထားကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဥ်ချီများကို အတင်းအဓမ္မ ဖိနှိပ်ထားရာ လေတိုက်သံပင် ပြတ်တောက်နေသကဲ့သို့ ခံစားရသည်။

မန္တန်အတားအဆီးအတွင်း၌ သစ်ပင်၊ ကျောက်ဆောင် ဟူ၍ မည်သည့်အကာအကွယ်မျှ မရှိဘဲ ပတ်လည်တွင်သာ သာမန်လူသုံး လက်နက်အမျိုးမျိုးကို စိုက်ထူထားသည်။

ဓားရှည်များ၊ ပုဆိန်များ၊ လှံရှည်များ၊ သံပတ်ချာများနှင့် သံတုတ်များမှာ အေးစက်စူးရှလှပြီး သင်္ချိုင်းကုန်းမှ အုတ်ဂူတိုင်များအလား ထိတ်လန့်ဖွယ် ကောင်းလှ၏။

ပတ်ဝန်းကျင်ရှိ ဝါနတ်အရိုးရှိသော ကလေးငယ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် မည်သူမျှ စကားမပြောဝံ့ကြချေ။ သူတို့သည် ဤစမ်းသပ်ပွဲ၏ အနိမ့်ဆုံးအလွှာမှ လူများဖြစ်ကြပြီး ယခုကဲ့သို့ ရက်စက်သော နေရာထဲသို့ ပစ်ချခံလိုက်ရသဖြင့် ရင်ထဲတွင် ဝေခွဲမရမှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် လူတစ်ယောက်မှာမူ အားလုံးနှင့် မတူပေ။

လူအုပ်အလယ်တွင် ရွှေရောင်အနားသတ်ဝတ်စုံ ဝတ်ဆင်ထားသော ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ အကြည့်များမှာ တစ်ခါမှ မပြုံးဖူးသူတစ်ဦးအလား အေးစက်လှသည်။

သူကား ကောင်းကင်နတ်အရိုး ပိုင်ရှင် ရှိီဟွမ် ဖြစ်သည်။

သူသည် ဟွမ်ရှန်းဂိုဏ်းသို့ တိုက်ရိုက်ဝင်ခွင့်ရရုံသာမက တောင်ထွတ်လေးခု၏ အဓိကတပည့် ပင် ဖြစ်နိုင်သော်လည်း၊ စမ်းသပ်ကွင်းထဲသို့ ဝင်ရောက်ကာ ဝါနတ်အရိုးများနှင့်အတူ သေခြင်းရှင်ခြင်း စစ်ထုတ်မှုကို ခံယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ဝါနတ်အရိုး ကလေးအချို့မှာ သူနှင့် ရင်းနှီးအောင် လုပ်ရန် သို့မဟုတ် ဆက်ဆံရေး အနည်းငယ် တည်ဆောက်ရန် ချဉ်းကပ်ကြည့်ကြသော်လည်း၊ သူ၏ အကြည့်တစ်ချက်ဖြင့်ပင် နောက်ဆုတ်သွားကြရသည်။ ထိုအကြည့်မှာ ပုရွက်ဆိတ်အုပ်ကို ကြည့်နေသည့်အလားပင်။

အသက်ပိုကြီးပြီး ခန္ဓာကိုယ် သန်မာသော လူငယ်အချို့ကမူ နှာခေါင်းရှုံ့ကာ ကျိတ်ပြောလိုက်ကြသည်။

"ကောင်းကင်နတ်အရိုး ဆိုတော့ကော ဘာဖြစ်လဲနောက်ဆုံးတော့ ကလေးတစ်ယောက်ပါပဲ။ ခဏနေရင် ကွင်းထဲမှာ လက်တွေ့ပြရမှာပဲ"

လုလီမှာမူ ထိုသူနှင့် ဝေးဝေးတွင် နေလိုက်သည်။ ဤလူသည် ကလေးတစ်ယောက်နှင့်မတူဘဲ အလွန်အန္တရာယ်များလှသည်။ သူသည် အကြီးအကဲဟွမ် ပေးအပ်လိုက်သော အကာအကွယ်ကျောက်စိမ်းပြားကို သတိရလိုက်ရာ ၎င်းမှာ အစွမ်းထက်သော အကာအကွယ်ပစ္စည်းတစ်ခု ဖြစ်ရမည်ဟု တွေးမိသည်။

စမ်းသပ်ပွဲက ရက်စက်နိုင်သော်လည်း၊ တကယ်လို့သာ သူ့ကို ဒဏ်ရာရအောင် လုပ်မိရင် သေရမှာက ကောင်းကင်နတ်အရိုး မဟုတ်ဘဲ လက်ဖျားနဲ့ ထိတဲ့သူပဲ ဖြစ်လိမ့်မည်။

ထိုစဉ် ကောင်းကင်ယံမှ ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး ချီကွမ်ကျီသည် ဓားပျံပေါ်တွင် ရပ်လျက် အေးစက်သောအသံဖြင့် ကြေညာလိုက်သည်။

"ဝါနတ်အရိုးတပည့် စုစုပေါင်း ၄၉၆ ယောက်"

"ငါတို့ ဟွမ်ရှန်းဂိုဏ်းက ၂၀၀ ပဲ လက်ခံမယ်"

စကားဆုံးသည်နှင့် ကွင်းအတွင်း လှုပ်ခတ်သွားသည်။ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ မေးလိုက်သည်။

"ဒုတိယအဆင့် စမ်းသပ်ပွဲရဲ့ စည်းကမ်းက ဘာလဲဆိုတာ သိပါရစေ ခင်ဗျာ"

ချီကွမ်ကျီက မည်သည့်အမူအရာမျှမရှိဘဲ စကားလေးလုံးသာ ပြောလိုက်

သည်။

"စည်းကမ်း မရှိဘူး"

သူသည် ကောင်းကင်ထက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက် အေးစက်စွာ ဆက်ပြောလိုက်သည်။

"မင်းတို့ကို အချိန် တစ်ရက်ပေးမယ်။ ကွင်းထဲမှာ နောက်ဆုံးကျန်ရစ်သူက၂၀၀ ထက် မပိုရဘူး"

"ဘယ်နည်းလမ်းသုံးသုံး ရတယ်။ အောင်နိုင်သူက ဂိုဏ်းထဲဝင်ခွင့်ရမယ်၊ ရှုံးနိမ့်သူကတော့ အပယ်ခံရမယ်"

"တကယ်လို့ နေဝင်ချိန်အထိ သတ်မှတ်ထားတဲ့ လူဦးရေထက် ကျော်နေသေးရင်တော့ အားလုံးကို မောင်းထုတ်မယ်"

ဤစကားမှာ လေးလံသော တူကြီးဖြင့် ရိုက်နှက်လိုက်သကဲ့သို့ပင်။

ကလေးအချို့မှာ မျက်နှာဖြူလျော့သွားပြီး ခြေထောက်များ ပျော့ခွေကာ လဲကျသွားကြသည်။ အချို့မှာ တုန်တုန်ရီရီဖြင့် လက်နက်များကိုပင် မကိုင်ဝံ့ကြချေ။ ပိန်လှီသော လူငယ်တစ်ဦးက အံကြိတ်ကာ မေးလိုက်သည်။

"တကယ်လို့... မတိုက်ချင်တော့ရင် နှုတ်ထွက်လို့ ရမလား"

ချီကွမ်ကျီက အမူအရာမပျက်ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ခဏတွင် ဝါရောင်ဝတ်တပည့် အချို့ကွင်းထဲဝင်လာပြီး ထိုလူငယ်ကို ခေါ်ဆောင်သွားကြ၏။

"အခု လက်လျှော့ရင် တောင်အောက်ကို အသက်ရှင်လျက် ဆင်းသွားနိုင်သေးတယ်"

"ဒါပေမဲ့ စမ်းသပ်ပွဲ စတင်ပြီဆိုရင်တော့... အသက်ဘေးကို ကိုယ့်ဘာသာ တာဝန်ယူရမယ်"

ဤစကားကြောင့် လူအချို့ ဆက်တိုက် နှုတ်ထွက်သွားကြသည်။ ငိုယိုသူ၊ တုန်လှုပ်သူ၊ အံကြိတ်သူများမှာ ကွင်းပြင်ပသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ရေနွေးတစ်အိုးစာခန့် ကြာသောအခါ ကွင်းထဲတွင် ၄၃၀ ခန့်သာ ကျန်တော့သည်။

ထိုသူများ၏ အကြည့်များ ပြောင်းလဲသွားပြီး၊ အရှိန်အဝါများလည်း ပြောင်းလဲသွားသည်။ ရက်စက်မှု၊ လောင်းကစားဆန်မှုနှင့် အသက်ရှင်လိုစိတ်များ ဖုံးလွှမ်းလာတော့သည်။

လုလီသည် မိမိကိုယ်ကိုယ် အမြန်ဆုံး လက်နက်မတပ်ဆင်နိုင်လျှင် ပထမဆုံး ပစ်မှတ်ထား ခံရမည့်သူ ဖြစ်သွားမည်ကို သိသည်။ သူ လှည့်ကြည့်လိုက်ပြလက်နက်စင်များကို အကဲခတ်လိုက်သည်။

လှံရှည်က အရမ်းလေးတယ်၊ သံတုတ်က အရမ်းမာတယ်၊ ပုဆိန်က အရမ်းနှေးတယ်၊ ဓားတိုက အရမ်းတိုတယ်...

သူ၏ အကြည့်မှာ ဓားရှည်တစ်လက်ပေါ်သို့ ကျရောက်သွားသည်။ ဟောင်းနွမ်းနေသော်လည်း ဟန်ချက်ကောင်းပြီး ပေါ့ပါးပုံရသည်။ သူသည် ဓားရိုးကို ကိုင်ကာ လက်နှစ်ဖက်ဖြင့် အနိုင်နိုင် မြှောက်လိုက်ရသည်။ လက်ဖဝါးများ တုန်ရီနေပြီး ချွေးများ စိုရွှဲလာသည်။

သို့သော် သူ နောက်မဆုတ်ပေ။

ပိန်လှီသော ပုံရိပ်လေးမှာ ထောင့်တစ်နေရာတွင် ရပ်လျက် ဓားကို လက်တစ်ဖက်ဖြင့် ထောက်ကာ အကြည့်မလွှဲဘဲ စောင့်ကြည့်နေသည်။ ယနေ့သာ သေဆုံးခဲ့လျှင် သူ၏ အလောင်းမှာ တောင်အောက် ချောက်ထဲသို့ ကန်ချခြင်း ခံရမည်ဖြစ်ပြီး သူ၏ နာမည်မှာ လုလီ ဖြစ်ကြောင်း မည်သူမျှ မှတ်မိမည် မဟုတ်သည်ကို သူ သိသည်။

စမ်းသပ်ပွဲ မစတင်မီမှာပင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ချီကွမ်ကျီ၏ စကားမှာ စမ်းသပ်ကွင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးနောက် နောက်ဆုံး လက်လျှော့သူကို ခေါ်ထုတ်သွားချိန်တွင် ကွင်းအတွင်း၌ တကယ့်ကို တိတ်ဆိတ်သွားတော့သည်။

၎င်းမှာ မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းမျိုးပင်။ လူအုပ်ထဲတွင် အသက်ပိုကြီးပြီး ခန္ဓာကိုယ် သန်မာသော လူငယ်များ စတင် လှုပ်ရှားလာကြသည်။

တစ်ယောက်ပြီးတစ်ယောက် လက်နက်စင်များဆီသို့ သွားကာ အဆင်ပြေမည့် လက်နက်များကို ရွေးချယ်ကြသည်။

တစ်စုံတစ်ယောက်က လက်တစ်ဖက်သုံး စစ်တူကို ကိုင်ကာ လေထဲတွင် လွှဲကြည့်လိုက်ရာ အင်အားကောင်းလှပြီး အချို့ကမူ ပုဆိန်၊ လှံတိုများကို ကိုင်ထားကြပြီး သူတို့၏ မျက်နှာပေါ်တွင် ကလေးဆန်မှုများ ပျောက်ကွယ်ကာ လူကြီးတစ်ယောက်၏ သတ်ဖြတ်လိုစိတ်များ အစားထိုး ဝင်ရောက်လာသည်။

အထင်ပေါ်ဆုံးမှာ ကွင်းအလယ်တွင် ရပ်နေသော ကောင်းကင်နတ်အရိုး လူငယ် ရှီဟွမ် ပင် ဖြစ်သည်။ သူသည် ငွေရောင်လှံရှည်တစ်လက်ကို ယူလိုက်ပြီး လှုပ်ယမ်းကြည့်လိုက်ရာ လှံမှာ မြွေတစ်ကောင်အလား လှုပ်ရှားသွားသည်။ သူက စကားတစ်ခွန်းမျှ မပြောဘဲ ပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်သည်။

ဤအကြည့်တစ်ချက်ကြောင့်ပင် သူ၏ ဘေးပတ်လည် ၅ ပေအတွင်း မည်သူမျှ မချဉ်းကပ်ဝံ့ကြချေ။

မိမိကိုယ်ကိုယ် သန်မာသည်ဟု ထင်သော လူငယ်တစ်ဦးမှာ အနားသို့ တိုးကြည့်ရန် ကြိုးစားသော်လည်း ရှီဟွမ်၏ အကြည့်ကြောင့် ရင်ထဲတွင် အေးစက်သွားကာ ချက်ချင်းပင် နောက်ဆုတ်သွားရသည်။

"မဟုတ်ဘူး၊ ဒီကလေးက ၁၀ နှစ်သားနဲ့ မတူဘူး"

"မိစ္ဆာတစ်ကောင်ပဲ" ဟု တစ်စုံတစ်ယောက်က အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

စမ်းသပ်ကွင်း၏ ထောင့်တစ်နေရာတွင် အသက်ငယ်ပြီး ခန္ဓာကိုယ် ပိန်လှီသော မိန်းကလေးငယ်များ၏ မျက်နှာမှာ ပိုမိုဖြူလျော့လာသည်။ အချို့မှာ မနေနိုင်ဘဲ ငိုယိုကြပြီး၊ အချို့မှာ နေရာတွင်ပင် တုန်တုန်ရီရီ ဖြစ်နေကြ၏။

သို့သော် ထက်မြက်သူအချို့မှာမူ "အသက်ရှင်ကျန်ရစ်နိုင်မည့်သူ" ကို စတင်ရှာဖွေနေကြသည်။ ၁၀ နှစ်ဝန်းကျင်တွင် မိန်းကလေးများ၏ ကြီးထွားမှုမှာ ယောက်ျားလေးများထက်ပင် ပိုမိုသန်မာတတ်သည်။ ကြီးထွားမှု မြန်သော မိန်းကလေးငယ်အချို့မှာ အုပ်စုဖွဲ့ကာ တစ်ဦးကိုတစ်ဦး အားပေးလျက် မဟာမိတ်ဖွဲ့ကြသည်။

အများစုမှာမူ သန်မာသော ယောက်ျားလေးများ၏ ဘေးတွင် ကပ်ကာ အကာအကွယ် ရှာရန် ကြိုးစားကြသည်။ အချို့မှာ တိုးတိုးလေး ချော့မော့ပြောဆိုခြင်း၊ အင်္ကျီလက်ကို ဆွဲခြင်းဖြင့် အသက်ရှင်ခွင့် ရရန် လောင်းကစားနေကြ၏။

မြင်ကွင်းမှာ... ပရမ်းပတာ ဖြစ်နေသော လောကပျက်ကပ်တစ်ခုတွင် အသက်ရှင်ရန် ကြိုးစားနေသည့်အလားပင်။ သန်မာသော ယောက်ျားလေးများမှာလည်း အုပ်စုငယ်လေးများ ဖွဲ့ထားကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် စူးစမ်းမှုနှင့် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။

ဒုတိယအဆင့်မှာ အုပ်စုဖွဲ့ အောင်နိုင်ရခြင်း မဟုတ်ဘဲ နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်ရန် ဖြစ်သည်ကို အားလုံး သိကြသည်။ ယခုလက်ရှိ မဟာမိတ်မှာ နေမဝင်မီတွင် မိမိလက်ထဲမှ ဓားအောက်ရှိ သားကောင် ဖြစ်သွားနိုင်ပေသည်။

ထိုစဉ်...

လုလီသည် မိမိ၏ အဝတ်စုတ်လေးကို တစ်စုံတစ်ယောက်က ဖွဖွလေး ဆွဲနေသည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ၁၀ နှစ်ခန့်ရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည်။ သူမ၏ မျက်နှာမှာ ပေရေနေပြီး အကြည့်များမှာ ထိတ်လန့်နေကာ အင်္ကျီစကို ဆွဲထားသော လက်များမှာ တုန်ရီနေ၏။

သူမ၏ အသံမှာ ခြင်သံလောက်သာ ရှိသည် "အစ်... အစ်ကို၊ ကျွန်မ... ကျွန်မ မသေချင်ဘူး"

သူမသည် ဝါးခြမ်းပြားအလား ပိန်လှီပြီး ပါးလွှာသော ဝါဂွမ်းအင်္ကျီကို ဝတ်ထားသည်။ လုလီသည် သူမကို စောစောကတည်းက သတိပြုမိခဲ့သည်။ သူမက လူအုပ်စု အတော်များများနားသို့ ချဉ်းကပ်ကြည့်သော်လည်း ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အားလုံးက သူမကို မောင်းထုတ်ခဲ့ကြသည်။

အားနည်းလွန်းသည်၊ သူမကို ခေါ်ထားလျှင် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်။

လုလီက သူမကို ခေတ္တမျှ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက တိုးတိုးလေး သက်ပြင်းချကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"ထွက်သွားစမ်း"

မိန်းကလေးငယ်မှာ မှင်သက်သွားပြီး သူမ၏ မျက်လုံးထဲမှ မျှော်လင့်ချက် အလင်းတန်းလေးမှာ တဖြည်းဖြည်း ငြိမ်းသတ်သွားတော့သည်။ လုလီကသူမ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားသည်ကို ကြည့်ရင်း ရင်ထဲတွင် လုံးဝ ခံစားချက် မရှိသည်တော့ မဟုတ်ပေ။

သို့သော် သူ သိသည်မှာ...

"ငါကိုယ်တိုင်တောင် မသေအောင် မနည်းကြိုးစားနေရတာ၊ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်တဲ့သူတစ်ယောက်ကို ဘယ်လို ခေါ်သွားနိုင်မှာလဲ"

"ဒါဟာ ရက်စက်တာ မဟုတ်ဘူး၊ ဒါဟာ လက်တွေ့ပဲ"

မိန်းကလေးငယ်မှာ နေရာတွင် မှင်သက်နေပြီး သူမ၏ မျက်လုံးထဲမှ အလင်းရောင်မှာ လေတိုက်လို့ ငြိမ်းသွားသော ဖယောင်းတိုင်မီးအလား တစ်စစ ပျောက်ကွယ်သွားသည်။ သူမသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်သော်လည်း ထွက်မသွားဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မ လက်မလျှော့နိုင်ဘူး"

လုလီက လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်၊ မင်းရဲ့ အင်အား၊ မင်းရဲ့ သတ္တိနဲ့ဆိုရင် အသက်ရှင်

ကျန်ရစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"

"မင်းအတွက် တက်လှမ်းဖို့ မျှော်လင့်ချက် မရှိဘူး၊ အခု လက်လျှော့ရင် အသက်ရှင်နိုင်သေးတယ်"

သူ၏ လေသံမှာ အေးစက်တည်ငြိမ်နေပြီး ဖျောင်းဖျနေခြင်း မဟုတ်ဘဲ ဖြစ်လာမည့် အမှန်တရားကို ပြောပြနေခြင်းသာ ဖြစ်သည်။ မိန်းကလေးငယ်မှာ လက်ထဲမှ အဝတ်စုတ်ကို တင်းတင်းဆုပ်ကာ သူမ၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှု့အချို့ ပေါ်လာသည်။

"အဘိုးက... ကျွန်မ စမ်းသပ်ပွဲ ဝင်နိုင်ဖို့အတွက် အိမ်က ပစ္စည်းတွေ အကုန်ရောင်းလိုက်ရတာ"

"ဒါက ကျွန်မတို့ မိသားစုရဲ့... တစ်ခုတည်းသော အခွင့်အရေးလို့ ပြောခဲ့တယ်"

သူမ ခေါင်းမော့လိုက်ရာ အသံမှာ တုန်ရီနေပြီး...

"တကယ်လို့ ကျွန်မ လက်လျှော့လိုက်ရင်... တကယ်ပဲ ဘာမှမကျန်တော့ဘူး"

လုလီ၏ မျက်ခုံးများ လှုပ်ရှားသွားပြီး သူ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ပထမအဆင့် စမ်းသပ်ပွဲတုန်းက မြေးဖြစ်သူကို တင်းတင်းဖက်ကာ ဒူးထောက်တောင်းပန်ရင်း နဖူးမှာ သွေးထွက်သည်အထိ ဦးတိုက်ခဲ့သော၊ နောက်ဆုံးတွင် အဝါရောင်ဝတ်တပည့်၏ ဓားချက်ဖြင့် သေဆုံးသွားခဲ့သော ထိုအဘိုးအို။

ထိုသူသည် သေရမည်ကို သိသော်လည်း နောက်မဆုတ်ခဲ့ခြင်းမှာ စမ်းသပ်ပွဲ ဝင်ခွင့်၏ တန်ဖိုးမှာ ခံနိုင်ရည်မရှိလောက်အောင် လေးလံလွန်းနေသောကြောင့် ဖြစ်သည်ကို သူ ယခုမှ နားလည်သွားတော့သည်။

သာမန်လူသား တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ နတ်ဘုရားလမ်းစဉ်သို့ တက်လှမ်းမည့် စမ်းသပ်ပွဲ ဝင်ခွင့်လက်မှတ် တစ်စောင်သည်ပင်လျှင် အိမ်ခြံမြေ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး မျှော်လင့်ချက်အားလုံးကို လောင်းကြေးထပ်ထားရသော ပွဲဖြစ်ကြောင်း သူ နားလည်သွားသည်။

"ဒီလို ဝေဝါးလွန်းတဲ့ နတ်ဘုရားလမ်းစဉ် အတွက်နဲ့တော့..." လုလီ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဤလမ်းစဉ်သည် အသက်ထက်ပင် ပိုမို တန်ဖိုးကြီးလှ၏။

နောက်ဆုံးတွင် သူ သူမကို ထပ်မံ မမောင်းထုတ်တော့ပေ။

သူက ပြောလိုက်သည်...

"ငါ့နောက်က လိုက်နိုင်တယ်"

"ဒါပေမဲ့ မှတ်ထားပါ ငါ မင်းကို ကယ်မှာ မဟုတ်ဘူး"

သူ၏ လေသံမှာ အလွန်တည်ငြိမ်သော်လည်း သေခြင်းရှင်ခြင်း ကတိကဝတ် တစ်ခုအလားပင်။ မိန်းကလေးငယ်မှာ ပထမတွင် မှင်သက်သွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် ဝမ်းသာမှုများ ပေါ်လာကာ ခေါင်းကို တရစပ် ညိတ်လိုက်သည်။ သူမက လက်နက်စင်ပေါ်မှ အပေါ့ပါးဆုံး ဓားတိုတစ်လက်ကို အလျင်အမြန် ယူလိုက်ပြီး လုလီ၏ နောက်မှ တင်းတင်းကြပ်ကြပ် လိုက်ပါလာတော့သည်။

သူမ၏ ပိန်လှီသော ခန္ဓာကိုယ်မှာ လုလီ၏ ကျောပြင်နှင့် ကပ်လုနီးပါး ရှိနေသော်လည်း အနားသို့ အလွန်အကျွံ မကပ်ဝံ့ဘဲ ခြေလှမ်း သုံးလှမ်းခန့် အကွာအဝေးကို ဂရုတစိုက် ထိန်းသိမ်းထားသည်။

စိတ်ထင်လို့လားတော့ မသိ၊ လုလီ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ့ပါးသော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ ချိုးယွဲ့နတ်သမီး၏ အသံဖြစ်သည်။

ထိုရယ်သံမှာ လေညှင်းတစ်စအလား သူ၏ စိတ်အာရုံ အနားသတ်တွင် ဝန်းရံနေသော်လည်း မြွေလျှာဖြင့် ကျောရိုးကို လျက်သွားသကဲ့သို့ အေးစက်လှ၏။

ဘာစကားမှ မပြောဘဲ ရယ်ရုံသာ ရယ်နေခြင်း ဖြစ်သည်။

လှောင်ပြောင်နေသည့်အလား..

"ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်တဲ့ ဝါနတ်အရိုးလေးက၊ တစ်ခြားလူကိုပါ ဒီသတ်ကွင်းထဲကနေ ခေါ်ထုတ်သွားချင်နေတာလား"

အသံမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်ခါမှ မပေါ်ခဲ့သကဲ့သို့ပင်။

လုလီ၏ အမူအရာမှာ မပြောင်းလဲသော်လည်း မျက်ခုံးများ လေးနက်သွားကာ လက်ထဲမှ ဓားကို ရင်ဘတ်ရှေ့တွင် ဖြည်းညင်းစွာ မြှောက်ကိုင်ထားလိုက်သည်။

All Chapters