အခန်း (၁၃၇)
Vol. 14 Ch. 137
137 01
အခန်း 137
နန်းတွင်းဥယျာဉ်တော် ကျောက်တောင်တု၏ အနောက်ဘက်တွင်...
မေဝမ့်ရှူးသည် ဇရပ်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။ သခင်မလင်သည် ငိုနေရာမှ ရပ်တန့်သွားပြီး ကြောက်လန့်တကြား ကြည့်နေသည်။
“ဒီအရာရှိမင်းက ကျွန်မရဲ့ ခင်ပွန်းကို သိနေတာလား။ တောင်းပန်ပါတယ်။ ရှင် ကြားခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်...”
“ကျွန်တော်က ဟန်လင်ပညာရှင်အမတ် မေဝမ့်ရှူးပါ” မေဝမ့်ရှူးက သူမရှေ့တွင် ရပ်ရင်း မိတ်ဆက်လိုက်သည်။ “လင်အမတ်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။ သခင်မလင် စိတ်ချပါ။ ဒီနေ့ မြင်ခဲ့ ကြားခဲ့တာတွေကို တစ်လုံးမှ အပြင်ကို မပေါက်ကြားစေရပါဘူး”
“ဪ... မေပညာရှင်အမတ်ကိုး” သခင်မလင်က သူမအကြောင်း ကြားဖူးပုံရသည်။ ကမန်းကတန်း ဆံပင်ကို ပြင်ရင်း လေးလေးစားစား အရိုအသေ ပေးလေသည်။
“ခင်ပွန်းဆီက မေပညာရှင်အမတ်အကြောင်း ခဏခဏ ကြားဖူးပါတယ်။ မေပညာရှင်အမတ်က ဉာဏ်ပညာ ကြီးမားပြီး ရှားပါးတဲ့ နိုင်ငံ့သားကောင်း၊ ဝါးပင်လို ဖြောင့်မတ်တဲ့ လူကြီးလူကောင်းလို့ ချီးမွမ်းလေ့ ရှိပါတယ်။ မေပညာရှင်အမတ်ရဲ့ ကတိစကားကို ကျွန်မ ယုံကြည်ပါတယ်”
မေဝမ့်ရှူးက သရော်သလို ပြုံးလိုက်သည်။ “ဪ... လင်အမတ်က ကျွန်တော်မျိုးကို အဲဒီလို ပြောတယ်ပေါ့။ တကယ့်ကို အံ့အားသင့်စရာပါပဲ”
ဒီအမျိုးသမီးနဲ့ ဆက်ပြောစရာ စကားမရှိတော့သဖြင့် သူမ နှုတ်ဆက် အရိုအသေပြုပြီး ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် သခင်မလင်က ပြေးလာပြီး လမ်းပိတ်ထားလိုက်သည်။
သခင်မလင်က ရေနဲ့ လုပ်ထားတဲ့ လူသားတစ်ယောက်လိုပါပဲ။ မျက်ရည်က ကုန်နိုင်တယ် မရှိဘူး။ စကားမပြောရသေးခင်မှာပဲ ဝမ်းနည်းပက်လက် မျက်ရည်တွေ ကျလာပြန်တယ်။
“ကျွန်မက အိမ်တွင်းအောင်း မိန်းမသားမို့ ကျွန်မဘာသာ ပြောရင် ခင်ပွန်းက ဂရုစိုက်မှာ မဟုတ်ဘူး။ မေပညာရှင်အမတ်ကပဲ ကူညီပြီး မင်္ဂလာပွဲဘက်ကို သွားပြီး စကားလေး တစ်ခွန်းလောက် ပါးပေးပါလား။ တစ်ခွန်းတည်းပါပဲရှင်”
မေဝမ့်ရှူး မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်တော်က အပြင်လူပါ။ ကြားက စကားပါးပေးဖို့ အဆင်မပြေပါဘူး”
သခင်မလင်ကတော့ ရေနစ်သူ ကောက်ရိုးမျှင်ကို လှမ်းဆွဲသလို မေဝမ့်ရှူးကို အတင်းဆွဲထားပြီး မလွှတ်တော့။
“မေပညာရှင်အမတ်က အခု ကျွန်မအခြေအနေ ဘယ်လောက်ခက်ခဲလဲ ဆိုတာ သိနေပြီပဲ။ မေပညာရှင်အမတ်ရဲ့ ကိုယ်ကျင့်တရားကို ကျွန်မ ယုံကြည်ပါတယ်။ တစ်ခွန်းတည်း ပါးပေးပါနော်”
“ကျွန်မ လိုချင်တာက... သူ နောက်ထပ် ကိုယ်လုပ်တော် ထပ်ယူမယ့်ကိစ္စကို နောက်ထပ် လအနည်းငယ်လောက် ရွှေ့ဆိုင်းပေးဖို့ပါ။ လနည်းနည်းလေးပါပဲ”
သခင်မလင်က ဗိုက်ကို လက်နဲ့အုပ်ပြီး မျက်ရည်စက်လက်နဲ့ တောင်းပန်ရှာတယ်။ “ကျွန်မ တမြန်နေ့က ကွမ်ရင်မယ်တော်ဆီ သွားဆုတောင်းတော့ မဲပြားကောင်း နှိုက်မိခဲ့တယ်။ နောက်တစ်ခါ ကိုယ်ဝန်ရရင် သေချာပေါက် သားယောက်ျားလေး ရမယ်လို့ နိမိတ်ပြတယ်”
(ဆုတောင်းတဲ့အခါ ခွက်လေးနဲ့ တုတ်ချောင်းလေးတွေ နှိုက်တာကို ပြောတာပါနော်)
“မေပညာရှင်အမတ်ရယ်... ခင်ပွန်းကို ပြောပေးပါနော်။ ကျွန်မ မဲပြားကောင်း နှိုက်မိတယ်လို့...”
“ဝမ်နျန် မင်း ဘာလို့ ဒီလောက် အရှက်မရှိ ဖြစ်နေရတာလဲ။ မေပညာရှင်အမတ်ကို မဆိုင်တဲ့ စကားတွေ ပြောပြီး ဘာလုပ်နေတာလဲ”
လင်စစ်ရှီက မင်္ဂလာပွဲဘက်မှ အချိန်ရ၍ ပြန်ပြေးလာရာ ကျောက်တောင်တုနား ရောက်သည်နှင့် သခင်မလင်၏ စကားများကို ကြားလိုက်ရသဖြင့် ဒေါသထွက်လွန်းလို့ ခေါင်းမီးတောက်မတတ် ဖြစ်သွားသည်။
ဒေါသကို အောင့်အီးပြီး အနောက်မှ ပါလာသော အိမ်စေမလေးများကို အော်ငေါက်လိုက်သည်။
“နင်တို့တွေ ဘာရပ်လုပ်နေတာလဲ။ သခင်မကို အိမ်ပြန်ခေါ်မသွားကြဘဲနဲ့။ ဘယ်အချိန်ထိ ဒီမှာ အရှက်လာခွဲနေကြမှာလဲ”
ပါလာသော အိမ်စေနှစ်ယောက် ပြာပြာသလဲ ပြေးလာပြီး သခင်မလင်ကို တွဲထူကာ ချော့မော့ခေါ်ဆောင်သွားကြသည်။
ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် သခင်မလင်မှာ ငိုယိုရင်း ပါသွားလေသည်။
137 02
လင်စစ်ရှီက မေဝမ့်ရှူးဘက် လှည့်ပြီး တောင်းပန်သည်။
“အိမ်တွင်းရေး ပြဿနာကို လူရှေ့သူရှေ့ ရောက်လာပြီး ဆရာတူညီလေးမေကို အရှက်ရစေခဲ့ပါပြီ”
မေဝမ့်ရှူးက သူ ဆရာတူ ညီနောင်အဖြစ် သုံးနှုန်းလိုက်သည်ကို သတိပြုမိပြီး သူ့စကား၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ (TN: ပုံမှန်ဆိုရင် သူတို့နှစ်ယောက်က ဆရာတူအစ်ကို၊ ဆရာတူညီလေး ဆိုပြီး မသုံးနှုန်းကြပါဘူးနော်။ လင်အမတ်က အိမ်တွင်းရေးကို ဖုံးကွယ်ဖို့ ညီအစ်ကိုပုံစံနဲ့ စခေါ်တော့ မေအမတ်ကလည်း ဒါကို လက်ခံပေးတဲ့ သဘောနဲ့ ပြန်ခေါ်ပေးတဲ့သဘောပါ)
“ဆရာတူအစ်ကိုလင် စိတ်ချပါ။ ဒီနေ့ မြင်ခဲ့ ကြားခဲ့တာတွေကို တစ်လုံးမှ အပြင်မပေါက်ကြားစေရပါဘူး”
နှစ်ယောက်သား လမ်းလေးအတိုင်း ကျောက်တောင်တုကြားမှ ထွက်လာကြသည်။ မေဝမ့်ရှူးက သခင်မလင်၏ သေးသွယ်သော ကျောပြင် ဝေးကွာသွားသည်ကို ငေးကြည့်ရင်း အေးဆေးစွာ မေးလိုက်သည်။
“ကြားတာတော့ ဆရာတူအစ်ကိုလင်နဲ့ သခင်မက ငယ်ချစ်တွေဆို။ အရင်တုန်းက ဂုဏ်အဆင့်အတန်း မခွဲခြားဘဲ လက်ထပ်ယူခဲ့ကြတာ မဟုတ်လား။ အခုမှ ဘယ်နှနှစ် ရှိသေးလို့ ဆရာတူအစ်ကိုလင်က မယားငယ်တွေကို တစ်ယောက်ပြီးတစ်ယောက် ယူနေရတာလဲ”
လင်စစ်ရှီက ခါးသက်သက် ပြုံးရင်း သက်ပြင်းချသည်။
“မယ်ဂျူနီယာကို မဖုံးကွယ်ပါဘူးကွာ။ ငါ့မိန်းမ အိမ်ထောင်သက် (၅) နှစ်မှာ သမီးမိန်းကလေး နှစ်ယောက်ပဲ မွေးပေးနိုင်ခဲ့တယ်။ ငါ့အသက်ကလည်း (၃၀) နား ကပ်လာပြီ။ သားယောက်ျားလေး တစ်ယောက်မှ မရှိသေးဘူး။ ငါကလည်း အိမ်ရဲ့ သားကြီးဩရသ ဆိုတော့ မိခင်ဘက်က တအား ဖိအားပေးနေတာ... ဟူး... မယားငယ် ယူရတာ ငါ့သဘောမှ မဟုတ်ဘဲ”
သူက ခေါင်းခါရင်း ဝမ်းနည်းပက်လက် ရှင်းပြရှာသည်။
“သူ့ကို သေချာ ပြောပြပြီးသား။ မယားငယ် ယူတာက သားလိုချင်လို့ပါ၊ နောက်နောင် သားလေး မွေးလာရင် သူ့နာမည်အောက်မှာပဲ သွင်းပေးမယ်၊ မယားငယ်ကို ပြန်လွှတ်ပေးမယ် ဆိုပြီးတော့လေ။ အဲဒီတုန်းက သူ သဘောတူခဲ့ပြီးသား။ အခု မယားငယ် အိမ်ပေါ်ရောက်လာတော့မှ နောင်တရပြီး ပြောထားတာ မတည်တော့တာပဲ။ အသက် (၂၀) ကျော်နေပြီ၊ လင်းအိမ်တော်ရဲ့ ချွေးမကြီး ဖြစ်နေပြီ၊ ဒီလောက်တောင် နားမလည် ဖြစ်ရသလားကွာ”
စိတ်ထဲတွင် မကျေနပ်မှုများ စုပုံနေသည်မှာ ကြာပြီဖြစ်၍ တစ်ခါ ပြောမိသည်နှင့် မရပ်တန့်နိုင်တော့ဘဲ ဒေါသတကြီး ဆက်ပြောလေသည်။
“အောက်တန်းလွှာက လာတဲ့ မိန်းမတွေက တကယ်ပဲ အမြင်ကျဉ်းတယ်။ ဒီနှစ်တွေအတွင်း သူ့အတွက်နဲ့ ငါ့အမေ ရှေ့မှာ ဘယ်လောက် မျက်နှာပျက်ခဲ့ရလဲ သူ မသိဘူး။ သူ့ကို ခဏခဏ ပြောပြပါတယ်။ မယားငယ်ယူတာ သားလိုချင်လို့ပါ၊ ငါ့စိတ်ထဲမှာ တခြားဘယ်သူမှ မရှိပါဘူးလို့။ ဒါပေမယ့် ဝမ်နျန်က သဘောထား သေးသိမ်လွန်းတယ်။ အိမ်မှာ နေ့တိုင်း ပြဿနာရှာ၊ ငိုယိုပြီး ငါ့ကို စိတ်ညစ်အောင် လုပ်နေတာပဲ”
မေဝမ့်ရှူး ဟက်ခနဲ ရယ်လိုက်သည်။
ဘေးမှ လင်စစ်ရှီကို တစ်ချက် စောင်းကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အယောင်များ ယှက်သန်းနေသည်။
“အရင်တုန်းကတော့ မိဘကို ဓားမိုးပြီး ဂုဏ်နိမ့်ပါစေ၊ ချစ်တဲ့သူမို့ ယူပါမယ် ဆို။ အခု အိမ်ထောင်ကျပြီး မကြာခင်မှာပဲ အောက်တန်းလွှာကမို့ အမြင်ကျဉ်းတယ်၊ သဘောထား သေးသိမ်တယ် ဖြစ်သွားပါရောလား”
အသံက နူးညံ့သော်လည်း လေသံတွင် လှောင်ပြောင်သံ ပါနေသည်။
“ချစ်တဲ့သူကို လက်ထပ်ယူပြီး နှစ်ပိုင်းလေးတောင် မစောင့်နိုင်ဘဲ မယားငယ်တွေ တစ်ယောက်ပြီး တစ်ယောက် ယူတယ်၊ ပြီးတော့ ကိုယ့်မိန်းမကို သဘောထား မကြီးပါဘူးလို့ ပြန်အပြစ်တင်တယ်။ သူ့ကို လက်ထပ်ယူတာက သူ့ကို စိတ်ဆင်းရဲပြီး နေ့တိုင်း ငိုနေအောင် လုပ်ဖို့လား။ ဆရာတူအစ်ကိုလင်... ကိုယ့်ရင်ဘတ်ကိုယ် ပြန်မေးကြည့်စမ်းပါဦး။ အရင်တုန်းက ပေးခဲ့တဲ့ ကတိသစ္စာတွေကို ပြန်တွေးပြီး နည်းနည်းလောက်မှ အားမနာဘူးလား”
လင်စစ်ရှီက ခေါင်းခါရင်း ခါးသက်သက် ပြုံးသည်။
“အားနာတာတော့ ရှိတာပေါ့။ အခုပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက ငါ ငယ်စိတ်နဲ့ သွေးဆူပြီး လူရွေးမှားခဲ့တာလို့ပဲ မြင်တယ်”
“ငယ်ငယ်တုန်းကတော့ ဟုတ်ပါတယ်... ငယ်ချစ်ဆိုတော့လေ။ သူ့အတွက်နဲ့ အိမ်က မိသားစုနဲ့တောင် အဆက်အသွယ် ဖြတ်လုနီးပါး ဖြစ်ခဲ့တာ။ အခု အသက်ကြီးလာမှ သိလာရတယ်။ ငယ်ရွယ်စဉ်က သံယောဇဉ်လောက်နဲ့ တစ်သက်လုံး လက်တွဲဖို့ မဖြစ်နိုင်ဘူး ဆိုတာ။ မိန်းမယူရင် အကျင့်စာရိတ္တ ကောင်းသူကို ယူရမယ် ဆိုတဲ့ ရှေးစကားက တကယ် မှန်တယ်။ မိန်းမ မကောင်းတော့ အိမ်မှာ နေ့တိုင်း စစ်ခင်းနေရသလိုပဲ”
သူက အဝေးကို လှမ်းမျှော်ကြည့်ရင်း တိုးတိုးလေး ညည်းတွားသည်။
137 03
“အမေက ငါ့အတွက် နောက်ထပ် မိန်းကလေး တစ်ယောက် စီစဉ်ပေးဖူးတာ သတိရတယ်။ ဟုန်လုရုံးတော်က ယွီအမတ်ရဲ့ သမီးလေ။ ယဉ်ကျေးသိမ်မွေ့ပြီး အကျင့်စာရိတ္တ ကောင်းတယ်။ ဒါပေမယ့် ငါက စိတ်မဝင်စားလို့ အကြိမ်ကြိမ် ငြင်းခဲ့တာ။ တကယ်လို့များ အဲဒီတုန်းက အမေစကား နားထောင်ခဲ့မယ်ဆိုရင်...”
မေဝမ့်ရှူးက ဖြတ်ပြောလိုက်သည်။ “ဆရာတူအစ်ကိုလင် အမေစကား နားမထောင်ခဲ့တာ ကံကောင်းသွားတာပေါ့။ တကယ်လို့ လိမ္မာရေးခြားရှိတဲ့ မိန်းမကို ယူခဲ့ရင်လည်း ဆရာတူအစ်ကိုလင်က နောင်တရနေမှာပဲ။ အဲဒီကျရင် ယွီမိသားစုက သမီးပျိုလေးပါ အလကား သက်သက် နစ်နာသွားရဦးမယ်”
“ဘာစကားလဲ” လင်စစ်ရှီ အံ့သြသွားသည်။
မေဝမ့်ရှူး ပြန်မဖြေ။ ခြေလှမ်း ရပ်လိုက်သည်။
“ကျွန်တော်မျိုး အခု ဆရာတူအစ်ကိုလင်ရဲ့ သဘောထားကို နားလည်သွားပါပြီ။ လောကမှာရှိတဲ့ ယောက်ျားအများစုက ဒီလိုချည်းပါပဲ။ ဆရာတူအစ်ကိုလင်ကို အပြစ်တင်စရာ မရှိပါဘူး။ ဒါပေမယ့် နောက်နောင်ကျရင် ငယ်ချစ်၊ သံယောဇဉ်ကြီးတယ် ဆိုတဲ့ စကားလုံးတွေကို ထပ်မပြောပါနဲ့တော့။ ကြားရတာ တကယ် ပျို့အန်ချင်စရာ ကောင်းလွန်းလို့ပါ”
သူမ ဦးညွှတ်နှုတ်ဆက်ပြီး ကြောင်တောင်တောင် ကျန်ရစ်ခဲ့သော လင်စစ်ရှီကို ထားခဲ့ကာ အနောက်ဆောင်ဘက်သို့ ပြန်လှည့်ထွက်လာခဲ့သည်။
အနောက်ဆောင်သို့ သွားရာ တောင်တက်လမ်း တစ်ဝက်အရောက်တွင် ဆူညံသော တီးမှုတ်သံများကို ကြားလိုက်ရသည်။
တောင်ပေါ်လမ်းမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ အနီရောင်များဖြင့် တန်ဆာ ဆင်ထားသော မင်္ဂလာ ယာဉ်တန်းကြီး နန်းတော်တံခါးမှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
ဟယ် ခရိုင်မင်းသမီးကတော့ ဝေါယာဉ်ထဲ ရောက်သွားပြီမို့ လူကို မမြင်ရတော့။ မြင်းဖြူစီးပြီး ရှေ့မှ ဦးဆောင်သွားသော သတို့သား ယွီချန်ရှီကိုတော့ လှမ်းမြင်နေရသည်။ အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ပန်းနီကြီး တစ်ပွင့် ချိတ်ဆွဲကာ လမ်းဘေးဝဲယာရှိ လူအုပ်ကြီးကို လက်အုပ်ချီ နှုတ်ဆက်နေသည်။
ဒီတစ်ခါ ယွီမိသားစုဘက်မှ လာရောက်ကြိုဆိုသော ဦးလေးများနှင့် အစ်ကိုဝမ်းကွဲများလည်း ယာဉ်တန်းအနောက်မှ ရင်ကော့ခေါင်းမော့ကာ လိုက်ပါသွားကြသည်။
မေဝမ့်ရှူး ပြုံးလိုက်မိသည်။ တကယ်တော့ ဒီမင်္ဂလာပွဲက လူတစ်ယောက်က ဇွတ်အတင်း စီစဉ်လိုက်တဲ့ ဖူးစာဆိုပေမယ့် သေချာစဉ်းစားကြည့်ရင် ယွီမိသားစု အတွက်ရော၊ ယွီချန်ရှီ အတွက်ရော၊ ဟယ်မင်းသမီး ကိုယ်တိုင်အတွက်ရော၊ ထောင်ထဲက လွတ်လာတဲ့ ဟယ်မင်းသား အတွက်ပါ အကျိုးရှိတဲ့ မင်္ဂလာပွဲပါပဲ။
နွေဦးပေါက် နေရောင်ခြည်က တဖြည်းဖြည်း ပူလာသည်။ သူမ တောင်ပေါ်လမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်တက်လာသည်။
အနောက်ဆောင်မှာ (၃-၄) ရက်လောက် အနားယူလိုက်လို့ ရုတ်တရက် ရောက်လာတဲ့ ရာသီသွေးကတော့ ကုန်ခါနီးပြီ။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က အနောက်ဆောင်မှာ နေရတာ အဆင်မပြေလို့ ချီကျန့်ဟန်ကို အကူအညီတောင်းပြီး မြို့ပြင်အိမ်ကို စာပို့ခိုင်းလိုက်သေးတယ်။
ယန်ရန်က ညနေစောင်းကျတော့ နန်းတွင်းအိပ် နေမကောင်းဖြစ်နေတဲ့ ခင်ပွန်းသည် အတွက်ဆိုပြီး မြင်းနဲ့ အထုပ်တစ်ထုပ် လာပို့ပေးရှာတယ်။
အဲဒါနဲ့ပဲ အရေးပေါ် အခြေအနေကို ဖြေရှင်းနိုင်ခဲ့တယ်။
ဒီနေ့အထိ အနားယူလိုက်တော့ လမ်းလျှောက်ရတာ ပြဿနာ သိပ်မရှိတော့ဘူး။
သူမ စင်္ကြံလမ်းအတိုင်း အေးအေးဆေးဆေး လျှောက်ပြီး အနောက်ဆောင်ကို ပြန်ရောက်လာတယ်။
အနောက်ဆောင် ပြတင်းပေါက်နားမှာ ရပ်ပြီး ကျယ်ဝန်းလှတဲ့ နန်းတော်ကြီးကို အပေါ်စီးကနေ ငေးကြည့်နေမိတယ်။
မျက်လုံးထဲမှာ မြင်နေရပေမယ့် ဘာကိုမှ သေချာ အာရုံမစိုက်မိ။
လင်းမိသားစု လင်မယားအကြောင်း တွေးမိတယ်။ အစတုန်းက ငယ်ချစ်တွေ၊ ချစ်လိုက်ကြတာ ဆိုပြီးတော့ လက်ထပ်ပြီး (၅) နှစ်တောင် မပြည့်ခင်မှာ ရန်သူတွေလို ဖြစ်သွားကြတယ်။
ခုနက တီးတီးမှုတ်မှုတ်နဲ့ ထွက်သွားတဲ့ မင်္ဂလာမောင်နှံအကြောင်းလည်း တွေးမိပြန်တယ်။
လူချင်း မမြင်ဖူးဘဲ ဇွတ်ပေးစားတဲ့ စုံတွဲဆိုပေမယ့် အမျိုးသမီးဘက်က ဂုဏ်မြင့်တယ်၊ အမျိုးသားဘက်က အနေအေးတယ် ဆိုတော့ ရှေ့လျှောက် တဖြည်းဖြည်း အဆင်ပြေသွားပြီး အိုအောင်မင်းအောင် ပေါင်းရမလား မသိဘူး။ နောင်နှစ်ပေါင်းများစွာ ကြာရင် ရှေးရေစက်ပဲ လို့ လူတွေက ချီးမွမ်းကြဦးမလား။
137 04
လောကကြီးအကြောင်း သိပ်တွေးလို့ မကောင်းဘူး။ တွေးလေ သရော်စရာ ကောင်းလေပဲ။
သူမ ကိုယ့်ဘာသာ ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး ပြတင်းပေါက်နားက ကြေးခေါင်းလောင်းကို ဆွဲလှုပ်လိုက်သည်။
ရောက်လာတဲ့ တာဝန်ကျ နန်းတွင်းသူကို မှာလိုက်သည်။ “ရုတ်တရက် အရက်သောက်ချင်လာလို့။ အရက်ကောင်းကောင်းလေး နှစ်အိုးသုံးအိုးလောက် လာပို့ပေးပါလား”
————
ထိုနေ့ညနေစောင်းတွင် လော့ရှင်းယွမ် အနောက်ဆောင်ပေါ် တက်လာသောအခါ အခန်းထဲရှိ လူသားမှာ မူးပြီး ရီဝေဝေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လူက မူးပြီး ထိုင်လို့မမြဲ ဖြစ်နေသော်လည်း စိတ်ကတော့ ကြည်လင်နေဆဲ။
သူ တံခါးဖွင့်ဝင်လာသည်ကို မြင်သောအခါ မေဝမ့်ရှူးသည် စားပွဲရှည်နောက်တွင် မှီထိုင်ရင်း မလှုပ်မယှက် နေနေသည်။ ရွှေခွက်ဖြင့် စားပွဲကို ခေါက်ကာ (၇) ပုံမူး (၃) ပုံနိုး အသံဖြင့် ပျင်းရိစွာ လှမ်းခေါ်သည်။
“ရှင်းယွမ်... လာတာ အတော်ပဲ။ ကြေးမုံပြင် ယူခဲ့စမ်းပါ”
လော့ရှင်းယွမ် အံ့သြပြီး ရယ်ချင်သွားသည်။
ရွှယ်ချင့်က ပုံမှန်ဆိုရင် အနေအထိုင် အရမ်းဆင်ခြင်တာ။ လူကောင်းပကတိ အချိန်ဆိုရင် သူ့ကို ဒီလို ဗြောင်ကျကျ ခိုင်းစားမှာ မဟုတ်ဘူး။
သူက စားပွဲပေါ်ရှိ အရက်အိုးလွတ်များကို ကြည့်ပြီး ခေါင်းခါရယ်မောလိုက်သည်။ “ဒီနေ့ ဘယ်လောက်တောင် သောက်ထားတာလဲ”
သို့သော် ပြတင်းပေါက်နားရှိ စင်ပေါ်မှ ကြေးမုံပြင်ကို သွားယူပေးလိုက်သည်။
“မူးနေရင် သွားအနားယူတော့လေ။ မှန်ယူပြီး ဘာလုပ်မလို့လဲ”
မေဝမ့်ရှူးက ပြန်မဖြေ။ မှန်ကို လှမ်းယူပြီး ကိုယ့်မျက်နှာကို ပြန်ကြည့်နေသည်။
အရောင်တင်ထားသော ကြေးမုံပြင်ပေါ်တွင် အရက်ကြောင့် နီမြန်းနေပြီး မျက်ရည်လဲ့နေသော လှပသည့် မျက်နှာတစ်ခု ပေါ်လာသည်။
သွယ်လျသော လက်ချောင်းများက ပန်းချီကားတစ်ချပ်လို လှပသော မျက်ခုံး၊ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ရယ်မောလိုက်သည်။
“လောကမှာ မိန်းကလေးတွေ အများကြီး ရှိတာပဲ။ မေ၊ လန်၊ ကျူ၊ ကျူး... တစ်ယောက်တစ်မျိုးစီ လှကြတာချည်းပဲ။ ပြောစမ်းပါဦး... ဒီမျက်နှာက ဘာမို့လို့ မင်းရဲ့ စွဲလမ်းစရာ ဖြစ်နေရတာလဲ”
လက်ညှိုးက မှန်ထဲက ပုံရိပ်ကို ထိုးပြနေပေမယ့် စကားကတော့ ဘေးက လော့ရှင်းယွမ်ကို ပြောနေတာ။
“နောက်ထပ် နှစ်နည်းနည်းလောက် ကြာလို့ ရှင်းယွမ် အသက်ကြီးလာရင် နန်းတွင်း မောင်းမဆောင်မှာ မိန်းမလှတွေ အများကြီး ရောက်လာဦးမှာ။ ပိန်တဲ့သူ၊ ဝတဲ့သူ၊ ကြိုက်တာ ရွေးလို့ရတယ်” သူမက တခစ်ခစ် ရယ်သည်။ “အဲဒီကျရင် အခု မင်း စွဲလမ်းနေတာတွေက ဘယ်လောက် ရယ်စရာကောင်းလဲ ဆိုတာ သိလာလိမ့်မယ်”
သူမ ယိမ်းထိုးနေသော ခန္ဓာကိုယ်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ကောင်းကင်တွင် တက်စပြုနေသော လခြမ်းကွေးလေးကို မော့ကြည့်လိုက်သည်။
“ရင်ထဲက လမင်းကြီး ဆိုတာကလေ... လက်လှမ်းမမီနိုင်လို့ တန်ဖိုးရှိနေတာ”
“တကယ်လို့ ကိုယ့်ဘေးနား ရောက်လာပြီး ကြာလာပြီဆိုရင်... အဲဒီလမင်းကြီးက... ခွက်ထဲက ရေဖြူလောက်ပဲ တန်ဖိုးရှိတော့မှာ”
သူမ လှည့်လာပြီး လော့ရှင်းယွမ်ကို ပြုံးပြသည်။
“စားရမှာလည်း အရသာမရှိ၊ ပစ်လိုက်ဖို့ကျတော့လည်း နှမြောစရာ... ဖြစ်သွားမှာ”
လော့ရှင်းယွမ် ရင်ထဲ လေးလံသွားသည်။ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားပြီး သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမ၏ အေးစက်နေသော လက်ချောင်းလေးများကို သူ့လက်ဖဝါးဖြင့် အုပ်မိုးထားလိုက်သည်။ “ဖြစ်လာမှာ မဟုတ်ဘူး”
“ကောင်းကင်ပေါ်က လမင်းက ခွက်ထဲမှာ အရိပ်ထင်နေရင် ရေဖြူနဲ့ တူချင်တူမယ်။ ဒါပေမယ့် လမင်းက လမင်းပါပဲ။ တကယ်လို့ လမင်းကို ရေဖြူလို့ ထင်တယ်ဆိုရင် အဲဒါ ခွက်ကို ကိုင်ထားတဲ့ လူက မျက်စိမပါလို့၊ ရတနာနဲ့ ငါးမျက်လုံးကို မခွဲခြားတတ်လို့ ဖြစ်လိမ့်မယ်”
137 05
“မင်း ဒီည မူးနေလို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးတဲ့ စကားတွေ လျှောက်ပြောနေတာ” သူက တိုးတိုးလေး ပြောသည်။ “မနက်ဖြန် အိပ်ရာထရင် ဒီည လျှောက်ပြောခဲ့တာတွေအတွက် နောင်တရနေဦးမယ်”
“လျှောက်ပြောနေတာတော့ ဟုတ်တယ်” မေဝမ့်ရှူးက မူးနေသည့်ကြားမှ အားယူပြီး တစ်လုံးချင်း ပြောသည်။ “ဒါပေမယ့်... မူးနေတုန်း မပြောရင် ဘယ်အချိန်ကျမှ ရှင်းယွမ်ကို ပြောရမှာလဲ”
သူမ သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြသည်။
“ငါ့ကို ကြည့်စမ်း... ဒီနှစ် (၂၇) နှစ် ရှိပြီ။ မင်းထက် (၆) နှစ်တိတိ ကြီးတယ်”
သူမ ကြေးမုံပြင်ထဲမှ လှပသော မျက်နှာကို ပြန်ကြည့်လိုက်သည်။ “အခုချိန်မှာတော့ ရုပ်ရည်က မကျသေးဘူး။ လှတုန်းပတုန်း ရှိသေးတယ်”
“နောက်ထပ် နှစ်နည်းနည်းကြာလို့ ရှင်းယွမ် အသက် (၃၀) ပြည့်ရင်၊ ငါက (၃၆) နှစ် ရှိပြီ”
သူမ ပြတင်းပေါက်နားက လူကို လှည့်ကြည့်လိုက်သည်။ အသံနှင့် လေသံက ပုံမှန်လို နူးညံ့နေသော်လည်း စကားလုံးများကတော့ ဓားသွားလို ထက်ရှနေသည်။
“အချိန်တွေ ပြောင်းရင် လူတွေလည်း ပြောင်းလဲတတ်တယ်။ အခုချိန်မှာ ချစ်လိုက်တာ၊ သေပါတော့မယ် ဆိုတဲ့ စကားတွေက နောင်ကျရင် ရင်ဘတ်ကို လာစိုက်မယ့် ဓားသွားတွေ မဖြစ်နိုင်ဘူးလား။ ရှင်းယွမ်... မင်း ငါနဲ့ အတူရှိနေရင် နောင်ကျရင် နောင်တရစရာတွေ အများကြီး ကြုံရဦးမှာ”
လော့ရှင်းယွမ် ပြတင်းပေါက်နားတွင် ရပ်ရင်း သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။
မေဝမ့်ရှူးက (၇-၈) ပုံလောက် မူးနေပြီမို့ ယိမ်းယိုင်စွာဖြင့် စားပွဲရှည်ဆီ ပြန်လျှောက်သွားသည်။ အရက်အိုးများကို တစ်လုံးချင်း လှုပ်ကြည့်ပြီး မကုန်သေးသည့် အိုးတစ်လုံးကို တွေ့သောအခါ ခွက်ထဲသို့ အပြည့်ငှဲ့လိုက်သည်။
“အခုပြောမယ့် အချစ်စကားတွေကို ခဏ သိမ်းထားလိုက်စမ်းပါ။ မပြောဘဲ အောင့်ထားတာက နောင်ကျမှ နောင်တရပြီး ရင်ကွဲရတာထက် စာရင် ပိုကောင်းပါတယ်”
“ထားလိုက်ပါတော့... မင်းကို ဘာလို့ ဒါတွေ ပြောနေမိပါလိမ့်။ ဒီည လသာတယ်။ ရှင်းယွမ်... လာ၊ အရက်သောက်”
“ဒီည ငါတို့နှစ်ယောက် လမင်းကြီးကို ကြည့်ပြီး သောက်ကြမယ်။ ပျော်ပျော်ပါးပါး စပြီး ပျော်ပျော်ပါးပါးပဲ ပြီးဆုံးကြတာပေါ့”
လော့ရှင်းယွမ် စကားမပြောဘဲ လျှောက်လာပြီး သူမလက်ထဲမှ ရွှေခွက်ကို ဆွဲယူကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။
“စိတ်ထဲ မပျော်ဘဲနဲ့ ဘာကိစ္စ အတင်းဟန်လုပ်ပြီး ပျော်ပျော်ပါးပါးလို့ ပြောနေရတာလဲ။ မင်း ခံစားနေရတာကို မြင်နေရရက်နဲ့ ငါက ရယ်နိုင်မယ် ထင်နေလား”
မေဝမ့်ရှူး မူးနေသည့်ကြားမှ ကြောင်သွားသည်။ စားပွဲရှည်ဘေးတွင် ရပ်ရင်း မျက်နှာပေါ်တွင် တပ်ထားသော အပြုံးတုလေး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လော့ရှင်းယွမ်က ရွှေခွက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ သူမ၏ အင်္ကျီလက်စကို လှမ်းဆွဲပြီး အထဲမှ အေးစက်နေသော လက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်သည်။ သူမကို ပြတင်းပေါက်နားရှိ ကုတင်ငယ်ပေါ်သို့ ဆွဲခေါ်သွားပြီး ပခုံးကို ကိုင်ကာ ထိုင်စေလိုက်သည်။
“ဒီနေ့ ပဉ္စမမြောက်သခင်လေးယွီ မင်္ဂလာဆောင်တာကို ကြည့်ပြီး မင်း စိတ်မကောင်း ဖြစ်သွားတာလား”
မေဝမ့်ရှူး ကုတင်ပေါ်တွင် တွေဝေစွာ ထိုင်နေသည်။ မူးနေသဖြင့် ဉာဏ်က ထိုင်းမှိုင်းနေသည်။
“သူနဲ့ ငါက သူစိမ်းတွေ ဖြစ်သွားတာ ကြာပြီပဲ။ ဘာသံယောဇဉ်မှလည်း မရှိတော့ဘူး။ သူက ငါ့ကို ဘယ်လိုလုပ် စိတ်မကောင်းဖြစ်အောင် လုပ်နိုင်မှာလဲ”
အချိန်အတော်ကြာ စဉ်းစားပြီးမှ သူမ သဘောပေါက်သွားပြီး ပြုံးလိုက်သည်။ “ငါ ဒီနေ့ အရက်သောက်တာ များသွားလို့ အရက်ရူးထတာပါ”
လော့ရှင်းယွမ် ခေါင်းကိုက်စွာဖြင့် သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ ကြေးခေါင်းလောင်းကို ဆွဲပြီး အမူးပြေဆေးရည် ယူလာရန် မှာကြားလိုက်သည်။
“ဒီလောက်နှစ်တွေကြာပြီ... မင်း အရက်သောက်တာ မနည်းတော့ဘူး။ တစ်ခါမှ ဒီလို အရက်ရူးထတာ မမြင်ဖူးပါဘူး။ အဓိကက ဒီနေ့ မင်း စိတ်မပျော်မရွှင် ဖြစ်နေလို့ပါ”
သူမ၏ အေးစက်နေသော လက်ချောင်းများကို သူ့လက်ဝါးထဲ ထည့်ပြီး ဘေးတိုက်လှည့်ကာ သူမကို ရင်ခွင်ထဲ ထည့်ဖက်လိုက်သည်။ စိတ်ရှည်လက်ရှည်ဖြင့် ချော့မော့မေးမြန်းသည်။
137 06
“သေချာ စဉ်းစားပြီး ပြောစမ်းပါ။ ဒီနေ့ ဘာဖြစ်ခဲ့တာလဲ။ ပဉ္စမမြောက်သခင်လေးယွီ မဟုတ်ရင် ဘယ်သူလဲ။ ဘယ်သူက၊ ဘာကိစ္စက ရွှယ်ချင့်ကို စိတ်ထိခိုက်အောင် လုပ်လိုက်တာလဲ”
မေဝမ့်ရှူး သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ကွေးနေသည်။ ခေါင်းငုံ့ပြီး အကြာကြီး စဉ်းစားနေသော်လည်း စကားတစ်ခွန်းမှ မပြော။
မျက်တောင်ရှည်ကြီးတွေ အောက်က မျက်ဝန်းနက်လေးတွေ ပွင့်နေတာ မမြင်ရရင် အိပ်ပျော်သွားပြီလို့တောင် ထင်ရတယ်။
လော့ရှင်းယွမ်က သူမ နားနားကပ်ပြီး စိတ်ရှည်စွာ ပြောသည်။ “ဟုတ်ပါပြီ... ငါ အသက် (၃၀) ရောက်ရင် မင်းက (၃၆) နှစ် ရှိပြီ။ အဲဒါ ဘာဖြစ်လဲ”
“မိန်းကလေးတွေက ယောက်ျားလေးတွေထက် အသက်ရှည်တတ်ကြတယ်။ ငါ အသက် (၇၀) ရောက်ရင် မင်းက (၇၆) နှစ် ရှိပြီ။ ငါတို့ အတူတူ ဆံဖြူသွားကျိုး ဖြစ်ကြမှာပေါ့”
ရင်ခွင်ထဲက လူသားလေး လှုပ်ရှားလာသည်။
မေဝမ့်ရှူး အသံမထွက်ဘဲ ရယ်လိုက်သည်။
“အခု မင်းရဲ့အရွယ်၊ သွေးဆူနေတဲ့ အရွယ်မို့လို့ အတူတူ ဆံဖြူသွားကျိုး ဆိုတဲ့ စကားကို လွယ်လွယ် ပြောထွက်တာပေါ့”
“လင်စစ်ရှီလို အသက် (၃၀) အရွယ် ရောက်လာလို့ လောကဓံကို နားလည်လာရင်၊ သွေးဆူတာတွေ ကုန်ခမ်းပြီး နှလုံးသားထဲမှာ တွက်ရေးတွေပဲ ကျန်တော့ရင် အတူတူ ဆံဖြူသွားကျိုး ဆိုတဲ့ စကားကို ဘယ်တော့မှ ပြောတော့မှာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက စိတ်လိုက်မာန်ပါ မိုက်မဲခဲ့တာကိုပဲ နောင်တရနေတော့မှာ”
လော့ရှင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်လိုဖြစ်ပြီး လင်စစ်ရှီက ပါလာပြန်တာလဲ။ ကျန်းရှေ့မှာ သူ့အကြောင်း မပြောနဲ့”
သူ လက်ကို ပိုတင်းအောင် ဖက်လိုက်ပြီး ရင်ခွင်ထဲက လူကို သူ့ရင်ဘတ်နဲ့ ကပ်ထားလိုက်သည်။ ဇွတ်အတင်း ပြောသည်။
“ငါ အသက် (၆၀) (၇၀) ရောက်လည်း ငါ့သွေးက ပူနေတုန်းပဲ။ ရွှယ်ချင့်နဲ့ အတူတူ ဆံဖြူသွားကျိုး ဖြစ်ချင်နေတုန်းပဲ”
ပြင်းထန်ပြီး အားပါတဲ့ နှလုံးခုန်သံကြားမှာ မေဝမ့်ရှူး မနေနိုင်ဘဲ ရယ်လိုက်မိတယ်။
သူမ အသက်ရှူရ ကြပ်နေတဲ့ ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး ကိုယ်အနေအထား ပြောင်းလိုက်တယ်။ သူ့ရဲ့ ကျယ်ပြန့်တဲ့ ပခုံးပေါ် မေးတင်ပြီး ပါးပြင်ကို လည်ပင်းနဲ့ ကပ်ထားလိုက်တယ်။
လူသားတစ်ယောက်ရဲ့ နွေးထွေးတဲ့ အပူဓာတ်က အရေပြားကနေတဆင့် စီးဝင်လာတယ်။
သူမ သူ့နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ “အဲဒီစကားကို မှတ်ထားလိုက်။ မင်း အသက် (၆၀) ရောက်မှ ပြန်ပြော။ အဲဒီကျရင် ငါ ယုံပေးမယ်”
လော့ရှင်းယွမ်က မျက်နှာလွှဲပြီး သူမကို စိုက်ကြည့်ကာ ကတိပေးသည်။ “(၆၀) ကျရင် တစ်ခါ ပြောမယ်။ တကယ်လို့ (၇၀) အထိ အသက်ရှည်ရင် (၇၀) ကျရင် နောက်တစ်ခါ ထပ်ပြောမယ်”
မေဝမ့်ရှူးက တောက်လောင်နေသော မျက်ဝန်းများကို ရှောင်လွှဲပြီး သူ့ကိုယ်ပေါ် မှီကာ ပခုံးကြား မျက်နှာအပ်ပြီး ရယ်မောလိုက်သည်။
“ငါက မင်းထက် အများကြီး ကြီးတာ။ မင်း (၇၀) အထိ နေရတဲ့အချိန်ကျရင် ငါ မရှိတော့မှာကို မကြောက်ဘူးလား”
လော့ရှင်းယွမ် စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေသည်။ “မဖြစ်နိုင်ဘူး”
“တကယ်လို့ ရွှယ်ချင့် မရှိတော့ဘူးဆိုရင် ငါလည်း သိပ်မကြာခင် မင်းနောက် လိုက်လာမှာပဲ”
မေဝမ့်ရှူး၏ ရယ်သံ ရပ်တန့်သွားသည်။
နွေးထွေးသော ပခုံးကြားတွင် မျက်နှာအပ်ထားရင်း အကြာကြီး တိတ်ဆိတ်နေပြီးမှ... “အဲဒီလို မလုပ်ပါနဲ့”
မူလက လင်းလက်နေသော ညနေခင်း ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီပျိုးလာသည်။ လခြမ်းကွေးလေး တစ်စင်းသည် နန်းဆောင်များ၏ ခေါင်မိုးများ အထက်တွင် တွဲခိုနေသည်။
လရောင်အောက်တွင် မေဝမ့်ရှူး မော့ကြည့်လိုက်သည်။ အရက်နံ့ သင်းသင်းလေးနှင့်အတူ တိုးကပ်သွားပြီး နူးညံ့ပူနွေးသော နှုတ်ခမ်းထောင့်စွန်းကို ဖွဖွလေး နမ်းလိုက်သည်။
“ဒီည လသာတယ်” သူမ တိုးတိုးလေး ပြောသည်။ “ရှင်းယွမ်... ငါ့ကို ဖက်ထားပေးပါလား”
*** *** ***