← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

📝အပိုင်း - ၁၃ နောက်ကျောမှဓားချက်

ဘာသာပြန် - Na Gar🐉

“စမ်းသပ်ပွဲ စတင်စေ” ဟူသော ချီကွမ်ကျိီ၏ အမိန့်သံနှင့်အတူ အတားအဆီး စည်းဝိုင်းအတွင်းရှိ စင်မြင့်တစ်ခုလုံး သင်္ချိုင်းကဲ့သို့ တိတ်ဆိတ်သွားသည်။

ဝါနတ်အရိုးပိုင်ရှင် ကလေးငယ်အားလုံး ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ တင်းမာနေကြသည်။ ၎င်းတို့သည် အသက် (၁၀) နှစ်ဝန်းကျင်အရွယ်များသာ ဖြစ်ကြပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ် ရှိနေကြသော်လည်း အမှန်တကယ် သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ခဏတာမျှ မည်သူမျှ လက်ဦးအောင် မလှုပ်ရှားရဲကြပေ။ လူစုခွဲကာ ထွက်ပြေးကြသော်လည်း အဝေးကြီးသို့ မသွားရဲကြဘဲ ကိုယ့်ဒေါင့်နှင့်ကိုယ် နေရာယူကာ တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ လေထုက ခဲနေသကဲ့သို့ လေးလံနေပြီး ပထမဆုံး သွေးစက် ကျလာမည့်အချိန်ကို လူတိုင်း အသက်အောင့်ကာ စောင့်နေကြသည်။

လုလီသည်လည်း လက်ထဲမှ ဓားရှည်ကို တင်းတင်းဆုပ်ကာ ကွင်းဘေးတွင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။ သူ၏နောက်တွင် ပိန်ပိန်ပါးပါး မိန်းကလေးငယ်သည် ခြေလှမ်းသုံးလှမ်းအကွာ၌ ကပ်လျက်ရှိနေပြီး တိုးတိုးလေး စကားပြောလာသည်။

“အစ်ကို... ကျွန်မနာမည်က ဝမ်မုန်ပါ... အစ်ကို့နာမည်က ဘယ်သူလဲဟင်”

လုလီက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“လုလီ”

ထို့နောက် ဘာစကားမှ ဆက်မပြောတော့ဘဲ မျက်လုံးများက ဓားကဲ့သို့ ထက်မြက်စွာ တစ်ကွင်းလုံးကို ဝေ့ကြည့်နေသည်။ သူသည် လူစိမ်းဆန်နေခြင်း မဟုတ်ဘဲ အခုအချိန်သည် စကားပြောရမည့် အချိန်မဟုတ်ကြောင်း ကောင်းကောင်းသိနေ၍ ဖြစ်သည်။

တိတ်ဆိတ်မှုသည် အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်သွားသည်။ နောက်ဆုံးတွင် တစ်နေရာမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

အရပ်အမောင်း မြင့်မားသော လူငယ်အချို့သည် အဖော်မဲ့နေသော အားနည်းသည့် ကလေးတစ်ဦးကို ဝိုင်းအုံ တိုက်ခိုက်လိုက်ကြသည်။ လက်နက်များ လေထဲတွင် ဝေ့ယမ်းသွားပြီး ဓားရှည်က လည်ပတ်ကို ပိုင်းဖြတ်ကာ သံတုတ်က ကျောပြင်ကို ရိုက်ချလိုက်သဖြင့် သွေးများ လွင့်စင်သွားပြီး အော်ဟစ်သံသည် ချက်ချင်း ရပ်တန့်သွားသည်။

ပထမဆုံး အလောင်းသည် ကျောက်ပြင်ပေါ်သို့ လဲကျသွားပြီး သွေးများ စီးကျလာသည်။ အထွတ်အထိပ်သို့ ရောက်နေသော တင်းမာမှုသည် နောက်ဆုံးတွင် အလုံးအရင်းနှင့် ပေါက်ကွဲထွက်သွားတော့သည်။ တိတ်ဆိတ်နေသော ရေမျက်နှာပြင်ပေါ်သို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ စမ်းသပ်ကွင်းတစ်ခုလုံး ရုတ်ချည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

သန်မာသော ကလေးငယ်များသည် မတွန့်ဆုတ်တော့ဘဲ အားနည်းသူများကို စတင် အမဲလိုက်ကြတော့သည်။ ခဏအတွင်းမှာပင် နာကျင်စွာ အော်ဟစ်သံများနှင့် ငိုယိုသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“တောင်းပန်ပါတယ်၊ ကျွန်တော် အရှုံးပေးပါတယ်၊ မတိုက်ချင်တော့ဘူး”

ပိန်လှီသော လူငယ်တစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုယိုရင်း စင်မြင့်ဘက်သို့ ဦးခိုက်ကာ အသက်ချမ်းသာခွင့် တောင်းနေသည်။ သို့သော် ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ ဂရုမစိုက်ကြချေ။

အဝါရောင်ဝတ် တပည့်များသည် အတားအဆီး အပြင်ဘက်တွင် အေးစက်စွာ ရပ်ကြည့်နေကြပြီး ဘာလှုပ်ရှားမှုမှ မရှိကြပေ။ ချီကွမ်ကျိီသည်လည်း လေထဲတွင် လက်နောက်ပစ်ကာ ရပ်နေပြီး မျက်နှာထားမှာ အေးစက်တည်ငြိမ်နေသည်။

စမ်းသပ်ပွဲ စတင်ပြီဖြစ်၍ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဂရုမစိုက်ပေ။

ထိုလူငယ်လေး ပြန်မထနိုင်ခင်မှာပင် နောက်ကျောမှ အရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာသည်။

“ဗျစ်”

ဓားမြှောင်တိုတစ်လက်က သူ၏ နောက်ကျောမှတစ်ဆင့် နှလုံးသားကို ဖောက်ထွက်သွားသည်။ သွေးများ ပန်းထွက်လာပြီး သူ၏ မျက်လုံးထဲတွင် မကျေနပ်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက် အသက်ပျောက်ကာ လဲကျသွားသည်။ တိုက်ခိုက်သူသည် ဓားကို အမြန်ဆွဲထုတ်ကာ ကိုယ်ယောင်ဖျောက် ထွက်ပြေးသွားသည်။ လှုပ်ရှားမှုမှာ သွက်လက်ချက်ချာလှသဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်း ထင်ရှားလှသည်။

ကွင်းအတွင်း သတ်ဖြတ်လိုစိတ်များ မြင့်တက်လာပြီး သွေးညှီနံ့များ လွှမ်းမိုးလာသည်။ ရှီဟွမ်သည် အလယ်ဗဟိုတွင် လှံရှည်ကို ကိုင်ကာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ သို့သော် သူ၏ ပတ်ပတ်လည် ဆယ်ပေအတွင်း မည်သူမျှ ခြေတစ်လှမ်းပင် မတိုးရဲကြချေ။

ရုတ်တရက် တိုက်ပွဲဖြစ်ပွားရာ တစ်နေရာမှ စူးရှသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

“ရှူး...”

ဓားတိုတစ်လက်က လူငယ်တစ်ဦး၏ ပုခုံးကို ခုတ်လိုက်သော်လည်း သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားကာ ဘာဒဏ်ရာမှ မရရှိပေ။

“အဆောင်ကျောက်စိမ်းပြား ရှိတယ်”

“သူ သုံးထားတာက ကာကွယ်ရေးအဆောင်ပဲ”

လူအုပ်ကြီး အံ့သြတုန်လှုပ်နေစဉ် ထိုလူငယ်သည် ရွှေရောင်အလင်းကို နင်းကာ တန်ပြန် တိုက်ခိုက်လိုက်သဖြင့် တစ်ဖက်လူ မြေပြင်ပေါ် လဲကျသွားသည်။ အချို့က ၎င်းသည် အကာအကွယ်အဆောင်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခဏတာ ခုခံနိုင်ကြောင်း မှတ်မိကြသည်။

လုလီ၏ မျက်ဆံများ ကျုံ့သွားသည်။ ဤကဲ့သို့ အဆောင်ကျောက်စိမ်းပြားများကို ကလေးငယ်တစ်ဦးအား ပေးအပ်နိုင်သူမှာ သာမန်မဟုတ်ပေ။ ကျိန်းသေပေါက် ကျင့်ကြံသူ မိသားစုမှ ဆင်းသက်လာသူ ဖြစ်ရမည်။

တိုက်ပွဲများ ဆက်ဖြစ်နေသလို ရှုပ်ထွေးမှုများလည်း ဆက်ရှိနေသည်။ ကလေးငယ်များစွာသည် ကြောက်လန့်တကြား ပြေးလွှားနေကြပြီး မိမိတို့နှင့်ပါလာသော အကာအကွယ်အဆောင်များကို ဆက်တိုက် အသုံးပြုလာကြသည်။ အလင်းဒိုင်းများ၊ လေကာမှန်များ ပေါ်ထွက်လာပြီး အချို့မှာ ရန်သူ၏ လက်နက်များကိုပင် တန်ပြန်လွင့်စင်စေသည်။

ကာကွယ်ရေးအဆောင်များသည် မျှော်လင့်ထားသည့်အတိုင်း အစွမ်းပြနေကြသည်။

အချို့က အော်ဟစ်နေကြသည် “ဒါ မတရားဘူး သူတို့မှာ အဆောင်

ကျောက်စိမ်းပြားတွေ ပါလာတယ်”

အချို့ကလည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသော သူဌေးသားများနားသို့ ကပ်ကာ အဖော်ပြုရန် တောင်းဆိုကြသော်လည်း အေးစက်စွာ တွန်းထုတ်ခံရသည်။

ဤအရာအားလုံးကို ကွင်းပြင်ပမှ ချီကွမ်ကျိီက ဂရုမစိုက်ပေ။

လေထဲမှ အဝါရောင်ဝတ် တပည့်များလည်း တစ်ဦးမျှ ဝင်မပါကြပေ။

၎င်းတို့သည် သဲထဲမှ ရွှေကို စစ်ထုတ်နေသကဲ့သို့ အေးစက်စွာ ကြည့်နေကြသည်။ ကိုယ်တိုင်လည်း ဝင်မပါသလို သနားညှာတာမှုလည်း မရှိကြချေ။

နောက်ဆုံးတွင် တစ်စုံတစ်ဦးက မမြင်နိုင်သော စည်းကမ်းကို ချိုးဖောက်လိုက်သည်။ လူငယ်တစ်ဦးသည် အကြပ်အတည်းသို့ ရောက်နေစဉ် ရင်ဘတ်ထဲမှ အနီရောင်အဆောင်ကျောက်စိမ်းပြားကို ထုတ်ယူကာ အော်ဟစ်လိုက်သည်။

“ပေါက်ကွဲမီးတောက်... ထွက်စမ်း”

“ဝုန်း...”

ပူပြင်းသော မီးလုံးကြီးတစ်လုံးသည် အဆောင်ကျောက်စိမ်းပြားထဲမှ ထွက်ပေါ်လာပြီး တောင်ကတုံး ပြိုကျသကဲ့သို့ သူ့ကို လိုက်သတ်နေသော ကောင်လေးဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။ ထိုကောင်လေးသည် မရှောင်တိမ်းနိုင်ဘဲ အသံပင် မထွက်နိုင်ခင် မီးလုံး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ချက်ချင်း အသက်ပျောက်ကာ အသားများ ကျွမ်းလောင်သွားရသည်။

ခဏအတွင်း တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။ ပတ်ဝန်းကျင်မှ လူတိုင်း လှုပ်ရှားမှု ရပ်တန့်သွားပြီး တက်လာသော မီးခိုးလုံးကြီးကို ကြောင်ကြည့်နေကြသည်။ ထိုမီးအဆောင်ကို သုံးလိုက်သော လူငယ်သည် သက်ပြင်းပင် ဝဝမချနိုင်သေးမီမှာပင်...

“ရှပ်..”

အေးစက်သော အလင်းတန်းတစ်ခု ကောင်းကင်မှ ရုတ်ချည်း ကျဆင်းလာသည်။ ဓားရိပ်သည် ကောင်းကင်မှ ဆင်းသက်လာကာ ဝိညာဉ်သရဲကဲ့သို့ နှလုံးသားကို ဖောက်ထွက်သွားသည်။ ထိုလူငယ်သည် မျက်လုံးပြူးကာ ရုန်းပင်မရုန်းနိုင်ဘဲ နဖူးအလယ်ကို ဓားချင်းဖောက်လျက် နေရာမှာတင် သေဆုံးသွားတော့သည်။

“ဘုန်း...”

အလောင်းက မြေပေါ်လဲကျသွားပြီး သွေးများက ကျောက်တုံးမြေပြင်ကို နီရဲစေသည်။ ထိုအချိန်မှသာ ချီကွမ်ကျိီ၏ အသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

“ ကာကွယ်ရေးအဆောင်တွေကို အသုံးပြုခွင့်ရှိတယ်”

“တိုက်ခိုက်ရေးအဆောင်တွေကိုတော့ တားမြစ်တယ်"

“စည်းကမ်းဖောက်ဖျက်တဲ့သူကို အဆုံးစီရင်မယ်”

စကားသံဆုံးသည်နှင့် လေအေးက လည်ပင်းကို လှီးဖြတ်လိုက်သကဲ့သို့ ကွင်းအတွင်းရှိ မည်သူမျှ တိုက်ခိုက်ရေးအဆောင်များကို မသုံးရဲကြတော့ပေ။ စည်းကမ်းသည် နောက်ဆုံးတွင် အမှန်တကယ် ရှင်းလင်းသွားခဲ့ပြီ။

လုလီ၏ စိတ်ထဲတွင် လေးလံသွားသည်။ ဤ ဟွမ်ရှန်းဂိုဏ်းသည် စည်းကမ်းကိုသာ ကြည့်ပြီး လူသားချင်း စာနာမှု လုံးဝမရှိပေ။ သူဌေးသားများကို အသက်ရှင်ရန် အခွင့်အရေး ပေးသော်လည်း အဆင်ခြင်မဲ့ သတ်ဖြတ်ရန် အာဏာကိုမူ မပေးပေ။ တရားမျှတမှုအတွက် မဟုတ်ဘဲ စည်းကမ်းအတွက်သာ ဖြစ်သည်။

ယခုအခါ သူ တစ်ခုကို ပို၍ ရှင်းလင်းစွာ သိလိုက်ရသည် “ဒီနေရာမှာ အားနည်းတဲ့သူတွေက အော်ဟစ်ခွင့်တောင် မရှိဘူး”

သူသည် ဘေးနားရှိ ဝမ်မုန်ကို ငုံ့ကြည့်လိုက်ရာ သူမသည် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မျက်နှာ ဖြူလျော်နေသော်လည်း ဘာစကားမှ မပြောပေ။ လုလီက ဓားရှည်ကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

ထိုစဉ် သွေးစွန်းနေသော လူနှစ်ဦးသည် သူ့ဆီသို့ တိုးကပ်လာသည်။ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဖြစ်ပြီး ယောက်ျားလေးမှာ အရပ်ရှည်ပြီး ကိုယ်လုံးတောင့်တင်းကာ မျက်နှာတွင် မခြောက်သေးသော သွေးစက်များ ရှိနေပြီး မျက်လုံးများ နီမြန်းနေသည်။ မိန်းကလေးမှာ အရပ် အနည်းငယ် ပုသော်လည်း မျက်လုံးများက ရက်စက်ကြမ်းကြုတ်ကာ လက်ထဲရှိ ဓားမြှောင်တွင် ဆံပင်စများ ကပ်နေသဖြင့် လူသတ်ဖူးကြောင်း ထင်ရှားလှသည်။

၎င်းတို့၏ မျက်လုံးများသည် အထီးကျန် ယုန်ကလေးကို တွေ့လိုက်သော ဝံပုလွေများကဲ့သို့ တောက်ပနေသည်။ ယောက်ျားလေးက ပြုံးလိုက်သော်လည်း သူ၏ အသံမှာ ရူးသွပ်နေဟန်ရှိသည်။

“ငါတို့ကို အပြစ်မတင်နဲ့၊ လူ ၂၀၀ ပဲ အသက်ရှင်ခွင့် ရှိတာ”

“မင်းတို့လို ပိန်ပိန်ပါးပါးလေးတွေက... ငါတို့လက်နဲ့ မသေရင်တောင် တခြားလူသတ်တာ ခံရမှာပဲ”

စကားအဆုံးတွင် ပြန်ပြောသည်ကို မစောင့်ဘဲ အော်ဟစ်ကာ လုလီဆီသို့ ပြေးဝင်လာတော့သည်။ လေးလံသော ဓားရှည်ကို ကိုင်ကာ အားနှင့် ဝေ့ယမ်းလိုက်သည်။ စနစ်တကျ မရှိသော်လည်း အင်အားကြီးမားလှသဖြင့် ဓားလေတိုးသံက လေထုကို ဖြတ်သန်းသွားသည်။

လုလီသည် ဓားကို မြှောက်ကာ ခုခံလိုက်သော်လည်း လက်ဖဝါး တစ်ခုလုံး တုန်ခါသွားကာ ခြေလှမ်း သုံးလှမ်းခန့် နောက်ဆုတ်သွားရသည်။ သူ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ ဤဓားသည် လေးလံလွန်းသဖြင့် သူ တိုက်စစ်မဆင်နိုင်ဘဲ ခုခံရုံသာ တတ်နိုင်သည်။ တစ်ဖက်လူသည် ခွန်အားကို လေ့ကျင့်ထားသူ ဖြစ်သည့်အပြင် လူသတ်ဖူးသူဖြစ်၍ ထွက်ပေါ်လာသော အရှိန်အဝါမှာ သတ်ဖြတ်လိုစိတ် အပြည့်ဖြစ်သည်။

ဝမ်မုန်က နောက်ဘက်မှ အော်ဟစ်လိုက်ပြီး အနားသို့ ကပ်ချင်သော်လည်း မကပ်ရဲပေ။ လုလီက အံကို တင်းတင်းစေ့ကာ ဓားကို ကန့်လန့်ဖြတ်ကာ တောင့်ခံထားသည်။ သို့သော် ထိုအချိန်တွင်...

ရင်ဘတ်ထဲရှိ အေးစက်သော မိစ္ဆာအရိုးသည် ရုတ်တရက် ပြန်လည် ပူနွေးလာသည်။ တိုက်ပွဲ၏ အငွေ့အသက်ကို ခံစားမိသကဲ့သို့ ခပ်ဖွဖွ လှုပ်ခတ်လာသည်။

“ရှူး...”

အင်အား အနည်းငယ်သည် နွေးထွေးသော ရေစီးကြောင်းကဲ့သို့ ရင်ဘတ်မှတစ်ဆင့် လက်မောင်း နှစ်ဖက်ဆီသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် ပြင်းထန်သော ခွန်အားတိုးလာမှု မဟုတ်ဘဲ သူ၏ အားနည်းချက်ကို ဖုံးကွယ်ကာ တောင့်ခံနိုင်စွမ်း ရှိစေရန် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ခွန်အားမှာ သိသိသာသာ ပြောင်းလဲမသွားသော်လည်း သူက လဲမကျတော့ဘဲ တည်ငြိမ်လာသည်။

သူ၏ မျက်လုံးများလည်း ပိုမို ရှင်းလင်းလာသည်။ ဤအင်အားက သူ မိစ္ဆာခေါင်းတောင်မှ ဆင်းလာစဉ်ကလည်း ပေါ်ခဲ့ဖူးသည်။ အားအင်ကုန်ခမ်းလုနီးပါး အချိန်တွင် သူ့ကို ခွန်အားကြီး အဖြစ် ပြောင်းလဲမပေးသော်လည်း သူ၏ ပင်ပန်းမှုကို ဖြည်းဖြည်းချင်း ကုသပေးကာ ကြံ့ခိုင်မှုကို တိုးစေသည်။

ဤအပူစီးကြောင်း၏ အကူအညီဖြင့် သူသည် သွက်လက်သော ကိုယ်ဟန်ကို သုံးကာ နောက်ဆုတ်ခြင်း၊ ရှောင်တိမ်းခြင်းများကို စတင် ပြုလုပ်လာသည်။ တစ်ဖက်လူက ဓားနှင့် ခုတ်လျှင် သူက ဘေးသို့ ရှောင်လိုက်သည်။ နောက်တစ်ကြိမ် ခုတ်လျှင် မြေပြင်ပေါ် လှိမ့်ကာ ရှောင်လိုက်သည်။ လှုပ်ရှားမှုမှာ သပ်ရပ်လှပခြင်း မရှိသော်လည်း အလွန် တိကျလှသည်။

ထိုယောက်ျားလေးသည် တိုက်လေ တိုက်လေ ပို၍ ဒေါသထွက်လာကာ ချွေးများ စီးကျလာပြီး အော်ဟစ်တော့သည်။

“မင်းက ရှောင်နေရုံပဲတတ်တာလား ကြွက်စုတ်”

လုလီက ဘာမှ ပြန်မပြောဘဲ ဓားကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုစဉ် ယောက်ျားလေးက ဟစ်အော်လိုက်သည်။

“လင်းယွဲ့ ဘာစောင့်နေတာလဲ အတူတူတက်ပြီး သတ်စမ်း”

လင်းယွဲ့ဆိုသော မိန်းကလေးသည် တစ်ဖက်မှ တိတ်တဆိတ် ချဉ်းကပ်လာပြီး သူမ၏ လက်ထဲရှိ ဓားမြှောင်က အေးစက်စွာ တောက်ပနေပြီး မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ရှိနေသည်။ ရှေ့နောက် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

လုလီတွင် ဓားရှည် တစ်လက်သာ ရှိပြီး ကိုယ်လုံးမှာလည်း သေးသိမ်လှသဖြင့် နှစ်ယောက်ပေါင်း တိုက်ခိုက်မှုကို ခုခံနိုင်ရန် ခက်ခဲလှသည်။ ဤသည်မှာ သူ၏ ပထမဆုံးသော သေကွင်းသေကွက် ဖြစ်ပေလိမ့်မည်။

လုလီက အံကြိတ်ကာ တောင့်ခံထားသော်လည်း ဓားကွက်များ ပျက်ယွင်းလာသည်။ ရှေ့တွင် ယောက်ျားလေးက ဓားကို လေကဲ့သို့ ဝေ့ယမ်းနေပြီး ဘေးတွင် လင်ယွဲ့က ဓားမြှောင်နှင့် အနားသို့ ကပ်လာပြီ ဖြစ်သည်။ နောက်ကွယ်တွင်မူ ဝမ်မုန်က သူ့ကို တင်းတင်းကပ်လျက် နောက်သို့ ခြေလှမ်းမှန်မှန် ဆုတ်နေပြီး ပုန်းနေသကဲ့သို့ ရှိသည်။

“အစ်ကိုလုလီ၊ သတိထားနော်” သူမ၏ အသံမှာ ငိုသံပါနေပြီး အမြဲတမ်းကဲ့သို့ပင် အားနည်းနေဆဲ ဖြစ်သည်။

လုလီက သူမကို ဂရုစိုက်ရန် အချိန်မရှိပေ။ ဤအခြေအနေတွင် အသေအလဲ တိုက်မှသာ ရမည်ကို သူသိသည်။ သူ၏ လက်ဆစ်များ ဖြူလျော်နေပြီး ချွေးအေးများ ထွက်နေသော်လည်း တုံ့ဆိုင်းမှု မရှိပေ။

သို့သော် ထိုအချိန်တွင်...

“ရှပ်...”

ထက်မြက်ပြီး အေးစက်သော ခံစားချက်တစ်ခုသည် ရှေ့မှ မဟုတ်ဘဲ... သူ၏ နောက်ကျောမှ ပေါ်လာသည်။

လုလီ၏ မျက်လုံးများ ပြူးသွားသည်။ ဗိုက်ထဲတွင် အေးခနဲ ဖြစ်သွားပြီး ပူလောင်သော နာကျင်မှုက ချက်ချင်း ပေါ်လာသည်။

သူ ငုံ့ကြည့်လိုက်ရာ...

ဓားတိုတစ်ချောင်းသည် သူ၏ ဝမ်းဗိုက်ဘေးမှ ဖောက်ဝင်သွားပြီး အတွင်းကလီစာများကို ထိခိုက်စေလုနီးပါး ဖြစ်သွားသည်။

ဓားကို ကိုင်ထားသော လက်မှာ...

သေးငယ်ပြီး ဖြူလျော်နေကာ တုန်ယင်နေသော်လည်း အားအင်အပြည့် ပါဝင်နေသည်။

ဝမ်မုန်။

သူမ၏ မျက်လုံးများမှာ ကြောက်ရွံ့နေဆဲ ဖြစ်သော်လည်း ထိုကြောက်ရွံ့မှုအောက်တွင် ရက်စက်သော ဆုံးဖြတ်ချက်များ ကိန်းအောင်းနေသည်။

“ဝမ်မုန်...”

လုလီ၏ အသံမှာ အက်ကွဲသွားပြီး မျက်ဆံများ တုန်လှုပ်သွားကာ မယုံနိုင်အောင် ဖြစ်နေသည်။

သေရမည်ကို သူ တွေးဖူးသော်လည်း မိမိကာကွယ်ပေးထားသော နောက်ကျောမှ လူက ဓားနှင့်ထိုးလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးပေ။

ဝမ်မုန်က တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ် အစ်ကိုလုလီ...”

“လင်းယွဲ့က ကျွန်မကို ကတိပေးတယ်၊ လူတစ်ယောက်ကို သတ်ပြနိုင်ရင် ကျွန်မကို အဖွဲ့ထဲ ထည့်မယ်တဲ့”

“ကျွန်မ မသေချင်ဘူး... တကယ်... တကယ် မသေချင်ဘူး...”

သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေသော်လည်း ဓားတိုကို ရက်ရက်စက်စက် ဆွဲထုတ်လိုက်သည်။

“အေးအေးဆေးဆေးပဲ သွားပါတော့”

“ကျွန်မ... ကျွန်မ ကောင်းကောင်း အသက်ရှင်နိုင်အောင် ကြိုးစားပါ့မယ်”

လုလီသည် ယိုင်တိုင်တိုင်ဖြင့် နောက်သို့ ဆုတ်သွားပြီး မျက်နှာမှာ ဖြူလျော်ကာ လက်များ သွေးစွန်းလျက် ဒဏ်ရာကို ဖိထားသည်။ သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။

ဤစမ်းသပ်ပွဲသည် အစကတည်းက “လူ့ကျင့်ဝတ် စမ်းသပ်ပွဲ” မဟုတ်ဘဲ သတ္တဝါများကို အဆိပ်စမ်းသော ကန်တစ်ခုသာ ဖြစ်သည်။

ခံစားချက်၊ သနားမှု၊ စေတနာ အားလုံးသည် သေခါနီးတွင် ဖုံးကွယ်ထားသော အဝတ်စများသာ ဖြစ်သည်။

ဝမ်မုန်၏ ဤဓားချက်သည် သူ့အတွက် ပထမဆုံးသော သင်ခန်းစာ ဖြစ်ပေလိမ့်မည်။

ဘေးနားမှ လင်းယွဲ့က လှောင်ပြုံးပြုံးကာ လျှောက်လာသည်။

“မဆိုးပါဘူး ကောင်မလေး၊ သတ္တိရှိသားပဲ”

သူမက အနားသို့ တိုးလာပြီး နှစ်ယောက်ပေါင်းကာ လုလီကို ဝိုင်းလိုက်ကြသည်။ ထိုအချိန်တွင် ချိုးယွဲ့၏ အသံသည် သူ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ပျင်းရိပျင်းတွဲနှင့် လှောင်ပြောင်လိုသော အသံမျိုး ဖြစ်သည်။

“နင် ကာကွယ်ပေးထားတဲ့ အဲဒီ ‘ကြက်ကလေး’ က တကယ်ပဲ အန္တရာယ်မရှိဘူးလို့ ထင်နေတာလား”

“ဟက်... နတ်ဘုရားလမ်းစဥ်ဆိုတာက... ဘယ်သူမှ မသန့်ရှင်းကြပါဘူး”

လုလီသည် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ရာ ပါးစပ်မှ သွေးများ စီးကျလာသည်။

သူ၏ မျက်လုံးထဲတွင်... ယခင်က ရှိခဲ့ဖူးတဲ့ ဖြူစင်သော ယုံကြည်ချက်လေးများသည် တိတ်ဆိတ်စွာပင် ကြေမွ ပျက်စီးသွားတော့သည်။

📝အပိုင်း - ၁၄ ပေါင်းစပ်ခြင်း

ဘာသာပြန် - Na Gar🐉

ထိုဓားချက်က အတော်ပင် နက်ရှိုင်းလှသည်။

လုလီ တစ်ယောက် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဝမ်းဗိုက်အတွင်း အေးစိမ့်သွားကာ နောက်ဆက်တွဲအနေဖြင့် ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။

သူက နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွာသွားပြီးနောက် မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားသည်။ လက်ထဲမှ ဓားရှည်မှာလည်း လွတ်ထွက်သွားပြီး သွေးများမှာ ဒဏ်ရာမှတစ်ဆင့် တိုးထွက်လာတော့သည်။

ဝမ်မုန်၏ လက်ထဲမှ ဓားမြှောင်တိုတွင် သွေးများ စီးကျနေပြီး သူမ၏ မျက်လုံးထဲ၌မူ ဖော်ပြရခက်သော တုံ့ဆိုင်းမှုနှင့် ကျေနပ်မှုတို့က ရောယှက်နေသည်။

လင်းယွဲ့ ကလျှောက်လာပြီး သူမ၏ မျက်နှာမှာ အေးစက်နေပြီး မြေပြင်ပေါ်တွင် လဲကျနေသော လုလီကို ကြည့်ကာ မည်သည့်ခံစားချက်မျှမရှိဘဲ ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်သည်။ ထို့နောက် ဓားမြှောင်ဖြင့် သူ၏ ဝမ်းဗိုက်ကို နောက်ထပ်တစ်ချက် ပြတ်ပြတ်သားသားပင် ထပ်မံထိုးစိုက်လိုက်ပြန်သည်။

"ဖောက်..."

သွေးများ ထပ်မံ ပန်းထွက်လာသည်။

လင်းယွဲ့သည် လှည့်ထွက်သွားပြီး နောက်ထပ်တစ်ချက်ပင် လှည့်မကြည့်တော့ပေ။

ဝမ်မုန်က ကြောက်ကြောက်လန့်လန့်ဖြင့် နောက်မှလိုက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

"မမလင်းယွဲ့... အခု ကျွန်မ အစ်မတို့နဲ့ တစ်ဖွဲ့တည်း နေလို့ရပြီလားဟင်"

လင်းယွဲ့က အေးစက်စွာ ခေါင်းညိတ်ပြသည်။

ဝမ်မုန်မှာ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး ကျေးဇူးတင်စကားများ တတွတ်တွတ် ပြောနေတော့သည်။ သူတို့နှစ်ယောက်သည် အခြားသော လူငယ်တစ်ဦးနှင့် သွားရောက်ပူးပေါင်းကာ တစ်ယောက်တည်း ကျန်နေသူများကို လိုက်လံရှာဖွေရန် အခြားတစ်ဖက်သို့ ထွက်ခွာသွားကြသည်။

တိုက်ပွဲမှာ အရှိန်အဟုန်ပြင်းနေဆဲ။

သွေးများ၊ အော်ဟစ်သံများ၊ ထွက်ပြေးမှုများနှင့် သတ်ဖြတ်မှုများမှာ ဆူပွက်နေသော ရွှံ့နွံအိုင်ကြီးကဲ့သို့ပင်။ အချိန်တိုင်းတွင် လူများ လဲကျနေကြသည်။

လုလီမှာမူ ထောင့်တစ်နေရာတွင် သွေးအိုင်ထဲ၌ လဲလျောင်းနေရသည်။

မည်သူမျှ ဂရုမစိုက်ကြချေ။

သူ၏ သတိမှာ ဝေဝါးလာပြီး မျက်စိရှေ့တွင် မြင်ကွင်းများစွာ ပေါ်လာသည်။ အဖိုး၏ ပိန်ချည့်သော ကျောပြင်၊ အစ်ကိုကြီး၏ မေတ္တာပါသော အပြုံး၊ အစ်ကိုလတ်၏ ထိုးဖောက်ခံထားရသော ခန္ဓာကိုယ်...

ထို့နောက် သွေးတံတိုင်းပေါ်တွင် ချိတ်ဆွဲခံထားရသော်လည်း လှပနေဆဲဖြစ်သော အမျိုးသမီး။

ချိုးယွဲ့။

"နင် သေတော့မယ်"

ရုတ်တရက် နားထဲ၌ အေးစက်သော တိုးတိုးလေးပြောသံ တစ်ခုကို ကြားလိုက်ရသည်။

ရင်းနှီးပြီးသား အသံပင်။ အထင်အမြင်သေးမှုနှင့် တည်ငြိမ်မှုတို့ ရောယှက်နေသော နတ်သမီး ချိုးယွဲ့၏ အသံ ဖြစ်သည်။

"နင် အသက်ရှင်ချင်ရင် အဲဒီ မိစ္ဆာအရိုး ကို နင့်ခန္ဓာကိုယ်ထဲ မြှုပ်နှံလိုက်"

"ဒါက နင့်ရဲ့ နောက်ဆုံး အသက်ရှူသံကို မပြတ်တောက်အောင် ထိန်းထားပေးနိုင်လိမ့်မယ်"

"ဒီအရိုးကြောင့်ပဲ ငါက မြေဘီလူးတွေလက်ထဲမှာ ဆယ်နှစ်တိုင်တိုင် မသေဘဲ ရှင်နေခဲ့တာ"

လုလီ၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားပြီး ရင်ခွင်ထဲသို့ အတင်းစမ်းလိုက်သည်။

ထိုမိစ္ဆာအရိုးမှာ ပူနွေးနေဆဲပင်။

သူက အံကို တင်းတင်းကြိတ်ထားပြီး နှုတ်ခမ်းထောင့်မှ သွေးများ ထွက်ကျလာသည်။

"ငါ... မသေနိုင်ဘူး..."

သူသည် အံကိုကြိတ်ကာ လက်တစ်ဖက်ဖြင့် မြေပြင်ကို အားပြုပြီး ကျန်လက်တစ်ဖက်ဖြင့် ခါးမှ ဒဏ်ရာကို ဆွဲဖြဲလိုက်သည်။ ပြင်းထန်သော နာကျင်မှုကို အံတုရင်း ထိုအရိုးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်လက်မချင်း အတင်းထိုးထည့်လိုက်တော့သည်။

သွေးများ ပွက်ပွက်ထွက်လာသော်လည်း သူသည် ညည်းညူသံ တစ်ချက်မျှပင် မပြုလုပ်ခဲ့ပေ။

ထိုအရိုးသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသည့် ခဏချင်းတွင် လုလီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ခန္ဓာကိုယ်အတွင်း၌ မီးတောက်များ လောင်မြိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအရိုးသည် သူ၏ ဒန်ထျန်နေရာတွင် အရှိန်အဝါတစ်ခုခုက နှိုးဆော်လိုက်သကဲ့သို့ တုန်ခါလာသည်။

ပူနွေးသော အရှိန်အဝါများမှာ သွေးများ နောက်ပြန်စီးသကဲ့သို့ပင် တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြီး ပျက်စီးနေသော သွေးကြောများကို အတင်းအကြပ် ပြန်လည်စေ့စပ်ပေးကာ ပြတ်တောက်နေသော အသက်ရှူသံကိုလည်း ပြန်လည်ဆက်ပေးလိုက်သည်။

သူက ကျင့်ကြံသူ မဟုတ်သောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းကို မမြင်နိုင်သော်လည်း ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ပေါ်လာသော မြင်ကွင်းမှာမူ အလွန်ပင် ရှင်းလင်းနေသည်။

သူ့ရဲ့ ခန္ဓာကိုယ်အတွင်းတွင် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

ထိုထူးဆန်းသော အရိုး၏ အရှိန်အဝါသည် ခန္ဓာကိုယ်ထဲမှ ဝါနတ်အရိုးနှင့် တဖြည်းဖြည်း ရောယှက်ကာ ပေါင်းစပ်သွားနေခြင်း ဖြစ်သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

အသိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ ချိုးယွဲ့၏ အသံမှာ ရှားရှားပါးပါး ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"ဒါ... မဖြစ်နိုင်ဘူး"

"ဒီအရိုးက... နင့်ရဲ့ နတ်အရိုးနဲ့ ဘယ်လိုလုပ် ပေါင်းစပ်သွားနိုင်ရတာလဲ"

"ငါ ဆယ်နှစ်တိုင်တိုင် ကြိုးစားခဲ့တာတောင် အသားထဲ မြှုပ်ထားရုံပဲ တတ်နိုင်ခဲ့တာ။ သူက ငါ့ကို သခင်အဖြစ် အသိအမှတ်မပြုခဲ့ဘူး"

"နင်က ဝါနတ်အရိုး... အနိမ့်ဆုံး ပါရမီရှင်ပဲလေ။ ငါမလုပ်နိုင်တဲ့အရာကို နင်က ဘာလို့ လုပ်နိုင်ရတာလဲ"

သူမ၏ အသံမှာ တုန်ရီလာပြီး မယုံနိုင်ဘဲ ဖြစ်နေသည်။

"ဒါမှမဟုတ်..."

"အညံ့ဖျင်းဆုံး အရိုးဖြစ်မှပဲ ကောင်းကင်ရဲ့ ကန့်သတ်ချက်တွေမရှိဘဲ ဒီအရာနဲ့ ပေါင်းစပ်နိုင်တာလား"

"ငါ့ရဲ့ ကောင်းကင်နတ်အရိုးက အရမ်းအားကောင်းနေလို့... မထိုက်တန်တာလား"

သူမ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး သေလူကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

လုလီမှာ သွေးအိုင်ထဲတွင် မှောက်လျက်လဲနေပြီး အံကိုတင်းတင်းကြိတ်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ထိုအရိုးမှာ သူ၏ နတ်အရိုးအတွင်းပိုင်းသို့ တဖြည်းဖြည်း နစ်ဝင်သွားပြီး အတင်းအကြပ် ဝါးမျိုနေသလိုလို၊ တိတ်တဆိတ် ပေါင်းစပ်နေသလိုလိုပင်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်၏ အနက်ရှိုင်းဆုံးမှ ပျံ့နှံ့လာသော နာကျင်မှုမှာ ဓားဖြင့် ခုတ်ထစ်နေသကဲ့သို့၊ မီးဖြင့် လောင်မြိုက်နေသကဲ့သို့ တစ်ကိုယ်လုံးရှိ သွေးကြောများကို ရိုက်ခတ်သွားသည်။

သူသည် ထိုကဲ့သို့ နာကျင်မှုကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ အသားစတိုင်း၊ အရိုးတိုင်းနှင့် ဝိညာဉ်တိုင်းမှာ ဆွဲဖြဲခံရပြီး ပြန်လည်ပုံဖော်ခံနေရသကဲ့သို့ပင်။

နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း အမည်မဖော်နိုင်သော ကျေနပ်မှုကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် လျင်မြန်စွာ ဆုံးရှုံးနေသော အသက်ဓာတ်မှာ ရပ်တန့်သွားသောကြောင့် ဖြစ်သည်။

ရပ်တန့်သွားရုံသာမက တဖြည်းဖြည်းနှင့် ပြန်လည်ပြည့်ဝလာနေသည်။

ပျက်စီးနေသော သွေးကြောများမှာ ပြန်လည်ဆက်စပ်လာပြီး ဒဏ်ရာနှုတ်ခမ်းများရှိ အသားစများမှာလည်း အသစ်ပြန်လည် ဖြစ်ပေါ်လာတော့သည်။

ဒါဟာ... အသက်ရှင်ခြင်းရဲ့ လက္ခဏာပဲ။

"အား..."

လုလီသည် နောက်ဆုံးတွင် မအောင့်နိုင်ဘဲ အော်ဟစ်လိုက်ပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။

သို့သော် သူ သတိလစ်တော့မည့် အချိန်တွင် ခန္ဓာကိုယ်အတွင်းမှ မကြုံစဖူးသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

သွေးမဟုတ်၊ အသားမဟုတ်၊ အရိုးလည်း မဟုတ်။

ထိုအရာမှာ... အလွန်ပါးလွှာသော်လည်း နူးညံ့ပြီး နံနက်ခင်းနှင်းစက်ကဲ့သို့ ကြည်လင်သော စီးဆင်းမှုတစ်ခု ဖြစ်သည်။

လုလီ၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ အာရုံခံစားမှုများမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

နားထဲတွင် အဝေးမှ တိုက်ပွဲသံများမှာ ခြေရင်း၌ ရှိနေသကဲ့သို့ ရှင်းလင်းနေသည်။

နှာခေါင်းထဲတွင်လည်း မီတာရာကျော်ဝေးသော နေရာမှ သွေးညှီနံ့နှင့် ချွေးနံ့များကို ခံစားနေရသည်။

သူသည်... သူ့ကို ဝိုင်းဝန်းလုပ်ကြံပြီး သူ သေပြီဟု ထင်နေကြသော လူများ၏ စကားပြောသံနှင့် နှလုံးခုန်သံများကိုပင် ကြားနေရသည်။

လုလီမှာ ယခု သူကြုံတွေ့နေရသမျှကို မယုံနိုင်ဘဲ ဖြစ်နေသည်။

"ငါ... ငါ ဘာဖြစ်သွားတာလဲ"

သူသည် တုန်ရီနေသော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ သူ၏ အသံမှာ ခြောက်ကပ်နေသော်လည်း ရင်ခုန်စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။

အသိစိတ်ပင်လယ်ထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ချိုးယွဲ့က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"ဟွန့်... နင် ကျင့်ကြံခြင်းလမ်းစဉ်ထဲကို ဝင်သွားပြီ"

"ဒါက ကျင့်ကြံခြင်းရဲ့ ပထမဆုံးအဆင့် ချီစုဆောင်းခြင်းအဆင့်ပဲ"

သူမ၏ အသံမှာ အေးစက်နေပြီး မနာလိုမှုကို ဖုံးကွယ်မရဖြစ်နေသည်။

"နင့်ခန္ဓာကိုယ်ထဲက အသစ်ဖြစ်ပေါ်လာတဲ့ အရှိန်အဝါက ဝိညာဉ်ချီ ပဲ"

"ထူးဆန်းတဲ့အရိုးနဲ့ ပေါင်းစပ်လိုက်တာက နင့်ရဲ့ ဝါနတ်အရိုးကို ပြောင်းလဲစေပြီး အတင်းအကြပ် ချီလမ်းကြောင်းကို ပွင့်စေလိုက်တာပဲ"

သူမ၏ လေသံမှာ ပို၍ အေးစက်လာသည်။

"ဒီနေ့ကစပြီး နင်က ကျင့်ကြံခြင်းလမ်းပေါ်ကို ရောက်သွားပြီ"

"နင်... ကံကောင်းလှချည်လား ကောင်လေး"

လုလီသည် မျက်လုံးကို မှိတ်ထားပြီး ခန္ဓာကိုယ်ထဲမှ အလွန်သေးငယ်သော်လည်း စစ်မှန်သော ဝိညာဉ်ချီကို ခံစားလိုက်သည်။

ဤခိုက်အတန့်တွင် မည်သူမျှ သတိမပြုမိသော်လည်း၊ သူသည် အသေးငယ်ဆုံးသော ဖုန်မှုန့်လေးတစ်ခုသာ ဖြစ်နေသေးသော်လည်း...

စမ်းသပ်ကွင်း၏ အလယ်တွင် မြေပြင်များ အက်ကွဲပြီး တိုက်ပွဲသံများက ကောင်းကင်သို့ လွင့်ပျံနေသည်။

ထိုအေးစက် ပိန်ပိန်ပါးပါးသောလူရိပ်မှာ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သတ်ဖြတ်နေသည်။

သူကတော့ ရှီဟွမ် ပင်။

သူ၏ ခန္ဓာကိုယ်မှာ အားကြီးလှသည်မဟုတ်သော်လည်း လှမ်းလိုက်သော ခြေလှမ်းတိုင်းက မြေပြင်ကို အက်ကွဲစေသည်။

သူ၏ ငွေလှံမှာ နဂါးတစ်ကောင်ကဲ့သို့ ဝေ့ဝဲနေပြီး အရှိန်အဟုန်မှာ အလွန်ပြင်းထန်လှသည်။

လှံတစ်ချက် ဝေ့လိုက်တိုင်း လူသုံးလေးယောက်မှာ လွင့်ထွက်သွားပြီး အရိုးများကျိုးကာ သွေးများ ပန်းထွက်ကုန်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ ရွှေရောင်အလင်းတန်းများမှာ မီးတောက်ကဲ့သို့ စီးဆင်းနေပြီး ဒန်ထျန်သို့ စုစည်းကာ အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။

ဒါဟာ ကောင်းကင်နတ်အရိုး နိုးထလာတဲ့ မူလဝိညာဉ်ချီပင်။

မည်သူမျှ သူ့ကို မတားဆီးနိုင်ပေ။ လူသုံးဦး ဝိုင်းတိုက်လျှင်ပင် လှံတစ်ချက်တည်းနှင့်ပင် အပိုင်းပိုင်း ပြတ်သွားကြသည်။

သူသည် အေးစက်ရက်စက်ပြီး မျက်လုံးများမှာ သေလူကဲ့သို့ပင်။ စိတ်ခံစားချက်မရှိဘဲ ပြစ်ဒဏ်စီရင်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သိုးအုပ်ထဲ ရောက်နေသော ဝံပုလွေကဲ့သို့ပင် သွေးချင်းချင်းနီနေတော့သည်။

ကွင်းပြင်အထက် ကောင်းကင်ယံတွင် ချီကွမ်ကျီ က အင်္ကျီလက်ကို ခါလိုက်ပြီး ပြုံးလိုက်သည်။

"မဆိုးဘူး၊ ကောင်းကင်နတ်အရိုးဆိုတာ တကယ်ကို ထိုက်တန်ပါပေတယ်"

"ဒီလို အသက်လုတိုက်ပွဲထဲမှာ သဘာဝအလျောက် ဝိညာဉ်ချီကို ခံစားမိပြီး လမ်းစဉ်ထဲကို ချက်ချင်းဝင်နိုင်တယ် ချီစုဆောင်းခြင်းအဆင့် (၁)"

"တကယ်ကို အားအကောင်းဆုံး ပါရမီရှင်ပဲ"

သူ၏ အသံမှာ မကျယ်သော်လည်း အဝါရောင်ဝတ် တပည့်များ၏ နားထဲသို့ ရောက်ရှိရန် လုံလောက်သည်။

ကြည့်ရှုနေသူအားလုံးမှာ လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။

"ဒါက ကောင်းကင်နတ်အရိုးရဲ့ စွမ်းရည်ပေါ့... မွေးကတည်းက ကျင့်ကြံနိုင်တယ်၊ သောင်းဂဏန်းမှာ တစ်ယောက်ပဲ ရှိတာ"

"အရမ်း အားကောင်းတာပဲ"

သို့သော် ထိုအချိန်တွင် ချီကွမ်ကျီ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်။

သူသည် အကြည့်ကို လွှဲလိုက်ပြီး စမ်းသပ်ကွင်း၏ ထောင့်တစ်နေရာသို့ ကြည့်လိုက်သည်။

ထိုမထင်မရှားသော သွေးအိုင်ထဲမှ လူရိပ်တစ်ခုမှာ..

မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်း ထလာနေသည်။

ထိုသူမှာ သွေးချင်းချင်းနီနေပြီး ခန္ဓာကိုယ်မှာ ယိုင်နဲ့နေသော ပိန်ပိန်ပါးပါး လူငယ်လေးဖြစ်သည်။ အလောင်းပုံထဲမှ အသက်ပြန်ရှင်လာသကဲ့သို့ပင်။

သို့သော် ပို၍ အံ့သြစရာကောင်းသည်မှာ...

သူ့ခန္ဓာကိုယ်တွင် အလွန်ပါးလွှာသော ဝိညာဉ်ချီတစ်ခုက ဝိုးတဝါး ပေါ်ပေါက်နေခြင်းပင် ဖြစ်သည်။ နံနက်ခင်း မြူခိုးများထဲမှ မီးခိုးငွေ့ကဲ့သို့ပင် မြင်ရခဲလှသော်လည်း စစ်မှန်စွာ တည်ရှိနေသည်။

ချီကွမ်ကျီက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဟမ် ... အဲဒါက..."

သူသည် ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ အနည်းငယ် တုန်လှုပ်သွားပြီး အံ့သြသွားတော့သည်။

"ဝါနတ်အရိုး ... သူကလည်း ဝိညာဉ်ချီကို ခံစားမိပြီး ချီစုဆောင်းခြင်းအဆင့်ကို ရောက်သွားတာလား"

သူသည် အံ့သြသံလေး ထွက်လာပြီး ခဏတာ စိတ်ဝင်စားသွားသယောင် ရှိသည်။

သို့သော် ခဏမျှသာ။

နောက်တစ်ခဏတွင် သူ၏ မျက်နှာမှာ ပြန်လည်အေးစက်သွားပြီး အထင်အမြင်သေးစွာ ပြုံးလိုက်သည်။

"ဟွန့်၊ ကံကောင်းတာသက်သက်ပဲ"

"ကျင့်ကြံခြင်းလမ်းပေါ် ရောက်သွားရင်ရော ဘာဖြစ်မှာလဲ ဝါနတ်အရိုးဆိုတာ အမြဲတမ်း ပုရွက်ဆိတ်ပဲ"

သူသည် နောက်ထပ်တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ကွင်းလယ်တွင် သတ်ဖြတ်နေသော ရှီဟွမ်ထံသို့သာ အကြည့်ကို ပြန်ပို့လိုက်သည်။

တစ်ချိန်တည်းမှာပင်...

လုလီသည် ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေသည်။ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းတွင် သွေးများ စွန်းထင်နေကာ ဝမ်းဗိုက်မှ ဒဏ်ရာမှာလည်း နာကျင်နေဆဲ။

သို့သော် သူ၏ အကြည့်မှာမူ စောစောကနှင့် လုံးဝ မတူတော့ပေ။

သူသည် ခန္ဓာကိုယ်ထဲမှ ချည်မျှင်လေးကဲ့သို့ ပါးလွှာသော်လည်း ပျံ့လွင့်မသွားဘဲ နွေးထွေးပြီး စစ်မှန်သော ဝိညာဉ်ချီကို ခံစားနေရသည်။

သူ သိလိုက်ပြီ၊ သူသည် ကျင့်ကြံခြင်းလမ်းပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းပင်။

သို့သော် မည်သူမျှ သူ့အတွက် အံ့သြတကြီး အော်ဟစ်ကြမည်မဟုတ်ပေ။

သူသည် ကောင်းကင်နတ်အရိုး မဟုတ်ပေ။

သူသည် သွေးအိုင်ထဲမှ တွားသွားထွက်လာသော ဝါနတ်အရိုး ပိုင်ရှင်မျှသာ။

သို့သော် ယခုအချိန်တွင် သူသည် အဝေးသို့ လှမ်းကြည့်လိုက်သည်။

ထိုလူရိပ် သုံးခုသည် ပစ်မှတ်အသစ်ထံသို့ ရယ်မောရင်း ချဉ်းကပ်သွားကြသည်။ စောစောက သူ့ကို ဓားနှင့် ထိုးခဲ့ခြင်းမှာ ကစားပွဲတစ်ခုကဲ့သို့ပင်။

ဝမ်မုန်၊ လင်းယွဲ့ နှင့် ဓားကိုင်ထားသော လူငယ်။

လုလီ၏ မျက်လုံးထဲမှ အလင်းရောင်မှာ လုံးဝ အေးစက်သွားတော့သည်။

သူသည် သူတော်စင် မဟုတ်ပေ။

သူသည် ရန်ငြိုးကို ကျေးဇူးဖြင့် တုံ့ပြန်မည့်သူ မဟုတ်ပေ။

ဝမ်မုန်၏ ဓားချက်က သူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားရုံသာမက လူသားဆန်မှုအပေါ် သူ၏ နောက်ဆုံး မျှော်လင့်ချက်ကိုလည်း ဖျက်ဆီးပစ်လိုက်သည်။

လင်းယွဲ့၏ ဓားချက်မှာ သူ့ကို ရွှံ့နွံထဲသို့ ရိုက်သွင်းလိုက်သော သံမှိုပင် ဖြစ်သည်။

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်းတို့... သေရမယ်"

လေသံမှာ အလွန်တိုးသော်လည်း စာလုံးတိုင်းတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။

ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီမှာ သူ၏ စိတ်ဆန္ဒကို သိရှိသွားသကဲ့သို့ပင် အနည်းငယ် လှည့်ပတ်သွားပြီး အနီရောင်မှိန်မှိန် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

လုလီက မလှမ်းမကမ်းရှိ လက်နက်စင်ထံသို့ တဖြည်းဖြည်း လျှောက်သွားလိုက်သည်။

သူက အလွန်နှေးကွေးစွာ လျှောက်သွားသော်လည်း ခြေလှမ်းတိုင်းမှာ သွေးအိုင်ထဲ၌ ကျန်ရစ်ခဲ့သည်။

သူက ဓားမကြီး တစ်လက်ရှေ့တွင် ရပ်လိုက်သည်။

ထိုဓားမှာ သူ၏ ပုခုံးထက်ပင် မြင့်မားပြီး အလွန်လေးလံသော သံထည် လက်နက်တစ်ခု ဖြစ်သည်။

အရင်က သူသည် မရန် ကြိုးစားခဲ့ဖူးသော်လည်း လုံးဝ မနိုင်ခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ...

သူ လက်ကို ဆန့်ထုတ်ကာ ဓားရိုးကို ကိုင်ပြီး တစ်ချက်တည်းနှင့် မလိုက်သည်။

"ဝုန်း..."

ဓားသွားမှာ တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခုကို တုံ့ပြန်လိုက်သကဲ့သို့ပင်။

ဝိညာဉ်ချီများ လက်မောင်းထဲသို့ စီးဝင်သွားပြီး သူ၏ အရိုးများမှာ တကျွတ်ကျွတ် အသံထွက်လာသည်။ ပိန်ချည့်သော လက်မောင်းတွင် အကြောများမှာ အနည်းငယ် ဖောင်းတက်လာပြီး အသားစများမှာလည်း သံမဏိကဲ့သို့ ကျစ်လျစ်သွားတော့သည်။

လုလီက ယခုအချိန်တွင် လူရိပ်သုံးခုကို စိုက်ကြည့်နေသည်။

လေသံ၊ ခြေသံ၊ နှလုံးခုန်သံအားလုံးကို သူ ရှင်းလင်းစွာ ကြားနေရသည်။

ဝမ်မုန်မှာ လင်းယွဲ့ကို အလိုလိုက်ဖော်ရွေစွာ စကားပြောနေဆဲ။

ထိုမျက်နှာလေးမှာ တစ်ချိန်က သူ့ရှေ့တွင် ငိုယိုပြီး "အစ်ကို" ဟု ချွဲနွဲ့ခဲ့ဖူးသည်။

ယခုမူ ဘာမှမဖြစ်ခဲ့သကဲ့သို့ အပြစ်ကင်းစင်စွာ ပြုံးနေသည်။

လုလီက ဓားမကြီးကို တဖြည်းဖြည်း မြှောက်လိုက်ပြီး ဓားသွားကို ရှေ့သို့ ချိန်ရွယ်လိုက်ပြီး လူရိပ်မှာ ဝေဝါးသွားကာ သတ်ဖြတ်လိုစိတ်များမှာ ညအမှောင်ရိပ်ကဲ့သို့ ပျံ့နှံ့သွားတော့သည်။

သူ ထွက်ပြေးနေခြင်း မဟုတ်။ အမဲလိုက်ရန် သွားနေခြင်း ဖြစ်သည်။

📝အပိုင်း - ၁၅ ရက်စက်ခြင်း

ဘာသာပြန် - Na Gar🐉

လုလီသည် မိမိအရပ်ထက်ပင် ပိုရှည်သော ဓားမကြီးကို ကိုင်စွဲကာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

သူသည် မိမိ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ သွေးချင်းချင်းနီနေသော သရဲတစ္ဆေတစ်ကောင်ကဲ့သို့ပင် တည်ငြိမ်သော ခြေလှမ်း၊ အေးစက်သော အကြည့်တို့ဖြင့် ရှေ့သို့ တက်လှမ်းနေသည်။

ပတ်ဝန်းကျင်ရှိ တိုက်ပွဲဝင်နေသော ကလေးငယ်များမှာ ဘေးသို့ ဖယ်ပေးကြကုန်သည်။

"အဲဒါ ဘယ်သူလဲ ရူးသွားတာလား"

"ဓားမကြီးတစ်လက်နဲ့... ကြည့်ရတာ မလွယ်တဲ့ပုံပဲ..."

သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်နေသူများပင် နောက်သို့ ဆုတ်သွားကြသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောအရာမှာ ဝိညာဉ်ချီ မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါ ဖြစ်နေခြင်းကြောင့်ပင်။

အဝေးတစ်နေရာတွင် တစ်ကွင်းလုံးကို လွှမ်းမိုးထားသော ရှီဟွမ်သည်လည်း သူ၏ ငွေလှံကို ခဏတာ ရပ်တန့်လိုက်သည်။

သူသည် ပိန်ပိန်ပါးပါးနှင့် သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော ထိုလူရိပ်ကို လှည့်ကြည့်ကာ မျက်လုံးထဲတွင် ရှားရှားပါးပါး စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာသည်။

ထိုလူငယ်၏ အရှိန်အဝါမှာ ယခုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စမ်းသပ်ပွဲအတွင်း ဝိညာဉ်ချီ နိုးထလာသူများထဲတွင် သူ့ပြီးလျှင် ဒုတိယမြောက်ဖြစ်ကြောင်း သူသိလိုက်သည်။

ဝါနတ်အရိုး ပိုင်ရှင်ဖြစ်သော်လည်း ဤအဆင့်အထိ ရောက်လာနိုင်ခဲ့သည်။

ရှီဟွမ်က သာသာလေး ပြုံးလိုက်ပြီး ငွေလှံကို လက်ချောင်းများကြားတွင် ဝေ့ယမ်းလိုက်သည်။ သူ၏ တိုက်ပွဲဝင်လိုစိတ်များမှာလည်း... အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။

အခြားတစ်ဖက်တွင်မူ။

လုလီကို ဝိုင်းဝန်းလုပ်ကြံခဲ့သော ထိုလူငယ်လေးမှာ ဓားသွားအောက်သို့ ရောက်ရှိနေပြီဖြစ်ကာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်နေတော့သည်။

သူသည် အခြားပစ်မှတ်တစ်ခုကို တိုက်ခိုက်နေစဉ် ဓားမကြီးကိုင်ထားသော ထိုလူငယ် မိမိထံ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ မြေပြင်ပေါ်သို့ ခွေလဲကျသွားတော့သည်။

"မ... မဖြစ်နိုင်ဘူး... မင်း သေသွားပြီ မဟုတ်လား"

လုလီက ပြန်မဖြေ။

သူသည် ဓားမကြီးကို မြှောက်လိုက်ပြီး နောက်တစ်ခဏတွင် အေးစက်သော ဓားအလင်းတန်းက လေထုကို ခွဲလိုက်တော့သည်။

"ဝုန်း..."

ဓားရှည်က တည့်တည့်ကျလာပြီး အသံအကျယ်ကြီးနှင့်အတူ ထိုလူငယ်လေးမှာ သူ၏ဓားနှင့်အတူ နှစ်ပိုင်း ပြတ်သွားတော့သည်။

သွေးများမှာ ရေတံခွန်ကဲ့သို့ ပန်းထွက်လာသည်။

ဘေးနားရှိ ကလေးငယ်များမှာ အလန့်တကြား အော်ဟစ်ထွက်ပြေးကြပြီး မည်သူမျှ အနားမကပ်ရဲကြတော့ပေ။

"သူ... မသေသေးဘူးလား" လင်းယွဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သွေးများကြားမှ လျှောက်လာသော ထိုလူရိပ်ကို စိုက်ကြည့်နေမိသည်။

သူမ ဤသူကို မှတ်မိသည်။ ဝမ်မုန်၏ ဓားချက်ကို ခံခဲ့ရပြီး သူမကိုယ်တိုင်လည်း သေချာအောင် ထပ်မံထိုးစိုက်ခဲ့သော "သေလူ" ပင်။

ယခုမူ ဘာမှမဖြစ်ခဲ့သကဲ့သို့ အလောင်းပုံကြားမှ ထွက်လာကာ ဓားကိုင်ပြီး လူသတ်နေသည်။ အေးစက်လှသော ငရဲမင်းတစ်ပါးကဲ့သို့ပင်။

သူမ၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်လာသော်လည်း ရက်စက်လှသော သူမက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

လုလီက ဓားကိုကိုင်ကာ တိုးဝင်လာသည်ကို မြင်သောအခါ သူမကလက်

ပြန်လှည့်၍ ဝမ်မုန်ကို အရှေ့သို့ တွန်းထုတ်လိုက်ပြီး စူးရှသော အသံဖြင့် အော်လိုက်သည်။

"ဝမ်မုန် နင် ငါနဲ့ တစ်ဖွဲ့တည်း နေချင်တာ မဟုတ်လားငါ့အတွက် သူ့ကို တားပေးစမ်း"

ဝမ်မုန်က အရှေ့သို့ အရှိန်ဖြင့် ပါသွားပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"မလုပ်ပါနဲ့ အစ်ကိုလုလီ... တောင်းပန်ပါတယ်။ ကျွန်မ... ကျွန်မ တကယ်ပဲ မှားမှန်း သိပါပြီ..."

သူမ၏ မျက်နှာတွင် ထိတ်လန့်မှု၊ နောင်တနှင့် မျှော်လင့်ချက်မဲ့မှုများ ရှိနေသည်။

သို့သော် လုလီ၏ မျက်လုံးထဲတွင်မူ ဓားသွားပေါ်တွင် ထင်ဟပ်နေသော ထိုဟန်ဆောင်ကောင်းသည့် မျက်နှာများကိုသာ မြင်နေရသည်။

တွန့်ဆုတ်မနေပေ။

စိတ်မလှုပ်ရှားပေ။

"ရွှမ်း...."

ဓားအလင်းတန်း တစ်ချက် လက်သွားပြီး သွေးများ လွင့်စင်သွားသည်။

ဝမ်မုန်မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဓားဖြင့် နှစ်ပိုင်း ခုတ်ပိုင်းခံလိုက်ရကာ လဲကျသွားတော့သည်။

မြေပြင်ပေါ်ရှိ အလောင်းမှာ နှစ်ချက်သုံးချက် တုန်ခါသွားပြီးနောက် ငြိမ်သက်သွားသည်။

လုလီက ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်းကာ မျက်နှာအမူအရာ မပြောင်းလဲဘဲ လင်းယွဲ့ထံသို့ လှည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် တစ်ခုတည်းသော ရည်ရွယ်ချက်သာ ကျန်တော့သည်။

နောက်ထပ် တစ်ယောက်...

လုလီ၏ အကြည့်မှာ ရက်စက်လှသည်။ သူက ခြေလှမ်းမရပ်ဘဲ ဓားမကြီးကို မြေပြင်တွင် တရွတ်တိုက်ဆွဲကာ လျှောက်လာရာ လမ်းတစ်လျှောက် သွေးစက်များဖြင့် ပြည့်နေသည်။

သူ၏ အမြင်တွင် လင်းယွဲ့မှာ ရန်သူမဟုတ်တော့ဘဲ သတ်ကိုသတ်ရမည့် ပစ်မှတ်တစ်ခုသာ ဖြစ်သည်။

ထိုအချိန်တွင် အသိစိတ်ပင်လယ်ထဲမှ မြူဆွယ်လှပပြီး အေးစက်လှသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

"နင်က မိစ္ဆာအရိုး နဲ့ ပေါင်းစပ်နိုင်ခဲ့တယ်။ ဒါက ငါတောင် မလုပ်နိုင်ခဲ့တဲ့ အရာပဲ"

ချိုးယွဲ့၏ အသံမှာ သွေးအိုင်ထဲမှ ထွက်လာသကဲ့သို့ ပျင်းရိနေဆဲ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ... ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။

"ဒီအရိုးက... အလွန်ထူးဆန်းပြီး နက်နဲလွန်းတယ်။ ငါ့အထင်တော့ သူက ဝါးမျိုနိုင်စွမ်း ရှိပုံရတယ်"

"နင် စမ်းကြည့်လို့ရတယ်၊ ခုနက သေသွားတဲ့ အလောင်းနှစ်လောင်းကို"

"သိသာအောင် မလုပ်နဲ့၊ ကွင်းပြင်အပြင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ စောင့်ကြည့်နေတယ်။ နင်က အလောင်းတွေဆီက ပစ္စည်းရှာသလိုမျိုး ဟန်ဆောင်ပြီး အခွင့်အရေးယူပြီး အာရုံခံကြည့်လိုက်..."

သူမ၏ လေသံမှာ မြူဆွယ်နေသကဲ့သို့ပင်။

သို့သော် လုလီက လုံးဝ ဂရုမစိုက်။

သူက အထင်အမြင်သေးစွာ တစ်ချက်ပြုံးလိုက်ပြီး အသံမှာ သံမဏိကဲ့သို့ လေးလံနေသည်။

"အာရုံခံတာထက်... သူ့ကို အရင်သတ်ဖို့က ပိုအရေးကြီးတယ်"

"ဒီမိန်းမက ငါ အသက်ပြန်ရှင်လာတာကို မြင်သွားပြီ။ သူ မသေရင် နောင်

တစ်ချိန်မှာ ဒုက္ခပေးလိမ့်မယ်"

သူ၏ ခြေလှမ်းမှာ မရပ်ဘဲ အသက်ရှူသံများ စုစည်းလိုက်ပြီး ဓားမကြီးကို တင်းတင်းဆုပ်ကိုင်ကာ လင်းယွဲ့ထံသို့ တည့်တည့်ချိန်ရွယ်လိုက်သည်။

ဤတိုက်ပွဲတွင် အမြစ်ပြတ် သတ်ပစ်ရမည်။

လင်းယွဲ့သည်လည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သိရှိသွားသည်။

သွေးချင်းချင်းနီနေသော ထိုလူငယ်သည် တစ်လှမ်းချင်း တိုးလာနေပြီး သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဆူပွက်နေကာ မည်သည့် သနားညှာတာမှုမျှ မရှိပေ။

သူမသည် ထိတ်လန့်တကြား နောက်ဆုတ်ကာ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

"လုလီ ငါ့ကို လွှတ်ပေးပါ နင်အသက်ပြန်ရှင်လာတဲ့ အကြောင်းကို ငါ ဘယ်သူ့ကိုမှ မပြောဘူး တကယ်ပါ၊ ငါ ကျိန်ဆိုရဲတယ်"

လုလီက သူမကို ကြည့်ပင်မကြည့်ဘဲ အေးစက်စွာ ရယ်မောလိုက်ပြီး အရှိန်မြှင့်လိုက်သည်။

"မင်းက... ငါနဲ့ စကားပြောဖို့ အရည်အချင်း ရှိသေးတယ်လို့ ထင်နေတာလား"

"ရွှမ်း.."

ဓားမကြီးကလေထုကို ခွဲကာ ကျဆင်းလာသည်။ လင်းယွဲ့က အတင်းရှောင်တိမ်းလိုက်ရသဖြင့် ခြေလှမ်းများ ယိုင်နဲ့သွားကာ သူမ၏ အဝတ်စမှာ ဓားချီကြောင့် စုတ်ပြဲသွားပြီး ပူစပ်ပူလောင် ခံစားလိုက်ရသည်။

"အရူး... ဒီအရူးက တကယ်ကို ရူးနေတာပဲ" သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"နင် ငါ့ကို သတ်လို့မရဘူး ငါ့မှာ အကာအကွယ်အဆောင်ရှိတယ်"

လင်းယွဲ့က သူမ၏ ရင်ခွင်ထဲမှ တောက်ပနေသော အဆောင်ကျောက်စိမ်းပြားတစ်ခုကို ကသောကမျော ထုတ်လိုက်သည်။

လုလီ၏ မျက်နှာမှာ မပြောင်းလဲဘဲ စကားတစ်ခွန်းသာ ပြောလိုက်သည်။

"ဒါဆိုရင် ကြည့်ကြတာပေါ့... နင့်ရဲ့ အဆောင်ကျောက်စိမ်းပြားက ပိုမာမလား"

"ဒါမှမဟုတ် ငါ့ဓားက ပိုမာမလား ဆိုတာကို"

လင်းယွဲ့၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ရင်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်လာသည်။ သူမ နားလည်သွားပြီ။ ဤလူငယ်ကို သေတွင်းထဲသို့ တွန်းပို့ခဲ့ခြင်းမှာ မည်မျှအထိ မိုက်မဲသော ဆုံးဖြတ်ချက်ဖြစ်ကြောင်းကိုပင်။

လူနှစ်ဦးမှာ တစ်ယောက်လိုက်၊ တစ်ယောက်ပြေး ဖြစ်နေသဖြင့် မည်သူမျှ အနားမကပ်ရဲကြပေ။

"ရွှမ်း..."

လုလီက ဓားဖြင့် ခုတ်လိုက်ရာ လင်းယွဲ့မှာ ရှောင်ရန် အချိန်မမီတော့သဖြင့် အံကို တင်းတင်းကြိတ်ကာ အဆောင်ကျောက်စိမ်းပြားကို အတင်းချိုးဖျက်

လိုက်တော့သည်။

"ဝုန်း..."

ရွှေရောင်အလင်းတန်း တစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး အကာအကွယ်တစ်ခုက သူမကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုအကာအကွယ်မှာ ခေါင်းလောင်းတစ်ခုကဲ့သို့ပင် အလွန်ခိုင်မာလှသည်။

လုလီ၏ ဓားချက်မှာ ပြင်းထန်စွာ တန်ပြန်ခံလိုက်ရသဖြင့် သူသည် နောက်သို့ သုံးလှမ်းခန့် ယိုင်သွားသည်။

သို့သော် သူ မရပ်တန့်ခဲ့ပေ။

သူ တွန့်ဆုတ်မနေခဲ့။

သူ ဒေါသမထွက်ခဲ့။

သူသည် ဓားကို ပြန်မြှောက်ကာ မည်သည့်ခံစားချက်မျှမရှိဘဲ အရှေ့သို့ ပြေးဝင်ပြီး တစ်ချက်ပြီးတစ်ချက် ထပ်ခါတလဲလဲ ခုတ်တော့သည်။

"ဒုန်း..."

"ဒုန်း..."

"ဒုန်း...."

ဓားချက်တိုင်းက ထိုရွှေရောင်ခေါင်းလောင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်ပြီး လေထုကို တုန်ခါစေသည်။

အကာအကွယ်မှ တုန်ခါသံများ ထွက်ပေါ်နေပြီး လင်းယွဲ့မှာ အကာအကွယ်အတွင်းမှနေ၍ အပြင်ဘက်ရှိ ထိုအရူးကို ကြောက်လန့်တကြား ကြည့်နေမိသည်။

သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် ပြည့်နေပြီး မျက်လုံးထဲတွင် လူသားဆန်မှု မရှိတော့ဘဲ သေမင်းကဲ့သို့ပင် ဓားကို အဆက်မပြတ် ဝေ့ယမ်းနေသည်။

ရွှေရောင်အလင်းတန်းမှာ တဖြည်းဖြည်း မှိန်ဖျော့လာသည်။

သူမသည် နောက်ဆုံးတွင် စိတ်ဓာတ်ကျဆင်းသွားကာ ငိုယိုအော်ဟစ်တော့သည်။

"မခုတ်ပါနဲ့တော့ နင် ငါ့ကို သတ်လို့မရဘူး နင်ကဝါနတ်အရိုး ပဲလေ ငါ့မှာ... ငါ့မှာ နတ်ဘုရားတွေရဲ့ အကာအကွယ်ရှိတယ်"

သူမ စကားမဆုံးသေးခင်မှာပင်။

"ဝုန်း..."

နောက်ဆုံး ဓားချက်က ပြင်းထန်စွာ ကျရောက်လာသည်။

အကာအကွယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အဆောင်

ကျောက်စိမ်းပြား၏ ဝိညာဉ်အလင်းများမှာ ပေါက်ကွဲထွက်သွားတော့သည်။

လင်းယွဲ့၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ရှောင်တိမ်းရန် အချိန်မမီတော့ပေ။ သွေးညှီနံ့များ စွဲထင်နေသော ထိုဓားမကြီးမှာ သူမ၏ မျက်ခုံးအလယ်သို့ ကျဆင်းလာသည်ကိုသာ ကြည့်နေမိတော့သည်။

"မလုပ်ပါနဲ့...."

"ဖောက်..."

သွေးများ လွင့်စင်သွားသည်။

လင်းယွဲ့က မျက်လုံးများကို ပြူးကြည့်ကာ လည်ချောင်းမှ ရှတတ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာ စောင်း၍ ပြတ်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမက သေဆုံးသွားသည့်တိုင် ဤဝါနတ်အရိုး လူငယ်က သူမကို တကယ် သတ်နိုင်ခဲ့သည်ကို မယုံနိုင်ဘဲ ရှိနေဆဲပင်။

လုလီက အလောင်းရှေ့တွင် ရပ်ကာ အသက်ရှူသံများ ပြင်းထန်နေသည်။

သူက ဓားမကြီးကို ကိုင်ကာ ဘာစကားမှမပြောဘဲ အကြည့်မှာ အလွန်အေးစက်နေသည်။

အသိစိတ်ပင်လယ်ထဲတွင် ချိုးယွဲ့သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သာသာလေး ရယ်မောလိုက်သည်။

"တကယ်ကို မဆိုးပါဘူး"

"သတ်ဖြတ်လိုစိတ်၊ ရက်စက်မှု၊ စွဲလမ်းမှုနဲ့ ပြတ်သားတဲ့ လုပ်ဆောင်ချက်... အားလုံး ပြည့်စုံတယ်"

"နင်က... တကယ်ကို ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံးပဲ"

လင်းယွဲ့၏ အလောင်းမှာ ပူနွေးနေဆဲ ဖြစ်သည်။

လုလီက ဓားမကြီးကို ဆွဲကိုင်ကာ သူမ၏ ကျိုးပဲ့နေသော ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းလိုက်သည်။ ဓားဦးမှ သွေးစက်များမှာ သူမ၏ သေသွားသော်လည်း မှိတ်မသွားသော မျက်လုံးများထဲသို့ ကျဆင်းသွားသည်။

ဒါကတော့ ဒီစမ်းသပ်ပွဲမှာ သူ၏ တတိယမြောက် ရန်သူ၊ တတိယမြောက် သားကောင်ပင်။

သူသည် ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး မည်သည့်ခံစားချက်မျှမရှိဘဲ အလောင်းထံမှ ပစ္စည်းများကို ရှာဖွေတော့သည်။

သို့သော် ကွင်းပြင်ဘေးမှ လူများအမြင်တွင်မူ....

ဒါဟာ သွေးချင်းချင်းနီနေသော လူသတ်သမားလေးတစ်ဦးက လူသတ်ပြီး ပစ္စည်းလုယူနေသည့်အပြင် အလောင်းကိုပင် ခွင့်မလွှတ်သော မြင်ကွင်းပင် ဖြစ်သည်။

အထူးသဖြင့် လင်းယွဲ့၏ အကာအကွယ်အဆောင်ကပင် အသက်ကို မကယ်တင်နိုင်ခဲ့သည်ကို မြင်သောအခါ အနားရှိ အထက်တန်းစား မိသားစုမှ ကလေးငယ်များမှာ မျက်နှာများ ပျက်ကုန်ကြသည်။

"အကာအကွယ်အဆောင်တောင် ဒီအရူးကို မတားနိုင်ဘူးလား"

"သူ့အနား မကပ်ကြနဲ့... သူ ရူးနေပြီ၊ သူက တကယ်သတ်မှာ"

အချို့သော သူဌေးသားများမှာ ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ဝေးဝေးသို့ ရှောင်သွားကြတော့သည်။ သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဒါဟာ ဒီစမ်းသပ်ပွဲမှာ အကာအကွယ်အဆောင် ရှိနေပါလျက်နှင့် အသတ်ခံလိုက်ရသည့် ပထမဆုံးသော လူပင် ဖြစ်သည်။

လုလီကမူ မည်သို့မျှ စိတ်မလှုပ်ရှားပေ။

အသိစိတ်ပင်လယ်ထဲမှ ချိုးယွဲ့က သာသာလေး ရယ်မောကာ ပြောလိုက်သည်။

"အခု...မိစ္ဆာအရိုးရဲ့ လျှို့ဝှက်ချက်ကို စမ်းကြည့်လို့ ရပြီ"

လုလီက ပြန်မဖြေဘဲ လင်းယွဲ့၏ ပူနွေးနေဆဲဖြစ်သော ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် ခန္ဓာကိုယ်အတွင်းမှ ပူနွေးသောအရှိန်အဝါတစ်ခု ပေါ်လာပြီး ထူးဆန်းသော မိစ္ဆာအရိုးသည် အသက်ရှိသကဲ့သို့ တုံ့ပြန်လာသည်။

ပူနွေးသော အရှိန်အဝါတစ်ခုက သွေးကြောများမှတစ်ဆင့် လက်ချောင်းထိပ်များသို့ စီးဆင်းသွားပြီးလင်းယွဲ့၏ အလောင်းနှင့် တစ်စုံတစ်ခု ထိတွေ့သွားသည်။

နောက်တစ်ခဏတွင်...

"ဝုန်း..."

လင်းယွဲ့၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားသည်။

လုလီသည် ထူးဆန်းသော အရှိန်အဝါတစ်ခုမှာ တဖြည်းဖြည်း စုပ်ယူခံနေရကြောင်း သတိပြုမိလိုက်သည်။

ဒါဟာ ဝိညာဉ်စွမ်းအား မဟုတ်ဘူး၊ သွေးမဟုတ်ဘူး၊ ဝိညာဉ်လည်း မဟုတ်ဘူး။

ဒါဟာ ပြောပြရခက်လှသော "မူလအနှစ်သာရ" တစ်ခုပင် အလွန်အားနည်းသော်လည်း အလွန်စစ်မှန်သော အရာဖြစ်သည်။

ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်လိုက်သောအခါ...

လင်းယွဲ့၏ ခန္ဓာကိုယ်ထဲမှ ဝါနတ်အရိုးမှာ မျက်စိရှေ့တင်ပင် မှိန်ဖျော့သွားပြီး အလင်းရောင်များ လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လုလီ၏ ခန္ဓာကိုယ်ထဲမှ ဝါနတ်အရိုး၏ မျက်နှာပြင်တွင်... အလွန်သေးငယ်သော ရွှေရောင်အလင်းတန်းလေး တစ်ခု ပေါ်လာတော့သည်။

နံနက်ခင်းမြူခိုးကဲ့သို့ ပါးလွှာသော်လည်း စစ်မှန်စွာ တည်ရှိနေသည်။

သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး"

ချိုးယွဲ့၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားပြီး အသိစိတ်ပင်လယ်ထဲတွင် သူမ၏ ထိတ်လန့်တုန်လှုပ်မှုများက ဟိန်းထွက်နေတော့သည်။

"နင်... နင်က သူမရဲ့ နတ်အရိုး အနှစ်သာရ ကို စုပ်ယူနေတာပဲ"

"နင်က သူမရဲ့ နတ်အရိုးစွမ်းအားကို ဝါးမျိုပြီး နင့်ရဲ့ နိမ့်ကျလှတဲ့ စတုတ္ထအဆင့် ဝါနတ်အရိုး ကို ပြုပြင်ပြောင်းလဲနေတာလား"

သူမ၏ လေသံမှာ မကြုံစဖူး စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုများ ပါဝင်နေသည်။

"ဒါက သာမန် စုပ်ယူတာမျိုး မဟုတ်တော့ဘူး ဒါက နတ်အရိုးအဆင့်ကိုပါ ဝါးမျိုပြီး ပြောင်းလဲပစ်နေတာ"

"နင်က... နတ်အရိုးရဲ့ 'ဆင့်ကဲပြောင်းလဲခြင်း' ကို အတင်းအကြပ် လုပ်ဆောင်နေတာပဲ"

လုလီသည် ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းလေးကို ခံစားနေသည်။

ချိုးယွဲ့၏ အသံမှာ ပို၍ တည်ငြိမ်လာသော်လည်း ရူးသွပ်မှုများ ဖုံးကွယ်နေသည်။

"တကယ်လို့... တကယ်လို့ နင် လုံလုံလောက်လောက် စုပ်ယူနိုင်မယ်ဆိုရင်..."

"နင့်ရဲ့ ဝါနတ်အရိုးက နက်မှောင်နတ်အရိုး ... မြေနတ်အရိုး... နောက်ဆုံးမှာ ကောင်းကင်မှာ နတ်အရိုး အထိ ပြောင်းလဲသွားနိုင်မလား"

"ဒါမှမဟုတ် ကောင်းကင်နတ်အရိုးထက်တောင် ကျော်လွန်တဲ့ မသိနိုင်တဲ့ အဆင့်အထိ ရောက်သွားမလား"

လုလီက ပြန်မဖြေပေ။

သူသည် တိတ်ဆိတ်စွာ မတ်တပ်ရပ်လိုက်ပြီး လက်ကို ပြန်ရုပ်လိုက်သည်။ သူ၏ ခြေရင်းမှ အလောင်းမှာ နတ်အရိုး၏ အလင်းရောင်များ မရှိတော့ဘဲ အခွံသက်သက်သာ ကျန်တော့သည်။

All Chapters