အခန်း (၁၃၆)
Vol. 14 Ch. 136
136 01
အခန်း 136
သန်းခေါင်ယံ အချိန်တွင် ကျစ်ချန်နန်းဆောင်သို့ ဝင်ရောက်ရန် အမတ်ကြီးများကို အရေးပေါ် ဆင့်ခေါ်ထားသည်။
မီးရောင်များ ထိန်လင်းနေသည်။
ယာယီနန်းတော်မှ ဖမ်းမိလာသော အကြံပေးရှန်၏ ထွက်ဆိုချက်များကို အားလုံး၏ ရှေ့မှောက်တွင် ချပြထားသည်။
မြို့တော်အတွင်းရှိ ယာယီနန်းတော်ဘက်နှင့် ပူးပေါင်းကြံစည်နေသော အထက်တန်းလွှာ ဆိုသူမှာ အားလုံး ခန့်မှန်းထားသည့်အတိုင်း ဆွေမျိုးတော်ထဲမှ ဖြစ်နေသည်။ လက်ရှိ ဧကရာဇ်၏ ဦးရီးတော် အငယ်စား ဖြစ်သူ၊ နယ်စားမင်းသားတိုက်ပင် ဖြစ်လေသည်။
ယာယီနန်းတော်ရှိ လူများကို တင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ထားသဖြင့် မြို့တော်အတွင်း လှုပ်ရှားရန် အင်အားမရှိတော့ရာ မင်းသားတိုက်က မိမိ၏ နန်းတော်မှ မွေးမြူထားသော အိမ်တော်ထိန်းတပ်သား ရာကျော်ကို လျှို့ဝှက်စွာ ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။
မင်းသုံးဆက်တိုင် အမှုထမ်းခဲ့သော ဝါရင့်အမတ်ကြီးများ ဖြစ်ကြသည့် ယဲ့အမတ်ကြီးနှင့် ချန်အမတ်ကြီးတို့သည် ညချင်းပေါက် ရောက်ရှိလာသော ထွက်ဆိုချက်များကို ကြည့်ရင်း ခေါင်းခါသက်ပြင်းချနေကြသည်။
“စစ်ရှီ... မင်းပဲ ပင်ပန်းခံပြီး မင်းသားတိုက်ရဲ့ နန်းတော်ကို ဒီည ချက်ချင်း သွားလိုက်ပါဦး”
လော့ရှင်းယွမ်သည် လင်စစ်ရှီကို တာဝန်ပေးလိုက်သည်။ စစ်သည်အင်အား အသုံးပြုပြီး မင်းသားတိုက်၏ နန်းတော်ကို ညချင်းပေါက် ဝင်ရောက်စီးနင်းရန်နှင့် သက်သေ အထောက်အထားများ ရှာဖွေရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
လင်စစ်ရှီသည် အမိန့်ကို နာခံပြီး ချက်ချင်း ထရပ်လိုက်သည်။
နန်းဆောင်အပြင်သို့ ခြေလှမ်းအနည်းငယ် လှမ်းအပြီးတွင် တစ်စုံတစ်ခု လိုနေသည်ဟု ခံစားရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
မီးရောင်ထိန်လင်းနေသော ကျစ်ချန်နန်းဆောင်အတွင်း ခန့်ညားစွာ ထိုင်နေကြသော အမတ်ကြီးများအကြားတွင် မေပညာရှိအမတ် မေဝမ့်ရှူးကို မတွေ့ရပေ။
သူ အံ့သြစွာဖြင့် ခြေလှမ်းတန့်သွားသည်။ မနက်ကတည်းက နန်းတော်ထဲက ပြန်မထွက်ရသေးဘူးလို့ ကြားထားတာ၊ အခုချိန်ထိ နန်းတော်ထဲမှာ ရှိနေသင့်တာ မဟုတ်လား။
ဒီညလို အရေးကြီးတဲ့ ကိစ္စမျိုးမှာ မေရွှယ်ချင့် ဘာလို့ မရှိရတာလဲ။
သူ့စိတ်ထဲတွင် မကျေမနပ် ရေရွတ်လိုက်သော်လည်း တာဝန်က အရေးကြီးသဖြင့် အချိန်မဆွဲတော့ဘဲ စစ်သည်များ စုဆောင်းကာ မင်းသားတိုက် နန်းတော်ကို ဝိုင်းရံရန် အမြန်ထွက်ခွာသွားလေသည်။
————
လင်စစ်ရှီ စိတ်ထဲတွင် ကျိတ်ပြီး မကျေမနပ် ဖြစ်နေရသူမှာ ယခုည၌ အနောက်ဆောင်တွင် ရှိနေသည်။
သန်းခေါင်ယံတွင် ကြေးခေါင်းလောင်းသံကြောင့် လန့်နိုးလာသောအခါ မေဝမ့်ရှူးသည် အလိုအလျောက် ထထိုင်လိုက်မိသည်။ အိပ်မှုန်စုန်မွှား ဖြစ်နေစဉ်မှာပင် လော့ရှင်းယွမ်၏ အသံက သူမနားနားတွင် ကပ်၍ နှစ်သိမ့်လာသည်။
“အခြေအနေတွေ အားလုံး အေးဆေးပါပဲ။ မင်း ဆက်အိပ်လိုက်နော်၊ ငါပဲ သွားရှင်းလိုက်မယ်”
သူက မီးကိုပင် မထွန်းတော့ဘဲ လရောင်အောက်တွင် တံခါးဖွင့်ပြီး ထွက်သွားလေသည်။
အိပ်ရာမဝင်ခင်က သောက်ထားသော အရက်အရှိန်ကြောင့် အိပ်ချင်စိတ် ပြန်လည်ဝင်ရောက်လာပြီး သူမ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားသည်။
136 02
နောက်တစ်နေ့ မနက် မိုးလင်း၍ သူမ ပြန်နိုးလာသောအခါ ပိုးသားလိုက်ကာပါးလေး နောက်ကွယ်တွင် ပုံမှန်ဝတ်စုံ လဲလှယ် ဝတ်ဆင်ထားပြီး ဖြစ်သော အရှင်ဧကရာဇ် မနက်စာ စားနေသည်ကို တွေ့လိုက်ရသည်။
လော့ရှင်းယွမ်သည် ဒီနေ့တွင် သေသပ်လှပသော ပင်လယ်ပြာရောင် လက်ကျဉ်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးပတ်ပြားကြီးဖြင့် ခါးကို စည်းနှောင်ထားသဖြင့် သွယ်လျကျစ်လစ်သော ခါးပုံစံ ပေါ်လွင်နေသည်။ စားပွဲရှည်တွင် ထိုင်ရင်း ငွေဇွန်းဖြင့် ဆန်ပြုတ်ပန်းကန်ကို မွှေနေသော်လည်း မျက်လုံးများက ဘယ်ဘက်လက်ရှိ စာတစ်စောင်ကို ကြည့်ကာ နှုတ်ခမ်းစွန်းတွင် သဘောကျသော အပြုံးတစ်ခု တွဲခိုနေသည်။
ထိုစာရွက်ကပဲ ထမင်းမြိန်စေသည့်အလား စားပွဲပေါ်ရှိ သေသပ်လှပသော ဟင်းပွဲများကိုပင် မထိဘဲ ပေါက်စီ ၄ လုံးနှင့် ဆန်ပြုတ် တစ်ပန်းကန်လုံးကို ကုန်စင်အောင် စားသောက်လိုက်သည်။
ကုတင်ဘက်မှ အသံကြားသဖြင့် လော့ရှင်းယွမ် စာရွက်ကို ချကာ လှမ်းကြည့်လိုက်သည်။
“ရွှယ်ချင့် နိုးပြီလား။ ညက အိပ်လို့ ကောင်းရဲ့လား”
မေဝမ့်ရှူးသည် ဖွာလန်ကြဲနေသော ဆံပင်များကို သိမ်းရင်း ထလာသည်။
“အနောက်ဆောင်က ညဘက် လေတိုက်တော့ အေးအေးဆေးဆေး အိပ်လို့ကောင်းပါတယ်”
ညက အိပ်မက်ထဲတွင် ကြားလိုက်ရသော ခေါင်းလောင်းသံကို သတိရပြီး မေးလိုက်သည်။
“ညက ဘာဖြစ်သွားသေးလဲဟင်”
လော့ရှင်းယွမ်က သဘောကျစွာ ပြုံးရင်း စားပွဲပေါ်မှ စာရွက်ကို သူမဘက်သို့ တွန်းပေးလိုက်သည်။
“ရော့... ကြည့်ကြည့်လိုက်။ ဒါ မနေ့ညက လင်စစ်ရှီ တစ်ညလုံး မအိပ်မနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ်ပဲ”
မေဝမ့်ရှူး စာရွက်ကို လှမ်းယူလိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ အနီရောင်ဖြင့် လေးလေးနက်နက် ဝိုင်းပြထားသော စာကြောင်းတစ်ကြောင်း ဖြစ်သည်။
ထိုစာကြောင်းမှာ ထင်ရှားစွာ ရေးသားထားသည်မှာ…
“ကိစ္စကြီး အောင်မြင်ပြီးသွားရင် တိုင်းပြည်ကို တစ်ဝက်ခွဲယူကြတာပေါ့”
မေဝမ့်ရှူး လန့်သွားသည်။ စာကို သေချာ နှစ်ခေါက်သုံးခေါက် ပြန်ဖတ်ကြည့်လိုက်သည်။
“ဒါ ဘယ်က ရှာတွေ့တာလဲ”
“မင်းသားတိုက်ရဲ့ စာကြည့်ခန်းထဲကနေ ညတွင်းချင်း ရှာတွေ့ခဲ့တာ”
“ကျန်းရဲ့ အစ်ကိုတော်ရဲ့ (အိမ်ရှေ့စံဟောင်း) လက်ရေးမူရင်းပဲ။ စာထဲမှာ ဖတ်ပြီးရင် မီးရှို့ပစ်ဖို့ ခဏခဏ မှာထားရဲ့သားနဲ့။ မင်းသားတိုက်က ကိစ္စအောင်မြင်ရင် ကတိအတိုင်း တောင်းဆိုလို့ရအောင် သက်သေအနေနဲ့ သိမ်းထားလိုက်ပုံရတယ်”
လော့ရှင်းယွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကျန်းရဲ့ ဦးရီးတော် မင်းသားတိုက်ကလည်း တကယ့်လူပါပဲ။ ငြိမ်နေတုန်းကတော့ ဘာမှမဟုတ်သလိုနဲ့၊ ထလှုပ်ရှားလိုက်တော့လည်း တစ်လောကလုံး အံ့သြသွားအောင် လုပ်ပြနိုင်ပါပေတယ်။ ကျန်းဆီ အရောက်ပို့လာတဲ့ လက်ဆောင်ကြီးဆိုတော့လည်း ကျန်းက ဝမ်းသာအားရ လက်ခံလိုက်ရုံပေါ့”
————
အေးချမ်းနေခဲ့သော မြို့တော်၏ မေလသည် လကုန်ရက်များသို့ ရောက်သောအခါ ရုတ်တရက် လှိုင်းလုံးကြီးများ ထန်လာခဲ့သည်။
ယာယီနန်းတော်တွင် နှစ်ပေါင်းများစွာ အေးဆေးနေထိုင်ခဲ့သော အိမ်ရှေ့စံဟောင်းသည် ဘွဲ့ထူးဂုဏ်ထူးများ ရုပ်သိမ်းခံရပြီး သာမန်အရပ်သားအဖြစ် တန်းလျှော့ခံလိုက်ရရုံသာမက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်သွင်း အကျဉ်းချ ခံလိုက်ရသည်။
မြို့တော်ရှိ မင်းသားတိုက်၏ နန်းတော်လည်း အသိမ်းခံလိုက်ရပြီး မင်းသားတိုက်သည်လည်း ပုန်ကန်မှု ပူးပေါင်းကြံစည်သူအဖြစ် ထောင်နန်းစံလိုက်ရသည်။
ဒုက္ခသည် ညီနောင်နှစ်ဦးသည် အထက်လူကြီး၏ အထူးဂရုစိုက်မှုကြောင့် ထောင်ထဲတွင် မျက်နှာချင်းဆိုင် အခန်းများ၌ အတူတူ ထားရှိခံရသည်။
နှစ်ဦးစလုံးမှာ တစ်သက်လုံး စည်းစိမ်ယစ်ပြီး နေလာသူများ ဖြစ်ကြသည်။ စစ်ဆေးမေးမြန်းခြင်း မစတင်မီ မှောင်မိုက်သော ထောင်ခန်းထဲတွင် ရက်အနည်းငယ် နေလိုက်ရပြီး မှိုတက်နေသော ထောင်ထမင်းကို စားလိုက်ရရုံဖြင့် တစ်ဦးနှင့်တစ်ဦး အငြိုးအတေးများ ဖြစ်လာကြသည်။
136 03
မင်းသားတိုက်က အိမ်ရှေ့စံဟောင်းကို အပြစ်တင်သည်။ “ယာယီနန်းတော်မှာ အေးအေးဆေးဆေး မနေဘဲ ဘာကိစ္စ ငါ့ကို လာမြှောက်ပေးရတာလဲ၊ အခုတော့ ဒုက္ခရောက်ပြီ”
အိမ်ရှေ့စံဟောင်းကလည်း မင်းသားတိုက်ကို ပြန်လည် အပြစ်တင်သည်။ “လက်စလက်န မသပ်ရပ်ဘဲ ပေးစာပြန်စာတွေကို သိမ်းထားရသလား၊ အခုတော့ ဒုက္ခရောက်ပြီ”
တွေးလေ ဒေါသထွက်လေ ဖြစ်ပြီး တစ်ဖက်လူကြောင့် ကိုယ်ပါ ဒုက္ခရောက်ရသည်ဟု အော်ဟစ်ဆဲဆိုကြတော့သည်။
သီးခြားစီ ခွဲထုတ်စစ်ဆေးသောအခါ တစ်ဖက်လူရဲ့ အပြစ်ကို အရင်ဖော်ထုတ်ပေးရင် ကိုယ့်အပြစ်ကို လျှော့ပေါ့ပေးမယ်၊ သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးမယ် ဟု အရိပ်အမြွက် ပြောလိုက်ရုံဖြင့် နှစ်ဖက်စလုံးက အလုအယက် ထွက်ဆိုကြတော့သည်။
လော့ရှင်းယွမ်သည် ထွက်ဆိုချက် နှစ်စောင်စလုံးကို ရရှိသောအခါ စားပွဲပေါ်တင်ပြီး နှိုင်းယှဉ်ကြည့်ကာ ဝမ်းနည်းသလို ခေါင်းခါလိုက်သည်။
“ရည်မှန်းချက်တွေကတော့ ကြီးမားလိုက်ကြတာ။ နိုင်ငံတော်ကို ပုန်ကန်ပြီး တိုင်းပြည်ကို တစ်ဝက်ခွဲယူကြမယ် ဆိုတဲ့ လူတွေက ဒီလိုအဆင့်လောက်ပဲ ရှိတာလား”
သူက ရှိနေသော အမတ်များကို ပြသပြီး သက်ပြင်းချလိုက်သည်။
“ကျန်းနဲ့ အမတ်မင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးပစ်တာပါပဲ”
ဒီလူနှစ်ယောက်နဲ့ ယှဉ်လိုက်ရင် ထောင်ထဲမှာ အတူတူ ဖမ်းချုပ်ခံထားရတဲ့ ဟယ်မင်းသားရဲ့ ပိုးသားစာလိပ် ဝှက်ထားတဲ့ အပြစ်လောက်ကတော့ ဘာမှမဟုတ်တော့ပေ။
မေလ (၂၀) ရက်နေ့ကလည်း နန်ဟယ်မင်းသမီးလေးရဲ့ မင်္ဂလာဆောင်ရက် ဖြစ်နေသည်။
မင်္ဂလာအခါတော် ရက်ကောင်းရက်မြတ် ဖြစ်သည်။
ဒီမင်္ဂလာကိစ္စကို အကြောင်းပြုပြီး လော့ရှင်းယွမ်က ဟယ်မင်းသားကို ထောင်ကနေ လွှတ်ပေးလိုက်သည်။ ကိုယ်ရံတော်အချို့ အရပ်ဝတ်ဖြင့် ဘေးက စောင့်ကြပ်ပြီး သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို တက်ရောက်ခွင့် ပေးလိုက်သည်။
ဟယ်မင်းသားမှာ နေရောင်ပြန်မြင်ရပြီး သမီးကို ကိုယ်တိုင် လက်ထပ်ပေးခွင့် ရသဖြင့် ဝမ်းသာလွန်းလို့ မျက်ရည်ကျရရှာသည်။
နန်ဟယ်မင်းသမီး ထွက်ခွာမည့်နေ့တွင် အရှင်ဧကရာဇ်၏ ခွင့်ပြုချက်ဖြင့် နန်းတော်ထဲမှနေ၍ ခမ်းနားစွာ ထွက်ခွာခွင့် ရရှိခဲ့သည်။
မင်္ဂလာဧည့်ခံပွဲကို နန်းတွင်းဥယျာဉ်တော်ထဲတွင် ကျင်းပသည်။ အရှင်ဧကရာဇ် ကိုယ်တိုင် ချီးမြှင့်သော လက်ထပ်ပွဲ ဖြစ်သဖြင့် မြို့တော်ရှိ အဆင့် (၃) နှင့်အထက် အရာရှိကြီးများ အားလုံး မိသားစုလိုက် တက်ရောက်ကြရာ အလွန်စည်ကားလှသည်။
မေဝမ့်ရှူးကတော့ မသွားချင်ပေ။
သို့သော် ဆရာဖြစ်သူ ယဲ့ချန်းကော်က သူမ ရှောင်နေမှာ စိုးသဖြင့် အနောက်ဆောင်သို့ နှစ်ရက်အတွင်း စာနှစ်စောင် ဆက်တိုက်ပို့ပြီး တပည့်ကျော်ကို မင်္ဂလာပွဲ မဖြစ်မနေ တက်ရောက်ရန် မှာကြားလေသည်။
စာထဲတွင် စိတ်အားထက်သန်စွာ မှာကြားထားသည်မှာ…
“မင်းညီမက ယွီမိသားစုနဲ့ စေ့စပ်ကြောင်းလမ်း ပျက်သွားပြီ ဆိုပေမယ့် မင်းက မြို့တော်ရဲ့ အရေးပါတဲ့ အမတ်ကြီးတစ်ပါး ဖြစ်တယ်။ တမင်တကာ ရှောင်တိမ်းနေစရာ မလိုပါဘူး။
ဝမ့်ရှူး... မင်္ဂလာပွဲကို ဝမ်းမြောက်ဝမ်းသာ တက်ရောက်လိုက်ပါ။ ဒါမှသာ လူကြီးလူကောင်း ပီသပြီး သဘောထားကြီးကြောင်း ပြသရာ ရောက်ပါလိမ့်မယ်”
မေဝမ့်ရှူးသည် ဆရာ့စာကို ဖတ်ပြီး ရယ်ရခက် ငိုရခက် ဖြစ်နေစဉ် ဘေးမှနေ၍ စာရွက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲယူလိုက်သည်။
လော့ရှင်းယွမ်က အေးအေးဆေးဆေးပင်၊ “ရွှယ်ချင့်ကို မျက်မှောင်ကြုတ်သွားစေတဲ့ ကိစ္စက ဘာများလဲ၊ ကိုယ်တော် ကြည့်ပါရစေဦး”
စကားမဆုံးခင် စာထဲမှ ဝမ်းမြောက်ဝမ်းသာ တက်ရောက်လိုက်ပါ၊ လူကြီးလူကောင်း ပီသပြီး သဘောထားကြီးကြောင်း ဆိုသည့် စာသားများကို မြင်လိုက်ရသောအခါ သူ ကျောခိုင်းသွားပြီး ပခုံးများ တုန်ခါသည်အထိ အောင့်အီး ရယ်မောလေတော့သည်။
“မင်းအတွက်တော့ တကယ် ခက်ခဲမှာပဲ” ရယ်ပြီးသွားမှ ပြန်လှည့်လာပြီး ပြောသည်။ “တကယ် မသွားချင်ရင်လည်း အတင်းကြီး မသွားပါနဲ့။ ယဲ့အမတ်ကြီးကို ကျန်းပဲ မင်းအစား လိုက်ပြောပေးပါမယ်”
136 04
မေဝမ့်ရှူး ခေါင်းခါလိုက်သည်။ “ဆရာက တကယ့် လူကြီးလူကောင်း စစ်စစ်ပါ။ သူပြောတာတွေက အမှားတော့ မပါပါဘူး။ ထားလိုက်ပါတော့... ဟန်ပြ သွားလိုက်ပါ့မယ်။ ယွီမိသားစုနဲ့ မျက်နှာချင်း မဆိုင်မိရင် ပြီးတာပါပဲ”
လော့ရှင်းယွမ်က သဘောတူသည်။ “ဒါလည်း ကောင်းတာပါပဲ”
မေလ (၂၀) ရက်နေ့တွင် လက်ထပ်ပွဲ ချီးမြှင့်ပေးသူ အနေဖြင့် လော့ရှင်းယွမ် ကိုယ်တိုင် တက်ရောက်ပြီး သတို့သား၊ သတို့သမီးတို့၏ ကန်တော့ခံကို လက်ခံရမည် ဖြစ်သည်။
မသွားမီ မေဝမ့်ရှူးကို ဒီနေ့ ဥယျာဉ်တော်သို့ လာရောက်ကြည့်ရှုမည် ဟုတ်မဟုတ် သေချာအောင် မေးမြန်းပြီးမှ ထွက်ခွာသွားသည်။
မေဝမ့်ရှူးက မိန်းမစိုးလေးအချို့ကို ဥယျာဉ်တော်ဘက်သို့ အခြေအနေ သွားကြည့်ခိုင်းသည်။ ဧည့်သည်များ များပြားလာပြီး ဥယျာဉ်တော်ထဲတွင် လူတိုးမပေါက်အောင် စည်ကားနေပြီဟု ကြားသိရမှ အနောက်ဆောင်မှ ထွက်လာခဲ့သည်။
လူတွေရှေ့တွင် ကိုယ်ပြ၊ စကားအနည်းငယ် ပြော၊ ဆရာဖြစ်သူ ယဲ့ချန်းကော် မြင်အောင် သူ့ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ပြလိုက်သည်။ ဒီနေ့ လုပ်ဆောင်ရမည့် တာဝန်ကျေပြီ ဖြစ်၍ မူလအစီအစဉ်အတိုင်း ဥယျာဉ်တော်၏ လူရှင်းသော ထောင့်တစ်နေရာသို့ ရှောင်ထွက်လာခဲ့သည်။
နန်းတော်ထဲတွင် ဆယ်နှစ်ကျော် နေလာခဲ့သူမို့ ဥယျာဉ်တော် မြေပုံကို မျက်စိမှိတ်ပြီး လမ်းလျှောက်လို့ရသည်အထိ ကျွမ်းကျင်သည်။
ရေကန်နံဘေး ကျောက်တောင်တု၏ အထက်တွင် ရှစ်မြှောင့်ပုံ ဇရပ်တစ်ဆောင် ရှိသည်။
ထိုဇရပ်သည် နွေရာသီတွင် သစ်ပင်သစ်ရွက်များဖြင့် ဖုံးကွယ်နေသဖြင့် မော့ကြည့်မှသာ မြင်ရနိုင်သည်။ မြေပုံ မကျွမ်းကျင်သူများဆိုလျှင် လွယ်လွယ် ရှာတွေ့နိုင်မည် မဟုတ်ပေ။
လော့ရှင်းယွမ် ငယ်ငယ်တုန်းက နွေရာသီဆိုရင် အဲဒီဇရပ်ပေါ် တက်ပြီး စာဖတ်လေ့ရှိတယ်။ အောက်က လူတွေ ဘယ်လောက် အော်ခေါ်ခေါ် လုံးဝ ပြန်မထူးတတ်ဘူး။
လူတွေ ရှာမတွေ့တော့ဘူးဆိုရင် သူမ ကိုယ်တိုင် ဥယျာဉ်တော်ထဲ လိုက်ရှာရတယ်။ ကျောက်တောင်တု အောက်ကနေ မော့ကြည့်လိုက်ရင် (၁၀) ခါမှာ (၈) ခါလောက်က သစ်ရွက်တွေ ကြားထဲက မျက်လုံးနက်နက်လေး တစ်စုံနဲ့ တိုးရစမြဲ။
ခဏခဏ လာဖန်များတော့ ကျောက်တောင်တုပေါ် တက်တဲ့ လမ်းကြောင်းကိုလည်း ကျွမ်းကျင်နေပြီ။
သူမ အမတ်ဝတ်ရုံ အောက်နားစကို မပြီး ကျောက်တောင်တု နောက်ဘက်ရှိ ရေညှိတက်နေသော ကျောက်ပြားများပေါ် နင်းကာ တက်လိုက်သည်။ ခဏအကြာတွင် အနည်းငယ် မောဟိုက်စွာဖြင့် ဇရပ်ပေါ် ရောက်ရှိသွားသည်။
အင်္ကျီလက်ကြားထဲမှ စာအုပ်တစ်အုပ် ထုတ်လိုက်သည်။
ဒီနေ့ အစီအစဉ်အရ ဒီနေရာမှာ အေးအေးဆေးဆေး စစ်တုရင်ကျမ်းလေး ဖတ်၊ သတို့သမီး နန်းတော်ထဲက ထွက်သွားပြီဆိုရင် သူမလည်း ပြန်လို့ရပြီ။
စာမျက်နှာ နှစ်ရွက်လောက်ပဲ လှန်ရသေးတယ်၊ ဇရပ်အောက်က ကျောက်တောင်တုနားမှာ မထင်မှတ်ထားတဲ့ လှုပ်ရှားသံတွေ ကြားလိုက်ရတယ်။
အဆင့်မြင့် အရာရှိကတော် ဝတ်စုံကို ဝတ်ဆင်ထားပြီး တန်ဖိုးကြီး ကျောက်မျက်ရတနာများ ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးသည် အဖော် အစေခံ တစ်ယောက်မှ မပါဘဲ ကျောက်တောင်တု အနောက်ဘက်သို့ တစ်ယောက်တည်း ပြေးဝင်လာသည်။ လူမရှိဘူး ထင်ပြီး မျက်နှာကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
သူမ၏ နောက်တွင် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အရပ်မြင့်မြင့် အမတ်ကြီးတစ်ဦး ပါလာသည်။ ခြေလှမ်းများက တည်ငြိမ်သော်လည်း လေသံကတော့ သိပ်မကောင်းလှ။
“ငါ့မှာ ဒီနေ့ လုပ်စရာတွေ အများကြီး ရှိတယ်။ မင်း ပြောစရာရှိရင် တဲ့တိုးပြော။ ငိုယိုမနေနဲ့။ ငါ့အလုပ်တွေ ကြန့်ကြာကုန်မယ်”
ဇရပ်ပေါ်မှ မေဝမ့်ရှူး ကြောင်သွားသည်။ စာရွက်လှန်မည့် လက်များ ရပ်တန့်သွားသည်။
အသံ နားထောင်ရသလောက်... လင်စစ်ရှီ ပါလား။
နွေရာသီ နေရောင်အောက်တွင် အရာရှိကတော် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးက မော့ကြည့်လာပြီး မျက်ရည်များဖြင့် လှမ်းခေါ်သည်။ “ခင်ပွန်း...”
မျက်နှာလေးက သန့်ရှင်းကြည်လင်သည်။ ကိုယ်လုံးကိုယ်ပေါက် သွယ်လျသည်။ အသက်က သိပ်မကြီးသေး၊ (၂၀) ကျော်လောက်သာ ရှိဦးမည်။ မျက်ရည်များဖြင့် နွဲ့နှောင်းနေပုံမှာ စာပေပညာရှင်များ အကြိုက်ဆုံး ပုံစံမျိုး ဖြစ်သည်။
136 05
မေဝမ့်ရှူးက အပေါ်စီးမှနေ၍ ထိုအမျိုးသမီး၏ ရုပ်ရည်ကို အတိုင်းသား မြင်လိုက်ရသည်။ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိပြီး တခြားဘက်သို့ မျက်နှာလွှဲလိုက်သည်။
မျက်စိက မမြင်ချင်လို့ လွှဲလိုက်ပေမယ့် နားကတော့ ပိတ်လို့မရ၊ ပြောစကားများကို ကြားနေရသည်။
ထိုအမျိုးသမီးမှာ လင်စစ်ရှီ၏ တရားဝင်ဇနီးမယား ဖြစ်သည်။
လင်စစ်ရှီမှာ ဒီနေ့ မင်္ဂလာပွဲ ဦးစီးကျင်းပသူ အဖြစ် အလုပ်ရှုပ်နေသည်ကို ဂရုမစိုက်ဘဲ လူရှင်းသော နေရာသို့ အတင်း ဆွဲခေါ်လာခြင်း ဖြစ်သည်။
သခင်မလင်က မျက်ရည်စများကို သုတ်ရင်း၊ “ခင်ပွန်းရဲ့အလုပ်ကို မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမယ့် ဒီနေ့မှ မပြောရင် ခင်ပွန်းရဲ့မျက်နှာကို မြင်ရတော့မှာ မဟုတ်ဘူး”
သူမက ဝမ်းနည်းပက်လက်ဖြင့်၊ “မနေ့က ခင်ပွန်းက ကျောက်အစ်မ အဆောင်မှာ အိပ်တယ်။ တမြန်နေ့က ရှုအစ်မ အဆောင်မှာ အိပ်တယ်။ ကျွန်မမှာ ခင်ပွန်းနဲ့ နှစ်ယောက်တည်း မတွေ့ရတာ ဘယ်လောက်ကြာပြီလဲတောင် မမှတ်မိတော့ဘူး...”
လင်စစ်ရှီ ပြင်းပြင်းထန်ထန် အသက်ရှူလိုက်သံကို မေဝမ့်ရှူး ဒီလောက်အဝေးကနေတောင် ကြားလိုက်ရသည်။
“မင်း ငါ့ကို ဒီလောက် လူပြတ်တဲ့ နေရာကို ဆွဲခေါ်လာတာက မင်းရဲ့ မနာလိုဝန်တိုတဲ့ စကားတွေကို ပြောဖို့လား”
လူရှင်းသည့်နေရာမို့ လင်စစ်ရှီ၏ အသံမှာ ပုံမှန် ရုံးတော်တွင် ပြောသလို တည်ငြိမ်မနေဘဲ ဒေါသသံများ ပါဝင်နေသည်။
“ဒီနေ့က ဧကရာဇ် ကိုယ်တိုင် ချီးမြှင့်တဲ့ မင်္ဂလာပွဲဆိုတာ မင်း သိတယ် မဟုတ်လား။ သတို့သမီးက ဧကရာဇ်ရဲ့ ညီမဝမ်းကွဲတော်စပ်တယ်။ ငါက ဧကရာဇ် ကိုယ်တိုင် တာဝန်ပေးထားတဲ့ ပွဲဦးစီးသူ။ မြို့တော်တစ်ခုလုံးက အရာရှိကြီးတွေ မိသားစုလိုက် ရောက်နေကြတာ။ တစ်ခုခု လွဲချော်သွားတာနဲ့ မနက်ဖြန် ငါ မြို့တော်တစ်ခုလုံးရဲ့ ပြောစရာ ဖြစ်သွားလိမ့်မယ်”
“ပြောစရာရှိရင် အိမ်ပြန်ရောက်မှ ပြော။ ငါ အလုပ်သွားလုပ်ရဦးမယ်” သူက စိတ်မရှည်စွာဖြင့် ဆိုကာ လက်ကို ခါပြီး ထွက်သွားရန် ပြင်သည်။
သခင်မလင်မှာ စိတ်ထိခိုက်သွားပုံရပြီး ငိုယိုကာ ဒူးထောက်ချလိုက်သည်။ ဒူးဖြင့် လျှောက်သွားပြီး လင်စစ်ရှီ၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
“အိမ်ပြန်သွားရင် ခင်ပွန်းကို ဘယ်တော့ ပြန်တွေ့ရမလဲ မသိနိုင်တော့ဘူး။ အရင်တုန်းက ချစ်ကြိုက်ခဲ့တုန်းကတော့ လမင်းကြီးကို တိုင်တည်ပြီး တစ်သက်လုံး ပေါင်းပါ့မယ်လို့ သစ္စာဆိုခဲ့ကြပြီးတော့... အခုကျမှ ခင်ပွန်းက ကျွန်မကို ဒီလောက် ရွံရှာမုန်းတီးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”
“အိမ်ပြန်ရောက်ရင် မင်းအဆောင်ကို လာခဲ့ပါ့မယ်” လင်စစ်ရှီက အကြိမ်ကြိမ် ပြောသော်လည်း သခင်မလင်က မယုံကြည်ဘဲ ခြေထောက်ကို အသေအလဲ ဖက်ထားပြီး အော်ဟစ်ငိုကြွေးနေသည်။ ငိုသံကျယ်လောင်လာသဖြင့် ဖြတ်သွားဖြတ်လာ နန်းတွင်းသူအချို့ ရပ်တန့်ကြည့်ရှု ကုန်ကြသည်။
လင်စစ်ရှီ ရုန်းကန်သော်လည်း မရသဖြင့် နောက်ဆုံးတွင် သခင်မလင်၏ လက်ကို အတင်းဆွဲခွာပြီး တွန်းထုတ်လိုက်ရသည်။ ထို့နောက် အဝတ်အစားကို ကမန်းကတန်း ပြင်ဆင်ပြီး မင်္ဂလာပွဲဘက်သို့ ပြေးထွက်သွားလေသည်။
သခင်မလင်မှာ မြေကြီးပေါ်တွင် လဲကျကျန်ရစ်ခဲ့ပြီး ဆံပင်များ ရှုပ်ပွကာ အသံတိတ် ရှိုက်ငိုနေရှာသည်။
မေဝမ့်ရှူးသည် ဇရပ်ပေါ်တွင် ထိုင်ရင်း အောက်တွင် အသံတိတ်သွားသဖြင့် လင်မယားနှစ်ယောက် စကားများပြီး ပြန်သွားကြပြီအထင်ဖြင့် သက်ပြင်းချကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ဒါပေမယ့် ဒူးထောက်ရက် လဲကျနေတဲ့ သခင်မလင်ရဲ့ မျက်နှာက သစ်ရွက်တွေကြားထဲကနေ ဇရပ်ပေါ်ကို လှမ်းမြင်နေရတဲ့ အနေအထား ဖြစ်နေသည်။
အခုချိန်မှာ သူမက ဇရပ်ပေါ်မှာ ထိုင်နေတဲ့ မေဝမ့်ရှူးကို မျက်လုံးအပြူးသားနဲ့ မော့ကြည့်နေပြီး လန့်လွန်းလို့ ငိုသံတောင် တိတ်သွားရှာသည်။
မေဝမ့်ရှူး “......”
လက်ကို ဖြည်းဖြည်းချင်း မြှောက်ပြီး နားထင်ကို နှိပ်နယ်လိုက်မိတယ်။
သူမ ဇရပ်ပေါ်မှ ထလိုက်ပြီး အပေါ်စီးမှနေ၍ နှုတ်ဆက်လိုက်သည်။
“သခင်မလင် နေကောင်းရဲ့လား”
သခင်မလင်မှာ ကြမ်းပြင်ပေါ်တွင် ကြောင်အမ်းအမ်း ထိုင်နေပြီးမှ မိမိတို့ လင်မယား ရန်ဖြစ်သည့် အရှက်ရဖွယ် ကိစ္စကို လူမြင်သွားမှန်း သိလိုက်ရသဖြင့် မျက်နှာကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ အားငယ်စွာ ရှိုက်ငိုလေတော့သည်။
မေဝမ့်ရှူး ဇရပ်ပေါ်မှ ဆင်းလာပြီး ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။
136 06
တစ်ကျော့ပြန် ဘဝမှာ ဒီအမျိုးသမီးနဲ့ လင်စစ်ရှီက ငယ်ချစ်တွေ ဖြစ်ခဲ့ကြတာ။ လွန်ခဲ့တဲ့ (၅) နှစ်တုန်းက လင်စစ်ရှီက ဂုဏ်အဆင့်အတန်း ကွာခြားတာကို ဂရုမစိုက်ဘဲ တရားဝင် ဇနီးမယားအဖြစ် လက်ထပ်ယူခဲ့တာကို ကြားခဲ့ရသည်။
ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ချစ်သူချင်း ပေါင်းဖက်ရခြင်း ဇာတ်လမ်းလေးလို့ ထင်ခဲ့မိတာ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လင်စစ်ရှီ မယားငယ် ယူလိုက်တယ်လို့ သတင်းကြားရသည်။
အခုတော့ ဘာလို့ ဒီအခြေအနေထိ ရောက်သွားရတာလဲ။
ကြွယ်ဝချမ်းသာပုံ ပေါက်သော်လည်း သနားစဖွယ် ဖြစ်နေသော ရှေ့မှ အမျိုးသမီးကို ကြည့်ရင်း မေဝမ့်ရှူး ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။
*** *** ***
ထိုအချိန်တွင် ပန်းများ ဝေဆာနေသော ဥယျာဉ်တော်ထဲ၌...
မင်္ဂလာဧည့်ခံပွဲ အလယ်တွင် ဝတ်ရုံတော်အပြည့် ဝတ်ဆင်ထားသော အရှင်ဧကရာဇ်သည် မြင့်မားသော နေရာတွင် တစ်ပါးတည်း ထိုင်ရင်း သတို့သား၊ သတို့သမီးတို့၏ အရိုအသေပြုခြင်းကို ခံယူနေသည်။
“လင်စစ်ရှီ ဘယ်ရောက်သွားတာလဲ”
သူ ရေနွေးတစ်ငုံ သောက်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
“ပွဲဦးစီးသူ လုပ်နေပြီးတော့ လူပျောက်သွားပါလား။ နောက်ထပ် ဘာအစီအစဉ် ကျန်သေးလဲ”
ဆူးဟွေ့ကျုံးက အနောက်မှနေ၍ တိုးတိုးလေး ရှင်းပြသည်။ “ရာသီဥတုက ပူတော့ ဧကရာဇ် နည်းနည်းလောက် သည်းခံပေးပါဦး။ သတို့သမီး နန်းတော်ထဲက မထွက်ခင် မိဘတွေကို ကန်တော့ရဦးမယ်။ ပြီးမှ ဧကရာဇ်ကို ရေနွေးကြမ်း ဆက်သပြီး ဆုတောင်းပေးရမှာ...”
လော့ရှင်းယွမ် ရေနွေးတစ်ငုံ ထပ်သောက်ရင်း မေးလိုက်သည်။ “မေအမတ် ရောက်လာတာ တွေ့လိုက်လား”
ဆူးဟွေ့ကျုံးက ကြောင်တောင်တောင်ဖြင့် ပြန်ဖြေသည်။ “ရောက်လာပါပြီ။ ခုနကတော့ မြင်လိုက်ပါတယ်။ အခုတော့ ဘယ်ပျောက်သွားလဲ မသိဘူး...”
“သေချာပေါက် လူရှင်းတဲ့ နေရာမှာ သွားခိုနေလောက်ပြီ။ ထားလိုက်တော့... သူ ရောက်လာတယ် ဆိုရင် ပြီးတာပဲ”
နောက်ထပ် ကျန်နေတဲ့ ရေနွေးကြမ်း ဆက်သတာတွေ၊ ဆုတောင်းပေးတာတွေကို ဂရုမစိုက်တော့ဘဲ ရေနွေးခွက်ကို ချပြီး ထထွက်သွားလေတော့သည်။
ဥယျာဉ်တော်ထဲမှ ဆူညံသံများသည် ကျောဘက်တွင် ကျန်ရစ်ခဲ့သည်။
လော့ရှင်းယွမ်သည် ပါလာသော ခြွေရံသင်းပင်းများကို ပြန်လွှတ်လိုက်သည်။ တာဝန်ကျနေသော ချီကျန့်ဟန်ကိုလည်း မောင်းထုတ်လိုက်ပြီး ကိုယ်ရံတော် ကျိုးရွှမ်ယွီ တစ်ယောက်တည်းကိုသာ ခေါ်ဆောင်သွားသည်။
ခြေလှမ်းမပျက်ဘဲ အနောက်ဆောင် ရှိရာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
တောင်တက်လမ်း တစ်ဝက်အရောက်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ကျောက်ပြားခင်းထားသော လမ်းခွဲတစ်ခုတွင် ခြေလှမ်းတန့်လိုက်ခြင်း ဖြစ်သည်။
သူက နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“သူ ဒီရက်ပိုင်း အနောက်ဆောင်မှာ တည်းနေတာ။ ခဏနေရင် ကိုယ့်ဘာသာ ပြန်လာလိမ့်မယ်။ မင်းတို့ ဒီနားမှာ သတိထား စောင့်ကြည့်နေ။ သူ့ကို လန့်သွားအောင် မလုပ်နဲ့”
ခေါင်းမရှိ အမြီးမရှိ စကားဆိုသော်လည်း ကျိုးရွှမ်ယွီက ကောင်းကောင်း နားလည်သည်။ “အမိန့်တော်အတိုင်းပါ!” သိရှိကြောင်း ဆိုကာ လမ်းကြားအနီးတစ်ဝိုက်တွင် လူအင်အား တိုးမြှင့်ချထားလိုက်သည်။
လော့ရှင်းယွမ်သည် တောင်ပေါ်လမ်းကြားမှ ဖောက်လုပ်ထားသော ကျဉ်းမြောင်းသည့် လမ်းကလေးအတိုင်း လျှောက်သွားပြီး မှောင်မိုက်သော မြေအောက် လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားသည်။ လှိုဏ်ခေါင်းအဆုံးရှိ ကျောက်ခန်းလွတ် တစ်ခုတွင် ထိုင်ကာ အေးဆေးစွာ အမိန့်ပေးလိုက်သည်။
“ရှင်ယီနင်ကို ခေါ်ခဲ့”
လဝက်ခန့် နေရောင် မမြင်ရသဖြင့် ရှင်ယီနင်မှာ ပြီးခဲ့တဲ့ တစ်ခေါက် တွေ့တုန်းကထက် ပိုမို ပိန်ကျသွားသည်။
မီးရောင်ထိန်လင်းနေသော ကျောက်ခန်းထဲတွင် ရပ်ရင်း ဟိုကြည့်ဒီကြည့် လုပ်ကာ မျက်နှာကို လက်ဖြင့် ကွယ်ထားရသည်။
136 07
“ဧကရာဇ်...” သူက အားယူပြီး ပြောသည်။ “ကျွန်တော်မျိုး ပြောစရာရှိတာ အကုန် ပြောပြီးပြီလေ။ ဘာကိစ္စ ရှိသေးလို့လဲ”
လော့ရှင်းယွမ် နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခု ပေါ်လာပြီး အင်္ကျီလက်ကြားထဲမှ စာရွက်တစ်ရွက် ထုတ်လိုက်သည်။
“မင်း အရင်တုန်းက သူ့အတွက် ပေးခဲ့တဲ့ ဆေးစာကို သူက ကျန်းကို ပြန်ကူးပေးထားတယ်”
“ဆေးပေါင်း (၂၃) မျိုး ပါတာပဲ။ ကြည့်စမ်းပါဦး... မင်း အရင်က ပေးခဲ့တဲ့ ဆေးစာနဲ့ တစ်ပုံစံတည်း ဟုတ်ရဲ့လားလို့”
ရှင်ယီနင် ထိတ်လန့်သွားပြီး လက်ကမ်းပေးသော စာရွက်ကို ယူကာ သေချာ ငုံ့ကြည့်လိုက်သည်။
တကယ်ပဲ ဒီဆေးစာပဲ။ တကယ်ပဲ သူမ လက်ရေးပဲ။
ရှင်ယီနင် စာရွက်ကို အပြန်ပြန် အလှန်လှန် ကြည့်ရင်း သံသယများဖြင့် မော့ကြည့်လိုက်သည်။
“သူက ဧကရာဇ်ကို ယုံကြည်လို့ ဆေးစာ ပေးလိုက်မှတော့ ဧကရာဇ်က တခြား သမားတော်တွေကို ဒီဆေးစာအတိုင်း ဆေးဖော်ခိုင်းလိုက်ရင် ရပြီပဲ။ ဘာကိစ္စ ကျွန်တော်မျိုးကို လာရှာနေတာလဲ”
လော့ရှင်းယွမ်က သဘောကျစွာ ပြုံးရင်း၊ “မင်း မပြောလည်း ကျန်းက တခြား သမားတော်တွေကို ရှာပြီး သူ့ရောဂါ ပျောက်အောင် ကုပေးမှာပါ”
သူက အေးအေးဆေးဆေး ဆက်ပြောသည်။
“မင်းနဲ့ ငါက အရှင်သခင်နဲ့ လက်အောက်ငယ်သား ပတ်သက်မှု ရှိခဲ့ဖူးတာပဲ။ မင်းမှာလည်း အကျိုးကျေးဇူးတော့ ရှိပါတယ်။ ဒီနေ့ ကျန်း မင်းကို နောက်ဆုံးအနေနဲ့ လာတွေ့ပြီး နှုတ်ဆက်တာပါ”
“ရှင်ယီနင်... သူက ကျန်းကို ယုံကြည်ပြီး ဆေးစာ ပေးလိုက်ပြီဆိုတော့ မင်းလည်း ဒီမြေအောက်ခန်းထဲမှာ ကျန်းရဲ့ပထွေးတော်နဲ့ မျက်နှာချင်းဆိုင် နေစရာ မလိုတော့ပါဘူး။ အပြင်ရောက်သွားရင် သူ့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့”
ရှင်ယီနင်မှာ ဝမ်းသာအားရ ဖြစ်သွားသလို သံသယလည်း ဝင်သွားသည်။ အသံတွင် မယုံသင်္ကာမှုများ အပြည့်ဖြင့်၊
“ကျွန်တော်မျိုး တကယ် အပြင်ထွက်ရမှာလား။ ကျွန်တော်မျိုးက လျှို့ဝှက်ချက်တွေ အများကြီး သိနေပြီလေ။ ဧကရာဇ်က တကယ်ပဲ လွှတ်ပေးမှာလား”
“ကျန်း ပြောရင် ပြောတဲ့အတိုင်း ဖြစ်ရမယ်။ မင်းကို သေချာပေါက် လွှတ်ပေးမှာပါ”
လော့ရှင်းယွမ်သည် လက်မတွင် ဝတ်ဆင်ထားသော လင်းယုန်ခေါင်းပုံစံ ကျောက်စိမ်းလက်စွပ်ကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း၊
“ဒါပေမယ့် မင်းက မြို့တော်မှာ ဘယ်တော့မှ ပြန်ပေါ်လာလို့ မရတော့ဘူး။ သူ့ရှေ့မှာလည်း ဘယ်တော့မှ ပေါ်လာလို့ မရတော့ဘူး”
“ကျန်း စဉ်းစားထားတာက... အလောင်းတစ်လောင်း ရှာပြီး သမားတော်ရှင် သေဆုံးသွားပြီ ဆိုပြီး မြှုပ်နှံလိုက်မယ်။ မင်းကိုကျတော့... မိုင် (၃၀၀၀) အဝေးကို နယ်နှင်ဒဏ် ပေးလိုက်မယ်။ ရှင်ယီနင်... မင်း နောက်နောင် အရှေ့မြောက်ဘက် နယ်စပ်မှာပဲ တစ်သက်လုံး နေရတော့မယ်”
ရှင်ယီနင်က ဟက်ခနဲ ရယ်လိုက်သည်။
“ဧကရာဇ် စီစဉ်ပေးတာ ကျေးဇူးပါပဲ။ ဧကရာဇ်အနေနဲ့ ဒီလို မင်းကောင်းမင်းမြတ် ဟန်ဆောင်တဲ့ မျက်နှာဖုံးကို ဆက်တပ်ထားပြီး မေရွှယ်ချင့်ကို တစ်သက်လုံး လိမ်ညာ သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
“ဒါကတော့ သေချာတာပေါ့”
လော့ရှင်းယွမ်၏ မျက်ဝန်းများ နူးညံ့သွားသည်။
“ရှင်ယီနင်... မင်းက သူနဲ့ (၁၀) နှစ်လောက် ခင်မင်ခဲ့တဲ့ မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ။ နောက်နောင်ကျရင် ကျန်းကသာ သူ့ဘေးမှာ တစ်သက်လုံး နေပြီး ဆံဖြူသွားကျိုးတဲ့အထိ အတူတူ ပေါင်းသင်းသွားမယ့်သူ ဖြစ်တယ်”
“သူက ကျန်းကို မင်းကောင်းမင်းမြတ် ဖြစ်စေချင်တယ်ဆိုရင် ကျန်းက သူ့ဆန္ဒအတိုင်း တစ်သက်လုံး မင်းကောင်းမင်းမြတ် လုပ်ပြလိုက်မယ်”
“သူ နောင်တစ်ချိန် ကျန်းဘေးမှာ နေချင်စိတ် ပေါက်လာပြီး ကျန်းကို အပြုံးနဲ့ ကြည့်လာမယ့်အချိန်၊ ဒီအေးချမ်းသာယာတဲ့ တိုင်းပြည်ကြီးကို ကြည့်ပြီး မျက်လုံးထဲ နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ ပြည့်လာမယ့်အချိန်ကို ကျန်း စောင့်နေမှာ”
*** *** ***