အခန်း (၁၁၃)
Vol. 12 Ch. 113
113 01
အခန်း 113
လော့ရှင်းယွမ်သည် မျက်နှာသွင်ပြင်ကို ဖုံးကွယ်ရန် ခေါင်းငုံ့ပြီး လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
လက်ဖက်ရည်သည် အလွန်ကောင်းသော တောင်ပေါ် တိမ်မြူလက်ဖက်ရည် ဖြစ်သည်။
သို့သော် သောက်လိုက်သောအခါ အရသာကောင်းကို ခံစား၍မရပေ။
ခဏအကြာက ကြက်သွန်မြိတ်ကဲ့သို့ သွယ်လျသော လက်ချောင်းထိပ်သည် လက်ဖဝါးကို ပွတ်ဆွဲသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထိုကျင်ခနဲ ခံစားမှုသည် စိတ်နှလုံး၏ အနက်ရှိုင်းဆုံး ကာမဆန္ဒကို နှိုးဆွလိုက်သည်။ နွေးထွေးသော ရေပူစမ်းကန်ထဲမှ စိတ်ဝိညာဉ်ကို လှုပ်ရှားစေသော မြင်ကွင်းများဖြင့် စိတ်ထဲတွင် ပြည့်နှက်နေသည်။
ဘေးတွင် ချွန်ထက်သော မျက်လုံးနက်များက စူးစိုက်ကြည့်နေသည်။
သူမ သံသယ ဝင်လာပြီ။
လော့ရှင်းယွမ်၏ ရင်ထဲတွင် ပူနေသော်လည်း သူသည် တည့်မတ်စွာ ထိုင်နေသည်။ မည်သည့် အမူအရာမှမပြဘဲ တည်တည်ငြိမ်ငြိမ် လက်ဖက်ရည် အနည်းငယ် သောက်လိုက်ပြီး မုန့်တစ်ဝက် စားလိုက်သည်။ ထို့နောက် စကားစပြောသည်။
“လက်ဖမိုး ဒဏ်ရာ ရသွားတယ်”
ပတ်တီးများ ထပ်နေအောင် ပတ်ထားသော လက်ယာလက်ကို နေရောင်အောက်တွင် မေဝမ့်ရှူးကို မြင်စေရန် ရဲရဲတင်းတင်း မြှောက်ပြသည်။
“တောင်တက်တဲ့နေ့က ရေပူစမ်းကန်ထဲမှာ အကြာကြီး စိမ်နေခဲ့လို့ ဘယ်ကလာမှန်း မသိတဲ့ တောကြောင် တစ်ကောင် ကိုက်သွားတာ။ ခုနက လက်ဖက်ရည်ခွက် ယူတုန်းကလည်း ရွှယ်ချင့်ရဲ့ လက်သည်းနဲ့ ကုတ်မိသွားသေးတယ်။ အရမ်း နာတယ်”
မေဝမ့်ရှူး လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ညင်သာစွာ ရယ် လိုက်သည်။
“တောကြောင် ကိုက်လို့ လက်ဖမိုးမှာ ဒဏ်ရာရသွားတာ၊ ခုနက ကျွန်တော်မျိုးက လက်ဖဝါးကို မတော်တဆ ထိမိတာလား။ ရှင်းယွမ် ဒီလောက် နာကျင်နေတာ လက်ဖမိုးနဲ့ လက်ဖဝါးတောင် မခွဲခြားနိုင်တော့ဘူးလား”
လော့ရှင်းယွမ်သည် လက်ဖမိုးပေါ်ရှိ ပတ်တီးကို ပွတ်သပ်ရင်း ပုံမှန်တည်ငြိမ်သော လေသံဖြင့်၊
“ရွှယ်ချင့်က မညှာမတာနဲ့ ရှေ့တင် ပြောလိုက်ပြီဆိုတော့ ထိမ်ချန်မထားတော့ပါဘူး။ တကယ်တော့ မင်းတို့ အိမ်တော်က ဝမ်းကွဲညီမကိုက်သွားတာပါ။ တကယ်ကို ပြင်းပြင်းထန်ထန် ကိုက်တာ”
မေဝမ့်ရှူးသည် ပတ်တီးစည်းထားသော လက်ဖမိုးကို စိုက်ကြည့်ပြီး နောက်တစ်ကြိမ် ရယ်လိုက်သည်။
ချန်ပေါ်က အနားသို့ ရောက်လာပြီး လူနှစ်ဦး၏ နေ့လည်စာကို ပန်းခြံတွင် ပြင်ဆင်ရမလားဟု တိုးတိုးလေး မေးသည်။
လော့ရှင်းယွမ် နားထောင်ပြီး မျှော်လင့်ချက် အနည်းငယ် ပြသသည်။ “မနက်ဖြန် မြို့တော်ကို ပြန်ရတော့မှာ၊ ဒီနေ့က နောက်ဆုံးနေ့ပဲ။ ဒီနေရာမှာပဲ...”
113 02
မေဝမ့်ရှူးက ဖြတ်ပြောသည်။ “သခင်လေးယွမ် ညာလက် ဒဏ်ရာရထားတာ ဇွန်းတောင် ကောင်းကောင်း မကိုင်နိုင်ဘူး၊ နေ့လည်စာကို ဘယ်လို စားမှာလဲ။ အမြန် ပြန်သွားပြီး အနားယူတော့”
ထရပ်ပြီး ဧည့်သည်ကို ပို့လိုက်သည်။
လော့ရှင်းယွမ်သည် ဆူပူမှု အကြိမ်ပေါင်းများစွာ ခံခဲ့ရသဖြင့် မတ်တပ်ရပ်နေသော တံခါးပေါက်သို့ ရောက်သောအခါ စဉ်းစားလျက် ရပ်တန့်သွားသည်။
သူ နောက်သို့ လှည့်ကာ၊ “ဒါနဲ့၊ မင်းရဲ့ ဝမ်းကွဲညီမ ကို ငါ ဆုချင်ပေးချင်တယ်”
မေဝမ့်ရှူးသည် တံခါးဘေးတွင် ရပ်လျက် မျက်လုံးများ ရုတ်တရက် မြှင့်လိုက်ပြီး သူ့ကို ကြည့်သည်။
နွေဦးနေရောင်အောက်တွင် ခရမ်းရောင် ပန်းနွယ်သည် နေရောင်ခြည် အများစုကို ကာဆီးထားသည်။ ခေါင်းပေါ်မှ အလင်းရောင် အစက်အပြောက်များသာ စိမ့်ဝင်လာသည်။ မေဝမ့်ရှူးသည် ခြံဝင်းတံခါးဘေးရှိ ပန်းနွယ် အောက်တွင် ရပ်နေသဖြင့် အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ပေါ့ပေါ့တန်တန် ပြန်ဖြေသည်။
“သူမ သွားနှင့်ပြီ။ အရှင်မင်းကြီး စိတ်ထဲမှာ ထားစရာ မလိုတော့ပါဘူး။ ဒီလူကို မေ့ပစ်လိုက်ပါ”
လော့ရှင်းယွမ်က အတင်းအကျပ် ပြောသည်။ “သူမဟာ ကျန်းရဲ့ ပထမဆုံး အမျိုးသမီး ဖြစ်တယ်။ နန်းတော် စည်းမျဉ်းအရ ဆုချရမယ်”
သူသည် တမ်းတသော အမူအရာကို ပြသသည်။ နှစ်လှမ်းခန့် ပြန်လျှောက်လာပြီး မေဝမ့်ရှူးရှေ့တွင် ရပ်ကာ တိုးတိုးလေး ပြောသည်။
“ခါးက ပိုးသားလို အိစက် သွယ်လျတယ်၊ အသက်ရှူသံက ပန်းရနံ့လို မွှေးပျံ့ထုံသင်းတယ်။ နေရာတိုင်းက ချစ်စရာကောင်းတယ်၊ ကျန်း သူမကို အရမ်း သဘောကျတယ်။ သူမကို မြို့တော်ကို ပြန်ခေါ်သွားနိုင်ရင်...”
စကားပင် မဆုံးသေး၊ မေဝမ့်ရှူး ရယ်လိုက်သည်။ “အကယ်လို့ ဧကရာဇ်ကသာ ဂုဏ်သိက္ခာ ပျက်စီးသွားမယ်ဆိုရင် ကျွန်တော်မျိုးလို လူယုံအမတ် တစ်ယောက်အနေနဲ့ တာဝန်ကို ရှောင်လွှဲ၍ မရနိုင်ပါ။ အပြစ်ကို ဝန်ခံပြီး မွေးရပ်မြေသို့ ပြန်၍ တောထဲတွင် အနားယူရုံသာ ရှိပါတော့တယ်”
ဘုန်းဟူသော အသံဖြင့် ခြံဝင်းတံခါးကို ပိတ်လိုက်ရာ ယခု လက်ရှိ ဧကရာဇ်၏ နှာခေါင်းထိပ်ကို မထိတထိ ဖြစ်သွားသည်။
ယနေ့ ချီကျန့်ဟန်သည် ဧကရာဇ်အနားတွင် လိုက်ပါ စောင့်ရှောက်နေပြီး ခြံဝင်း နံရံအောက်တွင် စောင့်နေသည်။ အရှင်မင်းကြီးသည် မေပညာရှိအမတ်နှင့် မကြာခင် တွေ့ဆုံပြီးနောက် တံခါးပိတ်ခံရ သကဲ့သို့ ပစ်ထုတ်ခံလိုက်ရသည်ကို တွေ့သောအခါ အံ့အားသင့် သွားသည်။ အလျင်အမြန် ပြေးလာပြီး ကြားဝင် ဖြေရှင်းသည်။
“အရှင်မင်းကြီး၊ မေပညာရှိအမတ် တောင်တက်ထားရလို့ ပင်ပန်းနေတယ်။ ဒီနှစ်ရက် ကိုယ်လက် မအီမသာ ဖြစ်နေတာနဲ့အမျှ စိတ်လည်း မကြည်မလင် ဖြစ်နေတာ...”
စကား တစ်ဝက်တွင် ရပ်လိုက်ရသည်။ လော့ရှင်းယွမ်တွင် အမျက်ဒေါသ လုံးဝ မရှိသည်ကို တွေ့လိုက်ရသည်။ တံခါးဘေးတွင် ရပ်နေပြီး ပွန်းပဲ့လုနီးပါး ဖြစ်သွားသော နှာခေါင်းထိပ်ကို ပွတ်သပ်ရင်း အမှတ်ရတမ်းတသော အမူအရာကို ပြသနေသည်။ ကိုယ့်ဘာသာ ပြောလိုက်သည်။
“ငါ့ကို ခြိမ်းခြောက်တယ်”
113 03
ချီကျန့်ဟန် အံ့အားသင့်သွားသည်။ “မေပညာရှိအမတ်က... သခင်လေးယွမ်ကို ခြိမ်းခြောက် တာလား။ တစ်နေရာရာမှာ နားလည်မှု လွဲတာများ ရှိသလား”
“ဘာမှ မရှိဘူး။ သွားစို့” လော့ရှင်းယွမ်က ဦးဆောင်၍ ထွက်ခွာသွားသည်။
ချီကျန့်ဟန် ပါးစပ်ပိတ်ပြီး နောက်မှ လိုက်လာသည်။ စိတ်ထဲတွင် တိတ်တဆိတ် တွေးသည်။
ရောဂါကြီး တစ်ခု ဖြစ်ပြီးနောက် အရှင်မင်းကြီးက ကောင်းလာပြီ ထင်ရတယ်။ ဒါပေမဲ့ နေရာတိုင်းမှာတော့ တစ်ခုခု လွဲနေသလို ခံစားရတယ်။
***
ဒီနေ့ မနက်ပိုင်းမှာ ရိုးရှင်းသော အစီအစဉ်ဖြင့် မြို့တော်သို့ ပြန်လာသည်။
ထိုနေ့မှာပင် လျင်မြန်စွာ အမိန့်ပေး၍ ကျစ်ချန်နန်းဆောင်မှ အနက်ရောင် အဝတ်များ ကို ဖယ်ရှားပြီး အရေးပါသော အမတ်အချို့ကို အစည်းအဝေး ခေါ်ယူခဲ့သည်။
ချန်ကျင်းယီ၊ ချန်လက်ယာ အမတ်ကြီးသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ယဲ့ချန်းကော်နှင့် စကားပြောဆိုမှု ပြတ်တောက်ပြီးနောက် ဤရက်များအတွင်း နန်းတော်တွင် ဆန္ဒမဲပေးခြင်း ကိစ္စနှင့် ပတ်သက်၍ သဘောထား မတည်မငြိမ် ဖြစ်လာသည်။
စကားမပြော၊ ပါဝင်ပတ်သက်မှု မရှိ၊ နေ့စဉ် မျက်ခွံများ မှေးစင်းနေပြီး ရွှေနန်းတော်တွင် မတ်တပ်ရပ်နေသည်။ နန်းတော်ထဲမှာ ဘယ်လို လေတိုက်နေပါစေ၊ ကိုယ့်ဝတ်ရုံကို ကိုယ် ဖုံးထားပြီး သစ်သားရုပ် လုပ်နေသည်။
ယဲ့ချန်းကော်က မယ်တော်ကြီး၏ နန်းတော်ပြန်လာခြင်းကို ပြတ်ပြတ်သားသား တားဆီးသော်လည်း အကြောင်းရင်းကို မပြောပေ။
သူ စကားပြောလိုက်သည်နှင့် ချန်အမတ်က အတွေ့အကြုံရှိသော အရာရှိဟောင်း ပုံစံဖြင့် လှောင်ပြောင် ပြောဆိုပြီး အားလုံးကို ကန့်ကွက်ပြောဆိုသည်။
ယဲ့အမတ်ကြီးသည် သဘောထား ရိုးသားပြီး နန်းတော်တွင် စကားဖြင့် အငြင်းပွားခြင်းကို ကျွမ်းကျင်မှု မရှိသောကြောင့် မကြာခဏ မျက်နှာ ဖြူဖျော့ပြီး စကား မပြောနိုင်အောင် ဒေါသထွက်ခဲ့ရသည်။
လော့ရှင်းယွမ် ပြန်ရောက်သော ထိုနေ့တွင် အစိုးရရုံး၏ အသေးစား နန်းတွင်း အစည်းအဝေး ၌ ပြင်းထန်သော ငြင်းခုံမှု ဖြစ်ပွားနေသည်။
ကြာမြင့်စွာ ဖျားနာနေသော ဧကရာဇ် ရုတ်တရက် နန်းတော်သို့ ရောက်လာသည်။ လူအများ၏ အံ့သြသော အကြည့်များ ကြားတွင် သူသည် တည်ငြိမ်စွာ ထိုင်လိုက်ပြီး ဘာမှ မပြောဘဲ လူများကို ဆက်လက် လုပ်ဆောင်ရန် လက်အမူအရာ ပြသသည်။
နှစ်ဖက် စလုံး၏ ဆန့်ကျင်ဘက် သဘောထားများကို နားထောင်ပြီးနောက် သက်ကြီး အမတ်များ အားလုံးရှေ့တွင် အကျဉ်းထောင်မှ ဦးရိးတော်ဟယ်ကို ခေါ်ထုတ်ခဲ့သည်။
ဦးရိးတော်ဟယ်သည် အကျဉ်းထောင်ထဲတွင် လပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ ကောင်းကောင်း စားသောက် ဧည့်ခံထားသဖြင့် ခန္ဓာကိုယ်သည် ဒုက္ခ မရောက်ခဲ့သော်လည်း စိတ်ထဲတွင် စိုးရိမ်ပူပန် နေရသဖြင့် ခန္ဓာကိုယ် သိသိသာသာ ပိန်ကျသွားသည်။
113 04
တူတော်ဧကရာဇ်၏ မျက်နှာကို တွေ့သောအခါ မျက်ရည်များ ရစ်ဝဲလာသည်။ ဒူးထောက်လိုက်ပြီး မေးမြန်းခြင်းကိုပင် မစောင့်တော့ဘဲ ကိုယ်တိုင် ဝါးလုံးခေါင်းထဲမှ ပဲထုတ်သကဲ့သို့ အားလုံးကို ရှင်းထုတ်လိုက်သည်။
“အပြစ်ကင်းပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုး ဘာမှမလုပ်ပါဘူး! အဲဒီပိုးသားစာက ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ မယ်တော်ကြီးကိုယ်တိုင် ကျွန်တော်မျိုးကို အတင်းအကျပ် ပေးလိုက်တာပါ”
ဦးရိးတော်ဟယ်က ငိုကြွေးတောင်းပန်သည်။ “ကျွန်တော်မျိုးက အမိန့်ကို ရိုးရိုးသားသား ခံယူပြီး နန်းတော်ကို ဝင်ခဲ့တာ၊ အဲဒီတုန်းက အာလူးပူပူကို ကိုင်ထားသလို ဘာလုပ်ရမှန်း မသိခဲ့ဘူး။ အဲဒီ ပိုးသားစာကို မြို့တော်မှာ မထားရဲဘူး။ စိတ်ထားမကောင်းတဲ့သူတွေက ယူသွားပြီး အရှင်မင်းကြီးကို အန္တရာယ် ပေးမှာ စိုးလို့ပါ။ ဒါကြောင့် ကျွန်တော်မျိုး မြို့ပြင် အိမ်တော် မှာ သိမ်းထားခဲ့တာ...”
လော့ရှင်းယွမ်သည် နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခုကို ဆင်ထားသည်။ ရှိနေသော တော်ဝင်မျိုးနွယ်များကို ခေါ်ဆောင်လာပြီး မယ်တော်ကြီး ကိုယ်တိုင် ရေးထားသော နန်းချရန် အမိန့်စာကို တစ်ယောက်ချင်းစီ ပြသသည်။
တော်ဝင်မျိုးနွယ်မင်းသား အချို့သည် မူရင်းအရာကို ပထမဆုံးအကြိမ် မြင်ဖူးကြသည်။ နန်းချရန် ရည်ရွယ်ချက်ပါသော မယ်တော်ကြီး၏ လက်ရေးမူကို ဖတ်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် အေးခဲသွားကြပြီး နောက်ထပ် စကားမပြောနိုင်တော့ပေ။
“ဒီနေ့ မင်းကို မေးနေတာ ရှုနင်နန်းဆောင်က ယူလာတဲ့ ပိုးသားစာကိစ္စ မဟုတ်ဘူး”
လော့ရှင်းယွမ်သည် နဂါးပလ္လင် ပေါ်တွင် မြင့်မားစွာ ထိုင်လျက်၊ မမြန်မနှေး စကားစပြောသည်။ “မေးနေတာ အဲဒီထက် ပိုစောတဲ့ နန်းတော်ပြင် အပန်းဖြေနန်းတော်က မင်းနဲ့ ဆက်သွယ်တဲ့ ကိစ္စ”
ဦးရိးတော်ဟယ်၏ ပခုံးများ တုန်ယင်လာသည်။
ပရိသတ်ထဲမှ အမတ်များ၏ အမျိုးမျိုးသော အမူအရာများကြားတွင် သူသည် ချွေးသီး ချွေးပေါက်များ ကျလာသည်။ အချိန်အတော်ကြာ တွေဝေ နေပြီး နောက်ဆုံးတွင် အံကိုကြိတ်ကာ၊
“အပန်းဖြေနန်းတော်က အရင်က ကျွန်တော်မျိုးကို အကြိမ်များစွာ လျှို့ဝှက် ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော်မျိုးကတော့ အပေါ်ယံ ဆက်ဆံခဲ့တာ၊ တကယ်တမ်း ဘာမှ မလုပ်ခဲ့ပါဘူး။ အရင်က ဘာလို့ မပြောပြခဲ့ရသလဲဆိုတော့... အရှင်မင်းကြီးက တူအရင်း၊ ဟိုဘက်ကလည်း တူအရင်း၊ ကျွန်တော်မျိုး ဦးလေးလုပ်သူအနေနဲ့ ခက်ပါတယ်” သူသည် ရှိုက်ကြီးတငင် ငိုသံဖြင့် မြေပေါ်တွင် ဒူးထောက်လိုက်သည်။
သို့သော် လော့ရှင်းယွမ်သည် ဦးရိးတော်ဟယ်၏ ဝမ်းနည်းစရာ ပြသမှုကို အလေးမထားပေ။
လက်ဝှေ့ယမ်းကာ လူကို ဆွဲထုတ်စေပြီး အကျဉ်းထောင်ထဲတွင် ဆက်လက် ချုပ်နှောင် ထားစေသည်။
“ကျန်း သတင်း ရထားတယ်။ မနှစ်က စပြီး အပန်းဖြေနန်းတော်က ကျန်းရဲ့ အစ်ကိုကောင်းက လှုပ်ရှားမှု အသေးစားလေးတွေ အများကြီး လုပ်ခဲ့တယ်။ ကျန်းရဲ့ ဦးရီးတော်က အစအန သေးသေးလေးပဲ။ ကျန်းရဲ့ တခြားဦးရီးတော်တွေကရော အပန်းဖြေနန်းတော်က အစ်ကိုကောင်းနဲ့ လျှို့ဝှက် ဆက်သွယ်မှု ရှိခဲ့သလား”
သူ၏ အကြည့်သည် လူအများထဲရှိ တော်ဝင် ဦးရီးတော်များ၏ မျက်နှာများကို ဖြည်းညှင်းစွာ ဝေ့ကြည့်ပြီး သူတို့၏ တုံ့ပြန်မှုကို လေ့လာသည်။
++++++