အခန်း (၁၃၅)
Vol. 14 Ch. 135
135 01
အခန်း 135
လော့ရှင်းယွမ်သည် သတင်းစကားကို ကြားသောအခါ အလွန်အရေးကြီးသော ကိစ္စကြီး ပေါ်ပေါက်ပြီ အထင်ဖြင့် အမတ်မင်းများဖြင့် ပြည့်နှက်နေသော တိုင်းပြည်ရေးရာ စီမံရေးရုံးတော်ကို ပစ်ထားခဲ့ပြီး အရှေ့နန်းဆောင်သို့ သုတ်ခြေတင် ပြေးလာခဲ့သည်။
နှင်းဖြူရောင် ပြာလွင်လွင် အိပ်ရာခင်း အစုံလိုက်ကို မေဝမ့်ရှူးက အဝတ်စဖြင့် ထုပ်ပိုးထားပြီး၊ လဲလှယ်ထားသော အဝတ်အစားများပါ ထည့်သွင်းထားသဖြင့် ကုတင်ဘေးတွင် ဖောင်းပွနေသော အထုပ်ကြီးတစ်ထုပ် ရောက်ရှိနေလေသည်။
လော့ရှင်းယွမ်သည် ကုတင်ဘေးတွင် မတ်တပ်ရပ်ရင်း မေးမြန်းစုံစမ်းကာ အခြေအနေကို သဘောပေါက်သွားသောအခါ တစ်ခဏမျှ အံ့သြမှင်သက်သွားသည်။ ထို့နောက် အသံမထွက်အောင် ကြိုးစား အောင့်အီးရင်း တိတ်တဆိတ် ရယ်မောလေတော့သည်။ ပခုံးများ တုန်ခါသွားသည်အထိ ရယ်မောခြင်းကို ထိန်းချုပ်မရ ဖြစ်နေတော့သည်။
မေဝမ့်ရှူးသည် သန့်ရှင်းသော အဝတ်အစား တစ်စုံ လဲလှယ် ဝတ်ဆင်ထားပြီး ပြတင်းပေါက်နားရှိ လော်ဟန်ခုံရှည်ပေါ်တွင် ထိုင်ကာ ရေနွေးပူပူ တစ်ခွက်ကို ကိုင်ထားသည်။ မျက်နှာတွင် စိတ်ဆိုးခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်မပြဘဲ လေသံအေးအေးဖြင့် မေးလိုက်သည်။
“ဧကရာဇ် ရယ်လို့ ဝပြီလား”
လော့ရှင်းယွမ်သည် သူမ စိတ်ဆိုးတော့မည်ကို သိသဖြင့် ရယ်မောခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ရှောင်ကွေ့ယွမ်ကို ခေါ်လိုက်သည်။
ထုပ်ပိုးထားသော အထုပ်ကြီးကို ညွှန်ပြပြီး လမ်းတွင် ဖွင့်မကြည့်ရန်၊ မီးပုံရှာပြီး ပြာကျသည်အထိ လုံးဝ မီးရှို့ဖျက်ဆီးရန်နှင့် ပြာမှုန်တောင် မကျန်စေရန် လေးနက်စွာ မှာကြားလိုက်သည်။
ရှောင်ကွေ့ယွမ်သည် ဧကရာဇ်၏ လေသံ လေးနက်သည်ကို သတိပြုမိသဖြင့် ချက်ချင်းပင် ရိုသေစွာ အမိန့်နာခံပြီး အထုပ်ကြီးကို ပိုက်ကာ အလုပ်ကိစ္စ ဆောင်ရွက်ရန် သွက်လက်စွာ ထွက်ခွာသွားလေသည်။
လော့ရှင်းယွမ်သည် မေဝမ့်ရှူး လက်ထဲမှ ရေနွေးခွက်ကို ငုံ့ကြည့်ပြီး၊
“ဒီလို နေ့ထူးနေ့မြတ်မျိုး ကြုံတောင့်ကြုံခဲမှာ ဘာလို့ အရသာမရှိတဲ့ ရေနွေးကြမ်းကြီး သောက်နေတာလဲ။ စားတော်ဆောင်ကို အမိန့်ပေးပြီး ဂျင်းသကြားရည် ကျိုခိုင်းလိုက်မယ်လေ”
မေဝမ့်ရှူးက လက်မခံပေ။
“အိပ်ရာခင်း တစ်စုံလုံး မီးရှို့ခိုင်းတာက မသင်္ကာစရာ ဖြစ်နေပါပြီ။ စားတော်ဆောင်ကိုပါ ကျွန်တော်မျိုးအတွက် သီးသန့် ဂျင်းသကြားရည် ကျိုခိုင်းလိုက်ရင်၊ နန်းတော်ထဲက ဉာဏ်ကောင်းတဲ့ လူတွေ ရိပ်မိသွားမှာကို ဧကရာဇ် မစိုးရိမ်ဘူးလား”
လော့ရှင်းယွမ်မှာ စကားပိတ်သွားသည်။ သူမ စိတ်အခြေအနေ သိပ်မကောင်းမှန်း သိသဖြင့် စဉ်းစားပြီး ထပ်ပြောသည်။
“မိန်းကလေးတွေ သုံးဆောင်ရမယ့် ပစ္စည်းတွေက နန်းတော်ထဲမှာ မရှားပါဘူး။ ဒါပေမယ့် ကျန်းက ဘာအကြောင်းပြချက်နဲ့ သွားတောင်းရမလဲ ဆိုတာ...”
မေဝမ့်ရှူးက နားထင်ကို ဖိနှိပ်လိုက်သည်။ ခေါင်းကိုက်လာပြီ။
“ဧကရာဇ်ရဲ့ ဘေးမှာ ကိုယ်လုပ်တော် တစ်ပါးမှ မရှိဘဲနဲ့ မိန်းကလေး အသုံးအဆောင် ပစ္စည်းတွေ ရုတ်တရက် သွားတောင်းခိုင်းရင် လူတိုင်းရဲ့ မျက်လုံးတွေက ဒီဘက်ကို ရောက်မလာပေဘူးလား”
သူမ သက်ပြင်းချလိုက်ပြီး
“အရောင်ရင့်တဲ့ အဝတ်အစားတွေသာ ပိုပြင်ဆင်ပေးပါ။ တစ်ရက်ကို အဝတ်အစား လဲလှယ်နှုန်း နည်းနည်း ပိုလိုက်ရုံပါပဲ”
“မင်း အခုလို အခြေအနေနဲ့ လမ်းလျှောက်နိုင်ပါ့မလား” လော့ရှင်းယွမ်က သူမကို အကဲခတ်ကြည့်လိုက်သည်။ “ဒါမှမဟုတ် ဝေါယာဉ်နဲ့ နန်းတော်အပြင် လိုက်ပို့ပေးရမလား”
“လမ်းမှာ ဝေါယာဉ် ပေကျံသွားရင် လိုက်ပါပို့ဆောင်တဲ့ အတွင်းစောင့်တွေ မြင်သွားကြလိမ့်မယ်။ အဲဒီကျရင် ကျွန်တော်မျိုး နန်းတော်ထဲဝင်တဲ့ ဒီတစ်ညမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ အပြင်မှာ ဘယ်လိုတွေတောင် ကောလာဟလ ထွက်ကုန်မလဲ မသိနိုင်ဘူး”
မေဝမ့်ရှူး စကားပြောရင်း စိတ်ထဲ လေးလံထိုင်းမှိုင်းလာသဖြင့် ခုံပေါ်တွင် ခပ်စောင်းစောင်း မှီလိုက်ပြီး အင်္ကျီလက်ဖြင့် မျက်နှာကို ကွယ်ကာ စကားဆက်မပြောတော့ပေ။
လော့ရှင်းယွမ် စဉ်းစားလိုက်ပြီး “ဒါဆို အနောက်ဆောင်ကို သွားရအောင်”
“အရှေ့နန်းဆောင်က နန်းတော်အလယ်မှာ ရှိတော့ လူသွားလူလာ များတယ်။ မျက်စိဒေါက်ထောက် ကြည့်မယ့်သူတွေ များတယ်။ အနောက်ဆောင်ကတော့ လူသူရှင်းပြီး တိတ်ဆိတ်တယ်။ အပြင်လူတွေကိုတော့ မင်း နေထိုင်မကောင်းလို့ နန်းတော်ထဲမှာ ရက်ပိုင်းလောက် ဆက်နေခိုင်းတယ်လို့ ပြောထားလိုက်မယ်။ အနောက်ဆောင်မှာ သုံးလေး ငါးရက်လောက် အေးအေးဆေးဆေး အနားယူလိုက်။ ဘယ်သူမှ လာမနှောင့်ယှက်စေရဘူး”
135 02
သူက ပြုံးပြီး မေးလိုက်သည်။ “ဘယ်လိုသဘောရလဲ”
မေဝမ့်ရှူးက ပြန်မဖြေပေမယ့် မျက်နှာကို ကွယ်ထားသော အင်္ကျီလက်စကို ဖြည်းညှင်းစွာ ဖယ်လိုက်သည်။
ကြည်လင်သော မျက်ဝန်းနက်များဖြင့် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ငြင်းဆန်ခြင်း မရှိ။
ဒါ သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
အနောက်ဆောင်သည် ယခင်အတိုင်းပင်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြုပြင်မွမ်းမံထားခြင်း မရှိသလို မတ်စောက်သော တောင်တက်လမ်းကိုလည်း ပြန်လည်ပြုပြင်ခြင်း မရှိပေ။
နွေဦးပေါက် ရာသီဥတုတွင် မေဝမ့်ရှူးသည် နေထိုင်မကောင်းဟူသော အကြောင်းပြချက်ဖြင့် ပခုံးမှ ခြေမျက်စိအထိ ဖုံးအုပ်ထားသော အနက်ရောင် ဝတ်ရုံရှည်ကြီးကို ခြုံထားရသည်။ လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ ကျွီကျွီမြည်နေသော သစ်သားစင်္ကြံလမ်းအတိုင်း အနောက်ဆောင်သို့ တက်လာခဲ့ရသည်။
ရာသီဥတုက ပူအိုက်၊ ကိုယ်ရောင်ဖျောက်ရန် ဝတ်ဆင်ထားသော ဝတ်ရုံကလည်း ထူထဲသဖြင့် စင်္ကြံလမ်း တစ်ဝက် အရောက်တွင် သူမ ဆက်မသွားနိုင်တော့ဘဲ ရပ်တန့်ကာ ချွေးသုတ်လိုက်ရသည်။
“အနောက်ဆောင်ကိုတောင် မရောက်သေးဘူး...” သူမ မောဟိုက်စွာ ပြောလိုက်သည်။ “အပူရှပ်ပြီး မူးလဲတော့မယ်”
လော့ရှင်းယွမ်က ဘေးမှနေ၍ သူမကို တွဲပေးလိုက်သည်။ “အချိန်လု သွားဖို့ မလိုပါဘူး။ ဒီနေရာမှာပဲ ခဏ နားလိုက်လေ”
မေဝမ့်ရှူး ခေါင်းခါလိုက်သည်။ လမ်းမှာ ကြာလေလေ ခန္ဓာကိုယ်က ပိုပြီး မနေတတ်မထိုင်တတ် ဖြစ်လေလေမို့။ “အနောက်ဆောင်ကို တန်းသွားတာပဲ ကောင်းပါတယ်”
လေဟုန်ကြောင့် စင်္ကြံလမ်း တစ်ဖက်တစ်ချက်ရှိ ပိတ်ပါးစများ လွင့်ပျံနေသည်။ သို့သော် စင်္ကြံလမ်းအဆုံးတွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းကြီးကိုတော့ လေက မလှုပ်ခတ်နိုင်ပေ။
ရပ်နားပြီး ချွေးသုတ်ရင်း သူမ၏ အကြည့်သည် ထိုကြေးခေါင်းလောင်းကြီးဆီသို့ ရောက်သွားသည်။
“ဒီကြေးခေါင်းလောင်းကြီးက သက်တမ်းကြာလှပြီ။ အခုထိ သုံးလို့ရသေးရဲ့လား”
“အခုထိ သုံးလို့ရတယ်” လော့ရှင်းယွမ်က အတည်ပြု ပြောကြားသည်။ “ကျန်း အနောက်ဆောင်မှာ ရှိနေတဲ့အချိန် တစ်ခါတလေ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးစေချင်ရင် လူတွေကို အကုန် အောက်ဆင်းခိုင်း ထားတတ်တယ်။ အကယ်၍ အရေးတကြီး တွေ့စရာရှိရင် ခေါင်းလောင်း လှုပ်ရတယ်။ အနောက်ဆောင်မှာ အမှုထမ်းတဲ့သူတွေက ဒီခေါင်းလောင်းရဲ့ စည်းကမ်းကို နားလည်တယ်”
မေဝမ့်ရှူးသည် လွမ်းဆွတ်တသစွာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး စင်္ကြံတိုင်တွင် ချည်နှောင်ထားသော ခေါင်းလောင်းကြိုးကို ဖြေကာ ဖြည်းညှင်းစွာ ဆွဲလှုပ်လိုက်သည်။
ကြိုးအထက်တွင် ချိတ်ဆက်ထားသော ကြေးပြားက ခေါင်းလောင်း၏ ထူထဲသော အတွင်းနံရံကို ရိုက်ခတ်ပြီး ကြည်လင်ပြတ်သားသော အသံကို ထွက်ပေါ်စေသည်။
စင်္ကြံလမ်းအဆုံးသည် အနောက်ဆောင်သို့ တက်ရောက်ရာ သစ်သားလှေကားဖြစ်သည်။ လော့ရှင်းယွမ်က သူမကို လမ်းပြခေါ်ဆောင်သွားသည်။
“မင်း အနောက်ဆောင်ပေါ် ရောက်နေတဲ့အချိန် အောက်ကနေ တစ်ယောက်ယောက် ခေါင်းလောင်းလှုပ်ရင် အများအားဖြင့် တာဝန်ကျ နန်းတွင်းသူတွေ ပစ္စည်းလာပို့တာ ဖြစ်ပါလိမ့်မယ်။ မင်း စိတ်ပါလို့ သူတို့ကို တက်ခွင့်ပြုမယ်ဆိုရင် အနောက်ဆောင် ပြတင်းပေါက်နားက ကြေးခေါင်းလောင်းလေးကို လှုပ်လိုက်။ အောက်က လူတွေက အသံကြားရင် တက်လာကြလိမ့်မယ်”
“အကယ်၍ လူမတွေ့ချင်ဘူးဆိုရင်တော့ ဘာမှပြန်မလုပ်ဘဲ ဒီတိုင်း နေလိုက်ရုံပါပဲ”
မေဝမ့်ရှူး လှေကားထစ်များကို တက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“နှစ်တွေ ဒီလောက် ကြာသွားပြီ။ နန်းတော်ထဲမှာ အချိန်နဲ့အမျှ အရာရာ ပြောင်းလဲနေတာ။ ဒီအနောက်ဆောင် တစ်နေရာပဲ ဘယ်အချိန်လာလာ ဘာမှ မပြောင်းလဲသလို ခံစားရတယ်”
လော့ရှင်းယွမ်သည် လှေကားထစ် အမြင့်သို့ ရောက်သောအခါ လှည့်ကြည့်လိုက်ပြီး ဝေးကွာသော နေရာမှ စင်္ကြံလမ်းတွင် ချိတ်ဆွဲထားသည့် ကြေးခေါင်းလောင်းကြီးကို ငေးကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
135 03
“ကျန်းက အနောက်ဆောင်ကို မပြောင်းလဲစေချင်ဘူး။ ဒါကြောင့် ဒီနေရာက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”
အနောက်ဆောင်သို့ ရောက်သောအခါ မေဝမ့်ရှူး အဝတ်အစား ထပ်လဲလိုက်ရပြန်သည်။
လဲလှယ်လိုက်သော အဝတ်ဟောင်းများကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။
ထို့နောက် ရေတစ်ခါ ထပ်ချိုးလိုက်ပြီး စိုစွတ်နေသော ဆံနွယ်များကို သိမ်းကာ တောင်းပန်စကား ဆိုလိုက်သည်။
“ဧကရာဇ် ရှေ့မှောက်မှာ တကယ်ကို အနေအထိုင် မတတ်သလို ဖြစ်သွားရပါပြီ”
လော့ရှင်းယွမ်သည် ပါလာသော နောက်လိုက်များကို စောစောစီးစီးကပင် ပြန်လွှတ်လိုက်ပြီ ဖြစ်ရာ ကျယ်ဝန်းသော အနောက်ဆောင်ကြီးထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။ လေးဖက်လေးတန် ပွင့်နေသော တံခါးနှင့် ပြတင်းပေါက်များကို တစ်ဝက်ခန့် ပိတ်လိုက်ပြီး မေဝမ့်ရှူးကို ပြတင်းပေါက်နားရှိ အလင်းရောင်ရသော နေရာတွင် ထိုင်စေသည်။
“မင်းနဲ့ ငါ နှစ်ယောက်တည်း ရှိတာပဲ။ အနေအထိုင် မတတ်စရာ မလိုပါဘူး”
သူက ရှေ့ရှိ အနီရောင် ယွန်းဗန်းကို လက်ညှိုးထိုးပြလိုက်သည်။
“ခုနက မင်း ရေချိုးနေတုန်း ဝတ်စုံ (၈) စုံ ပြင်ဆင်ပေးထားတယ်။ အရင်ဆုံး ဝတ်နှင့်လိုက်”
မေဝမ့်ရှူးက ပေါ့ပေါ့ပါးပါး လှန်လှောကြည့်လိုက်သည်။
ကြည့်လိုက်သည်နှင့် နန်းတွင်း ရက်ကန်းဌာနမှ လက်ရာမှန်း သိသာသည်။ အကောင်းဆုံး ပိုးသားများကို အသုံးပြုထားပြီး နွေရာသီဝတ် ပေါ့ပါးသော အင်္ကျီနှင့် ဝတ်ရုံရှည်များ ဖြစ်ကြသည်။
အရောင်များမှာ အစိမ်းရင့်၊ အပြာရင့် စသည့် ရင့်ငြိမ်သော အရောင်များ ဖြစ်ပြီး ရိုးရှင်းအေးချမ်းသော ဒီဇိုင်းများ ဖြစ်သည်။ တစ်ထည်နှစ်ထည်လောက်သာ အနီနုရောင် အနားကွပ်ထားပြီး အင်္ကျီအောက်နားတွင် ငွေရောင်ပိုးချည်ဖြင့် ဝါးပင်၊ တိမ်တိုက်၊ ရွှေပဒေသာ စသည့် ပုံစံများကို မသိမသာ ထိုးထားသည်။
အဝတ်အစား အရောင်နှင့် ဒီဇိုင်းမှာ သူမ စိတ်ကြိုက်များသာ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” မေဝမ့်ရှူးက ပြုံးရင်း လက်ပြန်ရုပ်မည့်ဆဲဆဲ အောက်ဆုံးရှိ အဝတ်အစားကို မတော်တဆ ထိမိသွားရာ လက်ကိုင်မှာ လုံးဝ ကွာခြားသော ပါးလွှာသည့် ပိတ်ပါးစ ဖြစ်နေသည်။
သူမ အပေါ်မှ အဝတ်အစားများကို ဖယ်လိုက်ရာ အောက်ဆုံးတွင် ဝှက်ထားသော အဝတ်မှာ အမျိုးသမီး ဝတ်ဆင်သည့် စကတ်ရှည် (လော်ချန်) ဖြစ်နေသည်။
လက်ရာမြောက်သော ပန်းထိုးများဖြင့် ချုပ်လုပ်ထားသည့် ၁၂ ထပ်စပ် စကတ်ရှည်ဖြစ်ပြီး အသားမှာ ပါးလွှာပေါ့ပါးသည်။ မြို့တော်တွင် ခေတ်စားနေသည့် ရေခဲပိုးသား ဖြစ်ရာ အောက်ခံအင်္ကျီ မဝတ်ဘဲ ဝတ်ဆင်ပါက အသားအရေကို ဖောက်ထွင်းမြင်နိုင်လောက်သည်။
မေဝမ့်ရှူး ချက်ချင်း လက်လွှတ်လိုက်ပြီး အပေါ်မှ ယောကျ်ားဝတ် ဝတ်ရုံများဖြင့် ထိုရေခဲပိုးသား စကတ်ရှည်ကို ပြန်ဖုံးအုပ်လိုက်သည်။
သံသယ မျက်လုံးများဖြင့် တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်။
တစ်ဖက်တွင် ထိုင်နေသော လော့ရှင်းယွမ်က ပြုံးလိုက်ပြီး ဘာမှမဖြစ်သလို ရှင်းပြသည်။
“အရန်သင့် ပြင်ဆင်ထားရုံပါ။ ဒီရက်ပိုင်း ရာသီဥတုက ပူတော့ ဝတ်ရုံတွေက အိုက်တယ်။ ရေခဲပိုးသားလောက် လေဝင်လေထွက် မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် အနောက်ဆောင်မှာ ဘယ်သူမှ ရှိတာ မဟုတ်ဘူး။ ရွှယ်ချင့် သဘောကျရင် ယူဝတ်လို့ ရတာပဲ”
ပြောပြီးသည်နှင့် အမေးအမြန်းကို မစောင့်ဘဲ ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားလေတော့သည်။
မေဝမ့်ရှူး တစ်ယောက်တည်း အနောက်ဆောင်တွင် ကျန်ရစ်ခဲ့သည်။
မေဝမ့်ရှူးသည် အဝတ်အစား ၈ စုံကို ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ တစ်ထည်ချင်းစီ လှန်လှောကြည့်လိုက်ရာ အောက်ဆုံးတစ်ထည်မှလွဲ၍ ကျန် ၇ ထည်မှာ ပုံမှန် ယောကျ်ားဝတ် ဝတ်စုံများ ဖြစ်သဖြင့် ဒီနေ့အတွက် လုံလောက်သည်ဟု ယူဆလိုက်သည်။
အနောက်ဆောင်သည် လော့ရှင်းယွမ် ပြောသည့်အတိုင်းပင် တိတ်ဆိတ်ငြိမ်သက်လှသည်။ အနောက်ဆောင်တွင် တာဝန်ကျသော အတွင်းစောင့်များက အစားအသောက်နှင့် သစ်သီးဝလံများ လာပို့ချိန်မှလွဲ၍ မည်သူမျှ တက်မလာကြပေ။
135 04
မေလကုန်ဖြစ်သဖြင့် ရာသီဥတု ပူလာသော်လည်း အနောက်ဆောင်တွင် လေကောင်းလေသန့် ရသဖြင့် အေးမြနေသည်။ မေဝမ့်ရှူးသည် လူသူကင်းမဲ့သော အနောက်ဆောင်တွင် စာဖတ်ခြင်း၊ စစ်တုရင်ကစားခြင်း၊ စာရေးခြင်းတို့ဖြင့် အေးချမ်းစွာ အချိန်ကုန်ဆုံးနေသည်။
လာပို့သော သစ်သီးဝလံများကို ရောင်စုံဖန်ပန်းကန်ဖြင့် ထည့်ထားသည်။ ခရမ်းရောင် စပျစ်သီး၊ နှင်းဖြူရောင် လိုင်ချီးသီး၊ အနောက်တိုင်းမှ ဆက်သလာသော သခွားမွှေးသီးများကို ငွေဇွန်းဖြင့် အလုံးသေးသေးလေးများ လှပ်ယူကာ ဖန်ပန်းကန်ထဲတွင် သေသပ်လှပစွာ ပြင်ဆင်ပေးထားသည်။ စားသုံးရ လွယ်ကူစေရန် စီစဉ်ထားခြင်း ဖြစ်သည်။
နန်းတော်၏ တစ်နေရာတွင် ရှိနေသော်လည်း ပြင်ပလောကနှင့် ကင်းကွာသော ငြိမ်းချမ်းရေးနယ်မြေလေး တစ်ခုအလားပင်။
ညနေစောင်းချိန်တွင် နေဝင်ချိန် ရွှေရောင် အလင်းတန်းများသည် နန်းတော်အမိုးရှိ ကြွေပြားများထက်မှတဆင့် ဖြာကျလာရာ အနောက်ဆောင် တစ်ခုလုံး ရွှေရောင် တောက်နေတော့သည်။
ထိုအချိန်တွင် အောက်ဘက် စင်္ကြံလမ်းမှ ခွင့်တောင်းသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
မေဝမ့်ရှူးက အချိန်ကို တွက်ဆကြည့်ပြီး ညစာလာပို့သော အချိန်ဖြစ်မည်ဟု ယူဆကာ ပြတင်းပေါက်နားရှိ ရောင်စုံကြိုးစကို ဆွဲလိုက်သည်။
အမိုးအောက်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းလေးမှ တုံ့ပြန်သံ ကြည်လင်စွာ ထွက်ပေါ်လာသည်။
အနောက်ဆောင်သို့ တက်လာသော ခြေသံများ ကြားလိုက်ရသည်။
တည်ငြိမ်သော ခြေသံများသည် တဖြည်းဖြည်း နီးကပ်လာပြီး အနောက်ဆောင် တံခါးဝတွင် ရပ်တန့်သွားသည်။
မေဝမ့်ရှူးသည် ပြတင်းပေါက်ဘေးရှိ ဆိုဖာပေါ်တွင် မှီထိုင်ရင်း စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ စာမျက်နှာ အနည်းငယ် လှန်လိုက်သော်လည်း မည်သူမျှ ဝင်မလာပေ။
သူမ သံသယဖြင့် တံခါးပေါက်ဘက် လှမ်းကြည့်လိုက်သည်။ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရိပ်မိလိုက်သဖြင့် ထပြီး တံခါးသွားဖွင့်လိုက်သည်။
နဂါးရုပ်များပါသော ဧကရာဇ် ဝတ်ရုံတော်ကို ဝတ်ဆင်ထားသော အရှင်ဧကရာဇ်သည် နောက်လိုက်တစ်ယောက်မှ မပါဘဲ တံခါးဝတွင် တစ်ပါးတည်း ရပ်နေသည်။ လက်ထဲတွင် အနက်ရောင် ရှစ်မြှောင့်ပုံ သုံးထပ်ချိုင့်ကို ကိုင်ထားလေသည်။
လော့ရှင်းယွမ်သည် ညနေစောင်းတွင် တိုင်းပြည်ရေးရာ စီမံရေးရုံးတော်မှ ထွက်လာပြီး အနောက်ဆောင်သို့ တန်းတက်လာခြင်း ဖြစ်သည်။
“လာတုန်းက အောက်မှာ ညစာပြင်နေတာ တွေ့လို့၊ ထမင်းစားချိန်လည်း ရောက်ပြီဆိုတော့ တစ်ခါတည်း ယူလာခဲ့လိုက်တာ”
မေဝမ့်ရှူးက ထမင်းချိုင့်ကို လှမ်းယူပြီး စားပွဲရှည်ပေါ် တင်လိုက်သည်။ မနေနိုင်ဘဲ ခေါင်းငဲ့ကာ တိုးတိုးလေး ရယ်မောလိုက်မိသည်။
“ဒီအပေါ်တက်လာမှတော့ အဝတ်အစားလေး ဘာလေးလဲ လဲပါဦးလား။ နဂါးပုံ၊ လမင်းပုံ၊ နေမင်းပုံတွေ ရွှေချည်ထိုးထားတဲ့ ဒီလောက် ခန့်ညားထည်ဝါတဲ့ ဝတ်ရုံကြီး ဝတ်ထားပြီးတော့၊ လက်ထဲမှာ ထမင်းချိုင့် ဆွဲလာတယ်လို့။ ဒီလို ဧကရာဇ်မျိုး တစ်ခါမှ မမြင်ဖူးပါဘူး”
လော့ရှင်းယွမ်ကတော့ ဂရုမစိုက်ပေ။ တည်ငြိမ်စွာဖြင့် အခန်းထဲ ဝင်လာပြီး၊
“အရင်တုန်းက အဆင့် (၂) အမတ်ဝတ်ရုံကြီး ဝတ်ပြီး အင်္ကျီလက်ကြားထဲက ယုန်တစ်ကောင် နှိုက်ထုတ်ပြီး လာဆက်သတုန်းကတောင် ကျန်း မင်းကို မရယ်ခဲ့ပါဘူး”
နှစ်ဦးသား စားပွဲရှည်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ မေဝမ့်ရှူးက ချိုင့်ထဲမှ ဟင်းပွဲ ၈ မျိုးနှင့် အရက်တစ်အိုးကို ထုတ်ယူကာ စားပွဲပေါ် ခင်းကျင်းလိုက်သည်။ ထို့နောက် စတင် သုံးဆောင်ကြသည်။
စားသောက်ပြီးချိန်တွင် မီးထွန်းချိန် ရောက်လာသည်။ တာဝန်ကျ နန်းတွင်းသူများ ခေါင်းလောင်းတီး ခွင့်တောင်းပြီး အနောက်ဆောင်ရှိ မီးအိမ်များကို လာရောက် ထွန်းညှိပေးကြသည်။ စားပွဲကို ရှင်းလင်းပေးပြီး သောက်လက်စ အရက်အိုးကိုသာ ချန်ထားရစ်သည်။
လမင်းကြီး ထွက်ပေါ်လာချိန်တွင် နှစ်ဦးသား လကို ကြည့်ရင်း အရက်သောက်နေကြသည်။
“မနေ့ကတည်းက ခုထိ တစ်ရေးမှ မအိပ်ရသေးဘူး။ ဧကရာဇ် ခံနိုင်ရည် ရှိရဲ့လား” ခွက်အနည်းငယ် သောက်ပြီးနောက် လော့ရှင်းယွမ်က လန်းဆန်းနေဆဲ၊ ပင်ပန်းပုံမရသည်ကို တွေ့ရသဖြင့် မေဝမ့်ရှူးက အံ့သြစွာ မေးလိုက်သည်။
လော့ရှင်းယွမ်က ပခုံးတွန့်ရင်း ခွက်ကို မော့လိုက်သည်။ “တစ်ရက်လောက် မအိပ်ရတာ ကိစ္စမရှိပါဘူး။ ချီကျန့်ဟန်က ယာယီနန်းတော်ဘက်ကို ညတွင်းချင်း သွားနေပြီ။ အရာရာ အဆင်ပြေရင် ဒီည သန်းခေါင်ကျော်လောက် သတင်းရလောက်တယ်”
135 05
“သူ့ဘက်က သတင်းပို့လာတာက ဧကရာဇ် ဒီမှာ တစ်ရေးတစ်မော အိပ်တာနဲ့ ဘာမှမဆိုင်ပါဘူး” မေဝမ့်ရှူးက အနားယူရန် တိုက်တွန်းလိုက်သည်။
လော့ရှင်းယွမ်က နောက်ထပ် ခွက်အနည်းငယ် သောက်ပြီးနောက် ရွှေဇလုံထဲတွင် လက်ဆေးကာ ပြတင်းပေါက်နားရှိ ကုတင်ငယ်ပေါ်တွင် သွားလှဲလိုက်သည်။
“တက်လာတုန်းက တွေးလာတာ... မင်း ဘယ်အဝတ်အစား ဝတ်ထားမလဲလို့”
“ရာသီဥတု ပူတော့ အပြာရင့်ရောင် ဝတ်ရုံပါးလေး ဝတ်မလား၊ ဒါမှမဟုတ် အပြာနုရောင် ဝတ်ရုံရှည်ပဲ ဝတ်ထားမလားလို့ ခန့်မှန်းကြည့်နေတာ”
သူ့လေသံတွင် နောင်တရသည့်အသံ စွန်းနေသည်။ “ဘာပဲဖြစ်ဖြစ် အဲဒီ လှပသေသပ်တဲ့ ရေခဲပိုးသား စကတ်ကိုတော့ ဝတ်မှာ မဟုတ်ဘူးလို့ တွေးမိသား”
မေဝမ့်ရှူးသည် ရေနွေးတစ်ခွက်ကို ကိုင်ရင်း ပြတင်းပေါက် တစ်ဖက်ခြမ်းတွင် ထိုင်နေသည်။ မိမိကိုယ်ပေါ်ရှိ အပြာနုရောင် ဝတ်ရုံရှည်ကို ငုံ့ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“ဧကရာဇ် အိပ်လိုက်ပါတော့။ ဟိုဟိုဒီဒီ လျှောက်တွေးနေတာထက် စာရင် ပိုကောင်းပါတယ်”
လော့ရှင်းယွမ်သည် တစ်ရက်နှင့် တစ်ညလုံး မအိပ်ရသေးပေ။ နိုးနေချိန်တွင် ပင်ပန်းပုံမပြသော်လည်း လှဲလိုက်သည်နှင့် ခဏအတွင်း အိပ်ပျော်သွားတော့သည်။
အနောက်ဆောင်တွင် ပုံမှန် အသက်ရှူသံများ ထွက်ပေါ်လာသည်။
သူက ပက်လက် အိပ်ပျော်နေသည်။ အိပ်ပျော်နေပုံမှာ နှစ်ခြိုက်လှသည်။ ပြတင်းပေါက်မှ လရောင် ဖြာကျနေသော မျက်နှာသည် တည်ငြိမ်အေးချမ်းနေပြီး ထက်မြက်သော မျက်ခုံးနှင့် မျက်လုံးများမှာ လုံးဝ လျော့ရဲကာ အနားယူနေသည့် ပုံစံပေါက်နေသည်။
မေဝမ့်ရှူးသည် ခြေလှမ်းအနည်းငယ် ဝေးသော စားပွဲရှည် တစ်ဖက်မှနေ၍ တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။
ဒီမြင်ကွင်းက ရင်းနှီးနေသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူမဟာ အနောက်ဆောင်ရဲ့ ဒီစားပွဲရှည်မှာပဲ ထိုင်ပြီး ထိတ်လန့်ကြောက်ရွံ့နေတဲ့ ကောင်လေးတစ်ယောက် အိပ်ပျော်သွားအောင် စောင့်ရှောက် ပေးခဲ့ဖူးတယ်။
သူမ အမှတ်ရမိတာကတော့ အန္တရာယ်အများဆုံး အချိန်တစ်ခုပါပဲ။ ဧကရာဇ်လောင်းလျာ ကောင်လေးရဲ့ ဒေါသစိတ်တွေ ဖောက်ပြန်ပြီး အဓိကရုဏ်းတစ်ခုမှာ မယ်တော်ကြီးကို ကိုက်ခဲ့လို့ အနောက်ဆောင်မှာ တစ်ယောက်တည်း အကျယ်ချုပ် ကျခံခဲ့ရတုန်းကပေါ့။
မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ ရေမသောက်၊ ထမင်းမစား၊ အဖော်မရှိဘဲ နေခဲ့ရတယ်။
အဲဒီညမှာ ချီကျန့်ဟန်က အစောင့်တွေကို နည်းလမ်းရှာပြီး ဖယ်ရှားပေးခဲ့လို့ သူမ ထမင်းချိုင့်ဆွဲပြီး အနောက်ဆောင်ပေါ် တက်လာနိုင်ခဲ့သည်။
ရောက်ရောက်ချင်း မြင်လိုက်ရတာကတော့ (၁၄) နှစ်အရွယ် ကောင်လေးတစ်ယောက် အပြင်ဘက် လေသာဆောင် လက်ရန်းပေါ်မှာ တက်ထိုင်နေတာ။ ခြေထောက်နှစ်ချောင်းကို တွဲလောင်းချပြီး ကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်နေခဲ့တယ်။
နောက်ပိုင်း ကြီးပြင်းလာပြီး အဲဒီညအကြောင်း ပြန်ပြောဖြစ်ကြရင် ဧကရာဇ်က ရယ်မောပြီး ပြောလေ့ရှိတယ်။ လက်ရန်းက လူကြီးလက်ဝါး နှစ်ဖက်စာလောက် ကျယ်ပါတယ်။ ကိုယ်တိုင် ခုန်မချချင်သရွေ့တော့ ပြုတ်မကျနိုင်ပါဘူးတဲ့။
ဒါပေမယ့် သူမ ကောင်းကောင်း မှတ်မိနေတာကတော့ အဲဒီညက လရောင်အောက်မှာ ကောင်လေးရဲ့ မျက်ဝန်းတွေ မှေးမှိန်နေခဲ့တယ်။ မျက်လုံးထဲမှာ လောကကြီးကို စိတ်ကုန်နွမ်းနယ်နေတဲ့ အရိပ်အယောင်တွေ အပြည့်ပါပဲ။
အဲဒီညတုန်းက သူမ ဘာပြောပြီး သူ့ကို စည်းရုံးနိုင်ခဲ့တာပါလိမ့်။ လက်ရန်းပေါ်ကနေ ဆင်းလာအောင် ဘယ်လို ပြောခဲ့တာလဲ။
ဪ... ဟုတ်ပြီ။
အဲဒီညက သူမ ထမင်းချိုင့် ယူလာခဲ့တယ်။
ထမင်းချိုင့်ထဲမှာ ဟင်းပွဲတွေအပြင် အရက်ပူပူ တစ်အိုးလည်း ပါတယ်။
အဲဒီတုန်းက ဆောင်းဦးရာသီမို့ ညဘက် လေတိုက်ရင် အေးတယ်။ သူမက အအေးဒဏ် မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် နွေးအောင် သောက်ဖို့ ယူလာခဲ့တာ။
လက်ရန်းပေါ်က ဧကရာဇ်လောင်းလျာ ကောင်လေးရဲ့ တိတ်ဆိတ်စွာ စိုက်ကြည့်နေမှုအောက်မှာ သူမ ချိုင့်ကို ဖွင့်ပြီး အရက်အိုးကို ထုတ်လိုက်တယ်။
135 06
“လာ... ရှင်းယွမ်... လာပြီး အရက်သောက်”
“တချို့ကိစ္စတွေက ကလေးတွေ လုပ်လို့ မရဘူး။ လူကြီးတွေပဲ လုပ်လို့ ရတယ်။ မယ်တော်ကြီးက နန်းတော်ထဲမှာ အရမ်း စည်းကမ်းကြီးတော့ ရှင်းယွမ်ကို အရက်ပေးမသောက်ဘူး မဟုတ်လား”
“ဒီည အနောက်ဆောင်မှာ ဘယ်သူမှ မရှိဘူး။ လာပြီး တစ်ခွက်လောက် သောက်ကြည့်လိုက်။ ဒါဆိုရင် မင်းလည်း လူကြီး ဖြစ်သွားပြီ”
မေဝမ့်ရှူး၏ အတွေးအာရုံများသည် အတိတ်ဟောင်းများဆီမှ ပြန်လည်ရောက်ရှိလာသည်။ ရင်းနှီးကျွမ်းဝင်နေသော အနောက်ဆောင်ထဲတွင် တဖက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အရွယ်ရောက်ပြီး ဧကရာဇ်ကို ကြည့်ရင်း အသံမထွက်ဘဲ ပြုံးလိုက်မိသည်။
လက်ထဲမှ ရေနွေးခွက်ကို ချ၊ စားပွဲပေါ်မှ ရွှေကရားကို မပြီး ကိုယ့်ဘာသာ တစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။
ပွင့်နေသော ပြတင်းပေါက် အပြင်ဘက်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ပေါ်တွင် တူညီသော လမင်းကြီး ရှိနေဆဲ။ သို့သော် မြေပြင်ပေါ်မှ လူနှင့် အကြောင်းအရာများကား အချိန်ကာလ ရွေ့လျားမှုနှင့်အတူ ပြောင်းလဲသွားခဲ့ပြီ။ လွန်ခဲ့သော နှစ်များစွာကနှင့် မတူတော့ပေ။
အချိန်က ညဥ့်နက်နေပြီ။ သူမ ရိုးရိုးရှင်းရှင်း ကိုယ်လက်သန့်စင်ပြီး အဝတ်အစား လဲလှယ်ကာ ကုတင်ပေါ်တွင် မှောက်လျက် တစ်ရေးအိပ်လိုက်သည်။
အောက်ဘက် စင်္ကြံလမ်းမှ ခေါင်းလောင်းသံများသည် သန်းခေါင်ကျော် အချိန်၌ ဆက်တိုက်ဆိုသလို ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာပြီး အနောက်ဆောင်၏ ညအမှောင်ထုကို ဖြိုခွင်းလိုက်သည်။
ချီကျန့်ဟန်သည် မိုင်ပေါင်းရာချီ ခရီးနှင်ပြီးနောက် သန်းခေါင်ယံတွင် အရေးပေါ် သတင်းပို့လာခြင်း ဖြစ်သည်။
“အမိန့်တော်အတိုင်း တာဝန်ကျေပွန်ခဲ့ပါပြီ။ ယာယီနန်းတော် အကြံပေး ရှန်းကျန်းကို ဖမ်းဆီးရမိပြီး မြို့တော်သို့ ခေါ်ဆောင်လာနေပါပြီ။ ထွက်ဆိုချက်များကို မှတ်တမ်းတင်ပြီး ဧကရာဇ်ထံ ဆက်သပါတယ်”
*** *** ***