← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

133 01

အခန်း 133

မြို့ပြင်ရှိ အပန်းဖြေအိမ်တော်သို့ ပြန်ရောက်သောအခါ မွန်းတည့်ချိန်သို့ ရောက်နေလေပြီ။

အေးအေးဆေးဆေး နေသားကျနေသည့် ဘဝကို အကြာကြီး ဖြတ်သန်းခဲ့ရာ ရံဖန်ရံခါမှ ညတာကို နိုး၍ ဖြတ်သန်းရသည့်အခါ ခန္ဓာကိုယ်သည် အားမခံနိုင်ဘဲ ရှိနေသည်။ မေဝမ့်ရှူးသည် မျက်လုံးပင် ဖွင့်၍ မရအောင် ပင်ပန်းနွမ်းနယ်နေသဖြင့် အခန်းထဲတွင် မှေးကာ မှေးကာဖြင့် အိပ်စက်နေလိုက်တော့သည်။

အိပ်မက်ထဲတွင် ငိုယိုသံ သဲ့သဲ့ ကြားလိုက်ရ၏။

မျက်နှာ မပီပြင်သော အမျိုးသမီးတစ်ဦးသည် ခြေလက်များ သွယ်လျပြီး မိုးမခပင်ကဲ့သို့ နူးညံ့ပျော့ပျောင်းသော်လည်း ဝမ်းဗိုက်က သိသိသာသာ ဖောင်းကြွနေရာ၊ ကြည့်ရုံဖြင့် ငါးလ ခြောက်လခန့် ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သိနိုင်လေသည်။

မိုးမခပင်ကဲ့သို့ နူးညံ့ပျော့ပျောင်းသော ထိုအမျိုးသမီးသည် ဝန်လေးလှသော ဝမ်းဗိုက်ကို အားယူပွေ့ပိုက်ရင်း သူမရှေ့တွင် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ရန် ပြင်နေသည်။

“ဒီကိုယ်လုပ်တော်သာ အိမ်ထဲကို ဝင်ခွင့်ရရင် သခင်မ စိတ်အနှောင့်အယှက် ဖြစ်အောင် ဘယ်တော့မှ မလုပ်ရဲပါဘူး”

ထိုအမျိုးသမီးငယ်က နူးညံ့သိမ်မွေ့စွာ ငိုယိုလျှောက်တင်လေသည်။

“မွေးလာတဲ့ ကလေးကိုလည်း သခင်မရဲ့နာမည်အောက်မှာ မွေးပါ့မယ်။ အနာဂတ်မှာ သခင်မရဲ့ သားသမီး ဖြစ်သွားပါလိမ့်မယ်”

“ဒီကိုယ်လုပ်တော်ရဲ့ အရှက်နဲ့ သိက္ခာတွေ ဆုံးရှုံးခဲ့ရပြီမို့ မိဘအိမ်မှာ ဘယ်လိုမှ နေလို့ မဖြစ်တော့ပါဘူး။ အနာဂတ်မှာ လင်အိမ်ကိုသာ ဝင်ခွင့်ရရင် နေ့စဉ် ထမင်းကို ဖွဲနုနဲ့ ရောစားရပါစေ၊ သခင်မ စိတ်လိုရာ ရိုက်နှက်ပါစေ ခံပါ့မယ်။ ခိုလှုံစရာ နေရာလေး ရဖို့ကိုပဲ တောင်းဆိုချင်တာပါ။ သနားစရာ ကလေးလေးမှာ အဖေတစ်ယောက် ရှိရပါစေဖို့ပါ”

“သခင်မ... ဒီကိုယ်လုပ်တော်ကို သနားပါဦး...”

မေဝမ့်ရှူးသည် အိပ်မက်ထဲ၌ပင် မရေမရာ တွေးနေမိသည်။ “မင်း ငါ့ကို ဘာလို့ လာတားနေရတာလဲ။ ငါက ကွာရှင်းဖို့ ဆုံးဖြတ်ပြီးပြီ။ သခင်မကြီးရှေ့မှာ စကားကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြီးခဲ့ပြီ။ ဒီလို ပျော့ပျောင်း သနားစရာကောင်းတဲ့ အမူအရာမျိုးကို ဘယ်သူ့ကို ပြနေတာလဲ”

“ဪ... ငါ့ကို ပြတာ မဟုတ်ဘူးကိုး။ သူ့ကို ပြနေတာကိုး”

နောက်တစ်ခဏတွင် မျက်နှာ မပီမသသော အရပ်မြင့်မြင့် အမျိုးသားတစ်ဦးသည် အဝေးမှနေ၍ လျင်မြန်စွာ လျှောက်လာကာ ဒူးထောက်ရန် အားယူနေသော နူးညံ့သည့် အမျိုးသမီးကို သနားကြင်နာစွာဖြင့် ထူမလိုက်ပြီး လှည့်၍ ဒေါသတကြီး ဆူပူလိုက်၏။

“သူ့ခန္ဓာကိုယ်က ဒီလောက် ဝန်လေးနေတာကို မင်းက တမင် ဒုက္ခပေးနေရဲသေးတယ်။ မင်းတို့ မေမိသားစုက အမြဲ ဂုဏ်ယူနေတဲ့ အေးဆေးတည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့မှုတွေ ဘယ်ရောက် သွားတာလဲ။ အိမ်ထောင်မပြုခင်က မင်း ကြည့်လို့ ကောင်းသေးတယ်။ အခုတော့ နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလို မုန်းစဖွယ် မနာလိုတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ”

မေဝမ့်ရှူးသည် ထူထပ်သော မီးခိုးရောင် မြူခိုးလွှာကြားမှ ဤပြဇာတ်ကို ဝေးလံစွာ ကြည့်ရင်း ရယ်စရာ ကောင်းသည်ဟုသာ ခံစားရသည်။

ပြဇာတ်၏ အလယ်ဗဟိုတွင် ရှိနေသော သူမကိုယ်တိုင်ကမူ ဒေါသမထွက်၊ ငြင်းခုံမနေဘဲ တည်ငြိမ်အေးချမ်းစွာပင်။

တစ်ဝက်သာ ဆုတ်ခွာပြီး လေးစားစွာ လက်အုပ်ချီ အရိုအသေ ပေးလိုက်၏။

“ကျွန်မက သခင်မကြီးကို လျှောက်တင်ခဲ့ပြီးဖြစ်လို့ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးပါပြီ။ နောင်တွင် ဒီအမျိုးသမီးနဲ့ အိမ်ထောင်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ ကျွန်မနဲ့ မသက်ဆိုင်တော့ပါဘူး။ ခင်ပွန်း သဘောရှိသလို ဆောင်ရွက်ပါ”

“နောင်မှာ တစ်ဦးနဲ့တစ်ဦး ခွဲခွာပြီး မတွေ့ဆုံကြတော့ပါဘူး။ ခင်ပွန်း ကျန်းမာပါစေ”

မျက်နှာချင်းဆိုင်မှ အမျိုးသားသည် ကြောင်အမ်းသွားသည်။

သူ၏ ဘေးနားတွင် ဗိုက်ကြီးကို ဖက်ထားသော နူးညံ့သည့် အမျိုးသမီး၏ မျက်လုံးများတွင် ရုတ်တရက် ဝမ်းသာအားရသည့် အရောင်အဝါများ ပွင့်ထွက်လာကာ ပုခုံးများပင် တုန်ယင်လာလေသည်။

ထိုအမျိုးသားသည် ခဏမျှ ကြောင်ငေးနေပြီးမှ သတိဝင်လာကာ နူးညံ့သည့် အမျိုးသမီးကို လွှတ်လိုက်ပြီး သူမ၏ လက်ကို လှမ်းဆွဲရန် ပြင်လိုက်၏။

“အာရှူး... ဘာလို့ ဒီလောက် ရုတ်တရက်ကြီးလဲ။ ဒီလို အရေးကြီးတဲ့ ကိစ္စကို မင်း ငါ့ကို တစ်ခွန်းတောင် မပြောဘဲ...”

ပြဇာတ်ထဲမှ သူမကိုယ်တိုင်က နောက်တစ်လှမ်း ဆုတ်လိုက်ပြီး သူ၏ လက်ကို ရှောင်လိုက်၏။ မျက်နှာချင်းဆိုင်မှ အံ့သြသံသယဖြစ်နေသော အမျိုးသမီးကို အကြည့်လွှဲကာ စိတ်တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

“မင်းတို့ နှစ်ယောက်က ငယ်စဉ်ကတည်းက ချစ်ခဲ့ကြသူတွေလို့ ကြားပါတယ်။ ဒါပေမယ့် ဘဝကွာခြားမှုကြောင့် လူကြီးတွေက အတင်းအကျပ် ခွဲခဲ့ရတယ်။ အခု ကျွန်မက လိုလိုလားလား ထွက်သွားပေးတာက ချစ်သူနှစ်ဦးကို အခွင့်အရေး ပေးလိုက်တာပါပဲ။ မကြာခင် ရင်သွေး ရရှိပြီး မိခင်နှင့် သားသမီး ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်”

ထိုအမျိုးသမီး၏ ရှိုက်သံများက ပြတ်တောင်း ပြတ်တောင်းနှင့် အချိန်အတော်ကြာသည်အထိ ရပ်တန့်မသွားချေ။

မေဝမ့်ရှူးသည် အိပ်မက်ထဲတွင်ပင် အံ့သြသွားသည်။ ကိုယ်တိုင်က လိုလိုလားလား နေရာဖယ်ပေးနေတာကို သူမက ဘာကြောင့် ဆက်ငိုနေရပါသနည်း။

133 02

အိပ်မက်ထဲမှ မီးခိုးရောင် မြူခိုး ထူထူများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသိစိတ်များ ပြန်ဝင်လာတော့သည်။ ထိုငိုယိုသံသည် အိပ်မက်ထဲမှ မဟုတ်ဘဲ အပြင်ဘက် ခြံဝင်းထဲမှ လာခြင်းဖြစ်ကြောင်း သူမ သတိပြုလိုက်မိ၏။

သူမသည် အိပ်မက်ထဲမှ ရုန်းထွက်ကာ နိုးလာပြီး ပါးလွှာသော ကန့်လန့်ကာကို လှန်လိုက်သည်။

တစ်ဝက် ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် ယန်ရန်သည် ခြံဝင်းထဲရှိ ပန်းနွယ်ခုံအောက်မှ ကျောက်ခုံတွင် ထိုင်လျက် လက်ကိုင်ပဝါဖြင့် မျက်နှာကို ဖုံးအုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့လိုက်ရ၏။

ကျောက်စားပွဲ၏ မျက်နှာချင်းဆိုင်တွင် အရောင်ဖျော့ဖျော့ အဝတ်အစား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထိုင်နေပြီး ယန်ရန်ကို တိုးတိုးလေး နှစ်သိမ့်နေသည်။ ထိုသူမှာ အားကျစ် ဆိုသော အမျိုးသမီးပင် ဖြစ်၏။

မေဝမ့်ရှူးသည် မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်သည်။

ယန်ရန်သည် အလုပ်လုပ်ရာ၌ ပုံမှန်အားဖြင့် အတိုင်းအဆ လွန်ကဲမှု မရှိသူ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဘာဖြစ်လို့ ထိုသူကို အိမ်မကြီးထဲအထိ ခေါ်လာရပါသနည်း။

သူမသည် ထရပ်ပြီး ရိုးရိုးရှင်းရှင်း သန့်စင်ပြီးနောက် တံခါးကို ဖွင့်လိုက်၏။

ယန်ရန်သည် ငိုကြွေးမှု ရပ်တန့်သွားပြီး ရုတ်တရက် ထရပ်လိုက်သည်။

“အမတ်မင်း!”

သူမသည် စကပ်ကို မကာ အိမ်ထဲသို့ ပြေးဝင်လာပြီး မျက်ရည်များဖြင့် မေဝမ့်ရှူးကို တံခါးဘေးမှနေ၍ ဆွဲကာ အခန်းထဲရှိ ထိုင်ခုံတွင် ထိုင်စေသည်။ သူမကို သေသေချာချာ ထိုင်စေပြီးနောက် နောက်သို့ နှစ်လှမ်း ဆုတ်သွားကာ ခါးကို ကိုင်း၍ အရိုအသေ ပေးရန် ပြင်လိုက်၏။

မေဝမ့်ရှူးသည် အံ့အားသင့်စွာ ထရပ်လိုက်ပြီး ယန်ရန် အရိုအသေ မပြုမီ သူမကို ဖေးမလိုက်သည်။

“ဘာဖြစ်တာလဲ။ ငါတို့ချင်း ဒီလောက်တောင် အခမ်းအနား ဆန်ဖို့ မလိုပါဘူး”

ယန်ရန်သည် မျက်ရည်စများကို သုတ်လိုက်ပြီး အပြင်သို့ အမြန်ပြေးထွက်သွားကာ အားကျစ်ကို လက်ဆွဲခေါ်လာခဲ့သည်။

“အမတ်မင်းကို ကျေးဇူးတင်ပါတယ်။ အန္တရာယ်ကြားထဲက အခုလို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အမတ်မင်းသာ မရှိရင် ကျွန်မနဲ့ အစ်မတို့ ဒီတစ်သက် ပြန်ဆုံရတော့မှာ မဟုတ်ပါဘူး”

အရောင်ဖျော့ဖျော့ အဝတ်အစား ဝတ်ဆင်ထားသော အားကျစ်သည် တံခါးဘေးတွင် ရပ်လျက် တိတ်ဆိတ်စွာ ဒူးထောက်ချပြီး သုံးကြိမ် အရိုအသေ ပေးကာ မျက်ရည်များကို သုတ်လိုက်လေသည်။

မေဝမ့်ရှူးသည် ထက်မြက်စွာ မေးခွန်း ပြန်ထုတ်လိုက်သည်။ “အစ်မ”

ယန်ရန်သည် ချွေမိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး သူမ၏ ဖခင် ချွေကျစ်ကျူသည် ထိုစဉ်က ချီမျိုးနွယ်၏ လမ်းကို ပိတ်ဆို့ခဲ့သဖြင့် ချွေမိသားစုမှ ယောက်ျားများ အသတ်ခံရပြီး အိမ်ထောင်သည် အမျိုးသမီးများ မိုင်ထောင်ချီ ခရီးပြောင်းရွှေ့ခံခဲ့ရ၏။ နန်းမြို့တော်တွင် ယန်ရန်၏ အစ်မက ဘယ်က လာရပါသနည်း။

သူမ၏ အကြည့်များတွင် စူးစမ်းမှုများ ပါဝင်လာပြီး အားကျစ်ကို အစအဆုံး ပြန်လည် ကြည့်ရှု အကဲခတ်လိုက်၏။

အားကျစ်သည် အရိုအသေ ပေးပြီး ထရပ်လိုက်သည်။ မေအိမ်တော်သို့ ရောက်လာသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သော်လည်း ယခုမှ ပထမဆုံးအကြိမ် မိမိ၏ နောက်ခံသမိုင်းကို ထုတ်ဖော်လိုက်သည်။

“ဒီကိုယ်လုပ်တော်ဟာ ကုမိသားစုက ဖြစ်ပြီး ငယ်နာမည်က လန်ကျစ်ပါ။ အရင်က ချွေမိသားစု သားကြီးရဲ့ဇနီးမယားပါ”

သူမက ခံစားချက်ပြင်းစွာဖြင့် ယန်ရန်ကို ကြည့်လိုက်သည်။

“ချွေမိသားစုက သူခိုးရဲ့ မုန်းတီးခြင်းကို ခံရပြီး မိသားစု အသတ်ခံရတုန်းက ဒီကိုယ်လုပ်တော် ချွေမိသားစုကို လက်ထပ်တာ မကြာသေးပါဘူး။ ညီမလေး ယန်ရန်က အသက်ငယ်သေးတယ်... အခုလို ခွဲခွာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ယန်ရန်လည်း အရွယ် ရောက်လာပြီပဲ”

ယန်ရန်က မျက်ရည်စများဖြင့် ပြောလေသည်။

“အစ်မက အမေတို့၊ အဘွားတို့၊ ဦးကြီးတို့နဲ့အတူ အနောက်တောင်ဘက် အရပ်ကို အပို့ခံခဲ့ရပြီး အဲဒီကတည်းက သတင်းအစအန ပျောက်သွားတာ... ဒီတစ်သက် ပြန်မဆုံရတော့ဘူးလို့တောင် ထင်ခဲ့တာပါ”

“အဘွားအိုနဲ့ အမေတို့ကတော့ ကွယ်လွန်သွားပြီ” အားကျစ်၏ မျက်ဝန်းများတွင် မျက်ရည်စများ ရစ်ဝဲလာသည်။

“အဘွားအိုက လမ်းခရီးမှာပဲ ဆုံးသွားခဲ့တာ။ အရှင်မင်းကြီး နန်းတက်ပြီး ပြည်သူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့နှစ်မှာ ချွေမိသားစုရဲ့ မတရားမှုကို ပြန်လည် ဖြေရှင်းပေးခဲ့တယ်။ အမေကတော့ အနောက်တောင်ပိုင်းမှာ နှစ်ပေါင်းများစွာ နေလာခဲ့ရလို့ ခန္ဓာကိုယ်က အားနည်းနေပြီ။ မတရားမှု ဖြေရှင်းပေးတာကို သိရတော့ ဝမ်းသာအားရနဲ့ ပြီးခဲ့တဲ့နှစ်ကပဲ ပြုံးပြုံးရယ်ရယ်နဲ့ ကွယ်လွန်သွားတယ်။ အမေကို ဒီအစ်မ ကိုယ်တိုင် ပြုစုပေးခဲ့တာပါ”

133 03

“အမေက ဆုံးခါနီးမှာ ဇာတိမြေကို ပြန်ချင်တယ်လို့ မှာခဲ့တယ်။ အမေရဲ့ မှာကြားချက်အတိုင်း ရုပ်အလောင်းကို မီးရှို့ပြီး အရိုးပြာအိုးကို နန်းမြို့တော် ပြန်ယူလာခဲ့တာပါ။ ချွေမိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းမှာ မြှုပ်နှံပေးဖို့ စီစဉ်ထားတာပါ”

မေဝမ့်ရှူး၏ စိတ်ထဲမှ နူးညံ့သော နေရာတစ်ခုသည် ထိတွေ့သွားခဲ့ရလေသည်။

“ဒါဆိုရင် ချွေအိမ်က သခင်မလေးပေါ့” သူမက တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “ကျွန်မ နန်းမြို့တော်ကို ရောက်ပြီး မကြာခင်မှာပဲ ချွေမိသားစု အဖြစ်ဆိုး ကြုံခဲ့ရတာ။ အရင်က မတွေ့ဖူးလို့ မမှတ်မိခဲ့ဘူး။ ဘာလို့ စောစောကတည်းက မပြောတာလဲ”

သူမ မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်ပြန်သည်။ “မိုင်ထောင်ချီ ခရီးကို လာနိုင်ခဲ့တာပဲ။ နန်းမြို့တော်ကို ရောက်နေပြီဆိုရင် အားကျစ်ရဲ့ လက်ထဲမှာ ငွေကြေး မလုံလောက်ရင်တောင် ချွေမိသားစုရဲ့ မိတ်ဆွေဟောင်း အိမ်တွေဆီ သွားပြီး အကူအညီ တောင်းလို့ရတာပဲကို။ ဘာလို့ လမ်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ရောင်းစားရတာလဲ”

အားကျစ်၏မျက်နှာတွင် ဒေါသအလျောက် အရောင်အဝါများ ပေါ်လာပြီး မုန်းတီးစွာဖြင့် ဆိုလေသည်။ “ဒါက အားကျစ်ဆန္ဒနဲ့ မဟုတ်ပါဘူး”

“မိုင်ထောင်ချီ ခရီးမှာ လမ်းစရိတ် မလုံလောက်တာကိုတောင် အားကျစ် ခံနိုင်ခဲ့တယ်။ နန်းမြို့တော် မရောက်ခင် နည်းနည်းအလိုမှာ လူဆိုးဂိုဏ်းတစ်ခုနဲ့ တိုးမိတာကို ဘယ်သူ သိမှာလဲ။ သူတို့က အားကျစ်ဟာ နန်းမြို့တော်က မြင့်မြတ်တဲ့လူ တစ်ယောက်နဲ့ ပုံစံတူတယ်၊ ဒီဘဝရဲ့ ကံကြီးလာပြီလို့ ပြောတယ်။ အမေရဲ့အရိုးပြာအိုးကို လုယူသွားပြီး သူတို့ ခိုင်းတဲ့အတိုင်း လုပ်ခိုင်းတယ်။ နေ့ခင်းကြောင်တောင် နန်းမြို့တော် လမ်းမကြီးမှာ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခိုင်းခဲ့တာပါ”

မေဝမ့်ရှူး၏ အကြည့်များ ရုတ်တရက် ထက်ရှလာသည်။

“ပုံချင်းတူတယ်...” သူမသည် အားကျစ်၏ မျက်နှာသွင်ပြင်နှင့် အမူအရာများကို ထပ်မံ၍ သေချာ ကြည့်ရှု အကဲခတ်လိုက်၏။

ယန်ရန်သည် ဘယ်ညာ လှမ်းကြည့်လိုက်ပြီး အံ့သြစွာဖြင့် ဆိုလေသည်။

“အစ်မ မပြောမချင်း သတိမထားမိဘူး။ ပြောတော့မှ အစ်မရဲ့ မျက်ခုံးမျက်လုံး ပုံစံနဲ့ စာပေဆန်တဲ့ အေးချမ်းတဲ့ အမူအရာတွေက အမတ်မင်းနဲ့ သုံးပုံတစ်ပုံလောက် တူနေတယ်နော်။ ဘေးတိုက် ကြည့်လိုက်ရင်တော့ ခေါင်းလေး နည်းနည်း ငုံ့လိုက်တဲ့ အခါမျိုးဆို ငါးပုံတစ်ပုံလောက် တူသွားပြီ”

မေဝမ့်ရှူးသည် မင်းလမ်းမပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို စဉ်းစားနေစဥ် အိမ်ဝင်းအပြင်ဘက်မှ ချီကျန့်ဟန်၏ ကျယ်လောင်သော အသံသည် လူတိုင်းကြားအောင် ထွက်ပေါ်လာသည်။

“မေပညာရှိအမတ်... တံခါးဖွင့်ပေးပါဦး။ မြင့်မြတ်တဲ့လူက ဆေးဝါးတွေ ထပ်ပို့ခိုင်းလိုက်လို့ပါ”

တံခါးအပြင်ဘက်တွင် အရပ်ဝတ် လုံခြုံရေး အနည်းငယ်နှင့် ကြိုးနှင့် တုပ်နှောင်ခံထားရသော အမျိုးသားတစ်ဦးသည် မြေပြင်တွင် လဲလျက်ရှိနေသည်။ တံခါးဖွင့်ပေးရန် လာသည့် ယန်ရန်သည် မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရသဖြင့် လန့်သွားလေ၏။

“မြင့်မြတ်တဲ့လူက မနက်ကတည်းက မေပညာရှိအမတ်ကို ဆေးပို့ဖို့ မှာလိုက်တာ။ တောင်ပေါ်အသွား လမ်းခုလတ်မှာ သစ်ကိုင်းပေါ် ပုန်းပြီး အိမ်တော်ဘက်ကို ချောင်းကြည့်နေတဲ့ သံသယဖြစ်ဖွယ်လူ တစ်ယောက်ကို မိလိုက်တာ။ ကျွန်တော်တို့ အဖွဲ့ကို မြင်တော့ ရှောင်ပြေးလို့ သေချာပေါက် လူကောင်းမဟုတ်ဘူး။ ညီနောင်တွေက ဒီကောင်ကို ဖမ်းလာခဲ့တာပါ။ မေပညာရှိအမတ်ရဲ့ ခြံဝင်းကို ခဏ ငှားပြီး စစ်ဆေးမေးမြန်းဖို့ ခွင့်ပြုပါ”

စကားပြောနေစဥ်မှာပင် လုံခြုံရေး အစောင့်အချို့သည် ကြိုးနှင့် တုပ်နှောင်ခံထားရသော ထိုသူကို ခြံဝင်းထဲသို့ ပစ်ချလိုက်ကြသည်။

ချီကျန့်ဟန်က ဆက်ပြောသည်။ “အစိုးရရုံးက စုံစမ်းရင် အရမ်း ကြာတယ်။ နှစ်လ သုံးလကြာရင်တောင် အမှု မပြီးနိုင်ဘူး။ ကျွန်တော်တို့ ညီနောင်တွေကတော့ နည်းလမ်းလေးတွေ သုံးပြီး နှစ်နာရီ သုံးနာရီလောက်ဆို ဒီကောင် အစအဆုံး အကုန် ရှင်းရှင်းလင်းလင်း ပြောလာအောင် ဖန်တီးပေးနိုင်ပါတယ်”

စကားမဆုံးခင် ဘေးနားမှ အစောင့်တစ်ဦးက ချက်ချင်း လျှပ်တစ်ပြက် ပြေးဝင်သွားကာ ထိုသူ၏ မေးရိုးကို ဖြုတ်လိုက်သည်။ “ဟာ... ဒီကောင် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်!”

ချီကျန့်ဟန်ပါ ထိတ်လန့်သွားသည်။ “သွားကြားထဲမှာ အဆိပ် ဆောင်ထားတယ်။ ဒီလိုမျိုး ရှားပါးတဲ့ ပစ္စည်းကို သာမန်သူခိုးက မဖန်တီးနိုင်ဘူး။ ဒီကောင် ဗိုက်ထဲမှာတော့ ကိစ္စကြီးကြီးမားမားတွေ အများကြီး ရှိရမယ်!”

133 04

ချက်ချင်းပင် ထိုသူကို ဘေးသို့ ဆွဲခေါ်သွားပြီး ထိုနေရာတွင်ပင် စစ်ဆေးမေးမြန်းမှု စတင်လိုက်တော့သည်။

နှစ်ဖက် စကားပြောနေစဥ် အခန်းတံခါး မပိတ်ထားသဖြင့် နွေဦးနေရောင်က တည့်တည့် ထိုးကျနေသည်။ ခြံဝင်းထဲတွင် ကြိုးနှင့်တုပ်နှောင်ခံထားရသော ထိုသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရ၏။

အားကျစ်သည် မတော်တဆ လှမ်းကြည့်လိုက်မိရာ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး ထရပ်လိုက်သည်။

“ဒီလူပဲ”

သူမသည် အပြင်ဘက်တွင် တုပ်နှောင်ခံထားရသော ထိုသူကို လက်ညှိုးထိုးပြလိုက်သည်။

“သူက အဲဒီ လူဆိုးဂိုဏ်းထဲက တစ်ယောက်ပဲ။ အမေ့ အရိုးပြာအိုးကို လုယူသွားတယ်။ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ရောင်းစားဖို့ ခြိမ်းခြောက်ခဲ့တယ်။ ကြုံရာနေရာမှာ ရောင်းစားလို့ မရဘဲ အချိန်ကိုက်ပြီး လူစည်ကားတဲ့ လမ်းမတစ်ခုမှာ သူတို့ ကြိုက်တဲ့ ဝယ်သူကို ရောင်းရမယ်လို့တောင် ပြောခဲ့သေးတယ်”

မေဝမ့်ရှူးသည် နားထောင်ပြီးနောက် ဘာကို တွေးလိုက်မိသည်မသိ၊ ပါးစပ်ပိတ်ကာ ရယ်မောလိုက်သည်။ “ကြားရတာ နားယဉ်နေသလိုပဲ။ လူတစ်ယောက်ကို အကွက်ဆင်ပြီး ကျင်းတူးတာနဲ့ တူတယ်”

သူမသည် တံခါးဝမှ ချီကျန့်ဟန်ကို လှမ်းပြောလိုက်သည်။ “မင်းတို့ စစ်ဆေးဖို့ ခြံဝင်းကို ရှင်းပေးလိုက်မယ်။ ချီအစ်ကို... အားနာစရာ။ အလုပ်ကို မြန်မြန်လုပ်ပေးပါဦး။ နေမဝင်ခင် စကားထွက်လာအောင် မေးမြန်းပေးပါ”

“ကျွန်တော် စိတ်ထဲမှာ မှန်းဆထားတာ တစ်ခုရှိတယ်။ အဲဒီလူရဲ့ ထွက်ဆိုချက်ကို သက်သေပြဖို့ လိုတယ်”

*** *** ***

နန်းမြို့တော်။ ကျစ်ချန်နန်းဆောင်တွင် မီးများ ထိန်ထိန်လင်းနေသည်။

နန်းတော်၏ သခင်သည် ညလယ် နှစ်ချက်တီး ကျော်လွန်သည့်တိုင် အနားမယူသေးချေ။

နန်းဆောင်အပြင်ဘက်ရှိ အထိန်းတော်များနှင့် နန်းတွင်းသူများ အသက်ပင် မရှူဝံ့ဘဲ တိတ်ဆိတ်စွာ ရပ်နေကြသည်။ တံခါးကြားမှ ထွက်လာသော မီးရောင်ကို ကြည့်ရင်း စိတ်ထဲမှ တိုးတိုး သက်ပြင်းချနေကြ၏။ “အရှင်မင်းကြီးက အင်မတန် အလုပ် ကြိုးစားတော်မူပါပေတယ်”

ကျစ်ချန်နန်းဆောင်၏ ပြတင်းပေါက်များကို ညနက်သန်းခေါင်တိုင် ဖွင့်ထားဆဲပင်။

လော့ရှင်းယွမ်သည် ကျွန်းသစ်နက်ဖြင့် ပြုလုပ်ထားသော ရာဇပလ္လင်နောက်တွင် ထိုင်လျက်၊ ကောင်းကင်ထက်ရှိ ထိုလပြည့်ဝန်းကြီးကို ကြည့်ကာ လျှောက်လွှာများကို စစ်ဆေးနေလေသည်။

ဆယ့်ခြောက်ရက်မြောက်ည၏ လသည် ကြီးမားဝန်းစက်နေဆဲပင် ဖြစ်ပြီး မနေ့ညက လရောင်ထက် အနည်းငယ်မျှသာ လျော့သည်ဟု ဆိုနိုင်သည်။

သို့သော် သူသည် ညတိုင်း ထိုလဝန်းကြီး တဖြည်းဖြည်း ပိန်ချုံးသွားသည်ကို ကြည့်နေရပြီး နောက်တစ်ကြိမ် လပြည့်ဝန်း ကျရောက်သည့် အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေရပေသည်။

လော့ရှင်းယွမ်သည် ညလုံးပေါက် မျက်နှာပေါ်တွင် အပြုံး အရိပ်အယောင်မျှပင် မပြသခဲ့ချေ။

နန်းဆောင်စားပွဲပေါ်တွင် မတူညီသော လျှောက်လွှာများ တင်ထားသည်။ အဝါရောင် တံဆိပ်ကပ်ထားသော ထိုလျှောက်လွှာများမှာ မကြာသေးခင်ကမှ အရာရှိများက တိတ်တဆိတ် တင်သွင်းလာသော လျှို့ဝှက်လျှောက်လွှာများ ဖြစ်ပြီး ဧကရာဇ်၏ စစ်ဆေးပြီးနောက် သီးသန့် ပြန်ပို့ရမည် ဖြစ်သည်။

ပထမဆုံး လျှို့ဝှက်လျှောက်လွှာသည် လင်းစစ်ရှီထံမှ ဖြစ်သည်။

လျှောက်လွှာတွင် နန်ဟယ်မင်းသမီးနှင့် ယွီစစ်ဆေးရေး အမတ်တို့၏ မင်္ဂလာပွဲ ကိစ္စ၊ အသေးစိတ် အစီအစဉ်များအားလုံး စီစဉ်ထားပြီး ဖြစ်သော်လည်း နန်ဟယ်မင်းသမီး၏ ဖခင်ဖြစ်သူ ဦးရီးတော်ဟယ်သည် ယခုထိ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ရာ နန်ဟယ်မင်းသမီး မင်္ဂလာဆောင်သည့် နေ့၌ ဟယ်အိမ်တော်မှ သတို့သမီးကို ပို့ဆောင်ရန် မသင့်တော်ကြောင်း ရေးထား၏။

ထိုမင်္ဂလာပွဲသည် ဧကရာဇ်မင်း၏ အမိန့်တော်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် နန်းတော်မှနေ၍ တိုက်ရိုက် ပို့ဆောင်ပေးသင့်ကြောင်း အဆိုပြုထားလေသည်။

လော့ရှင်းယွမ်သည် ထိုလျှောက်လွှာပေါ်တွင် ကောင်းပြီဟု ရိုးရှင်းစွာ မှတ်ချက် ရေးလိုက်သည်။

ဒုတိယမြောက် လျှောက်လွှာသည် ယဲ့ချန်းကော်ထံမှ ဖြစ်သည်။

ပါဝင်သော အကြောင်းအရာမှာ အသက်ကြီးပြီ ဖြစ်သော သူ အမြဲ စိတ်ပူနေသည့် မိဖုရားခေါင်ကြီး မြှောက်မည့် ကိစ္စပင် ဖြစ်၏။

133 05

သို့သော် ယခင်က သင်ခန်းစာယူခဲ့ပြီး ဖြစ်သဖြင့် ယဲ့ချန်းကော်သည် အရာရှိ ရာပေါင်းများစွာနှင့် ပူးပေါင်းကာ လူသိရှင်ကြား တင်သွင်းခြင်းကို မလုပ်တော့ဘဲ၊ တိတ်တဆိတ် တင်သွင်းသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။

စကားလုံးတိုင်းကို ဂရုတစိုက် ရွေးချယ်ထားပြီး ဧကရာဇ်မင်း၏ ဒေါသကို ထပ်မံ မဖြစ်စေရန် အထူး သတိထား ရေးသားထားသည်။

လော့ရှင်းယွမ်သည် ယခင်က ယဲ့ချန်းကော်၏ လျှောက်လွှာကို မြင်လျှင်ပင် စိတ်တိုတတ်သော်လည်း ယခုမူ အကြောင်းအရာ အတူတူကို မြင်သည့်တိုင် စိတ်ကျေနပ်မှုနှင့် မျှော်လင့်ချက်ကိုသာ ခံစားရလေသည်။

နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု သမ်းလာပြီး ပြဒါးစုတ်တံနီကို ကိုင်ကာ မှတ်ချက် ချရေးလိုက်သည်။

[ကျန်း၌ ရွေးချယ်ပြီးသူ ရှိနေပြီးဖြစ်၍ အချိန်ကိုသာ စောင့်ဆိုင်းနေရပါသည်။ ယဲ့အမတ်ကြီး စိတ်ပူတော် မမူပါနှင့်]

ထို့နောက် အခြားကိစ္စတစ်ခုကို ရည်ညွှန်းသည့် စာကြောင်း အများအပြားကို ဆက်လက် ရေးသားလိုက်ပြန်သည်။

[ကျန်းက မကြာခင် မင်္ဂလာပွဲ ဆောင်ဖို့ စီစဉ်မယ်ဆိုရင် ယဲ့အမတ်ကြီးရဲ့ အလုပ်တွေက များပြားပြီး အားလပ်ချိန် နည်းပါးနေတဲ့အတွက် ဧကရာဇ်နဲ့ မိဖုရားရဲ့ မင်္ဂလာပွဲ ကိစ္စကို ဘယ်သူက လှည့်ပတ်ပြီး ဆောင်ရွက်ပေးနိုင်မလဲ]

နောက်ဆုံး စာလုံးကို ရေးနေစဥ် ယနေ့ည တာဝန်ကျသော အထိန်းတော်ငယ် ရှောင်ကွေ့ယွမ်သည် ဝမ်းသာအားရဖြင့် နန်းဆောင်အပြင်ဘက်မှ ပြေးဝင်ကာ လျှောက်တင်လေသည်။

“အရှင်မင်းကြီး... လူ လာပါပြီ”

“ဘယ်သူ လာတာလဲ” လော့ရှင်းယွမ်သည် ခေါင်းပင် မထောင်ဘဲ အေးစက်စွာ ပြောလိုက်သည်။ “မင်း နန်းတော်မှာ ခစားတာ ငါးလလောက် ရှိပြီ။ စကားကိုတောင် ရှင်းရှင်းလင်းလင်း မပြောတတ်သေးဘူးလား။ နန်းဆောင်အပြင်ဘက် ဖူးမြော်ခွင့် တောင်းတဲ့သူတွေကို သူတို့ရဲ့ အဆင့်အတန်း အလျှောက် ဦးစားပေး အစီအစဉ်နဲ့ တင်ပြချေ”

ရှောင်ကွေ့ယွမ်သည် မျက်နှာငယ်ဖြင့် စကားကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

နန်းတော်တွင် ခစားခဲ့သည့် ခြောက်လအတွင်း စောင့်ကြည့်ထားခဲ့သည့် အတိုင်း အရေးအကြီးဆုံး သူ၏ နာမည်ကို အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ “ဟန်လင်း ပညာရှင်အမတ် မေဝမ့်ရှူးက ရွှေတံဆိပ်တော်ကို ကိုင်ဆောင်လျက် ညဉ့်နက်သန်းခေါင် နန်းတော်တံခါးမှ ဝင်ခွင့်တောင်းကာ ဖူးမြော်ခွင့် လျှောက်တင်ပါတယ်”

လော့ရှင်းယွမ် လက်ထဲမှ စုတ်တံက ရုတ်တရက် ရပ်တန့်သွား၏။

နားကွဲမတတ် ဆူညံသော သစ်သားထိုင်ခုံ ဆွဲသံနှင့်အတူ ရာဇပလ္လင်နောက်မှ ဧကရာဇ်မင်းသည် စုတ်တံကို လွှတ်ချပြီး နန်းဆောင်အပြင်ဘက်သို့ ခြေလှမ်းကျဲများဖြင့် လျှောက်ထွက် သွားလေသည်။

“ဒီနေ့ ငါ ပြတင်းပေါက်ကနေ ကျေးငှက်တွေ အများကြီး တွေ့ကတည်းက သတင်းကောင်း ရတော့မယ်ဆိုတာ သိနေခဲ့တာ။ ရွှယ်ချင့်… မင်း လာမယ့် အချိန်ကို တကယ်ပဲ စောင့်နေခဲ့ရတာ...”

ဧကရာဇ်မင်း၏ အသံတွင် သိသိသာသာ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် ရယ်မောသံများ ပါဝင်နေပြီး နန်းဆောင်အပြင်ဘက်သို့ ထွက်သွားလေသည်။

သို့သော် နန်းဆောင်အပြင်ဘက် မြင်ကွင်းကို မြင်လိုက်ရသောအခါ ရပ်တန့်သွားသည်။

သူ၏ နောက်ဆက်တွဲ စကားများလည်း ချက်ချင်းပင် တိတ်ဆိတ်သွားရ၏။

မေဝမ့်ရှူးသည် ချည်နီရောင်ဖြင့် ပန်းထိုးပုံစံများ ပန်းထိုးထားသော မင်းမှုထမ်း ဝတ်ရုံကို ဝတ်ဆင်ထားပြီး နန်းဆောင်အပြင်ဘက်ရှိ ဟန်ပိုင်ကျောက်လှေကားအောက်တွင် ကိုယ်ကို မတ်မတ်ထားလျက် ရပ်နေသည်။ ငုံ့ထားသော မျက်ဝန်းများကို မော့လိုက်ပြီး လရောင်အောက်မှနေ၍ သတိပေးသည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

သူမ ရောက်လာသည်မှာ အမှန်ပင်။

သို့သော် သူမ တစ်ယောက်တည်း မဟုတ်ချေ။

သူမ၏ နောက်တွင် ချီကျန့်ဟန်၊ ယဲ့ချန်းကော်နှင့် လင်းစစ်ရှီတို့ ရပ်နေကြသည်။

နန်းတော်၏ အရေးပါသော အမတ်ကြီး လေးဦးသည် နန်းဆောင်အပြင်ဘက်၌ သေသေချာချာ ရပ်လျက်ရှိနေကြ၏။

ယဲ့ချန်းကော်သည် ရှေ့သို့ တက်လာကာ ဝမ်းမြောက်စွာဖြင့် အရိုအသေ လျှောက်တင်လေသည်။ “တကယ်ပဲ မင်္ဂလာ သတင်းကောင်း ရှိပါတယ်။ အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့် ဒီအမတ်တို့ မထင်မှတ်ဘဲ သဲလွန်စများ ရှာဖွေတွေ့ရှိခဲ့ရသဖြင့် အကြံအစည်ဆိုးတစ်ခုကို ကြိုတင် ဖော်ထုတ်ကာ ကျွန်တော်မျိုးတို့ရဲ့ တိုင်းပြည်ကို တည်ငြိမ် အေးချမ်းစေနိုင်ပါပြီ”

133 06

လော့ရှင်းယွမ်သည် ခြေလှမ်းအနည်းငယ်အကွာတွင် မျက်လွှာချကာ အရိုအသေ ပေးနေသော မေဝမ့်ရှူးကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“အမတ်မင်းတို့ အထဲ ဝင်ကြပါ”

သူသည် မျက်နှာထား တည်တည်ဖြင့် နန်းဆောင်ထဲသို့ ပြန်ဝင်သွားသည်။ “ဘာများ မင်္ဂလာ သတင်းကောင်းတွေလဲဆိုတာ ကျန်းကို ပြောပြကြပါဦး။ အမတ်မင်းတို့ ညဉ့်နက်သန်းခေါင် အချိန်မတော် နန်းတော်ကို ဝင်လာရတာကို ကျန်း ဝမ်းမြောက်လှပါတယ်”

******

All Chapters