← Chapters

တစ်စစီဖျက်ဆီးခြင်း

Vol. 178 Ch. 2541

တစ်စစီဖျက်ဆီးခြင်း

Vol. 178 Ch. 2541

ထိုက်ချူတော်ဝင်မြေအတွင်းပိုင်းမှနေ၍ နောက်ထပ် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ လွန်စွာအေးစက်သောအရှိန်အဝါသည် အဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံသွားပြီး ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံး၏အပူအချိန်ကို လျင်မြန်စွာ လျှော့ချလိုက်၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်မြည်ဟိန်းသံကြီးတစ်သံကို ကြားလိုက်ရသည်။ ထိုအသံထွက်ပေါ်လာဘက်တွင် ရေခဲနတ်ဓားများ ထွက်ပေါ်လာပြီး လွန်စွာကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ရီဖူရှင်းထံသို့ ပျံဝင်လာ၏။

ထိုသို့တိုက်ခိုက်လိုက်သူသည် ရီဖူရှင်းမှာ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ထိုက်ချူတော်ဝင်မြေကိုဖျက်ဆီးရန် သူ့လူများကို ဦးဆောင်၍လာသည်ကို သိကြောင်း ထင်ရှားပေသည်။

ရီဖူရှင်းသာမရှိလျှင် ယနေ့တိုက်ပွဲ ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ရီဖူရှင်းကို တိုက်ရိုက်သတ်လိုခြင်းဖြစ်သည်။

ရွှီး...

ရီဖူရှင်း၏နောက်မှနေ၍ စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အင်ပါယာရှီသည် ရှေ့သို့ထွက်ရပ်လိုက်၏။ ကောင်းကင်ထက်တွင် လိပ်နက်ကြီးရွှမ်းဝူ၏ ဧရာမဝိညာဉ်ပုံရိပ်ကြီး ပေါ်လာ၏။ ၎င်းသည် ကောင်းကင်ထက်ရှိ အရာအားလုံးကို ကာရံသွားပြီး ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ခုခံလိုက်၏။

အင်ပါယာရှီက ရှေ့သို့တိုးသွားပြီး ရန်သူကို သတ်ရန်ပြင်ဆင်ကာ ပစ်မှတ်ထားလိုက်၏။

ဤအကြိမ်တွင် သူတို့ဘက်က လူအင်အားများစွာမပါခဲ့သော်လည်း ပါလာသူအားလုံးသည် ထပ်တန်းတိုက်ခိုက်ရေးသမားများဖြစ်သည်။ သူတို့အားလုံးသည် အနည်းဆုံး ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူများဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သော ကျင့်ကြံသူများသည် ထိုကဲ့သို့သော တိုက်ပွဲတွင် ဝန်ထုပ်ဝန်ပိုးသာဖြစ်စေမည်ဖြစ်ပြီး များစွာစွမ်းဆောင်နိုင်မည်မဟုတ်ပေ။

အခြားနေရာများတွင်လည်း ကြောက်မက်ဖွယ်တိုက်ပွဲများ ဖြစ်ပေါ်နေသည်။ ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးသည် အဆက်မပြတ် ပေါက်ကွဲနေသည်။ လူအားလုံး၏ နားထဲတွင် ကျယ်လောင်သောပေါက်ကွဲသံများကို အဆက်မပြတ်ကြားနေရသည်။ မဟာလမ်းစဉ်၏ ကြောက်မက်တုန်လှုပ်ဖွယ်အရှိန်အဝါများသည် သူတို့ကို မိန်းကြပ်ကာ အသည်းအသန်စိတ်လှုပ်ရှားနေစေ၏။

ထိုအခြင်းအရာအားလုံးသည် ရူးသွပ်မှုသာဖြစ်သည်။

တစ်စုံတစ်ယောက်သည် ကျင့်ကြံသူများကိုဦးဆောင်၍ ထိုက်ချူတော်ဝင်မြေကို လာရောက်တိုက်ခိုက်လိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးခဲ့ဖူးပေ။ သို့သော် သူတို့သည် ထိုအဖြစ်အပျက်ကို ယနေ့ တွေ့ခဲ့ရပေပြီ။ ရန်သူများမှာ တိုက်ခိုက်ရန် ရောက်လာရုံသာမက လွန်စွာစွမ်းအားကြီး၍ ခက်ထန်၏။

လူအားလုံးသည် ခေါင်းမော့၍ ရှေ့သို့ဆက်သွားနေသည့် ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်လိုက်ကြ၏။ ထိုလူသည် မူလဘုံမှ ကျော်ကြားသူတစ်ဦးဖြစ်သည့် ရီဖူရှင်းပင်။

ရီဖူရှင်းက ရှေ့သို့ဆက်တက်နေသည်။ သူ့ပတ်ပတ်လည်ရှိ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်အရှိန်အဝါသည် သူ့အပေါ် တစ်စိုးတစ်စိမျှပင် သက်ရောက်မှုရှိပုံမပေါ်ပေ။ သူသည် သူ၏လူများကို ထိုက်ချူတော်ဝင်မြေအတွင်းသို့ ဦးဆောင်လာခဲ့ပြီး တိုက်ပွဲကိုကြည့်ကာ ပြောလိုက်၏။

“ဒီတိုက်ပွဲမှာ ဝင်ပါတဲ့သူမှန်သမျှ အသတ်ခံရမယ်”

သူ့မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွား၏။ ကောင်းကင်ဒေသ၏အင်အားစုများသည် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့ပြီးသွားသည်နှင့် ထိုက်ချူတော်ဝင်မြေသည်လည်း ထိုမဟာမိတ်အဖွဲ့ထဲတွင် ပါဝင်လာမည်ဖြစ်သည်။ အတိတ်မှ ရန်ငြိုးများကို ထည့်မတွက်လျှင်ပင် ထိုအချက်တစ်ချက်တည်းဖြင့်ပင် သူတို့သည် ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ သူတို့သာ ထိုသို့မလုပ်ခဲ့ပါက နောင်တွင် ထိုထိုက်ချူတော်ဝင်မြေမှလူများက စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်မည်ဖြစ်သည်။

သူ၏နတ်အာရုံသည် ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးနှင့် ကျင့်ကြံခြင်းနန်းတော်များစွာကို လွှမ်းခြုံသွားသည်။ ထိုက်ချူတော်ဝင်မြေ၏ ထိပ်သီးသုံးဦးထဲတွင် ထိုက်ချူတော်ဝင်အင်ပါယာသည်သာ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသူဖြစ်ပြီး ကျန်နှစ်ဦးသည် ပထမကောင်းကင်ကပ်ဘေးကိုသာ ကျော်လွှားရပေသေးသည်။ သူတို့သည် ယခုတွင် မုရုံယွီနှင့် အင်ပါယာရှီတို့နှင့် တိုက်ခိုက်နေ၏။

ယခင်က ထိုက်ချူလေ့ကျင့်ရေးကွင်း၏ ဓားသခင်တစ်ဦးလည်း ရှိခဲ့ပေသေးသည်။ သူ့ကို ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကိုသုံး၍ သတ်ပစ်ခဲ့၏။ ထို့ကြောင့် ထိုက်ချူတော်ဝင်မြေတွင် ထပ်သီးတစ်ဦးလျော့နည်းသွားခြင်းဖြစ်သည်။

ထိုချူတော်ဝင်မြေတွင် ထိုကပ်ဘေးအဆင့်ရှိသည့် ထပ်သီးသုံးဦးအပြင် ပြီးပြည့်စုံသောမဟာလမ်းစဉ်ရှိသည့် ရန်ဟောင်အဆင့်ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးလည်း ရှိပေသေးသည်။ ထိုလူအုပ်စုသည် လွန်စွာစွမ်းအားကြီးသောအုပ်စုဟု ဆိုနိုင်သည်။ ထိုနေရာသည် ထိုက်ချူတော်ဝင်မြေပင် မဟုတ်ပါလော။

သို့သော် ထိုလူများလောက်နှင့် ရီဖူရှင်းတို့ကို ယှဉ်ရန် မလုံလောက်သေးပေ။

ရီဖူရှင်းသည် ကိုယ်တိုင်မလှုပ်ရှားရသေးပေ။ သူသည် တိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်၍ သူ့ဘက်မှကျင့်ကြံသူများ ဒဏ်ရာမရစေရန် သေချာ‌အောင်လုပ်လိုနေပေသည်။ လက်ရှိတွင် သူတို့ဘက်က အရေးသာနေသော်လည်း ရန်သူကို လျှော့မတွက်သင့်ပေ။

“ကွန်ရက်ဆင်ကြ”

အဝေးမှ အသံတစ်ခုက ပြောလိုက်၏။ ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများသည် စိတ်လှုပ်တရှား စုဝေးလိုက်ပြီး ကွန်ရက်စတင် ဆင်လိုက်ကြသည်။ ထိုက်ချူလေ့ကျင့်ရေးကွင်းထဲတွင် ဓားသမားများစွာသည် တစ်ချိန်တည်း ကောင်းကင်ပေါ်သို့ ပျံတက်လာကြပြီး ကောင်းကင်ထက်တွင် ရပ်နေကြ၏။ သူတို့အားလုံး၏ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဓားဝိညာဉ်စွမ်းအားသည် လှည့်ပတ်စီးဆင်းနေပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် မဟာလမ်းစဉ်နတ်အလင်းကို ထွက်ပေါ်လာစေသည်။ လွန်စွာတောက်ပသော ဓားအလင်းတန်းများပေါ်ပေါက်လာသည်။ ၎င်းတို့သည် လောကကြီးကို ထက်ခြမ်းခွဲပစ်နိုင်သည်ဟုပင် ထင်ရ၏။

ကောင်းကင်ထက်တွင် ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် သန်းချီသော နတ်ဓားများသည် အလုံးစုံပျက်သုဉ်းရေးဓားအလင်းတစ်ခုကဲ့သို့ ရီဖူရှင်းနှင့် သူ့လူများထံ ပျံသန်းသွား၏။

ဟွာဂျီယူသည် ‌ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဓားကွန်ရက်အောက်တွင် ခြေကား၍ ရပ်လိုက်၏။ သူမသည် လှပသောမျက်လုံးလေးများကို ပင့်လိုက်ပြီး ဓားကွန်ရက်ကို တစ်ချက်ကြည့်လိုက်၏။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ထုံမှိုင်းသောအသံတစ်သံကို ကြားလိုက်ရ၏။ မကြာမီမှာပင် မွန်းကြပ်ဖွယ်ဖိအားတစ်ခု ဆင်းသက်လာပြီး အချိန်နှင့်နေရာသည် ရပ်တန့်သွားသည်ဟု ထင်လိုက်ရပေသည်။ ထိုကျဆင်းလာသောဓားများ၏အရှိန်သည် ရုတ်တရက် နှေးကွေးသွားသည်။ ၎င်းတို့သည် ရပ်တန့်သွားတော့မလိုပင် ထင်ရ၏။

ဝုန်း...

ဟွာဂျီယူက နောက်တစ်လှမ်းထပ်တိုးလိုက်၏။ ကောင်းကင်ထက်ရှိ နတ်ဓားအားလုံး ရပ်တန့်သွား၏။ ထိုအခိုက်တွင် ချန်ယိ လှုပ်ရှားလိုက်၏။ သန့်စင်နတ်အလင်းများသည့် သူ့ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲလိုက်၏။ ထိုအလင်းတန်းသည် ယင်းဓားသမားများထံ လျင်မြန်စွာပျံဝင်သွားသည်။

ဤအကြိမ်တွင် ထိုဓားသမားများသည် သူတို့၏ဝိညာဉ်စွမ်းအားတွင် စူးရှမှုတစ်ခုကို ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်သည် သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိတော့သလို သူတို့သည် သူတို့၏ကိုယ်ပိုင်ဓားများကိုလည်း မထိန်းချုပ်နိုင်ဖြစ်နေသည်။ သူတို့၏မျက်နှာထားသည် တုန်လှုပ်သောမျက်နှာထားအဖြစ် ပြောင်းလဲသွား၏။ သူတို့သည် နောက်ဆုံးတိုက်ကွက်တစ်ခုအတွက် သူတို့၏ဓားဝိညာဉ်စွမ်းအားများကို စုစည်းရန်ကြိုးစားလိုက်ကြသည်။ သို့သော် အလင်းသည် သူတို့ထက် ပိုမြန်ပေသည်။

ရွှစ်...ရွှစ်...ရွှစ်...

အလင်းဓားသည် ဖြတ်သန်းသွားပြီး ဓားသမားအားလုံး၏ လည်မျိုကို ဖောက်ထွင်းသွား၏။ ကောင်းကင်ထက်ရှိ ဓားကွန်ရက်အတွင်းရှိ ဓားသမားများသည် တစ်ချိန်တည်းသေဆုံးသွားကြသည်။

ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများသည် သူတို့၏မျက်စိရှေ့တွင် ထိုဓားသမားများ သေဆုံးသွားသည်ကို မြင်လိုက်သောအခါ အပြင်းအထန် တုန်လှုပ်သွားကြ၏။

ရီဖူရှင်းနှင့် အခြားသူများက ရှေ့သို့ဆက်တက်လာသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်စွမ်းအားများပါသည့် မရေမတွက်နိုင်အောင်များပြားသော ဒယ်စောက်အိုးများ ရှိနေသည်။ ထိုဒယ်စောက်အိုးများ လည်ပတ်လာသောအခါ ရွှေရောင်နတ်အလင်းများထွက်လာပြီး အာကာပြင်ကို ခြေမွှပစ်ရန် ခြိမ်းခြောက်နေ၏။ ၎င်းစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်ထက် ပိုပေသည်။

“သတ်ကြ...”

ထိုကျင့်ကြံသူများသည် ထိုဓားသမားများ၏ ဆိုးဝါးသောအဆုံးသတ်ကို မြင်ခဲ့ရသော်လည်း ပြန်မဆုတ်သွားကြပေ။

ထောင်၊ သောင်းချီသော ဒယ်စောက်အိုးများသည် ထိုနေရာရှိ ကောင်းကင်ပြင်ကို ကာရံသွားပြီး သတ်ဖြန်ရန်အတွက် လွန်စွာခက်ထန်သောစွမ်းအားဖြင့် တစ်ပြိုင်တည်းကျဆင်းလာ၏။

ဤအကြိမ်တွင် ရီဖူရှင်းသည် ရှေ့သို့ထွက်လိုက်ပြီး ထိုကျဆင်းလာသော ဒယ်စောက်အိုးများအောက်တွင် ရပ်လိုက်၏။ သူသည် အဖျက်စွမ်းအားနတ်အလင်းများ၏အလယ်တွင် ရပ်နေ၏။

နတ်အလင်းတန်းများသည် သူ့အပေါ်သို့ ကျဆင်းလာသည်။ ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင် အေးစက်မှုများရှိနေသော်လည်း သူတို့သည် ရီဖူရှင်းတစ်ယောက် အဖျက်စွမ်းအားနတ်အလင်းများအောက်တွင် အေးအေးဆေးဆေးရပ်နေသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ သူသည် မလှုပ်ရှားရုံသာမက နတ်အလင်းများကို သူ၏အသားများကို တိုက်စားသွားခွင့် ပေးထား၏။

ထိုမြင်ကွင်းသည် သူတို့ကို အနည်းငယ် ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားရစေသည်။ ရီဖူရှင်းသည် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူဆိုသည်မှာ ဟုတ်မှဟုတ်ပါလေသလော။

သူ၏ခန္ဓာကိုယ်သည် အဘယ်သို့ ထိုမျှ သန်မာနေရသနည်း။

မဟာအင်ပါယာရှန်ကျား၏ နတ်ခန္ဓာသည် ဖျက်ဆီးခံလိုက်ပြီဖြစ်သည်။ ယခုတွင် သူ့ထံ၌ရှိသည်မှာ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်သာဖြစ်ပေသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

“သတ်ကြ...”

သူတို့၏မျက်နှာထားများ အေးစက်သွားသည်။ နတ်ဒယ်စောက်အိုး ရာချီ၊ ထောင်ချီသည် လည်ပတ်လာကြပြီး မရေမတွင်နိုင်အောင်များပြားသော နတ်လျှပ်စီးများသည် သတ်ဖြတ်ရန် ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ထိုဒယ်စောက်အိုးများလည်း အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး ရီဖူရှင်းကို အနိုင်ယူရန် ကြိုးစားလိုက်၏။

ရီဖူရှင်း၏ မဟာလမ်းစဉ်အရှိန်အဝါသည် ထိုနေရာကို လွှမ်းခြုံသွားသည်။ သူသည် ခေါင်းမော့၍ ကြည့်လိုက်၏။ ရုတ်ခြည်းပင် ဒယ်စောက်အိုးအားလုံး ရပ်တန့်သွားပြီး နတ်အလင်းများလည်း မှိန်ဖျော့သွားသည်။

ကောင်းကင်ထက်ရှိ ထိုမြင်ကွင်းသည် အံ့အားသင့်ရလောက်အောင် ခမ်းနားနေပေသည်။

ထိုက်ချူတော်ဝင်မြေမှ ထိုကျင့်ကြံသူများသည် ဒယ်စောက်အိုးများကို စိုက်ကြည့်လိုက်ကြပြီး ၎င်းတို့ကို ထပ်မံလှုံ့ဆော်ရန် ကြိုးစားနေကြ၏။ သို့သော် သူတို့ မလုပ်နိုင်တော့ကြောင်းကိုသာ တွေ့လိုက်ရသည်။

သူတို့သည် ထိုမရေမတွက်နိုင်အောင်များပြားသော ဒယ်စောက်အိုးများအောက်တွင် ရပ်နေသည့် ရီဖူရှင်းကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် ယခုတွင် အနည်းငယ်စိုးရိမ်လာပြီဖြစ်ပြီး တွေးတောနေကြ၏။

“သူက ဘာလို့ ဒီလောက်သန်မာနေရတာလဲ”

ရီဖူရှင်းသည် ထိုလူများကို သနားဟန်ဖြင့် ကြည့်လိုက်၏။ သူတို့အားလုံးသည် ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများဖြစ်ကြပြီး မည်သည့်အမှားမှ လုပ်ထားသူများမဟုတ်ပေ။ သို့သော် ယခုအဖြစ်အပျက်သည် ကျင့်ကြံခြင်းလောက၏ ရက်စက်သောအမှန်တရားပင်ဖြစ်၏။ အကယ်၍ အခြေအနေသာ ပြောင်းပြန်ဖြစ်ခဲ့လျှင် ထိုကျင့်ကြံသူများသည် စီဝေ့ကြယ်ကောင်းကင်ကို ကျူးကျော်ဝင်ရောက်နေမည်ဖြစ်ပြီး ရီဖူရှင်းတို့သည် စီဝေ့ကြယ်ကောင်းကင်ထဲတွင် သတ်ဖြတ်ခံနေရသူများဖြစ်နေပေလိမ့်မည်။ အဖြစ်အပျက်များသည် လုံးဝကွဲပြားသွားနိုင်ပေသည်။

ဝုန်း...

ထိုအချိန်တွင် ဆေးအင်ပါယာသည် သူ့နောက်ကျောဘက်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင်အတူ ဆင်းသက်လာပြီး ထိုလူအုပ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် ကျင့်ကြံသူများစွာ ကောင်းကင်ထက်မှ ပြုတ်ကျသွားပြီး သူတို့ထဲမှများစွာသည် ထိုနေရာတွင်ပင် အသတ်ခံလိုက်ရ၏။

သူတို့၏မျက်လုံးများရှေ့တွင် ဖြစ်ပျက်နေသောအရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ပင် ထင်ရ၏။ ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး သေဆုံးနေကြ၏။

*****

ထိုအချိန်တွင် မရေမတွက်နိုင်အောင်များပြားသော လူများသည် ထိုက်ချူတော်ဝင်မြေအပြင်ဘက်သို့လာရောက်၍ တော်ဝင်မြေအတွင်းရှိ တိုက်ပွဲပြင်ကို ကြည့်နေကြ၏။

ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးသည် လောကပျက်ကိန်းအလင်းများ၏ လွမ်းခြုံထားမှုကို ခံနေရသည်ဟုပင် ထင်ရကြောင်း သူတို့တွေ့လိုက်ရသည်။ ထိုက်ချူတော်ဝင်မြေတစ်ခွင်လုံးတွင် မိန်းကြပ်ဖွယ် အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ လူများစွာသည် မြင့်မားသော ကောင်းကင်ထက်တွင်ရပ်၍ ကြည့်နေကြ၏။ ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများစွာ သေဆုံးသွားသည်ကို သူတို့မြင်ခဲ့ရသည်။ ထိုက်ချူတော်ဝင်မြေသည် ဖျက်ဆီးခံနေရပေသည်။

ဤနေ့သည် တော်ဝင်မြေအတွက် နောက်ဆုံးနေ့ကဲ့သို့ပင်ဖြစ်သည်။

ဤတိုက်ပွဲတွင် ထိုက်ချူတော်ဝင်မြေ ဖျပ်ဆီးခံလိုက်ရမည်လော။

ထိုကဲ့သို့နေ့မျိုး ရောက်လာနိုင်သည်ဟု မည်သူမှ မတွေးခဲ့မိပေ။ သူတို့သည် ယခင်ကတည်းက ရီဖူရှင်း၏အမည်ကို ကြားဖူးပေသည်။ သူသည် မူလဘုံမှ နာမည်ကျော်ကြားသော ထက်မြက်သည့်ပါရမီရှင်တစ်ဦးဖြစ်ပြီး အင်ပါယာရီချင်၏ဆက်ခံသူလည်းဖြစ်ကာ ပြိုင်ဘက်ကင်းတစ်ဦးဖြစ်ပေသည်။ သူသည် သူ့ကိုယ်သူ စီဝေ့ကြယ်ကောင်းကင်တွင် ချိပ်ပိတ်ထား၍ ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်ရန် ဖိအားပေးခြင်းခံခဲ့ရသည်။

သို့သော် လူများစွာအမြင်တွင်မူ သူသည် လွန်စွာအရည်အချင်းရှိ၍ ပါရမီထူးသော လူငယ်တစ်ဦးဖြစ်၏။

ဤနေ့တွင် သူသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်၍ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးရန်အတွက် ထိုက်ချူကုန်းမြေသို့ ရောက်လာလိမ့်မည်ဟု မည်သူထင်မည်နည်း။

“ထိုက်ချူတော်ဝင်အင်ပါယာက မရှုံးလောက်ပါဘူး... ဟုတ်တယ်မလား။ သူက ထိုက်ချူတော်ဝင်မြေကို သေချာပေါက် ကယ်တင်မှာပါ”

တစ်စုံတစ်ယောက်က ထိုက်ချူတော်ဝင်အင်ပါယာအပေါ်တွင် မျှော်လင့်ချက်ထား၍ တီးတိုးရေရွတ်လိုက်၏။

“အင်း... ထိုက်ချူတော်ဝင်အင်ပါယာက သေချာပေါက် ဒီကျူးကျော်သူတွေကို ပြန်တိုက်ခိုက်နိုင်မှာပါ”

ကျင့်ကြံသူအချို့က သဘောတူလိုက်၏။

လူများစွာသည် ထိုက်ချူကုန်းမြေရှိ ထိုက်ချူတော်ဝင်မြေသည် ယခင်က ကောင်းကင်အာဏာစက်ဘုံရှိ ကောင်းကင်အာဏာစက်ကျောင်းတော်ကဲ့သို့ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယခုတွင် ရီဖူရှင်းသည် ထိုက်ချူတော်ဝင်မြေကို ကျူးကျော်ရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာသည်ကို သူတို့မြင်ခဲ့ကြရသည်။ ထို့ကြောင့် သူတို့သည် ထိုက်ချူတော်ဝင်အင်ပါယာက ရီဖူရှင်းတို့ကို တားဆီးနိုင်ရန် မျှော်လင့်နေကြ၏မှာ သဘာဝကျပေသည်။

ရီဖူရှင်းတွေးထားသကဲ့သို့ပင် ကျင့်ကြံခြင်းလောကအတွင်းရှိ အဖြစ်အပျက်များသည် ရက်စက်ပြီး အမှား၊ အမှန်ဟူ၍ သဲသဲကွဲကွဲမရှိပေ။ အကယ်၍ ဤလူများသာ ထိုက်ချူတော်ဝင်မြေသည် ယခင်က ထိုလူများကို မူလဘုံသို့စေလွှတ်၍  ကောင်းကင်အာဏာစက်ကျောင်းတော်ကို မည်သို့ပြုလုပ်စေခဲ့သည်ကိုသာ သိပါက သူတို့မည်သို့တွေးပေမည်နည်း။

*****

တိုက်ပွဲပြင်တွင် ရီဖူရှင်းနှင့် အခြားသူများသည် ရှေ့သို့ဆက်တက်နေကြ၏။ သူတို့သည် ထိုက်ချူတော်ဝင်မြေအတွင်ပိုင်းသို့ နက်နက်ရှိုင်းရှိုင်းရောက်ခဲ့ပြီဖြစ်သည်။ သူတို့အောက်ရှိ မြေသည် အလုံးစုံပျက်သုဉ်းနေပြီး ကျင့်ကြံသူများစွာ၏အလောင်းများလည်း တောင်ပုံရာပုံရှိနေ၏။ ထိုကျင့်ကြံသူအားလုံးသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သို့သော် ရီဖူရှင်းနှင့် အခြားသူများသည် မဆင်မခြင်သတ်ဖြတ်နေခြင်းမဟုတ်ပေ။ သူတို့ကို ပြန်ခုခံတိုက်ခိုက်ခဲ့သူများကိုသာ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

သို့ပင်လျှင် အ‌လောင်းများသည် နေရာအနှံ့တွင် ရှိနေပေသည်။ ထိုက်ချူတော်ဝင်မြေတွင် ကျင့်ကြံသူများစွာရှိပြီး စွမ်းအားကြီးသူများလည်း အများအပြားရှိ၏။ သူတို့သည် ကွန်ရက်ထဲတွင် စုဝေးလိုက်သောအခါ လူရာ‌ကျော်သည် တိုက်ခိုက်ရန် တစ်ပြိုင်တည်းလှုပ်ရှားလိုက်ကြသည်။

သို့သော် ထိုက်ချူတော်ဝင်မြေသည် အင်အားကြီးသော်လည်း ထိုကျူးကျော်သူအုပ်စု၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။ သူတို့သည် တော်ဝင်မြေ၏အလယ်ဗဟိုသို့ ဆုတ်ခွာရန် ဖိအားပေးခံနေရသည်။ မည်သူမှ ထိုကျုးကျော်သူများကို မတားဆီးနိုင်ပေ။

ယခုတွင် အဓိကစောင့်ကြည့်ရမည့် တိုက်ပွဲနေရာ သုံးနေရာသာရှိတော့၏။ ထိုသုံးနေရာမှာ ကပ်ဘေးအဆင့်ကျင့်ကြံသူများ တိုက်ခိုက်နေရာဖြစ်သည်။ အထူးသဖြင့် ထိုက်ချူတော်ဝင်အင်ပါယာနှင့် သခင်ချန်တို့၏တိုက်ပွဲသည် အရေးပါဆုံးဖြစ်သည်။ သူတို့နှစ်ဦးသည် လွန်စွာမြင့်သော ကောင်းကင်ထက်တွင် တိုက်ခိုက်နေပေရာ အခြားသူများကို ထိခိုက်မှုမရှိစေပေ။

“ဂျီယူ၊ ဆေးအင်ပါယာ... အင်ပါယာရှီနဲ့ လက်ထောက်သခင်မုရုံကို သွားပြီးကူညီလိုက်ပါ”

ရီဖူရှင်း ပြောလိုက်၏။ ဟွာဂျီယူနှင့် ဆေးအင်ပါယာတို့သည် ခေါင်းညိတ်လိုက်ကြ၏။ သူတို့နှစ်ဦးစလုံးသည် ကပ်ဘေးအဆင့်ရှိသည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ကြသည်။ လေးယောက် နှစ်ယောက် တိုက်ခိုက်ရမည်ဖြစ်ရာ သူတို့ဘက်က သေချာပေါက် အသာစီးရမည်ဖြစ်သည်။

ရီဖူရှင်းမှာမူ ရှေ့သို့သာဆက်၍သွားနေ၏။ သူသည် အရှေ့ရှိ ထိုက်ချူတော်ဝင်အင်ပါယာနှင့် သခင်ချန်တို့၏ တိုက်ပွဲနေရာကို လှမ်းကြည့်လိုက်၏။ သူသည် သခင်ချန်ကို ကူညီ၍ ထိုက်ချူတော်ဝင်အင်ပါယာကို ဤနေရာတွင်ပင် သတ်ပစ်လိုပေသည်။ သူသည် ထိုလူကို ဤနေရာမှ အသက်ရှင်လျှက် ထွက်သွားစေမည်မဟုတ်ပေ။

ရှေ့ရှိ လူအုပ်ထဲတွင် ရီဖူရှင်း၏ “မိတ်ဆွေဟောင်း” အနည်းငယ်ရှိ၏။ ထိုလူများမှာ ကောင်းကင်အာဏာစက်ဘုံကို မောင်ပိုင်စီးရန်အတွက် ထိုက်ချူတော်ဝင်မြေကို ကိုယ်စားပြု၍ ကောင်းကင်အာဏာစက်ဘုံသို့လာခဲ့ကြသူများဖြစ်သည်။ ထိုအခိုက်တွင် သူတို့သည် ရီဖူရှင်းကို မြင်လိုက်ရသောအခါ အိပ်မက်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

တစ်ချိန်က သူတို့သည် ရီဖူရှင်းကို အရေးမစိုက်ဟန်ဖြင့် ကြည့်ခဲ့ကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ထိန်းချုပ်နိုင်ရန်အတွက် ရီဖူရှင်းကို ထိန်းချုပ်လိုခဲ့သည်။ ရီဖူရှင်းသည် သူ့အတွက် မည်သည်က ကောင်းသည်ကိုမသိသော သူတစ်ယောက်ဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် နှစ်အနည်းငယ်အတွင်းမှာပင် ရီဖူရှင်းသည် ကောင်းကင်ဒေသသို့လာ၍ ထိုက်ချူတော်ဝင်မြေကို တိုက်ခိုက်နိုင်စွမ်းပင် ရှိလာခဲ့သည်။ ထိုအရာအားလုံးသည် အလွန်အိပ်မက်ဆန်ပေသည်။

ရီဖူရှင်းသည် သူတို့၏အကြည့်အချို့ကို သတိပြုမိသွားပုံပေါ်ပြီး သူတို့ကို တစ်ချက်ပြန်ကြည့်လိုက်၏။ ထို့နောက် ရီဖူရှင်းသည် လေထဲတွင် အောက်သို့ လက်ညှိုးညွှန်လိုက်၏။ အနန္တဓားဝိညာဉ်စွမ်းအားများ ကျဆင်းသွားပြီး လေထုကိုဖြတ်၍ ထိုလူများကို လှည့်ပတ်ပျံသန်းသွားသည်။ တရွှီးရွှီးအသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ထိုလူများသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားလေတော့သည်။

All Chapters