← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

132 01

အခန်း 132

နဂါးလှေပွဲတော်ကြီးလည်း စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ နန်းမြို့တော်တွင် နွေဦးပေါက်သည့် ရာသီသို့ ရောက်ရှိလာလေပြီ။

ယန်ရန် ရောက်လာသည်က ထင်မှတ်ထားသည်ထက် များစွာ စောနေလေသည်။

ဦးလေးချန်၏စာက ဧပြီလကုန်မှ ပို့လိုက်သည် ဖြစ်ရာ ဆယ်ရက်ခန့်သာ ကြာသေးသော်လည်း ယန်ရန်မှာ နန်းမြို့တော်သို့ ရောက်ချလာခဲ့ပြီ ဖြစ်၏။ မူလကတည်းက သူမသည် နေရပ်ဇာတိမြေ၌ နေ့ရက်များကို လက်ချိုးရေတွက်ကာ စောင့်မျှော်နေခဲ့သူ ဖြစ်ပေသည်။ မေဝမ့်ရှူးက နန်းမြို့တော်သို့ သွားရောက်၍ အခြေအနေ တည်ငြိမ်သည်နှင့် ချက်ချင်း ပြန်လာမည်ဟု သူမနှင့် ကတိထားခဲ့သော်လည်း စောင့်ရင်း စောင့်ရင်းနှင့် နန်းမြို့တော်သို့ ရောက်သည်မှာ နှစ်လပင် ရှိလာခဲ့ပြီ ဖြစ်သော်လည်း ပြန်လာမည့် အရိပ်အယောင် မတွေ့ရသေးချေ။

လင်ချွမ်ရှိ နေရပ်ဇာတိသို့ နန်းမြို့တော်မှ တမန်တော်များ ရောက်ရှိလာပြီး မေအိမ်တော် သခင်ကြီးအား ဘွဲ့ထူးဂုဏ်ထူးများ ပေးသနားခြင်း၊ မေကတော်ကြီးအား ကောင်းမြတ်သော ဘွဲ့အမည်နှင့်တကွ သခင်မကြီး အရာ ပေးအပ်ခြင်း စသည့် ဂုဏ်ပြု အမိန့်တော်များ ရောက်ရှိလာခဲ့လေသည်။

လင်ချွမ်ခရိုင် တစ်ခုလုံး အထက်အောက် ပျော်ရွှင်နေကြသော်လည်း မေအိမ်တော်မှ မိဘနှစ်ပါးနှင့် ယန်ရန်တို့ သုံးဦးသာ စိတ်သောက ရောက်ကာ တုန်လှုပ်နေကြ ရရှာသည်။ နန်းမြို့တော်တွင် အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသည်ကို သူတို့ မသိနိုင်ကြပေ။ သေချင်ယောင်ဆောင်ကာ ဇာတ်မြှုပ်၍ ထွက်ပြေးကြရန် စီစဉ်ထားပြီးကာမှ နန်းမြို့တော်သို့ တစ်ခေါက် ပြန်သွားပြီးနောက် ယခုလို မိဘများကိုပါ ဘွဲ့ထူးဂုဏ်ထူး ပေးအပ်သည်အထိ ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။

ယန်ရန်သည် နေ့ရောညပါ စိတ်မအေးနိုင် ဖြစ်ရကား မေအိမ်တော် သခင်ကြီးနှင့် သခင်မကြီးအား ခွင့်တောင်း၍ သတင်းစုံစမ်းရန် နန်းမြို့တော်သို့ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။

မေဝမ့်ရှူးသည် ယန်ရန် စောစီးစွာ ရောက်ရှိလာပြီး မြို့ပြင်ရှိ အပန်းဖြေအိမ်တော်သို့ တန်းတန်းမတ်မတ် လာနေကြောင်း သတင်းကြားသည်နှင့် ထိုနေ့၌ အိပ်ရာမှ စောစောထကာ အိမ်၌ စောင့်ဆိုင်းနေလိုက်၏။

သို့သော် မထင်မှတ်ထားသည်မှာ ယန်ရန် တံခါးဝသို့ ဝင်ဝင်ချင်း သူမနှင့် စကားတစ်ခွန်းမျှပင် မပြောရသေးခင် ဦးလေးချန်က ယန်ရန်ကို ဘေးသို့ အရင်ဆွဲခေါ်သွားပြီး တိုးတိုး တိုးတိုးနှင့် အကြာကြီး ပြောဆိုနေခြင်းပင်။

နောက်ဆုံးတွင် ဦးလေးချန်က သက်ပြင်းချကာ ဆိုလေသည်။

“သခင်မလေး အခုလို ရောက်လာတာ အတော်ပဲကွယ်။ အမတ်မင်းက အမိန့်ပေးထားတယ်။ ဒီည မြို့ထဲကို ပြန်ပြီး မြင့်မြတ်တဲ့လူ တစ်ယောက်နဲ့ ညဘက် သွားတွေ့မလို့တဲ့။ နေရာတောင် ရွေးပြီးပြီ။ ညနေကျရင် မြင်းလှည်းမောင်းပြီး မြို့ထဲ လိုက်ပို့ဖို့ ဒီအဘိုးအိုကို ခိုင်းတယ်။ ဒီအဘိုးက မျက်စိတွေ မှုန်နေပြီမို့ ဒီအလုပ်ကို မလုပ်နိုင်တော့ပါဘူးကွယ်”

ထိုသို့ပြောပြီး ခေါင်းခါကာ ထွက်သွားလေတော့သည်။

မေဝမ့်ရှူးသည် ပြတင်းပေါက်ဘေးရှိ ဆိုဖာခုံရှည်ပေါ်တွင် မှီထိုင်ရင်း တံခါးဝတွင် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သော ယန်ရန်ကို ကြည့်ကာ သက်ပြင်းချလိုက်မိလေသည်။

“အထဲ အရင်ဝင်ပါဦး။ အထုပ်အပိုးတွေ ချထားပြီးမှ စကားပြောကြတာပေါ့”

ယန်ရန်သည် သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဦးလေးချန် ပေးလိုက်သော သတင်းကြောင့် ခေါင်းများပင် မူးဝေသွားသဖြင့် ရေနွေးတစ်ခွက်လုံး ကုန်အောင် သောက်ကာ စိတ်ကို ငြိမ်အောင် ထိန်းလိုက်ရ၏။

“ဦးလေးချန် ပြောတာက...” သူမက စကားကို သတိထား၍ စလိုက်သည်။ “ညဘက်သွားတွေ့မယ့် မြင့်မြတ်တဲ့လူဆိုတာ... နန်းတော်ထဲက တစ်ယောက်လား”

မေဝမ့်ရှူးက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“အဲဒီတစ်ယောက် မဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲ”

ယန်ရန်သည် သူမ၏ မျက်နှာရိပ်မျက်နှာကဲကို သေချာ အကဲခတ်လိုက်ပြီး စကားကို ပို၍ ဂရုစိုက်ပြောလာသည်။

“အရင်တုန်းက နန်းမြို့တော်ကနေ အမိန့်တော် ပြန်တမ်း လာပို့တုန်းက ပြောဖူးတယ်။ သခင်လေးယွီက နန်းမြို့တော်မှာ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းတဲ့စာ ရေးပြီးပြီတဲ့။ ယဲ့အမတ်ကြီးက သခင်မ အစား ဦးဆောင်ပြီး မေမိသားစုနဲ့ ယွီမိသားစုရဲ့ စေ့စပ်မှုကို ဖျက်သိမ်း ပေးလိုက်တယ်လို့ ကြားတယ်။ ညီမ ဒီကို ထွက်လာတုန်းက ယဲ့အမတ်ကြီးဆီက ဖေဖေ မေမေတို့ဆီ ပို့တဲ့စာ မရောက်သေးတော့ အခြေအနေ အတိအကျကို မသိရသေးဘူး။ ဒါနဲ့များ... အဲဒီမြင့်မြတ်တဲ့လူက... အာဏာနဲ့များ အတင်းအကျပ် ဖိအားပေးတာလားဟင်”

မေဝမ့်ရှူးသည် တည်ငြိမ်စွာဖြင့် လက်ဖက်ရည် တစ်ငုံ ထပ်သောက်လိုက်၏။ အနောက်ဆောင်တွင် အကွက်ရွှေ့ကာ အဆုံးသတ်ခဲ့သည့် နေ့ရက်ကို ပြန်လည် အောက်မေ့မိလိုက်သည်။ ထိုစဉ်က ထိုအရှင်သခင်သည် ဧကရာဇ်မင်း၏ အရှိန်အဝါကို ထုတ်ပြကာ သူမကို လမ်းနှစ်သွယ် ရွေးခိုင်းခဲ့သော်လည်း... နောက်ဆုံးတွင်တော့ သူကိုယ်တိုင်ပင် မီးရှို့ဖျက်ဆီးခဲ့သည် မဟုတ်ပါလော။

“အဲဒီလောက်ထိတော့ မဟုတ်ပါဘူး။ သူ ငါ့ကို အတင်းအကျပ် မလုပ်ရဲပါဘူး”

ယန်ရန်မှာ ပို၍ အံ့အားသင့်သွားရလေသည်။

132 02

“အဲဒီတစ်ယောက်က အာဏာနဲ့ ဖိအားပေးတာ မဟုတ်ဘူးဆိုတော့... သခင်မ ကိုယ်တိုင်က လိုလိုလားလား လက်ခံလိုက်တာလား”

သူမက အသံတိုးတိုးဖြင့် မကျေမနပ် ညည်းတွားလိုက်လေ၏။

“လောကကြီးမှာ ယောက်ျားတွေ ဒီလောက် ပေါတာကို။ သခင်လေးယွီ မကောင်းရင် တခြားလူ ပြောင်းလိုက်ရုံပေါ့။ အရည်အချင်းရှိတဲ့ စာပေပညာရှင် တစ်ယောက်ယောက် ဖြစ်ဖြစ်၊ ရုပ်ရည်ချောမောတဲ့ လူငယ်လေး တစ်ယောက်ယောက်ဖြစ်ဖြစ် ရှာပြီး အိမ်မှာ လာနေခိုင်းလိုက်ရင် ပြီးတာပဲ။ မင်းမှုထမ်း အသိုင်းအဝိုင်းက မဟုတ်သရွေ့ သခင်မရဲ့အရှိန်အဝါနဲ့ဆို ဘယ်သူ့ကိုမဆို နိုင်တာပဲကို”

“အခုတော့မှ... နန်းတော်ထဲက အဲဒီ ခွေးဧ... အဲဒီ ခွေးလေခွေးလွင့်ကိုမှ ရွေးရတယ်လို့။ စိတ်ကြီးတယ်၊ ရက်စက်တယ်၊ လူကို ခိုင်းစားတတ်တယ်၊ စာနာရကောင်းမှန်းလည်း မသိဘူး။ ပြီးတော့ ဂုဏ်မြင့်လွန်းတဲ့ အသိုင်းအဝိုင်းက ဖြစ်နေတော့... နောက်ဆို လက်မှာ ကပ်နေရင် ခွာလို့တောင် ရမှာ မဟုတ်ဘူး”

မေဝမ့်ရှူးသည် ယန်ရန်က ခွေးဧကရာဇ်ဟု ဆဲခါနီးမှ ခွေးလေခွေးလွင့်ဟု အတင်း ပြောင်းလိုက်သည်ကို ကြားရသဖြင့် လက်ဖက်ရည်ခွက်ကို မနည်း ထိန်းကိုင်ထားရပြီး ပြတင်းပေါက်ဘောင်ကို မှီကာ အတော်ကြာအောင် ရယ်မောနေမိလိုက်သည်။ ပြီးမှ စကားပြန်စလိုက်၏။

“ငါက သူ့ကို ရှာတာ မဟုတ်ပါဘူး။ သူက ငါ့ကို လိုက်ရှာတာပါ”

သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ဒီတစ်ခေါက် နန်းမြို့တော်ကို ပြန်ရောက်မှ သူ့စိတ်ထဲမှာ စွဲလမ်းမှုတွေ ဘယ်လောက် နက်ရှိုင်းနေလဲ ဆိုတာ သိလိုက်ရတယ်။ ဒီလောက် နှစ်တွေကြာတာတောင် ငါ သတိမထားမိခဲ့တာ ငါ့ရဲ့ ပေါ့လျော့မှုပါပဲလေ”

“လောကကြီးမှာ အရာရာက ဒီလိုပါပဲ။ မရနိုင်လေလေ၊ စိတ်ထဲမှာ နေ့ရောညပါ တမ်းတပြီး မေ့ပျောက်လို့ မရတဲ့ စွဲလမ်းမှု ဖြစ်လာလေလေပါပဲ”

သူမက ပြုံးလိုက်ပြန်သည်။

“တကယ်တမ်း လက်ထဲ ရောက်လာတဲ့ အခါကျတော့လည်း ဪ... ဒီလောက်ပါပဲလား ဆိုပြီး အဲဒီ စွဲလမ်းမှုတွေ တဖြည်းဖြည်း လွင့်ပါးသွားမှာပါ...”

ယန်ရန်သည် မနှစ်မြို့စွာဖြင့် ထရပ်လိုက်ပြီး သူမ၏ ပါးစပ်ကို လက်ဖြင့် လှမ်းပိတ်ကာ ဆက်ပြောမည့် စကားများကို တားဆီးလိုက်လေသည်။

“ကိုယ့်ကိုယ်ကိုယ် အဲဒီလို မပြောပါနဲ့။ သခင်မက ဒီလောကမှာ အကောင်းဆုံး လူသားပါနော်”

ထို့နောက် သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။

“ဪ... ဒါကြောင့်မို့ နန်းတော်ထဲက အဲဒီတစ်ယောက်က မိဖုရား မမြှောက်ဘဲ နေနေတာကိုး။ အသက်နှစ်ဆယ် ကျော်တဲ့အထိ နန်းတွင်းမှာ ကြင်ယာတော် တစ်ပါးမှ မရှိတော့ အရပ်ထဲမှာ အမျိုးမျိုး ကောလာဟလ ထွက်နေကြတာ။ အဲဒီလူက အစစအရာရာ ညံ့ဖျင်းပေမယ့် လူရွေးတဲ့ မျက်လုံးတော့ တော်တော် ကောင်းသားပဲ”

သူမက မျှော်လင့်ချက် အရောင်အဝါများဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“ဒါဆို သူက မိဖုရား မရွေးဘဲ နေတာ သခင်မကို စောင့်နေတာပေါ့။ သခင်မက သူ့ကို လက်ခံလိုက်ပြီလား”

မေဝမ့်ရှူး အနည်းငယ် ပြုံးလိုက်သော်လည်း ထိုအပြုံးထဲတွင် ဝမ်းနည်းရိပ် သဲ့သဲ့ ပါဝင်နေလေသည်။ နောက်ဆုံးတွင် သူမ ခေါင်းခါလိုက်၏။

“နင် တွေးတာ လွန်သွားပါပြီ”

သူမ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြန်သည်။ အသစ်ခတ်ထားသော လက်ဖက်ရည်မှာ စားပွဲပေါ်တွင် အေးစက်နေပြီ ဖြစ်၍ အရသာမှာ ခါးသက်သက် ဖြစ်နေလေပြီ။

“ငါနဲ့ သူနဲ့က ရေရှည် ဖြစ်လာမှာ မဟုတ်ပါဘူး”

ယန်ရန်၏ အံ့သြမှင်သက်နေသော မျက်နှာကို ကြည့်ရင်း သူမ စကားလမ်းကြောင်း လွှဲလိုက်လေသည်။

“နင် လာတဲ့ အချိန်က အတော်ပဲ။ ရာသီဥတုက နွေဦးပေါက်ဆိုတော့ နန်းမြို့တော်မှာ ရှားရှားပါးပါး သာယာတဲ့ အချိန်ပဲ။ ဒီရက်ပိုင်း ငါ့မှာ တာဝန်သိပ်မကြီးတော့ အချိန်အများစုက ဒီအပန်းဖြေအိမ်တော်မှာပဲ အနားယူဖြစ်တယ်။ နင် ငါနဲ့အတူ ဒီအိမ်မှာ နှစ်လ သုံးလလောက် နေလိုက်ဦး။ ဆောင်းဦးပေါက်လို့ ရာသီဥတု အေးလာမှ နေရပ်ပြန်ကြတာပေါ့”

ယန်ရန်၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုများကို သတိထားမိသဖြင့် သူမ ဂရုတစိုက် မှာကြားလိုက်သည်။

“လမ်းခရီးမှာ ပင်ပန်းလာမှာပဲ။ စောစော သွားနားလိုက်ပါဦး”

132 03

ယန်ရန်သည် ထွက်သွားရန် ပြင်လိုက်ပြီးမှ ခြေလှမ်းအနည်းငယ် အရောက်တွင် အလွန် အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားသဖြင့် ပြန်လှည့်လာခဲ့သည်။

“သခင်မ...” သူမက လေးလေးနက်နက် သတိပေးလိုက်သည်။ “တကယ်လို့ သခင်မက နန်းတော်ထဲက တစ်ယောက်နဲ့ ရေရှည် မရည်ရွယ်ဘူးဆိုရင် တချို့ကိစ္စတွေကို သတိထားမှ ဖြစ်မယ်။ ဦးလေးချန် သိစရာ မလိုပါဘူး။ ညီမပဲ တိတ်တဆိတ် မြို့ထဲသွားပြီး ကိုယ်ဝန်တားဆေး သွားဝယ်...”

“ရှိလာမှာ မဟုတ်ပါဘူး”

မေဝမ့်ရှူးသည် မျက်လွှာချကာ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ငေးကြည့်ရင်း တည်ငြိမ်စွာ ဖြတ်ပြောလိုက်လေသည်။

“နင်လည်း သိသားပဲ။ ငါက ဒီလောက်နှစ်တွေ အများကြီး ဆေးတွေ သောက်လာခဲ့တာ၊ ခန္ဓာကိုယ်က ပျက်စီးနေပြီ”

“ရတာ ရှိရင် ပေးဆပ်ရတာ ရှိစမြဲပဲလေ။ ဒီတစ်သက် ငါ လိုချင်ခဲ့တာတွေ အားလုံး ပြည့်စုံခဲ့ပြီးပြီ။ ဖူးစာရေး နည်းပါးပြီး သားသမီးကံ မပါလာဘူး ဆိုရင်လည်း... ရှိပါစေတော့လေ…”

“ထပ်ပြီး မတောင်းတရဲတော့ပါဘူး”

သူမ ပြုံးလိုက်ပြီး စကားလမ်းကြောင်း ထပ်လွှဲလိုက်ပြန်သည်။

“ဒါနဲ့... အိမ်မှာ လောလောဆယ် အားကျစ်လို့ ခေါ်တဲ့ မိန်းကလေး တစ်ယောက် ရောက်နေတယ်။ သူ့နောက်ခံကိုတော့ ထုတ်မပြောဘူး။ ဒါပေမယ့် သူရဲ့ အပြောအဆို အနေအထိုင်ကို ကြည့်ရတာ အိမ်တော်နိမ့်သွားတဲ့ အသိုင်းအဝိုင်းက အမျိုးသမီးနဲ့ တူတယ်။ အားကျစ်က လမ်းဘေးမှာ ကိုယ့်ကိုယ်ကိုယ် ရောင်းနေတာကို ငါ မြင်လို့ ခေါ်လာခဲ့တာ။ နင် အားရင် သွားကြည့်ပေးပါဦး။ တကယ်လို့ သူ့စိတ်နေစိတ်ထားက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ့်ပုံ ရှိရင် ငွေနည်းနည်း ပေးပြီး ဆိုင်ခန်းလေး တစ်ခန်းလောက် ဖွင့်ပေးလိုက်ပါ။ သူ့ဘာသာ ရပ်တည်ပါစေ”

ဒီလို အဖြစ်အပျက်မျိုးက တစ်နှစ်လျှင် သုံးလေးကြိမ်ခန့် ရှိတတ်ရာ ယန်ရန်သည် ဦးလေးချန်ကဲ့သို့ ညည်းညူမနေဘဲ ချက်ချင်းပင် လက်ခံလိုက်လေသည်။

“နေရာချထားပေးပြီးရင် ညီမ အဲဒီအားကျစ် ဆိုတဲ့ အမျိုးသမီးကို သွားတွေ့လိုက်ပါ့မယ်”

မေဝမ့်ရှူးသည် အခန်းထဲတွင် လက်ဖက်ရည် တစ်ခွက်လုံး ကုန်အောင် ဖြည်းဖြည်းချင်း သောက်လိုက်သည်။ မိုးကောင်းကင်ကို ကြည့်လိုက်သောအခါ မွန်းတည့်ချိန် နီးကပ်လာပြီ ဖြစ်၍ အိမ်တော်စောင့် ရှန်ယီချန်ကို သွားခေါ်ရန် စေခိုင်းလိုက်လေသည်။

မူလက ဧပြီလတွင် စာချုပ်ပြည့်ပြီ ဖြစ်သော ရှန်ယီချန်သည် နှုတ်ဆက်ပွဲ လုပ်ပြီးသော်လည်း မေလထဲ ရောက်သည်အထိ လူက ထွက်မသွားသေးပေ။

ထိုနေ့က လမ်းမတော်၌ ကိုယ့်ကိုယ်ကိုယ် ရောင်းစားနေသော အားကျစ် ဆိုသည့် အမျိုးသမီးကို ဝယ်ယူရန် ငွေနှစ်ရာကို ရှန်ယီချန်က ချေးငှားခဲ့ရသည်။ မေဝမ့်ရှူးက ထိုငွေကို သူမ စိုက်ထုတ်ပေးမည်ဟု ပြောသော်လည်း ရှန်ယီချန်က အတင်း ငြင်းဆိုကာ ပြန်ဆပ်မည်ဟု ပြောခဲ့၏။ ထို့ကြောင့် ထိုငွေနှစ်ရာ အကြွေးကျေစေရန် အိမ်တော်စောင့် အဖြစ် နောက်ထပ် နှစ်လ ဆက်လုပ်မည်ဟု ကမ်းလှမ်းထားခြင်း ဖြစ်သည်။

ဒီည ဦးလေးချန်က မြင်းလှည်း မမောင်းပေးနိုင်ဘူး ဆိုမှတော့ ရှန်ယီချန်ကိုပဲ မောင်းခိုင်းရတော့မည်။

*** *** ***

ဒီညသည် လမင်းကြီး ထိန်ထိန်သာနေပြီး ကြယ်ရောင်ပါးသော ညတစ်ည ဖြစ်သည်။ ကောင်းကင်ထက်တွင် ဝန်းစက်သော လပြည့်ဝန်းကြီး ရှိနေပြီး လရောင်ကြည်ကြည်တို့သည် မြေပြင်ပေါ်သို့ ဖြာကျနေလေသည်။

မြို့တောင်ဘက်၊ ထျန်ဆွေ့ လမ်းကြား။

မြင်းလှည်းတစ်စီးသည် ငြိမ်သက်စွာ မောင်းနှင် ဝင်ရောက်လာပြီး တစ်အိမ်တည်း သီးသန့် ရှိသော အုတ်ကြွပ်မိုး အိမ်လေး တစ်လုံးရှေ့တွင် ရပ်တန့်လိုက်လေသည်။

မြင်းလှည်းမောင်းသူ ရှန်ယီချန်သည် ဇက်ကြိုးကို ဆွဲ၍ ရပ်လိုက်ပြီး ခေတ္တမျှ အကဲခတ်ကာ လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ “ရောက်ပါပြီ”

မေဝမ့်ရှူးသည် စကပ်အနားစကို မကာ လှည်းပေါ်မှ ဆင်းလိုက်ပြီး ပိတ်ထားသော သစ်သားတံခါးရှေ့တွင် ခေတ္တ ရပ်တန့်လိုက်သည်။

ရာသီဥတု ပူလာပြီ ဖြစ်၍ ယနေ့ညတွင် သူမသည် လရောင်ကဲ့သို့ ဖြူလွလွ ရေခဲပိုးသား လက်ကျပ် ရင်ဖုံးအင်္ကျီ၊ နှင်းဆီရောင် ဖျော့ဖျော့ လက်တို ဝတ်ရုံနှင့် စကပ်အနားတွင် ငွေချည်ဖြင့် တိမ်လိပ်ပုံများ သိုသိပ်စွာ ထိုးထားသော ဂါဝန်ကို ဝတ်ဆင်ထားလေသည်။ ထိုင်နေချိန်တွင် မသိသာသော်လည်း လမ်းလျှောက်လိုက်တိုင်း ဂါဝန်စ လှုပ်ရှားသွားသည့်အခါ ငွေရောင် အလင်းတန်းများ တစ်လက်လက် ဖြစ်သွားတတ်လေသည်။

“ဒီအိမ်က...” သူမက ရှန်ယီချန်ကို တိုးတိုး မေးလိုက်သည်။ “မလာခင် ဦးလေးချန်ကို မေးခဲ့ရဲ့လား။ အရောင်းအဝယ် စာချုပ်တွေ ဘာတွေ အားလုံး သေချာ ပြီးပြတ်ပြီတဲ့လား။ နောက်မှ ပြဿနာ မကျန်ခဲ့ဘူး မဟုတ်လား”

132 04

ရှန်ယီချန်က “အားလုံး မေးခဲ့ပြီးပါပြီ။ လွှဲပြောင်းစာချုပ်တွေ အားလုံး ရှင်းရှင်းလင်းလင်း လုပ်ပြီးပါပြီ။ ငွေနှစ်ထောင်နဲ့ ဝယ်လိုက်တာပါ။ အားယွင်ဆိုတဲ့ အမျိုးသမီးက ပိုက်ဆံရတဲ့ နေ့မှာပဲ နန်းမြို့တော်ကနေ ထွက်သွားပါပြီ။ အခု ဒီအိမ်မှာ ဘယ်သူမှ မရှိတာ သေချာပါတယ်”

မေဝမ့်ရှူးက ခေါင်းညိတ်လိုက်ပြီး စေ့ထားရုံသာ ရှိသော သစ်သားတံခါးကို တွန်းဖွင့်ကာ ဝင်လိုက်လေသည်။ “ငါ ဒီမှာ ကိစ္စ ရှိတယ်။ နင် တခြားနေရာ အရင်သွားနေ။ မိုးလင်းခါနီးမှ လာကြိုချေ”

ရှန်ယီချန်က စိတ်မချပေ။ “ညကြီးမင်းကြီး သခင်မ တစ်ယောက်တည်း လူမရှိတဲ့ အိမ်ထဲမှာ...”

စကားမဆုံးခင် အဝေးမှ မြင်းလှည်းဘီး လိမ့်လာသံ သဲ့သဲ့ ကြားလိုက်ရသည်။

“ဘယ်သူက ငါတစ်ယောက်တည်း လို့ ပြောလို့လဲ” မေဝမ့်ရှူးက ရယ်ချင်သော လေသံဖြင့် ပြောလိုက်သည်။ “လူတစ်ယောက်နဲ့ ချိန်းထားလို့ပါ။ နားထောင်ကြည့်... လာမယ့်လူတောင် ရောက်တော့မယ်”

“ဪ...” ရှန်ယီချန် သဘောပေါက်သွားပြီး လှည့်ထွက်သွားလေသည်။

ခဏအကြာတွင် ထျန်ဆွေ့လမ်းကြားထိပ်မှ အမိုးပြာ မြင်းလှည်းတစ်စီး မောင်းနှင် ဝင်ရောက်လာလေသည်။

နန်းမြို့တော်ရှိ အငှားမြင်းလှည်းဂိတ်များတွင် တွေ့ရလေ့ရှိသော ရိုးရှင်းသည့် အမိုးပြာ မြင်းလှည်း ဖြစ်၍ လမ်းကြားထဲတွင် သိပ်ပြီး ထူးခြားမနေပေ။

ချီကျန့်ဟန်သည် မြင်းလှည်းကို အိမ်ရှေ့တွင် ရပ်လိုက်ပြီး ခမောက်ဆောင်းလျက် လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ “သခင်လေး... ရောက်ပါပြီ”

လော့ရှင်းယွမ်သည် စေ့ထားသော တံခါးကို တွန်းဖွင့်ကာ လရောင်အောက်မှ ခြံဝင်းလေးထဲသို့ ဝင်ခဲ့လေသည်။

သီးသန့်ဖြစ်သော ခြံဝင်းငယ်လေးထဲတွင် မျက်နှာစာ၌ အုတ်ကြွပ်မိုးဖြင့် အိမ်မကြီး တစ်လုံးနှင့် ဘေးတစ်ဖက်တစ်ချက်တွင် အဆောင်ငယ် နှစ်ခုသာ ရှိလေသည်။

အိမ်မကြီးထဲတွင် ဆီမီးခွက် ထွန်းညှိထား၏။

ပြတင်းပေါက် စက္ကူသားပေါ်တွင် ဆီမီးရောင်ကြောင့် မိန်းမလှလေး တစ်ဦး၏ ပုံရိပ် ထင်ဟပ်နေသည်။ လက်တစ်ဖက်က စာအုပ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ပါးကို ပျင်းရိလေးတွဲစွာ ထောက်ထားကာ စာဖတ်နေပုံ ရလေသည်။

လော့ရှင်းယွမ် ခြေလှမ်း ရပ်တန့်လိုက်သည်။

ခြေသံကြားလျှင် အိမ်ထဲမှ လူကို လန့်သွားစေမည် စိုးသည့်အလား မလှုပ်မယှက် ရပ်နေပြီး အသက်ပင် မရှူရဲဘဲ တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

ပြတင်းပေါက် ဆီမီးရောင်အောက်မှ ပုံရိပ်လေးသည် စာရွက်လှန်သည့် လက်ကို ရပ်တန့်လိုက်ပြီး တံခါးကို လှမ်းမေးလိုက်မှ သူ သတိဝင်လာတော့သည်။

“ခြံထဲ ဝင်လာပြီးပြီပဲ... ဘာလို့ အိမ်ထဲ မဝင်တာလဲ”

လော့ရှင်းယွမ်သည် အိပ်မက်မှ လန့်နိုးသွားသူကဲ့သို့ ခြေလှမ်းကြဲကြီးများဖြင့် တံခါးနားသို့ လျှောက်သွားကာ တံခါး ခေါက်လိုက်လေသည်။

မေဝမ့်ရှူးသည် စာအုပ်တစ်မျက်နှာကို ပေါ့ပေါ့ပါးပါး လှန်လိုက်ရင်း မေးလိုက်သည်။

“ရောက်လာတာ ယွမ်သခင်လေးလား”

တံခါးအပြင်ဘက်မှ ဩရှရှ အသံထွက်ပေါ်လာသည်။

“ယွမ်သခင်လေး ရောက်ပါပြီ။ အိမ်ထဲက လူကရော... အားယွဲ့လေးလား”

မေဝမ့်ရှူး ရယ်လိုက်မိသည်။

“အားယွဲ့ ဆိုတဲ့ မိန်းကလေးက လှေစီးပြီး ထွက်သွားတာ ကြာပြီလေ။ ဒီည ဘယ်က အားယွဲ့ ရှိတော့မှာလဲ။ ညီမလေး နာမည်ကတော့...” သူမ စဉ်းစားလိုက်သည်။ “ပန့်ရှန်း လို့ပဲ ခေါ်ပါတော့” (ပန့်ရှန်း - ဘဝတစ်ဝက်)

စေ့ထားသော သစ်သားတံခါးသည် အပြင်ဘက်မှ ပွင့်သွားလေသည်။

လော့ရှင်းယွမ်သည် တံခါးဝတွင် ရပ်လျက် တိတ်ဆိတ်နေပြီးမှ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခုကို အတင်း ဖျစ်ညှစ်လိုက်လေသည်။

“အားယွဲ့ဆိုတဲ့ နာမည်ဝှက်ကိုတောင် နှစ်ခါ ပြန်မသုံးချင်ဘူးပေါ့လေ။ ကောင်းပြီလေ။ ဒါဆိုလည်း... မိန်းကလေးပန့်ရှန်းပေါ့”

132 05

သူ တံခါးကို ပြန်ပိတ်လိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်လာခဲ့သည်။

“လဝက်လောက် မတွေ့ရတာ... မိန်းကလေးပန့်ရှန်း နေကောင်းရဲ့လား”

မေဝမ့်ရှူးသည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး လှုပ်ခတ်နေသော ဆီမီးရောင်အောက်တွင် မော့ကြည့်လိုက်လေသည်။

လဝက်လောက် မတွေ့ရသည့် အတွင်းလူက သိသိသာသာ ပိန်သွားခဲ့သည်။

မူလကတည်းက မျက်နှာသွင်ပြင်သည် ထက်ရှသူ ဖြစ်ရာ၊ ယခုလို ပိန်သွားသည့်အခါ ပုဆိန်ဖြင့် ထွင်းထုထားသည့်အလား ပို၍ စူးရှ ထင်ရှားလာသည်။ မျက်ဝန်းအိမ်က နက်မှောင်တောက်ပကာ စိုက်ကြည့်လိုက်သည့် အကြည့်များက ညအမှောင်ထဲမှ သားရဲတစ်ကောင်၏ မျက်လုံးများသဖွယ် ဖြစ်နေသည်။

“ယွမ်သခင်လေး ပိန်သွားတယ်နော်” မေဝမ့်ရှူးက တိုးတိုး မေးလိုက်သည်။ “ရာသီဥတု ပူလို့ ခံတွင်းပျက်ပြီး ထမင်းမစားနိုင်ဘူးလား”

“စားတော့ ကောင်းကောင်း စားဝင်ပါတယ်။ အိပ်လို့သာ မပျော်တာ” လော့ရှင်းယွမ်က ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်သည်။

“ညဘက်ဆို အိပ်နေရင်း လန့်နိုးလာတတ်တယ်။ ပြီးရင် ပြတင်းပေါက် ဖွင့်ပြီး ကောင်းကင်ပေါ်က လကို မော့ကြည့်နေမိတယ်”

“လဆန်းတစ်ရက်နေ့ ကျော်လာကတည်းက ညတိုင်း လမင်းကြီးက မနေ့ညကထက် ပိုပိုပြီး ဝန်းစက်လာတယ်”

“ညတိုင်း တဖြည်းဖြည်း ပြည့်ဝန်းလာတဲ့ လကို ကြည့်ပြီး ကိုယ့်စိတ်ထဲမှာ ပိုပြီး ကြည်နူးလာရတယ်”

မေဝမ့်ရှူးသည် နားထောင်ရင်း နားထောင်ရင်းဖြင့် မျက်မှောင်ကြောကို လက်ဖြင့် ဖိနှိပ်နေမိလိုက်သည်။

နောက်ဆုံးတွင် သက်ပြင်းချပြီး မတ်တတ်ထရပ်လိုက်သည်။ “ကျွန်မက နန်းမြို့တော်မှာပဲ ရှိနေတာကို။ လပြည့်တဲ့အထိ စိတ်အေးအေးထားပြီး စောင့်နေရင် ရတာပဲဟာ။ ရှင်းယွမ်... ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ”

လော့ရှင်းယွမ်သည် ရှင်းယွမ်ဟူသော ခေါ်သံကို ကြားလိုက်ရသောအခါ မထင်မှတ်ထားသည့်အတွက် တစ်ကိုယ်လုံး တုန်တက်သွားပြီး နက်မှောင်သော မျက်လုံးများဖြင့် မော့ကြည့်လာလေသည်။

နှစ်ယောက်သား စကားမဆိုဘဲ ခဏတာ စိုက်ကြည့်နေပြီးနောက် မေဝမ့်ရှူးသည် ရုတ်တရက် ဆွဲယူခြင်း ခံလိုက်ရကာ ကျယ်ပြန့်သော ရင်ခွင်ကျယ်ကြီးထဲသို့ တင်းကျပ်စွာ ပွေ့ဖက်ထားခြင်း ခံလိုက်ရလေသည်။ ရင်ဘတ်ထဲမှ အားကောင်းသော နှလုံးခုန်သံများကို တစ်ချက်ချင်းစီ ကြားနေရသည်။

“တစ်ခါတလေကျရင် ဒီနှလုံးသားကို ခွဲထုတ်ပြီး မင်းကို ပြလိုက်ချင်တယ်။ ဒါမှ ရွှယ်ချင့် ယုံမှာ”

လော့ရှင်းယွမ်က သူမ၏ ခေါင်းထက်မှနေ၍ ဆွေးမြေ့စွာ ပြောလေသည်။

“ဟိုတစ်ညက တံခါးဝမှာ မင်း လင်းစစ်ရှီအကြောင်း ပြောကတည်းက အခုတလော သူ့ကို မြင်ရင် ငါ အရမ်း ရွံတာပဲ။ အိမ်မှာ ဇနီးမယားတွေ အများကြီး ထားပြီး ကိုယ်ကျင့်တရား မကောင်းတဲ့ သူလိုလူမျိုးက ဘယ်လိုလုပ် တိုင်းပြည်ရဲ့အမတ်ကြီး လုပ်နိုင်မှာလဲ။ သူ့ကို ရာထူးကနေ ဖယ်ရှားပစ်ချင်တယ်။ နောက်ဆိုရင် မင်းရဲ့ဆရာ ယဲ့အမတ်ကြီးလို တစ်သက်လုံး ဇနီးသည် တစ်ယောက်တည်းကိုပဲ မြတ်နိုးတဲ့ အမတ်မျိုးကိုပဲ ရာထူး တိုးပေးတော့မယ်”

မေဝမ့်ရှူးသည် သူ့ရင်ခွင်ထဲတွင် မလှုပ်နိုင်အောင် အဖက်ခံထားရရင်း ထိုစကားများကို အတိုင်းသား ကြားလိုက်ရသဖြင့် ရယ်လည်း ရယ်ချင်၊ ခေါင်းလည်း ကိုက်သွားရလေသည်။

“ရှင်းယွမ်... မဟုတ်ကဟုတ်ကတွေ လျှောက်မလုပ်နဲ့။ ဆရာယဲ့လို ကိုယ်ကျင့်တရား စောင့်ထိန်းတဲ့ စာပေပညာရှင်မျိုးက နန်းမြို့တော်က အရာရှိတွေထဲမှာ လက်ချိုးရေလို့တောင် ရတယ်။ လင်းစစ်ရှီကို ဖြုတ်လိုက်ရင် သူ့နေရာ အစားထိုးနိုင်မယ့် လူငယ်အရာရှိ နောက်ထပ် ရှာလို့ရမှာ မဟုတ်တော့ဘူး”

သူမသည် သူ့ရင်ခွင် ကျယ်ကျယ်ကို မှီထားရင်း နားထဲတွင် မြန်ဆန်နေသော နှလုံးခုန်သံများကို ကြားနေရသည်။ ထိုစဉ် နားရွက်ဖျားလေး ပူနွေးသွားကာ လော့ရှင်းယွမ်က ခေါင်းငုံ့၍ နားနားကပ်ပြီး တိုးတိုးလေး ပြောလာလေသည်။

“ဟုတ်သားပဲ။ သူတို့ အိမ်တွင်းရေးက ငါတို့နဲ့မှ မဆိုင်တာ။ မင်းက ငါ့ကိုပဲ ကြည့်နေရင် ပြီးတာပဲ။ လင်းစစ်ရှီလောက် အသက်အရွယ် ရလာတဲ့ အထိ မပြောနဲ့၊ အသက် ခုနစ်ဆယ် ရှစ်ဆယ် ရောက်တဲ့အထိ ငါ့စိတ်ထဲမှာ မင်းပဲ ရှိနေမှာ။ မင်းတစ်ယောက်တည်းပဲ ရှိမှာ”

မေဝမ့်ရှူး နဖူးကို လက်ဖြင့် ထောက်လိုက်မိသည်။ ခေါင်းပင် ကိုက်လာလေပြီ။

“ဒါက ဘယ်ဝတ္ထုထဲက စာသားတွေ ရွတ်ပြနေပြန်တာလဲ။ ကြားရတာ သွားတောင် ကျိန်းတယ်။ ရှင်နဲ့ ဒီလိုစကားမျိုး ပြောတာ လုံးဝ မလိုက်ဖက်ဘူး။ နောက်ကို မပြောနဲ့တော့”

132 06

နောက်ထပ် သည်းမခံနိုင်လောက်အောင် အီစိမ့်နေသည့် စကားများ ထပ်ကြားရမည်ကို စိုးရိမ်သဖြင့် သူမက ဦးအောင် လှမ်းပြီး လော့ရှင်းယွမ်၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်လေသည်။

တစ်ဖက်လူ၏ အသက်ရှူသံ ရပ်တန့်သွားသည်။

နားနားကပ်ပြောနေသော အချစ်စကားများလည်း ချက်ချင်း ရပ်သွားလေသည်။

“ရှင်းယွမ် ပြောတာတွေကို ကျွန်မ ကြားပါတယ်” မေဝမ့်ရှူးက တိုးတိုး ပြောလိုက်သည်။ “နောင်ရေးက ဘယ်လိုပဲ ဖြစ်လာဖြစ်လာ၊ အနည်းဆုံးတော့ အခုအချိန်မှာ ရှင်းယွမ်ရဲ့ စေတနာကို ကျွန်မ သိပါတယ်။ ဒီညလေးက တိုတောင်းတယ်နော်... မဟုတ်မှလွဲရော လမင်းကြီးကို ကြည့်ပြီး ဆယ့်ငါးရက်လုံးလုံး ရေတွက်လာတာက ကျွန်မကို ဝတ္ထုထဲက စကားတွေ တစ်ညလုံး ထိုင်ပြောဖို့တော့ မဟုတ်ပါဘူးနော်”

လော့ရှင်းယွမ် ပါးစပ်ပိတ်သွားသည်။

သို့သော် အသက်ရှူသံများက တဖြည်းဖြည်း ပို၍ ပြင်းထန်လာပြီး ဖက်ထားသော လက်များကလည်း ပို၍ တင်းကျပ်လာလေသည်။

သူ ရုတ်တရက် ကိုယ်ကို ကိုင်းလိုက်ပြီး စားပွဲပေါ်မှ ဆီမီးကို မှုတ်ငြှိမ်းလိုက်သည်။

မှောင်မိုက်သွားသော အခန်းထဲတွင် လက်နှစ်ဖက်ဖြင့် အားကုန်သုံးကာ ရင်ခွင်ထဲမှ လူကို ပွေ့ချီလိုက်ပြီး ကုတင်ဆီသို့ လျှောက်သွားလိုက်လေတော့သည်။

*** *** ***

ကောင်းကင်အနှံ့ ငါးဗိုက်သား အရောင်သဲ့သဲ့ ပေါ်လာလေပြီ။ (အလင်းဝင်စအရောင်ကို ပြောတာပါ)

ရှောင်ကွေ့ယွမ်သည် ငိုမဲ့မဲ့ မျက်နှာဖြင့် ချီကျန့်ဟန်၏ တိုက်တွန်းမှုကြောင့် ခြံဝင်းလေးထဲ ဝင်လာပြီး သတ္တိမွေးကာ တံခါး ခေါက်လိုက်လေသည်။

“ယွမ်သခင်လေး... ပြန်ဖို့ အချိန်တန်ပါပြီ”

မှောင်မိုက်နေသော အခန်းထဲတွင် စောင်အောက်၌ ပူးကပ်နေသော လူနှစ်ဦး အိပ်မက်မှ လန့်နိုးလာကြသည်။

မေဝမ့်ရှူးသည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို ဖွင့်လိုက်ပြီး မှုန်ဝါးဝါး အလင်းရောင်အောက်တွင် လော့ရှင်းယွမ် အဝတ်အစား ဝတ်ဆင်နေသည်ကို ကြည့်နေလိုက်သည်။ သူက ဝတ်ပြီးသည်နှင့် ကုတင်ဘေးတွင် ပြန်လာထိုင်ကာ ကုတင်စောင်းသို့ ကျနေသော သူမ၏ ဆံနွယ်များကို သိမ်းဆည်းပေးရင်း သံယောဇဉ် တွယ်တာသော အသံဖြင့် ပြောလေသည်။

“ကိုယ် သွားတော့မယ်။ မင်း လာရှာမယ့် အချိန်ကို စောင့်နေမယ်နော်”

လူက ထွက်သွားတော့မည်ကို မြင်မှ မေဝမ့်ရှူးသည် ကိုယ်ကို ထူလိုက်ပြီး မှောင်ရိပ်သန်း နေသေးသော အချိန်တွင် မေးလိုက်သည်။ “အရင်တစ်ခေါက်က ပေးလိုက်တဲ့ အားဆေးစာလေ... ရှင်းယွမ် ကျွန်မကို မပေးခင်တုန်းက သေချာ ဖတ်ကြည့်ရဲ့လား”

“ဖတ်ကြည့်တာပေါ့”

“သမားတော်အိုးယန်က ဆေးစာမှာ ရေးထားတဲ့ သားအိမ်အေးခြင်း၊ သားသမီး ရရန် ခက်ခဲခြင်း ဆိုတဲ့ စာကြောင်းကိုရော ရှင်းယွမ် တွေ့လိုက်လား”

လော့ရှင်းယွမ် ချက်ချင်း သဘောပေါက်သွားပြီး နှစ်သိမ့်သည့် အနေဖြင့် ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။

“တွေ့ပါတယ်။ ဒါပေမယ့် ဘာဖြစ်လဲ။ ကိုယ်တောင် ဂရုမစိုက်တဲ့ ကိစ္စ သေးသေးမွှားမွှားလေးကို မင်းက ပိုပြီး ဂရုစိုက်စရာ မလိုဘူး။ မကြောက်နဲ့... ကိုယ့်ကို ယုံ”

မေဝမ့်ရှူး ပြုံးလိုက်သည်။ “အခုအချိန်မှာ ရှင် တကယ် ရိုးသားမှန်း ကျွန်မ သိပါတယ်”

“ဒါပေမယ့် ရှင်းယွမ်... ကျွန်မက ဆယ်ကျော်သက် အရွယ် သွေးသားဆူဖြိုးတဲ့ လူငယ်လေး မဟုတ်တော့ဘူး။ ဒီလောကမှာ ရိုးသားမှုဆိုတဲ့ စကားလုံးလေး တစ်ခုတည်းနဲ့ ကျော်ဖြတ်လို့ မရတဲ့ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတာ ရှင်ရော ကျွန်မရော သိတာပဲ”

လော့ရှင်းယွမ်သည် အမှောင်ထဲတွင် အသံမထွက်ဘဲ ပြုံးလိုက်ပြီး ရိုးရှင်းစွာပင် ပြောလိုက်သည်။ “ကျော်ဖြတ်နိုင်ပါတယ်။ ကိုယ့်ကို ယုံလိုက်”

သူ ထွက်သွားရန် ပြင်လိုက်ပြီးမှ ကိစ္စတစ်ခု သတိရသွား၍ ပြန်လှည့်မေးလိုက်သည်။

“ဟိုတစ်ခေါက်က သမားတော်အိုးယန် မေးထားတဲ့... မင်း အရင်တုန်းက သောက်ခဲ့တဲ့ အအေးစာ ဆေးနည်းလေ... ရောဂါကို အမြစ်ပြတ် ကုလို့ရအောင် အဲဒီ ဆေးနည်းဟောင်းက တကယ်ကြီး မရှိတော့ဘူးလား”

132 07

မေဝမ့်ရှူးသည် ဆံပင်များကို သပ်တင်လိုက်ရင်း အေးစက်စွာပင် ဖြေလိုက်သည်။ “အင်း… မရှိတော့ဘူး”

လော့ရှင်းယွမ် ကုတင်ဘေးတွင် ခဏမျှ တိတ်ဆိတ်သွားပြီး လှည့်ထွက်သွားသည်။ “ကောင်းပြီလေ”

သို့သော် မေဝမ့်ရှူးက သူ့ကို လှမ်းခေါ်လိုက်ပြန်သည်။

“သမားတော် ပေးတဲ့ မူရင်းဆေးစာတော့ ကျွန်မ လက်ထဲမှာ ရှာမတွေ့တော့ဘူး။ ဒါပေမယ့် ဆေးစာထဲက ဆေးမြစ် နှစ်ဆယ်ကျော်ကိုတော့ မှတ်မိနေသေးတယ်။ တကယ်လို့ သမားတော်အိုးယန် လိုချင်တယ် ဆိုရင် ကျွန်မ ပြန်ရေးပေးလိုက်မယ်လေ”

လော့ရှင်းယွမ်၏ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် ပြန်လှည့်လာကာ အမှောင်ထဲတွင် သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။

အမျိုးသားတစ်ဦး၏ ပူနွေးသော အသက်ရှူသံများက အမှောင်ထဲတွင် နေရာအနှံ့ လွှမ်းခြုံလာသဖြင့် မေဝမ့်ရှူးမှာ အံ့သြမှင်သက်သွားရသည်။ ဘာဖြစ်တာလဲ ဟု မမေးလိုက်နိုင်ခင်မှာပင် မော့ခိုင်းခြင်း ခံလိုက်ရပြီး ပြင်းပြသော အနမ်းမိုး ရွာသွန်းခြင်းကို ခံလိုက်ရလေသည်။

နှာသံတိုးတိုးနှင့် နှုတ်ခမ်းချင်း ထိတွေ့ကာ နက်ရှိုင်းသော အနမ်းများက ပြတ်တောင်း ပြတ်တောင်းနှင့် အကြာကြီး ဖြစ်ပေါ်နေပြီးနောက် သူမ မေးခွင့် ရသွားသည်။ “အဲဒီ ဆေးစာက ဘာဖြစ်လို့လဲ။ ဆေးစာတစ်စောင် ပြန်ရေးပေးမယ် ပြောတာကို ရှင်းယွမ်က ဘာလို့ ဒီလောက် ပျော်သွားရတာလဲ”

လော့ရှင်းယွမ်သည် ကုတင်ဘေးတွင် ထိုင်လျက် နဖူး၊ နှာခေါင်းထိပ်နှင့် နှုတ်ခမ်းထောင့်တို့ကို နေရာလပ်မကျန် တရစပ် နမ်းရှိုက်နေလေသည်။

နောက်ဆုံးတွင်တော့ ရိုးရှင်းသော စကားတစ်ခွန်းကိုသာ ပြောလေသည်။ “ကိုယ့်ကို ယုံပါ။ အရာအားလုံးကို ကိုယ့်လက်ထဲ ပုံအပ်လိုက်ပါ။ မကြောက်နဲ့”

မေဝမ့်ရှူးသည် ကုတင်ခေါင်းရင်းကို မှီလျက် သူ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ငေးကြည့် နေလိုက်သည်။ ဘာမျှ ပြန်မပြောတော့ပေ။

ခြေသံများ ဝေးကွာသွားပြီး အခန်းထဲတွင် သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

သူမသည် စောင်ပါးလေးကို ပွေ့ဖက်ရင်း မိုးမလင်းခင် အမှောင်ထုထဲတွင် ပြုံးလိုက်မိသည်။

ရှင်းယွမ်က တကယ်ပဲ ငယ်ရွယ်သေးတာကိုး။ အချစ်စိတ်တွေ ထက်သန်ပြီး သွေးသားဆူဖြိုးတဲ့ အရွယ်မို့လို့သာ သတ္တိတွေ အပြည့်နဲ့ သူမကို ရိုးရိုးရှင်းရှင်း ပြောနိုင်တာပေါ့...

ကျော်ဖြတ်နိုင်ပါတယ်…

အရာအားလုံး ကိုယ့်လက်ထဲ ပုံအပ်လိုက်ပါ… တဲ့။

မနေ့ညက ခဏတာ သာယာခဲ့ကြတယ်။ အချစ်တွေ ပြင်းထန်ခဲ့တယ်။

ညဘက်က ရမ္မက်ပြင်းတဲ့ အနမ်းတွေ၊ လိုလိုလားလား တောင်းဆိုမှုတွေ၊ နားထဲမှာ တိုးတိုးလေး ခေါ်တဲ့ ယစ်မူးဖွယ် အသံတွေ... အရာအားလုံးက သိပ်လှပပြီး သိပ်ကောင်းမွန်ခဲ့ပါတယ်။

နှမြောစရာ ကောင်းတာက... ယခင်ဘဝကို ဖြတ်သန်းခဲ့ဖူးပြီး အခုတစ်ခေါက် ပြန်လည် ဝင်စားလာခဲ့တဲ့ သူမကတော့... အချစ်စိတ်တွေ ထက်သန်ပြီး သွေးသားဆူဖြိုးတဲ့ အရွယ်ကို ကျော်လွန်ခဲ့လေပြီ။

ရှေ့ကို ဆက်တိုးရဲတဲ့ သတ္တိတွေလည်း သူမဆီမှာ မရှိတော့ပြီ။

******

All Chapters