အခန်း (၁၀၉)
Vol. 11 Ch. 109
109 01
အခန်း 109
ဖခင်နှင့် မိခင်ကို ဆုချီးမြှင့်ပြီးလျှင် ကိစ္စပြီးဆုံးပြီဟု ထင်ထားခဲ့သော်လည်း လော့ရှင်းယွမ်က သူမ၏ ရင်တွင်းစကားများကို စိတ်ဝင်တစား မေးမြန်းလာမည်ဟု မထင်မှတ်ခဲ့ပေ။
“ဒီနှစ်တွေတစ်လျှောက် မင်း ပြုံးနေတာကို မကြာခဏ တွေ့ရပေမဲ့ ပွင့်ပွင့်လင်းလင်း၊ ရွှင်ရွှင်လန်းလန်း ရှိနေတာကိုတော့ တကယ်ပဲ ရှားပါတယ်”
လော့ရှင်းယွမ်သည် သူမ၏ ခြေလှမ်းအတိုင်း တောင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သည်။
“မျက်ခုံးတွေက အမြဲ တွန့်ချိုးနေတယ်၊ ရယ်ရင်လည်း ခပ်ပါးပါးပဲ။ မူးသွားရင်တောင် စကားမပြောဘူး။ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားကြောင့် ဖြစ်နိုင်ပေမဲ့ စိတ်ထဲမှာ တစ်ခုခုကို ဖုံးကွယ်ထားတာတော့ သေချာတယ်”
သူက အတင်းမေးသည်။ “စိတ်ထဲမှာ ဘာတွေ ရှိနေလဲ၊ ပြောပြပါ။ မင်းကို စိတ်ဓာတ်ကျစေတဲ့ ကိစ္စကြီးက ကျန်းဆီမှာ စကားသုံးလေးခွန်းနဲ့ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ချေ ရှိတယ်”
မေဝမ့်ရှူး၏ အမူအရာက အနည်းငယ် လှုပ်ရှားသွားသည်။
သူမသည် မြို့တော်သို့ အလျင်အမြန် မပြန်မီ လင်ချွမ် ဇာတိရှိ ယွီမိသားစုမှ အကြီးအကဲများနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်ကို သတိရလိုက်သည်။
အကြောင်းရင်းမှာ ယွီမိသားစုက ဆွေမျိုးများ၏နာမည်ကို အသုံးပြုပြီး ရေပူစမ်း စံအိမ်တွင် ရောဂါကုသနေသော မေအမတ်ကြီးကို ရုံးတော်ရုံးများသို့ သွားရောက်ကာ လူပုဂ္ဂိုလ်ချင်း ဆက်ဆံရေး ရှာဖွေခိုင်းပြီး ယွီချန်ရှီ ဘာအမှားလုပ်ခဲ့သည်ကို စုံစမ်းရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
နန်းတော်ရှေ့ရှိ လျှို့ဝှက်စစ်သည်များ မြို့တော်မှ လျှို့ဝှက် ထွက်ခွာပြီး မိုင်ထောင်ချီ ခရီးဖြင့် လူကို ဖမ်းဆီးခဲ့သည့် ကိစ္စကို ဤသူက သိရှိနေဖွယ်ရှိသည်။ ယနေ့ကိုယ်ဖျောက်၍ တောင်တက်ခြင်း အခွင့်အရေးကို အသုံးပြု၍ မျက်နှာချင်းဆိုင် မေးမြန်းသင့်သည်။
အကယ်၍ ထိုသူကို ကယ်တင်နိုင်ပြီး ယွီမိသားစုနှင့် ပတ်သက်မှု ပြီးဆုံးပါက၊ စိတ်ထဲတွင် လေးလံစွာ စုပုံနေသော ကိစ္စတစ်ခု ပြီးမြောက်သွားပေမည်။
“ကျွန်တော်မျိုး စိတ်ထဲမှာ ကိစ္စအချို့ တကယ် ရှိနေပါတယ်”
သူမက ဖြည်းဖြည်းချင်း စကားစသည်။ “ဇာတိမှာ ရောဂါ ကုသနေစဉ်က ငယ်သူငယ်ချင်း တစ်ဦး ရှိပါတယ်။ ယွီနာမည်ရှိသူ ဖြစ်ပြီး ဟဲတုန်းနယ် စာရေးအမတ် ရာထူးကို မကြာသေးမီကမှ ရရှိခဲ့တာပါ။ ဘာအမှားလုပ်ခဲ့တာကို မသိရဘဲ နန်းတော်က လျှို့ဝှက်စစ်သည်တွေက လူကို မိုင်ထောင်ချီ လိုက်ဖမ်းသွားပြီး ယခုအချိန်အထိ သတင်းအစအန ပျောက်ဆုံးနေပါတယ်”
109 02
လော့ရှင်းယွမ်၏ ခြေလှမ်း ရပ်တန့်သွားသည်။ နှုတ်ခမ်းထက်ရှိ ခပ်ပါးပါး အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ခက်ခက်ခဲခဲနဲ့ မြို့တော်အပြင်ဘက် လေညင်းခံ ထွက်လာရတာ... မင်းက ကျန်းရှေ့မှာ ယွီဝူကို ထုတ်ပြောလာတယ်” (ယွီဝူ ယွီငါးယောက်မြောက်သား)
သူ၏ပါးစပ်မှ ယွီဝူဟူသော စကားကို ကြားသောအခါ မေဝမ့်ရှူးသည် ယွီချန်ရှီ၏ နောက်ကြောင်းကို သေချာပေါက် သိရှိနေကြောင်း သိလိုက်သည်။ ဧကရာဇ်ရှေ့တော်အထိ ရောက်လာသည့် ကိစ္စကြီးတစ်ခုကို ကျူးလွန်ခဲ့သည်မှာ သေချာသည်။
“ကျွန်တော်မျိုး သူ့မိသားစုရဲ့ အကူအညီ တောင်းခံမှုကြောင့် ရဲရဲတင်းတင်း တောင်းဆိုပါတယ်။ ယွီချန်ရှီက သေဒဏ်အထိ မရောက်နိုင်ဘူးဆိုရင် ယခု ဘယ်နေရာမှာ ဖမ်းဆီးထားသလဲ၊ ဘယ်လို စီရင်ဖို့ စီစဉ်ထားလဲ...”
လော့ရှင်းယွမ်၏ မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိ။ လက်ယမ်းပြကာ နောက်ဆက်တွဲ စကားများကို တားမြစ်လိုက်သည်။
“လူကို မြို့တော်အနီးမှာ ဖမ်းဆီးထားတယ်။ ကိစ္စက... မကြီးမငယ် ဖြစ်ပြီး မူလက တစ်လပဲ ဖမ်းဆီးဖို့ ရည်ရွယ်ခဲ့တာ။ မင်း မပြောရင် ကျန်း ဒီလူကို မေ့လုနီးပါး ဖြစ်နေပြီ”
သူက ခါးမှ ဖျော့တော့နေပြီ ဖြစ်သော ခရမ်းရောင် အဆောင်ကို ဆော့ကစားရင်း ခပ်ပါးပါး ပြောသည်။ “မင်း ဖွင့်ပြောလာပြီဆိုတော့ မြို့တော် ပြန်ရောက်ရင် လွှတ်ပေးလိုက်မယ်”
မေဝမ့်ရှူး စိတ်ထဲတွင် သက်သာရာ ရသွားပြီး ခေါင်းညိတ်သည်။ “အရှင်မင်းကြီးကို အရင် ကျေးဇူးတင်ပါတယ်”
“သွားစို့။ ဒီလို အသေးအဖွဲ ကိစ္စကို ဘယ်အချိန်ထိ အချိန်ဆွဲနေမှာလဲ” လော့ရှင်းယွမ်က ခပ်အေးအေး ပြောပြီး ဦးဆောင်ကာ တောင်ပေါ်သို့ ဆက်တက်သွားသည်။
မေဝမ့်ရှူးသည် နောက်မှ လိုက်သည်။
အားယွင်က ခြေလှမ်း အနည်းငယ် အကွာတွင် လိုက်ပါလာသည်။
စံအိမ်ကို ဆောက်လုပ်စဉ်က တောင်ပေါ်လမ်းကို ပြန်လည် ပြုပြင်ထားသဖြင့် ကျောက်လှေကားများသည် မတ်စောက်ခြင်း မရှိပေ။ သို့သော် လော့ရှင်းယွမ်၏ ခြေလှမ်းက ကြီးမားပြီး လျင်မြန်သောကြောင့် တောင်တက်ခရီး တစ်ဝက်အရောက်တွင် မေဝမ့်ရှူးသည် ခြေလှမ်းများ မခိုင်မမာ ဖြစ်လာပြီး အသက်ရှူမမှန် ဖြစ်လာသည်။ နဖူးတွင် ချွေးစေးများ စို့လာပြီး ဖြူဖွေးသော ပါးပြင်များ နီမြန်းလာသည်။
လော့ရှင်းယွမ်က လက်နောက်ပစ်လျက် ဘေးနားတွင် ရပ်ပြီး အကဲခတ်သည်။ “ရွှယ်ချင့်ရဲ့ ကိုယ်ခန္ဓာက တကယ်ပဲ အားနည်းလွန်းတယ်။ ယောက်ျားတစ်ယောက် ဖြစ်လျက်နဲ့ တောင်တက်ရာမှာ မင်းရဲ့ဝမ်းကွဲညီမလေး ထက်တောင် နှေးနေတယ်”
109 03
မေဝမ့်ရှူးသည် မောဟိုက်စွာ ပြန်ဖြေသည်။ “တကယ်၊ တကယ်ပဲ နေ့စဉ် လေ့ကျင့်ခန်း နည်းပါးလို့ပါ။ ပြန်ရောက်ရင် ကျွန်တော်မျိုး တိငါးကောင် ကစားနည်းကို ပြန်လည် လေ့ကျင့်ပါ့မယ်” (တိငါးကောင် ကစားနည်း ဆိုတာက အားကစားပုံစံတစ်မျိုးပါပဲ။ စာပေပညာရှင်တွေ ခန္ခာကိုယ်ကို ကြံ့ခိုင်အောင် လေ့ကျင့်တာမျိုးပါ)
“တော်ပြီ၊ စကား နည်းနည်းပဲ ပြောပါတော့၊ မင်း မောနေတာကို ကြည့်ဦး” လော့ရှင်းယွမ်သည် သူမကို တွဲခေါ်ရန် လက်ကမ်းပေးသည်။ “မင်းရဲ့ ညီမလေး လိုက်လာနေတယ်။ အရှင်လို့ ဒီအမတ်လို့ မပြောပါနဲ့။ လျှို့ဝှက်ချက် ပေါက်ကြားလိမ့်မယ်”
မေဝမ့်ရှူး ချက်ချင်း ပြင်လိုက်သည်။ “သခင်လေးယွမ်”
ယနေ့ လော့ရှင်းယွမ်က သူမကို အလွယ်တကူ လွှတ်မပေးပေ။ “ပြောရရင် ငါက မေမိသားစု စံအိမ်ကို လာလည်တဲ့ မိတ်ဆွေ မဟုတ်လား။ သခင်လေးယွမ်က အရမ်း စိမ်းသက်နေတယ်။ တခြား နာမည် ပြောင်းခေါ်ပါ”
မေဝမ့်ရှူးသည် ခြေလှမ်း ရပ်၍ ခဏမျှ စဉ်းစားသည်။ “လူကြီးမင်း”
လော့ရှင်းယွမ်က မသဘောတူပေ။ “မြို့တော်အပြင်ဘက်မှာ၊ မင်းနဲ့ငါက အသက်တူသူ မိတ်ဆွေတွေလို ပြောဆိုဆက်ဆံတယ်။ ဒီလောက် ယဉ်ကျေးဖို့ မလိုဘူး။ တခြားနာမည် ပြောင်းခေါ်ပါ”
မေဝမ့်ရှူးသည် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သို့သော်လည်း သူ၏ စကားဖြစ်သော'ရွှင်ရွှင်လန်းလန်း ရှိနေတာကို ရှားပါတယ်၊ မျက်ခုံးတွေက အမြဲ တွန့်ချိုးနေတယ်ကို ပြန်သတိရပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။ အမူအရာက ပြေလျော့သွားသည်။ “ဒီစံအိမ်ထဲမှာပဲ ဒီလို ခေါ်ဝေါ်မယ်။ မြို့တော် ပြန်ရောက်ရင် မရတော့ဘူးနော်”
သူမက ပြောင်းခေါ်လိုက်သည်။ “ရှင်းယွမ်”
လော့ရှင်းယွမ်က ပျော်ရွှင်စွာ ခေါင်းညိတ်သည်။ “ဒီလို ခေါ်ဝေါ်တာ အလွန် ကောင်းတယ်”
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် နောက်တွင် ခေါင်းငုံ့၍ လိုက်ပါလာသော နူးညံ့သိမ်မွေ့သော အမျိုးသမီးကို လှမ်းကြည့်သည်။ “ဒီညီမလေးက အားယွင်လို့ ခေါ်တာလား”
မေဝမ့်ရှူးသည် ယနေ့ အားယွင်ကို တောင်ပေါ်သို့ ခေါ်လာခြင်းက ဤသူ မျက်နှာချင်းဆိုင် မေးမြန်း သည်ကို စောင့်နေခြင်း ဖြစ်သည်။ သူမက လက်မြှောက်၍ သူ့ကို ခေါ်လိုက်သည်။
“ကျွန်တော်မျိုး အမေဘက်က သွေးဝေးတဲ့ ညီမဝမ်းကွဲပါ။ ခင်ပွန်းသည် ဆုံးပါးသွားတယ်။ သားသမီးလည်း တစ်ယောက်မှ မကျန်ခဲ့ဘူး။ ခန်းဝင်ပစ္စည်းကိုလည်း ခင်ပွန်းသည်ရဲ့ မိသားစုက ယူသွားလို့ အားကိုးရာမဲ့ ဖြစ်နေတာ။ ကျွန်တော်မျိုးက မြို့တော်မှာ ရှိနေတော့ သူမက အားကိုးတကြီး အကူအညီ တောင်းခံလာလို့ နေစရာ ပေးထားတာပါ”
အားယွင်က လာ၍ ဦးညွှတ်လျက် ခေါင်းငုံ့၍ ပြောသည်။ “အစ်ကိုကြီး လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်”
109 04
လော့ရှင်းယွမ်က ပြုံးမလို မဲ့မလို အမူအရာဖြင့် အားယွင်ကို စိုက်ကြည့်သည်။
အားယွင် စိတ်ထဲတွင် မရိုးသားသော ခံစားချက် ရှိသည်။ စိုက်ကြည့် ခံရပြီးနောက် ချက်ချင်း ပါးစပ်ပိတ်၍ လျှပ်စီးကဲ့သို့ နောက်သို့ နှစ်လှမ်း ဆုတ်သွားသည်။ မျက်နှာကိုသာ ကြည့်ပြီး စကား ထပ်မပြောတော့ပေ။
မေဝမ့်ရှူးသည် မြင်လိုက်ရသောအခါ ခေါင်းကိုက်ပြန်သည်။ ဒီတစ်ကြိမ် သူမနှင့် လင်စစ်ရှီ နှစ်ယောက်စလုံး မှားယွင်းစွာ အကဲဖြတ်မိသည်။
ပထမဆုံး တွေ့ဆုံစဉ်က ပွင့်လင်း ရဲရင့်သော အမျိုးသမီးတစ်ဦးဟု ထင်ခဲ့သော်လည်း ဂုဏ်သရေရှိသူကို မျက်နှာချင်းဆိုင် တွေ့သောအခါ ကြောက်လန့်နေသော ကြွက်ကဲ့သို့ ဖြစ်သွားပြီး နေရာတကာတွင် ရှက်ရွံ့နေသည်ကို မမျှော်လင့်ခဲ့ပေ။
ဒီတစ်ခါ စံအိမ်ခရီးစဉ်က ဧကရာဇ်၏ အမျိုးသမီးများအပေါ် စိတ်ခံစားချက်ကို ချေဖျက်နိုင်မည် မဟုတ်တော့ပေ။
လော့ရှင်းယွမ်က အားယွင်ကို အပေါ်အောက် သေသေချာချာ ကြည့်ရှုပြီး စေ့စေ့စပ်စပ် တွေးသည်။ “မျက်ခုံး၊ မျက်လုံး၊ မျက်နှာသွင်ပြင်၊ ခန္ဓာကိုယ်ပုံစံ၊ စိတ်နေစိတ်ထား၊ ရွှယ်ချင့်နဲ့ သုံးပုံတစ်ပုံလောက် ဆင်တူနေတယ်”
မေဝမ့်ရှူး သတိပြန်ဝင် လာပြီး သဘာဝကျကျ ဝင်ပြောသည်။ “ကျွန်တော်မျိုး အမေဘက်က သွေးသား ဆွေမျိုး အချို့ ပတ်သက်မှု ရှိလို့ပါ။ ရုပ်ဆင်တာက သဘာဝပါ”
လော့ရှင်းယွမ်က သူမကို တစ်ချက် ကြည့်ပြီး အားယွင်ကို ထပ်မံ ကြည့်သည်။ ထို့နောက် တောင်ပေါ်သို့ ဆက်တက်သွားသည်။
ရေတံခွန် နားနေဆောင်သည် တောင်အလယ်ပိုင်းတွင် ရှိသည်။ ရှေ့တွင် တောင်ထိပ်မှ စီးဆင်းလာသော ရေတံခွန် သုံးဆင့်ကို တည့်တည့် မျက်နှာမူထားပြီး ရေစီးသံကို အဝေးမှပင် ကြားနေရသည်။
နားနေဆောင်သို့ ချဉ်းကပ်လာသောအခါ သက်တန့်တစ်ခုကို မျက်နှာချင်းဆိုင် မြင်လိုက်ရသည်။
တစ်ဝက်က လေထဲတွင် ပျောက်ကွယ် နေသည်။ ကျန်တစ်ဝက်က ရေတံခွန်ထိပ်တွင် ပေါ်လွင်နေသည်။
လော့ရှင်းယွမ်သည် ဤရှားပါးသော မြင်ကွင်းကို ကြည့်ရှုရန် ခြေလှမ်း ရပ်လိုက်သည်။ သိသိသာသာ စိတ်ဝင်စားဟန်ရှိပြီး နားနေဆောင်တွင် ရှုခင်းများ ကြည့်ရှု ရင်း နေ့လယ်စာကို သုံးဆောင်သည်။
109 05
နေ့လယ်စာ သုံးဆောင်စဉ်တွင် အားယွင်ကို ရှောင်ဖယ်ခြင်းမရှိဘဲ သူမကို ခေါ်လိုက်သည်။ သာမန် မိသားစု မိတ်ဆွေများကဲ့သို့ သုံးဦးသား နားနေဆောင်ရှိ စားပွဲဝိုင်းတွင် အတူတူ ထိုင်၍ ထမင်းစားသည်။
အားယွင်သည် ဧည့်သည်နေရာတွင် ထိုင်သည်။ ခေါင်းငုံ့၊ မျက်လုံးမှိတ်၍ စကားတစ်ခွန်းမျှ မဆိုဘဲ ဟင်းခွက်များကို တစ်ခါတစ်ရံမှ နှိုက်ယူပေးပြီးနောက် ခေါင်းငုံ့၍ ထမင်းသာ စားနေသည်။
မေဝမ့်ရှူးက တိတ်တဆိတ် အကဲခတ်သည်။ အားယွင်က သူ့ကိုယ်သူ သစ်သားတုံး တစ်ခုလို သဘောထားပြီး စကားမပြောနိုင်တော့သည်ကို မြင်သောအခါ ခေါင်းကို ခပ်အေးအေး ခါလိုက်သည်။
ကံကောင်းစွာဖြင့် ဧကရာဇ်နှင့် အမတ် နှစ်ဦးသားက ရင်းနှီးပြီးသား ဖြစ်သည်။ လှပသော တောင်ပေါ်ရှုခင်းနှင့် အရသာရှိသော တောင်ပေါ် ဟင်းလျာများကို စားသုံးရင်း စကားပြောဆိုမှုသည် ပေါ့ပေါ့ပါးပါး ရှိသည်။
လော့ရှင်းယွမ် စိတ်ကြည်လင် လာသောအခါ တစ်ခါတစ်ရံ အားယွင်ကို စကားစသည်။ ရွံရှာခြင်း သို့မဟုတ် အေးစက်သော အမူအရာ မပြသဘဲ စကားပြောဆိုပုံကပင် နူးညံ့ နေသည်။
မနက်ခင်း တောင်တက် လေညင်းခံခြင်း ခရီးစဉ်သည် အချိန်ကိုက် ဖြစ်ပြီး ဧည့်သည်နှင့် အိမ်ရှင်နှစ်ဦးစလုံး ပျော်ရွှင်ကြသည်။
ယနေ့၏ ပထမဆုံး မထင်မှတ်ထားသော အဖြစ်အပျက်သည် နေ့လယ်စာ စားပြီးနောက်၊ မေဝမ့်ရှူး လူအားလုံးကို တောင်အောက်သို့ ခေါ်ဆောင်ရန် ပြင်ဆင်နေစဉ် ဖြစ်ပွားခဲ့သည်။
“ခင်ဗျားတို့ အိမ်က ညီမလေး မနက်က နေ့လယ်ကျော်ရင် အဆင်မပြေဘူးလို့ ပြောခဲ့တာကြောင့် နေ့လယ်စာ စားပြီးတာနဲ့ သူမကို အရင် ပြန်ပို့လိုက်ပါ”
“အချိန်က အရမ်း စောနေသေးတယ်။ မင်းနဲ့ငါကလည်း ယောက်ျားတွေပဲ၊ ဘာမှ ဂရုစိုက်စရာ မလိုဘူး။ ဘာလို့ အလျင်စလို ဆင်းချင်တာလဲ” လော့ရှင်းယွမ်က တောင်ထိပ်ကို မော့ကြည့်ပြီး ခပ်ပါးပါး ရယ်သည်။ “တောင်ထိပ်ကို ရောက်မှ တောင်အားလုံးကို ငုံ့ကြည့် နိုင်မယ်”
သူ၏ လေသံက တည်ငြိမ်သော်လည်း မေးခွန်းထုတ်စရာ မရှိ။ “ရွှယ်ချင့်၊ ငါနဲ့အတူ ဆက်ပြီး တောင်တက်ပါ”
*** *** ***