စီဝေ့အင်ပါယာနန်းတော် တိုက်ပွဲသို့ထွက်ခွာပြီ
Vol. 178 Ch. 2539
ရီဖူရှင်းသည် ထိုသတင်းများကို သိလိုက်ရသောအခါ နှလုံးသား အေးစက်သွားသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကောင်းကင်ဒေသ၏အင်အားစုများသည် ထိုကဲ့သို့တစ်ကြိမ် လုပ်ခဲ့ဖူး၏။ ထိုအင်အားစုများသည် ကောင်းကင်အာဏာစက်ဘုံကို အခြေချသိမ်းပိုက်ခဲ့ကြကာ သူ့ကို ထိုဘုံမှ ထွက်သွားစေရန် ဖိအားပေးခဲ့ကြသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ စီဝေ့ကြယ်ကောင်းကင်တွင် ချိပ်ပိတ်နေခဲ့ရသည်။
ယခုတွင် ထိုကောင်းကင်ဒေသမှ အင်အားစုများ၏ ဝန်းရံတိုက်ခိုက်မှုသည် ထပ်မံဖြစ်ပွားလာတော့မည်လော။
ဤအကြိမ်တွင် သူတို့သည် စီဝေ့ကောင်းကင်တစ်ခွင်လုံးကို ပိတ်ဆို့ပစ်ရန် ကြံရွယ်နေကြရာ ပို၍ပင် ရက်စက်သည်ဟု ဆိုနိုင်၏။
သာမန်အင်အားစုများသည် ထိုကဲ့သို့ စကားကြီးစကားကျယ်ပြောဝံ့မည်မဟုတ်ပေ။ ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုများကသာ စီဝေ့ကောင်းကင်တစ်ခွင်လုံးကို ချိပ်ပိတ်ပစ်မည်ဟူသော စကားမျိုးကို ကြေညာပြောဆိုဝံ့ပေသည်။
ထိုသို့လုပ်ရန် အင်အားမည်မျှ လိုမည်ကို တွေးတောကြည့်ပါ။
ရီဖူရှင်းက သူ့အတွက် ထိုကိစ္စနှင့်ပတ်သတ်သော သတင်းများ ထပ်မံစုဆောင်းပေးရန် ရှီးချီယောင်ကို အကူအညီတောင်းလိုက်၏။ ထိုကိစ္စတွင် မည်သည့်အင်အားစုများပါဝင်နေသည်ကို အဓိကထားစုံစမ်းခိုင်းလိုက်သည်။ သူက ဤကာလအတွင်း စီဝေ့အင်ပါယာနန်းတော်တွင်သာ ဆက်၍ကျင့်ကြံနေခဲ့၏။ တခြားလူများကိုတော့ အနှောင့်အယှက်မဖြစ်စေရန် သတင်းများကို ထိန်ချန်ထားလိုက်သည်။
အချိန်များဆက်၍ ကုန်ဆုံးသွားသည်။ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်နေသည်။ ထိုစဉ် သူမျက်လုံးဖွင့်လိုက်ပြီး သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် မှန်တစ်ချပ်ပေါ်လာ၏။ မှန်ထဲတွင် လှပသောမိန်းမပျိုလေးတစ်ဦး၏ပုံရိပ် ရှိ၏။ သူမမှာ ရှီးချီယောင်ဖြစ်သည်။
“ရန်ဟောင်ရီ...”
ရှီးချီယောင်က ခေါ်လိုက်၏။
“နတ်မိမယ်ချီယောင်... အခြေအနေတွေ ဘယ်လိုရှိလဲ”
ရီဖူရှင်း မေးလိုက်၏။
“အခြေအနေတွေက သိပ်တော့မကောင်းဘူး...”
ရှီးချီယောင် ပြန်ဖြေလိုက်၏။
“အဲဒီမဟာမိတ်ထဲကို ဝင်လာတဲ့ အင်အားစုတွေ ပိုများလာတယ်။ သူတို့က စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ဖို့ အစည်းအဝေးပွဲတစ်ခု လုပ်ဖို့တောင် ပြင်ဆင်နေကြတယ်။ အခု သူတို့က ထျန်းယန်မြို့ကိုတောင် လူလွှတ်ပြီး စီဝေ့ကြယ်ကောင်းကင်ကိုတိုက်ခိုက်ဖို့အတွက် ထျန်းယန်မြို့သခင်ကို အင်ပါယာလက်နက်ကို ဖိတ်ခေါ်ပေးဖို့ သွားပြောနေကြတယ်”
“အင်ပါယာလက်နက်...”
ရီဖူရှင်း၏မျက်ဝန်းများထဲတွင် အေးစက်မှုများ ပေါ်ပေါက်လာသည်။ အင်ပါယာလက်နက်များကိုပင် အဆင့်အမျိုးမျိုး ခွဲခြားထားပေသည်။ သူသည် သာမန်အဆင့် “အင်ပါယာလက်နက်” အချို့ကို တွေ့ရှိထားပြီးဖြစ်သည်။ သို့သော် ထိုလက်နက်များတွင် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားများ အနည်းငယ်သာပါဝင်၏။
အင်ပါယာလက်နက် အစစ်အမှန်များသည် စွမ်းအားကြီးသော နတ်အဆင့်လက်နက်များဖြစ်ပြီး မဟာအင်ပါယာများ၏စွမ်းအားများပါဝင်ပေသည်။
ကြယ်တာရာနှင်တံကဲ့သို့ လက်နက်မျိုးသည် ပြီးပြည့်စုံသော အင်ပါယာလက်နက်ဟုပင် မဆိုနိုင်ပေ။ ၎င်းတွင် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအား အနည်းငယ်သာပါဝင်သည်။ အင်ပါယာလက်နက်တစ်ခုကို ပြုလုပ်ရန် ပထမဆုံးလိုအပ်သောအရာမှာ နတ်ပစ္စည်းဖြစ်သည်။
နတ်ပစ္စည်းများသည် လွန်စွာရှားပါးပေသည်။ ဥပမာအားဖြင့် ဆေးအင်ပါယာ၏လက်ထဲရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် ပြီးပြည့်စုံသော နတ်ပစ္စည်းတစ်ခုဖြစ်သည်။
ဆေးအင်ပါယာသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့်ဆိုလျှင် တုန်းဟွာကုန်းမြေသခင်အိမ်တော်၏ သခင်နင်ယွမ်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိ၏။ ထိုအချက်သည်ပင် ထိုနတ်ပစ္စည်း၏ အစွမ်းထက်မှု၏ သက်သေပင်ဖြစ်သည်။
သို့သော် ယင်းကဲ့သို့ နတ်ပစ္စည်းများသည် အင်ပါယာလက်နက်တစ်ခုကို ပြုလုပ်ရန် ကုန်ကြမ်းများသာဖြစ်သည်။
ထို့အပြင် အင်ပါယာလက်နက်တစ်ခုကို ပြုလုပ်ရန် နတ်ပစ္စည်းကို အသုံးချရန်အတွက် မဟာအင်ပါယာအဆင့် ချပ်ဝတ်လက်နက်အင်ပါယာတစ်ယောက် လိုအပ်ပေသည်။
ယနေ့ခေတ်တွင် ထိုကဲ့သို့သော အင်ပါယာများ မရှိတော့ပေ။
ထျန်းယန်မြို့သည် လက်နက်ပြုလုပ်ရာတွင် နံပါတ်တစ်ဖြစ်သော်လည်း အတော်ဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သူမှာ ထျန်းယန်မြို့သခင်ဖြစ်သည့် ပန်းပဲဆရာသခင်ဖြစ်၏။
သို့သော် ထျန်းယန်မြို့သခင်၏ ဘိုးဘေးမှာ ချပ်ဝတ်လက်နက်အင်ပါယာတစ်ဦးဖြစ်သည်။ ထို့ကြောင့် ထျန်းယန်မြို့သည် ပြီးပြည့်စုံသော အင်ပါယာလက်နက်တစ်ခုကို ပိုင်ဆိုင်၏။
အင်အားစုအသီးသီးသည် စီဝေ့ကြယ်ကောင်းကင်ကိုတိုက်ခိုက်ရန်အတွက် ထျန်းယန်မြို့သခင်ကို အင်ပါယာလက်နက်ကို ဖိတ်ခေါ်ပေးရန် တောင်းဆိုနေကြ၏။
“ထျန်းယန်မြို့သခင်က အဲဒီကိစ္စကို သဘောတူလောက်လား”
ရီဖူရှင်း မေးလိုက်၏။ သူ့မျက်ဝန်းများသည် အေးစက်နေပေပြီ။ ထိုရှေးဟောင်းနတ်ဘုရားကလန်များသည် ရှည်လျားသောသမိုင်းကြောင်းရှိပြီး စုဆောင်းထားသည်များလည်း များစွာရှိ၏။ ထျန်းယန်မြို့ထဲတွင် အဆင့်မြင့် အင်ပါယာလက်နက်တစ်ခု ပုန်းအောင်းနေပေသည်။ သူတို့သာ အင်ပါယာလက်နက်ကို အမှန်တကယ်ရရှိသွားပါက စီဝေ့ကြယ်ကောင်းကင်သည် ခုခံနိုင်ပါဦးမည်လော။
“လွယ်မှာတော့မဟုတ်ဘူး... အင်ပါယာလက်နက်ကို ဖိတ်ခေါ်ဖို့က မလွယ်ဘူး”
ရှီးချီယောင် ပြန်ပြောလိုက်၏။
“အင်ပါယာလက်နက်တွေက စွမ်းအားကြီးအရှိန်အဝါတွေနဲ့ မဟာအင်ပါယာရဲ့ဝိညာဉ်စွမ်းအားတွေ ပိုင်ဆိုင်ကြတယ်...ပြီးတော့ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားလည်းရှိတယ်။ ထျန်းယန်မြို့သခင်တောင် အဲဒါကို အမိန့်မပေးနိုင်ဘူး။ သူတို့က အဲဒါကို တိုက်ပွဲဆီ ‘ဖိတ်ခေါ်’ ရမှာ။ ထျန်းယန်မြို့သာ တကယ့်ကို ပျက်သုဉ်းမယ့်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာမဟုတ်ရင် အင်ပါယာလက်နက်က ထွက်လာမှာမဟုတ်ဘူး”
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွား၏။
“ဒါပေမဲ့ ကျွန်မတို့ သတိလက်လွတ်ဖြစ်လို့တော့မရဘူး။ ထျန်းယန်မြို့ကလည်း စီဝေ့ကြယ်ကောင်းကင်ကို သိပ်မကြည်ဘူး။ အရင်တုန်းက သူတို့ နတ်ခန္ဓာကို ရယူဖို့ကြိုးစားတုန်းက ရှင်ငြင်းတာကို ခံလိုက်ရတာပဲ။ အဲဒါကြောင့် ထျန်းယန်မြို့သခင်က ဒေါသူပုန်ထပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးပစ်ခဲ့တာမလား။ သူတို့က အင်ပါယာလက်နက်ကို မဖိတ်ခေါ်နိုင်ခဲ့ဘူးဆိုရင်တောင် သူတို့က ထျန်းယန်မြို့သခင်ကို တခြားနတ်လက်နက်တွေကိုယူလာပြီး စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ဖို့ စည်းရုံးနိုင်သေးတယ်”
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်၍ မေးလိုက်၏။
“ဒီကိစ္စကို စခဲ့တာ ဘယ်သူလဲ”
“ကျွန်မလည်း အဲ့အကြောင်းကို အသေးစိတ်မသိဘူး။ ဒါပေမဲ့ ဒီကိစ္စကို ထိပ်သီးအင်အားစုတွေ ပေါင်းပြီး စတာထင်တယ်။ ပြီးတော့ သူတို့ကို တခြားအင်အားစုတွေကလည်း ထောက်ခံကြတယ်။ ဒီကိစ္စကို အစောဆုံးစခဲ့တာကတော့ အမွေအနှစ်ကိုလိုချင်လို့ နတ်တောင်ကိုသွားခဲ့ကြတဲ့ အင်အားစုတွေဖြစ်နိုင်တယ်။ ကုန်းမြေသခင်ရှီဟိုင်ကလည်း ပြန်တုံ့ပြန်ပြီး ကုန်းမြေသခင်အိမ်တော်တွေကို ဖိတ်ခေါ်ပြီး အင်အားပူးပေါင်းပြီးတော့ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ဖို့ စည်းရုံးခဲ့တယ်ထင်တယ်။ တုန်းဟွာကုန်းမြေသခင်အိမ်တော်ကလည်း လျှို့ဝှက်ပူးပေါင်းခဲ့တယ်”
ရှီးချီယောင် ပြန်ဖြေလိုက်၏။
“ဒီကိစ္စမှာပါတဲ့ တခြားအင်အားစုတွေလည်း အများကြီးရှိသေးတယ်။ အရင်က ရှင့်ကိုတိုက်ခိုက်ခဲ့တဲ့ ရှေးဟောင်နတ်ဘုရားကလန်တွေလည်းပါတယ်... နေနတ်ဘုရားတောင်၊ ထိုက်ချူတော်ဝင်မြေတို့လို တကယ့်ထိပ်သီးအဆင့် အင်အားစုတွေလည်းပါတယ်... ပြီးတော့ ကောင်းကင်ဒေသက တခြားထိပ်သီးအင်အားစုတွေရောပဲ”
“နားလည်ပြီ...”
ရီဖူရှင်းသည် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်ပြီး ဆက်မေးလိုက်၏။
“အနောက်အင်ပါယာနန်းတော်ရော ဖိအားတွေ ပေးခံရသေးလား”
“ဒါက ကိစ္စမရှိပါဘူး...”
ရှီးချီယောင် ပြောလိုက်၏။
“ရှင်က ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုရဲ့ နောက်ကြောင်းကို သေချာမသိတဲ့ပုံပဲ။ သူတို့က ကျွန်မတို့ကို အလွယ်တကူ ရန်မစဝံ့ပါဘူး။ ပြီးတော့ ရှင်သာ ရန်ဘက်ကို ရွေးမယ်ဆိုရင် အရင်ဆုံး ရှေးဟောင်းနတ်ဘုရားကလန်ကို ဝေးဝေးရှောင်တာအကောင်းဆုံးပဲ။ အခု ရှင်က ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုကို လှုပ်ခတ်နိုင်လောက်တဲ့အထိ အင်အားမရှိသေးဘူး။ ရှင်သာ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုကို သွားထိမိရင် ပြင်းပြင်းထန်ထန် ပြန်ခံရလိမ့်မယ်”
ရီဖူရှင်းသည် ရှီးချီယောင်ပြောသည်ကို ကြားလိုက်သောအခါ မျက်နှာပေါ်တွင် ထူးဆန်းသောခံစားချက်အရိပ်အယောင်များ ပေါ်လော၏။ ရှီးချီယောင်က သူ့ကို တစ်စုံတစ်ခု အရိပ်အမြွက်ပေးနေပုံရသည်။ ရှေးဟောင်းနတ်ဘုရားကလန်များသည် သူထင်ထားသည်ထက် များစွာပို၍ စွမ်းအားကြီးပုံပေါ်၏။ ထို့အပြင် ရှေးဟောင်းနတ်ဘုရားကလန်များသည် အပြင်လူများစွာ မသိသည့် ဆန်းကြယ်သောလျှို့ဝှက်ချက်အနည်းငယ်လည်း ရှိပေသည်။
သူမသည် ထိုသို့ပြော၍ သူ့ကို ရှေးဟောင်းနတ်ဘုရားကလန်နှင့် မဆင်မခြင် မတိုက်ခိုက်ရန် အကြံပေးနေခြင်းပင်။
ထျန်းယန်မြို့တွင် အင်ပါယာလက်နက်ရှိပြီး အခြားရှေးဟောင်းနတ်ဘုရားကလန်များသည်လည်း သူတို့၏ကိုယ်ပိုင်ဝှက်ဖဲကိုယ်စီ သေချာပေါက်ရှိပေလိမ့်မည်။ သူတို့၏အခြေကို လှုပ်ခတ်သွားအောင်လုပ်ရန် လွယ်မည်မဟုတ်ပေ။
“ကောင်းပါပြီ...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“အခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်”
“ကိစ္စမရှိပါဘူး...”
ရှီးချီယောင် ပြုံးလိုက်၏။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ရီဖူရှင်းသည် လက်ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်ပြီး မှန်ကိုပြန်သိမ်းလိုက်၏။ သူ မျက်မှောင်ကြုတ်သွားသည်။
ကောင်းကင်ဒေသ၏ အင်အားစုများသည် သူ့ကို သတ်မည့်အကြံအစည်ကို လက်မလျှော့ကြသေးပေ။
ယခုတွင် အခြေအနေသည် ပို၍ပင် အရေးကြီးလာပုံပေါ်၏။
အကယ်၍ သူတို့လုပ်လိုသည်မှာ စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ရုံသာဆိုလျှင် သိပ်၍ကိစ္စကြီးမည်မဟုတ်ပေ။ အဆိုးဆုံးဖြစ်နိုင်သည်မှာ စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည် စီဝေ့ကြယ်ကောင်းကင်တွင်ပင် နှစ်ပေါင်းများစွာကျင့်ကြံနေရုံသာဖြစ်သည်။ သို့သော် အကယ်၍ သူတို့သာ အခြားနည်းများကိုသုံး၍ စီဝေ့ကြယ်ကောင်းကင်ကို ဝင်တိုက်ခဲ့လျှင် သို့မဟုတ် အခြားဖျက်ဆီးနည်းလမ်းများကို သုံးလျှင် အခြေအနေများ ဆိုးဝါးသွားနိုင်ပေသည်။
ထိုစဉ် လူတစ်ယောက်သည် လျှပ်တစ်ပြက်အတွင်း ရောက်လာ၏။
ထိုလူသည် သခင်ချန်ဖြစ်သည်။ သူသည် ရီဖူရှင်းဘေးသို့သွား၍ ပြောလိုက်၏။
“နန်းတော်သခင်... အပြင်မှာ မကောင်းတဲ့သတင်းတွေ ထွက်နေပါတယ်”
ရီဖူရှင်း အနည်းငယ်ခေါင်းညိတ်၍ ပြောလိုက်၏။
“ကျုပ် အဲဒီသတင်းတွေကို ကြားပြီးပြီ”
“နန်းတော်သခင် ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ”
သခင်ချန်က မေးလိုက်၏။
“သခင်ချန်ဆီမှာရော ဘာအတွေးရှိလဲ”
ရီဖူရှင်းသည် ခေါင်းမော့၍ သခင်ချန်ကိုကြည့်ကာ မေးလိုက်၏။
“ကျုပ်တို့ ကိုယ်ပျက်စီးရာပျက်စီးကြောင်းကို ထိုင်စောင့်နေလို့တော့မရဘူး”
သခင်ချန်က ပြန်ဖြေလိုက်၏။
“အခု စီဝေ့ကြယ်ကောင်းကင်က အားမနည်းတော့ပါဘူး။ ကျုပ်တို့ အပြင်ကိုသွားရမယ့်အချိန်ရောက်ပြီ”
သခင်ချန်သည် အဆင့်တက်ခဲ့ပြီး ကြယ်တာရာနှင်တံသည် သူ၏စွမ်းအားကို မြှင့်တင်ပေး၏။ ထို့ကြောင့် သူသည် သူ၏စွမ်းအားကို တိုက်ပွဲထဲတွင် စမ်းသပ်လိုနေပေသည်။ ကောင်းကင်ဒေသမှ အင်အားစုများသည် မကောင်းသည့်ကိစ္စများကို ကြံစည်နေသဖြင့် သူ့တွင် ထိုကဲ့သို့ အတွေးများပေါ်လာရခြင်းဖြစ်သည်။
ရီဖူရှင်းသည် သခင်ချန်ကိုကြည့်လိုက်၏။ သခင်ချန်ထံတွင် ထိုကဲ့သို့ ရဲစိတ်ရဲမာန်ရှိမည်ဟု သူ မထင်ထားခဲ့ပေ။
“အခုပဲ ရှီးချီယောင်က ကျုပ်ကို ရှေးဟောင်းနတ်ဘုရားကလန်ကို မထိဖို့ အကြံပေးခဲ့တယ်။ ဒီတော့ ကျုပ်တို့ ဘယ်သူ့ကို ပစ်မှတ်ထားနိုင်မလဲ”
ရီဖူရှင်း မေးလိုက်၏။
“ရှေးဟောင်းနတ်ဘုရားကလန်တွေကလွဲလို့ ကျုပ်တို့ကို ရန်ပြုချင်နေတဲ့ အင်အားစုတစ်စုကို ရွေးပြီး သူတို့ကို တခြားသူတွေအတွက် သတိပေးချက်အနေနဲ့ ဖျက်ဆီးပစ်ကြတာပေါ့”
သခင်ချန်၏အသံသည် တည်ငြိမ်သော်လည်း ထိုအသံထဲတွင် လွှမ်းမိုးမှုအရှိန်အဝါတစ်ခုပါကြောင်း ခံစားရပေသည်။ စီဝေ့အင်ပါယာနန်းတော်သည် နတ်ကောင်းကင်တစ်ခု၏ အရှင်သခင်ဖြစ်သည်။ သို့သော် သူတို့သည် အဘက်ဘက်မှ ပြဿနာများနှင့် ရင်ဆိုင်နေရပေသည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင် ဒေါသထွက်နေသည်မှာ သဘာဝကျပေသည်။
အနည်းဆုံးတော့ သူတို့သည် စီဝေ့ကြယ်ကောင်းကင်မှာ သူတို့ကြိုက်သည့်အချိန်တွင် ကြိုက်သလိုရန်စနိုင်သော အင်အားစုတစ်စုမဟုတ်ကြောင်းကို အပြင်လောက,က သိသွားအောင်လုပ်ရပေမည်။
“ပြီးတော့ ကျုပ်တို့ရဲ့ ပစ်မှတ်က အရမ်းအားနည်းနေလို့လည်းမရဘူး။ ကျုပ်တို့ သွားတိုက်မယ်ဆိုရင် ပိုပြီးစွမ်းအားကြီးတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုကို တိုက်သင့်တယ်။ မဟုတ်ရင် အဲဒါက တခြားသူတွေအတွက် သတိပေးတဲ့နမူနာဖြစ်မှာမဟုတ်ဘူး”
သခင်ချန်က ဆက်ပြောလိုက်၏။ ရီဖူရှင်းသည် သူပြောသည်ကိုကြားလိုက်သောအခါ သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။
ရီဖူရှင်းသည် သခင်ချန်၏အတွေးကို ကြားလိုက်သောအခါ ခေါင်းထဲတွင် အဖွဲ့အစည်းတစ်ခုပေါ်လာ၏။
ထို့အပြင် ထိုအဖွဲ့အစည်းသည် စီဝေ့အင်ပါယာနန်းတော်နှင့် ရန်ငြိုးရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ကောင်းကင်ဒေသတွင် လွန်စွာစွမ်းအားကြီးကာ ကျင့်ကြံခြင်းအတွက် တော်တွင်မြေဟုပင် လူသိများ၏။ ထိုအဖွဲ့အစည်းသည် သူတို့၏ကုန်းမြေထဲတွင် အဆင့်အတန်းမြင့်ပေသည်။
ရီဖူရှင်းသည် ခေတ္တမျှ တိတ်တဆိတ်တွေးတောပြီးနောက် ပြောလိုက်၏။
“သခင်ချန်... စီဝေ့၊ ဝမ်ရှန့်နဲ့ ကောင်းကင်အာဏာစက်နန်းတော်တွေရဲ့ သခင်တွေကို စီဝေ့အင်ပါယာနန်းတော်မှာ စုဝေးဖို့ ဆင့်ခေါ်လိုက်ပါ”
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
သခင်ချန်က ရီဖူရှင်းကို ဦးညွှတ်လိုက်ပြီး နောက်သို့လှည့်ကာ ကြယ်ကောင်းကင်ထဲသို့ လျှောက်လှမ်းသွား၏။ သူ၏မျက်နှာထားသည် တည်ငြိမ်နေပြီး ထိုမျက်နှာထားထဲတွင် အမှန်တကယ် သတ်ဖြတ်လိုသည့်အငွေ့အသက်များပင် ရှိနေကြောင်း မြင်နိုင်ပေသည်။
သူ အပြင်သို့ မရောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူသည် စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ခဲ့သောနှစ်ကတည်းက စီဝေ့အင်ပါယာနန်းတော်အတွင်း၌သာ နေထိုင်ခဲ့၏။ သခင်ချန်သည် သာမန်နေ့ရက်များတွင် လုပ်စရာဟူ၍ မည်မည်ရရမရှိသည့်ပြင် သူ့တွင် ရန်သူဟူ၍လည်းမရှိပေ။ သူသည် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ဆုံးရ၏။ သို့သော် ယခုတွင် သူသည် ကျင့်ကြံခြင်းအဆင့်တက်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ပြင်ပမှ စွမ်းအားကြီးရန်သူများလည်း ရှိနေပေသည်။ ထို့ကြောင့် သူ့သွေးများသည် တဖန်ဆူပွက်လာသည်ဟု ခံစားနေရသည်။
******
စီဝေ့အင်ပါယာနန်းတော်၏ ပင်မနန်းဆောင်တွင် စွမ်းအားကြီးကျင့်ကြံသူတစ်စု ရပ်နေကြ၏။ သူတို့အားလုံးသည် တစ်စုံတစ်ခုဖြစ်လာတော့မည်ကို ခံစားနေရပြီး တည်ကြည်သောမျက်နှာထားများရှိနေကြ၏။
မဟာအကြီးအကဲ သခင်ချန်၊ စီဝေ့နန်းတော်သခင် မုရုံယွီ၊ ဝမ်ရှန့်နန်းတော်သခင် အင်ပါယာရှီ၊ ကောင်းကင်အာဏာစက်နန်းတော်သခင် ဟွာဂျီယူတို့အားလုံး ထိုနေရာတွင် ရှိနေ၏။ အခြားထိပ်သီးကျင့်ကြံသူများလည်း ထိုနေရာတွင် စုဝေးနေကြ၏။ တာအိုဘုန်းတော်ကြီးမူသာ ထိုနေရာတွင် ရှိမနေပေ။ ရီဖူရှင်းသည် အာခီမီနန်းတော်ကို ထိုကိစ္စအတွက် မစိုးရိမ်ရန်ပြောကာ ဆေးလုံးများဖော်စပ်ရာတွင်သာ အာရုံစိုက်ရန် ပြောခဲ့ခြင်းပင်။ ဆေးလုံးဖော်စပ်ခြင်းသည်သာ တာအိုဘုန်းတော်ကြီးမူ၏ အဓိကတာဝန်ဖြစ်၏။
လက်ရှိတွင် ပြင်ပတိုက်ပွဲများသည် ရီဖူရှင်းတို့၏အလုပ်သာဖြစ်ပေလိမ့်မည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကောင်းကင်ဒေသက အင်အားစုတွေက ကောင်းကင်အာဏာစက်ဘုံကို ဝင်ရောက်ဆီးနင်းခဲ့ကြပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးခဲ့ကြတယ်။ သူတို့က ကျုပ်တို့ကို မောင်းထုတ်ပြီး စီဝေ့ကြယ်ကောင်းကင်မှာ နှစ်ပေါင်းများစွာ ကိုယ်တိုင် ချိပ်ပိတ်ထားရအောင် ဖိအားပေးခဲ့တယ်။ အခု စီဝေ့ကြယ်ကောင်းကင်က အပြင်လောက,က ပဋိပက္ခတွေထဲမှာ ဝင်မပါတော့ပေမဲ့ ကောင်းကင်ဒေသက အင်အားစုတွေက ကျုပ်တို့ကို အလွှတ်မပေးချင်သေးဘူး။ သူတို့က ထပ်ပြီး အင်အားပူးပေါင်းပြီးတော့ အင်အားကြီးမဟာမိတ်တစ်ဖွဲ့ ဖွဲ့ပြီး စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ချင်နေကြတယ်”
ရီဖူရှင်း ပြောလိုက်၏။
“ဒါပေမဲ့ လက်ရှိစီဝေ့အင်ပါယာနန်းတော်က တစ်ချိန်က စီဝေ့အင်ပါယာနန်းတော်နဲ့ မတူတော့ဘူး။ သူတို့က မဟာမိတ်ဖွဲ့နိုင်၊ မဖွဲ့နိုင်ဆိုတာလည်း အရေးမပါဘူး။ အနည်းဆုံးတော့ ကျုပ်တို့ကို ဖျက်ဆီးချင်နေတဲ့သူတွေကို တန်ကြေးပြန်ပေးရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ သိသွားအောင် သင်ခန်းစာပေးရမှာပဲ”
ကျင့်ကြံသူအားလုံးသည် ရင်ထဲတွင် အားကောင်းသော ခံစားချက်များ ပြည့်နှက်လာပြီး သွေးများစတင်ဆူပွက်လာ၏။ ယနေ့တွင် စီဝေ့အင်ပါယာနန်းတော်သည် တိုက်ခိုက်သိမ်းပိုက်ရန် ထွက်ခွာမည်လော။
ထိုသို့ပြုလုပ်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်က တစ်ခါမှ ထိုသို့မလုပ်ခဲ့ဖူးပေ။
အထူးသဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ထိုသို့မလုပ်ခဲ့ဖူးပေ။ သူတို့သည် ပစ်မှတ်အဖြစ်သတ်မှတ်ခံရခြင်းနှင့် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ သည်းခံခဲ့သည်။ လက်ရှိတွင် သူတို့သည် လုံလောက်အောင်သန်မာလာပြီဖြစ်သော်လည်း တူညီသောဖိအားကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများသည် သူတို့ကို အလွှတ်ပေးမည်မဟုတ်ပေ။
သူတို့ကို တိုက်ခိုက်လိုနေသော ရှေးဟောင်းနတ်ဘုရားကလန်များပင် ရှိနေ၏။
ထိုအခြင်းအရာအားလုံးမှာ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် လွန်စွာထက်မြက်၍ဖြစ်သည်။ လောကကြီးသည် ထိုမျှထက်မြက်သူကို တည်ရှိရန် ခွင့်မပြုနိုင်သကဲ့သို့ပင်။ ထို့ကြောင့် လောကကြီးသည် နည်းမျိုးစုံသုံး၍ ရီဖူရှင်းကို ရှင်းပစ်ရန် ကြိုးစားနေသည်ဟုပင် ထင်ရပေသည်။ သို့တည်းမဟုတ် လောကကြီးသည် ရီဖူရှင်း၏တိုးတက်မှုကြောင့် ထိတ်လန့်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ ယခုတွင် သူတို့သည် ပြန်တိုက်စစ်စင်တော့ပေမည်။
“သွားစို့...”
ရီဖူရှင်းသည် ထိုသို့ပြောကာ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်၏။ ကျင့်ကြံသူအားလုံးသည် ရီဖူရှင်းအတွက် လမ်းဖယ်ပေးလိုက်ပြီး သူ့ကို သူ့တို့အလယ်မှ ဖြတ်လျှောက်သွားလိုက်စေသည်။ ထို့နောက် ကျင့်ကြံသူများသည် သူ့ဦးဆောင်မှုနောက်သို့လိုက်ကာ ဥမင်တစ်ခုရှိရာဘက်သို့ လျှောက်သွားလိုက်ကြသည်။
စီဝေ့အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသနှင့် တိုက်ခိုက်ရန် ထွက်ခွာလာပေပြီ။