← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

123 01

အခန်း 123

လော့ရှင်းယွမ်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ခန္ဓာကိုယ်သည် ကျယ်ပြန့်သော စားပွဲကို ကျော်လွန်ကာ ရုတ်တရက် ရှေ့သို့ ငုံ့ကိုင်းပြီး သူမ၏ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ခါးတွင်ချိတ်ထားသည့် ကျောက်စိမ်းဆွဲသီးသည် တချွင်ချွင် မြည်သွားသည်။

“ဟုတ်တယ်၊ မင်းက အဲ့ဒီတုန်းက ကျန်းရဲ့ စိတ်ရင်းကို မသိခဲ့ဘူး...”

လော့ရှင်းယွမ်သည် ရေရွတ်နေသည်။ အမှောင်ထုထဲတွင် ပိတ်မိပြီး ပတ်ချာလည် လည်နေသည့် သားရဲတစ်ကောင်သည် မြူခိုးတွေကြားက ရုတ်တရက် ခုန်ထွက်လာပြီး အလင်းရောင်ကို မြင်လိုက်ရသလိုပင်။

“မင်း မွေးရပ်မြေကို ပြန်ပြီး သေဟန်ဆောင်တာက စိတ်ပျက်အားငယ်လို့၊ ကျန်းရဲ့ စိတ်ရင်းကို သိပြီး တမင်ရှောင်တာ မဟုတ်ဘူး။ စိတ်ပျက်အားငယ်တယ်ဆိုတာ ကျန်းက မင်းကို မထားချင်တော့ဘူးလို့ ထင်လို့၊ ငှက်ကုန်တော့ လေးကို သိမ်းမယ်လို့ ထင်ခဲ့လို့... မဟုတ်ဘူး၊ ရွှယ်ချင့် အဲဒီလို မဟုတ်ဘူး၊ ကျန်း...”

သူ၏ အသံသည် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ရုတ်တရက် အက်ကွဲသွားသည်။

အသက်ကို ပြင်းပြင်းရှူပြီး အတော်အတန် ငြိမ်သက်သွားအောင် ကြိုးစားလိုက်သည်။ “မင်း ခုနက အပြင်စင်္ကြံမှာ ကျန်းကို စိတ်ရင်းလား၊ ဟန်ဆောင်တာလား မေးတယ်။ အခု ကျန်း ဖြေမယ်။ ကျန်း မင်းအပေါ် ဘယ်တုန်းကမှ...”

မေဝမ့်ရှူးသည် လက်ကိုမြှောက်၍ တားဆီးဟန် ပြလိုက်သည်။

“ခုနက မပြောခဲ့ရင် အခုလည်း ပြောဖို့ မလိုပါဘူး”

သူ၏ အံ့အားသင့်နေသော အမူအရာကို မြင်ရချိန်တွင် မေဝမ့်ရှူးသည် ညှင်သာစွာ ဆိုလိုက်သည်။ “ကျွန်တော်မျိုး စိတ်ရင်းမှန်နဲ့ မြို့တော်ကို အမြန်ဆုံး ပြန်လာခဲ့တာက ရှင်းယွမ်ရဲ့ စိတ်ရင်းမှန်ကို မေးချင်လို့ပါ။ စိတ်ရင်းမှန်နဲ့ တုံ့ပြန်ခဲ့မယ်ဆိုရင် ကျွန်တော်မျိုးလည်း...”

သူမ၏ စကားတစ်ဝက်သည် ထိုနေရာတွင် ရပ်တန့်သွားသည်။ ခေတ္တရပ်နားပြီးနောက် စကားစကို ပြန်စလိုက်ပြီး အေးဆေးစွာ ဆက်ပြောသည်။

“ဧကရာဇ်က ကျွန်တော်မျိုးအတွက် ပြင်ဆင်ထားတဲ့ လမ်းနှစ်သွယ်ကို ကျွန်တော်မျိုး ဖတ်ရှုပြီးပါပြီ။ လူ့စိတ်ကို ချုပ်ကိုင်တာ၊ နေရာတိုင်းမှာ တွက်ချက်ကြံစည်တာတွေကတော့ အလွန် ထူးချွန်ပြောင်မြောက်ပါတယ်လို့ ပြောရမှာပါ”

လော့ရှင်းယွမ်သည် လေးလံသော တူဖြင့် ရိုက်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

123 02

နုပျိုသန်မာသော ခန္ဓာကိုယ်သည် သိသိသာသာ ယိုင်ထိုးသွားပြီး ခွန်အားများအားလုံး ဆုံးရှုံးသွားသလို ဖြည်းညှင်းစွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ထူထဲသော ဝတ်ရုံစသည် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျထိုင်လိုက်သည်။

“ကျန်းမှာ အခွင့်အရေး ရှိခဲ့တယ်လို့ မင်း ပြောချင်တာလား... ဟုတ်လား”

“ရွှယ်ချင့်…”

“စကားလေးတော့ပြောပါ… ရွှယ်ချင့်…”

နောင်တရမှုနှင့် ရူးသွပ်မှုများ ဖုံးလွှမ်းနေသော ဧကရာဇ်သည် ရုတ်တရက် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ပြေးဝင်လာကာ မေဝမ့်ရှူး၏ လက်ကို အားကုန်ဆုပ်ကိုင်လိုက်ပြီး မိမိ၏ လက်ဖဝါးများအတွင်း တင်းတင်းထည့်ထားသည်။

ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော အသံသည် ဖုံးကွယ်မရသော တုန်ယင်မှုများ ပါလာသည်။ “ရွှယ်ချင့်... ဟမ်”

မေဝမ့်ရှူးသည် ပြန်မဖြေပေ။

မျက်လုံးများကို အောက်သို့ ချလိုက်ပြီး မြေပြင်ကိုသာ ကြည့်နေသည်။ မျက်နှာချင်းဆိုင်မှ ကြောက်ရွံ့မှုများပါပြီး မျှော်လင့်ချက်ပါ တစွန်းတစရှိနေသော အကြည့်ကို ရှောင်ဖယ်နေသည်။

သူမ၏ လက်ကောက်ဝတ်ကို တင်းတင်း ဆုပ်ကိုင်ထားသည်ကို ခံနေရသော်လည်း၊ သူမသည် လုံးဝ နှုတ်ဆိတ်နေခဲ့သည်။

အအနောက်ဆောင်သည် အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ လေတိုက်ခတ်သံ သဲ့သဲ့နှင့် မီးဖိုထဲမှ မီးတောက်များ တဖျစ်ဖျစ် လောင်ကျွမ်းသံသာ ရှိနေသည်။

အချိန်ကြာမြင့်ပြီးနောက်...

လော့ရှင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်ပြီး လက်ကို ဖြေလျှော့ကာ ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်ပြီး လက်ဖဝါးဖြင့် မျက်လုံးများကို ပြန်ကာလိုက်သည်။

တိတ်ဆိတ်နေသော အအနောက်ဆောင်တွင် အမှောင်ထု၏ နက်ရှိုင်းသော ခံစားချက်ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားသည့် ဧကရာဇ်သည် ရေရွတ်နေသည်။

“မင်း ကျန်းကို မုန်းသွားပြီ”

“ကျန်း ကိုယ့်ဘာသာကိုယ် လိမ္မာပါးနပ်ချင်ယောင်ဆောင်ပြီး အရာရာကို ဖျက်ဆီးခဲ့တာပဲ”

“ကျန်း အစကတည်းက သိပါတယ်” လော့ရှင်းယွမ်သည် အက်ကွဲသောအသံဖြင့် ဆိုသည်။ “ဘယ်လိုပဲ ချော့မော့ပါစေ၊ တောင်းပန်ပါစေ၊ ဖိအားပေးပါစေ ပိုပြီး ဆိုးရွားလာရုံပဲ... မင်း... နောက်ဆုံးတော့ ကျန်းဆီက ထွက်သွားမှာပဲ”

“ကျန်းရဲ့ ဒီဘဝတစ်လျှောက်လုံးမှာ လူအများအထက်မှာ နေရတယ်၊ အသက်ကို သတ်ပိုင်ခွင့်၊ ပေးပိုင်ခွင့် ရှိတယ်လို့ ထင်ရပေမဲ့... ငယ်ငယ်ကတည်းက ကျန်း ဘာကိုပဲ လိုချင်လိုချင်၊ ဘယ်လိုပဲ ငိုငို၊ ဘယ်လိုပဲ တောင်းတောင်း၊ ဘယ်တော့မှ ကျန်း ဖြစ်ချင်တာ မဖြစ်ခဲ့ဘူး... ကျန်း အပေါ်ကို ကောင်းမွန်ခဲ့တဲ့ ခမည်းတော် ဧကရာဇ်ဟာ စောစောစီးစီး ဆုံးပါးသွားတယ်။ မိခင်ဖြစ်တဲ့ မယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကတော့... လုံးဝမရှိခဲ့ဘူး။ ကောင်းတာမှန်သမျှ အစ်ကိုဟာတွေ ဖြစ်ကုန်တယ်... ကျန်း မလိုချင်တာတွေကိုတော့ ဘယ်လိုပဲ ငိုငို၊ ဘယ်လိုပဲ ရှောင်ရှောင် အတင်းအကျပ် ပေးဆပ်ခံရတယ်။ ဥပမာ... မယ်တော်ကြီး ပေးတဲ့ ငွေနှင်းမှိုစွပ်ပြုတ်၊ မတည်ငြိမ်တဲ့ ရာဇပလ္လင်၊ ညသန်းခေါင်ယံက ကြိမ်ဒဏ်... ဟား... ကျန်းအတွက် ကြိုတင် စီစဉ်ပေးထားတဲ့ မိဖုရားအဖြစ် တင်မြှောက်ဖို့ ပြင်ထားတဲ့ ဟယ်အိမ်တော်က ညီမဝမ်းကွဲကောင်းလေး”

123 03

“ငယ်စဉ်ကတည်းက ကျန်း ပိုင်ဆိုင်နိုင်တယ်လို့ တစ်ခုတည်းသော ခံစားခဲ့ရတဲ့အရာ၊ ကျန်း တကယ်ကို လိုချင်တဲ့ တစ်ခုတည်းသော အရာ...”

နာကျင်မှုများဖြင့် ပြည့်နေသည့် အသံသည် ဤနေရာတွင် ရပ်တန့်သွားသည်။

လော့ရှင်းယွမ် ဆက်မပြောနိုင်တော့ပေ။

“ကောင်းပြီ”

အချိန်အတော်ကြာပြီးနောက် နဂါးဝတ်စုံလက်ဖျားနောက်မှ အတော်အတန် တည်ငြိမ်သော အသံ ထွက်လာသည်။ “ကျောက်မျက်တစ်စ ဆိုတဲ့ ရက်စက်တဲ့ စကားမျိုး မပြောပါနဲ့။ ကျန်း မင်းကို မဖိအားပေးတော့ဘူး။ ကျန်းတို့ နှစ်ယောက် အဆင်ပြေပြေနဲ့ ခွဲခွာရအောင်”

သူသည် လက်ဖျားကို ဖယ်လိုက်သည်။ မျက်ဝန်းထောင့်များ နီရဲနေပြီး နက်မှောင်သော မျက်လုံးများတွင် ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုများ လှုပ်ရှားနေသည်။

“ကျန်းအတွက် အမှတ်ရစရာလေး တစ်ခု ပေးခဲ့ပါ။ တစ်သက်လုံး ကျန်း မှတ်မိနေစေမယ့်... အကြာကြီး မှတ်မိနေစေမယ့်အရာ...”

မေဝမ့်ရှူးသည် လက်ကိုမြှောက်ကာ နာကျင်နေသည့် နားထင်ကို နှိပ်နယ်ရင်း မျက်နှာချင်းဆိုင်မှ ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုများပါသော ရေရွတ်သံကို ဖြတ်တောက်လိုက်သည်။

“ဧကရာဇ် ပြောလို့ ပြီးပြီလား။ ဧကရာဇ် ပြောလို့ ပြီးမှ ကျွန်တော်မျိုး ပြောဖို့ အလှည့်ကျမယ်”

လော့ရှင်းယွမ်သည် ချက်ချင်း အသံတိတ်သွားသည်။

မေဝမ့်ရှူးသည် စားပွဲပေါ် ဖြန့်ချထားသော အမိန့်တော် အပိုင်းအစများကို လက်ဖြင့် ထောက်ပြသည်။ “ရှင်းယွမ် ပြင်ဆင်ထားတဲ့ လမ်းနှစ်သွယ်ကို ကျွန်တော်မျိုး ဖတ်ရှုပြီးပါပြီ။ ဘယ်လမ်းပဲဖြစ်ဖြစ် ရှင်းယွမ်က အာဏာနဲ့ ကျွန်တော့်ကို ဖိအားပေးနေတာပဲ”

သူမသည် သက်ပြင်းချသံ တိုးတိုးလေး ထွက်လိုက်သည်။ “ရှင်းယွမ်ရဲ့ စိတ်ရင်းကိုလည်း ကျွန်တော်မျိုး မြင်ပြီးပါပြီ၊ ကြားပြီးပါပြီ”

လော့ရှင်းယွမ်သည် ပါးစပ်ကို ဖွင့်ဟ၍ တစ်ခုခု ပြောရန် ကြိုးစားသော်လည်း နှုတ်ခမ်းကို တင်းတင်း ပြန်ပိတ်လိုက်သည်။

မျက်တောင်တစ်ချက်ပင် မခတ်ဘဲ မျက်နှာချင်းဆိုင်ရှိ သူမ၏ လှုပ်ရှားမှုတိုင်းကို စူးစိုက်ကြည့်နေသည်။

မေဝမ့်ရှူးသည် မတ်မတ် ပြန်ထိုင်လိုက်ပြီး အမတ်၏ ရိုသေမှုကို လိုက်နာကာ လက်နှစ်ဖက်ဖြင့် အမိန့်တော် အပိုင်းအစ နှစ်ခုကို ကောက်ကိုင်ပြီး ပြန်လည် ဆက်သလိုက်သည်။

“ဧကရာဇ် ပြင်ဆင်ထားတဲ့ လမ်းနှစ်သွယ်လုံးကို ကျွန်တော်မျိုး လက်မခံနိုင်ပါဘူး။ ကျွန်တော်မျိုး တတိယလမ်းကို အဆိုပြုပါတယ်”

123 04

“ဒီလမ်းကို ဧကရာဇ် သဘောကျချင်လည်း ကျမယ်။ မကျချင်လည်း မကျဘူး။ ဒါပေမဲ့ ဒါက ကျွန်တော်မျိုး မြို့တော်မှာ ဆက်နေဖို့ ဆန္ဒရှိတဲ့ တစ်ခုတည်းသော လမ်းပါပဲ”

“ဧကရာဇ်က ကျွန်တော်မျိုးရဲ့ တတိယလမ်းကို ရွေးချယ်မယ်ဆိုရင် အရင်က ပြင်ဆင်ထားတဲ့ လမ်းနှစ်သွယ်ကို စွန့်လွှတ်ရပါလိမ့်မယ်”

“ဧကရာဇ်ရဲ့ ကတိက သံမဏိလို ခိုင်မာရမယ်။ နောက်တစ်ကြိမ် ဘယ်တော့မှ နောက်မဆုတ်ရဘူး”

ခဏတာ တိတ်ဆိတ်ပြီးနောက် လော့ရှင်းယွမ်သည် ရုတ်တရက် ထရပ်လိုက်သည်။

အမိန့်တော် အပိုင်းအစ နှစ်စောင်ကို ဆတ်ခနဲ ဆွဲယူကာ မီးဖိုထဲသို့ အားကုန် ပစ်ထည့်လိုက်တော့သည်။

*** *** ***

နွေဦးပေါက်ပြီးနောက် ရာထူးခန့်အပ်လွှာများကို ဧပြီလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဓလေ့ထုံးတမ်းအမတ်ကြီး ယဲ့ချန်းကော်ဟာ အတွင်းဝန်ဆိုင်ရာ ရာထူးနဲ့ ထပ်တိုးပြီး လက်ဝဲအမတ်ချုပ် ရာထူးကို တိုးမြှင့်ရောက်ရှိခဲ့သည်။

စစ်ဘက်အတွင်းဝန် လင်စစ်ရှီကို တိုင်းပြည် အုပ်ချုပ်ရေးကဏ္ဍတွင် အတွင်းဝန်ဆိုင်ရာ ရာထူးဖြင့် ခန့်အပ်ပြီး အိမ်တော်ပါ ချီးမြှင့်ခဲ့သည်။

အရင်က လူတိုင်း မေအမတ်ဟာ လက်ဝဲအမတ်ချုပ် ဖြစ်လာမယ်လို့ ထင်ခဲ့ကြပေမဲ့၊ သူ့ရဲ့ ရာထူးမှာ အပြောင်းအလဲမရှိဘဲ မိုင်ပေါင်းတစ်ထောင်ဝေးတဲ့ မွေးရပ်မြေမှာရှိတဲ့ မိဘများကိုသာ ဆုတော်များ ချီးမြှင့်ခဲ့သည်။

ထို့အပြင် အခြား စွမ်းရည်ထူးချွန်သော လူငယ်အမတ်နှစ်ဦးကိုပါ ဧကရာဇ် ရှေ့တော်မှောက်တွင် ခစားရသည့် ဟန်လင်းအမတ် ရာထူးသို့ တပြိုင်နက်တည်း တိုးမြှင့်ခန့်အပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မြို့တော်၌ လေလှိုင်းများ ရိုက်ခတ်လာပြီး လူတိုင်း လျှို့ဝှက်စွာ ထင်ကြေးပေးခဲ့ကြသည်။

ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များက သီးသန့်မေးမြန်းကြသောအခါ...

မေဝမ့်ရှူးသည် မေးခွန်းများ များပြားလာသောအခါ ပြုံးရုံသာ ပြုံးလိုက်သည်။

“ကျွန်တော်မျိုး ကိုယ်ခန္ဓာမှာ မကျန်းမာမှုများကြောင့် အလုပ်များများ မလုပ်နိုင်တော့ တာကြောင့် ခဏခဏ အနားယူ နေရပါတယ်။ ဧကရာဇ်က ကျွန်တော်မျိုးရဲ့ ဆန္ဒကို ကိုယ်တိုင် မေးမြန်းခဲ့ပါတယ်။ အရင်လိုမျိုး တစ်နေကုန် ဧကရာဇ်ရှေ့တော်မှာ ခစားရရင် ခန္ဓာကိုယ်က တကယ်ကို မခံနိုင်တော့ဘူးလို့ ဧကရာဇ်ကို လျှောက်တင်ခဲ့ပါတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ ခေါင်းဆောင်လောင်း နှစ်ဦးကို တင်သွင်းခဲ့ပြီး ဧကရာဇ် ရှေ့တော်မှောက်တွင် အလှည့်ကျ ခစားနိုင်အောင် စီစဉ်ခဲ့တာပါ”

လုပ်ဖော်ကိုင်ဖက်များသည် ခေါင်းများကို တစ်ပြိုင်နက်တည်း ခါယမ်းကာ ပြောကြသည်။ “မေအမတ်က ကျန်းမာရေးကို ပိုဂရုစိုက်ပြီး အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်းပါတယ်”

123 05

မေဝမ့်ရှူးက ပြန်ပြုံးကာ ဆိုသည်။ “အိမ်မှာ မြို့ပြင်ဘက်မှာ စံအိမ်ငယ်လေးတစ်ခု ရှိပါတယ်။ ကျန်းမာရေး မကောင်းဘူးဆိုရင် အဲ့ဒီမှာ ရက်အနည်းငယ် သွားနေလို့ရပါတယ်။ ဒီကိစ္စကို ဧကရာဇ်ထံ လျှောက်တင်ပြီးပါပြီ”

တကယ်လည်း ရက်အနည်းငယ်အကြာတွင် မေအိမ်တော်မှ လူလွှတ်၍ ညလေတိုက်ပြီး အအေးမိဖျားနာခြင်း အမည်ဖြင့် ခုနစ်ရက် အနားယူခွင့် တောင်းခံခဲ့သည်။

ချီကျန့်ဟန် ကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “မြို့တော်ကို ပြန်ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ။ နွေရာသီနီးနေပြီ။ ညလေတိုက်ရုံနဲ့ အအေးမိဖျားနာလို့ ခုနစ်ရက် ခွင့်ယူတာလား။ မေအမတ်က တကယ်တော့ အလုပ်မလုပ်ချင်တာ မဟုတ်လား”

ရက်အနည်းငယ်ကြာတော့ ချီကျန့်ဟန်သည် ဧကရာဇ်ထံမှ လျှို့ဝှက်အမိန့်တစ်ခု ရရှိသောအခါ ပါးစပ်က ပို၍ အဟောင်းသား ဖြစ်သွားသည်။

ထိုညသည် လပြည့်ည ဖြစ်သည်။

ကောင်းကင်ယံတွင် လပြည့်ဝန်းကို ဝင်းဝင်းပပ ချိတ်ဆွဲထားပြီး ကြယ်များက ကောင်းကင်ကို အလှဆင်ထားသည်။

ချီကျန့်ဟန်သည် နန်းတော်တံခါးအနီးတွင် ကိုယ်တိုင် စောင့်ကြပ်နေသည်။ နန်းတော်၏ အရှေ့ဘက်ခြမ်းရှိ တုန်းဟွာတံခါးသည် တိတ်ဆိတ်စွာ ပွင့်လာပြီး အတွင်းမှ မထင်မရှားသော အပြာရောင် ရထားတစ်စီး ထွက်လာသည်။

ရှောင်ကွေ့ယွမ်ကို နာမည်တပ် ခေါ်လိုက်သဖြင့် သူသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ဧကရာဇ်နောက်လိုက်ကာ နန်းတော်မှ ထွက်ခွာခဲ့သည်။

မကြာခင်တွင် ရထားသည် တောက်ပသော ရေပြင်ကြီးတစ်ခုအနီးတွင် ရပ်တန့်လိုက်သည်။

၎င်းသည် မြို့တော်ရှိ ထင်ရှားသော ရှုခင်း ဆယ်မျိုးထဲမှ တစ်ခုဖြစ်သော မင်ဟူ လရောင်ရှုခင်း တည်ရှိရာနေရာပင် ဖြစ်သည်။

အရှည် ပေသုံးဆယ်ရှိသော နှစ်ထပ် နဂါးဦးခေါင်းပါ သင်္ဘောတစ်စင်းသည် ကန်ဘေးတွင် ငြိမ်သက်စွာ ဆိုက်ကပ်ထားသည်။ ကုန်းပေါ်တက်ရန် သစ်သားပြားကို တပ်ဆင်ထားပြီး သင်္ဘော၏ အပေါ်ထပ်ရှိ သင်္ဘောခန်းထဲတွင် မီးခွက်အချို့ ထွန်းညှိထားသည်။

မီးရောင်သည် ပိတ်ထားသော သစ်သားပြတင်းပေါက်မှ တဆင့် လှပသော အမျိုးသမီးတစ်ဦး၏ နောက်ကျောကို အရိပ်ထင်ဟပ်စေသည်။

လော့ရှင်းယွမ်သည် ရထားပေါ်မှ ဆင်းလာပြီး ညအချိန်၏ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ရေစီးသံ သဲ့သဲ့ရှိသော ကန်ဘေးတွင် ရပ်နေသည်။ ထိုရင်းနှီးသော်လည်း စိမ်းသက်နေသော နောက်ကျောကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသည်။

ကောင်းကင်ယံရှိ လဝန်းသည် ဖြည်းညှင်းစွာ ရွေ့လျားနေသည်။

လသည် သစ်ကိုင်းများပေါ်သို့ တက်လာပြီ။

လအောက်မှ လူသားသည် ခြေထောက်ကို မြေပြင်တွင် အမြစ်တွယ်ထားသကဲ့သို့ တုံ့ဆိုင်းနေသည်။

ချီအဖွဲ့အစည်းကို ဖြုတ်ချပြီး အာဏာကို ကိုယ်တိုင်ရယူသည့်နေ့တွင် ရွှေပလ္လင်ရှေ့တွင် အမတ်များ၏ ဂါရဝပြုခြင်းကို ခံယူခဲ့သော်လည်း အမူအရာမပျက် တည်ငြိမ်ခဲ့သော ဧကရာဇ်...

ယခုမူ မျက်ခုံးများကြားတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာသည်။

မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှု။

******

All Chapters