← Chapters

အခန်း (၁၂၀)

Vol. 12 Ch. 120

အခန်း (၁၂၀)

Vol. 12 Ch. 120

120 01

အခန်း 120

ဒီတစ်ခေါက် အမိန့်တော်နဲ့ သွားရတာက အနောက်နန်းဆောင် ဖြစ်သည်။

နန်းတော်၏ အနောက်တောင်ထောင့်တွင် တည်ရှိသော အနောက်နန်းဆောင်ကို မေဝမ့်ရှူးသည် လွန်ခဲ့သော နှစ်များက အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသည်။

နေရာသည် ဆိတ်ငြိမ်ပြီး မြေအနေအထားကလည်း မြင့်သည်။ အပေါ်အောက် ခရီးသွားလာဖို့ မလွယ်ကူပေ။

လော့ရှင်းယွမ်သည် ငယ်စဉ်က မင်းသားဘဝတွင် သူ့အပေါ်၌ ချစ်ခင်မြတ်နိုးခံရသော အိမ်ရှေ့စံ အစ်ကိုတစ်ဦး ရှိခဲ့သည်။ မွေးရာပါ ရုပ်ရည်ကောင်းသူ၊ နန်းတော်တွင် ချစ်ခင် အလိုလိုက်ခံရ၍ မာနကြီးသော စိတ်နေသဘောထားရှိသူ၊ နန်းတွင်းသားများကို ဆူပူအော်ဟစ်တတ်သူ၊ အခန့်မသင့်လျှင် ရိုက်နှက် ဆဲဆိုတတ်သူ ဖြစ်သော်လည်း မိခင်ကို ကောင်းစွာ ချော့မော့တတ်၍ မိခင်၏ အချစ်အားလုံးကို ရရှိခဲ့သည်။

သူကိုယ်တိုင်ကတော့ ပုံစံခွက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသကဲ့သို့ ခေါင်းမာပြီး မာန်တက်သော စိတ်နေသဘောထားရှိသူ၊ စကားမချိုသာသူ၊ လူကို ချော့မော့တတ်ခြင်း မရှိသူဖြစ်သလို မွေးဖွားစဉ်ကလည်း မီးဖွားရခက်ခဲ၍ မိခင်၏ အသက်တစ်ဝက်ခန့်ကို ယူသွားလုနီးပါး ဖြစ်ခဲ့သောကြောင့် အလွန် အချစ် မခံရဘဲ ငယ်စဉ်ကတည်းက မိခင်၏ အပြစ်ပေးခြင်းကို မကြာခဏ ခံခဲ့ရသည်။

ငယ်ရွယ်သော လော့ရှင်းယွမ် အပြစ်ပေးခံရသည့်အခါတိုင်း လူများက သူ့ကို အနောက်နန်းဆောင်သို့ ခေါ်သွားပြီး တိုက်ခတ်နေသော လေတိုက်ခတ်သံများကြားတွင် မှောင်ရီပျိုးနေသော နန်းတော်ကို ရင်ဆိုင်ရင်း တစ်ညလုံး တစ်ယောက်တည်း နေခဲ့ရသည်။

နောက်ပိုင်းတွင် အိမ်ရှေ့စံသည် အာခံမှုကြောင့် ရာထူးမှ ဖယ်ရှားခံရသောအခါ၊ ထိုအချိန်က မယ်တော်ကြီးဖြစ်သူက မလိုမလားဖြင့် သူမ၏ သားငယ်ကို ရာထူးတက်စေခဲ့သည်။

နန်းတော်ရှိ လူတိုင်းက အနောက်နန်းဆောင်သည် ထိုအချိန်မှစ၍ ပိတ်သွားပြီဟု ထင်ခဲ့ကြသည်။

သို့သော်လည်း ယွမ်ဟော်ဧကရာဇ်သည် အနောက်နန်းဆောင်၏ ဤဆိတ်ငြိမ်သောနေရာကို အလွန် နှစ်သက်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ၊ စိတ်မတည်ငြိမ်သည့် အခါတိုင်း အနောက်နန်းဆောင်သို့ တက်ရောက်ပြီး တံတိုင်းကို မှီကာ တစ်နာရီ၊ နှစ်နာရီကြာအောင် တိတ်ဆိတ်စွာ ကြည့်ရှုလေ့ ရှိသည်။

ဧကရာဇ်၏ အနီးကပ် အမတ်တစ်ဦး အနေဖြင့် မေဝမ့်ရှူးသည် ဧကရာဇ်နှင့်အတူ အနောက်နန်းဆောင်သို့ သွားခဲ့ဖူးသည်မှာ သေချာသည်။

သို့သော် သူမသည် အမြင့်ကို ကြောက်ရွံ့သူဖြစ်ရာ အနောက်နန်းဆောင်သို့ သွားတိုင်း အပြင်ဘက်ရှိ လေဟာပြင် စင်္ကြံဘက်သို့ မထွက်ဘဲ အခန်းအတွင်း၌သာ နေတတ်သည်။

120 02

ဒီတစ်ခေါက် အနောက်နန်းဆောင်သို့ ခေါ်လိုက်သော်လည်း လော့ရှင်းယွမ်သည် သူမကို ဒုက္ခ မပေးခဲ့ပေ။

ကြေးအမွှေးနံ့သာအိုးမှ ထွက်နေသော ခရမ်းရောင် အခိုးအငွေ့များကြားတွင် နဂါးပုံပါ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဧကရာဇ်သည် ထက်ဝက်ကျော် ဆော့ကစားထားသည့် စစ်တုရင်ခုံရှေ့တွင် ထိုင်နေသည်။ မျက်နှာချင်းဆိုင်ရှိ ဝါးထိုင်ခုံကို လက်ညှိုးထိုးပြ၍ သူမကို ထိုင်ရန် အမိန့်ပေးသည်။

“လွန်ခဲ့တဲ့လက ကျန်း ဒီနေရာမှာ တစ်ယောက်တည်း စစ်တုရင် ကစားနေတုန်း မြန်နှုန်းမြင့် သတင်းပို့ဌာနကနေ အရေးပေါ် သတင်းစကား ရောက်လာတယ်။ မင်း ရောဂါက အခြေအနေ ဆိုးရွားပြီး အသက်အန္တရာယ် ရှိတယ်ဆိုပြီးတော့”

လော့ရှင်းယွမ်၏ မျက်နှာအမူအရာတွင် မည်သည့် ထူးခြားမှုမှ မတွေ့ရဘဲ လွန်ခဲ့သောလက ဖြစ်ရပ်ကို ပုံမှန်အတိုင်း ပြောပြသည်။

“အဲဒီတုန်းက စိတ်ပူလွန်းလို့ စစ်တုရင်ခုံကို လှန်ပစ်လုနီးပါး ဖြစ်ခဲ့တယ်။ ဘယ်သူကများ တစ်လတည်းအတွင်းမှာ မင်း ဘေးကင်းလုံခြုံစွာ မြို့တော်ကို ရောက်လာပြီး ကျန်းနဲ့ မျက်နှာချင်းဆိုင် ထိုင်နေမယ်လို့ ထင်ထားနိုင်မှာလဲ”

မေဝမ့်ရှူး တိတ်ဆိတ်နေသည်။

ဒီတစ်ခေါက် အလျင်အမြန် မြို့တော်သို့ ဝင်ရောက်လာခြင်းသည် မူလက သေဟန်ဆောင်ရန် စီစဉ်ထားသော အစီအစဉ်ကို လုံးဝ ပျက်စီးစေခဲ့ပြီး အားနည်းချက်များစွာကို ထုတ်ဖော်ခဲ့ရာ ဖုံးကွယ်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။

သူမသည် ဝါးခုံပေါ်တွင် တည့်မတ်စွာ ထိုင်ပြီး တည်ငြိမ်စွာ အပြစ်မေးသော ဧကရာဇ်ကို ရင်ဆိုင်လျက် ဦးညွှတ်အရိုအသေပေးကာ အလွန် တိုတိုတုတ်တုတ် ပြောသည်။

“ကျွန်တော်မျိုး အပြစ်ရှိပါတယ်”

ပိုလျှံသော စကားလုံး တစ်လုံးမှ မပြောပေ။

မျက်နှာချင်းဆိုင်မှ အကြည့်သည် သူမအပေါ်တွင် အချိန် အတော်ကြာအောင် ကျရောက် နေသော်လည်း သူမ ထင်ထားသလို ဒေါသအမျက် မထွက်လာဘဲ အလွန် ပုံမှန်အတိုင်း ပြောသည်။ “အမှားလုပ်ခဲ့တာကို သိရင် နောက်ဆို မလုပ်နဲ့တော့”

ဒီကိစ္စကို ဒီလို စကားတစ်ခွန်းတည်းနဲ့ ကျော်လွှားသွားခဲ့သည်။

မေဝမ့်ရှူး မှင်သက်သွားသည်။

မနေ့က စမ်းသပ်မှုသည် လူနှစ်ဦးကြားရှိ နောက်ဆုံး ဖုံးကွယ်ထားသော အရာကို ဖောက်ခွဲလိုက်ပြီ ဖြစ်သည်။

ယခုအခါတွင် အမှန်တရား ထင်ရှားလာပြီး သူမသည် အပြစ်ပေးခံရရန် အသင့်ပြင်ထားသော်လည်း မျှော်လင့်မထားဘဲ အသာတကြည် လွှတ်ပေးခြင်း ခံရသည့်အခါ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတစ်ခု ပေါ်လာသည်။

လော့ရှင်းယွမ် မြင်ပြီး တိုးတိုးလေး ရယ်လိုက်သည်။

“မင်းကို လွှတ်ပေးလိုက်တော့ ဘာလို့ မယုံနိုင်တဲ့ အမူအရာ ပြနေရတာလဲ”

သူသည် ပေါ့ပေါ့ပါးပါးဖြင့် နောက်ပြောင်ပြောဆိုရင်း နောက်ဆုံးတွင် ခါးသီးမှု အနည်းငယ်ကို ထုတ်ဖော်ခဲ့သည်။ “မင်းရဲ့ စိတ်ထဲမှာ ကျန်းက ရက်စက်ပြီး အဆုံးတိုင် နှိပ်စက်တတ်တဲ့ လူစားမျိုးလား”

120 03

မေဝမ့်ရှူးသည် ငုံ့ထားသော မျက်လုံးများကို မော့ကြည့်ပြီး အနည်းငယ် ပြုံးလိုက်ရာ နှုတ်ခမ်းနားတွင် သေးငယ်သော ပါးချိုင့်လေး ပေါ်လာသည်။

“အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို ကျွန်တော်မျိုး စိတ်ထဲတွင် မှတ်ယူထားပါတယ်”

လော့ရှင်းယွမ် လက်ကာပြသည်။ “ကျေးဇူးတင်ဖို့ အလျင်မလိုပါနဲ့၊ မင်းကို အပြစ်ပေးမယ့် ကိစ္စ မပြောရသေးဘူး”

သူသည် ရှေ့မှ စစ်တုရင် ပွဲတစ်ဝက်ကို ညွှန်ပြသည်။ “မင်းကို နာရီဝက် အချိန်ပေးမယ်။ လာ… ကျန်းနဲ့ စစ်တုရင်ပွဲ တစ်ပွဲကို လှပစွာ ရှုံးလိုက်ပါ”

မေဝမ့်ရှူး၏ အကြည့်သည် ရှေ့မှ စစ်တုရင် ပွဲတစ်ဝက်ပေါ်သို့ ကျရောက်သည်။ ခဏတာ စဉ်းစားပြီး ဦးညွှတ်ကာ အနက်ရောင် စစ်တုရင်စေ့ တစ်ခုကို ယူ၍ ဂရုတစိုက် ချလိုက်သည်။

“အရှင်မင်းကြီး ဆိုလိုတာက ကျွန်တော်မျိုး ဒီပွဲကို ရှုံးရင် အရင်က ကိစ္စတွေ အားလုံးကို ဖျက်သိမ်းလိုက်မယ်လို့လား”

“ကိစ္စ အားလုံးကို ဖျက်သိမ်းလိုက်မယ်” လော့ရှင်းယွမ်သည် အဖြူရောင် စစ်တုရင်စေ့ကို ယူ၍ ပုံမှန်အတိုင်း တစ်နေရာတွင် ချလိုက်သည်။ “မှားတာကို အရင် အပြစ်ပေးမယ်။ အပြစ်ပေးပြီးမှ ဆုချီးမြှင့်မယ်။ မြို့တော်ကို မိုင်ပေါင်းများစွာကနေ လာရောက်ပြီး ကျန်းကို ကယ်တင်ခဲ့တဲ့ အမှုအတွက် ဆုချမယ်”

“...အဖြူရောင်စေ့ကို မှားချလိုက်ပြီ။ အရှင်မင်းကြီး ဒီလို ပေါ့ပေါ့ဆဆ ချရင် ကျွန်တော်မျိုး ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

“နာရီဝက်အတွင်းမှာ စစ်တုရင်ပွဲကို လှပစွာ ရှုံးနိုင်မလားဆိုတာ မင်း ကိစ္စပဲ။ အဖြူရောင်စေ့ ဘယ်နေရာမှာ ကျမလဲဆိုတာကတော့ ကျန်းရဲ့ကိစ္စပဲ”

နာရီဝက်သည် လျင်မြန်စွာ ကုန်လွန်သွားသည်။

မေဝမ့်ရှူးသည် တည့်မတ်စွာ ထိုင်ပြီး စစ်တုရင်ခုံ၏ ထောင့်ကို လက်ညှိုးထိုးပြသည်။ “အရှင်မင်းကြီး ဒီနေရာမှာ ချလိုက်ရင် အနိုင်ရပါပြီ”

လော့ရှင်းယွမ်၏ စိတ်အာရုံသည် ကောင်းကင်မှ ပြန်ဆွဲယူပြီး စစ်တုရင်ခုံကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ အလွန် လှပစွာ အနိုင်ရခဲ့သည်။ သူကိုယ်တိုင် ဘယ်လို ကစားလိုက်လဲဆိုတာ မသိလိုက်ပေ။

သူသည် အဖြူရောင်စေ့ တစ်ခုကို ယူ၍ အခြားနေရာတွင် ပုံမှန်အတိုင်း ချလိုက်ရာ သူ့ကိုယ်ပိုင် အသက်ရှိသော မျက်လုံး တစ်ဖက်ကို ပိတ်ပစ်လိုက်သည်။

“...”

မေဝမ့်ရှူး အသံမထွက်ဘဲ ငြိမ်သက်သွားပြီး တိတ်ဆိတ်စွာ လက်ကို ပြန်ရုပ်လိုက်သည်။

ရှေ့မှ ရှုပ်ထွေးနေသော စစ်တုရင် လမ်းကြောင်းကို ကြည့်ပြီး အသံတွင် သိမ်မွေ့သော စိတ်ပျက်အားငယ်မှု ပါဝင်သည်။ “တကယ်ကိုပဲ၊ အရမ်း ခက်ခဲအောင် လုပ်နေတာပဲ”

လော့ရှင်းယွမ်သည် သူမကို ပြုံးကြည့်လိုက်ပြီး အသံသည် သူ့ကိုယ်သူ မသိလိုက်ဘဲ နူးညံ့သွားသည်။

“တော်ပြီလေ၊ ဘယ်သူ ရှုံးရှုံး နိုင်နိုင် ဒီပွဲတစ်ဝက်ကိုတော့ အပြီးသတ်နိုင်ခဲ့ပြီ။ ငါ့ဘက်က ပြောစကားကို တည်တယ်။ အရင်က ကိစ္စ အားလုံးကို ဖျက်သိမ်းလိုက်မယ်။ ထပ်မံ စစ်ဆေးတော့မှာ မဟုတ်ဘူး”

120 04

သူသည် ထရပ်ကာ ပိတ်ထားသော ပန်းပုထွင်းထားသည့် သစ်သားတံခါးကို ဖွင့်လိုက်သည်။ ပြင်းထန်သော တောင်လေသည် အနောက်နန်းဆောင်ထဲသို့ ရုတ်တရက် တိုးဝင်လာသည်။

ပြင်ပရှိ လေဟာပြင်စင်္ကြံသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားသည်။ အနီရောင် ဆေးသုတ်ထားသော လက်ရန်းကို ကိုင်ပြီး အောက်သို့ ခဏတာ ငုံ့ကြည့်သည်။

“ပြောရရင် မင်းနဲ့ ကျန်း အနောက်နန်းဆောင်ကို အတူတူ မလာတာ ကြာပြီ”

မေဝမ့်ရှူး ခေါင်းလှည့်၍ ပတ်ဝန်းကျင်ကို ကြည့်သည်။ အကြည့်တွင် သတိရခြင်း အရိပ်အယောင်များ ပါဝင်သည်။

“ဟုတ်ပါတယ်၊ နှစ်တွေ အတော်ကြာခဲ့ပြီ။ ဒီက ပစ္စည်း အပြင်အဆင်တွေကလည်း သိပ် မပြောင်းလဲဘူး”

“ကျန်း တမင် အမိန့်ပေးထားတာ။ အနောက်နန်းဆောင်မှာ ဘာပျက်သွား ပျက်သွား အတူတူ ပုံစံတူ အသစ် ပြန်လုပ်ဖို့”

++++++

All Chapters