← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

134 01

အခန်း 134

သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း ကျစ်ချန်နန်းဆောင်အတွင်း၌ မီးရောင်များ ထိန်လင်းနေသည်။

နန်းဆောင်အတွင်း ဝန်းရံခစားသူများကို ဖယ်ရှားလိုက်ပြီ ဖြစ်ရာ ဧကရာဇ်၏ ရှေ့မှောက်တွင် အမတ်ကြီးလေးဦးသာ မျက်နှာချင်းဆိုင် ထိုင်လျက် ကျန်ရစ်လေသည်။

မေဝမ့်ရှူးက လေသံအေးအေး၊ စကားလုံး ပြေပြေပြစ်ပြစ်ဖြင့် ဧကရာဇ် နားလည်စေရန် ရှင်းလင်းတင်ပြလိုက်သည်။

“မေအိမ်တော်ရဲ့ ခြံဝင်းကို ချောင်းမြောင်း ကြည့်ရှုရင်း အဖမ်းခံလိုက်ရတဲ့ သူတွေက ယာယီနန်းတော်ဘက်က မွေးမြူထားတဲ့ အသေခံတပ်သားတွေ ဖြစ်နေပါ‌တယ်”

“သူတို့ ရထားတဲ့ အမိန့်ကတော့ အခွင့်ကောင်း ချောင်းပြီး ခြံဝင်းထဲ ဝင်ရောက်ဖို့၊ ပြီးရင် အားကျစ်သခင်မလေးကို ခြိမ်းခြောက်ပြီး မြို့တော်ကို ပြန်ခေါ်သွားဖို့၊ လမ်းဘေးမှာ ကိုယ်ခန္ဓာ ရောင်းစားခိုင်းဖို့ပါပဲ”

“ကိုယ်ခန္ဓာ ရောင်းတယ် ဆိုရာမှာလည်း ဒီတိုင်း ရမ်းသမ်း ရောင်းတာမျိုး မဟုတ်ပါဘူး။ သူတို့ ရည်ရွယ်ထားတဲ့ ဝယ်သူက ဟိုတစ်လောက ဖုန်းချင်စားသောက်ဆိုင်မှာ အရက်သောက်နေခဲ့တဲ့ ကျိုးရွှမ်ယွီ... ကျိုးအမတ်မင်း ဖြစ်နေပါတယ်။ ဒီလူကိုမှ ရွေးပြီး ရောင်းစားခိုင်းရတဲ့ ရည်ရွယ်ချက်ကတော့...”

မေဝမ့်ရှူးသည် စကားကို ခေတ္တရပ်ကာ ပြုံးလိုက်ပြီး စားပွဲတော်နောက်ရှိ ဧကရာဇ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် စကားဆက်မပြောဘဲ နေလိုက်တော့သည်။

လော့ရှင်းယွမ်သည် တစ်စုံတစ်ခုကို ရိပ်မိနားလည်သွားသည့်အလား လက်ထဲရှိ စုတ်တံရိုးဖြင့် စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်ပြီး၊

“ကျိုးရွှမ်ယွီက ကျန်းရဲ့ ကိုယ်ရံတော်ပဲ။ သူတို့က ကျိုးရွှမ်ယွီရဲ့ လက်ကို ငှားပြီး အဲဒီမိန်းကလေးကို ငါ့ဆီ ဆက်သချင်ကြတာကိုး...”

ချီကျန့်ဟန်က ဒေါသတကြီး ဝင်ပြောလေသည်။

“အမှန်ပါပဲဘုရား။ ဒီလို ဂုဏ်သိက္ခာမဲ့တဲ့ အလုပ်မျိုးကို ကျိုးရွှမ်ယွီဆိုတဲ့ ကောင်စုတ်လေးက လုပ်ရဲတယ်လေ!”

“ကျွန်တော်မျိုး လေ့လာကြည့်သလောက် အားကျစ်သခင်မလေးရဲ့ မျက်နှာသွင်ပြင်က မေအိမ်တော်က ညီမဝမ်းကွဲတော်စပ်သူနဲ့ တော်တော်လေး ဆင်တူနေပါတယ်။ ယာယီနန်းတော်ဘက်က သတင်းသဲ့သဲ့ ကြားပြီး ဧကရာဇ်ရဲ့ နားထင်နားရင်းမှာ မိန်းမလှ ထည့်ပေးချင်နေကြတာပါ။ ဧကရာဇ်ရဲ့ ဂုဏ်သတင်း ညှိုးနွမ်းအောင်လို့လေ...”

“ဘာ... မေအိမ်တော်က ညီမဝမ်းကွဲ ဟုတ်လား”

ယဲ့ချန်းကော်က အံ့အားသင့်စွာ ဖြတ်မေးလိုက်သည်။ ချီကျန့်ဟန်မှာ ချက်ချင်းပင် အနေခက်သွားကာ ပါးစပ်ပိတ်ပြီး ဟိုပြောဒီပြောဖြင့် စကားလွှဲလိုက်ရသည်။

သူ့စကားက ရှင်းလင်းပြတ်သားမှု မရှိလှသော်လည်း လော့ရှင်းယွမ်ကတော့ သဘောပေါက်လိုက်ပြီ ဖြစ်သည်။

“ဪ... ကျန်းရဲ့ စိတ်ကို ခန့်မှန်းပြီး ပုံစံတူတဲ့ မိန်းမလှတစ်ယောက် ရှာပြီး ဆက်သချင်ကြတာကိုး”

သူက စဉ်းစားသလိုဖြင့် ဆက်ပြောသည်။

“ဂုဏ်သိက္ခာ မရှိတဲ့ လုပ်ရပ်ဆိုပေမယ့် တိုင်းပြည်ပျက်မယ့် ပုန်ကန်မှုကြီးတော့လည်း မဟုတ်သေးပါဘူး”

“ပြဿနာရဲ့ အဓိကအချက်က အားကျစ်သခင်မလေးရဲ့အဆင့်အတန်းမှာ ရှိနေတာပါ အရှင်” မေဝမ့်ရှူးက ဆက်လက် လျှောက်တင်သည်။

“ဖမ်းမိထားတဲ့ အသေခံတပ်သားရဲ့ ထွက်ဆိုချက်အရ အားကျစ်သခင်မလေးက ရုပ်ရည်ချောမောပေမယ့် အသက်အရွယ် အပိုင်းအခြားတစ်ခုတော့ ရှိနေပါပြီ။ ပြီးတော့ အားကျစ်သခင်မလေးက သေတာသေ‌ရော လုံးဝ မပူးပေါင်းနိုင်ဘူးလို့ ငြင်းဆန်နေခဲ့တာပါ။ မူလကတော့ သူတို့ဘက်က လက်လျှော့ပြီး တခြားမိန်းမလှ ရှာဖို့ ကြံထားခဲ့ကြတာ။ ဒါပေမယ့် ယာယီနန်းတော်ဘက်က အကြံပေးအမတ်က အားကျစ်သခင်မလေးရဲ့ နောက်ကြောင်းရာဇဝင်ကို သိသွားပြီးတဲ့နောက် ရုတ်တရက် အစီအစဉ်ပြောင်းပြီး နန်းတော်ထဲသွင်းဖို့ကိုပဲ ဇွတ်အတင်း လုပ်ဆောင်ခိုင်းတော့တာပါပဲ”

“အဓိက အချက်ကတော့... အားကျစ်သခင်မလေးဟာ ချွေအိမ်တော်ရဲ့ တရားဝင် ချွေးမကြီး ဖြစ်နေလို့ပါပဲဘုရား”

ထိုနေရာသို့ ရောက်သောအခါ သူမနှင့် ယဲ့ချန်းကော်တို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ ယဲ့ချန်းကော်က လေးလံသော လေသံဖြင့် ဆက်လက် လျှောက်တင်လေသည်။

“ချွေမျိုးနွယ်စု သခင်ကြီးဟာ ကျွန်တော်မျိုးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးပါ။ ဧကရာဇ်ရဲ့ ငယ်ဆရာ ဖြစ်ရုံသာမကဘဲ ဧကရာဇ်အတွက်ဆိုရင် ချီအိမ်တော်နဲ့ ထိပ်တိုက်တွေ့ဖို့ ဝန်မလေးဘဲ တစ်မျိုးနွယ်လုံး စတေးခံခဲ့တဲ့ သစ္စာရှင်ကြီးပါ...။ စာပေပညာရှင်တွေရဲ့မာန်ကို ပြလိုက်တဲ့ စံပြပုဂ္ဂိုလ်ကြီးလို့ ဆိုရပါမယ်”

“အကယ်၍များ အားကျစ်သခင်မလေးသာ နန်းတွင်း ဝင်ရောက်လာပြီး ဧကရာဇ်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့မယ်ဆိုရင်... မဟုတ်ဘူး... နန်းတွင်း မဝင်ရင်တောင်မှ ဧကရာဇ်နဲ့ တကယ်တမ်း ပတ်သက်မိတယ် ဆိုရင်ဖြင့်...”

“အရှင်သခင်က အမှုထမ်းရဲ့ ဇနီးမယားကို လုယူတာ ဖြစ်သွားပါလိမ့်မယ်”

“လုယူတာမှ... ကိုယ့်ကျေးဇူးရှင် ဆရာရင်းရဲ့သားကြီးဩရသရဲ့ ချွေးမကို လုယူတာ ဖြစ်နေပါမယ်”

134 02

“တောင်တန်းတွေက သစ္စာရှင်ရဲ့ အရိုးတွေကို မြှုပ်နှံထားရင်း နာကျည်းနေရသလို၊ သေသူကလည်း သေပျော်မှာ မဟုတ်တော့ပါဘူး”

“ဒီကိစ္စသာ ပေါက်ကြားသွားခဲ့ရင် ဧကရာဇ်ဟာ သွေးအေးရက်စက်ပြီး ကျေးဇူးကန်းတဲ့၊ ကာမဂုဏ်လိုက်စားသူအဖြစ် သက်သေပြလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ တိုင်းပြည်အနှံ့က စာပေပညာရှင်တွေရဲ့ ကလောင်သွားနဲ့ တိုက်ခိုက်တာကို ခံရပြီး ဘယ်တော့မှ အေးချမ်း ရတော့မှာ မဟုတ်ပါဘူး။ ဧကရာဇ် တည်ဆောက်ထားတဲ့ မင်းကောင်းမင်းမြတ်ဆိုတဲ့ ဂုဏ်သတင်းလည်း တစ်ခဏချင်း ပျက်စီးပြီး နောင်နှစ်ပေါင်း ထောင်ချီတိုင်အောင် စွပ်စွဲကဲ့ရဲ့စရာ ဖြစ်သွားပါလိမ့်မယ်”

ယဲ့ချန်းကော်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး

“ဧကရာဇ်က လူတိုင်း ကဲ့ရဲ့ရှုတ်ချတဲ့ ကာမဂုဏ်ကြူးတဲ့ မင်းဆိုးမင်းညစ် ဖြစ်သွားမယ်၊ ပြီးတော့ ရင်သွေးတော်လည်း မထွန်းကားသေးဘူးဆိုရင် ဒီအချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ကြတော့မှာပါ။ သွေးမစွန်းဘဲ လူသတ်တဲ့ နည်းလမ်းပါပဲ... တကယ့်ကို ရက်စက်ပြီး အသည်းနှလုံးကို ပစ်မှတ်ထားတဲ့ ဓားသွားပါပဲလား”

မေဝမ့်ရှူးက ဝင်ပြောလိုက်သည်။

“ယာယီနန်းတော်ဘက်က ရှန်အကြံပေးဆိုတဲ့လူ... ဒီလူရဲ့ ဉာဏ်နီဉာဏ်နက်က အရမ်းကို ယုတ်မာလွန်းတယ်။ လုံးဝ အရှင်ထားလို့ မဖြစ်တော့ဘူး”

သူမက ချီကျန့်ဟန်ဘက် လှည့်မေးလိုက်သည်။

“ယာယီနန်းတော်က လူတွေက စည်းကမ်းအရဆိုရင် အဲဒီဝန်းထဲမှာပဲ နေရမှာ မဟုတ်လား။ အားကျစ်သခင်မလေးကို ဖမ်းသွားတဲ့ လူတစ်သိုက်လုံး ဘယ်လိုလုပ် အပြင် ရောက်နေကြတာလဲ။ လူအများကြီး ပျောက်နေတာကို ဘယ်သူမှ သတိမထားမိကြဘူးလား”

“ယာယီနန်းတော်က လူဆိုလို့ အပြင်ထွက်ပြီး ဆက်သွယ်တာ ဒီတစ်ယောက်တည်း ရှိတာပါ” ချီကျန့်ဟန်က ပြန်ဖြေသည်။ “အားကျစ်သခင်မလေးကို ဖမ်းတဲ့ လူအုပ်စုကတော့ အကြံပေးရှန်က တာဝန်ပေးထားတဲ့ မြို့တော်ထဲက အထက်တန်းလွှာ တစ်ယောက်ယောက် မွေးမြူထားတဲ့ အိမ်တော်ထိန်း တပ်သားတွေလို့ ဆိုပါတယ်”

“အထက်တန်းလွှာ...”

လော့ရှင်းယွမ်သည် လက်ထဲမှ စုတ်တံရိုးကို ကစားရင်း ရယ်မောလိုက်သည်။

“မြို့တော်ထဲက ဘယ်အထက်တန်းလွှာကများ ယာယီနန်းတော်နဲ့ ပူးပေါင်းကြံစည် နေတာပါလိမ့်”

ယဲ့ချန်းကော် မျက်မှောင်ကြုတ်လိုက်ပြီး

“ဒီကိစ္စက အတော်လေး လေးနက်ပါတယ်။ ကံကောင်းလို့ ကျွန်တော်မျိုးတို့ ရိပ်မိပြီး လှိုင်းလေ မထခင် တားဆီးနိုင်လိုက်တာပါ။ ဒါပေမယ့် ဧကရာဇ်အနေနဲ့ သတိဝီရိယထားပြီး တိတ်တဆိတ် စုံစမ်းစစ်ဆေးသင့်ပါတယ်...”

“ဘာကိစ္စ တိတ်တဆိတ် စုံစမ်းနေရမှာလဲ။ ချက်ချင်း စစ်ဆေးစေ” လော့ရှင်းယွမ်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

“ချီကျန့်ဟန်... မင်းရဲ့ နဂါးတပ်ဖွဲ့၊ နတ်တပ်ဖွဲ့ နှစ်ခုလုံးကို ခေါ်ပြီး ယာယီနန်းတော်ကို အခုချက်ချင်း သွား။ တန်ခိုး ကြီးမားလှပါတယ် ဆိုတဲ့ အဲဒီရှန်အကြံပေးရဲ့ ဆွေစဉ်မျိုးဆက်ကို ဖမ်းဆီးပြီး မြို့တော်ကို ခေါ်လာခဲ့”

“အမိန့်တော်အတိုင်းပါဘုရား!” ချီကျန့်ဟန် ဒူးထောက်အမိန့်ခံပြီး လူစုရန် ချက်ချင်း ထွက်သွားလေသည်။

ယဲ့ချန်းကော်မှာ ဒီလောက် အသက်ကြီးသည်အထိ နေလာသော်လည်း ဒီလိုအခြေအနေမျိုး ကိုယ်တိုင် ပထမဆုံး ကြုံဖူးခြင်းဖြစ်ရာ မျက်လုံးအပြူးသားဖြင့် အံ့သြနေရှာသည်။

“ဒါ... ဒါက... ချက်ချင်းကြီး ယာယီနန်းတော်ဘက်ကို လှုပ်နှိုးလိုက်သလို ဖြစ်မနေဘူးလား ဘုရား။ နည်းနည်းလောက် ပြန်ချင့်ချိန်ပါဦးလား။ မတော်တဆ မြက်ကို ရိုက်မိပြီး မြွေလန့်သွားသလို ဖြစ်မှာ စိုးရလို့ပါ...”

မေဝမ့်ရှူးက ဆရာသမားဖြစ်သူ ယဲ့ချန်းကော်ကို နှစ်သိမ့်ပြောဆိုလိုက်သည်။

“ဆရာကြီး ပြောသလိုပဲ… အခြေအနေက အရမ်းလေးနက်နေတော့ အချိန်ဆွဲလို့ မဖြစ်တော့ဘူး။ တပည့်တို့က အသေခံတပ်သား တစ်ယောက်ကို ဖမ်းမိထားပြီးပြီ ဆိုတော့ မြွေလန့်နေပြီပဲ။ နောက်ထပ် လှုပ်ရှားမှုတွေက မြန်ဆန်ဖို့ လိုပါတယ်။ တစ်ဖက်လူ ဘာမှ မလုပ်နိုင်ခင် လက်ဦးမှု ရယူရပါမယ်”

လင်စစ်ရှီသည်လည်း ဘေးမှနေ၍ တိတ်ဆိတ်စွာ ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

ဤသို့ဖြင့် ရှုပ်ယှက်ခတ်ပြီးနောက် လေးချက်တီး (မနက် ၂ နာရီဝန်းကျင်) အချိန်ပင် ကျော်လွန်သွားပြီ ဖြစ်သည်။ နောက်ထပ် ခဏကြာလျှင် ပုံမှန် ညီလာခံကျင်းပချိန် ရောက်တော့မည်။

134 03

ယဲ့ချန်ကော်မှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ အတင်း အားတင်းထားသော်လည်း မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်နေပြီဖြစ်သည်။

“ဒီနေ့ မနက်ညီလာခံကို ယဲ့အမတ်ကြီး မတက်ဘဲ နေခွင့်ပြုတယ်” လော့ရှင်းယွမ်က စာနာစွာ ပြောလိုက်သည်။ “စောစောပြန်ပြီး အနားယူလိုက်ပါတော့”

ထို့နောက် မေဝမ့်ရှူးဘက် လှည့်ကာ ကြင်နာစွာဖြင့်၊

“မင်းက ဒီရက်ပိုင်း မြို့ပြင်က အိမ်မှာပဲ နေနေတာဆိုတော့ ညကြီးမိုးချုပ် တောင်ပေါ်လမ်းက ပြန်တာ အဆင်မပြေလောက်ဘူး။ နန်းတော်ထဲမှာပဲ မိုးလင်းတဲ့အထိ အနားယူပြီးမှ ပြန်ပါလား”

မေဝမ့်ရှူးက သူ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။ လင်စစ်ရှီ ရှိနေသည့်အတွက် ဘာစကားမှ ပြန်မပြောပေ။

လင်စစ်ရှီမှာ နန်းဆောင်ထဲ ဝင်လာကတည်းက ဘေးမှ နားထောင်ရုံသာရှိပြီး တစ်ခွန်းမှ ဝင်မပြောခဲ့ရပေ။

ဒီရက်ပိုင်း ဧကရာဇ်၏ မျက်နှာသာပေးမှုကို သူ မရတော့သလို ခံစားနေရသည်။ ဘာကြောင့်မှန်း မသိသော်လည်း ဧကရာဇ်၏ အေးစက်စက် နိုင်သော ဆက်ဆံပုံကို သူ အာရုံခံမိနေသည်။

လင်စစ်ရှီက သူ့အနေဖြင့် အရွယ်ကောင်း ကျန်းမာသူမို့ နန်းတော်ထဲမှာပဲ ဆက်နေပြီး မနက်ညီလာခံ တက်ရောက်သင့်သလား တွေးတောနေစဉ်မှာပင် ဧကရာဇ်က သူ့နာမည်ကို ခေါ်လိုက်သည်။

“စစ်ရှီ... မိုးကလည်း မှောင်၊ လမ်းကလည်း ဝေးသေးတယ်။ ယဲ့အမတ်ကြီး တစ်ယောက်တည်း မြို့တောင်ဘက် ပြန်မှာကို ကျန်း စိတ်မချဘူး။ မင်းပဲ မင်းဆရာကို အိမ်ပြန်ပို့ပေးလိုက်ပါ”

ယဲ့ချန်းကော်က ကျေးဇူးတင်စွာဖြင့် ထ၍ ဦးညွှတ်အရိုအသေပေးသည်။

လင်စစ်ရှီမှာ ဧကရာဇ်က သူ့ကို စစ်ရှီဟု ရင်းရင်းနှီးနှီး ခေါ်ဝေါ်လိုက်သည့်အတွက် ဝမ်းသာပီတိဖြစ်သွားပြီး ဆရာဖြစ်သူကို လိုက်ပါပို့ဆောင်ရန် ချက်ချင်း ထရပ်လိုက်သည်။

နန်းဆောင်ထဲသို့ ဝင်ရောက် အစီရင်ခံခဲ့သော အမတ်ကြီး လေးဦးအနက် သုံးဦး ထွက်ခွာသွားကြပြီ ဖြစ်သည်။

လော့ရှင်းယွမ်သည် စားပွဲတော်နောက်မှ ထလာပြီး ကျန်ရစ်နေသော နောက်ဆုံး အမတ်ကြီးတစ်ယောက်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

“ဘာထိုင်လုပ်နေတာလဲ။ ထတော့လေ... မေအမတ်။ ကျန်း မင်းကို တုံနွမ်နန်းဆောင် အထိ လိုက်ပို့ပေးမယ်”

မေဝမ့်ရှူးက ကိုယ်ကို မတ်မတ်ထားပြီး ဧကရာဇ်နှင့် တွေ့ဆုံရာတွင် ရှိသင့်သော ကျင့်ဝတ်စည်းကမ်းအတိုင်း ကုလားထိုင်ပေါ်တွင် သေသေသပ်သပ် ထိုင်နေဆဲဖြစ်သည်။ မူလက အောက်သို့ ချထားသော မျက်လုံးများကို ပင့်ကြည့်လိုက်ရာ သံသယ အရိပ်အယောင်များဖြင့် ဧကရာဇ်ကို စူးစိုက်ကြည့်နေသည်။

“ကျွန်တော်မျိုး တုံနွမ်နန်းဆောင်ကို လိုက်သွားရင် မိုးလင်းတာနဲ့ ပြန်ထွက်ခွင့် ရမှာလား”

လော့ရှင်းယွမ်၏ လေသံတွင် ရယ်သံစွန်းနေသည်။

“ကျန်းက မင်းကို နန်းတော်ထဲ ဖမ်းချုပ်ထားမယ့် ပြန်ပေးဆွဲသမားများ မှတ်နေလား။ လေးချက်တီးတောင် ကျော်နေပြီ။ မင်းကို တုံနွမ်နန်းဆောင်မှာ နားခိုင်းထားပြီးရင် ကျန်းလည်း အဝတ်အစားလဲ၊ မနက်စာစားပြီး ငါးချက်တီးတာနဲ့ ရှေ့နန်းဆောင်မှာ ညီလာခံ တက်ရဦးမှာ။ မင်း အိပ်ရေးဝမှ ထပြီး မိုးလင်းတာနဲ့ ကိုယ့်ဘာသာ ပြန်ထွက်သွားပေတော့”

ထိုအခါမှ မေဝမ့်ရှူး မတ်တပ်ထလိုက်သည်။

နန်းဆောင်အပြင်မှ ဝေါယာဉ် ရောက်လာပြီး နှစ်ဦးသား တုံနွမ်နန်းဆောင်သို့ အသီးသီး ရောက်ရှိသွားကြသည်။

ညစောင့် တာဝန်ကျသော အပျိုတော်များနှင့် မိန်းမစိုးများမှာ ကြိုတင်သတင်းရထားပြီးဖြစ်၍ တုံနွမ်နန်းဆောင်၌ မေပညာရှိ (မေဝမ့်ရှူး) အသုံးပြုနေကျ စောင်နှင့် မွေ့ရာများ၊ မျက်နှာသစ်ရန် ရေများကို အသင့်ပြင်ဆင်ထားကြသည်။

မေဝမ့်ရှူးက အကြမ်းဖျင်း ကိုယ်လက်သန့်စင်ပြီး ရေနွေးစိမ်ထားသော ပုဝါဖြင့် မျက်နှာသုတ်ကာ ဖိနပ်ချွတ်၍ ကုတင်ပေါ် တက်လိုက်သည်။

ဧကရာဇ်၏ အပါးတော်မြဲ ရှောင်ကွေ့ယွမ်က အလိုက်တသိ ရောက်လာပြီး စောင်ကို သေချာ ခြုံပေးကာ ခြင်ထောင်လိုက်ကာကို ချပေးလေသည်။

ပါးလွှာသော ပိုးသားကန့်လန့်ကာမှတဆင့် မေဝမ့်ရှူးသည် နူးညံ့သော စောင်များကြားတွင် လဲလျောင်းရင်း ငိုက်မြည်းနေသော မျက်လုံးများဖြင့် ရှောင်ကွေ့ယွမ်က ကုတင်ဘေးစားပွဲမှ ဆီမီးခွက်ကို မီးသတ်တော့မည့်အပြုအမူကို ငေးကြည့်နေမိသည်။

134 04

ထိုစဉ်... အပြင်ခန်းတွင် ဆန်ပြုတ် သောက်နေသော လော့ရှင်းယွမ်က ပန်းကန်လုံးကို ချ၊ ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းလိုက်ပြီး လှမ်းပြောလိုက်သည်။

“မီးမသတ်နဲ့။ အားလုံး ထွက်သွားကြ”

မေဝမ့်ရှူး “......”

မှိတ်ခါနီး မျက်လုံးများ ပြန်ပွင့်သွားသည်။

နောက်တစ်ခဏ၌ ကဏန်းခွံအရောင် ပိုးသားလိုက်ကာကို အပြင်မှ တစ်စုံတစ်ယောက်က လှန်တင်လိုက်သည်။

ညီလာခံတက်ရန် ဝတ်ရုံအပြည့် ဝတ်ဆင်ထားသော ဧကရာဇ်က ကုတင်ဘေးတွင် မတ်တပ်ရပ်လျက် ငုံ့ကြည့်နေသည်။ နှုတ်ခမ်းစွန်းတွင် နှစ်သက်ကျေနပ်သော အပြုံးတစ်ခု တွဲခိုနေ၏။

“ရွှယ်ချင့်က ငါ့ကို ယုံကြည်စိတ်ချပြီး နန်းတော်ထဲမှာ အိပ်ဖို့ သဘောတူတာ... ကျန်း တကယ် ဝမ်းသာတယ်”

မေဝမ့်ရှူးက ကိုယ်ကို စောင်ထဲ လုံအောင် ပတ်ထားပြီး အကွယ်အကာကို ကျော်၍ အပြင်ခန်း စားပွဲပေါ်ရှိ ရေနာရီကို လှမ်းကြည့်ကာ တည်ငြိမ်စွာ သတိပေးလိုက်သည်။

“လေးချက်တီး သုံးမောင်းခတ်နေပြီ။ ဧကရာဇ် မကြွသေးရင် ရှေ့နန်းဆောင်က မနက်ခင်း ညီလာခံ နောက်ကျပါလိမ့်မယ်”

လော့ရှင်းယွမ်က ကုတင်ဘေးမှ မခွာဘဲ ပေါ့ပါးစွာ ဆိုသည်။ “သူတို့ကို စောင့်ခိုင်းလိုက်”

မေဝမ့်ရှူး “......”

သူမက လေးလံနေသော မျက်ခွံများကို အားယူဖွင့်ရင်း “ကျွန်တော်မျိုး အရင်က လျှောက်တင်ဖူးပါတယ်။ ဒီအဆင့်အတန်း၊ ဒီနန်းတော် နယ်နိမိတ်ထဲမှာ... လုံးဝ မဖြစ်ဘူးလို့လေ”

ကုတင်ဘေးမွေ့ရာ နိမ့်ဆင်းသွားပြီး လော့ရှင်းယွမ် ဝင်ထိုင်လိုက်သည်။

မျက်ဝန်းများက တောက်ပနေပြီး သူ့နှုတ်ခမ်းထောင့်ကို လက်ညှိုးဖြင့် ထိုးပြကာ အရိပ်အမြွက် ပြောလေသည်။

“တခြားအများကြီး မတောင်းဆိုပါဘူး” သူက ဇွတ်ပြောသည်။ “ဒီနေရာလေး… တစ်ချက်ပဲ။ ပြီးရင် ချက်ချင်း သွားမယ်”

မေဝမ့်ရှူး သူ့ကို ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။

ယန်ရန် ပြောတာ မမှားဘူးပဲ... တကယ့်ကို ကပ်လိုက်ရင် ခွာမရတဲ့ ကပ်ခွာကြီးပါလား။

စိတ်ထဲတွင် ရယ်ချင်တာက သုံးပုံ၊ ခေါင်းကိုက်တာက ခုနစ်ပုံ ဖြစ်နေသည်။

သူမ ကိုယ်ကို ကိုင်းလိုက်ပြီး ကုတင်ဘေးစားပွဲမှ ဆီမီးခွက်ကို မှုတ်၍ မီးသတ်လိုက်သည်။

ကုတင်နားတစ်ဝိုက် အမှောင်ကျသွားသည်။

ကျယ်ဝန်းလှသော တုံနွမ်နန်းဆောင်ကြီးထဲတွင် အပြင်ခန်းမှ ထွန်းထားသော မီးအိမ်အနည်းငယ်၏ အလင်းရောင်သာ သစ်သားပန်းပု မှန်ကူကွက်မှတဆင့် အိပ်ခန်းထဲသို့ ဖျော့တော့တော့ ဝင်ရောက်နေသည်။

အလင်းရောင် မှိန်ပျပျအောက်တွင် မေဝမ့်ရှူးက ကုတင်ခေါင်းရင်းကို မှီ၊ မျက်လုံးများကို မှိတ်ကာ မေးကို အနည်းငယ် မော့ပေးလိုက်သည်။

နူးညံ့သော နှုတ်ခမ်းသားများက တစ်ဖက်လူ၏ ပူနွေးနေသော ပါးပြင်ကို ပွတ်သပ်ဖြတ်ကျော်သွားပြီး တူညီသော နူးညံ့မှုရှိသည့် နှုတ်ခမ်းထောင့်စွန်းကို ရှာဖွေကာ ဖိကပ်နမ်းရှိုက်လိုက်သည်။

နောက်တစ်စက္ကန့်တွင် တစ်ဖက်လူ၏ ပူနွေးသော ခန္ဓာကိုယ်ကြီးက ရုတ်တရက် ဖိချလာတော့သည်။

မိုင်ပေါင်းထောင်ချီ သားကောင်လိုက်နေသော အလွန်စိတ်လှုပ်ရှားနေသည့် နှင်းတော ဝံပုလွေကြီး တစ်ကောင်အလား သူမကို ကုတင်ပေါ်သို့ လှဲချလိုက်ခြင်း ဖြစ်သည်။

မှိန်ဖျဖျ အလင်းရောင်အောက်တွင် နှုတ်ခမ်းနှင့် သွားများ ရောထွေးယှက်နွယ်သွားပြီး အသက်ရှူသံများ ပြင်းထန်လာသည်။

ရုန်းမရ၊ ဖိထားခံရသဖြင့် အသက်ရှူပင် မဝချင်တော့။ စကားပြောချင်သော်လည်း ပါးစပ်ကို ပိတ်ဆို့ထားခံရသဖြင့် နှာခေါင်းသံ တိုးတိုးမျှသာ ထွက်ပေါ်လာနိုင်သည်။

မေဝမ့်ရှူးက မသိမသာ ရုန်းကန်ရင်း သတိပေးသည့်အနေဖြင့် တစ်ချက် ကိုက်လိုက်သည်။

134 05

ကိုက်လိုက်သည်က မပြင်းထန်သော်လည်း သွေးထွက်လောက်သည်အထိတော့ မဟုတ်။ သို့သော် မှောင်ရိပ်ထဲတွင် တစ်ဖက်လူ ဆတ်ခနဲ လေစုပ်လိုက်သံကို ကြားလိုက်ရသည်။

လော့ရှင်းယွမ်က လေကို တရှူးရှူး စုပ်ရင်း ကိုယ်ကို ကြွလိုက်သည်။

“ပြီးပြီ... ကျန်း သွားတော့မယ်။ စိတ်မဆိုးနဲ့တော့နော်”

ထောင့်သို့ ရောက်သွားသော စောင်ကို ပြန်ဆွဲယူကာ သူမကို သေချာ ပြန်ခြုံပေးလိုက်သည်။ ထို့နောက် နှမြောတသသဖြင့် ထရပ်ကာ အဝတ်အစားများကို ပြန်လည်ပြုပြင်ပြီး တွန့်ကြေသွားသော ဝတ်ရုံကို သပ်ရပ်အောင် လုပ်လိုက်သည်။

“မနက်ညီလာခံက တစ်နာရီ နှစ်နာရီလောက်တော့ ကြာဦးမှာ။ မင်း စိတ်ချလက်ချ အိပ်လိုက်ပါ။ မိုးလင်းရင် ကိုယ့်ဘာသာ ပြန်ထွက်သွားလို့ ရတယ်။ ကျန်း ပြောရင် ပြောတဲ့အတိုင်း ဖြစ်စေရမယ်”

ပြတင်းပေါက်မှ ဝင်ရောက်လာသော မနက်ခင်း အလင်းရောင် ဖျော့ဖျော့အောက်တွင် မေဝမ့်ရှူးသည် စောင်ကို ပတ်ရင်း ပိုးသားလိုက်ကာပါးလေး နောက်ကွယ်မှနေ၍ ကျယ်ပြန့်သော ကျောပြင်ကျယ်ကျယ် ဝေးကွာသွားသည်ကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

တစ်ညလုံး မအိပ်ရသေးသော အရှိန်ကြောင့် ပင်ပန်းနွမ်းနယ်မှုများ ဒလဟော ဝင်ရောက်လာပြန်သည်။

မှောင်ရိပ်ကျနေသော ကုတင်ထက်တွင် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ဒီတစ်ခါ အိပ်လိုက်သည်မှာ တော်တော်လေး နှစ်ဝင်သွားသည်။

နိုးလာ၍ ထထိုင်လိုက်သောအခါ ခေါင်းထဲတွင် မူးနောက်နောက် ဖြစ်နေဆဲ။ ခန္ဓာကိုယ်တွင် တော်တော်လေး နေလို့မကောင်း ဖြစ်နေသော်လည်း ဘာဖြစ်မှန်း ချက်ချင်း သဘောမပေါက်သေးပေ။

ပြတင်းပေါက် အပြင်ဘက်တွင် နေရောင်တောက်ပနေပြီး ပိုးသားလိုက်ကာမှတဆင့် တုံနွမ်နန်းဆောင်ထဲသို့ အလင်းရောင်များ ဖြာကျနေသည်။

အနည်းဆုံးတော့ မွန်းတည့်ချိန်လောက် ရောက်နေလောက်ပြီ။

သူမ စောင်ကို လှန်၊ ဖိနပ်စီးကာ မျက်နှာသစ်ရန် လူခေါ်မည် အပြု...

ကုတင်ပေါ်မှ ဆင်းခါနီးမှ မိမိခန္ဓာကိုယ် အောက်ပိုင်းမှ ပုံမှန်မဟုတ်သော ခံစားချက်ကို သတိပြုမိလိုက်ရာ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ပြီး အိပ်ရာခင်းကို အလောတကြီး စစ်ဆေးကြည့်လိုက်သည်။

တုံနွမ်နန်းဆောင်တွင် သူမအတွက် သီးသန့် ပြင်ဆင်ပေးထားသော နှင်းဖြူရောင်သန်းသော ပြာလွင်လွင် အိပ်ရာခင်း၏ အလယ်တည့်တည့်တွင် ညိုညစ်ညစ် သွေးကွက်အချို့ ပေကျံနေသည်ကို တွေ့လိုက်ရသည်။

“... ...”

မေဝမ့်ရှူးက မိမိဝတ်ဆင်ထားသော အဖြူရောင် ဝတ်စုံအောက်ခံနှင့် ပိုးသားဘောင်းဘီကို ငုံ့ကြည့်လိုက်သည်။

ပြီးတော့ ကုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားသော ပါးလွှာသည့် ခရမ်းရောင် အမတ်ဝတ်ရုံကို တစ်ချက် လှမ်းကြည့်လိုက်သည်။

လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်မိတော့သည်။

ဒီရက်ပိုင်း အအေးဓာတ်လွန်ကဲသည့် ဆေးကို ရပ်လိုက်ပြီး အားဆေး ပြန်သောက်နေသောကြောင့် လအတော်ကြာ ပျောက်နေခဲ့သော ရာသီသွေးမှာ ယခုအချိန်ကျမှ ကြိုတင်နိမိတ်မပြဘဲ ရောက်ချလာခဲ့ခြင်း ဖြစ်သည်။

အတွင်းမှ လှုပ်ရှားသံကြားသဖြင့် မေ၊ လန်၊ ကျူ၊ ကျူး အမည်ရ အပျိုတော်လေးဦးမှာ မျက်နှာသစ်ရန် အသုံးအဆောင်များကို ကိုင်ဆောင်ကာ တန်းစီ ဝင်ရောက်လာကြသည်။

“မေအမတ်မင်း နိုးပါပြီလား” တုံနွမ်နန်းဆောင်တွင် တာဝန်ကျသော ရှောင်ကွေ့ယွမ်ကလည်း အသံကြားသဖြင့် ပြေးလာကာ တံခါးအပြင်မှနေ၍ လှမ်းမေးသည်။

“ကျွန်တော်မျိုး မေအမတ်မင်း နန်းတော်အပြင် ထွက်ဖို့ ဝေါယာဉ် ပြင်ခိုင်းလိုက်ရမလား”

မေဝမ့်ရှူး ကုတင်ခေါင်းရင်းကို မှီလိုက်ရင်း မျက်မှောင်ကို လက်ဖြင့် ဖိနှိပ်နေမိသည်။ အိပ်ရာခင်းပေါ်မှ ထင်ရှားနေသော သွေးကွက်ကို စိုက်ကြည့်ရင်း သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“မလိုသေးဘူး။ ပြန်ဖို့ မလောပါနဲ့ဦး”

ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။ “ဧကရာဇ် မနက်ညီလာခံ ပြီးပြီလား”

“ရှေ့နန်းဆောင်ကို သွားပြီး လျှောက်တင်ပေးပါ။ ကျွန်တော်မျိုးမှာ အရေးကြီးကိစ္စ လျှောက်တင်စရာ ရှိလို့ ဧကရာဇ်ကို တုံနွမ်နန်းဆောင်ဘက် အမြန်ဆုံး ကြွလာပေးပါလို့...”

******

All Chapters