← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

140 01

အခန်း 140

မေဝမ့်ရှူးသည် တစ်ခါတစ်ရံတွင် မိမိ နိုးကြားနေသည်ဟု ခံစားရပြီး၊ တစ်ခါတစ်ရံတွင်မူ အိပ်မက်မက်နေသည်ဟု ထင်မြင်မိလေသည်။

မြင်ကွင်းများသည် ဝေဝါးနေပြီး မီးခိုးရောင် ပိတ်ပါးစ တစ်ခု ခြားထားသကဲ့သို့ ရှိသည်။ သူမသည် အပေါ်စီးမှနေ၍ နန်းတွင်းသူ တစ်သိုက် နန်းတော်တံခါးမှ ဝင်ရောက်လာသည်ကို ငုံ့ကြည့်နေမိသည်။

သူတို့အားလုံးမှာ ရွေးချယ်ခံရပြီးကာစ နန်းတွင်းသူ အသစ်လေးများ ဖြစ်ကြသည်။ အားလုံး တစ်ပုံစံတည်း ချုပ်လုပ်ထားသော အပြာရောင် ရင်ဖုံးအင်္ကျီများကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရိုးရှင်းသော ဆံထုံးများကို ထုံးထားကြသည်။ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် အထုပ်ငယ်လေး တစ်ထုပ်စီ ကိုင်ထားကြ၏။

နောက်တစ်ခဏ၌ မျက်စိရှေ့မှ မီးခိုးရောင် ပိတ်ပါးစ လွင့်ပျောက်သွားလေသည်။

သူမသည် အထုပ်တစ်ထုပ်ကို ကိုင်ရင်း ထိုနန်းတွင်းသူသစ် တန်းစီနေသော လူအုပ်ထဲတွင် ပါဝင်နေပြီ ဖြစ်သည်။

စူးရှသော နေရောင်ခြည်သည် မျက်လုံးထဲသို့ တိုးဝင်လာသဖြင့် သူမ လက်ဖြင့် ကာလိုက်မိသည်။

နားထဲတွင် စကားသံတစ်ခုက တတွတ်တွတ် ပြောဆိုနေလေသည်။

“နင့်လို ရာဇဝတ်သားရဲ့ သမီး၊ အပြစ်ရှိတဲ့သူက နန်းတော်ထဲ အရွေးခံရတယ် ဆိုတာ တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်ကြီးပဲ။ မေသခင်မလေး... နင့်ကံက သိပ်ကောင်းတာပဲ”

ထိုအဖြစ်အပျက်မှာ ယခင်ဘဝက သူမ ပထမဆုံးအကြိမ် နန်းတော်ထဲ ဝင်ရောက်လာခဲ့စဉ်က ဖြစ်သည်။ ကြီးမားခန့်ညားသော အနီရောင် နန်းတော်တံခါးကြီးသည် သူမ၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး ရွှေရောင် ကြေးလက်ကိုင်ကွင်းကြီးများသည် နေရောင်အောက်တွင် ဝင်းလက်တောက်ပနေသည်။

ကျယ်ဝန်းလှသော စကျင်ကျောက်ခင်း ခြံဝင်းကျယ်ကြီးကို ဖြတ်ကျော်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင် နန်းဆောင်၏ စင်္ကြံအမိုးအောက်တွင် လူတစ်ယောက် ယိမ်းထိုးလွင့်ပျံနေသည်ကို တွေ့လိုက်ရသည်။

သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ခြေလှမ်း ရပ်တန့်သွားသည်။

သူမ တစ်ယောက်တည်း မဟုတ်၊ တန်းစီနေသော နန်းတွင်းသူသစ် အားလုံး မြင်လိုက်ကြသည်။ လူအများစု၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ပေါက်လာကြလေသည်။

“မကြည့်နဲ့၊ အဲဒီလူ သေတာ ကြာပြီ”

သူမတို့ကို ခေါ်ဆောင်လာသော နန်းတွင်းအရာရှိက မျက်လုံးပင် မပင့်ဘဲ ပြောဆိုလိုက်သည်။

“အဲဒီမှာ အရေခွံပဲ ကျန်တော့တာ။ နင်တို့လို နောက်မှရောက်လာတဲ့ လူသစ်တွေကို သတိပေးဖို့ ချိတ်ထားတာ”

အရေခွံဆုတ်ပြီး ကောက်ရိုး သွပ်ထားသော အရုပ် ချိတ်ဆွဲထားသည့် စင်္ကြံအောက်မှ ဖြတ်လျှောက် သွားသောအခါ နန်းတွင်းအရာရှိက လက်ညှိုးထိုးပြပြီး ပြောလေသည်။

“ဒီလူကလေ... တစ်ချိန်တုန်းက တော်တော်လေး ဩဇာညောင်းခဲ့တဲ့ မိန်းမစိုးကြီး တစ်ယောက်ပေါ့။ ညဘက် ဧကရာဇ် အဆောင်တော်မှာ တာဝန်ကျတုန်း သူ ကံဆိုးသွားတာ။ အဲဒီညက ဧကရာဇ်နဲ့ အတူအိပ်တဲ့ မိန်းမလှလေးက ဘယ်လို လုပ်လိုက်လဲ မသိဘူး၊ ဧကရာဇ် အမျက်တော်ရှသွားတယ်။ အဲဒီ မိန်းမလှလေး ခေါင်းပြတ်သွားတဲ့အပြင် ဒီလူပါ ရောပါသွားတယ်။ ဟဲဟဲ... သူကတော့ အရေခွံပါ ဆုတ်ခံလိုက်ရတာ”

“နင်တို့ လူသစ်တွေ... နောက်နောင် ဧကရာဇ် အပါးတော်မှာ ခစားရရင် အရေခွံကို သေချာ ဆွဲဆန့်ထားကြ။ အမှားမရှိစေနဲ့။ ငါတို့ ဧကရာဇ်က သဘောကောင်းတဲ့သူ မဟုတ်ဘူး။ ဒီည နင့်အသက်ကို လိုချင်ရင် နင် မနက်ဖြန် မနက်အထိ အသက်ရှင်ရမှာ မဟုတ်ဘူး။ ရှေ့က နမူနာကို သေချာ မှတ်ထားကြ”

လူတန်းကြီးသည် စင်္ကြံလမ်းကို ဖြတ်ကျော်ပြီး ဒုတိယ နန်းတော်တံခါးကို ဖြတ်သန်းသွားကြသည်။

နန်းတွင်းသူ အများစုမှာ ချိတ်ဆွဲထားသော လူ့အရေခွံကို မကြည့်ရဲသဖြင့် ခေါင်းငုံ့ပြီး သုတ်ခြေတင် လျှောက်သွားကြသည်။ သူမ တစ်ယောက်သာ ဖြတ်သွားစဉ် မော့ကြည့်လိုက်မိသည်။

ထို့နောက် မျက်လွှာချပြီး စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ရက်စက်ကြမ်းကြုတ်တဲ့ မင်းဆိုးမင်းညစ်ရဲ့ အုပ်ချုပ်မှုက ဘယ်လိုလုပ် ကြာရှည်ခံမှာလဲ။

140 02

မီးခိုးရောင် မြူခိုးများသည် အရပ်လေးမျက်နှာမှ လှိမ့်ဝင်လာပြီး ရှေ့မှ ရှင်းလင်းသော မြင်ကွင်းကို ဖုံးကွယ်လိုက်လေသည်။

မြင်ကွင်းသည် တစ်ဖန် အပေါ်စီးသို့ ရောက်ရှိသွားပြန်သည်။ နန်းတော်အတွင်းပိုင်းသို့ ဝင်ရောက်သွားသော ပုရွက်ဆိတ်တန်းလေးသဖွယ် နန်းတွင်းသူသစ်များကို ငုံ့ကြည့်နေမိပြန်သည်။

မေဝမ့်ရှူးသည် ဝေဝေဝါးဝါး တွေးလိုက်မိသည်။ ဪ... ငါ နန်းတော်ထဲ စရောက်တုန်းက အဲဒီလို တွေးခဲ့ဖူးတာပဲ

နောက်ပိုင်း ဘယ်အချိန်ကျမှ အတွေးတွေ ပြောင်းသွားတာပါလိမ့်...

အာ... ဟုတ်ပြီ။ နောက်ပိုင်းကျမှ ကြားသိလိုက်ရတာ။ တစ်ချိန်က တန်ခိုးထွားခဲ့တဲ့ အဲဒီ မိန်းမစိုးကြီးက လာဘ်ငွေအများကြီး ယူပြီး မိန်းမလှလေးတစ်ယောက်ကို နန်းသွင်းပေးခဲ့တာတဲ့။ ပြီးတော့ ဧကရာဇ် ညဘက် အိပ်ပျော်စေဖို့ ထွန်းထားတဲ့ အမွှေးတိုင်ထဲမှာလည်း ဆေးခတ်ခဲ့သေးတယ်တဲ့။

အဲဒါကြောင့် မိန်းမလှလေးက ခေါင်းပြတ်သွားပြီး၊ ဒီလူက အရေခွံ အဆုတ်ခံလိုက်ရတာကိုး။

*** *** ***

သတိပြန်ဝင်လာသောအခါ သူမ၏ မျက်စိရှေ့တွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။ တစ်ခဏမျှ စိတ်နှင့်လူနှင့် မကပ်ဘဲ မျက်စိရှေ့တွင် လှုပ်ရှားနေသည်မှာ ထိုအရေခွံကြီး ဖြစ်နေလေမလားဟု ထင်ယောင်ထင်မှား ဖြစ်သွားသည်။

ခဏကြာမှ သေချာ ကြည့်လိုက်သောအခါ ပြတင်းပေါက်တွင် ချိတ်ဆွဲထားသော ဝါးလိုက်ကာလေး လေတိုက်၍ လှုပ်ရှားနေခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။

သူမသည် အနောက်ဆောင် ပြတင်းပေါက်နားရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသည်။

ရှင်ယီနင်သည် အကျဉ်းသားဝတ်စုံကို လဲလှယ်လိုက်ပြီ ဖြစ်သည်။ သန့်ရှင်းသပ်ရပ်သော ကျောက်စိမ်းရောင် သမားတော်ဝတ်စုံကို ပြန်လည် ဝတ်ဆင်ထားပြီး ကုတင်ဘေးတွင် ထိုင်ကာ အပ်စိုက်ကုသရာတွင် သုံးသော ငွေအပ်များကို သိမ်းဆည်းနေလေသည်။

“လူက သတိရလာပြီဆိုတော့ ကိစ္စမရှိတော့ပါဘူး”

သူက စားပွဲရှည်နောက်တွင် ထိုင်နေသော သူတစ်ယောက်ကို လှမ်းပြောလိုက်သည်။

“မေအမတ်က မနေ့ညက လန့်သွားပြီး သွေးလန့်သွားလို့ ခဏ မေ့သွားတာပါ။ ကြည့်ရတာသာ ကြောက်စရာ ကောင်းပေမယ့် တကယ်တမ်းတော့ နားနားနေနေ နေလိုက်ရင် သက်သာသွားမှာပါ။ စိုးရိမ်စရာ မရှိပါဘူး။ နောင်ကျရင်လည်း ကျန်းမာရေး ထိခိုက်မှာ မဟုတ်ပါဘူး”

မေဝမ့်ရှူးသည် ရှင်ယီနင် စကားပြောသော ဘက်သို့ လှည့်ကြည့်လိုက်သည်။

မျက်နှာချင်းဆိုင် စားပွဲရှည်နောက်တွင် ယဲ့ချန်းကော် ထိုင်နေလေသည်။

ဆရာကြီး၏ မျက်နှာမှာ သိပ်မကောင်းလှ။ ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေသည်။ မနေ့ညက မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် အတော်ပင် စိတ်ထိခိုက် လန့်ဖျပ်သွားပုံရသည်။

ယဲ့ချန်းကော်သည် ထပြီး ကုတင်ဘေးသို့ လျှောက်လာသည်။ မေဝမ့်ရှူး၏ ပခုံးကို ဖွဖွလေး ပုတ်ပြီး နှစ်သိမ့်လိုက်သည်။

“သတိရလာတာ ကောင်းပါတယ်။ မနေ့ညက တပည့်လေး တည်တည်ငြိမ်ငြိမ်နဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တာ တော်တယ်”

မေဝမ့်ရှူး ခေါင်းငုံ့ပြီး သူမ၏ လက်ကို ကြည့်လိုက်သည်။

မေ့မြောနေစဉ်အတွင်း တစ်စုံတစ်ယောက်က သေချာ ဆေးကြောပေးထားပုံရသည်။ မနေ့ညက လက်ဖမိုးပေါ် စဉ်သွားသော သွေးစက်များ ပြောင်စင်သွားပြီ။ လက်ချောင်းလေးများမှာ သွယ်လျဖြူဖွေးနေပြီး ပုံမှန်အတိုင်း ဖြစ်နေသည်။

ယဲ့ချန်းကော်သည် နှစ်သိမ့်စကား အနည်းငယ် ထပ်ပြောချင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာ ချလိုက်လေသည်။

“ဝမ့်ရှူး... အခုမှ သတိရလာတာဆိုတော့ တကယ်က ပိုပြီး အနားယူခိုင်းသင့်တာ။ ဒါပေမယ့် အခြေအနေက အရေးကြီးနေတော့ ထလိုက်ပါဦး”

သူက စိတ်လေးလံစွာဖြင့် ပြတင်းပေါက်နားတွင် ရပ်လိုက်သည်။

“ဧကရာဇ်ရဲ့ အခြေအနေက အခု သိပ်မကောင်းဘူး”

မနေ့ညက အနောက်ဆောင် အဖြစ်အပျက်က ကြီးကျယ်လွန်းသဖြင့် နန်းတော်ထဲတွင် ကောလာဟလ အမျိုးမျိုး ပျံ့နှံ့နေပြီ ဖြစ်သည်။

140 03

“ဧကရာဇ်ရဲ့ အခြေအနေကို ရှင်ယီနင်ကို မေးကြည့်လိုက်” ယဲ့ချန်းကော်သည် ပြောပြီး တိုင်းပြည်ရေးရာရုံးတော်သို့ အလျင်အမြန် ထွက်ခွာသွားလေသည်။ မင်းသုံးဆက်တိုင် အမတ်ကြီး ဖြစ်သည့် ဂုဏ်ဝါဖြင့် အရာရှိများကို ထိန်းသိမ်းရန်နှင့် အစိုးရ ယန္တရား ပုံမှန်လည်ပတ်နိုင်စေရန် ဖြစ်သည်။

မေဝမ့်ရှူးသည် ကုတင်ပေါ်မှ ထလိုက်ပြီး ရှင်ယီနင် ဘက်သို့ လှည့်လိုက်သည်။

“မနေ့ညက ငါ ဧကရာဇ်ရှေ့မှာ မူးလဲသွားတော့ သူ လန့်သွားတာလား။ ဒီနေ့ မနက် ညီလာခံ ဖျက်လိုက်သလား”

ရှင်ယီနင် ခေါင်းခါလိုက်သည်။ ခန့်ညားထည်ဝါသော ဧကရာဇ်မင်း၏ ယခု အခြေအနေကို တွေးမိပြီး ရင်ထဲ မကောင်း ဖြစ်သွားသည်။

“ညီလာခံ ဖျက်တာထက် အဆတစ်ရာလောက် ပိုဆိုးတယ်”

မေဝမ့်ရှူး စိုက်ကြည့်နေသဖြင့် သူ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ဇရပ်အောက်ဘက်ရှိ မြေအောက်ခန်း နေရာကို လက်ညှိုးထိုးပြလိုက်သည်။

“မနေ့ညက မင်း သူ့ရှေ့မှာ မူးလဲသွားပြီးတဲ့နောက်... ဧကရာဇ်ရဲ့ ကြောက်လန့်ပြီး သောင်းကျန်းတဲ့ ရောဂါ ပြန်ထလာတယ်”

“မင်းကို ပွေ့ချီပြီး အပြင်ထုတ်ပေးပြီးတော့ ဧကရာဇ်က မြေအောက်ခန်းထဲ ပြန်ဝင်သွားပြီး သူ့ကိုယ်သူ အထဲမှာ ပိတ်လှောင်ထားလိုက်တယ်”

မေဝမ့်ရှူး ရုတ်တရက် ထိတ်လန့်သွားသည်။

“ဘာ... သူ့ကိုယ်သူ မြေအောက်ခန်းထဲ ပိတ်ထားတယ် ဟုတ်လား”

ရှင်ယီနင် မျက်နှာပျက်နေသည်။

“ယဲ့အမတ်ကြီး ခုနက ဆင်းပြီး သွားဖျောင်းဖျသေးတယ်။ လုံးဝ မရဘူး။ ဒီတစ်ခါ ရောဂါထတာက အရင်တစ်ခေါက် ကျစ်ချန်နန်းဆောင်မှာ ဖြစ်တုန်းကထက် ပိုပြင်းထန်တယ်။ အခြေအနေ တော်တော် မကောင်းဘူး။ မင်း... မင်းပဲ မြန်မြန် ဆင်းကြည့်လိုက်ပါဦး”

————

သံကြိုးဆွဲသံများ ထွက်ပေါ်လာပြီး ဇရပ်အောက်ရှိ လှိုဏ်ခေါင်းတံခါး ဖြည်းညှင်းစွာ ပွင့်သွားလေသည်။

တိတ်ဆိတ်နေသော လှိုဏ်ခေါင်းလမ်းကြားထဲတွင် မေဝမ့်ရှူး၏ ခြေသံတစ်ချက်တည်းသာ ထွက်ပေါ်နေသည်။

ကျောက်နံရံနှစ်ဖက်ရှိ မီးတုတ်များမှာ ငြိမ်းသတ်ထားသည်မှာ ကြာပြီ ဖြစ်သည်။

မိမိကိုယ်ကို မြေအောက်ခန်းထဲ ပိတ်လှောင်ထားသော ဧကရာဇ်မင်း၏ နောက်ဆုံး အမိန့်မှာ…

“လှိုဏ်ခေါင်းထဲက မီးတွေအကုန် သတ်လိုက်။ အားလုံး အပြင်ထွက်သွားကြ”

မီးရောင် မရှိတော့သော လှိုဏ်ခေါင်းလမ်းကြား တစ်လျှောက်ရှိ ကျောက်ခန်းများမှာ အမှောင်ထုထဲတွင် နစ်မြုပ်နေသည်။ ခေါင်းပေါ်ရှိ ဝင်ပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည် အနည်းငယ်ကသာ ပတ်ဝန်းကျင်ကို ဝေဝါးစွာ လင်းစေသည်။

မေဝမ့်ရှူးသည် ထိုအလင်းရောင် အနည်းငယ်ကို အားပြုပြီး ကျောက်ခန်း တစ်ခန်းပြီး တစ်ခန်း ဖြတ်ကျော်ကာ ခက်ခက်ခဲခဲ လိုက်ရှာနေရသည်။

“ရှင်းယွမ်”

သူမ၏ အသံသည် ကျဉ်းမြောင်းရှည်လျားသော အမှောင်လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားသည်။

မည်သည့် တုံ့ပြန်သံမျှ မကြားရ။

သူမ အစမှ အဆုံးထိ တစ်ခေါက် လျှောက်ကြည့်ပြီးပြီ။ အော်ခေါ်ပြီးပြီ။ လှိုဏ်ခေါင်းအဆုံးရှိ နောက်ဆုံး ကျောက်ခန်းရှေ့ ဖြတ်လျှောက်သောအခါ သွေးညှီနံ့ ခပ်သင်းသင်း ရလိုက်ရာမှ ရုတ်တရက် အနံ့ပြင်းထန်လာသည်။

သူမ သတိရလိုက်ပြီ။

နောက်ဆုံး ကျောက်ခန်းသည် ချီယို့သောင်းကို အကြာကြီး ချုပ်နှောင်ထားခဲ့သော အခန်း ဖြစ်သည်။

သူမ ရင်ထဲ လှုပ်ရှားသွားပြီး သွေးညှီနံ့ ပြင်းထန်သော အမှောင်ထုပြည့်နေသည့် ကျောက်ခန်းထဲသို့ ဝင်ရောက်လိုက်သည်။

လမ်းကြားမှ ဝင်ရောက်လာသော နေရောင်ခြည် ဖျော့ဖျော့ဖြင့် ထောင့်ချိုး အမှောင်ထဲတွင် ကွေးကွေးလေး ဖြစ်နေသော အရိပ်မည်းကြီးတစ်ခုကို သူမ၏ စူးရှသော မျက်လုံးများက ဖမ်းမိလိုက်သည်။

“ရှင်းယွမ်”

140 04

ကျောက်ခန်းထဲတွင် ခြေသံသဲ့သဲ့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဝေးဆုံး ထောင့်ချိုးထဲရှိ အရိပ်မည်းကြီးသည် လန့်သွားသကဲ့သို့ ဆတ်ခနဲ တုန်သွားပြီး နောက်သို့ အတင်းဆုတ်ကာ ကွေးလိုက်လေသည်။

သံကြိုးနှင့် ကြမ်းပြင် တိုက်စားသံ စူးရှစွာ ထွက်ပေါ်လာသည်။

မနေ့ကမှ သူမနှင့် ရယ်ရယ်မောမော စကားပြောခဲ့သော ရင်းနှီးသည့် အသံပိုင်ရှင်သည် ယခုအခါ အသံများ အက်ကွဲနေလေသည်။ ကြမ်းတမ်းသော သဲကဲ့သို့ အသံဖြင့် ထောင့်ချိုးထဲမှ အော်ဟစ်လိုက်သည်။

“ဒီဘက် မလာနဲ့”

မေဝမ့်ရှူး ရင်ထဲ လေးလံသွားသည်။

ခြေလှမ်းများ ရပ်တန့်လိုက်သည်။

“ရှင်းယွမ်... ငါပါ။ ငါ အိပ်ရာနိုးလာပြီ။ ဘာမှ မဖြစ်တော့ဘူး။ မင်းကို လာခေါ်တာ”

ထောင့်ချိုးထဲမှ အရိပ်မည်းကြီးသည် တိတ်ဆိတ်စွာ ကွေးနေသည်။

မလှုပ်မယှက်၊ အသံဗလံ မထွက်။

မေဝမ့်ရှူးသည် နေရာတွင် ရပ်ရင်း အချိန်အတော်ကြာ သည်းခံ စောင့်ဆိုင်းနေလိုက်သည်။

တဖြည်းဖြည်း မြန်ဆန်လာသော အသက်ရှူသံများ၊ အသက်ရှူလိုက်တိုင်း လှုပ်ရှားသွားသော သံကြိုးသံ သဲ့သဲ့များကို သူမ ကြားနေရသည်။

အသံလာရာ အရပ်ကို မှန်းဆပြီး သူမ ထောင့်ချိုးဘက်သို့ ခြေလှမ်း နှစ်လှမ်းခန့် ဖြည်းညှင်းစွာ တိုးလိုက်သည်။

“ရှင်းယွမ်... ဘယ်လိုဖြစ်ပြီး သံကြိုးသံတွေ ကြားနေရတာလဲ။ မင်း ကိုယ့်ဘာသာ သံခြေကျင်း ဝတ်ထားတာလား။ အဲဒီလို လုပ်စရာ မလိုပါဘူး။ ဒီအခန်းထဲမှာ ချုပ်ထားတဲ့ လူက ဘယ်သူလဲ ဆိုတာ ငါ သိပြီးပါပြီ။ သူက မကောင်းမှု ဒုစရိုက်တွေ လုပ်ခဲ့တဲ့သူပဲ။ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ချီမိသားစုကို ရှင်းလင်းတုန်းက သေသင့်တဲ့သူပါ။ အခု သုံးနှစ် နောက်ကျသွားတယ် ဆိုပေမယ့် မနေ့ညက ငါ သူ့ကို ရှင်းလင်းလိုက်...”

ထောင့်ချိုးထဲမှ သံကြိုးလှုပ်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။

ဓားဖြင့် အသားကို မွှန်းလိုက်သော အသံတစ်ချက်။

ပြင်းထန်လှသော သွေးညှီနံ့များ ကျောက်ခန်းတစ်ခုလုံး လွှမ်းခြုံသွားလေသည်။

“ဒီဘက် မလာနဲ့”

သွေးစက်များ တောက်တောက် ကျဆင်းနေသံကြားမှ အက်ကွဲနေသော အသံကြီး ထပ်မံ ထွက်ပေါ်လာသည်။

“ပြန်ထွက်သွား…”

မေဝမ့်ရှူး လန့်ဖျပ်ပြီး အသက်ရှူပင် ရပ်တန့်သွားသည်။

ခြေလှမ်းများ ချက်ချင်း ရပ်တန့်ပြီး နောက်သို့ ဖြည်းညှင်းစွာ ဆုတ်လိုက်သည်။

ကျောက်ခန်းအပြင်ဘက်၊ အမှောင်ကျနေသော လမ်းကြားသို့ ရောက်သည်အထိ ဆုတ်လိုက်သည်။

“ရှင်းယွမ်... မင်း... ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ”

သူမ တိုးတိုးလေး ပြောလိုက်သည်။

“တကယ်တော့ ငါ မင်းကို ပြောချင်တဲ့ စကားတစ်ခွန်း ရှိတယ်။ ဒီမနက်ကတည်းက ပြောချင်နေတာ။ အဲဒီတုန်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ငါ မူးလဲသွားလို့ မပြောလိုက်ရဘူး။ ရှင်းယွမ်... ငါ ပြောချင်တာက မင်း နောက်နောင်...”

“မင်း ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး ငါ့ကို ချော့ခေါ်ထုတ်ဖို့ မကြိုးစားပါနဲ့”

ကျောက်ခန်း အမှောင်ထဲမှ နိမ့်ပြီး အက်ကွဲဩရှနေသော အသံကြီး ထွက်ပေါ်လာကာ သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

မျှော်လင့်ချက် ကင်းမဲ့နေသော ရေကန်သေတစ်ခုကဲ့သို့ ငြိမ်သက်အေးစက်နေသည်။

“မင်း အကုန် မြင်ပြီးပြီပဲ”

“မင်းက ဉာဏ်ကောင်းတဲ့သူပဲ။ အကုန်လုံး ခန့်မှန်းမိမှာပါ”

“မင်း ရောက်နေတဲ့ ဒီမြေအောက်ခန်းက ငါ အသက် (၁၈) နှစ်၊ ထီးနန်းစိုးစံတဲ့ နှစ်ကတည်းက ရှိနေခဲ့တာ။ (၁၈) နှစ် မတိုင်ခင်ကတည်းက ငါ့စိတ်ထဲမှာ ကြံစည်ထားခဲ့တာ။ တိတ်တဆိတ် ဆောက်လုပ်ခဲ့တယ်၊ တိတ်တဆိတ် ရာဇဝတ်သားတွေကို ဖမ်းချုပ်ခဲ့တယ်။ မင်းကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တယ်”

140 05

“မင်းရှေ့မှာ ရှင်သန်နေတဲ့ ရှင်းယွမ်ဆိုတဲ့ ကောင်၊ သဘောထားကြီးတယ်၊ မင်းကောင်းမင်းမြတ် ပီသတယ်၊ တိုင်းပြည်ကို ကြိုးစားအုပ်ချုပ်တယ်၊ အကြံဉာဏ်တွေကို လက်ခံတတ်တယ် ဆိုတာတွေက... ဟား ဟား ဟား... အကုန်လုံး ဟန်ဆောင်နေတာတွေ... မင်းကို လိမ်ညာနေတာတွေ... အကုန် အတုတွေချည်းပဲ”

“ဒီအလင်းရောင် မမြင်ရတဲ့ မြေအောက်ခန်းထဲမှာ ပုန်းနေတဲ့ လော့ရှင်းယွမ် ကမှ အစစ်”

“သူက အမုန်းတရားတွေ ပြည့်နေတဲ့ကောင်၊ ရန်သူ တစ်ယောက်ကိုမှ အလွတ်မပေးတဲ့ကောင်၊ ရက်စက်တယ်၊ ယုတ်မာတယ်၊ လက်မှာ သွေးစွန်းနေတဲ့ကောင်”

“အပြင်ပန်း ဟန်ဆောင်ထားတဲ့ အရေခွံကို ခွာချလိုက်ရင်၊ အောက်မှာ ရှိနေတာက ညစ်ပတ်စုတ်ပြတ်နေတဲ့ အကောင်ပဲ။ ဒီလို အလင်းရောင် မမြင်ရတဲ့ ညစ်ပတ်တဲ့ နေရာနဲ့ပဲ တန်တဲ့ကောင်”

“ငါ့အမှားပါ... ငါ မကျေနပ်နိုင်ခဲ့လို့... မင်းကို ငါနဲ့အတူ ရှိနေဖို့ အတင်းအကျပ် တောင်းဆိုခဲ့မိတယ်။ နောက်ဆုံးကျတော့ ငါ့ကြောင့် မင်း ဒုက္ခရောက်ရပြီ။ မင်းရဲ့ သန့်ရှင်းတဲ့ လက်တွေမှာ ညစ်ပတ်တဲ့ သွေးတွေ စွန်းကုန်ပြီ...”

အမှောင်ထောင့်ချိုးထဲတွင် ကွေးနေသော သားရဲကောင်သည် အစပိုင်းတွင် တိုးတိုးလေး ရေရွတ်နေရာမှ ရုတ်တရက် နိမိတ်ပြမနေဘဲ ပေါက်ကွဲထွက်လာလေသည်။

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ထွက်သွား”

“ထွက်သွား”

“ငါ့ကို ဒီမှာ ထားခဲ့ ငါ့တစ်ယောက်တည်း မြေအောက်ထဲမှာ နေပါရစေ”

“မင်း ထွက်သွား”

နောက်ထပ် ဓားဖြင့် အသားကို မွှန်းလိုက်သော အသံတစ်ချက် ထပ်မံ ထွက်ပေါ်လာသည်။

ပြင်းထန်လှသော သွေးညှီနံ့များ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

သွေးစက်များ မြေကြီးပေါ်သို့ ကျဆင်းပြီး တသွင်သွင် စီးဆင်းသွားလေသည်။

မေဝမ့်ရှူးသည် တိတ်ဆိတ်စွာဖြင့် မြေအောက်ခန်းမှ ပြန်ထွက်လာခဲ့သည်။

မှောင်မည်းနေသော ဝင်ပေါက်တွင် ရှင်ယီနင်သည် ကျောက်လှေကားထစ်ပေါ် ထိုင်ရင်း အစမှ အဆုံးထိ အကုန် ကြားနေရလေသည်။

“ဒုက္ခပါပဲ... ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေပြီ”

သူ သက်ပြင်းချလိုက်သည်။

“ဧကရာဇ်က မနေ့ညက စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားတော့ ကြောက်လန့်ပြီး သောင်းကျန်းတဲ့ ရောဂါက လုံးဝ ဖောက်လာပြီ။ အရင်လိုမျိုး သူများအပေါ် ဒေါသထွက်ပြီး သူများကို ရန်ရှာတာမျိုးဆိုရင် တော်သေးတယ်။ ထိန်းလို့ ရသေးတယ်။ အခုလိုမျိုး ဒေါသတွေက ကိုယ့်ဆီ ပြန်လှည့်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာမျိုးကျတော့... တကယ်လို့ ဧကရာဇ် စိတ်လွတ်ပြီး ဓားနဲ့ ထိုးချလိုက်ရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး”

မေဝမ့်ရှူးသည် ဇရပ်ထဲတွင် ရပ်ရင်း အမှောင်ကျနေသော ဝင်ပေါက်ကို ငေးကြည့်နေမိသည်။ “ကုသဖို့ နည်းလမ်း မရှိဘူးလား”

ရှင်ယီနင်သည် ဝတ်ရုံကို ခါပြီး ထရပ်လိုက်သည်။

“ရှေးကတည်းက စိတ်ရောဂါက ကုရ အခက်ဆုံးပဲ။ ဧကရာဇ်လို ရှားပါးတဲ့ စိတ်ရောဂါမျိုးကျတော့ ဆေးကျမ်းတွေမှာတောင် မှတ်တမ်း သိပ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာတော့ နည်းလမ်း မရှိတော့ဘူး။ မင်းဘက်က ဘာအကြံ ရှိလဲ။ ပြောကြည့်ပါဦး။ ရှိသမျှ နည်းလမ်း အကုန် သုံးကြည့်ရမယ့် အခြေအနေပဲ”

မေဝမ့်ရှူး စဉ်းစားပြီး ဖြည်းညှင်းစွာ ပြောသည်။

“သူက ငါ့လက်မှာ ညစ်ပတ်တဲ့ သွေးတွေ စွန်းသွားလို့၊ ငါ့ကို ညစ်ညမ်းစေခဲ့လို့ သူ့အပြစ်လို့ ခံစားနေရတာ”

မနေ့ညက အခြေအနေကို ပြန်တွေးမိပြီး ရှင်ယီနင် ခေါင်းခါကာ ညည်းတွားလိုက်သည်။

“မနေ့ညက မင်းက လရောင်ဖြူ ဝတ်စုံ ဝတ်ထားတာကိုး။ ပုံမှန်ဆို သန့်ရှင်းသပ်ရပ်နေတဲ့ လူတစ်ယောက်က အဲဒီလို အရောင်ဖျော့ဖျော့ ဝတ်စုံပေါ်မှာ သွေးတွေချင်းချင်းနီနေတော့... အထဲက လူမပြောနဲ့၊ ငါတောင် လန့်သွားတယ်”

မေဝမ့်ရှူး ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

140 06

“ငါက အဲဒီလောက် ထိခိုက်လွယ်တဲ့သူ မဟုတ်ပါဘူး။ ဒီလောက်နှစ်တွေ အကြာကြီး နိုင်ငံရေးလောကမှာ ကျင်လည်လာတာ၊ သူ ထင်သလောက်လည်း မဖြူစင်ပါဘူး။ မနေ့ညက သွေးမြင်ပြီး မူးသွားရုံပါပဲ”

သူမ၏ အကြည့်များက မည်းမှောင်နေသော ဝင်ပေါက်ဆီ ပြန်ရောက်သွားသည်။

“ခုနက ဆင်းသွားတုန်းက ငါ ဘာမှမဖြစ်ပါဘူး ဆိုတာ ပြောပြချင်လို့။ ဒါပေမယ့် သူ နားမဝင်တော့ဘူး”

ရှင်ယီနင်က သူမကို အကြံပေးသည်။

“အခု အခြေအနေမှာ သူ့ကို စိတ်အလှုပ်ရှားဆုံး ဖြစ်စေတာက မင်း ဖြစ်နေတယ်။ မူလက သူ့ကိုယ်သူ ပိတ်လှောင်ထားရုံပဲ ရှိသေးတာ။ မင်း ဆင်းသွားတာ တစ်မိနစ်တောင် မကြာသေးဘူး၊ သူ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာ နှစ်ချက် တိုးလာပြီ။ ငါ့အမြင်တော့ မင်း ဒီနေရာကနေ ခဏလောက် ရှောင်ပေးလိုက်တာ ကောင်းမယ် ထင်တယ်။ အောက်က လူ သူ့ဘာသာသူ စိတ်ငြိမ်သွားအောင် အချိန်ပေးလိုက်ပါ”

မေဝမ့်ရှူး ခေါင်းငြိမ့်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။

နေ့လယ်ခင်း အချိန်တွင် ဆူးဟွေ့ကျုံးသည် ထမင်းချိုင့်ကို ဆွဲရင်း ငိုယိုကာ အနောက်ဆောင်ပေါ် တက်လာပြီး သူမကို လာရှာလေသည်။

“ကျွန်တော်မျိုး ခုနက အောက်ကို ဆင်းသွားသေးတယ်။ မှောင်မည်းပြီး ပူအိုက်နေတာ၊ လေလည်း မဝင်၊ အလင်းရောင်လည်း မရှိ၊ လူနေရမယ့်နေရာ မဟုတ်ပါဘူးဗျာ။ အဲဒါကို ဧကရာဇ်က စိတ်မပြေနိုင်ဘဲ အထဲမှာ နေနေတာ (၄-၅) နာရီလောက် ရှိနေပြီ”

“ကျွန်တော်မျိုး အပြင်ကနေ အကောင်းပြောပြီး တောင်းပန်ပါတယ်။ ထမင်းလေး တစ်လုပ်လောက် စားပါဦးလို့။ ဧကရာဇ်က ထမင်းချိုင့်ကို အပြင်ကို ပစ်ထုတ်လိုက်တယ်။ ထမင်းဟင်းတွေ ကြမ်းပြင်ပေါ် ဖိတ်ကုန်တာပဲ။ ရေလည်း တစ်ငုံမှ မသောက်ဘူး”

ဆူးဟွေ့ကျုံးက အသက်ရှူမဝအောင် ရှိုက်ငိုရင်း၊ “ကျွန်တော်မျိုး ကြည့်ရတာ... (၂) လပိုင်းတုန်းက ကျစ်ချန်နန်းဆောင်ကို အဝတ်မည်းနဲ့ ပိတ်ထားတုန်းကထက်... ရောဂါက ပိုဆိုးနေသလိုပဲ။ ဧကရာဇ် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ခုတ်မိသေးလား မသိဘူး။ ဝင်သွားတုန်းက ကြမ်းပြင်ပေါ်မှာ သွေးတွေ နင်းမိတယ်။ အသံ နားထောင်ရတာလည်း မမှန်တော့ဘူး။ လူက အားပြတ်နေသလိုပဲ...”

“မေအမတ်... ဒီတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ တစ်ခုခု ကြံပါဦး။ ဧကရာဇ်ကို ကယ်ပါဦး”

ဆူးဟွေ့ကျုံးက ပြောရင်းဆိုရင်း ဒူးထောက်ချလိုက်သည်။

မေဝမ့်ရှူး ဘာမှမပြောဘဲ သူ့ကို တွဲထူလိုက်သည်။

ရှင်ယီနင်က ဘေးမှနေ၍ သက်ပြင်းချသည်။

“ကဲပါ ဆူးကုန်းကုန်းရာ... မေအမတ်ကို ဖိအားမပေးပါနဲ့။ သူ မနက်က သွားကြည့်ပြီးပြီ။ သူ အနားကပ်လိုက်တာနဲ့ ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် ဓားနဲ့မွှန်းတော့တာပဲ။ ကျွန်တော် တဲ့တိုးပဲ ပြောလိုက်မယ်။ ဧကရာဇ် ဒီတစ်ခါ ရောဂါထတာက နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ခန်းကို မေအမတ် တွေ့သွားလို့ ဖြစ်တာ။ မေအမတ်ကို မြင်လေလေ သူ့ကိုယ်သူ ပိုမုန်းလေလေ ဖြစ်နေတာ။ ဧကရာဇ်ဘက်က စိတ်မပြေမချင်း မေအမတ် သွားတွေ့ရင် ရောဂါ ပိုဆိုးလာဖို့ပဲ ရှိတယ်”

ဆူးဟွေ့ကျုံးက နားမလည်ပေ။ ကြောင်တောင်တောင်ဖြင့် ဆိုသည်။ “ဒါပေမယ့် အရင်တုန်းက... ဧကရာဇ် ရောဂါထတိုင်း မေအမတ် ကယ်နိုင်တာပဲလေ”

ရှင်ယီနင် ခေါင်းခါလိုက်သည်။ “ဒီတစ်ခါ မတူဘူး”

ဆူးဟွေ့ကျုံးက စိတ်ပူလွန်း၍ မနေနိုင်တော့။ “ဒီတစ်ခါ ဘယ်လိုပဲ မတူမတူ၊ ဧကရာဇ်ကိုတော့ ဒီတိုင်း ပစ်ထားလို့ မဖြစ်ဘူး”

မေဝမ့်ရှူးသည် ပြတင်းပေါက်နားတွင် ရပ်ရင်း မိုးကုပ်စက်ဝိုင်းဆီသို့ တဖြည်းဖြည်း ဝင်ရောက်သွားသော နေလုံးကြီးကို ငေးကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“သူ့ကိုယ်သူ ဓားနဲ့ နှစ်ချက် မွှန်းလိုက်တာက သိပ်မသက်သာဘူး။ တကယ်ပဲ အချိန်ဆွဲလို့ မဖြစ်တော့ဘူး”

သူမ ဆုံးဖြတ်ချက် ချလိုက်ပြီး နှစ်ယောက်စလုံးကို မောင်းထုတ်လိုက်သည်။

“ငါ အဝတ်အစား လဲလိုက်ဦးမယ်။ ရှင်ယီနင်... မင်း ငါ့အစား မြေအောက်ခန်းထဲကို စကားတစ်ခွန်းလောက် သွားပြောပေးပါ”

မှောင်မည်းနေသော လှိုဏ်ခေါင်းလမ်းကြားထဲတွင် အလျင်စလို ခြေသံများ ထပ်မံ ထွက်ပေါ်လာသည်။

ရှင်ယီနင်သည် မှာကြားလိုက်သည့်အတိုင်း အဝေးကနေ ရပ်ပြီး လှမ်းခေါ်လိုက်သည်။

“ဧကရာဇ်”

140 07

မှောင်မည်းနေသော လမ်းကြားအဆုံးမှ ပင်ပန်းနွမ်းနယ်ပြီး အက်ကွဲနေသော အသံကြီးက ပြန်ထူးလာသည်။

“ထွက်သွား။ ကျန်း ကုသပေးတာ မလိုချင်ဘူး။ ကျန်းဘာသာ တစ်ယောက်တည်း ထားခဲ့”

ရှင်ယီနင်မှာ ဟိုဘက်ဒီဘက် စကားပို့ပေးရင်း၊ နှစ်ဖက်စလုံးက ဖိအားတွေ ခံနေရလို့ ငိုချင်နေပြီ။

“ကျွန်တော်မျိုး လာကုတာ မဟုတ်ပါဘူး”

“လူတစ်ယောက်က စကားပါးခိုင်းလိုက်လို့ လာပြောတာပါ။ ပြောပြီးရင် ပြန်မှာပါ”

“မေအမတ်က ပြောပါတယ်။ နေဝင်ဖို့ နာရီဝက်ပဲ လိုပါတော့တယ်တဲ့။ နာရီဝက်အတွင်း ဧကရာဇ် မြေအောက်ခန်းထဲက ထွက်မလာရင်၊ အနောက်ဆောင်ပေါ် တက်ပြီး သူ့ကို လာမတွေ့ရင်...”

“နေဝင်သွားပြီး အလင်းရောင် ပျောက်သွားတာနဲ့၊ သူ... သူက အနောက်ဆောင် အပြင်ဘက်က စင်္ကြံလက်ရန်းပေါ်ကနေ ခုန်ချလိုက်မယ် တဲ့”

*** *** ***

အနောက်ဆောင် အောက်ဘက်တွင်...

ချီကျန့်ဟန်လည်း ခေါင်းမီးတောက်နေပြီ။ အသံကုန်ဟစ်ပြီး ကိုယ်ရံတော် ရာဂဏန်းကို အမိန့်ပေးနေသည်။

“မွေ့ရာတွေ မထူသေးဘူးဟေ့ နောက်ထပ် အထပ်လိုက် ထပ်ခင်းကြ ဟိုဘက် တောင်ပေါ်လမ်းမှာလည်း ခင်းထား”

“မေအမတ်ကို မဖမ်းမိရင် မင်းတို့တွေ အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့”

“မွေ့ရာတွေ မလောက်ဘူး ထပ်သွားရှာခဲ့ကြ”

ရှေးဟောင်းလက်ရာ အနောက်ဆောင်၏ အပေါ်ဆုံးထပ်တွင် အဆောင်ကို ပတ်လည် ဝိုင်းထားသော သစ်သား စင်္ကြံလမ်းတစ်ခု ရှိသည်။

အနောက်ဘက် စင်္ကြံလမ်း အပြင်ဘက်၊ မနှစ်ကမှ ဆေးသုတ်ထားသော လက်ရန်းနီနီလေးပေါ်တွင် လရောင်ဖြူရောင် ပြာလွင်လွင် အရိပ်လေးတစ်ခု တွဲလောင်း ထိုင်နေလေသည်။

ပြင်းထန်လှသော တောင်ပေါ်လေပြင်းများက စင်္ကြံလမ်းကို တဝေါဝေါ တိုက်ခတ်နေပြီး လရောင်ဖြူရောင် ဝတ်စုံလက်များကို လွင့်ပျံစေရာ လေထဲတွင် ပျံသန်းနေသော ငှက်တစ်ကောင်အလား ထင်ရသည်။

ရှင်ယီနင်သည် တောင်အောက်မှနေ၍ မော့ကြည့်ရင်း မျက်ရည်စများကို သုတ်ကာ ဘေးမှ ချီကျန့်ဟန်ကို တိုင်ပင်လိုက်သည်။

“ချီအမတ်... ဒီလောက်မြင့်တဲ့ နေရာကနေ ပြုတ်ကျလာရင်၊ အဲဒီမွေ့ရာထူကြီးတွေက ဖမ်းမိပါ့မလား”

ချီကျန့်ဟန်က စိတ်ညစ်လွန်း၍ ဆံပင်များကို ဆွဲဖွနေသည်။

“ဒီလောက်အမြင့်ကြီးကနေ ပြုတ်ကျလာရင်၊ တောင်ပေါ်လေကလည်း တိုက်နေသေးတော့ ဘယ်နား ကျမလဲ ဘယ်သူ သိမှာလဲ။ တကယ်လို့များ ကျောက်တုံးပေါ် ကျသွားရင် မွေ့ရာ ဘယ်လောက်ထူထူ ဘာမှ သုံးစားမရဘူး ဖြစ်သွားမှာ”

သူက ဆံပင်ဆွဲတာ ရပ်ပြီး ရှင်ယီနင် ပခုံးကို ကိုင်ကာ အတင်း လှုပ်ယမ်းလိုက်သည်။

“ရှင်သမားတော်... ခုနက ဆင်းသွားတုန်းက ဘယ်လို ပြောလိုက်လဲ။ ဧကရာဇ် လာမှာလား၊ မလာဘူးလား”

ရှင်ယီနင် စိတ်ဓာတ်ကျသွားပြီး ငိုသံပါကြီးဖြင့် ပြန်မေးလိုက်သည်။

“ခင်ဗျားက ကျွန်တော့်လာမေးတော့ ကျွန်တော်က ဘယ်သူ့ သွားမေးရမှာလဲ...”

အနောက်ဘက်ရှိ ဇရပ်မှ နှေးကွေးလေးလံသော ခြေသံများ ထွက်ပေါ်လာလေသည်။

လူတစ်ယောက်သည် ကျောက်လှေကားထစ်များကို နင်းပြီး မြေကြီးထဲမှ ဖြည်းညှင်းစွာ လျှောက်တက်လာသည်။

ရှင်ယီနင်နှင့် ချီကျန့်ဟန် စကားပြော ရပ်သွားသည်။ နှစ်ယောက်စလုံး အသက်ရှူပင် ရပ်တန့်သွားကြသည်။ နေရာတွင် ကျောက်ရုပ်လို ရပ်ရင်း မျက်လုံးထောင့်ကနေ အနောက်ကို အသေအလဲ လှမ်းကြည့်ကြသည်။

နွေရာသီဝတ် ဝတ်ရုံပါးလေးသာ ဝတ်ဆင်ထားသော ယွမ်ဟော် ဧကရာဇ်...

မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြင့် အသက်မပါသလို ဖြစ်နေသည်။ နှုတ်ခမ်းများ ခြောက်သွေ့အက်ကွဲ နေသည်။ ဘယ်ဘက်လက်မောင်းတွင် အရိုးထိအောင် နက်သော ဓားဒဏ်ရာ နှစ်ချက် ရှိနေပြီး၊ သွေးများက အတွင်းခံ အထပ်ထပ်ကို စိမ့်ထွက်ကာ ရွှေချည်ထိုး နဂါးပုံ ဝတ်ရုံလက်ပေါ်တွင် ခဲနေလေသည်။

140 08

သူသည် လှိုဏ်ခေါင်း ဝင်ပေါက်တွင် ရပ်လျက် အကြည့်ကို အပေါ်သို့ ပင့်တင်လိုက်သည်။ အနောက်ဆောင် အပေါ်ထပ် လက်ရန်းပေါ်ရှိ လရောင်ဖြူ အရိပ်လေးကို စိုက်ကြည့် လိုက်သည်။

ခြေလှမ်းကို ရှေ့တိုးပြီး သူတို့ဘေးမှ ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားသည်။

“ခမောက်…” ဒဏ်ရာရထားသော ဧကရာဇ်က အက်ကွဲသော အသံဖြင့် အမိန့်ပေးလိုက်သည်။

ချီကျန့်ဟန်က ကမန်းကတန်း နေကာခမောက်ကို ဖြုတ်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

လော့ရှင်းယွမ်သည် ခမောက်ကို ခေါင်းပေါ် သေချာ စွပ်လိုက်ပြီး အဝတ်မည်းစကို ချကာ မျက်နှာနှင့် မျက်လုံးများကို လုံးဝ ဖုံးကွယ်လိုက်သည်။ နေရောင်ခြည်နှင့် အဆက်အသွယ် ဖြတ်လိုက်ခြင်း ဖြစ်သည်။

အနောက်ဘက် တောင်ထိပ်သို့ ဝင်လုနီးပါး ဖြစ်နေသော နေလုံးကြီးကို ခဏမျှ စိုက်ကြည့်ပြီးနောက် ခြေလှမ်းကို မြန်လိုက်ကာ အနောက်ဆောင်သို့ တက်သွားလေသည်။

သူ့အနောက်တွင် ဆူးဟွေ့ကျုံးနှင့် နန်းတွင်းမိန်းမစိုး အချို့က ကြောက်လန့်တကြားဖြင့် (၁၀) လှမ်းခန့် အကွာမှ လိုက်ပါလာကြသည်။ ဧကရာဇ် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းမည်ကို ကြောက်သဖြင့် သိပ်မကပ်ရဲကြပေ။

နွေရာသီ ညနေခင်း နေရောင်ခြည်က သိပ်ကို သာယာလှပသည်။ နန်းတော် အမိုးရှိ အဝါရောင် ကြွေပြားများပေါ်မှ ဖြာကျလာသော နေရောင်ကြောင့် အနောက်ဆောင် အတွင်းအပြင် တစ်ခုလုံး ရွှေရောင် တောက်ပနေသည်။

မေဝမ့်ရှူးသည် လဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး တောင်ပေါ်လေ တိုက်ခတ်နေသော စင်္ကြံလမ်း အပြင်ဘက်တွင် ထိုင်နေသည်။ သစ်သားလှေကားမှ လူတက်လာသည်ကို မြင်သောအခါ ခေါင်းကို အသာညိတ်ပြလိုက်သည်။

“ရှင်းယွမ်... မင်း လာပြီပဲ”

သူမ တစ်ကိုယ်လုံး ရွှေရောင် နေရောင်ခြည်အောက်တွင် လင်းလက်နေသည်။ မျက်နှာလေးက နူးညံ့သိမ်မွေ့ပြီး ပန်းချီကားတစ်ချပ်လို လှပနေသည်။ သူမ ပုံမှန် ဝတ်ဆင်လေ့ရှိသော ရိုးရှင်းအေးချမ်းသည့် ဝတ်စုံလေးနှင့်အတူ ကြည်လင်သန့်ရှင်းနေသည်။

အရမ်းကို ကောင်းမွန်လွန်းနေတယ်။

သူနဲ့ မတန်အောင်ကို ကောင်းမွန်လွန်းနေတယ်။

လော့ရှင်းယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူ အနောက်ဆောင် တံခါးဝတွင် ရပ်လိုက်သည်။ နက်မှောင်သော မျက်လုံးများတွင် (၇) ပုံခန့်က တောင့်တမှု၊ (၃) ပုံခန့်က ရူးသွပ်မှုများဖြင့် စင်္ကြံလမ်းအပြင်ဘက် နေရောင်အောက်မှ ပုံရိပ်လေးကို မက်မက်မောမော စိုက်ကြည့်နေမိသည်။

သို့သော် သူ၏ မြင့်မားသော ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားလေသည်။

အမိုးအောက်ရှိ အရိပ်ထဲတွင် ပုန်းကွယ်လိုက်သည်။

“ရွှယ်ချင့်... ဆင်းခဲ့”

သူက အရိပ်ထဲတွင် ရပ်ရင်း ဩရှအက်ကွဲနေသော အသံဖြင့် လှမ်းခေါ်လိုက်သည်။

“မင်း ကျန်းကို နေမဝင်ခင် လာခဲ့ဆိုလို့ ကျန်း လာခဲ့ပြီလေ။ ဒီမှာ လေတိုက်တယ်။ အရမ်း အန္တရာယ်များတယ်။ မြန်မြန် ဆင်းခဲ့”

*** *** ***

All Chapters