← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

122 01

အခန်း 122

ပုံစံတူ အမိန့်တော်နှစ်စောင်သည် မတူညီသော ဘဝလမ်းနှစ်ခုကို သတ်မှတ်လိုက်ကြသည်။

မေဝမ့်ရှူးသည် တိတ်ဆိတ်စွာ တွေးတောရင်း ပထမဆုံးသော နန်းတော်ဝင် အမိန့်တော်ကို လက်ချောင်းထိပ်ဖြင့် ပွတ်သပ်ကာ ဆုပ်ကိုင်လိုက်ပြီး...

လက်ကို မြှောက်၍ မီးဖိုထဲသို့ တည့်တည့် ပစ်ထည့်လိုက်သည်။

တဟုန်းဟုန်း တောက်နေသော မီးလျှံများသည် အဝါရောင်ပိုးသားကို ဟပ်ပြီး ခဏချင်းအတွင်း မီးတောက်များ ထိုးတက်သွားသည်။

သူမ၏ လုပ်ရပ်သည် လော့ရှင်းယွမ် ထင်ထားသည်နှင့် မကွဲပြားခဲ့ချေ။

အမိန့်တော်ကို သူ့ရှေ့မှောက်တွင် ဖျက်ဆီးလိုက်သော်လည်း သူက အနည်းငယ်ပင် ပြုံးပြလိုက်သေးသည်။ “မင်းက အနောက်ဆောင်မှာ ကျေနပ်မယ့်သူ မဟုတ်ဘူးဆိုတာ ကျန်း ကြိုသိပြီးသား။ ကောင်းပြီ၊ ဒါဆို နွေဦးရောက်ရင် ရာထူးတိုး အမိန့်တော်ကို ထုတ်ပြန်ပြီး မင်းကို ကျန်းရဲ့ မေအမတ်ချုပ် အဖြစ် ခန့်မယ်...”

စကားပင် မဆုံးသေး၊ မေဝမ့်ရှူးက လက်တစ်ဖက်ကို မြှောက်ကာ ဒုတိယမြောက် အမိန့်တော်ကိုပါ မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်ကို တွေ့လိုက်ရသည်။

မီးဖိုထဲတွင် မီးတောက်များ အရှိန်မြင့်တက်လာကာ အမိန့်တော် နှစ်စောင်စလုံးကို လောင်ကျွမ်းသွားစေသည်။

“ကျွန်တော်မျိုး နန်းတွင်း အနောက်ဆောင်ကို ဝင်ဖို့ စိတ်မရှိသလို၊ နန်းတော်ထဲက အမတ်နေရာကိုလည်း စိတ်ကုန်နေပါပြီ”

မေဝမ့်ရှူးသည် တရွရွ ကခုန်နေသည့် မီးတောက်ကို ကြည့်ရင်း ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“ကျွန်တော်မျိုး အစကတည်းက မြို့တော်ကို လာတုန်းက အကြီးမားဆုံး ဆန္ဒက မေမျိုးနွယ် တစ်ခုလုံးကို ကာကွယ်ဖို့ပါပဲ”

“အိမ်ပြန်ပြီးတော့ မိဘဆွေမျိုးတွေရဲ့ အေးချမ်းတည်ငြိမ်တဲ့ နေထိုင်မှုကို မြင်ရတဲ့အခါ ကျွန်တော်မျိုး စိတ်ချမ်းသာရတယ်... ဒါပေမဲ့ နန်းတော်ကို ပြန်ဝင်ပြီး၊ နေ့စဉ်နဲ့အမျှ တွက်ချက်ကြံစည်မှုတွေထဲမှာ နစ်မြုပ်ဖို့အထိတော့ ရည်မှန်းချက်ကြီးကြီး မရှိတော့ပါဘူး”

သူမသည် မျက်နှာလွှဲလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ထိုသူ၏ အမူအရာကို မကြည့်ဘဲ တိုးတိုးလေး ပြောလိုက်သည်။

“မြို့တော်ရဲ့ အစိုးရအဖွဲ့ထဲမှာ ကျွန်တော်မျိုး အတော်ကြာ နေခဲ့ပါပြီ။ ဒီလိုနေ့ရက်တွေကို ကျွန်တော်မျိုး ပင်ပန်း နွမ်းနယ်နေပါပြီ”

မျက်နှာချင်းဆိုင်မှ လော့ရှင်းယွမ်သည် ထရပ်လိုက်သည်။

တိတ်ဆိတ်စွာပင် သူမ၏ လက်ကို ဆွဲယူကာ လက်ဖဝါးအတွင်း တင်းတင်းဆုပ်ကိုင်လိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်သည်။

ထို့နောက် ခန္ဓာကိုယ်ကို ရှေ့သို့ ငုံ့ကိုင်းကာ မီးဖိုအလယ်ရှိ သစ်သားဝင်ရိုးတံကို ဆွဲထုတ်လိုက်ပြီး တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသည့် အမိန့်တော်ကို ပြန်ဆွဲထုတ်သည်။ မြေပြင်ပေါ် ခေါက်၍ မီးငြှိမ်းလိုက်ပြီး သူမရှေ့တွင် ပြန်လည်ဖြန့်ချလိုက်သည်။

122 02

“နန်းတော်ကို စိတ်မဝင်စားဘူး၊ မေအမတ်ချုပ်လည်း မလုပ်ချင်ဘူးဆိုရင် ရတယ်။ ဒါဆို အနောက်ဆောင်ကို ဝင်။ တိုင်းပြည်ရဲ့ မိခင် လုပ်ပြီး ကျန်းရဲ့ ဧကရီမေပဲ လုပ်တော့”

မေဝမ့်ရှူးသည် မီးလောင်ထားသည့် အမိန့်တော်နှစ်စောင်ရှေ့တွင် ဒူးထောက်ထိုင်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်လုံးမှ ပြန်မပြောပေ။

လော့ရှင်းယွမ်၏ သဘောထားမှာ အလွန် ပြတ်သားနေသည်။

“အမိန့်တော်ဆိုတာ ကျန်းဆီမှာ အများကြီးရှိတယ်။ တစ်စောင် လောင်သွားရင် နောက်တစ်စောင် ပြန်ရေးလို့ရတယ်။ ဒါပေမဲ့ ရွှယ်ချင့် မင်းရှေ့မှာ လမ်းနှစ်သွယ်ပဲ ရှိတယ်”

“အစက မင်းမှာ အမိန့်တော်ကို နာခံပြီး နန်းတော်ဝင်ဖို့ လမ်းတစ်သွယ်တည်းသာ ရှိခဲ့တာ။ မင်း မြို့တော်ကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လာခဲ့လို့သာ အခုမှ နန်းတော်အမတ်အဖြစ် ဒုတိယလမ်းဆိုတာ ပေါ်လာတာ”

“မင်းရှေ့မှာ တတိယလမ်းဆိုတာ လုံးဝ ရှိလာမှာ မဟုတ်ဘူး”

“မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ သေချာ စဉ်းစားပြီးမှ ပြန်ဖြေ...”

မပြီးဆုံးသေးသော ခြိမ်းခြောက်စကားကို စကားလုံးနှစ်လုံးဖြင့် ဖြတ်တောက်လိုက်သည်။

ယနေ့ အနောက်နန်းဆောင် အတွင်း တွေ့ဆုံမှုတွင် မေဝမ့်ရှူးသည် ဧကရာဇ်၏ နာမည်ကို ပထမဆုံးအကြိမ် တိုက်ရိုက်ခေါ်ဝေါ်ပြောဆိုလိုက်သည်။

“ရှင်းယွမ်” သူမသည် တိုးတိုးလေး ဆိုလိုက်သည်။ “ကျွန်တော့်ကို မဖိအားပေးပါနဲ့”

“အမိန့်တော်ကို မီးဖိုထဲက ပြန်ကောက်လို့ ရနိုင်ပေမဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး”

“ကျွန်တော်မျိုးရဲ့ စိတ်သဘောထားကို ဧကရာဇ် သိပါတယ်။ ပြောသင့်တာ အားလုံးကို ကျွန်တော်မျိုး ပြောပြပြီးပြီ။ ဧကရာဇ်က ဆက်ပြီး ဖိအားပေးနေမယ်၊ ကျွန်တော်မျိုးကို လမ်းမရှိအောင် လုပ်နေမယ်ဆိုရင်...”

သူမသည် တစ်ဝက်တစ်ပျက် မီးလောင်ကျွမ်းနေသည့် အမိန့်တော်ကို လက်ချောင်းထိပ်ဖြင့် ပြန်ပွတ်သပ်ပြီး မီးခိုးပြာအမဲများကို ပွတ်ချလိုက်ကာ ညှင်သာစွာ စကားတစ်ခွန်းကို ပြောလိုက်သည်။

“ဆက်ဖြစ်လာမှာကတော့ အိုးမကွဲရေမယို မဖြစ်ဘဲ မြေအိုးကွဲတာပဲ ဖြစ်သွားလိမ့်မယ်။ ဒါမှမဟုတ် အလှပန်းအိုးလို အသက်ရှင်နေရတာထက် ကျောက်မျက်တစ်စအဖြစ် သေသွားတာက ပိုမြတ်တယ် ဆိုတာမျိုး ဖြစ်သွားလိမ့်မယ်”

သူမ၏ မျက်နှာချင်းဆိုင်တွင် ခန့်ညားသော နဂါးပုံပါ အင်္ကျီဝတ်ထားသည့် ဧကရာဇ်သည် ချက်ချင်း အသံတိတ်သွားသည်။

လော့ရှင်းယွမ်၏ မပြီးဆုံးသေးသော ခြိမ်းခြောက်စကားများသည် လည်ချောင်းထဲတွင် နစ်မြုပ်သွားခဲ့ရသည်။

122 03

စားပွဲအောက်ရှိ လက်ချောင်းများသည် လက်သီးဆုပ်အဖြစ် ကွေးညွတ်သွားသည်။

အချိန်အတော်ကြာမှ ခြောက်ကပ်စွာ ပြန်ဖြေလိုက်သည်။

“ကျန်း မလုပ်ပါဘူး...” ထိုစကားကို ဆိုပြီးနောက်တွင် တခြားကျန်သည့် စကားလုံးများကို ပြန်မျိုချလိုက်ကာ ဆက်မပြောတော့ပေ။

တိတ်ဆိတ်ပြီး လူသူရှင်းလင်းနေသော အနောက်ဆောင်အတွင်း၌ မေဝမ့်ရှူးသည် မီးညှပ်ကို ကောက်ယူကာ တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသည့် အမိန့်တော်နှစ်စောင်ကို ခွဲထုတ်လိုက်ပြီး အဝါရောင်ပိုးထည်ပေါ်တွင် ကျန်ရှိနေသော စာလုံးအချို့ကို ဖော်ထုတ်လိုက်သည်။

“ရှင်းယွမ်” သူမသည် အေးဆေးစွာ ထောက်ပြသည်။ “ခုနက အပြင်ဘက် စင်္ကြံမှာ ဧကရာဇ်ပြောခဲ့သေးတယ်။ အရင်က မှားခဲ့တာတွေကို ဘယ်တော့မှ ထပ်မမှားတော့ဘူးတဲ့”

“ဒါပေမဲ့ ကျွန်တော်မျိုး မြင်တာကတော့ ဧကရာဇ်ဟာ အချိန်တိုင်း အရင်က အမှားတွေကိုပဲ ထပ်ခါတလဲလဲ ကျူးလွန်နေတာပါပဲ”

လော့ရှင်းယွမ်၏ အကြည့်သည် မယုံကြည်နိုင်စွာ ချက်ချင်း ရောက်ရှိလာသည်။

“ဘယ်အမှားကိုလဲ”

မေဝမ့်ရှူးသည် မီးညှပ်ဖြင့် မီးလောင်ထားသော အမိန့်တော်မှ စကားလုံးများကို ထောက်ပြသည်။

“အမိန့်တော်ဆိုတာ အမြင့်ဆုံး ဘုရင်အာဏာကို ကိုယ်စားပြုတယ်။ အမိန့်တော်တစ်စောင် ထုတ်ပြန်လိုက်ပြီ ဆိုတာနဲ့ ပုန်ကန်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်သင့်မှာပဲ။ အမိန့်တော်ထဲက စကားလုံးတိုင်းဟာ ဧကရာဇ်က အမတ်အပေါ်ထားတဲ့ အရှိန်အဝါနဲ့ ခြိမ်းခြောက်မှုတွေပဲ”

သူမသည် မီးညှပ်ကို ချလိုက်ပြီး ကိုယ်ကို မတ်မတ် ထိုင်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ သူကို တည့်တည့်ကြည့်လိုက်သည်။

“ရှင်းယွမ်… ကျွန်တော်မျိုးက မြို့တော်ထဲမှာ ရှိနေပါတယ်။ ဧကရာဇ် ဒီအမိန့်တော် နှစ်စောင်ကို ပြင်ဆင်နေတုန်းက ကျွန်တော်မျိုးကို ဆန္ဒရှိရဲ့လားလို့ တစ်ခွန်းလောက် မေးဖို့ မစဉ်းစားမိဘူးလား”

လော့ရှင်းယွမ်သည် တိတ်ဆိတ်စွာပင် လက်ကိုမြှောက်၍ မျက်လုံးများကို ကာလိုက်သည်။

တောက်ပသော မီးရောင်ကို ကာလိုက်သလို၊ မျက်နှာချင်းဆိုင်မှ စူးစမ်းမေးမြန်းနေသော အကြည့်ကိုပါ ဖုံးကွယ်လိုက်သည်။

ကျယ်ဝန်းပြီး ထူထဲသော နဂါးဝတ်စုံ လက်ဖျားနောက်မှ ခါးသီးစွာ ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။

ရယ်သော်လည်း ထိုရယ်သံသည် ကိုယ့်ကိုယ်ကို စွန့်ပစ်လိုက်သော စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

“တစ်ယောက်နဲ့တစ်ယောက် အသိဆုံးကိစ္စကို ကျန်းက ဘာလို့ မင်းကို မေးရမှာလဲ”

“အရာရာတိုင်းကို ကျန်းက အတင်းအကျပ် ဖိအားပေးခဲ့ရတာပဲ။ မင်းက ဘယ်တုန်းကမှ တစ်ဝက်တစ်ပျက်တောင် ပြန်တုံ့ပြန်ခဲ့ဖူးလို့လဲ”

122 04

“ကျန်း နန်းဆက်ပျက်မှာ စိုးလို့ မင်းဆရာနဲ့ ပူးပေါင်းပြီး မိဖုရားရွေးပွဲကို အားတက်သရော ကူညီခဲ့တာ”

“ကျန်းကို ရောဂါကုဖို့ မေအိမ်တော် စံအိမ်ငယ်ကို အနားယူဖို့ ပြောပြီး၊ အဲဒီအိမ်ထဲကို အားယွင်ကို လှမ်းထည့်ပေးခဲ့တာ”

“ဟား... ကျန်းကို ရှောင်ဖို့ဆိုပြီး မွေးရပ်မြေကို ပြန်ပြီး သေဟန်ဆောင်ခဲ့တာ...”

“ကျွန်တော်မျိုး ဆရာကို မိဖုရားရွေးဖို့ တစ်ခါမှ မကူညီခဲ့ပါဘူး” မေဝမ့်ရှူးသည် သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ဆန့်ကျင်ဘက်ပါပဲ၊ ဧကရာဇ်က မလိုချင်လို့ ကျွန်တော်မျိုး ဆရာကို အကြိမ်များစွာ တားဆီးခဲ့တာ။ ဒါပေမဲ့ ဆရာက ကျွန်တော်မျိုး စကားကို နားမထောင်ခဲ့တာပါ”

“အားယွင်ကိစ္စကလည်း ဧကရာဇ်က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး စိတ်အနာတရ ဖြစ်နေတယ်လို့ ကျွန်တော်မျိုး ထင်ခဲ့လို့ပါ။ နူးညံ့ပြီး အသက်ကြီးတဲ့ အမျိုးသမီးတစ်ဦးကို ရွေးချယ်ပြီး ဧကရာဇ်နဲ့ ရင်းနှီးစကားပြော၊ အဲ့ဒီစိတ် အနာတရကို ဖြေဖျောက်စေချင်ရုံ သက်သက်ပါ။ အဲ့ဒီအတွက် အထူးသဖြင့် မုဆိုးမကိုတောင် ရွေးချယ်ခဲ့တာ။ ဧကရာဇ်က နောက်ဆက်တွဲ ကိစ္စတွေကို လုပ်မယ်ဆိုတာ ဘယ်သိမလဲ”

သူမသည် ကိုယ့်ကိုယ်ကို ပြန်လှောင်ပြုံးလိုက်သည်။ “သိခဲ့ရင် ပိုအသက်ကြီးတဲ့ အဒေါ်ကြီးတစ်ယောက်ကို ရွေးခဲ့သင့်တာ”

“မွေးရပ်မြေကိုပြန်ပြီး သေဟန်ဆောင်တဲ့ကိစ္စကတော့...” သူမသည် လက်ကိုမြှောက်ကာ နားထင်ကို နှိပ်နယ်လိုက်ရင်း ခေါင်းကိုက်သလို ဖြစ်သွားသည်။

“ကျွန်တော်မျိုး အဲ့ဒီတုန်းက စိတ်ပျက်အားငယ်ပြီး မေအမတ်မင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို မြေမြှုပ်ပစ်ချင်ရုံ သက်သက်ပါ။ ကျန်တဲ့ဘဝကို ငြိမ်းချမ်းစွာ ဖြတ်သန်းချင်ခဲ့တာ။ ဧကရာဇ်ကို ရှောင်ဖို့လားဆိုရင်... ဟုတ်ပါတယ်၊ ဒါပေမဲ့ ဧကရာဇ် ထင်နေတဲ့ပုံစံမျိုးနဲ့ ရှောင်တာ မဟုတ်ပါဘူး။ အဲ့ဒီတုန်းက ကျွန်တော်မျိုး ဘာမှ မသိခဲ့...”

နားထင်ကို နှိပ်နယ်နေသည့် လက်ကို ရုတ်တရက် ဆွဲဆုပ်လိုက်သည်။

++++++

All Chapters