သတင်းဆိုး
Vol. 178 Ch. 2538
နတ်လက်နက်စံအိမ်၊ အနောက်အင်ပါယာနန်းတော်...
ရှီးချီယောင်က ရီဖူရှင်းကို စံအိမ်အတွင်းသို့ ခေါ်ဆောင်သွား၏။
နတ်လက်နက်စံအိမ် အတွင်းပိုင်းသည် ကျယ်ဝန်းပြီး စိတ်ကူးယဉ်နေရာတစ်ခုကဲ့သို့ဖြစ်သည်။ များစွာသော စွမ်းအားကြီးနတ်လက်နက်များသည် လေထဲတွင် မျောနေကြ၏။ အချို့လက်နက်များသည် ကွန်ရက်များထဲတွင်ရှိပြီး စံအိမ်အတွင်းရှိ နေရာအနှံ့သို့ ပျံသန်းနေကြသည်။
အနောက်အင်ပါယာနန်းတော်၏ နတ်လက်နက်စံအိမ်အတွင်းရှိ ဝိညာဉ်လက်နက်များအားလုံးသည် သာမန်မဟုတ်ပေ။
ရီဖူရှင်းက ရှေ့သို့ကြည့်လိုက်၏။ နတ်လက်နက်စံအိမ် အတွင်းပိုင်းသည် လွန်စွာရှည်လျားကျယ်ဝန်းပြီး ထိုစံအိမ်အတွင်း၌ ဝိညာဉ်လက်နက်မည်မျှ ရှိကြောင်း သူမပြောနိုင်ပေ။
“နတ်ဘုရားကလန်ပီသပါပေတယ်”
ရီဖူရှင်းက တီးတိုး ပြောလိုက်၏။ ထိုဝိညာဉ်လက်နက်များသည် နတ်ဘုရားကလန်က နှစ်ပေါင်းများစွာ စုဆောင်းထားသောလက်နက်များဖြစ်သည်။ စံအိမ်အတွင်းရှိ လက်နက်အရေအတွက်သည် အလွန်များပြား၏။ သို့သော် လက်နက်၏ အဆင့်မြင့်လာလေလေ၊ ၎င်းတို့၏အရေအတွက်နည်းလာလေလေဖြစ်သည်။
စီဝေ့အင်ပါယာနန်းတော်သည်လည်း နတ်လက်နက်များကို စုဆောင်းခဲ့သည်။ သို့သော် စီဝေ့ကြယ်ကောင်းကင်သည် သီးခြားလောကတစ်ခုဖြစ်ပြီး ကျွမ်းကျင်လက်နက်အဖွဲ့အစည်းများလည်း မရှိသဖြင့် အနောက်အင်ပါယာနန်းတော်နှင့်ယှဉ်လျှင် စွမ်းအားကြီးနတ်လက်နက်များ နည်းပါးနေဆဲဖြစ်သည်။ သူတို့တွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအတွက်သာ လက်နက်အလုံအလောက်ရှိပေသည်။ စွမ်းအားအကြီးဆုံးနတ်လက်နက်မှာ သခင်ချန်၏ ကြယ်တာရာနှင်တံဖြစ်၏။ ထိုနတ်လက်နက်သည် တစ်ချိန်က အရှင်စီဝေ့အသုံးပြုခဲ့သော လက်နက်ဖြစ်ပြီး ၎င်းကို ယခင်စီဝေ့အင်ပါယာနန်းတော်က ထိန်းချုပ်ခဲ့သည်ဟု ဆိုကြသည်။ အရှင်စီဝေ့သည် ရီဖူရှင်း၏လက်ချက်ဖြင့် ကျဆုံးသွားသောအခါ သူသည် ယင်းလက်နက်ကို ရန်ဟောင်ချန်အား ပေးခဲ့၏။
“ကြိုက်ရာရွေးပါ ရန်ဟောင်ရီ... အားနာစရာမလိုပါဘူး”
ရှီးချီယောင်က ပြုံးလျှက် ပြောလိုက်၏။
“နတ်မိမယ်ချီယောင်က ကျွန်တော်လောဘတက်လာပြီး နတ်လက်နက်စံအိမ်တစ်ခုလုံးကို ယူသွားမှာ မစိုးရိမ်ဘူးလား”
ရီဖူရှင်းက ပြုံးလျှက် မေးလိုက်၏။
“ကိစ္စမရှိပါဘူး...”
ရှီးချီယောင်က ပြုံးလျှက် ပြန်ဖြေလိုက်၏။
“ရန်ဟောင်ရီက အင်ပါယာနန်းတော်ကိုလာပြီး ကျွန်မတို့ကို ဆေးလုံးတွေ လက်ဆောင်လာပေးတယ်ဆိုတဲ့အချက်ကို ကြည့်ရင် ရှင့်ရဲ့အကျင့်စရိုက်ကို သိနိုင်တာပဲ။ တကယ်လို့ ရန်ဟောင်ရီသာ နတ်လက်နက်စံအိမ်တစ်ခုလုံးကို ယူသွားရင် နောက်ကျရင် ဒီ့ထက်ပိုအဖိုးတန်တဲ့အရာတွေကို ပြန်ပေးမယ်ဆိုတာ ကျွန်မယုံတယ်။ နန်းတော်သခင်ကလည်း အဲဒါကို သိမှာပဲ... အဲဒါကြောင့် သူက ရန်ဟောင်ရီကို ဒီကို လာခိုင်းခဲ့တာပါ”
“နန်းတော်သခင်က တကယ့်ကို ရဲတင်းတဲ့သူပဲ”
ရီဖူရှင်း ခေါင်းညိတ်လျှက် ပြောလိုက်၏။
“သူသာ မရဲတင်းရင် ဘယ်လိုလုပ် ကျွန်မကို ဆက်ခံသူအဖြစ် အစောကြီးရွေးချယ်ပြီး ကြီးမားတဲ့အခွင့်အာဏာတွေပေးမှာလဲ။ အဲဒါကြောင့်လည်း မိသားစုထဲက လူတွေတော်တော်များများက ကျွန်မကို မကျေမနပ်ဖြစ်ပြီး မနာလိုနေကြတာပေါ့။ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်မကို နတ်မိမယ်ရာထူးကနေ ဆွဲချချင်နေကြတာ။ ဒါက ရယ်စရာပဲ”
ရှီးချီယောင်က ထိုသူများကို စိတ်ထဲမထားသလို သို့မဟုတ် အလေးအနက်မထားသလို ပြောလိုက်၏။ သူမ ထိုသို့ပြောလိုက်သူများထဲမှ အများစုသည် သူမ၏အကြီးအကဲများဖြစ်ပြီး အနောက်အင်ပါယာနန်းတော်အတွက် အရေးကြီးဆုံးဖြတ်ချက်များချနိုင်သည့် နန်းတော်၏အရေးပါသောသူများဖြစ်၏။
“ဒီတော့ ကျုပ် မရောက်လာရင်တောင် သူတို့တွေက နတ်မိမယ်ရဲ့မျက်စိထဲမှာ လူပြက်တွေပဲပေါ့”
ရီဖူရှင်းက ပြုံးလျှက် ပြောလိုက်၏။
“သူတို့ ကပြအသုံးတော်ခံတာကိုပဲ ကျွန်မထိုင်ကြည့်နေမှာပဲ”
ရှီးချီယောင်က တည်ငြိမ်စွာပြောလိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် ခိုင်မာသောယုံကြည်မှုများရှိ၏။ သူမသည် အဘယ်အကြောင်းကြောင့် နတ်မိမယ်ဟူသော ရာထူးအာဏာကို ရရှိခဲ့သနည်း။
ထိုမေးခွန်းကိုမမေးခင် သူတို့သည် သူမကို နတ်မိမယ်ရာထူးမှ မည်သို့ဆွဲချနိုင်မည်နည်းဟူသော မေးခွန်းကို အရင်မေးသင့်၏။
သူမ မည်သို့ပြုမူသည်ဖြစ်စေ နန်းတော်သခင်သည် သူမဘက်တွင်ရှိကြောင်း ရှင်းလင်းစွာ နားလည်ထားသည်။
ရီဖူရှင်း ဟက်ခနဲရယ်လိုက်ပြီး အနောက်အင်ပါယာနန်းတော်၏ အတွင်းရေးကိစ္စများကို ဆက်မမေးတော့ပေ။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်လက်နက်တစ်ခုကို ယူလိုက်ကာ ချက်ချင်းသိမ်းထားလိုက်၏။ သူက အားတုံ့အားနာဖြစ်မနေပေ။
ထို့နောက်တွင် ရီဖူရှင်းသည် နတ်လက်နက်စံအိမ်၏အတွင်းပိုင်းသို့ ဆက်လျှောက်သွား၏။ သူက သူ၏လက်ဖဝါးကို ဝှေ့ယမ်းရင်း နတ်လက်နက်များနှင့် ဝိညာဉ်လက်နက်များကို တစ်ခုပြီးတစ်ခု ယူနေ၏။ သူ၏အေးဆေးသောအပြအမူကြောင့် ထိုနေရာသည် အနောက်အင်ပါယာနန်းတော်၏ နတ်လက်နက်စံအိမ်မဟုတ်ဘဲ စီဝေ့အင်ပါယာနန်းတော်၏ နတ်လက်နက်စံအိမ်ဟုပင် ထင်ရ၏။
ရှီးချီယောင်က မျက်တောင်ခတ်လိုက်၏။ သူက အမှန်ပင် အေးဆေးနေသလော။
“ဘာလဲ နှမြောလာပြီလား...”
ရီဖူရှင်းသည် ရှီးချီယောင်မျက်နှာထားပြောင်းသွားသည်ကို ကြည့်ကာ ပြုံးလျှက်မေးလိုက်၏။
“မနှမြောပါဘူး... ကျွန်မက ရန်ဟောင်ရီရဲ့ လှုပ်ရှားမှုအပြုအမူတွေကိုကြည့်နေတာပါ... အပြုအမူတွေက တော်တော်လေး အေးဆေးပြီးသဘာဝကျတာပဲ”
ရှီးချီယောင်က ရယ်ချင်စိတ်ကိုထိန်း၍ ပြောလိုက်၏။
“ဒါပေမဲ့ ရန်ဟောင်ရီယူထားတဲ့ ဝိညာဉ်လက်နက်တွေက အကောင်းဆုံးတွေမဟုတ်ဘူး။ ရှင်က တော်တော်လေးယူလိုက်ပေမယ့် အဲဒီအဆင့်ဝိညာဉ်လက်နက်တွေက အဖိုးတန်တယ်လို့ ပြောလို့မရဘူး။ ဒီတော့ အနောက်အင်ပါယာနန်းတော်ကလည်း နှမြောမှာမဟုတ်ပါဘူး။ ရီဟောင်ရီဘက်က ရှုံးတယ်လို့ မထင်ဘူးလား”
ရီဖူရှင်းက ရှီးချီယောင်ကိုကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ဟန်လုပ်အပြုံးတစ်ခုပေါ်လာ၏။ ထိုအပြုံးနောက်ကွယ်တွင် အခြားအဓိပ္ပာယ်ရှိသေးကြောင်း ထင်ရှားပေသည်။
“အလျင်မလိုပါဘူး...”
သူက ပြောလိုက်၏။
“...”
ရှီးချီယောင် ဆွံ့အသွားသည်။ သူမသည် ရီဖူရှင်း၏ထူးဆန်းသောအပြုံးကိုကြည့်၍ ဓားပြတစ်ဦးကို သူမ၏အိမ်အတွင်းသို့ ဖိတ်ခေါ်မိသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် ရီဖူရှင်းသည် ရယ်မောလိုက်ပြီး ရှေ့သို့လျှောက်သွားကာ ဆက်၍ယူနေလိုက်၏။ သူသည် အနောက်အင်ပါယာနန်းတော်ကို အမှန်ပင် အားနာမနေပေ။
ရှီးချီယောင်က ရီဖူရှင်းတစ်ယောက် စံအိမ်အတွင်း၌ စိတ်ကြိုက်ယူနေသည်ကို တွေ့လိုက်သောအခါ သူမသည်ပင် အနည်းငယ်နှမြောသလိုလိုခံစားလာရသည်။ ထိုလူသည် စွမ်းအားကြီးနတ်လက်နက် ဆယ်ခုကျော်ကို အေးအေးလူလူဖြင့် ဆွဲယူနေ၏။
“ဒီဝိညာဉ်လက်နက်အရေအတွက်လောက်က အနောက်အင်ပါယာနန်းတော်အတွက် မပြောပလောက်ပါဘူး။ ဒီနတ်လက်နက်စံအိမ်က ခမ်းနားတဲ့ ရတနာသိုက်ကြီးပဲ။ ကျုပ် ယူလိုက်တဲ့ လက်နက်တွေက နတ်ဘုရားတစ်ဝက်အဆင့်မှာ မရှိပါဘူး။ စီဝေ့အင်ပါယာနန်းတော်ရဲ့ ကျင့်ကြံသူအများစုက ရန်ဟောင်အဆင့်မှာပဲ ရှိကြသေးတယ်။ ကျုပ်တို့ဆီမှာ ကပ်ဘေးအဆင့်ကျင့်ကြံသူနည်းနည်းပဲရှိတယ်... ပြီးတော့ ရန်ဟောင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူလည်း သိပ်မရှိဘူး။ ဒီတော့ သူတို့နဲ့ကိုက်ညီမယ့် လက်နက်တွေကိုယူတာက အသင့်တော်ဆုံးပဲ”
ရီဖူရှင်းက ပြောလိုက်၏။ လက်နက်များသည် ကျင့်ကြံသူများအတွက် ပြင်ပအထောက်အပံ့များဖြစ်သော်လည်း ကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းရည်ကို အမှန်ပင် မြှင့်တင်ပေးနိုင်၏။ ထိုလက်နက်များသည် စီဝေ့အင်ပါယာနန်းတော်၏အင်အားကို တိုးမြှင့်ရန် အထောက်အကူဖြစ်စေပေလိမ့်မည်။
ရှီးချီယောင် ခေါင်းညိတ်လိုက်၏။ သူမက ရီဖူရှင်း ဆိုလိုသည်ကို နားလည်ပေသည်။
သူတို့ စံအိမ်၏အတွင်းပိုင်းသို့ ပို၍ရောက်လာသောအခါ နတ်လက်နက်များသည် စတင်နည်းပါးလာသည်။ ထိုကဲ့သို့ ကျယ်ဝန်းသောနေရာတွင် တစ်နေရာလျှင် နတ်လက်နက် တစ်ခု၊ နှစ်ခုသာ ရှိတော့၏။ ထိုလက်နက်အနည်းငယ်အတွင်းမှနေ၍ လွန်စွာစွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
“နတ်ဘုရားတစ်ဝက်လက်နက်တွေ... ကျုပ် အဲလို လက်နက်လည်း နည်းနည်းလိုလိမ့်မယ်”
ရီဖူရှင်းက ပြောလိုက်၏။ သူက သူနှင့်အတူ နတ်ဘုရားတစ်ဝက်ဆေးလုံးများစွာ ယူလာခဲ့သည်။ ထို့အပြင် ရှီးချီယောင်အတွက်လည်း အထူးဆေးလုံးများကို ယူလာခဲ့သေးသည်။ သူသည် ထိုဆေးလုံးများကိုပေးရန် သဘောတူခဲ့ပြီးဖြစ်၍ ရှီးချီယောင်ကို ဆုံးရှုံးနစ်နာအောင်လုပ်မည်မဟုတ်ပေ။
အနောက်အင်ပါယာနန်းတော်သခင်သည် သူ့ကို နတ်လက်နက်များ စိတ်ကြိုက်ရွေးချယ်စေခြင်းဖြစ်၍ သူသည် အားနာနေမည်မဟုတ်ပေ။ အနာဂတ်တွင် သူ့တွင်အခွင့်အရေးရသည်နှင့် ဆေးလုံးများကို သူထပ်မံပို့ပေး၍ ရ၏။ ထိုအပေးအယူသည် တစ်ဖက်၏အားနည်းချက်ကို တစ်ဖက်ကဖြည့်စည်းပေးပြီး သူတို့လိုအပ်နေသည်များကို ရနိုင်သော နှစ်ဖက်စလုံးအတွက် အကျိုးရှိသည့် အပေးအယူဖြစ်သည်။
ထို့အပြင် သူတို့သည် မဟာမိတ်ဖြစ်၍ အနောက်အင်ပါယာနန်းတော်သည် ပို၍အင်အားကြီးလာစေရန် သူမျှော်လင့်ပေသည်။
ရီဖူရှင်းက ရှီးချီယောင်နှင့် တရင်းတနှီး ဆက်ဆံပြီးသောအခါ သူမသည် အတော်လေးရည်ရည်မွန်မွန်ရှိသည်ဟု ခံစားလာရ၏။ သူမသာ နတ်မိမယ်ရာထူးတွင် ဆက်ရှိနေလျှင် သူနှင့် အနောက်အင်ပါယာနန်းတော်၏ဆက်ဆံရေးသည် ပျက်ပြားသွားမည်မဟုတ်ပေ။
ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်လက်နက် အတော်များများကို ယူလိုက်၏။ သူသည် ၎င်းတို့အတွင်းရှိ ဝိညာဉ်များ၏ အရိပ်အယောင်ကိုပင် ခံစားနိုင်၏။ ထိုလက်နက်များသည် ဝိညာဉ်များနိုးထနေပြီး လက်နက်ကပ်ဘေး၏သန့်စင်မှုကို ခံထားပြီးသည့် လက်နက်များဟု ထင်ရပေသည်။
ရှီးချီယောင်က နောက်မှ တိတ်တဆိတ်သာလိုက်လာ၏။ သူမသည် ရီဖူရှင်းက နတ်ဘုရားတစ်ဝက်လက်နက်များကို ယူနေသည်ကိုတွေ့သော်လည်း စကားတစ်လုံးမှ မပြောလိုက်ပေ။ ထိုအချက်ဖြင့်ပင် ရှီးချီယောင်၏ဉာဏ်ရည်ထက်မြက်မှုကို သိနိုင်ပေသည်။
ခေတ္တမျှကြာပြီးနောက် ရီဖူရှင်း ရပ်တန့်လိုက်၏။ ရှီးချီယောင်က တိတ်တဆိတ်ဖြင့်သာ သူ့ကိုကြည့်နေ၏။
“သွားစို့...”
ရီဖူရှင်း ပြောလိုက်၏။ ထို့နောက် သူသည် ထွက်ပေါက်ဆီသို့ လျှောက်သွား၏။
“ရှင် ထပ်မယူတော့ဘူးလား”
ရှီးချီယောင်က ပြုံးလျှက်မေးလိုက်၏။
“ဒီလောက်ဆို လုံလောက်ပါပြီ”
ရီဖူရှင်းက လမ်းလျှောက်ရင်း ပြောလိုက်၏။ သူတို့နှစ်ဦးသည် နတ်လက်နက်စံအိမ်မှထွက်ကာ အနောက်အင်ပါယာနန်းတော်သခင်ရှိရာသို့ ပြန်ခဲ့ကြသည်။
“မိတ်ဆွေရီ... ရွေးပြီးသွားပြီလား”
အနောက်အင်ပါယာနန်းတာ်သခင်က ပြုံးလျှက်မေးလိုက်၏။ ယခင်က သူသည် ရီဖူရှင်းကို ရန်ဟောင်ရီဟုခေါ်ခဲ့သည်။ ယခုတွင် သူသည် ရီဖူရှင်းကို အခေါ်အဝေါ်ပြောင်းသွားပေပြီ။
“ပြီးပါပြီ... ကျုပ် တော်တော်များများယူခဲ့တယ်။ နန်းတော်သခင် စိတ်မဆိုးလောက်ဘူးလို့ မျှော်လင့်ပါတယ်”
ရီဖူရှင်းက ပြုံးလျှက်ပြောလိုက်၏။
“မိတ်ဆွေရီကို နတ်လက်နက်စံအိမ်ဆီ ခေါ်သွားဖို့ ကျုပ်ကိုယ်တိုင် ချီယောင်ကိုခိုင်းလိုက်တာပဲ... စိတ်မဆိုးပါဘူး”
နန်းတော်သခင်က ပြောလိုက်၏။
“စားပွဲသောက်ပွဲပြင်ဆင်ပေးဖို့ ကျုပ်လူတွေကို ခိုင်းထားတယ်... အတူတူ သောက်ကြတာပေါ့”
“ဒုက္ခခံနေစရာ မလိုပါဘူး...”
ရီဖူရှင်း ခေါင်းခါလိုက်၏။
“ကျုပ်လည်း ပစ္စည်းကောင်းတွေ အများကြီးယူပြီးသွားပါပြီ... ဒီတော့ နန်းတော်သခင် စိတ်မပြောင်းခင် မြန်မြန်ပြန်ရမှာပေါ့”
အနောက်အင်ပါယာနန်းတော်သခင်က ရီဖူရှင်း၏စနောက်မှုကို ကြားလိုက်သောအခါ ရယ်မောလိုက်၏။ သူက ခေါင်းညိတ်၍ ပြောလိုက်၏။
“ကောင်းပြီလေ... ကျုပ် မိတ်ဆွေရီကို ဆွဲမထားတော့ပါဘူး။ ချီယောင် ငါတို့ရဲ့ မိတ်ဆွေလေးကို ပြန်ပို့လိုက်ပါဦး။ နောက်ကျ မိတ်ဆွေရီ လိုအပ်တာရှိရင် ချီယောင်ကိုသာ လှမ်းအကြောင်းကြားလိုက်ပါ”
“ကျေးဇူးအများကြီးတင်ပါတယ်”
ရီဖူရှင်းက ခေါင်းညိတ်လျှက် နှုတ်ဆက်၍ ထွက်သွား၏။ ရှီးချီယောင်က သူ့ကို အနောက်အင်ပါယာနန်းတော်အပြင်သို့ ရောက်သည်အထိ လိုက်ပို့၏။
“သူဘယ်လောက်တောင် ယူသွားတာလဲ”
အနောက်အင်ပါယာနန်းတော်သခင်က ရှီးချီယောင်ကို ပြုံးလျှက်မေးလိုက်၏။
“နည်းနည်းနောနောတော့ မဟုတ်ဘူး”
ရှီးချီယောင် ပြန်ဖြေလိုက်၏။
“အနည်းဆုံးတော့ ကျွန်မ ထင်ထားတာထက် ပိုများတယ်”
“ဉာဏ်ကောင်းတယ်...”
နန်းတော်သခင်က ပြုံးလျှက်ပြောလိုက်၏။
“ဘယ်လိုဉာဏ်ကောင်းတာလဲ...”
ရှီးချီယောင် မေးလိုက်၏။
“သူပိုများများယူသွားလေလေ... ငါတို့ရဲ့ဆက်ဆံရေးက ပိုနက်ရှိုင်းလေလေပေါ့”
နန်းတော်သခင်က အသံထွက်ရယ်မော၍ ပြောလိုက်၏။ ထို့နောက် သူသည် နောက်လှည့်ကာထွက်သွားပြီး ရှီးချီယောင်ကို သူ့စကား၏အဓိပ္ပာယ်ကို တွေးတောကာကျန်ခဲ့စေ၏။
သူပိုယူသွားလေလေ၊ သူတို့၏ဆက်ဆံရေးသည် ပိုနက်ရှိုင်းလေလေဟုဆိုသလော။
***
ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်သို့ ပြန်ရောက်သောအခါ စီဝေ့အင်ပါယာနန်းတော်သို့သွား၍ ဝိညာဉ်လက်နက်များကို ခွဲဝေပေးလိုက်၏။
ကြယ်တာရာကျင့်ကြံခြင်းကောင်းကင်တွင် လူအားလုံးသည် သူတို့အတွက် ဝိညာဉ်လက်နက်များကိုယူရန် စုဝေးနေကြ၏။ သူတို့အားလုံးသည် အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။
ယခင်က ရီဖူရှင်းသည် နတ်ဆေးလုံးများဖော်စပ်ခဲ့သည်။ ယခုတွင် သူသည် စွမ်းအားကြီးနတ်လက်နက်များနှင့် ဝိညာဉ်လက်နက်များ ယူဆောင်လာခဲ့ပြန်၏။ အချို့လူများသည် နတ်ဘုရားတစ်ဝက်လက်နက်များကိုပင် ရရှိခဲ့သည်။ ထို့အပြင် ရီဖူရှင်းသည် ထိုနတ်လက်နက်များကို သေချာတွက်ချက်၍ ယူခဲ့ပုံရ၏။ လက်နက်တစ်ခုစီသည် ကျင့်ကြံသူတစ်ဦးစီနှင့် ကိုက်ညီမှုရှိ၏။ ကျင့်ကြံသူများသည် နတ်လက်နက်များကို ရလိုက်သောအခါ ထိုလက်နက်များသည် သူ့တို့အတွက် အထူးပြုလုပ်ထားသည်ဟုပင် ခံစားလိုက်ကြရသည်။
ရီဖူရှင်၏ ဤတစ်ခေါက်ခရီးစဉ်သည် အကျိုးအမြတ်များခဲ့ကြောင်း ထင်ရှားပေသည်။
ရီဖူရှင်းသည် နတ်လက်နက်များကို ခွဲဝေပေးပြီးသောအခါ သူတို့ကိုပြောလိုက်၏။
“ကျုပ်တို့ အခု စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ထားတာကို ဖွင့်လိုရပြီ။ ဒါပေမဲ့ လူတိုင်းက ကျင့်ကြံခြင်းကို ဆက်အာရုံစိုက်ပြီးတော့ ပိုပြီးစွမ်းအားကြီးလာရမယ်”
“ကောင်းပြီ”
အာလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးသည် အတော်လေးပျော်ရွှင်နေကြ၏။
စီဝေ့ကြယ်ကောင်းကင်ကို ရီဖူရှင်း ချိပ်ပိတ်ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ယနေ့တွင် ချိပ်ပိတ်ထားသည်ကို ဖွင့်ပေတော့မည်။ သူတို့အတွက် ထိုကိစ္စသည် အထူးအဓိပ္ပာယ်ရှိ၏။
ရီဖူရှင်းသည် ခေါင်းမော့ကာ ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်၏။ ရုတ်ခြည်းပင် ကောင်းကင်ထက်၌ မဟာနတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်အောင်များသော ကြယ်တာရာများသည် တောက်ပစွာလင်းလက်လာ၏။ အလင်းမျက်နှာပြင်တစ်ခုသည် ပျောက်ကွယ်လာသကဲ့သို့ပင်။ စီဝေ့ကြယ်ကောင်းကို ချိပ်ပိတ်ထားခြင်းအား ဖွင့်ပြီးသွားသောအခါ သူတို့သည် အပြင်လောကနှင့်စတင်ဆက်သွယ်နိုင်ပြီဖြစ်သည်။
ရီဖူရှင်းသည် ချိပ်ပိတ်ထားခြင်းကို ဖွင့်လိုက်ပြီးနောက် လူအုပ်ကိုကြည့်ကာ ပြောလိုက်၏။
“နောက်ကျရင် ကျုပ်တို့ စီဝေ့ကြယ်ကောင်းကင်ကိုရောက်လာတဲ့ စွမ်းအားကြီးကျင့်ကြံသူတွေ ပိုပိုပြီး များလာလိမ့်မယ်။ သူတို့ကို ကျုပ်တို့နဲ့ပူးပေါင်းဖို့ တတ်နိုင်သမျှ ဆွဲဆောင်နိုင်ဖို့လိုတယ်”
“ကောင်းပြီ…”
ကျင့်ကြံသူများ ခေါင်းညိတ်လိုက်ကြသည်။ စီဝေ့အင်ပါယာနန်းတော်သာ ဆက်၍တိုးတက်လာလျှင် သူတို့၏လက်ရှိအင်အားကို ဆက်၍ချဲ့ထွင်ရမည်ဖြစ်သည်။
“အားလုံး သွားပြီး ကျင့်ကြံကြတော့...”
ရီဖူရှင်းက ထိုသို့ပြောလိုက်ပြီးနောက်တွင် အားလုံးက လူစုခွဲကာ ဆက်၍ကျင့်ကြံလိုက်ကြပြီး ပို၍စွမ်းအားကြီးလာစေရန် ကြိုးစားကြသည်။
ပြီးခဲ့သောရက်အနည်းငယ်အတွင်း၌ သူတို့ထဲမှ ကျင့်ကြံသူများစွာသည် ဆေးလုံး၏အကူအညီကြောင့် သူတို့၏မူကျင့်ကြံခြင်းအဆင့်မှနေ၍ နောက်တစ်ဆင့်သို့ တက်သွားကြသည်။ ထိုဖြစ်ရပ်သည် အကြီးအကျယ်အံ့အားသင့်ဖွယ်ပင်။ စီဝေ့ကြယ်ကောင်းကင်တွင် ပြောင်းလဲမှုများ နေ့စဉ်ဖြစ်ပေါ်နေသည်။
တစ်ဖက်တွင်လည်း ရီဖူရှင်းသည် ဆက်လက်ကျင့်ကြံခဲ့သည်။ ချိပ်ပိတ်ထားခြင်းကို ဖွင့်လိုက်ပြီဖြစ်သော်လည်း ထိုသို့ဖွင့်လိုက်ခြင်းသည် သူအပြင်သွားရမည်ဟု မဆိုလိုပေ။
သို့သော် သူ ကျင့်ကြံခြင်းတွင် အာရုံစိုက်နေစဉ်၌ ရှီးချီယောင်က သတင်းဆိုးများကို လှမ်း၍အကြောင်းကြား၏။
ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်သို့သွား၍ နတ်ဆေးလုံးများ လက်ဆောင်ပေးသည်ဆိုသောသတင်းသည် အပြင်သို့ပေါက်ကြားသွားခဲ့သည်။ အနောက်အင်ပါယာနန်းတော်ကို ရန်လိုသောအသံများစွာ ထွက်လာကြသည်။ အနောက်အင်ပါယာနန်းတော်သည် နတ်ဆေးလုံးများ ဖော်စပ်ရန်အတွက် ရီဖူရှင်းနှင့်ပူးပေါင်း၍ ရှေးခေတ်မှ သန့်စင်ဆေးအင်ပါယာ၏ အမွေအနှစ်ကို အပိုင်စီးသွားသည်ဟူသော စကားများလည်း ပျံ့နှံ့နေသည်။ ရီဖူရှင်းနှင့် အနောက်အင်ပါယာနန်းတော်သည် မဟာမိတ်ဖွဲ့ကာ ရီဖူရှင်းသည် ဆေးလုံးများဖော်စပ်၍ အနောက်အင်ပါယာက ဆေးဖော်စပ်ရန်လိုအပ်သော ကုန်ကြမ်းများကို ပို့ပေးနေသည်ဟူသော ကောလာဟလများလည်း ရှိနေသည်။
သို့သော် အနောက်အင်ပါယာနန်းတော်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သည်။ ထိုကဲ့သို့ အသံများထွက်နေသော်လည်း မည်သူမှ သူတို့ကို အလွယ်တကူ စစ်လားဆေးလား လုပ်ဝံ့မည်မဟုတ်ပေ။ ဒွန်ဟောင်အင်ပါယာနန်းတော် ဝင်မပါသရွေ့ မည်သူက ပေါ်ပေါ်ထင်ထင် ဝေဖန်ရဲမည်နည်း။
သို့သော် ရီဖူရှင်းကို ထိခိုက်စေနိုင်သည့် အခြားသတင်းတစ်ခုလည်း ရှိပေသည်။
ကောင်းကင်ဒေသမှ အချို့လူများသည် စီဝေ့ကြယ်ကောင်းကင်ကို ပစ်မှတ်ထားသော မဟာမိတ်တစ်ဖွဲ့ ဖွဲ့လိုနေကြ၏။ ကောင်ကင်ဒေသမှ အထင်ကရအင်အားစုများသည် စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို အပြင်လောကနှင့် အဆက်အသွယ်မရှိစေရန် ပိတ်ဆို့၍ နယ်မြေသေတစ်ခုအဖြစ် ပြောင်းလဲပစ်လိုနေသည်ဟုလည်း အချို့လူများက ဆိုကြ၏။