← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

📝အပိုင်း - ၇ ကျွန်

ဘာသာပြန် - Na Gar🐉

အဘိုးအို၏ ဓားကဲ့သို့ စူးရှသော အကြည့်များအောက်တွင် လုလီ၏ နှလုံးခုန်သံမှာ မိုးကြိုးပစ်သကဲ့သို့ မြန်ဆန်နေသော်လည်း မိမိကိုယ်ကိုယ် အတင်းအကြပ် တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

သူသည် ခေါင်းငုံ့လျက် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် တကယ်ပဲ 'သိုလှောင်အိတ်' ဆိုတာကို မသိပါဘူး"

"ကျွန်တော် ရောက်သွားတဲ့အချိန်မှာ အဲဒီအမျိုးသမီးက နံရံမှာ အရိုးမှိုနဲ့ အကပ်ခံထားရပြီးသားပါ။ တကယ်လို့ သူမမှာ အဘိုးပြောတဲ့ ရတနာတွေရှိခဲ့ရင်လည်း... အဲဒီမိစ္ဆာက အစောကြီးကတည်းက ယူသွားလောက်ပါပြီ"

သူက ပြောရင်းနှင့် မလှမ်းမကမ်းရှိ မြေဘီလူးဘုရင်၏ အလောင်းကို ညွှန်ပြလိုက်သည်။

အဘိုးအိုက မျက်လုံးမှေးကြည့်ကာ ခဏမျှ ငြိမ်သက်သွားပြီး စဉ်းစားဟန်ပြုလိုက်သည်။ သူသည် လုလီကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ လေသံကို လျှော့ချကာ မေးလိုက်၏။

"မင်း အမှန်အတိုင်းပြောစမ်း... အဲဒီနေ့က မင်း တကယ်ပဲ ဘာတွေမြင်ခဲ့လဲ"

လုလီ၏ ရင်ထဲတွင် တင်းကျပ်သွားသော်လည်း အမူအရာမပျက်ဘဲ အသင့်ပြင်ထားသော စကားလုံးများကို မနှေးမမြန် ပြောပြလိုက်သည်။

"ကျွန်တော်နဲ့ အစ်ကိုတွေ ဂူပေါက်လေးကနေ တွားဝင်သွားတော့ ပထမဆုံး မြင်ရတာက နံရံမှာ ချိတ်ဆွဲခံထားရတဲ့ အဲဒီအမျိုးသမီးပါပဲ။ လက်ခြေတွေမှာ အရိုးမှိုနဲ့ ရိုက်ကပ်ထားပြီး ဝမ်းဗိုက်လည်း ပွင့်နေပြီ။ ကျွန်တော် ကြောက်လွန်းလို့ အသံမထွက်ဘဲ ပုန်းနေခဲ့တယ်"

"အဲဒီနောက် ဝတ်စုံနက်နဲ့ အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာပြီး မြေဘီလူးတွေကို အကုန်သတ်ပစ်တယ်။ သူက အမျိုးသမီးရှေ့ကို သွားပြီးတော့ သူမကို... ဘာ... ဘာနတ်သမီးလဲ မသိဘူး၊ မိစ္ဆာကျင့်ကြံတဲ့သူလို့ ခေါ်ခဲ့တယ်"

"ဒါပေမဲ့... အဲဒီအဘိုးအို စကားပြောလို့မှ မဆုံးသေးဘူး၊ အဲဒီမိစ္ဆာကြီး ဝင်လာပြီး အဲဒီအဘိုးအို တိုက်ကြတာ အဘိုးအို ရှုံးပြီး ထွက်ပြေးသွားတယ်"

"အဲဒီမိစ္ဆာကြီး ဒဏ်ရာရပြီး အမျိုးသမီးနားကို ကပ်သွားတဲ့အချိန်မှာ အမျိုးသမီးက ရုတ်တရက် တိုက်ခိုက်ပြီး သူ့လည်ပင်းကို ဓားနဲ့ထိုးလိုက်တာ"

"ဒါပေမဲ့ အဲဒီမိစ္ဆာက မသေဘဲ သူမကို နံရံနဲ့ရိုက်ပစ်လိုက်တာ... ချက်ချင်းပဲ သေသွားခဲ့တယ်"

ဤနေရာသို့ ရောက်သောအခါ လုလီ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုတို့ အချိုးကျကျ ပေါ်လွင်နေသည်။ သူသည် ခန္ဓာကိုယ်

သိမ်းပိုက်ခြင်း ၊ ထူးဆန်းသောအရိုး နှင့် အမျိုးသမီးအလောင်းထံမှ လုယွမ် အရိုးထုတ်ယူသွားသည့် ဖြစ်စဉ်များကို တစ်လုံးမျှ မဟခဲ့ပေ။

"အဲဒီနောက် မြေဘီလူးတွေ အကုန်မသေဘူး။ အစ်ကိုလတ်က ချောက်ထဲပြုတ်ကျပြီး ကျောက်ချွန်နဲ့ စိုက်မိသွားတယ်။အစ်ကိုကြီးက ကျွန်တော့်ကို ကာကွယ်ရင်း မြေဘီလူးရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရပြီး နှလုံးကို ဖောက်ထွက်သွားခဲ့တယ်"

"ကျွန်တော်... ကျွန်တော်ကတော့ ဂူထဲကနေ တွားထွက်လာပြီး ဘယ်လို အသက်ရှင်ကျန်ခဲ့မှန်း မသိပါဘူး"

တစ်လျှောက်လုံးတွင် သူသည် အလွန်မြန်ဆန်ကာ ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး အထစ်အငေါ့မရှိပေ။ အဘိုးအိုသည် နားထောင်ရင်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေကာ မျက်လုံးထောင့်မှ လုလီကို အကြိမ်ကြိမ် အကဲခတ်နေသည်။

ဤလူငယ်လေးက... (၁၁) နှစ်သားပဲ ရှိသေးတာကို ဘယ်လိုတောင် တည်ငြိမ်နေရတာလဲ။

လှည့်ကွက်တစ်ခုခု ရှိနေပြီ။

သူသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု အာရုံခံနိုင်သော်လည်း ယခုအချိန်တွင် ထိုအရာကို အသေအချာ စုံစမ်းရန် စိတ်မပါတော့ပေ။

သူ၏ အာရုံစိုက်မှုက ဖြစ်နိုင်ခြေရှိသော ရတနာ ထံသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ရှာဖွေတော့သည်။

လုလီသည် တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း လှုပ်ရှားရန် မဝံ့ပေ။ ကျောပြင်မှ ချွေးစေးများ စီးကျနေသော်လည်း ရပ်နေသည့်နေရာမှ အဘိုးအို၏ နောက်ကျောကို ကြည့်နေမိသည်။

ခဏအကြာတွင် ဂူအနက်ပိုင်းထဲမှ ရယ်သံကြီး ထွက်ပေါ်လာသည်။

"ဟားဟားဟား...ဟုတ်တယ် တကယ်ပဲ ဒီမှာရှိနေတာပဲ"

လုလီ လှည့်ကြည့်လိုက်သောအခါ အဘိုးအိုသည် အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်ကဲ့သို့ ကျောက်ခုံနောက်မှ အဝတ်ဖြင့် ထုပ်ထားသော အိတ်အမည်းလေးတစ်ခုကို ဆွဲထုတ်လာသည်ကို မြင်လိုက်ရသည်။

သူသည် အလွန်ဝမ်းသာနေပြီး တုန်ရင်နေသော လက်များဖြင့် အိတ်ကို ဖွင့်

လိုက်ရာ ဝိညာဥ်အလင်းတန်းများ ထွက်ပေါ်လာပြီး ဝိညာဥ်လက်နက် ၊ ဝိညာဥ်ကျောက်တုံး နှင့် ကျောက်စိမ်းပေလွှာ တို့၏ ပုံရိပ်များ ယိမ်းထိုးပေါ်လာသည်။

အဘိုးအို၏ မျက်လုံးများတွင် လောဘရိပ်များ ဖုံးလွှမ်းသွားကာ နှစ်ပေါင်းများစွာ အစာငတ်နေသော ဝံပုလွေတစ်ကောင် အသားတွေ့သကဲ့သို့ ဖြစ်နေသည်။

"ချိုးယွဲ့နတ်သမီးက တကယ်ပဲ ရတနာတွေ အများကြီး ဆောင်ထားတာပဲ... ဒါတွေက ယင်အမြုတေ ထက် အများကြီး ပိုတန်ဖိုးရှိတယ်..."

သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးများ ပိုမိုနက်ရှိုင်းလာသော်လည်း မလှမ်းမကမ်းတွင် ရပ်နေသော လုလီ၏ အကြည့်များမှာ ပိုမိုအေးစက်ကာ တည်ငြိမ်သွားသည်ကို သူ သတိမထားမိလိုက်ပေ။

"အဘိုး... ကျွန်တော့်အစ်ကိုနှစ်ယောက်ရဲ့ အလောင်းကို အိမ်ပြန်သယ်သွားပေးလို့ ရမလား"

လုလီ နောက်ဆုံးတွင် မနေနိုင်ဘဲ ပြောလိုက်သည်။ သူ၏ အသံမှာ လေထဲတွင် လွင့်နေသော ပြာကဲ့သို့ တိုးညင်းသော်လည်း သေခါနီးလူတစ်ယောက် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားသည့် ဇွဲမျိုး ပါဝင်နေသည်။

အဘိုးအိုသည် ရတနာရထားသဖြင့် စိတ်ကြည်လင်နေသော်လည်း အမူအရာမှာ အေးစက်နေဆဲပင်။ သူသည် ကလေးငယ်အလောင်းနှစ်ခုကို ခပ်ပေါ့ပေါ့ ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"ဘာလို့ အဲဒီလောက် ဒုက္ခခံနေမှာလဲ"

စကားဆုံးသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖျားမှ ဝိညာဥ်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

"ဘုန်း..."

မီးတောက်နှစ်ခုသည် လေထဲတွင် ပေါ်လာပြီး လုယွမ် နှင့် လုယဲ့ တို့၏ အလောင်းများပေါ်သို့ ကျဆင်းသွားသည်။ မီးတောက်များသည် လျင်မြန်စွာ ဝါးမြိုသွားပြီး ခြောက်သွေ့နေသော အဝတ်အစားနှင့် အသားများကို ချက်ချင်း လောင်ကျွမ်းစေကာ "ဇိဇိ" မြည်သံများ ထွက်ပေါ်လာသည်။

လုလီ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ ရှေ့သို့ တစ်လှမ်းတိုးရန် ပြင်လိုက်သော်လည်း ဝိညာဥ်စွမ်းအားတစ်စက သူ့ကို ပြန်တွန်းထုတ်လိုက်သည်။

သူသည် မိမိ၏ သွေးသားရင်းချာ အစ်ကိုတွေ ခုလေးတင် ပြန်ရှာတွေ့ခဲ့သော အလောင်းများမှာ မျက်စိရှေ့တွင် ပြာပုံဖြစ်သွားသည်ကို မတတ်နိုင်ဘဲ ကြည့်နေရရုံသာ ရှိတော့သည်။

အဘိုးအို၏ လေသံမှာ အဝတ်ဟောင်းနှစ်ခုကို ရှင်းလင်းနေသကဲ့သို့ တည်ငြိမ်နေဆဲ။

"မင်းတစ်ယောက်တည်းကို သယ်လာရတာတောင် တော်တော်ပင်ပန်းလှပြီ၊ ငါက အလောင်းနှစ်ခုကိုပါ တောင်အောက်အထိ ဘယ်လိုသယ်သွားနိုင်မှာလဲ"

"မီးရှို့ပစ်လိုက်တာလည်း ကောင်းပါတယ်။ မီးသင်္ဂြိုဟ်လိုက်တာက တောင်ပေါ်မှာ ပစ်ထားတာထက် ပိုသန့်ရှင်းတာပေါ့"

ပြောပြီးနောက် သူသည် ကျောက်စိမ်းပုလင်းငယ် နှစ်လုံးကို ပစ်ပေးလိုက်သည်။

"အရိုးပြာတွေကို အထဲမှာ ထည့်ထားလိုက်။ မင်း ပြန်သယ်ချင်ရင် ကိုယ့်

ဘာသာ သိမ်းထားပေါ့"

လုလီသည် အံကို တင်းတင်းကြိတ်ကာ လက်ချောင်းများ တုန်ရင်နေသော်လည်း တစ်ခွန်းမျှ မပြောဘဲ မီးပုံရှေ့တွင် တိတ်တဆိတ် ဒူးထောက်လိုက်သည်။ သူသည် နောက်ဆုံးမီးတောက် ငြိမ်းသွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။

သူက ဒူးထောက်လျက် အရိုးပြာများကို ပုလင်းထဲသို့ တဖြည်းဖြည်းချင်း ထည့်နေသည်။ သူ၏ လှုပ်ရှားမှုမှာ ရွှေမှုန်များကို သိမ်းဆည်းနေသကဲ့သို့ အလွန်ဂရုတစိုက်ရှိလှသည်။

သူ့လက်တွင် ပြာများပေကျံနေသော်လည်း မျက်လုံးတွင် မျက်ရည်မရှိပေ။ ထိုသူများသည် သူ၏ အစ်ကိုများ၊ တောင်တက်ရာတွင် အတူတူလက်တွဲခဲ့သော ဆွေမျိုးများ ဖြစ်ကြသည်။ ယခုမူ ဤပုလင်းနှစ်လုံးသာ ကျန်တော့ပြီး ဝတ်ဆင်ခဲ့သော အဝတ်အစားလေးပင် မကျန်ခဲ့ပေ။

သူသည် ခေါင်းငုံ့ထားသဖြင့် သူ၏မျက်လုံးထဲမှ နာကြည်းမှုများမှာ မြေအောက်မီးတောင်ကဲ့သို့ တဖြည်းဖြည်း ပေါက်ကွဲလာနေသည်ကို မည်သူမျှ မမြင်နိုင်ခဲ့ကြပေ။

အဘိုးအိုသည် မလှမ်းမကမ်းတွင် မည်သည့်အမူအရာမျှမရှိဘဲ ရပ်ကြည့်နေပြီး လောဆော်ခြင်းလည်း မပြုပေ။ လုလီ သိမ်းဆည်းပြီးသောအခါ အဘိုးအိုသည် လက်ကို ဝှေ့ယမ်းကာ ဝိညာဥ်စွမ်းအားဖြင့် သူတို့နှစ်ဦးကို မယူကာ ပျံတက်သွားခဲ့သည်။

မကြာမီ သူတို့ ဂူထဲမှ ထွက်လာကြသည်။

ဂူဝနှင့် မလှမ်းမကမ်းတွင် မိန်းကလေးငယ် ရှန်းအာ သည် ကျောက်တုံးတစ်တုံးနားတွင် ရပ်လျက် ကျောက်ခဲလေးတစ်လုံးကို ကန်ကာ ငေးငိုင်နေသည်။ သူတို့ကို မြင်သောအခါ ရှန်းအာက ခေါင်းမော့ကြည့်ပြီး မျက်လုံးများ လင်းလက်သွားသည်။

"အဘိုး ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"

သူမ စကားပြောနေရင်း လုလီကို မြင်လိုက်ရသောအခါ အကြည့်များ တန့်သွားသည်။

ထိုကလေးသည် တစ်ကိုယ်လုံး သွေးများပေကျံကာ မျက်နှာဖြူဖျော့နေပြီး ရင်ခွင်ထဲတွင် ပုလင်းနှစ်လုံးကို ပိုက်ထားသည်။ လက်များတွင် ပြာနှင့် သွေးများ ရောနှောနေသော ရွှံ့များ ပေကျံနေ၏။

ရှန်းအာ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် နားမလည်မှုနှင့် ကြောက်ရွံ့မှုများ ပေါ်လာသည်။ သူမ တစ်ခုခု မေးချင်သော်လည်း ဝေခွဲမရဖြစ်ကာ စကားပြန်မြိုချလိုက်ရသည်။

အဘိုးအိုကမူ လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်၏။

"သွားကြစို့"

ညအမှောင်က မကုန်သေးဘဲ တောင်ပေါ်ကျေးရွာလေးမှာ တိတ်ဆိတ်နေသည်။ သုံးယောက်သားမှာ လုလီ၏ အေးစက်နေသော မြက်တဲလေးဆီသို့ လျင်မြန်စွာ ပြန်ရောက်လာကြသည်။

အဘိုးအိုသည် အိမ်ရှေ့တွင် လက်ပစ်ကာ ရပ်နေပြီး ထိုအိမ်လေးကို ကြည့်ရာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။ ဤနေရာတွင် ဘာတွေဖြစ်ခဲ့သနည်းဆိုသည်မှာ သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။

သူသည် လုလီဘက်သို့ လှည့်ကာ အေးစက်သော်လည်း ငြင်းဆန်၍မရသော လေသံဖြင့် ပြောလိုက်သည်။

"အလောင်းတွေကို ငါ ရှာပေးပြီးပြီ၊ ငါ့ကတိ ငါတည်ပြီးပြီ"

သူ ခဏရပ်လိုက်ပြီး မျက်လုံးထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားကာ လေသံ ပိုမိုအေးစက်သွားသည်။

"အခု မင်းရဲ့ ကတိကို အကောင်အထည်ဖော်ရမယ့် အလှည့်ပဲ"

စကားဆုံးသည်နှင့် သူ၏လက်ဝါးကို ဆန့်ထုတ်ကာ လက်ချောင်းများကို ချိတ်သဏ္ဌာန်ပြုပြီး လုလီ၏ မျက်ခုံးအလယ်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်

သည်။

"အား..."

လုလီသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ၏ ဦးနှောက်နက်နဲရာအရပ်မှ တစ်စုံတစ်ခုကို အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

နီဖျော့ဖျော့ ဝိညာဥ်အလင်းတန်းတစ်ခုကို အဘိုးအိုက လုလီ၏ မျက်ခုံးအလယ်မှ တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။ ထိုအရာမှာ လေထဲတွင် လွင့်ပျံနေသော သွေးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးခိုးငွေ့ကဲ့သို့ တုန်ခါနေသည်။

လုလီသည် မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့သွားသည်။ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာကာ အသက်ရှူသံများ မြန်ဆန်လာပြီး တစ်ကိုယ်လုံး ဗလာဖြစ်သွားသကဲ့သို့ ခံစားရပြီး ဝိညာဥ်ပင် ပျက်စီးသွားတော့မည့်အတိုင်း အားနည်းသွားတော့သည်။

အဘိုးအိုက သူ့ကို ကြည့်ပင်မကြည့်ဘဲ ထို မူလဝိညာဥ်သွေးကို ရှန်းအာ၏ လက်ဖျားသို့ ပစ်ပေးလိုက်သည်။

မိန်းကလေးငယ်မှာ အံ့အားသင့်သွားပြီး အလိုအလျောက် ဖမ်းယူလိုက်သည်။ သူမ လက်ဖဝါးထဲမှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော သွေးလုံးလေးကို ကြည့်ကာ မျက်လုံးထဲတွင် ဝေခွဲမရ ဖြစ်နေရှာသည်။

အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်၏။

"ဒီနေ့ကစပြီး ဒီဝိညာဥ်သွေးကို ရှန်းအာက ထိန်းသိမ်းရမယ်"

"သူ့နာမည်က လုလီ၊ သူက သမီးရဲ့လူ၊ ပြီးတော့ သမီးရဲ့ 'လမ်းပြကျွန်' လည်း ဖြစ်တယ်။ သူ့ရဲ့ အသက်နဲ့ သေခြင်းက ဒီနေ့ကစပြီး သမီးရဲ့ လက်ထဲမှာပဲ ရှိတယ်"

သူသည် ဓားကဲ့သို့ စူးရှသော အကြည့်ဖြင့် လုလီကို ကြည့်လိုက်သည်။

"မင်းက ရှန်းအာနဲ့အတူ ဟွမ်ရှန်းဂိုဏ်း ကို လိုက်ပြီး ကျင့်ကြံရမယ်"

"သူမက အရှင်သခင်၊ မင်းက ကျွန်။ သူမက အရှေ့လို့ပြောရင် မင်း အနောက်ကို မသွားရဘူး။ သူမက မင်းအသက်ကို တောင်းရင် မင်း မငြင်းရဘူး။ သူမကို ကာကွယ်ဖို့ လိုအပ်လာရင် မင်းရဲ့ အသက်ကို ဒိုင်းအဖြစ် သုံးရမယ်"

"သူမရဲ့ အမိန့်ဟာ မင်းအတွက် ကောင်းကင်ဘုံရဲ့ ဥပဒေပဲ"

"မင်း ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား"

လုလီ၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများ တုန်ရီနေသည်။ သူ၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ခဏမျှ လက်ခနဲ ပေါ်လာသော်လည်း ပြန်ပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပြီ။

"အလောင်းရှာပေးမယ်၊ ကျင့်ကြံခြင်းလမ်းကို ခေါ်သွားမယ်" ဆိုသည်မှာ အစကတည်းက အလဲအလှယ်တစ်ခုသာ ဖြစ်ပြီး အကြွင်းမဲ့ ကျွန်ပြုခြင်းသာ ဖြစ်သည်။ ယခုမူ သူသည် နောင်တရရန်ပင် အခွင့်အရေး မရှိတော့ပေ။

သူသည် ခေါင်းကို တဖြည်းဖြည်း ငုံ့လိုက်ကာ ဒူးကို မြေပြင်ပေါ်တွင် ခိုင်ခိုင်မာမာ ထောက်လိုက်သည်။ သွားများကို တင်းတင်းကြိတ်ထားရသဖြင့် အသံပင် ထွက်ပေါ်လာသည်။

"နားလည်ပါပြီ"

အသံမှာ အလွန်တိုးသော်လည်း သေပြီးသားလူတစ်ယောက်ကဲ့သို့ အေးစက်ငြိမ်သက်နေသည်။

သူ မတော်လှန်ရဲပေ။

ယခုအချိန်တွင် သူ၏ ဝိညာဥ်သွေးမှာ သူတပါးလက်ထဲတွင် ရှိနေပြီး အသက်မှာ မိမိလက်ထဲတွင် မရှိတော့ပေ။ အကယ်၍ သူသာ တော်လှန်လိုစိတ် အနည်းငယ် ရှိခဲ့လျှင်ပင် မိမိကိုယ်ကိုယ် မီးရှို့ဖျက်ဆီးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သို့သော် သူ၏ မျက်လုံးထဲတွင် တဖြည်းဖြည်း တောက်လောင်လာသော အရာကိုမူ အဘိုးအိုပင် သတိမထားမိခဲ့ချေ။

📝အပိုင်း - ၈ ဟွမ်ရှန်းဂိုဏ်း

ဘာသာပြန် - Na Gar🐉

အိမ်အပြင်ဘက်တွင် လေတိုးသံသဲ့သဲ့ ထွက်ပေါ်နေပြီး လမင်းမှာ ချိတ်ကောက်သဏ္ဌာန် ကွေးညွတ်နေသည်။

အိမ်ထဲတွင်မူ မီးပုံမှာ တဖျတ်ဖျတ် မြည်ဟီးလျက် နွေးထွေးမှုကို ပေးစွမ်းနေ၏။ တုံရှန်းသည် ဒူးနှစ်ဖက်ကို ပိုက်ကာ တံခါးခုံတွင် ထိုင်နေပြီး သူမ၏ မျက်နှာလေးမှာ မီးရောင်ကြောင့် နီမြန်းနေသည်။

သူမက ကြည်လင်အေးဆေးသော လေသံဖြင့် စတင်ပြောဆိုလိုက်၏။

"ငါ့နာမည်က တုံရှန်းပါ။ လုလီ... အဘိုးက ပြောတယ်၊ နောင်ကျရင် နင်က ငါနဲ့အတူ ဟွမ်ရှန်းဂိုဏ်းမှာ ကျင့်ကြံရမှာတဲ့"

သူမ ခဏရပ်ကာ ခေါင်းလေးစောင်းလျက် စဉ်းစားပြီးမှ တစ်ခု ထပ်ဖြည့်ပြောလိုက်သည်။

"ငါက နင့်ထက် နည်းနည်းကြီးတယ်၊ ဒီနှစ်မှာ ၁၂ နှစ်ရှိပြီ။ နောင်ကျရင်... နင်ငါ့ကို 'တုံရှန်းမမ' လို့ ခေါ်လို့ရတယ်"

ပြောပြီးနောက် သူမက လုလီကို ကြည့်ကာ သွားစွယ်လေးတစ်ဖက် ပေါ်အောင် ပြုံးပြလိုက်ရာ တောင်ပေါ်မှ ဆင်းလာစ မြေခွေးလေးတစ်ကောင်နှင့် တူနေတော့သည်။

လုလီသည် ဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး ထိုစကားကို ကြားသောအခါ ခေါင်းမော့လိုက်ကာ ရိုသေကိုင်းရှိုင်းဟန် အပြည့်ဖြင့် ပြန်ပြောလိုက်၏။

"စိတ်ချပါ တုံရှန်းသခင်မလေး။ အဘိုးက ကျွန်တော့်မိသားစုဝင်တွေအတွက် အလောင်းပြန်ရှာပေးတဲ့ကျေးဇူး၊ ဂိုဏ်းထဲကို ခေါ်ဆောင်ပေးတဲ့ကျေးဇူးတွေ ရှိပါတယ်... လုလီ အမြဲတမ်း နှလုံးသွင်းထားမှာပါ"

သူ၏ လေသံမှာ အောက်ကျနောက်ကျလည်း မဖြစ်၊ မောက်မာခြင်းလည်း မရှိဘဲ ရင့်ကျက်လွန်းသော ယဉ်ကျေးမှုနှင့် အကန့်အသတ်တစ်ခု ရှိနေသည်။

သို့သော် ခေါင်းငုံ့လိုက်သည့် ခဏချင်းတွင် မီးရောင်မဖြာနိုင်သော အရိပ်အောက်၌ သူ၏မျက်လုံးထဲမှ အလွန်မှေးမှိန်သော နာကြည်းမှုမှာ လက်ခနဲ ဖြစ်သွားသည်။

ဤအရာအားလုံးမှာ အစမှအဆုံးထိ...

အဘိုးအို ပြောဆိုခဲ့သော စေတနာ ၊ ကျင့်ကြံသူနှင့် ဆုံဆည်းခြင်း ၊ ကျေးဇူးတရား ဆိုသည်များမှာ ကျွန်တစ်ယောက်ကို ယဉ်ပါးအောင် ပြုလုပ်ရန် သေချာစွာ စီစဉ်ထားသော လှည့်ကွက်များသာ ဖြစ်သည်။

သူ လူခေါ်လာခြင်းမှာ ထို အလောင်းအမြုတေ ၊ ချိုးယွဲ့နတ်သမီး၏ သိုလှောင်အိတ် နှင့်... သူ၏ ထိန်းချုပ်ရလွယ်ကူသော ဝိညာဥ်သွေး ရှိသည့် လမ်းပြကျွန်တစ်ယောက် ရရှိရန်အတွက်သာ ဖြစ်သည်။

အလောင်းသင်္ဂြိုဟ်ပေးခြင်းမှာ အယောင်ပြဖြစ်ပြီး၊ ကယ်တင်ခြင်းမှာ အလဲအလှယ်လုပ်ရန် တန်ဖိုးသာ ဖြစ်၏။

ယခုမူ ဝိညာဥ်သွေးစာချုပ်တစ်စောင်၊ အရှင်နှင့်ကျွန်ဟူသော သတ်မှတ်ချက်တစ်ခုဖြင့် သူ၏ဘဝကို အပိုင်စီးလိုက်ကြပြီ။

ဘေးရှိ အဘိုးအိုမှာမူ လုလီ၏ အဖြေကို အလွန်အားရကျေနပ်ပုံရသည်။ သူသည် မျက်လုံးမှေးကာ ခေါင်းညိတ်ပြပြီး လှောင်အိမ်ထဲက ငှက်လေး လိမ္မာသွားပြီ ဟု ခံစားနေရသကဲ့သို့ ကျေနပ်သော လေသံဖြင့် ပြောလိုက်၏။

"ကျေးဇူးသိတတ်တာ ကောင်းတာပေါ့"

"ဟွမ်ရှန်းဂိုဏ်းဆိုတာ ကြုံရာလူတိုင်း သွားလို့ရတဲ့နေရာ မဟုတ်ဘူး။ မင်း ဒီလို အခွင့်အရေး ရတာဟာ မင်းရဲ့ ရှေးရေစက်ကြောင့်ပဲ"

"မင်းရဲ့ အိမ်ကိစ္စတွေကို ရှင်းလင်းလိုက်တော့။ မနက်ဖြန် မိုးလင်းရင် ငါတို့ ခရီးစမယ်"

ပြောပြီးနောက် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အမှောင်ထဲသို့ လှည့်ထွက်သွားတော့သည်။

ထိုညတွင် လုလီ စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။

ဒုတိယနေ့ နံနက်စောစော မိုးမလင်းမီတွင် လုလီသည် အရိုးပြာအိုးနှင့် အလောင်းကို ထမ်းကာ ရွာပြင်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။

ရွာသားများမှာ ကြောက်ရွံ့နေကြဆဲ ဖြစ်သော်လည်း အဘိုးအို၏ လောစော်မှုကြောင့် ကူညီမည့်သူ အချို့ ရှိလာသည်။ သို့သော် သူတို့၏ အကူအညီမှာ အလကားတော့ မဟုတ်ပေ။

လုလီသည် အိမ်တွင် ကျန်ရှိနေသော ဆန်အနည်းငယ်နှင့် ရိက္ခာခြောက်များကို အကုန်ပေးအပ်ပြီးမှသာ အလောင်းမြှုပ်ရန် လူအင်အားကို ငှားရမ်းနိုင်ခဲ့သည်။

အစ်ကိုဖြစ်သူတို့၏ အရိုးပြာကို အိမ်ဟောင်းနောက်ကွယ်မှ သစ်ပင်အိုကြီးအောက်တွင် မြှုပ်နှံခဲ့ပြီး အဘိုး၏ အလောင်းကိုမူ တောင်ခါးပန်းရှိ မြေနီကုန်းတွင် အရှေ့ဘက်သို့ မျက်နှာမူကာ နေထွက်သည်ကို မြင်နိုင်သော နေရာတွင် သင်္ဂြိုဟ်လိုက်သည်။

မြေကျင်းကို ဖုံးကာ မြက်ခြောက်များ ဖြူးပြီးနောက် အမွှေးတိုင်လည်း မရှိ၊ ဖယောင်းတိုင်လည်း မပါဘဲ လုလီသည် သုံးကြိမ်တိုင်တိုင် ဦးတိုက်ကာ ဘာမှမပြောဘဲ နေခဲ့သည်။

ပြန်လှည့်ကြည့်လိုက်သောအခါ သူ့တွင် အိမ်ဆိုသည်မှာ မရှိတော့ပေ။

နံနက်ခင်း မြူနှင်းများကြားတွင် လုလီသည် စုတ်ပြတ်နေသော အထုပ်လေးကို ကျောပိုးကာ အဘိုးအိုနှင့် တုံရှန်းတို့၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ သူသည် ကောင်းကင်ယံမှ အရုဏ်ဦး အလင်းတန်းကို ကြည့်ကာ စိတ်ထဲမှ တိုးတိုးလေး ပြောနေမိသည်။

"အစ်ကို... အဘိုး... စိတ်ချသွားကြပါ"

"ကျွန်တော် ဟွမ်ရှန်းဂိုဏ်းကို သွားတာဟာ အဆင့်တက်ဖို့ မဟုတ်ဘူး..."

"သူတို့က နတ်ဘုရားလမ်းစဥ်ကို သွားတာဟာ ကောင်းကင်ဘုံကို တက်လှမ်းတဲ့ အခွင့်အရေးကြီးလို့ ပြောကြပေမဲ့၊ သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ဂိုဏ်းအောက်မှာ သွေးနဲ့ အရိုးတွေပဲ ပြည့်နေမှာ"

"အဘိုးအိုက ကျေးဇူးတရားတွေအကြောင်း ပါးစပ်ကပြောနေပေမဲ့၊ လက်ကတော့ ကျွန်တော့်ဝိညာဥ်သွေးကို ဆွဲထုတ်ပြီး ကျွန်ပြုတယ်။ အဲဒီ ချိုးယွဲ့နတ်သမီးကလည်း ဘယ်မှာ နတ်သမီးနဲ့ တူလို့လဲ လူ့အသက်ကို

ယင်ကောင်၊ ပုရွက်ဆိတ်လို သဘောထားပြီး ကျွန်တော့်အစ်ကိုကြီးကို သေအောင်လုပ်ခဲ့တဲ့ မိစ္ဆာပဲ"

"တကယ်လို့ ဒါဟာ ကံကြမ္မာဆိုရင်လည်း ကျွန်တော် မယုံဘူး ကျွန်တော်သာ အသက်ရှင်နေသရွေ့... တစ်နေ့ကျရင် အဲဒီလို ဟန်ဆောင်ကောင်းတဲ့ လူတွေကို တစ်ယောက်မှ မကျန်အောင် ရှင်းပစ်မယ်"

နံနက်ခင်း မြူများ မကွဲသေးမီ သုံးယောက်သားမှာ တောင်လမ်းအတိုင်း တောထဲသို့ ဝင်ရောက်ကာ ဟွမ်ရှန်းဂိုဏ်း၏ တပည့်စုဆောင်းရာ နေရာသို့ ဦးတည်နေကြသည်။

တုံရှန်းသည် အဘိုးအို၏ ရင်ခွင်ထဲတွင် ထိုင်ကာ တစ်လမ်းလုံး ဟိုဟိုဒီဒီ လှည့်ကြည့်နေပြီး စိတ်လှုပ်ရှားနေသော်လည်း လုလီကို လှည့်ကြည့်ကာ စကားပြောရန် မဝံ့ပေ။

လုလီမှာမူ ခေါင်းငုံ့လျက် ခြေလှမ်းမှန်မှန်ဖြင့် တစ်ခွန်းမျှ မဟဘဲ လိုက်ပါလာသည်။ ရှေ့ဆုံးမှ လျှောက်နေသော အဘိုးအိုက ရုတ်တရက် စကားစလိုက်၏။

"မင်းရဲ့ ကံကြမ္မာက မှေးမှိန်ပေမဲ့ နတ်ဘုရားလမ်းစဉ်ပေါ်ကို တက်လှမ်းနိုင်တာဟာ မင်းရဲ့ ကံကောင်းမှုပဲ။ မင်း ကျင့်ကြံသူဖြစ်ချင်ရင် ဒီလောကကြီးရဲ့ အခြေအနေကို သိထားဖို့ လိုတယ်။ ကောင်းပြီ... ဒီနေ့ ငါ မင်းကို ဒီ အနန္တကုန်းမြေကြီး ရဲ့ အခြေအနေကို ပြောပြမယ်"

လုလီသည် အဘိုးအို၏ ကျောပြင်ကို ကြည့်ကာ ဘာမှမပြောဘဲ တိတ်တဆိတ် နားထောင်နေသည်။

အဘိုးအို၏ အသံမှာ မကျယ်သော်လည်း တောအုပ်ထဲတွင် စည်တီးသကဲ့သို့ လူ၏ နှလုံးသားထဲသို့ တုန်ဟည်းဝင်ရောက်သွားသည်။

"ဒီလောကမှာ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိပြီး ဂိုဏ်းတွေလည်း အများကြီးပဲ။ ဒါပေမဲ့ တကယ့် ထိပ်သီးမှာ ရပ်တည်နေတာက ဂိုဏ်း ခြောက်ဂိုဏ်းပဲ ရှိတယ်။ ဒါကို 'လမ်းစဉ်ခြောက်ခု အင်အားစု' လို့ ခေါ်ကြတယ်။"

"သုံးဂိုဏ်းက နတ်ဘုရားလမ်းစဉ် ၊ သုံးဂိုဏ်းက မိစ္ဆာလမ်းစဉ် ပဲ။ အားလုံးက နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိပြီး ဘယ်တော့မှ မပြိုလဲနိုင်ကြဘူး"

"နတ်ဘုရားလမ်းစဥ် မဟာမိတ် သုံးဂိုဏ်းကတော့.." အဘိုးအိုက လက်ချောင်း သုံးချောင်းကို ဖြန့်လိုက်သည်။

"ပထမ ဟွမ်ရှန်းဂိုဏ်း။ နတ်ဘုရားလမ်းစဉ် သုံးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ။ ဂိုဏ်းစည်းကမ်း အရမ်းတင်းကျပ်ပြီး ကျင့်ထုံးတွေက အလွန်မှန်ကန်တယ်။ ဂိုဏ်းထဲက အငွေ့အသက်တွေက ဖြောင့်မတ်တယ်၊ သန့်ရှင်းတယ်၊ အေးစက်တယ်"

"ခံစားချက်ကင်းမဲ့တယ်လို့ ထင်ရပေမဲ့၊ အဲဒါကြောင့်ပဲ ပညာရပ်ပေါင်းစုံ ထွန်းကားပြီး အရင်းအမြစ်တွေ ကြွယ်ဝတာ။ ပညာရပ် အမွေအနှစ်တွေက နှစ်ထောင်ချီ မပြတ်တောက်ခဲ့ဘူး။ 'ပညာရပ်ကို လေ့လာချင်ရင် ဟွမ်ရှန်းကို သွား' လို့တောင် ဆိုကြတယ်"

"ဒုတိယ ယွီဟွာဂိုဏ်း။ နယ်ပယ်အသီးသီးမှာ အထွန်းကားဆုံးပဲ။ ဂိုဏ်းရဲ့ ပုံစံက ယဉ်ကျေးသိမ်မွေ့ပြီး လမ်းစဉ်က စစ်မှန်တယ်။ လူသားတွေရဲ့ မျက်စိထဲမှာတော့ နတ်ဘုရားအဆန်ဆုံး ဂိုဏ်းပေါ့။ နယ်စားတွေနဲ့ သူဌေးသားတွေက ယွီဟွာဂိုဏ်းထဲ ဝင်ရတာကို ဂုဏ်ယူကြတယ်"

"ဒါပေမဲ့... ယွီဟွာဂိုဏ်းသား အများစုက သူဌေးမျိုးရိုးတွေ ဖြစ်ကြပြီး မျိုးရိုးဆက်ခံမှုကို အရမ်းအလေးထားတယ်။ ဆရာတင်ဖို့အတွက် ရေစက်လိုသလို၊ ပညာရဖို့လည်း အချိန်စောင့်ရတယ်။ အမှားအယွင်း အနည်းငယ်ရှိရင် ရပ်တည်ဖို့ ခက်တယ်။ ပြောရရင် စည်းကမ်းကြီးတယ်

ပေါ့၊ ခပ်ကြမ်းကြမ်းပြောရရင်တော့ အေးစက်ရက်စက်တဲ့ ဂိုဏ်းပဲ"

သူ ဤသို့ပြောသောအခါ မျက်လုံးထောင့်မှ လုလီကို ကြည့်ကာ နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။

လုလီ၏ အကြည့်များ တည်ငြိမ်သွားပြီး ထိုနေ့က ဂူထဲတွင် ဝမ်းဗိုက်ပွင့်ကာ လျှာဖြတ်ခံထားရသော အမျိုးသမီးကို ပြန်မြင်ယောင်လာသည်။ ထိုအမျိုးသမီးသည် ဆယ်နှစ်တိုင်တိုင် သွေးအစာအဖြစ် အကျဉ်းချခံထားရပြီး နောက်ဆုံးတွင် လုယွမ်၏ ခန္ဓာကိုယ်ကို လုယူရန် ကြိုးစားရင်း လုလီ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သူ ဖြစ်သည်။ ထိုမိစ္ဆာကျင့်ကြံသူ ပြောခဲ့သည်မှာ သူမသည် "ယွီဟွာဂိုဏ်းမှ ချိုးယွဲ့နတ်သမီး" ဖြစ်သည်ဟု ဆို၏။

လုလီ ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲတွင် အတွေးများ လှုပ်ရှားသွားသည်။

အဘိုးအိုက ပြုံးလျက် ဆက်ပြောသည်။

"တတိယက ဝူကျိဂိုဏ်း။ စိတ်စွမ်းအား ကျင့်စဉ်ကို အဓိကထားတယ်။ သမိုင်းအရှည်ဆုံး ဖြစ်ပေမဲ့ ပြင်ပတပည့်တွေအပေါ် အရမ်းတင်းကျပ်ပြီး လူသစ်တွေကို ဖယ်ကြဉ်တတ်တယ်။ နောက်ခံမရှိတဲ့ တပည့်ဆိုရင် ဘာမှလုပ်စားလို့ မရဘူး"

"မိစ္ဆာလမ်းစဉ် သုံးဂိုဏ်းကတော့..." အဘိုးအို၏ လေသံမှာ သိသိသာသာ တိုးသွားသည်။

"မြေအောက်တစ္ဆေဂိုဏ်း ။ အလောင်းချီနဲ့ မှော်ပညာတွေကို ကျင့်ကြံပြီး ဝိညာဥ်ဆိုးတွေကို စေခိုင်းတတ်တယ်။ တစ်လောကလုံးရဲ့ ရန်သူပေါ့"

"သွေးသန့်စင်ဂိုဏ်း။ အသားနဲ့ သွေးကို ရတနာအဖြစ် သန့်စင်ရမယ်လို့ ယုံကြည်ကြတယ်။ လူအရှင်လတ်လတ်ကို သွေးဖောက်ပြီး ကိုယ်ခန္ဓာကို တည်ဆောက်ကြတာ၊ အရမ်းကို မိစ္ဆာဆန်ပြီး ရက်စက်ကြတယ်"

"ပြီးတော့ နောက်ဆုံးတစ်ခုကတော့...." သူ၏ လေသံမှာ အနည်းငယ် လေးလံသွားသည်။

"သံသရာနန်းတော်"

"သတင်းတွေအရဆိုရင် အဲဒီဂိုဏ်းမှာ ဂိုဏ်းချုပ်တစ်ယောက်ပဲ ရှိတယ်တဲ့။ သူက ဘယ်နေရာမှာ ရှိမှန်း မသိရဘဲ ခြေရာလက်ရာ ဖျောက်ထားတတ်တယ်။ ဒါပေမဲ့ နှစ်တစ်ရာ တစ်ကြိမ်မှာ ပေါ်လာတတ်ပြီး 'သံသရာ အမှန်

တရား' ကို ချန်ထားလေ့ရှိတယ်။ သူပေါ်လာတိုင်း တစ်လောကလုံး ပွက်

ပွက်ညံသွားရတာပဲ"

"ဒါတွေကတော့ ဒီကုန်းမြေကြီးရဲ့ အကြီးဆုံး ဂိုဏ်းခြောက်ဂိုဏ်းပဲ"

စကားဆုံးပြီးနောက် အဘိုးအိုသည် ခပ်လှမ်းလှမ်းအထိ ဆက်လျှောက်သွားပြီးမှ လုလီကို လှည့်ကြည့်လိုက်သည်။

"ကျန်တဲ့ အင်အားစုတွေကတော့ ပုရွက်ဆိတ်တွေပါပဲ"

"ငါတို့ရဲ့ လျိုယွမ်ဂိုဏ်း ဆိုတာလည်း ရပ်တည်ရုံလောက်ပဲ ရှိတဲ့ ဂိုဏ်းလေးတစ်ခုပါ။ အထက်တန်းစားထဲ မပါပါဘူး"

လုလီ ဘာမှမပြောသေးပေ။ အဘိုးအိုက ဆက်ပြောသည်။

"ဒါပေမဲ့ ငါတို့ လျိုယွမ်ဂိုဏ်းက အားနည်းပေမဲ့ ရှန်းအာလို ထူးချွန်တဲ့ ကလေးတစ်ယောက် ပေါ်လာတာဟာ ဘိုးဘေးတွေရဲ့ ကောင်းချီးပဲ"

သူက ရှန်းအာ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ဂုဏ်ယူသော လေသံဖြင့် ပြောလိုက်၏။

"ရှန်းအာက နှစ်ပေါင်းရာချီမှ တစ်ယောက်ပေါ်တတ်တဲ့ ဒုတိယအဆင့် 'မြေနတ်အရိုး' ပိုင်ရှင်ပဲ။ ပါရမီက အရမ်းမြင့်တယ်။ တကယ်လို့ ဂိုဏ်းကြီးတွေမှာ မွေးခဲ့ရင် အခုဆို အဓိကတပည့် ဖြစ်နေလောက်ပြီ။ နှမြောစရာကောင်းတာက ငါတို့ဂိုဏ်းမှာ သူမကို ပျိုးထောင်ပေးဖို့ အင်အားမရှိလို့၊ ဟွမ်ရှန်းဂိုဏ်းက တပည့်သစ်ခေါ်တဲ့ အခွင့်အရေးကို သုံးပြီး သူမကို အဲဒီကို ပို့ရမှာ"

ရှန်းအာက တိုးတိုးလေး ပြောလိုက်သည်။

"အဘိုးက ပြောတယ်၊ ကြိုးစားပြီး ကျင့်ကြံရင် တစ်နေ့ကျရင် နတ်ဘုရား ဖြစ်လာမှာတဲ့"

အဘိုးအိုက "အင်း" ဟု တစ်ခွန်းသာ ဆိုကာ လုလီဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းကတော့..." သူ၏ အမူအရာမှာ ခပ်အေးအေး ဖြစ်သွားသည်။

"မင်းကတော့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ စတုတ္ထအဆင့် 'ဝါနတ်အရိုး'ပဲ။ သာမန်လူတွေထက် နည်းနည်းသာပေမဲ့ ဂိုဏ်းထဲဝင်ဖို့ အခြေခံအဆင့်

လောက်ပဲ ရှိတယ်"

"မင်းရဲ့ ပါရမီက မမြင့်ဘူး၊ မူလကတော့ ငါ မင်းကို ခေါ်လာဖို့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့ မင်းရဲ့ စိတ်ဓာတ်က တော်တော်မာတယ်။ မိစ္ဆာခေါင်းတောင် လို နေရာမျိုးကနေ ပြန်လာနိုင်တာကတော့ ချီးကျူးစရာပဲ"

သူ စကားကို ခေတ္တရပ်လိုက်သည်။ ချီးကျူးဟန် မရှိဘဲ စစ်ဆေးမည့် အကြည့်များဖြင့် ကြည့်လိုက်၏။

"တကယ်လို့ မင်းသာ ဟွမ်ရှန်းဂိုဏ်းရဲ့ ဝင်ခွင့်စမ်းသပ်မှုကို အောင်မြင်ခဲ့ရင်၊ ရှန်းအာရဲ့ တရားဝင် 'လမ်းပြကျွန်' ဖြစ်လာလိမ့်မယ်။ သူမ ကျင့်ကြံရင် မင်းက စောင့်ရှောက်ရမယ်၊ သူမ ရန်သူနဲ့ တွေ့ရင် မင်းက ရှေ့က ကာကွယ်ရမယ်"

"အကယ်လို့ မအောင်မြင်ခဲ့ရင်တော့..."

သူ၏ လေသံမှာ ရုတ်တရက် အေးစက်သွားသည်။

"ဒါဆိုရင် မင်းက အသုံးမကျတဲ့လူပဲ"

"အသုံးမကျတဲ့လူကို ငါကတော့ အမှိုက်လို အဖော်မလုပ်နိုင်ဘူး ပြီးတော့ မပြောသင့်တာတွေ ပြောထွက်သွားမှာကိုလည်း ငါက ခွင့်မပြုနိုင်ဘူး"

လုလီသည် နောက်ဆုံးတွင် ခေါင်းမော့ကာ အဘိုးအိုကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး အကြည့်မှာ အေးစက်နေသော်လည်း ထိုတည်ငြိမ်မှုအောက်တွင် အေးစက်သော အလင်းတန်းလေးတစ်ခု ဖြတ်သန်းသွားသည်။

ပြောပြီးနောက် အဘိုးအိုသည် လှည့်ထွက်ကာ ဆက်လျှောက်သွားတော့သည်။

ကြာမြင့်စွာ ကြာပြီးနောက် လုလီသည် ခေါင်းငုံ့လျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"နတ်အရိုးကို လေးမျိုးခွဲတယ်... ကောင်းကင် ၊ မြေ ၊ နက်မှောင် ၊ ဝါ "

"ငါကတော့ အနိမ့်ဆုံး 'ဝါနတ်အရိုး' ပေါ့"

သူသည် မျက်လုံးကို နှိမ့်ချလိုက်ပြီး အိတ်စုတ်လေး၏ အနားသတ်များကို လက်ဖြင့် ပွတ်သပ်နေမိသည်။

"ဒါဆိုရင်... ငါက ဝါနတ်အရိုး မဟုတ်ဘဲ တခြားတစ်ခုခု ဖြစ်နေရင်ကော"

သူသည် ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။

သူ၏ ရင်ခွင်ထဲတွင် ဝှက်ထားသော မိစ္ဆာအရိုး မှာ တိတ်တဆိတ် နွေးထွေးမှုကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။ အဘိုးအိုနှင့် စကားပြောနေစဉ်တွင် ထိုအရိုးလေးမှာ အနည်းငယ် ခုန်လှုပ်သွားသည်ကို သူ အသေအချာ ခံစားလိုက်ရသည်။

နောက်ဆုံးတွင် အဘိုးအို၏ အသံ ထပ်မံထွက်ပေါ်လာသည်။

"ဒီနတ်အရိုး လေးမျိုးအပြင် 'မျိုးရိုးဗီဇပြောင်းအရိုး' တွေလည်း ရှိသေးတယ်။ ပုံမှန်အမျိုးအစားထဲ မပါပေမဲ့ ထူးခြားတဲ့ အာနိသင်တွေ ရှိတတ်

တယ်"

"အချို့လူတွေရဲ့ အရိုးထဲမှာ မီးဓာတ်ပါဝင်နေလို့ အဆိပ်ပေါင်းစုံကို ခံနိုင်ရည်ရှိတယ်။ အချို့ကတော့ ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်။ အရမ်းကို ရှားပါးတဲ့ အရိုးတွေဆိုရင် အဆင့်သတ်မှတ်ချက် မရှိပေမဲ့ တစ်ခါ နိုးထလာရင် 'ကောင်းကင်နတ်အရိုး' ရဲ့ စွမ်းအားကိုတောင် ယှဉ်နိုင်တယ်လို့ ဆိုကြတယ်"

သူ စကားကို ခဏရပ်လိုက်ပြီး...

"ဒါပေမဲ့... အဲဒီလိုအရိုးမျိုးက အရမ်းကို ရှားလွန်းတယ်"

"မင်းမှာ မရှိဘူး၊ ရှန်းအာမှာလည်း မရှိဘူး။ တကယ်လို့ အဲဒီလို ကံကြမ္မာမျိုးသာ ရှိခဲ့ရင် ဂိုဏ်းကြီးတွေက မင်းတို့ကို အစောကြီးကတည်းက လုယူသွားကြမှာပေါ့"

ဤသို့ပြောပြီးနောက် သူသည် ခြေလှမ်းများကို ရပ်လိုက်ကာ ရှေ့ဘက် ကောင်းကင်ယံကို ကြည့်လိုက်သည်။ တောင်တန်းကြီးများ၏ အလွန်၊ တိမ်ပင်လယ်ကြားမှ ဝိညာဥ်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကြီးမားလှသော ဂိုဏ်းတံခါးကြီး၏ ပုံရိပ်မှာ မှေးမှိန်စွာ ပေါ်လာတော့သည်။

ဟွမ်ရှန်းဂိုဏ်းသို့ ရောက်ရှိတော့မည် ဖြစ်သည်။

📝အပိုင်း - ၉ ဟွမ်ရှန်းဂိုဏ်း၏ ရက်စက်မှု့

ဘာသာပြန် - Na Gar🐉

ဟွမ်ရှန်းတောင်ခြေ၊ ကျင့်ကြံသူများ စုဝေးရာ...

ဟွမ်ရှန်းဂိုဏ်းသည် ကိုးထပ်သော ကောင်းကင်ယံထက်တွင် တည်ရှိသည်။ ဂိုဏ်း၏အပြင်ဘက်တွင် ပေပေါင်းထောင်ချီမြင့်မားသော နတ်ဘုရားတောင်ထွတ်များ ရှိပြီး တိမ်မြူများ အစဉ်အမြဲ ရစ်ဆိုင်းနေ၏။

ဂိုဏ်းတံခါးဝရှိ လေထဲတွင် ပျံဝဲနေသော ကျောက်တုံးကြီးပေါ်၌ "ဟွမ်ရှန်းတွင် တရားရှာပါ" ဟူသော စာသားလေးလုံးကို ခန့်ညားထည်ဝါစွာ ထွင်းထုထားပြီး ထိုစာသားများထဲတွင် ဓားအရှိန်အဝါများ ကိန်းအောင်းနေသည်။

တောင်ခြေရှိ မြေပြန့်တွင် ယခုအခါ လူပေါင်းထောင်ချီ စုဝေးနေကြပြီ ဖြစ်သည်။ သူတို့သည် တောင်တက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် စီတန်းရပ်နေကြပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ခြေချစရာနေရာ မရှိလောက်အောင် များပြားလှ၏။ အများစုမှာ အသက် (၁၁) နှစ်၊ (၁၂) နှစ်အရွယ် လူငယ်များနှင့် ကလေးငယ်များ ဖြစ်ကြသည်။

ကျင့်ကြံခြင်းလမ်းစဉ်တွင် ငယ်ရွယ်လေ ပိုကောင်းလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဓာတ်ကို ပုံသွင်းရလွယ်ကူပြီး နတ်အရိုးမှာလည်း စတင်ဖြစ်ပေါ်စဖြစ်၍ အခြေခံကို လွဲချော်ရန် မလွယ်ကူသောကြောင့် ဖြစ်၏။

ယနေ့သည် ဟွမ်ရှန်းဂိုဏ်း၏ သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ပြင်ပတပည့်သစ် စုဆောင်းသည့် စမ်းသပ်ပွဲနေ့ ဖြစ်သည်။

သို့သော် ဤနေရာသို့ ရောက်ရှိလာသူတိုင်းမှာ အရည်အချင်းရှိသူများ မဟုတ်ကြပေ။ ဟွမ်ရှန်းဂိုဏ်း၏ စည်းကမ်းမှာ အလွန်တင်းကျပ်လှရာ ထောက်ခံစာ သို့မဟုတ် စာရင်းတင်ထားခြင်း မရှိသူများသည် တောင်ပေါ်သို့ ခြေတစ်လှမ်းမျှ တက်ခွင့်မရှိချေ။

တောင်တက်လမ်း၏ ရှေ့ဆုံးတွင် ရပ်နေသူများသည် များသောအားဖြင့် နယ်ပယ်အသီးသီးရှိ ဂိုဏ်းငယ်များ၊ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် သူဌေးမျိုးရိုးများမှ စေလွှတ်လိုက်သူများ ဖြစ်ကြသည်။ သူတို့အားလုံးတွင် ဂိုဏ်းမှ ထုတ်ပေးထားသော စမ်းသပ်ပွဲကျောက်စိမ်းပေလွှာများ ရှိကြသဖြင့်သာ ဂိုဏ်းတံခါးရှေ့တွင် ရပ်တည်ခွင့် ရရှိနေကြခြင်း ဖြစ်၏။

လူအုပ်ထဲတွင် အဘိုးအို လျိုယွမ်ကျီ သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မောက်မာသော အမူအရာဖြင့် ရပ်နေပြီး သူ၏ဘေးတွင် တုံရှန်း နှင့် လုလီ တို့ ရှိနေကြသည်။

သူသည် လူအုပ်ကြီးကို ကြည့်ကာ နှုတ်ခမ်းတွန့်လျက် တိုးတိုးလေး ရေရွတ်လိုက်၏။

"ဟွန်း... ငါ့မှာ ပိုလျှံနေတဲ့ ထောက်ခံစာသာ မရှိရင် မင်းလို စတုတ္ထအဆင့် ဝါနတ်အရိုးပိုင်ရှင်က တောင်ပေါ်ကို တစ်ချက်လှည့်ကြည့်ဖို့တောင် အရည်အချင်း မရှိဘူး"

ဘေးရှိ တုံရှန်းမှာ ငြိမ်သက်စွာ ရပ်နေပြီး လုလီမှာမူ ခေါင်းငုံ့လျက် ဘာမှမပြောပေ။ သူ၏ မျက်နှာမှာ ပုံမှန်အတိုင်း ဖြစ်နေသော်လည်း လက်ထဲတွင်မူ စမ်းသပ်ပွဲ ကျောက်စိမ်းပေလွှာကို တင်းတင်းဆုပ်ကိုင်ထားသည်။

ထိုစဉ်...

ဂိုဏ်းတံခါးဝထက်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး နတ်ဘုရားအရှိန်အဝါများ တုန်ဟည်းသွားရာ အားလုံးက မော့ကြည့်လိုက်ကြသည်။

မုတ်ဆိတ်ဖြူ၊ မျက်ခုံးရှည်နှင့် နတ်ဘုရားဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ဓားပျံပေါ်တွင် ရပ်လျက် လေထဲတွင် ပေါ်လာပြီး လူအုပ်ကို ဝေ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဒီနေ့ စမ်းသပ်ပွဲကို ငါ 'ချီကွမ်ကျီ' က ဦးစီးမယ်"

အသံမှာ မကျယ်သော်လည်း မိုးကြိုးပစ်သကဲ့သို့ နားထဲတွင် ဟိန်းထွက်သွားကာ တောင်တက်လမ်း တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။

ချီကွမ်ကျီ၏ နောက်ကွယ်တွင် လူငယ် လေးဦးသည် ဓားပျံများကို စီးလျက် ပေါ်လာပြီး အရပ်လေးမျက်နှာတွင် ခွဲရပ်လိုက်ကြသည်။ သူတို့သည် ဝတ်စုံချင်း မတူကြသလို အရှိန်အဝါများမှာလည်း အေးစက်ခြင်း၊ မောက်မာခြင်း၊ တည်ငြိမ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်းဟူ၍ အသီးသီး ကွဲပြားနေကြသည်။

အဘိုးအိုက အနည်းငယ် ဘေးစောင်းလိုက်ပြီး တစ်ဦးချင်းစီကို မိတ်ဆက်ပေးလိုက်၏။

"သွေးဓားတောင်ထွတ်က ဟူကျင်ရှင်း"

ထိုသူမှာ မျက်ခုံးကောင်း၊ မျက်လုံးကောင်းနှင့် အကြည့်များမှာ ဓားကဲ့သို့ စူးရှသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ဓားကျိုးတစ်လက်ကို ကျောပေါ်တွင်လွယ်ထားပြီး အရှိန်အဝါမှာ ပြင်းထန်လှသည်။ ပြာလဲ့လဲ့ ဝတ်စုံကို ဝတ်ဆင်ထားရာ သူသည် လက်တွေ့တိုက်ခိုက်ရေးသမား ဖြစ်ကြောင်း သိသာလှသည်။ ဟူကျင်ရှင်းသည် လက်သီးစုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွယ်ချင်းတောင်ထွတ်က လင်းကျင့်ယွီ"

သူမမှာ မျက်ခုံးဖျော့ဖျော့၊ မျက်လုံးကြည်လင်သော အမျိုးသမီး ဖြစ်ပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ အရှိန်အဝါမှာ ရေခဲကဲ့သို့ အေးစက်နေပြီး တစ်ခွန်းမျှ မပြောသော်လည်း အလွန်လှပကာ တည်ငြိမ်လှ၏။ သူမသည် ဘာမှမပြောဘဲ လူအုပ်ကို တစ်ချက်သာ ဝေ့ကြည့်လိုက်သည်။

"လမ်းစဉ်ခြောက်သွယ်တောင်ထွတ်က ကျောက်ချုံယွမ်"

ထိုသူမှာ အရပ်ရှည်ပြီး မျက်နှာတွင် လောကကြီးကို ဂရုမစိုက်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး အက်ျီလက်တွင် ငွေရောင်များ ကွပ်ထားသော်လည်း သူ၏ အကြည့်များမှာ အလွန်နက်ရှိုင်းလှ၏။ သူက ပြုံးကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ လူသစ်ရွေးရမယ့်အချိန် ရောက်လာပြန်ပြီပဲ။ စီနီယာတို့ရေ... ဒီနေ့တော့ ကျွန်တော် လူစွမ်းကောင်း အချို့ကို ရွေးသွားရမယ်နော်"

လင်းကျင့်ယွီက အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဟန် ပြုလိုက်သည်။

"ကွေ့ယွမ်တောင်ထွတ်က ဟော်ရှို့ယွမ်"

သူသည် ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး ဆံပင်အနက်ရောင်ကို စည်းနှောင်ထားသည်။ အမူအရာမှာ နူးညံ့ပြီး လက်ထဲတွင် ကျောက်စိမ်းအရိုးဖြင့် လုပ်ထားသော ယပ်တောင်တစ်လက်ကို ကိုင်ထားကာ ပတ်ဝန်းကျင်တွင် လေဓာတ်များ ဝန်းရံနေသဖြင့် စစ်မှန်သော ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေသည်။ ဟော်ရှို့ယွမ်က ပြုံးလျက် လက်သီးစုပ်လိုက်ပြီး။

"အားလုံးပဲ... လူရွေးတာက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ဖြစ်ရမယ်။ အကျိုးအမြတ်ကို ရှေ့တန်းမတင်ဘဲ ငါတို့ ဟွမ်ရှန်းဂိုဏ်းရဲ့ စည်းကမ်းကို မဖျက်ဆီးကြဖို့ မျှော်လင့်ပါတယ်"

ကျောက်ချုံယွမ်က ရယ်ကာ ပြောလိုက်သည်။

"စကားပြောတော့ ကောင်းသား... ဘယ်သူကများ ဆုလာဘ်ရဖို့ ပါရမီရှင်တွေကို ခေါ်မသွားချင်ဘဲ နေမှာလဲ ပြီးခဲ့တဲ့အကြိမ်က မင်းတို့ ကွေ့ယွမ်တောင်ထွတ်က နက်မှောင်နတ်အရိုးပိုင်ရှင်ခြောက်ယောက်တောင် တစ်ခါတည်း ခေါ်သွားတာ၊ တောင်ထွတ်သခင်ကိုယ်တိုင် မင်းကို ဝိညာဥ်လက်နက်တောင် ဆုချတယ်လေ... ငါတို့က ဘယ်လိုလုပ် မပြိုင်ဘဲ နေနိုင်မှာလဲ"

ဟူကျင်ရှင်းကလည်း အေးစက်စွာ ဝင်ပြောလိုက်သည်။

"ကွေ့ယွမ်တောင်ထွတ်ကလူတွေက နှုတ်ချိုတတ်တာ အသိသာဆုံးပဲ။ မပြိုင်ဘူးလို့ ပြောပေမဲ့ မင်းရဲ့ စိတ်ထဲမှာတော့ နာမည်စာရင်းတွေတောင် ရှိနေလောက်ပြီ"

ဟော်ရှို့ယွမ်က ဒေါသမထွက်ဘဲ နူးညံ့စွာ ပြုံးလိုက်သည်။

"မင်းတို့က ငါ့ကို ပရိယာယ်များတယ်လို့ ပြောကြပေမဲ့ ငါ တစ်ခုပဲ မေးချင်တယ် တကယ်လို့ ကောင်းကင်နတ်အရိုး သာ ပေါ်လာရင်ကော မပြိုင်ဘဲ နေမလို့လား"

ဟူကျင်ရှင်း၏ အကြည့်များမှာ စူးရှသွားပြီး အေးစက်စွာ ပြောလိုက်သည်။

"တကယ်လို့ ကောင်းကင်နတ်အရိုးသာ ပေါ်လာရင်တော့ ဂိုဏ်းကို သတင်းပို့ရမှာပေါ့။ အဲဒါကို ဂိုဏ်းချုပ်က ကိုယ်တိုင် ရွေးချယ်မှာပဲ။ ငါတို့လို အတွင်းစည်းတပည့် တွေက လက်ဖျားနဲ့တောင် ထိခွင့်မရှိပါဘူး"

ကျောက်ချုံယွမ်က သက်ပြင်းချလိုက်သည်။

"နှမြောစရာကောင်းတာက ကောင်းကင်နတ်အရိုးဆိုတာ နှစ်ပေါင်းရာချီမှ တစ်ခါတွေ့ရတာမျိုး။ ပြီးခဲ့တဲ့အကြိမ်က ပေါ်လာတဲ့ တစ်ယောက်ကလည်း အစစ်လား အတုလား မသိဘူး... ဒါပေမဲ့ စီနီယာအစ်မလင်းကတော့ ကံကောင်းတယ်နော်။ ပြီးခဲ့တဲ့အကြိမ်က မြေနတ်အရိုး မိန်းကလေးတစ်ယောက်ကို လုယူသွားတာ၊ မင်းရဲ့ ဆရာက သူမကို ရတနာလိုမျိုး ပြုစုပျိုးထောင်ပေးနေတယ်လို့ ကြားတယ်"

လင်းကျင့်ယွီက နောက်ဆုံးတွင် စကားပြောလိုက်သည်။ လေသံမှာ အေးစက်နေသည်။

"အဲဒီမိန်းကလေးက အခုထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ အရမ်းအေးစက်တာပဲ... ငါ သဘောကျတယ်"

ဤစကား ထွက်လာပြီးနောက် ကျန်သုံးဦးမှာ ဘာမှမပြောနိုင်တော့ပေ။

ချီကွမ်ကျီက အနည်းငယ် ချောင်းဟန့်လိုက်သည်။

"ကဲ... တော်ကြတော့ ဒီနေ့ စမ်းသပ်ပွဲကို တောင်ထွတ်လေးခုက အလှည့်ကျ ရွေးချယ်ရမယ်။ တကယ်လို့ တပည့်တစ်ယောက်တည်းကို ပြိုင်ရွေးကြရင် အဲဒီတပည့်က ကိုယ့်ဘာသာ ဆုံးဖြတ်ပါစေ။ အချင်းချင်း ရန်မဖြစ်ကြနဲ့"

အားလုံးက လက်သီးစုပ်ကာ တစ်ပြိုင်နက် ဖြေလိုက်ကြသည်။ တောင်ခြေရှိ လူငယ်များမှာ ရင်တုန်ပန်းတုန်ဖြင့် ကြည့်နေကြပြီး မည်သူမျှ အသံမထွက်ဝံ့ကြချေ။

လုလီသည် လူအုပ်ထဲတွင် ရပ်နေရင်း ထိုလေးဦးကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ကျုံ့သွားသည်။

ဟွမ်ရှန်းဂိုဏ်း၏ ကြီးကျယ်ခန်းနားမှု့၊ ဂိုဏ်းတံခါးဝ၏ အရှိန်အဝါ၊ ဂိုဏ်းအတွင်းမှ ပြိုင်ဆိုင်မှုများ သူသည် ဤ ဖြောင့်မတ်သော နတ်ဘုရားလမ်းစဥ်၏ ပုံရိပ်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

သို့သော် သူ သိထားသည်မှာ... ဂိုဏ်းတံခါးဝသည် မည်မျှပင် လှပနေပါစေ၊ ထိုအောက်တွင် လူအရိုးများ မြှုပ်နှံထားမည်သာ ဖြစ်သည်။

ဟွမ်ရှန်းဂိုဏ်း စမ်းသပ်ပွဲ ပထမအဆင့် အရိုးစစ်ဆေးခြင်း...

ဂိုဏ်းတံခါးအောက်တွင် လူအားလုံး အသက်ရှူအောင့်ထားကြသည်။

ချီကွမ်ကျီက စမ်းသပ်ပွဲ စတင်ကြောင်း ကြေညာပြီးနောက် ဟွမ်ရှန်းဂိုဏ်း၏ တံခါးကြီး ပွင့်သွားကာ အဝါရောင် ဝတ်စုံဝတ် တပည့်များ စီတန်းထွက်လာကြသည်။ သူတို့၏ အမူအရာမှာ တည်ကြည်ပြီး ခြေလှမ်းများမှာ ညီညာလှ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် ၂၀ ခန့်ရှိပြီး မျက်နှာမှာ အေးစက်လှသည်။ သူ၏ လက်ထဲတွင် ကြေးရောင် သံလိုက်အိမ်မြှောင် တစ်ခုကို ကိုင်ဆောင်ထားပြီး ထိုသံလိုက်အိမ်မြှောင်မှာ ဟောင်းနွမ်းနေသော်လည်း အနားသတ်များတွင် နက်နဲသော အက္ခရာများဖြင့် ပြည့်နှက်နေပြီး အလယ်တွင် စိမ်းရွှေရောင် ဝိညာဥ်ကျောက်တုံးတစ်လုံးကို တပ်ဆင်ထားရာ နှလုံးခုန်သံကဲ့သို့ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

တစ်စုံတစ်ယောက်က တိုးတိုးလေး အော်လိုက်၏။

"အဲဒါ... အရိုးစစ်ဆေးတဲ့ သံလိုက်အိမ်မြှောင်ပဲ"

၎င်းသည် ဟွမ်ရှန်းဂိုဏ်း၏ သီးသန့် ဝိညာဥ်လက်နက်ဖြစ်ပြီး ကျင့်ကြံသူ၏ နတ်အရိုး အဆင့်အတန်းဖြစ်သော သာမန်အရိုး၊ ဝါနတ်အရိုး၊ နက်

မှောင်နတ်အရိုး၊ မြေနတ်အရိုး နှင့် ကောင်းကင်နတ်အရိုးတို့ကို တစ်ချက်တည်းဖြင့် ခွဲခြားနိုင်သည်။

ရှေ့ဆုံးမှ အဝါရောင်ဝတ် တပည့်သည် လူအုပ်ရှေ့တွင် ရပ်ကာ အသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်၏။

"အားလုံး နားထောင်ကြ ဒီနေ့ ဟွမ်ရှန်းဂိုဏ်းရဲ့ ဝင်ခွင့်စမ်းသပ်ပွဲမှာ အဆင့် နှစ်ဆင့် ရှိမယ်။ ပထမအဆင့်ကတော့ 'အရိုးစစ်ဆေးခြင်း' ပဲ"

"ငါ့လက်ထဲက သံလိုက်အိမ်မြှောင်ပေါ်ကို မင်းတို့ရဲ့ လက်ကို တင်လိုက်ရုံနဲ့ နတ်အရိုး ပါရမီကချက်ချင်း ပေါ်လာလိမ့်မယ်။ နတ်ဘုရားလမ်းစဉ်မှာ အလိမ်အညာ မရှိဘူး၊ ပါရမီမှာ အနိမ့်အမြင့် ရှိတယ်"

သူ၏ အကြည့်များမှာ စူးရှသွားပြီး အေးစက်စွာ ပြောလိုက်သည်။

"တကယ်လို့ သာမန်အရိုးပဲရှိတဲ့သူတွေက ငါးဖမ်းချင်တဲ့ စိတ်နဲ့ ရောပါလာရင်တော့ ကိုယ့်ဘာသာ နောက်ဆုတ်သွားကြဖို့ အကြံပေးချင်တယ်။ ငါ လိုက်မောင်းထုတ်တာကို မစောင့်ကြနဲ့"

ဤစကား ထွက်လာပြီးနောက် လူအုပ်ကြီးမှာ ပွက်ပွက်ညံသွားသည်။ စိတ်မချသူများမှာ မျက်နှာများ ဖြူဖျော့သွားကြပြီး အချို့မှာ ခေါင်းငုံ့ကာ နောက်ဆုတ်သွားကြတော့သည်။ အချို့မှာ စမ်းသပ်ပွဲ ကျောက်စိမ်းပေလွှာကို မြက်တောထဲ ပစ်ချပြီး ထွက်ပြေးသွားကြ၏။

"ဒီဟွမ်ရှန်းဂိုဏ်းက တကယ်ကို တင်းကျပ်တာပဲ။ ပထမအဆင့်မှာတင် သာမန်အရိုးရှိတဲ့သူတွေကို အခွင့်အရေးတောင် မပေးဘူး..."

"ဒါက အရမ်းလွန်လွန်းတယ်။ ငါတို့ မိုင်ပေါင်း ထောင်ချီ လာခဲ့တာဟာ ဒီလို အငြင်းခံရဖို့လား"

အဝါရောင်ဝတ် တပည့်က အေးစက်စွာ ဝေ့ကြည့်ပြီး နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်၏။

"ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ကောင်းကင်ဘုံက အောင်နိုင်သူကို ရွေးချယ်တာပဲ။ တောင်ပေါ်ကို မတက်နိုင်ရင် တောင်အောက်ကို ဆင်းသွားကြ။ ဟွမ်ရှန်းဂိုဏ်းက သာမန်အရိုးရှိတဲ့သူကို လက်မခံဘူး"

အားလုံးမှာ တိတ်ဆိတ်သွားကြသည်။

ထိုအချိန်တွင် အဝါရောင်ဝတ် တပည့်၏ နောက်ကွယ်ရှိ ကျောက်ဖြူစင်မြင့်တစ်ခုသည် ဝိညာဥ်စွမ်းအားဖြင့် လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာသည်။ စင်မြင့်၏ အရပ်လေးမျက်နှာတွင် "ကောင်းကင်၊ မြေ၊ နက်မှောင်၊ ဝါ" ဟူသော စာသားလေးလုံးကို ထွင်းထုထားပြီး စာသားတစ်ခုစီတွင် ဝိညာဥ်အလင်းတန်း တစ်ခုစီ ရှိနေသည်။

လူတစ်ဦးချင်းစီ အရိုးစစ်ဆေးပြီးနောက် သံလိုက်အိမ်မြှောင်မှ ထွက်ပေါ်လာသော အလင်းရောင်သည် သက်ဆိုင်ရာ အဆင့်ကို ပြသမည်ဖြစ်ပြီး ထိုသူသည် နောက်ဆက်တွဲ စမ်းသပ်မှုများကို ဆက်လက်ရင်ဆိုင်ရမည် ဖြစ်သည်။

အဝါရောင်ဝတ် တပည့်သည် သံလိုက်အိမ်မြှောင်ကို မြှောက်ကိုင်ကာ

အမိန့်ပေးလိုက်သည်။

"အရိုးစစ်ဆေးခြင်း စမ်းသပ်ပွဲ စတင်ပြီ တန်းစီပြီး ရှေ့ကိုလာကြ။ တစ်ယောက်ချင်းစီ စမ်းသပ်မယ်၊ စည်းကမ်းမလိုက်နာရင် ဝင်ခွင့်ပယ်ဖျက်

မယ်"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး တောင်ပေါ်မှ တိုက်ခတ်လာသော လေညင်းသံကသာ လူတို့၏ စိတ်ကို တုန်လှုပ်စေတော့သည်။

လုလီသည် လူအုပ်ထဲတွင် ရပ်နေရင်း လေထဲတွင် ပျံဝဲနေသော ထိုသံလိုက်အိမ်မြှောင်ကို ကြည့်နေမိသည်။ လျိုယွမ်ကျီ ပြောခဲ့သည်မှာ သူသည် စတုတ္ထအဆင့် ဝါနတ်အရိုးသာ ရှိပြီး နတ်အရိုးများထဲတွင် အနိမ့်ဆုံး ဖြစ်သည်။ ပါရမီ အလွန်ညံ့ဖျင်းသဖြင့် သာမန်အရိုးနှင့်ပင် နီးကပ်လှ၏။

သို့သော် အနည်းဆုံးတော့ သူသည် အနိမ့်ဆုံး ဝင်ခွင့်အရည်အချင်း ရှိနေသေးသည်။ နောက်ဆက်တွဲ စမ်းသပ်မှုများတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်လျှင် ဟွမ်ရှန်းဂိုဏ်း၏ တပည့် ဖြစ်လာနိုင်သည်။

အဘိုးအို ပြောသည်မှာ မှန်သည်။ သူ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းမှာ မိမိ၏ ကြိုးစားမှုနှင့် ကံတရားအပေါ်တွင်သာ မူတည်သည်။ အကယ်၍ သူသာ ကျရှုံးခဲ့ပြီး တုံရှန်းနှင့်အတူ ကျင့်ကြံခွင့် မရခဲ့လျှင် အဘိုးအိုသည် သူ့ကို အသက်ရှင်ခွင့် ပေးမည် မဟုတ်ပေ။

ယနေ့ စမ်းသပ်ပွဲမှာ နောက်ဆုတ်၍ မရသော ပွဲဖြစ်၏။

သူသည် တုံရှန်းကို တစ်ချက်ကြည့်လိုက်ရာ သူမမှာ တည်ငြိမ်နေပြီး မျက်လုံးထဲတွင် စမ်းသပ်လိုစိတ်ပင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် မြေနတ်အရိုး ပိုင်ရှင်ဖြစ်သဖြင့် အပြည့်အဝ ယုံကြည်မှု ရှိနေခြင်းပင်။

အရိုးစစ်ဆေးခြင်းမှာ လူပေါင်း ၅၀ ခန့်အထိ ရောက်ရှိလာပြီ ဖြစ်သည်။ စင်မြင့်ပေါ်ရှိ သံလိုက်အိမ်မြှောင်သည် အဝါရောင်၊ အဖြူရောင်နှင့် မီးခိုးရောင် အလင်းတန်းများ တစ်လှည့်စီ ထွက်ပေါ်နေသော်လည်း မည်သူမျှ အံ့သြသွားလောက်သော အဆင့်သို့ မရောက်ကြသေးပေ။

"သာမန်အရိုး"

"သာမန်အရိုး"

"သာမန်အရိုး"

လူပေါင်း တစ်ဒါဇင်ကျော်မှာ ဝိညာဥ်အလင်းတန်း မှေးမှိန်နေသဖြင့် နတ်

အရိုး မရှိကြောင်း ဆုံးဖြတ်ခြင်း ခံလိုက်ရသည်။ စစ်ဆေးနေသော အဝါရောင်ဝတ် တပည့်သည် စိတ်မရှည်တော့ဘဲ အသံမှာလည်း ပိုမိုအေးစက်လာ၏။

"နောက်တစ်ယောက်"

ထိုအချိန်တွင် အဝတ်အစား နွမ်းပါးပြီး ကိုယ်လုံးသေးသွယ်သော ကလေးငယ်တစ်ဦးသည် တုန်တုန်ရီရီဖြင့် စင်မြင့်ပေါ်သို့ တက်လာသည်။ အသက် (၁၀) နှစ်ခန့်သာ ရှိသေးပြီး မျက်နှာမှာ ဖြူဖျော့လျက် ခေါင်းငုံ့ကာ သံလိုက်

အိမ်မြှောင်ရှေ့သို့ သွားပြီး လက်ကို တင်လိုက်သည်။

"သာမန်အရိုး"

နောက်ထပ် အေးစက်သော ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာပြန်သည်။

ထိုကလေးငယ်၏ မျက်လုံးများ ရဲတက်လာပြီး မျက်ရည်များ ဝိုင်းလာသော်လည်း မငိုမိအောင် အတင်းအောင့်ထားရှာသည်။ သူသည် တုန့်ပြန်မှုမရှိသော ထိုသံလိုက်အိမ်မြှောင်ကို ငေးကြည့်နေမိ၏။

သူ စင်မြင့်ပေါ်မှ ဆင်းခါနီးတွင် လူအုပ်ထဲမှ ပိန်လှီသော လူတစ်ယောက် ပြေးထွက်လာသည်။ ဆံပင်ဖြူများဖြင့် အဘိုးအိုတစ်ဦး ဖြစ်ပြီး လက်ခြေများတွင် ရွှံ့များနှင့် သွေးများ ပေကျံနေ၏။

သူသည် စင်မြင့်ရှေ့တွင် ဝတ်ပြုလျက် ကလေးငယ်၏ ခြေထောက်ကို တင်းတင်းဖက်ကာ ငိုယိုအော်ဟစ်တော့သည်။

"နတ်ဘုရားတို့... အသက်ချမ်းသာပေးပါ၊ ကရုဏာထားပေးပါ။ သူက ငယ်သေးလို့ပါ၊ နောက်တစ်ကြိမ်လောက် ထပ်စမ်းခွင့် ပေးပါဦး"

"ကျွန်တော့်မြေးက... စာတတ်တယ်၊ ဒုက္ခခံနိုင်ပါတယ်၊ နောက်တစ်ခါလောက်ပါပဲ... နောက်တစ်ခါလောက် ထပ်စမ်းပေးပါဦး"

အဝါရောင်ဝတ် တပည့်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်၏။

"ဖယ်စမ်း၊ ဒီကလေးက သာမန်အရိုးလို့ သတ်မှတ်ပြီးပြီ။ တစ်သက်လုံး ဂိုဏ်းထဲဝင်ဖို့ ရေစက်မပါဘူး"

သို့သော် ထိုအဘိုးအိုမှာ ပိုမိုစိတ်လှုပ်ရှားလာပြီး အသံမှာ အက်ကွဲလာသည်။ သူသည် ရင်ခွင်ထဲမှ စုတ်ပြတ်နေသော သိုလှောင်အိတ်လေးတစ်ခုကို ထုတ်ယူကာ တုန်ရင်နေသော လက်များဖြင့် ကမ်းပေးလိုက်၏။

"ကျွန်တော်... ကျွန်တော့်ရဲ့ စုဆောင်းထားတာ အကုန်လုံး ပေးပါ့မယ်။ ဂိုဏ်းကနေ လမ်းတစ်ခုလောက် ဖွင့်ပေးပါဦး၊ ကျွန်တော်တို့အတွက် မျိုးစေ့လေး တစ်ခုလောက်ပဲ ချန်ပေးပါဦး... ကျွန်တော်တို့တစ်သက်လုံး ဘာမှမကျန်ခဲ့တာထက် ပိုကောင်းပါတယ်..."

"အမြန်ဖယ်စမ်း"

"စမ်းသပ်ပွဲကို မနှောင့်ယှက်နဲ့"

ဘေးရှိ ဝါရောင်ဝတ် တပည့်များက ဆက်တိုက် မောင်းထုတ်နေသော်လည်း အဘိုးအိုမှာ မဖယ်ဘဲ မြေပြင်ပေါ်သို့ ဦးခေါင်းဖြင့် အကြိမ်ကြိမ် တိုက်လျက် တောင်းပန်နေရှာသည်။ သူ၏ နဖူးမှာ ပေါက်ပြဲသွားပြီး သွေးများနှင့် ဖုန်မှုန့်များ ရောနှောနေသော်လည်း "တောင်းပန်ပါတယ် နတ်ဘုရားတို့" ဟု တိုးတိုးလေး ရေရွတ်နေဆဲ ဖြစ်သည်။

သံလိုက်အိမ်မြှောင်ကို ကိုင်ထားသော အဝါရောင်ဝတ် တပည့်သည် မျက်မှောင်ကြုတ်ကာ လေထဲရှိ ချီကွမ်ကျီကို မဝံ့မရဲ ကြည့်လိုက်၏။ ချီကွမ်ကျီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး အကြည့်များမှာ ဆီးနှင်းကဲ့သို့ အေးစက်နေသည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ...

"စမ်းသပ်ပွဲကို နှောင့်ယှက်ပြီး ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတယ်"

သူက တစ်ခွန်းသာ ပြောပြီးနောက် လှည့်မကြည့်တော့ပေ။

အဝါရောင်ဝတ် တပည့်သည် ချက်ချင်း သဘောပေါက်သွားပြီး လက်ထဲမှ ဝိညာဥ်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားကာ ဓားရှည်တစ်လက်မှာ အိမ်ထဲမှ ထွက်ပေါ်လာတော့သည်။

ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက်..

"ဖတ်.."

ထိုအဘိုးအို၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး စင်မြင့်ထက်တွင် သွေးများ စွန်းထွက်သွားတော့သည်။

"အဘိုးကြီး... ဟွမ်ရှန်းဂိုဏ်းရဲ့ တပည့်ရွေးပွဲကို နှောင့်ယှက်တာဟာ ကိုယ့်သေတွင်းကိုယ်တူးတာပဲ"

ထိုအသံမှာ အလွန်အေးစက်လှပြီး ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ မည်သည့် ခံစားချက်မျှ မပါဝင်ပေ။ အားလုံးမှာ အံ့သြမှင်သက်သွားကြပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ထိုကလေးငယ်မှာ ဘာဖြစ်သွားမှန်း မသိသေးဘဲ သူ၏ ဖိနပ်ပေါ်သို့ သွေးများ စင်လာမှသာ ရုတ်တရက် အော်ဟစ်လိုက်တော့သည်။

"အဘိုး..."

သူသည် အလောင်းဘေးတွင် လဲကျကာ ရင်ကွဲမတတ် ငိုကြွေးတော့သည်။ ခေါင်းပြတ်နေသော အလောင်းကို ဖက်ကာ ငိုနေသော သူ၏ အသံမှာ တောင်ပေါ်မှ တိုက်ခတ်လာသော လေညင်းကဲ့သို့ပင် ရင်နာစရာ ကောင်းလှ၏။

သို့သော် နောက်တစ်ခဏတွင် အဝါရောင်ဝတ် တပည့်နှစ်ဦး ရှေ့သို့ တက်လာပြီး မည်သည့်အမူအရာမျှ မရှိဘဲ ကလေးငယ်နှင့် အလောင်းကို အဝတ်စုတ်များကဲ့သို့ ဆွဲယူကာ စင်မြင့်ပေါ်မှ ဖယ်ထုတ်ပြီး ဘေးရှိ မြက်တောထဲသို့ ပစ်ချလိုက်ကြသည်။

ငိုသံများမှာ မကြာမီတွင်ပင် ပိတ်ဆို့ခံလိုက်ရပြီး တိတ်ဆိတ်သွားတော့သည်။

စင်မြင့်ရှေ့တွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသည်။ တောင်ထွတ်လေးခုမှ ကိုယ်စားလှယ်များမှာလည်း တစ်ခွန်းမျှ မပြောကြပေ။ အနူးညံ့ဆုံးဟု ထင်ရသော ဟော်ရှို့ယွမ်ပင်လျှင် မျက်လုံးကို မှိတ်ကာ ခေါင်းငုံ့ထားသည်။

လူအုပ်ထဲတွင် ကလေးခေါ်လာသော မိဘများမှာ မျက်နှာများ ဖြူဖျော့သွားကြပြီး သားမြေးများကို တိုးတိုးလေး မှာကြားကာ စမ်းသပ်ခြင်းမပြုရသေးသော ကလေးများကို ခေါ်၍ တိတ်တဆိတ် ပြန်လှည့်သွားကြသည်။

ခဏအတွင်းမှာပင် ဂိုဏ်းတံခါးရှေ့တွင် လူအတော်များများ လျော့နည်းသွားသည်။

လုလီသည် နေရာတွင် ရပ်နေရင်း သွေးစွန်းနေသော ထိုစင်မြင့်ကို မည်သည့်အမူအရာမျှ မရှိဘဲ စိုက်ကြည့်နေမိ၏။ သူ၏ လက်ဖဝါးများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များမှာ ဖြူလျော့နေသည်။

သူသည် စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်၏။

"ဟွမ်ရှန်းဂိုဏ်းဆိုတာ တကယ်တော့ အေးစက်ပြီး ရက်စက်တဲ့ နေရာပဲ"

All Chapters