အခန်း (၁၁၄)
Vol. 12 Ch. 114
114 01
အခန်း 114
တော်ဝင်မျိုးနွယ်အချို့သည် ကွယ်လွန်သူ ဧကရာဇ် လက်ထက်မှ ကျန်ရစ်သော တော်ဝင်ဆွေမျိုးများ ဖြစ်ကြသည်။ ထိုစဉ်က အာဏာရှင် ချီယို့သောင်း၏ လက်ထဲတွင် နှစ်ပေါင်းများစွာ ချုပ်ကိုင် ခံခဲ့ရသူများ ဖြစ်သဖြင့် သြဇာကြီးသော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။
နန်းတော်တွင် လူမရှိ သောအခါ ရဲရဲဝံ့ဝံ့ ရှိကြသော်လည်း ပြင်းထန်သော ပုဂ္ဂိုလ်များကို တွေ့သောအခါ ကြောက်ရွံ့ သွားကြသည်။
မယ်တော်ကြီး၏ နန်းချရန် အမိန့်စာသည် သူ့ဘာသာသူ အရေးကြီးသော ကိစ္စ ဖြစ်သည်။ အကယ်၍ မောင်နှမများ အာဏာလုမှုတွင် ပါဝင်ပတ်သက်ပါက တော်ဝင်ဆွေမျိုးအဖြစ် မည်မျှပင် ဂုဏ်သရေ ရှိပါစေ တစ်မိသားစုလုံး အသက်ချမ်းသာ မရနိုင်ပေ။
မျိုးရိုး အကြီးဆုံး အိမ်တော် ကြီးမြတ်သော တော်ဝင်မှူးမတ်မှ စတင်၍ တော်ဝင် ဦးရီးတော် အချို့အထိ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ငြင်းဆိုကြသည်။ ကျိန်ဆို စကားများ ဆက်တိုက် ဆိုကြသည်။
“မဝံ့ပါဘူး၊ မဝံ့ပါဘူး! နန်းတော်မှ ထုတ်ပယ်ခံရသော မင်းသားကို အပန်းဖြေနန်းတော်တွင် ချုပ်နှောင်ထားခြင်းက ကွယ်လွန်သူ ဧကရာဇ်ရဲ့ အမိန့်တော် ဖြစ်ပါတယ်။ ကျွန်တော်မျိုးတို့ ကွယ်လွန်သူ ဧကရာဇ် အမိန့်ကို မဖီဆန်ဝံ့ပါ။ လုံးဝ ဆက်သွယ်မှု မရှိပါဘူး”
လော့ရှင်းယွမ်သည် ပုံစံအမျိုးမျိုးဖြင့် ကျိန်ဆိုခြင်းကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
“အပန်းဖြေနန်းတော်ကလူနဲ့ ပတ်သက်လို့ ကွယ်လွန်သူ ဧကရာဇ်ကိုယ်တိုင် ချုပ်နှောင်ဖို့ အမိန့်ချထားခဲ့တာကို မင်းတို့ အားလုံး သဘောတူကြမယ်လို့ ထင်ပါတယ်”
“အမွေခံကိစ္စနဲ့ ပတ်သက်လို့ကတော့... ငါ အခု ရောဂါ ပျောက်ကင်း သွားပြီ။ ယဲ့အမတ်ကြီးနဲ့ မိဖုရား ရွေးချယ်ရေး ကိစ္စကို စတင် ဆွေးနွေးဖို့ ပြင်ဆင်နေပြီ။ အမတ်ကြီးများ၊ အမွေခံကို အရေးတကြီး ရွေးချယ်ဖို့ လိုသေးလား ကြည့်ပါဦး”
တော်ဝင်မျိုးနွယ် အချို့ မျက်နှာချင်းဆိုင် ကြည့်မိကြသည်။
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်သည် တည်ငြိမ်သော မျက်နှာ ရှိသည်။ အသံသည် တည်ငြိမ်ပြီး စကားပြောဆိုမှု တိုင်းတွင် ဧကရာဇ်၏ ဘုန်းတန်ခိုး အရှိန်အဝါ ပါလာသည်။ လွန်ခဲ့သောလက ရူးသွပ်သော ပုံစံ ဘယ်မှာ ရှိတော့သနည်း။
တော်ဝင်မျိုးနွယ်တွင် ရာထူး အကြီးဆုံး ဖြစ်သော ကြီးမြတ်သော တော်ဝင်မှူးမတ်က တုန်တုန်ယင်ယင် ပြောသည်။ “အရှင်မင်းကြီး မိဖုရား ရွေးချယ်ရေးကို ဆွေးနွေးနေပြီ ဆိုတော့... ဒီအပန်းဖြေနန်းတော်က မင်းသားလေးကိစ္စကို အလျင်စလို လုပ်ဖို့ မလိုတော့ပါဘူး၊ မလိုတော့ပါဘူး”
ဘေးတွင် ရပ်နေသော တိုင်းပြည်ကို ကိုယ်စားပြုသော မင်းသားသည် ကွယ်လွန်သူ ဧကရာဇ်၏အငယ်ဆုံးညီ ဖြစ်သည်။ လော့ရှင်းယွမ်၏ ဦးလေးငယ် ဖြစ်ပြီး အသက် သုံးဆယ်ကျော် လေးဆယ်တွင် ရှိနေသည်။ စိတ်ကလည်း သွက်လက်သည်။ ဝတ်ရုံကို ဖုံးထားရင်း ဘေးတွင် တီးတိုး ပြောသည်။
“အမွေခံကို အလျင်စလို ရွေးချယ်ဖို့ မလိုဘူးဆိုတာ မှန်တယ်။ မယ်တော်ကြီးရဲ့ ပိုးသားစာက တကယ်ပဲ ကြီးမားတဲ့ အမှားပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ရဲ့ သွေးသားရင်းမိခင်ပဲ။ အပန်းဖြေနန်းတော်မှာ ချုပ်နှောင် ထားတာ ဘယ်လိုလုပ် ကောင်းမွန်တဲ့ ကိစ္စ ဖြစ်မလဲ။ မယ်တော်ကြီး ခဏတာ စိတ်ရှုပ်ထွေး သွားတာ၊ လူကို ပြန်ခေါ်ပြီး ဧကရာဇ် ရှေ့မှာ အမှားဝန်ခံ၊ ပိုးသားစာကို မီးရှို့လိုက်ရင် သားအမိ ပြန်လည် သင့်မြတ်ပြီး အခုလို မပြတ်မသား အခြေအနေထက် ပိုကောင်းတာပေါ့”
သူသည် အသံ မကျယ်မကျယ်ဖြင့် တီးတိုး ပြောသည်။ “ဧကရာဇ်က မိဖုရား တင်မြှောက်တော့မယ်၊ မယ်တော်ကြီးကို ပြန်ခေါ်ပြီး အခမ်းအနားကို ကြည့်ဖို့ မဖိတ်ခေါ်လို့ ဖြစ်ပါ့မလား”
114 02
လက်ယာအမတ်ကြီး ချန်ကျင်းယီကိုလည်း နာမည်တပ်၍ ခေါ်သည်။ “အမတ်ကြီးချန်၊ လွန်ခဲ့တဲ့ နှစ်ရက်က ဒီလို ဆွေးနွေးခဲ့တာ မဟုတ်ဘူးလား။ ဒီနေ့ အရှင်မင်းကြီးရှေ့မှာ အမတ်ကြီးချန် ဘာလို့ စကား မပြောတော့တာလဲ”
ကျစ်ချန်နန်းဆောင် အတွင်း တိတ်ဆိတ်နေသည်။
ချန်ကျင်းယီ ပါးစပ်ပိတ်ထားသည်။
ခရမ်းရောင် မီးခိုးများကြားတွင် ပလ္လင်ပေါ်မှ နဂါးပလ္လင်၏ အမြင့်မှ သိမ်မွေ့သော၊ ဖြည်းညှင်းသော အသက်ရှူသံသာ ဝိုးတိုးဝါးတား ကြားနေရသည်။
လော့ရှင်းယွမ်သည် စဉ်းစားလျက် လက်မပေါ်ရှိ နဂါးရုပ်ပါ ကျောက်စိမ်းလက်စွပ်ကို ဖြည်းဖြည်းချင်း ပွတ်သပ်သည်။
နောက်ဆုံးတွင် တိုတိုတုတ်တုတ် ပြောလိုက်သည်။ “ဒီနေ့ ဆွေးနွေးတာ ဒီအထိပဲ။ ကျန်းမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတယ်”
ခရမ်းရောင်ဝတ်စုံ ဝတ်ထားသော အရေးပါသည့် အမတ်များစွာနှင့် တော်ဝင်မျိုးနွယ် မင်းသားများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြကာ တီးတိုး ပြောဆို ဆွေးနွေးနေကြသည်။
လူအနည်းငယ်သည် မေဝမ့်ရှူးထံ လာရောက်ပြီး ဧကရာဇ်၏ လူယုံအမတ်၏ ပါးစပ်မှ အရှင်မင်းကြီး၏ စိတ်သဘောထားကို စုံစမ်းစမ်းသပ်လိုကြသည်။
မေဝမ့်ရှူးသည်လည်း ပါးစပ်ပိတ်ထားသည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက် ရှောင်ကွေ့ယွမ် မောဟိုက်စွာ ပြေးလာသည်ကို မြင်ရသည်။ “အရှင်မင်းကြီးက မေပညာရှိအမတ်ကို ခေါ်လိုက်တယ်”
မေဝမ့်ရှူး ကျစ်ချန်နန်းဆောင် အတွင်းခန်းထဲသို့ ပြန်ဝင်သွားသည်။ ပထမဆုံး စကားမှာ၊
“မယ်တော်ကြီးကို ပြန်ခေါ်လို့ လုံးဝ မဖြစ်ပါဘူး။ ဧကရာဇ်နဲ့ မိဖုရားရဲ့ မင်္ဂလာပွဲမှာ ကြီးမြတ်သော တော်ဝင်မှူးမတ် လာရောက်ပါက လုံလောက်ပါတယ်။ အပြင်ကိုတော့ မယ်တော်ကြီးက ဖျားနာလို့ အနားယူနေကြောင်းသာ ပြောပါ”
လော့ရှင်းယွမ်၏ မျက်လုံးထဲတွင် ပျော်ရွှင်သော အပြုံး ပေါ်လာသည်။ ခေါင်းလှည့်ကာ ဘေးရှိ နေရာချပေးထားသော ယဲ့ချန်းကော်ကို ပြောသည်။
“ယဲ့အမတ်ကြီး ကြားလား။ မင်းတပည့်ရဲ့ အကြံက ကျန်း ခုနက ပြောတဲ့ အတိုင်းပါပဲ”
ယဲ့ချန်းကော် စိတ်ခံစားမှု ရှုပ်ထွေးနေသည်။ သက်ပြင်းချကာ စကားကို လမ်းလွှဲလိုက်သည်။
“မယ်တော်ကြီး အခမ်းအနားကို ရောက်မရောက် နောက်မှ ပြောကြတာပေါ့။ အရင်ဆုံး တိုင်းပြည်အမွေခံ ကိစ္စကို ဆွေးနွေးကြပါဦး”
နှစ်သစ်ကူး ကာလက မိဖုရား ရွေးချယ်ရေး လျှောက်လွှာသည် ဧကရာဇ်၏ ရူးသွပ်သော ရောဂါကို ဖြစ်ပေါ်စေခဲ့သည်ဟု သတင်းရှိသဖြင့် သူသည် စိတ်ဖိစီးလွန်းသဖြင့် ခဏတာ တွေဝေနေပြီး ထို အရေးကြီးသော စကားလုံးနှစ်ခုကို မပြောရဲပေ။
လော့ရှင်းယွမ်သည် ယဲ့အမတ်ကြီး၏တွေဝေမှုကို သိလိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
“မင်း နှစ်ယောက်ကို ချန်ထားခဲ့တာ မိဖုရား ရွေးချယ်ရေးကိစ္စကို ဆွေးနွေးဖို့ပါပဲ”
ဧကရာဇ် ရှေ့တွင် ထိုင်ခုံ ချပေးထားသည်။ ထုံးစံအတိုင်း လက်ဖက်ရည် ပေးသည်။
114 03
မေဝမ့်ရှူးသည် ပူနွေးသော လက်ဖက်ရည်ခွက်ကို ကိုင်ရင်း စဉ်းစားသည်။ ဧကရာဇ်၏ သဘောထားသည် ပုံမှန်နှင့် မတူဘဲ အလွန် လျင်မြန်စွာ ပြောင်းလဲနေသည်...
ဒီအထိ စဉ်းစားနေတုန်း နာမည် တပ်ခေါ်ခြင်း ခံလိုက်ရသည်။
“မိဖုရား ရွေးချယ်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဓလေ့ထုံးတမ်းဌာနကိစ္စ ဖြစ်ပေမဲ့လည်း ရွှယ်ချင့်ကလည်း အလွန်ကျွမ်းဝင်လိမ့်မယ်။ ပထမ အဆင့်အနေဖြင့် ပဉ္စမအဆင့် မြို့တော် အရာရှိ အထက်မှ အရာရှိများ၏ သမီးတွေကို အသွင်အပြင်နဲ့ အကျင့်စရိုက် ကောင်းမွန်တဲ့ သူတွေကို ရွေးချယ်ရတာ မဟုတ်လား”
မေဝမ့်ရှူး ထရပ်၍ ပြောသည်။ “မှန်ပါတယ်။ မူလရွေးချယ်မှုမှာ ပါဝင်သူ မျိုးရိုးမြင့် မိန်းကလေးများက ကိုယ်တစ်ဝက်ပုံကို ပန်းချီဆရာများဖြင့် ရေးဆွဲရပါမယ်”
လော့ရှင်းယွမ် ခေါင်းညိတ်ပြီး ယဲ့ချန်းကော်ကို ပြောသည်။ “ဒီကိစ္စကို အမြန်ဆုံး စတင် လုပ်ဆောင်နိုင်ပါတယ်”
ယဲ့ချန်းကော်သည် အလွန်စိတ်လှုပ်ရှားသွားသည်။ လေးလေးနက်နက် ထရပ်၍ အမိန့်ကို ခံယူပြီး မျက်ရည်ကို သုတ်သည်။ “အရှင်မင်းကြီး အသက် နှစ်ဆယ့်တစ်နှစ် ရှိပြီ၊ တကယ်ပဲ အလျင်အမြန် စီစဉ်သင့်ပြီ။ ကျွန်တော်မျိုး ဓလေ့ထုံးတမ်းဌာနက လူတွေနဲ့အတူ လွန်ခဲ့တဲ့ နှစ်တွေကတည်းက လူရွေးချယ်တာ၊ ပုံတူများ ရေးဆွဲတာကို ဆက်တိုက် လုပ်ဆောင်ခဲ့တယ်။ ပုံတူ တစ်ရာကျော် ရှိနေပြီ။ မနက်ဖြန် တင်ပြပါ့မယ်”
လော့ရှင်းယွမ် ပြုံးလိုက်သည်။ သဘောတူခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိဘဲ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
“ဒီပုံတူတစ်ရာကျော်က မြို့တော်က မျိုးရိုးမြင့် မိန်းကလေးတွေလား။ မြို့တော် အရာရှိမိသားစုက လူတွေ မြို့တော်မှာ မရှိဘူးဆိုရင်လည်း ရွေးချယ်ဖို့ စာရင်းထဲမှာ ပါသေးလား”
ယဲ့ချန်းကော်သည် ဝမ်းသာနေသော်လည်း တစ်ချိန်တည်းမှာပင် မမှန်ကန်သည်ကို ခံစားမိသည်။ သတိထား၍ ထပ်မံ မေးသည်။ “စည်းမျဉ်းအရဆိုရင် မြို့တော် အရာရှိ မိသားစုဝင်တွေ မြို့တော်မှာ ရှိသင့်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးမှာ သဘောကျတဲ့သူ ရှိပြီး မြို့တော်မှာ မရှိဘူးဆိုရင်...”
လော့ရှင်းယွမ် လက်ဝှေ့ယမ်းသည်။ “မွေးရပ်မြေမှာ နေတဲ့ မိန်းကလေးတွေကို မျက်နှာတောင် မမြင်ဖူးဘဲ ဘယ်လို သဘောကျတဲ့သူ ရှိနိုင်မှာလဲ။ ကျန်းက ရိုးရိုးလေးပဲ...”
သူသည် ပေါ့ပေါ့ပါးပါး ပြောသည်။ “ကျန်းက အခုမှ အမျိုးသမီးတွေရဲ့ ကောင်းကျိုးကို သိတာ။ မေးခွန်း တစ်ခု ပိုမေးလိုက်ရုံပါပဲ”
ပြောပြီးနောက် အောက်တွင် တိတ်ဆိတ်စွာ လက်ဖက်ရည် ကိုင်၍ နားထောင်နေသော မေဝမ့်ရှူးကို ကြည့်သည်။ သူမသည် ရှက်ရွံ့သော အမူအရာ မရှိဘဲ နားထောင်ပြီးနောက် ခေါင်းငုံ့ကာ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
လော့ရှင်းယွမ် စိတ်ထဲတွင် မကောင်းသော စိတ်ကူး ပေါ်လာသည်။ စကားကို ရုတ်တရက် လှည့်လိုက်ပြီး ဆက်ပြောသည်။
“ပြောရရင် ရွှယ်ချင့်ရဲ့ အိမ်မှာ ညီမအရင်း တစ်ယောက် ရှိသေးတယ် မဟုတ်လား။ အခုထိ အိမ်ထောင် မပြုသေးဘူး။ သူလည်း မြို့တော် အရာရှိမိသားစုဝင် တစ်ယောက်ပဲ။ ကျန်း စဉ်းစားနေတာ...”
114 04
စကားတစ်ဝက်တွင် မေဝမ့်ရှူး လက်ဖက်ရည် သောက်သော အမူအရာ ရပ်တန့်သွားသည်။
အောက်သို့ ငုံ့ထားသော မျက်လုံးများ ရုတ်တရက် မြှင့်လိုက်သည်။ ပလ္လင်ပေါ်မှ ခရမ်းရောင် အငွေ့အသက်များ ရစ်ဝဲနေသော နဂါးပလ္လင်ကို စူးစိုက်ကြည့်သည်။ (ခရမ်းရောင်အငွေ့အသက် ဆိုတာက အရှိန်အဝါကြီးတာကို ဖော်ပြတာမျိုးပါ)
“ကျွန်တော်မျိုးရဲ့ညီမအရင်းက ရောဂါကြောင့် အိမ်ထောင်ပြုမယ့် အချိန်ကို နောက်ကျခဲ့တယ်။ အသက်က နှစ်ဆယ့်ငါးနှစ်ကျော်နေပြီ။ ရွေးချယ်ပွဲ ဝင်ဖို့ စည်းကမ်းနဲ့ မကိုက်ညီပါဘူး”
လော့ရှင်းယွမ် နှုတ်ခမ်းထောင့်တွင် ဝိုးတဝါး အပြုံးတစ်ခု ဆင်ထားသည်။
“ရွှယ်ချင့် ဘာကို ကြောက်နေတာလဲ။ ကျန်းက မင်းရဲ့ညီမကို အတင်းအကျပ် လက်ထပ်ဖို့ ကြိုးစားနေတယ် ထင်နေလား။ ယဲ့အမတ်ကြီး ရှေ့မှာ ကျန်း ဒီလို စိတ်မနှံ့သော ဧကရာဇ်ရဲ့ အပြုအမူမျိုး လုပ်မှာ မဟုတ်ပါဘူး”
မေဝမ့်ရှူး လက်ဖက်ရည်ခွက်ကို ကိုင်ရင်း စိတ်ငြိမ်သက်စွာ ပြန်ဖြေသည်။
“အရှင်မင်းကြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုပ်ခဲ့တဲ့ ကိစ္စတွေက တစ်ခုချင်းစီတိုင်း ကောင်းမွန်သော ဧကရာဇ်ရဲ့ အပြုအမူ မဟုတ်ပါဘူး။ ဆရာယဲ့ ရှေ့မှာ ကျွန်တော်မျိုး မပြောတော့ပါဘူး”
လော့ရှင်းယွမ်: “...”
ယဲ့ချန်းကော်၏ အံ့အားသင့်သော အမူအရာကို မမြင်ယောင်ဆောင်ပြီး လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် စကားကို ထပ်မံ လှည့်လိုက်သည်။ “ရွှယ်ချင့်အိမ်က ညီမရဲ့ လက်ထပ်မယ့်သူ က အခု မြို့တော်မှာ ချုပ်နှောင် ခံထားရတယ် မဟုတ်လား”
ယဲ့ချန်းကော် ထပ်မံ အံ့အားသင့်သွားသည်။
မိသားစု ဆွေမျိုးသားချင်းများသည် အမြဲတမ်း နက်နဲစွာ ချိတ်ဆက်နေသည်။ ဂုဏ်ကျက်သရေ အတူတူ ဆုံးရှုံးမှု အတူတူ ဖြစ်သည်။ သူသည် မထိုင်နိုင်တော့ဘဲ စိုးရိမ်တကြီး မေးသည်။
“ဘယ်လို ပြောတာလဲ။ မေမိသားစုရဲ့ ဆွေမျိုးက ပြစ်မှု တစ်ခုခု ကျူးလွန်ခဲ့တာလား”
လော့ရှင်းယွမ်သည် နှစ်လိုဖွယ်ရာ အမူအရာဖြင့် ရှင်းပြသည်။
“ဒီမေမိသားစုရဲ့ ဆွေမျိုး အမတ်ယွီနဲ့ ပတ်သက်တဲ့ အမှုက စုံစမ်းပြီးသွားပြီ။ သူက မကြာခင်မှ ရာထူး ရယူထားတာမို့ ပါဝင်ပတ်သက်မှု မရှိဘူး။ ရက်အနည်းငယ်အတွင်း ပြန်လွှတ်ပေးပြီး မွေးရပ်မြေကို ပြန်ခိုင်းပါ့မယ်”
“ဒါပေမဲ့ ချုပ်နှောင်ထားတုန်း ကျန်း လူတွေကို နည်းနည်း စမ်းသပ် ခိုင်းခဲ့တယ်။ ယဲ့အမတ်ကြီး... ကျန်း ထင်တယ်၊ ဒီလူက မေမိသားစုအတွက် ကောင်းမွန်တဲ့ သတို့သား မဟုတ်ဘူး”
***
(ဘာသာပြန်သူ: အင်းပါ ဘျင်ကြီးရယ် ရှင်ကမှ ကောင်းမွန်တဲ့ သတို့သားပါလို့၊ ဟမလေး… သူများ စေ့စပ်ပွဲကို ဖျက်ဖို့ ကြံစည်နေတာကြီး)
******