တိုက်ခိုက်ပြီ
Vol. 178 Ch. 2540
ကောင်းကင်ဒေသ၊ ထိုက်ချူကုန်းမြေ။
ထိုကုန်းမြေသည် ကောင်းကင်ဒေသရှိ ကုန်းမြေဆယ့်ရှစ်ခုထဲတွင် ပို၍အင်အားကြီးသည့်ကုန်းမြေများထဲမှ တစ်ခုဖြစ်သည်။
ထိုက်ချူကုန်းမြေထဲတွင် မည်သည့်ရှေးဟောင်းနတ်ဘုရားကလန် အင်အားစုမှ မရှိသော်လည်း ကျင့်ကြံခြင်း၏တော်ဝင်မြေဟုခေါ်သည့် ထိုက်ချူတော်ဝင်မြေရှိ၏။
ထိုက်ချူတော်ဝင်မြေသည် မဟာလမ်းစဉ်များ၏ ဗဟုသုတများကို လက်ဆင့်ကမ်းခဲ့သော နေရာတစ်ခုဖြစ်သည်။ ထိုတော်ဝင်မြေသည် ရှည်လျားသောသမိုင်းကြောင်းရှိပြီး ထိုမြေမှနေ၍ ထင်ပေါ်ကျော်ကြားကာ အစွမ်းထက်သော လူများစွာ ထွက်ပေါ်ခဲ့၏။ ထို့အပြင် ထိုတော်ဝင်မြေသည် စွမ်းအားကြီးကျင့်ကြံသူ မျိုးဆက်များစွာကို ပျိုးထောင်ပေးခဲ့၏။ ယနေ့ခေတ်တွင် ထိုက်ချူကုန်းမြေမှ ထပ်သီးကျင့်ကြံသူများစွာသည် ထိုက်ချူတော်ဝင်မြေမှ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုက်ချူကုန်းမြေထဲတွင် ကုန်းမြေသခင်အိမ်တော်သည်ပင် ထိုက်ချူတော်ဝင်မြေကို လေးစားရပေသည်။
ထိုက်ချူတော်ဝင်မြေမှာ ထိုက်ချူကုန်းမြေ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိ၏။ ထိုက်ချူတော်ဝင်မြေသည် ထူးခြားသောကုန်းမြေအပိုင်းတစ်ခုဖြစ်ပြီး ထိုနေရာတွင် မိုင်ပေါင်းထောင်ချီ မြေဆီ၊ မြေဩဇာကောင်းသော မြေများရှိ၏။ ထိုမြေများတွင် ကျင့်ကြံခြင်းနန်းတော်များစွာ ရှိ၏။ ကျင့်ကြံခြင်းနန်းတော်တစ်ခုစီသည် လွန်စွာအင်အားကြီးပြီး ၎င်းတို့ကိုသာ အပြင်လောကသို့ ထွက်စေလိုက်လျှင် ၎င်းတို့အားလုံးသည် ထိပ်တန်းအဖွဲ့အစည်းများဖြစ်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ထိုက်ချူတော်ဝင်မြေတွင် နတ်မြူခိုးများ လွှမ်းခြုံနေသည့် လွန်စွာတိတ်ဆိတ်ငြိမ်သက်နေသော ကျင့်ကြံခြင်းနန်းတော်တစ်ဆောင်ရှိနေ၏။ နတ်မြူခိုးများသည် မြင်ကွင်းကို ဝေဝါးစေနေ၏။ မြူခိုးများအကြားရှိ ကျောက်စင်မြင့်တစ်ခုထိပ်တွင် လူတစ်ယောက် ထိုင်နေ၏။ သူသည် မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်းတွင် စိတ်နစ်နေ၏။
ရီဖူရှင်းသည် ထိုလူကို ယခင်က မြင်ခဲ့ဖူးသည်။ သူသည် ယခင်က ရီဖူရှင်းကို တိုက်ခိုက်ခဲ့ဖူးသည်။ သူသည် ထိုက်ချူတော်ဝင်မြေ၏ အုပ်ချုပ်သူ ထိုက်ချူသူတောင်စင်အင်ပါယာဖြစ်၏။ သူသည် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်ဖြစ်ကာ လွန်စွာစွမ်းအားကြီး၏။ ယခင်က ရီဖူရှင်းသည် အရှင်ရှန်ကျား၏ နတ်ခန္ဓာကိုအသုံးပြုခဲ့သည်ပင် သူ၏သတ်ဖြတ်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သည်။ ဆရာသခင်သာ ဝင်မကူခဲ့လျှင် သူသည် ထိုတိုက်ပွဲအတွင်းမှ လွတ်မြောက်နိုင်ခဲ့မည်မဟုတ်ပေ။
ထိုက်ချူတော်ဝင်အင်ပါယာသည် လောကနှင့် တစ်သားတည်းပေါင်းစည်းသွားကာ လောက၏တစ်စိတ်တစ်ပိုင်းဖြစ်သွားသကဲ့သို့ ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေ၏။ သူ့ထံမှ အရှိန်အဝါအနည်းငယ်ကိုပင် အာရုံမခံနိုင်ပေ။ သို့သော် ထိုအချိန်၌ သူ၏မျက်ခုံးမွေးများ အနည်းငယ်လှုပ်ရှားသွားပြီး သူ မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်ဝန်းအတွင်းမှ လွန်စွာစူးရှသော အကြည့်တစ်ခုထွက်ပေါ်လာသည်။
‘ဘာတွေဖြစ်နေတာလဲ’
ထိုက်ချူတော်ဝင်အင်ပါယာ တွေးတောလိုက်၏။ သူသည် အနည်းငယ် စိတ်ထင့်နေ၏။ တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေရသည်။
သူက သူ၏ခံစားချက်များကို သံသယဖြစ်လိမ့်မည်မဟုတ်ပေ။ ကျင့်ကြံသူတစ်ဦးသည် သူ့အဆင့်အထိ ရောက်လာလျှင် အပြင်လောကအပေါ် အာရုံခံစားနိုင်မှုသည် လွန်စွာအားကောင်းလာပေသည်။ လက်ရှိတွင် မဖြစ်သေးသောကိစ္စအချို့ကိုပင် ခံစားလာနိုင်၏။
သူတို့သည် အဘယ်ကြောင့် ထိုသို့ဖြစ်လာမည်ကို မသိသော်လည်း တစ်စုံတစ်ခုဖြစ်လာတော့မည်ကိုမူ ခပ်ရေးရေးခံစားနိုင်ပေသည်။
သို့သော် ထိုက်ချူတော်ဝင်မြေသည် ထိုက်ချူကုန်းမြေအတွင်း၌ ကျင့်ကြံခြင်းကို သင်ကြားပေးသောနေရာဖြစ်သည်။ သို့ဖြစ်ရာ မည်သို့သောကိစ္စ ဖြစ်လာနိုင်မည်နည်း။
ထိုအခိုက်တွင် ဖြစ်နေသော ကိစ္စကြီးမှာ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများသည် အင်အားပူးပေါင်း၍ စီဝေ့ကြယ်ကောင်းကင်ကို ပစ်မှတ်ထားနေသော ကိစ္စသာရှိ၏။ သို့သော် ထိုကိစ္စသည် စီဝေ့ကြယ်ကောင်းကင်အတွက် ဘေးအန္တရာယ်သာဖြစ်သည်။ သူနှင့် မည်သို့မှ မသက်ဆိုင်ပေ။
သို့ဆိုလျှင် အဘယ်ကြောင့် သူ၏ခံစားချက်သည် တစ်စုံတစ်ခုမူမမှန်ကြောင်း သူ့ကိုပြောနေရသနည်း။
ထိုက်ချူတော်ဝင်အင်ပါယာ၏ နတ်အာရုံသည် အဆုံးမဲ့ဟု ဆိုနိုင်လုနီးပါးကျယ်ပြောသည့် နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ကျယ်ဝန်းသည့် ထိုက်ချူတော်ဝင်မြေအတွင်းရှိ ကျင့်ကြံခြင်းနန်းတော်အားလုံးကို လွှမ်းခြုံသွားသည်။ တော်ဝင်မြေအတွင်းရှိ ကျင့်ကြံသူအားလုံးသည် တိတ်ဆိတ်စွာကျင့်ကြံနေကြပြီး မည်သည့်မူမမှန်မှုမှ မရှိပေ။ မည်သည့်ကိစ္စမှ မဖြစ်ခဲ့ပေ။
သူ၏နတ်အာရုံသည် အဝေးရှိမြို့သို့ ဆက်လက်ပြန့်ကားကာ ရှာဖွေလိုက်၏။ သို့သော် သူသည် မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့သေးပေ။
သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ရှာမနေတော့ဘဲ လက်လျှော့လိုက်၏။ သူက မျက်လုံးမှိတ်၍ ဆက်လက်ကျင့်ကြံလိုက်၏။ အကယ်၍ တစ်စုံတစ်ခုဖြစ်လာမည်ဆိုလျှင် သဘာဝအလျောက် ဖြစ်လာမည်သာဖြစ်သည်။ သူလုပ်ရန်လိုသည်မှာ တိတ်တဆိတ်စောင့်နေရုံသာဖြစ်သည်။
ထိုက်ချူတော်ဝင်မြေအတွင်းရှိ ကျင့်ကြံခြင်းနန်းတော်များတွင် ကျင့်ကြံသူများ မရေမတွက်နိုင်လောက်အောင်ရှိ၏။ ကျင့်ကြံသူများအားလုံးသည် သူတို့၏ကိုယ်ပိုင်လမ်းစဉ်များကို ကျင့်ကြံနေပြီး လွန်စွာစည်ကားသောမြင်ကွင်းကို ဖြစ်ပေါ်နေစေ၏။ ထိုက်ချူတော်ဝင်မြေတွင် မည်သည့်ကိစ္စဖြစ်လာတော့မည်ကို မည်သူမှမသိပေ။
အချိန်တစ်ခုကြာပြီးနောက် ထိုက်ချူတော်ဝင်မြေအပြင်ဘက် အဝေးတစ်နေရာတွင် စွမ်းအားကြီးကျင့်ကြံသူတစ်စုသည် ကောင်းကင်ထက်မှ ရောက်ရှိလာသည်။ သူတို့အားလုံး၏အမြန်နှုန်းသည် အံ့အားသင့်ဖွယ်ကောင်းပြီး သူတို့အားလုံးမှာ သူတို့၏အရှိန်အဝါများကို ဖုံးကွယ်ထားကြသည်။ သို့သော် သူတို့အနီးမှ ဖြတ်သွားသူတိုင်းသည် ထိုလူများသည် သာမန်လူများမဟုတ်ကြောင်းကို ခံစားခဲ့ကြရ၏။ သူတို့တစ်ဦးချင်းစီသည် ထူးခြားသောသူများဖြစ်နိုင်ပြီး တစ်စုံတစ်ခု လုပ်ရန် ကြံစည်နေကြခြင်းဖြစ်ပေမည်။
“သူတို့က ထိုက်ချူတော်ဝင်မြေဘက်ကို သွားနေတာထင်တယ်”
တစ်စုံတစ်ယောက်သည် စိတ်ထဲမှ လျှို့ဝှက်ပြောဆိုလိုက်၏။
“သူတို့က ထိုက်ချူတော်ဝင်မြေထဲက ကျင့်ကြံခြင်းနန်းတော်တစ်ဆောင်က ကျင့်ကြံသူတွေလား”
“အဲလို ဟုတ်ပုံတော့မပေါ်ဘူး”
လူများစွာတို့သည် ဆွေးနွေးနေကြ၏။ သို့သော် ရီဖူရှင်းတို့လူစုသည် ရှေ့သို့သာဆက်သွားနေကြ၏။
သူတို့သည် ဤခရီးကို လွန်စွာ သိုသိုသိပ်သိပ်လာခဲ့ကြခြင်းပင်။ သူတို့က ရှေးဦးစွာ ဆရာသခင်ပြုလုပ်ပေးထားသည့် ဥမင်ကိုအသုံးပြု၍ လေးမျက်နှာကျေးရွာသို့သွားခဲ့ကြသည်။ ထိုစွမ်းအားကြီးကျင့်ကြံသူများပါဝင်သော လူစုသည် ကျယ်ပြောသောကုန်းမြေများကို တိတ်တဆိတ်ဖြတ်သန်းခဲ့ကြသည်။ သူတို့သည် ရှန်းချင်ကုန်းမြေမှနေ၍ ထိုက်ချူကုန်းမြေဘက်သို့ ကူးကာ ထိုက်ချူတော်ဝင်မြေသို့လာခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် စီဝေ့အင်ပါယာနန်းတော်သည် အရေးထားဖွယ် အင်အားစုတစ်စု ဖြစ်လာပြီဖြစ်သော်လည်း သူတို့အတွက် ကောင်းကင်ဒေသတစ်ခုလုံးနှင့် စစ်တိုက်ရန် မဖြစ်နိုင်သေးပေ။ သို့သော် အကယ်၍ ကောင်းကင်ဒေသမှ အင်အားစုများသည် မဟာမိတ်ဖွဲ့ကာ စီဝေ့အင်ပါယာနန်းတော်ကို တိုက်ခိုက်လိုနေပါက သူတို့သည် တန်ကြေးပြန်ပေးရန် ပြင်ဆင်ထားရမည်ဖြစ်သည်။
စွမ်းအားကြီးသောကျင့်ကြံသူအုပ်စုသည် ရှေ့သို့ အလွန်လျင်မြန်စွာ သွားနေကြ၏။ မကြာမီမှာပင် သူတို့သည် ထိုက်ချူတော်ဝင်မြေအပြင်ရှိ လေထဲသို့ ရောက်ရှိလာ၏။
ထိုအခိုက်တွင် စွမ်းအားကြီးသောအရှိန်အဝါလှိုင်းများသည် ထိုက်ချူတော်ဝင်မြေပေါ်သို့ ကျဆင်းသွားပြီး ထိုနေရာရှိ ကောင်းကင်ကို ဖိနှိပ်ထား၏။
‘ဟင်...’
ထိုအခါမှ ထိုက်ချူတော်ဝင်မြေ အတွင်းပိုင်းတစ်နေရာရှိ ထိုက်ချူတော်ဝင်အင်ပါယာသည် သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။ သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်ကာ အန္တရာယ်များလောက်အောင် စူးရှသော အငွေ့အသက်တစ်ခုကို မြင်နိုင်ပေသည်။ သူ့ထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြောသောနယ်မြေကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းပင် နတ်အရှိန်အဝါတစ်ခုသည် ထိုမြေပေါ်သို့ ကျဆင်းလာပြီး သူ၏မျက်လုံးများသည် ကြားရှိနေရာတစ်ခုလုံးကို ဖြတ်ကျော်ကာ ထိုက်ချူတော်ဝင်မြေအပြင်သို့ လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ထိုက်ချူတော်ဝင်မြေသို့ရောက်လာသော စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများ ရှိနေပေသည်။
ထိုအခြင်းအရာ၏အဓိပ္ပာယ်သည် ရှင်းပြရန်မလိုအောင်ပင် ရှင်းလင်း၏။
“ရီဖူရှင်း... မင်းက စီဝေ့အင်ပါယာနန်းတော်ကို ဦးဆောင်ပြီး ထိုက်ချူတော်ဝင်မြေကို လာတိုက်ရလောက်အောင် အတင့်ရဲတယ်ပေါ့လေ”
ထိုက်ချူတော်ဝင်အင်ပါယာ၏အသံသည် လေထဲတွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ဘုံကိုးဘုံကို လှုပ်ခတ်သွားစေကာ တော်ဝင်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့သွား၏။
ထိုအခါ ထိုက်ချူတော်ဝင်မြေရှိ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် အူလှိုက်သည်းလှိုက် တုန်လှုပ်သွားကြသည်။ စွမ်းအားကြီးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံတက်သွားကြကာ အပြင်သို့ ကြည့်လိုက်ကြသည်။
ဝုန်း...
အံ့အားသင့်ဖွယ် လေးလံသောအရှိန်အဝါတစ်ခု ကျဆင်းလာပြီး ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ထိုက်ချူတော်ဝင်အင်ပါယာက ခေါင်းမော့ကြည့် လှမ်းကြည့်လိုက်၏။ လေထဲတွင် ကြယ်တာရာဝတ်ရုံဖြင့် လူတစ်ယောက် ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။ သူ၏အရှိန်အဝါသည် တုန်လှုပ်ဖွယ် အံ့အားသင့်စရာကောင်းသည်။ ထိုအရှိန်အဝါသည် ထိုက်ချူတော်ဝင်အင်ပါယာနှင့်ပင် တန်းတူပေသည်။ ထိုလူမှာ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုသူကား စီဝေ့အင်ပါယာနန်းတော်၏ မဟာအကြီးအကဲ သခင်ချန်ဖြစ်ပေသည်။
သခင်ချန်သည် လက်ထဲတွင် နှင်တံကိုကိုင်ကာ ထိုက်ချူတော်ဝင်အင်ပါယာအထက်ရှိ ကောင်းကင်တွင် ရပ်နေကာ သူ့ကို စူးစိုက်ကြည့်နေ၏။ ရုတ်ခြည်းအတွင်းမှာပင် ထိုကျင့်ကြံသူနှစ်ဦး၏ မဟာလမ်းစဉ်နတ်အရှိန်အဝါများသည် လေထဲတွင် တစ်ခုနှင့်တစ်ခု တိုက်မိသွားကြပြီး လေထဲတွင် ကြောက်မက်ဖွယ်တုန်ခါမှုများနှင့် ကျယ်လောင်သောအသံကြီးများကို ဖြစ်ပေါ်လာစေ၏။
“သူက သန်မာတယ်”
ထိုက်ချူတော်ဝင်အင်ပါယာက ဖိအားကို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်မှာ ထိုနေရာတွင် ထိုင်နေဆဲဖြစ်သော်လည်း သူ့အကြည့်များသည် သူ့အထက်ရှိ လေထဲသို့ ရောက်နေပေသည်။ သို့သော် သူ့ခန္ဓာကိုယ်သည် အံ့အားသင့်လောက်အောင် မြင့်မားပြီး ကြီးမားကာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်ရပေသည်။
ထိုစီဝေ့အင်ပါယာနန်းတော်မှ မဟာအကြီးအကဲသည် အဆင့်တက်ကာ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကိုပင် ကျော်လွှားနိုင်ခဲ့သည်။
တော်ဝင်မြေအပြင်ဘက်တွင် ရီဖူရှင်းသည် မြင့်မားသောလေထဲတွင် ပေါ်လာ၏။ သူက ကျယ်လောင်စွာ ကြေညာလိုက်၏။
“ထိုက်ချူတော်ဝင်မြေဆိုတာ မဟာလမ်းစဉ်တွေကို သင်ကြားပေးတဲ့ ဗဟုသုတတော်ဝင်မြေဖြစ်ရမှာ... ဒါပေမဲ့ ထိုက်ချူတော်ဝင်မြေက ကျူးကျော်တာတွေ၊ လုယက်တာတွေကကို အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်... ကိုယ့်ရဲ့ အင်အားကိုအသုံးချပြီး တခြားသူတွေကို အနိုင်ကျင့်ခဲ့တယ်။ အခု ထိုက်ချူတော်ဝင်မြေက ကောင်းကင်ဒေသကအင်အားစုတွေနဲ့ ပူးပေါင်းပြီး စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ပိတ်ဆို့ဖို့ ကြံနေတယ်။ ထိုက်ချူတော်ဝင်မြေက တော်ဝင်မြေဆိုတဲ့ နာမည်ကို ညစ်နွမ်းစေခဲ့ပြီ... အဲဒါကြောင့် မဟာလမ်းစဉ်တွေကို ဆက်ပြီး လက်ဆင့်ကမ်းသင်ကြားဖို့ မထိုက်တန်တော့ဘူး။ ဒီနေ့ ထိုက်ချူကုန်းမြေထဲမှာ ထိုက်ချူတော်ဝင်မြေဆိုတဲ့ နာမည်ကို ရှင်းထုတ်ပစ်ရတော့မှာပဲ။ အခု ထိုက်ချူတော်ဝင်မြေထဲမှာရှိတဲ့ ကျင့်ကြံသူတွေအကုန်လုံး ကိုယ့်ဘာသာ အေးအေးဆေးဆေးထွက်သွားမယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို လိုက်ပြီးတိုက်ခိုက်မှာမဟုတ်ဘူး”
သူ၏အသံ ထိုက်ချုတော်ဝင်မြေအထက်ရှိ လေထုထဲတွင် ပဲ့တင်ထပ်သွားသောအခါ တော်ဝင်မြေအတွင်းရှိ ကျင့်ကြံသူတိုင်းသည် အလွန်အံ့အားသင့်သွားကြသည်။
ထိုက်ချူတော်ဝင်မြေသည် မဟာလမ်းစဉ်များကို သင်ကြားရာတွင် နံပါတ်တစ် တော်ဝင်မြေဖြစ်သည်။ ထိုက်ချူတော်ဝင်မြေသည် လွန်စွာအင်အားကြီးပြီး ထိုက်ချူကုန်းမြေတွင် အဆင့်အတန်းမြင့်ပေသည်။ ထို့အပြင် လောကအတွင်းမှ လူများ၏ ကြည်ညိုလေးစားခြင်းကိုလည်း ခံရ၏။
သို့သော် ယနေ့တွင် တစ်စုံတစ်ယောက်သည် ထိုက်ချူတော်ဝင်မြေကို မကြောက်မရွံ့ကျူးကျော်လာပြီး ထိုက်ချူတော်ဝင်မြေဟူသောအမည်ကို လောကကြီးထဲမှ ရှင်းထုတ်ပစ်မည်ဟု ကြွေးကြော်နေ၏။
“အတင့်ရဲလိုက်တာ...”
“စကားကြီး၊ စကားကျယ်တွေ ပြောနေတာပဲ”
ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးရှိ နေရာအနှံ့မှ အသံမျိုးစုံ ထွက်လာ၏။ ထို့နောက်တွင် စွမ်းအားကြီးအရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုက်ချူတော်ဝင်မြေအတွင်းရှိ နေရာအနှံ့မှနေ၍ အံ့အားသင့်ရလောက်အောင် စွမ်းအားကြီးသော အရှိန်အဝါများ အဆက်မပြတ်ထွက်ပေါ်လာ၏။
ရီဖူရှင်းက အရေးမစိုက်ပေ။ သူသည် ရှေ့သို့ဆက်သွားလိုက်ပြီး ကျင့်ကြံသူများကို ဦးဆောင်၍ ထိုက်ချူတော်ဝင်မြေကို တိုက်ရိုက်တိုက်ခိုက်ရန် လုပ်လိုက်၏။
“ထိုက်ချူတော်ဝင်မြေကို ကျူးကျော်ဝင်ရောက်လာတဲ့သူမှန်သမျှကို မသက်ညှာဘဲ သတ်ပစ်ကြ”
လွှမ်းမိုးမှုအရှိန်အဝါပါသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စွမ်းအားကြီးအရှိန်အဝါများစွာ ထွက်ပေါ်လာ၏။ စွမ်းအားကြီးကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး လေထဲသို့ ပျံတက်လာကြသည်။ သူတို့ထဲမှ ကျင့်ကြံသူများစွာသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူများ ဖြစ်၏။
ဝုန်း...
လူနှစ်ယောက် ရှေ့သို့ထွက်လာ၏။ ထိုနှစ်ယောက်မှာ မျက်မမြင်ထျယ်နှင့် ဆေးအင်ပါယာတို့ဖြစ်သည်။ သူတို့၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းပြီး လောကကို ဖိနှိပ်ထား၏။ ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ နတ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်တူကြီးတစ်လက်ကို ကိုင်ထားပြီး ရှေ့သို့ပျံထွက်လာကြသည့် ရန်ဟောင်အဆင့်ကျင့်ကြံသူများကို တူဖြင့် ထုချလိုက်၏။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ် နတ်အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး ထိုရန်ဟောင်အဆင့်ကျင့်ကြံသူများသည် ကျယ်လောင်သောအသံကြီးတစ်သံနှင့်အတူ လွင့်ပျံသွားကြသည်။
ဆေးအင်ပါယာသည် ဝမ်ရှန့်ဂိတ်တံခါးကို ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲနေရာအပေါ်သို့ ဖိနှိပ်နေကာ ရန်ဟောင်အဆင့်ကျင့်ကြံသူများကို ၎င်း၏အရှိန်အဝါဖြင့် ထိနှိပ်ထားလိုက်၏။ ၎င်းသည် အတုမရှိလွှမ်းမိုးနိုင်ပေသည်။
ဝုန်း..ဝုန်း...ဝုန်း...
တိုက်ကွဲတစ်ကွက်တည်းဖြင့်ပင် ရန်ဟောင်အဆင့်ကျင့်ကြံသူများစွာသည် အပြင်းအထန်ဒဏ်ရာရသွားပြီဖြစ်သည်။
ဝုန်း.....
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် တိုက်ပွဲပြင်ကိုဖြတ်သန်းသွားပြီး ကောင်းကင်မြစ်တစ်စင်းကဲ့သို့ မြည်ဟည်းလိုက်၏။ ရီဖူရှင်းက ရှေ့သို့ဆက်လျှောက်နေသည်။ သူက ရင်းနှီးသူတစ်ဦးကို တွေ့လိုက်၏။ ထိုသူကား စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် ခရမ်းရောင်ဝတ်ရုံစစ်အင်ပါယာဖြစ်၏။ သူ့ဘေးတွင်လည်း စွမ်းအားကြီးသောရန်ဟောင်အဆင့်ကျင့်ကြံသူများစွာ ရှိပေသည်။ သူသည် နတ်ဘုရားများ၏ အရှိန်အဝါပါသော လက်သီးချက်တစ်ချက်ကို ထိုးလွှတ်လိုက်ရာ လွန်စွာအားမာန်ကြီးသော စွမ်းအားသည် လှိုင်းတံပိုးထန်ကာ မြည်ဟည်းနေသော မြစ်များကဲ့သို့ တိုက်ပွဲပြင်ကို ဖြတ်သန်းကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွား၏။
အခြားတစ်ဖက်မှနေ၍ ဓားဝိညာဉ်စွမ်းအားများသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အဝေးမှနေ၍ သူတို့ထံသို့ ပျံဝင်လာသည်။ ထိုဓားဝိညာဉ်စွမ်းအားများသည် အတူတကွစုဝေးလိုက်ပြီး ဓားမြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားကာ အဝေးမှနေ၍ သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပျံ့သန်းလာပြီး ၎င်းတို့ဖြတ်သန်းလာသော အာကာပြင်ကို ဖျက်ဆီးပစ်ခဲ့၏။ ထိုကောင်းကင်မြစ်နတ်ဓားသည် ထိုက်ချူတော်ဝင်မြေအတွင်းရှိ ထိုက်ချူလေ့ကျင့်ရေးကွင်းမှ ထွက်ပေါ်လာခြင်းပင်။
စွမ်းအားကြီးကျင့်ကြံသူများစွာသည် တစ်ပြိုင်တည်းတိုက်ခိုက်လိုက်ပြီး အံ့အားသင့်တုန်လှုပ်ဖွယ် စွမ်းအားကြီးသော တိုက်ခိုက်မှုကို ပေါက်ကွဲအားများဖြင့် ခုခံလိုက်ကြသည်။
မျက်မမြင်ထျယ်၏လက်ထဲတွင် ကြောက်မက်ဖွယ် ကောင်းကင်တူကြီးတစ်လက် ရုတ်တရက်ပေါ်လာသည်။ သူက ထိုတူကို ချက်ချင်းဆွဲကိုင်ကာ ရှေ့သို့ထွက်၍ ကြောက်မက်ဖွယ် စွမ်းအားကြီးသောလှိုင်းများဆီသို့ ပြေးသွားလိုက်၏။ သူ့လက်ထဲရှိ ကောင်းကင်တူသည် အောက်သို့ထုချလိုက်ပြီး အာကာပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေ၏။ သူသည် ရှေ့သို့ဆက်သွားလိုက်ပြီး ကောင်းကင်တူကြီးကိုမြှောက်ကာ ခရမ်းရောင်ဝတ်ရုံစစ်အင်ပါယာကို ထုချလိုက်၏။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းဘေးတွင် ရပ်နေသော ချန်ယိလည်း လှုပ်ရှားလိုက်၏။ သူသည် ဓားဝိညာဉ်စွမ်းအားက ကောင်းကင်ထက်မှနေ၍ သူတို့ထံသို့ လာနေသည်ကို တွေ့လိုက်သောအခါ သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး ထိုဓားဝိညာဉ်စွမ်းအားများထံ ပျံသန်းသွားသည်။ အဆုံးမဲ့အလင်းဓားဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး လောကအတွင်းရှိ အရာအားလုံးကို သန့်စင်ပစ်လိုက်၏။ ၎င်းတို့သည် ဓားမြစ်ထံသို့ ပျံဝင်ဖောက်ထွင်းသွားကာ ဓားမြစ်၏အခြားအဆုံးတစ်ဖက်မှ ပြန်ထွက်လာ၏။
ရီဖူရှင်းနှင့် အခြားသူများ၏ခြေလှမ်းများသည် တုံ့ဆိုင်းမှုပင် မရှိခဲ့ချေ။ သူတို့သည် ရှေ့သို့ ဆက်တက်နေကြ၏။ ကောင်းကင်ထက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်နေပြီး အာကာပြင်သည် တုန်ခါမြည်ဟည်းနေပေသည်။
ကောင်းကင်ထက်တွင် နတ်ဒယ်စောက်အိုးများစွာ ပျံနေကြ၏။ နတ်ဒယ်စောက်အိုးတစ်ခုစီသည် ကြီးမားကြပေသည်။ ရွှေရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ဦးသည် ဒယ်စောက်အိုးတစ်အိုးပေါ်တွင် ထိုင်နေပြိး ရီဖူရှင်း ရှေ့သို့လျှောက်လာသည်ကို ကြည့်နေ၏။ သူ၏အရှိန်အဝါသည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။ သူသည် ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးရှိ အသန်မာဆုံးသုံးဦးထဲမှ တစ်ဦးဖြစ်သည့် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်၏။
ဝီ...
ထိုရတနာဒယ်စောက်အိုးများသည် လည်ပတ်လာပြီး သူတို့ကို ဖိနှိပ်ရန် ကျဆင်းလာသည်။ ၎င်းတို့သည် အာကာပြင်ကိုပင် ဖိနှိပ်ဖျက်ဆီးလုနီးပါးပင်။ ၎င်းတို့ ဖြတ်သန်းသွားသောနေရာတိုင်းတွင် အရာအားလုံးသည် အစိတ်စိတ်အမွှာမွှာဖြစ်သည်အထိ ဖိနှိပ်ဖျက်ဆီးခံလိုက်ရသည်။ မဟာလမ်းစဉ်များသည်လည်း ထို့အတူပင်ဖြစ်ပြီး ပြိုကွဲပျက်စီးလုနီးပါးဖြစ်နေ၏။ မည်သည့်မဟာလမ်းစဉ်စွမ်းအားမှ နတ်ဒယ်စောက်အိုးများ၏ ဖိနှိပ်စွမ်းအားကို မခံနိုင်ပေ။
ရီဖူရှင်းနှင့် အခြားသူများ၏အထက်တွင် အဆုံးမဲ့ နတ်ဒယ်စောက်အိုးများ ပေါ်လာပြီး သူတို့ကို ဖိနှိပ်ဖျက်စီးရန် သူတို့အပေါ်သို့ ကျဆင်းလာ၏။
ဝီး...
စီဝေ့နန်းတော်သခင် မုရုံယွီသည် ရီဖူရှင်း၏အနောက်မှနေ၍ ထွက်လာသည်။ သူ့မျက်လုံးများမှနေ၍ လွန်စွာခမ်းနားတောက်ပသော ကြယ်အလင်းများ ပျံထွက်သွားပြီး သူတို့ပတ်ပတ်လည်မှ လောကကို ကြယ်တာရာစက်ကွင်းတစ်ခုအဖြစ် ရုတ်ခြည်းပြောင်းလဲလိုက်၏။ မရေမတွက်နိုင်အောင်များပြားသော နတ်ကြယ်တာရာများသည် လည်ပတ်ကာ သူတို့ရှေ့ရှိ ကြယ်တာရာစက်ကွင်းထဲတွင် ပေါ်လာ၍ နတ်ဒယ်စောက်အိုးများကို တိုက်ခိုက်လိုက်၏။ ထိုမြင်ကွင်းသည် လွန်စွာကြီးကျယ်ခမ်းနားပေသည်။
သူတို့၏တိုက်ခိုက်မှုများသည် လေထုထဲတွင် ထိခတ်သွားကြသည်။ ထိုက်ချူတော်ဝင်မြေမှ ကပ်ဘေးအဆင့်ကျင့်ကြံသူသည် သူ့အောက်ရှိ မုရုံယွီကို ကြည့်လိုက်၏။ ရီဖူရှင်း၏ဘေးတွင် တော်ဝင်အင်ပါယာနှင့် သွားရောက်တိုက်ခိုက်နေသော သခင်ချန်အပြင် နောက်ထပ်ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး ရှိနေပေသည်။
ထို့အပြင် အခြားကပ်ဘေးအဆင့်ကျင့်ကြံသူများလည်း ထပ်ရှိနေသေးပုံပေါ်၏။
ဤအကြိမ်တွင် ထိုက်ချူတော်ဝင်မြေသည် အမှန်ပင် ကြီးမားသောဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့်ပုံပင်။