← Chapters

အဘယ်ကြောင့် အလွန်ယုံကြည်မှုရှိနေသနည်း

Vol. 178 Ch. 2543

အဘယ်ကြောင့် အလွန်ယုံကြည်မှုရှိနေသနည်း

Vol. 178 Ch. 2543

အခြားတိုက်ပွဲမှာလည်း လျင်မြန်စွာပင် ပြီးဆုံးသွားသည်။ အင်ပါယာရှီနှင့် ဆေးအင်ပါယာတို့ပူးပေါင်း၍ ထိုက်ချူတော်ဝင်မြေရှိ နောက်ထပ်ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ပစ်နိုင်ခဲ့၏။

ထိုအခြေအနေတွင် ထိုက်ချူတော်ဝင်မြေသည် ကပ်ဘေးအဆင့်ကျင့်ကြံသူ နှစ်ဦးကို ထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်သည်။

ထိုက်ချူတော်ဝင်မြေသည် တစ်ချိန်က ကပ်ဘေးအဆင့်ကျင့်ကြံသူ လေးဦးရှိခဲ့ဖူး၏။ သို့သော် ထိုထဲမှ တစ်ယောက်သည် ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယနေ့တွင် သူတို့သည် နောက်ထပ်နှစ်ယောက် ထပ်မံဆုံးရှုံးခဲ့၏။ ထိုက်ချူတော်ဝင်အင်ပါယာသာ ကျန်တော့သည်။ တစ်ချိန်က စည်ပင်ဝပြောခဲ့သော ထိုက်ချူတော်ဝင်မြေသည် ပျက်သုဉ်းခဲ့ပေပြီ။ ထိုက်ချူတော်ဝင်မြေမှ အသက်ရှင်ကျန်ရစ်နေသေးသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ခံစားချက်များပြည့်နှက်လာသည်။ အပြင်မှ စောင့်ကြည့်နေသော အပြင်လူများသည်လည်း ဝမ်းနည်းစိတ်မကောင်းမှုကို ခံစားလိုက်ကြရသည်။

ထိုအရာအားလုံးသည် အမှန်ဖြစ်နိုင်ပါသလော။

ထိုနေ့တွင် ထိုက်ချူကုန်းမြေ၏ သင်ကြားရေးတော်ဝင်မြေသည် ပျောက်ကွယ်သွားတော့မည်လော။

ယခုတွင် တိုက်ပွဲတစ်ခုသာကျန်တော့ပေသည်။ ထိုအခိုက်တွင် ထိုက်ချူတော်ဝင်အင်ပါယာသည် အပြင်းအထန်တိုက်ခိုက်နေသည်။ ထိုတိုက်ပွဲသည် မြင့်မားသောကောင်းကင်ထက်တွင် ဖြစ်ပြီး မဟာလမ်းစဉ်စက်ကွင်းက လွှမ်းခြုံထား၏။ ထိုတိုက်ပွဲသည် အကန့်အသတ်များအတွင်း ဖြစ်ပျက်နေသော တိုက်ပွဲဖြစ်သဖြင့် အပြင်မှလူများသည် ကြောက်မက်ဖွယ်အရှိန်အဝါ အတက်အကျများကိုသာ ခံစားနိုင်ပြီး စက်ကွင်းအတွင်း၌ ဖြစ်နေသော အရာတစ်ခုကိုမှ မမြင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် တိုက်ပွဲ၏ အခြေအနေအသေးစိတ်ကို မသိကြပေ။

ထိုက်ချူတော်ဝင်အင်ပါယာသည် သူတို့၏တိုက်ပွဲအရှိန်ကြောင့် ထိုက်ချူတော်ဝင်မြေပျက်စီးသွားမည်ကို ကာကွယ်ရန်ကြိုးစားနေသကဲ့သို့ မြင့်မားသောကောင်းကင်ထက်တွင် တိုက်ခိုက်ရန် ‌‌ရွေးချယ်ခဲ့ပုံပေါ်၏။

ထိုပြင်းထန်သောတိုက်ပွဲသည် အရေးအပါဆုံး တိုက်ပွဲဖြစ်သည်။ ထိုက်ချူတော်ဝင်အင်ပါယာသာ သူ၏ရန်သူများကို သတ်ပစ်နိုင်ခဲ့ပြီး ကျူးကျော်လာသူအားလုံးကိုရှင်းထုတ်နိုင်ခဲ့ပါက အခြေအနေသည် ပြောင်းပြန် ပြန်ဖြစ်သွားနိုင်ပေသည်။

ထိုက်ချူတော်ဝင်အင်ပါယာသည် ထိုက်ချူတော်ဝင်မြေတစ်ခုလုံးကို ကယ်တင်နိုင်မည်လော။

ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများသည် ထိုကဲ့သို့မျှော်လင့်နေကြ၏။ ထိုက်ချူတော်ဝင်မြေအပြင်မှလူများသည်လည်း ထိုသို့ပင် မျှော်လင့်နေကြ၏။

ထိုမျှော်လင့်ချက်သည် သူတို့၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။

ထိုအခိုက်တွင် မြင့်မားသောကောင်းကင်ထက်ရှိ အကန့်အသတ်စက်ကွင်းထဲတွင် သူတို့နှစ်ဦးထက် ပိုရှိနေ၏။ ထိုက်ချူတော်ဝင်အင်ပါယာနှင့် သခင်ချန်တို့အပြင် ထိုတိုက်ပွဲစက်ကွင်းထဲ၌ သူတို့နှင့်အတူ တတိယတစ်ယောက် ရှိနေ၏။ သူသည် ပွဲကြည့်သူတစ်ဦးကဲ့သို့ သခင်ချန်၏နောက်တွင် ရပ်နေသည်။ သူ၏ရှည်လျားသောဝတ်ရုံသည် လေထဲတွင်လွင့်နေသည်။ ထိုသူသည် ရီဖူရှင်းမှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်း။

ထိုနေရာတွင် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်‌ဘေးကို ကျော်လွှားနိုင်ခဲ့သည့် ထိပ်သီးနှစ်ဦးတိုက်ခိုက်နေသော်လည်း သူသည် ထိုတိုက်ပွဲစက်ကွဲအတွင်းသို့ဝင်၍ တိုက်ပွဲကို ကြည့်ဝံ့ပေသည်။

တိုက်ပွဲစက်ကွင်းအတွင်း၌ စွမ်းအားကြီးအဖျက်စွမ်းအားပါဝင်သော မမြင်နိုင်သည့်အရှိန်အဝါတစ်ခုက လွှမ်းခြုံထား၏။ ထိုအရှိန်အဝါသည် အနည်းငယ်ဗြောင်းဆန်နေပြီး စကြဝဠာကြီးကို ပထမဆုံးဖန်ဆင်းခဲစဉ်က အရှိန်အဝါနှင့် တူညီကာ မဟာအထွတ်အထိပ်အငွေ့အသက်တစ်ခုကို ပေးနေ၏။

ထိုက်ချူတော်ဝင်အင်ပါယာနောက်တွင် ယင်ယန်တြိသဏ္ဍာန်ရှစ်ခုပေါ်ပေါ်လာသည်။ ထိုသဏ္ဍာန်များသည် ဖြည်းညင်းစွာလည်ပတ်နေပြီး ၎င်းတို့ထံမှ နတ်အလင်းတန်းများစတင်ထွက်ပေါ်လာသည်။

သခင်ချန်၏မျက်နှာထားသည် အတော်လေးတည်ငြိမ်နေပြီး သူ့လက်ထဲတွင် ကြယ်တာရာနှင်တံကို ကိုင်ဆောင်ထား၏။ ထိုယောက်ယက်ခတ်နေသော လေထုထဲတွင် ကြယ်တာရာများသည် ကောင်းကင်၌ နေရာယူထားကြ၏။ ကြယ်တာရာနတ်အလင်းများသည် သခင်ချန်ပေါ်သို့ ဖြာကျနေပြီး ၎င်းအလင်းများသည် သူနှင့်တစ်သားတည်းဖြစ်သွားသည်။ ထို့ကြောင့် ကြယ်တာရာအလင်းများသည် ပို၍တောက်ပလာပြီး ထိုပရမ်းပတာနေရာကို အလင်းပေးနေ၏။

ထိုက်ချူတော်ဝင်အင်ပါယာသည် အမှန်ပင် လွန်စွာသန်မာပေသည်။ သူသည် မမှိတ်မိနိုင်လောက်အောင်ပင် ရှည်ကြာသည်အထိ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူတစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သူ၏ပါရမီသည် ထူးချွန်သည်ဟု ဆိုနိုင်သော်လည်း ထိပ်တန်းအဆင့်မဟုတ်ခဲ့ပေ။ သို့သော် သူသည် ကံကောင်းထောက်မစွာဖြင့် စစ်မှန်သောထိုက်ချူဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်ရန် အခွင့်အရေးရခဲ့၏။ ထို့ကြောင့် သူသည် ထိုက်ချူတော်ဝင်မြေကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူသည် ထိုက်ချူကုန်းမြေတွင် သင်ကြားပြသပေးသော ထိုက်ချူတော်ဝင်အင်ပါယာဖြစ်လာခဲ့ပြီး အားလုံး၏ ရိုသေလေးစာမှုကိုလည်း ခံခဲ့ရ၏။

နောင်တွင် သူ၏ကျင့်ကြံခြင်းသည် ပို၍နက်ရှိုင်းလာပြီး သူ၏အင်အားလည်း တိုးတက်လာရာ သူ၏ရည်မှန်းချက်များပါ ပို၍ကြီးမားလာခဲ့ကာ လောကတစ်ခုလုံးကိုပင် သင်ကြားလိုလာခဲ့သည်။ သူသည် မဟာအင်ပါယာ၏နည်းလမ်းများကို သက်သေပြရန် ကျင့်ကြံခြင်း၏နောက်ဆုံးအထွတ်အထိပ်အဆင့်သို့ တက်လှမ်းလိုခဲ့ပြီး ဘုံအားလုံးတွင် သင်ကြားပြသလိုခဲ့သည်။ ထို့ကြောင့် မူလဘုံ၏ဂိတ်တံခါးပွင့်သွားသောအခါ မူလဘုံတွင် သင်ကြားပြသရန် လူတစ်စုကို စေလွှတ်၍ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ခြင်းပင်။

နောက်ပိုင်းတွင် မူလဘုံ၌ ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပေါ်လာရာ ထိုက်ချူတော်ဝင်မြေသည်လည်း ရိုက်ခတ်မှုများကို ခံခဲ့ရသည်။ ထိုက်ချူဓားသခင်အသတ်ခံလိုက်ရသောအခါ ထိုက်ချူတော်ဝင်အင်ပါယာသည် အဆင့်နိမ့်ကမ္ဘာများကိုသွား၍ ကိုယ်တိုင်ဖြေရှင်းရန် ဖိအားပေးခံခဲ့ရသည်။ သို့သော် မမျှော်လင့်စွာပင် သူသည် လေးမျက်နှာကျေးရွာ၏ ဆရာသခင်၏ ‌မောင်းထုတ်ခြင်းကို ခံခဲ့ရ၏။ ထိုကိစ္စများအားလုံးက သူ၏ မဟာအင်ပါယာအဆင့်သို့တက်လှမ်းလိုသည့်ဆန္ဒကို ပို၍ပင်အားကောင်းလာစေသည်။

သို့သော် ထိုနေ့သို့မရောက်ခင်မှာပင် ရီဖူရှင်းသည် ဤအဆင့်အထိသန်မာလာပြီး စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်ကာ ထိုက်ချူတော်ဝင်မြေကို တိုက်ခိုက်ခဲ့သည်။ ရီဖူရှင်းသည် ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီး၍ ထိုက်ချူတော်ဝင်အင်ပါယာကို သူ့နယ်ထဲမှာပင် သတ်ဖြတ်လိုနေသည်။

ထိုက်ချူတော်ဝင်အင်ပါယာသည် သူတို့နှစ်ဦးကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက်တွင် သူသည် လက်ဝှေ့ယမ်းလိုက်ရာ သူ့နောက်ရှိ ယင်ယန်တြိသဏ္ဍာန်ရှစ်ခုသည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စတင်စုပ်ယူလိုက်၏။ ရုတ်ခြည်းပင် ထိုယင်ယန်တြိသဏ္ဍာန်ရှစ်ခုသည် လည်ပတ်လာပြီး ထိုအာကာပြင်နှင့် ‌ပေါင်းစည်းသွားသည်အထိ ပြန့်ကားသွားသည်။ သူတို့ရှိနေသော လောကတစ်ခွင်လုံးသည် ယင်ယန်တြိသဏ္ဍာန်ရှစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်ရ၏။

ထိုလောကအတွင်း၌ မရေမတွက်နိုင်အောင်များပြားသည့် သေးငယ်သော ယင်ယန်တြိသဏ္ဍာန်ရှစ်ခု ပုံစံများ ထွက်‌ပေါ်လာ၏။ ၎င်းတို့မှနေ၍ အဖျက်စွမ်းအားအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

“မင်းတို့သေသွားပြီးရင် ငါ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်မယ်”

ထိုက်ချူတော်ဝင်အင်ပါယာက ရီဖူရှင်းနှင့် သခင်ချန်တို့ကိုကြည့်၍ ကြုံးဝါးလိုက်၏။ သူသည် ထိုသို့ပြောလိုက်ရင်း သူ၏လက်ဖဝါးကို အောက်ဘက်သို့ ရိုက်ချလိုက်၏။ ထိုယင်ယန်တြိသဏ္ဍာန်ရှစ်ခု ပုံစံများမှနေ၍ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးရန် နတ်ပြစ်ဒဏ်စွမ်းအား အားလုံးပါဝင်သည့် မရေမတွက်နိုင်သောများပြားသော လျှပ်စီးများထွက်ပေါ်လာသည်။

ထိုအားသည် သာမန် လျှပ်စီးမဟာလမ်းစဉ်ထက်ပင် သာလွန်ပေသည်။ ထိုလျှပ်စီးများအတွင်း၌ စစ်မှန်သောထိုက်ချူဝိညာဉ်စွမ်းအား ပုန်းအောင်းနေပြီး ယင်းလျှပ်စီးအားများသည် လောကကြီးကို ပထမဆုံးဖန်ဆင်းခဲ့စဉ်က ရှိခဲ့သည့် ကမ္ဘာဦးအားတစ်ခုကဲ့သို့ပင် စွမ်းအားကြီး၏။

ကြယ်တာရာများစွာသည် အက်ကြောင်းများစတင်ပေါ်လာပြီး ပေါက်ကွဲသွား၏။ သခင်ချန်၏မျက်နှာထားသည် ညိုမှိုင်းသွားပြီး သူ၏နှင်တံကို ရှေ့သို့ဆန့်ထုတ်လိုက်၏။ ရုတ်တရက် ပြိုင်ဘက်ကင်းမဟာအင်ပါယာအရောင်အဝါတစ်ခု တောက်ပလာပြီး ကောင်းကင်ထက်ရှိ ကြယ်တာရာများကို လွှမ်းခြုံသွားကာ ယင်းတို့ကို လျှပ်စီးများကျဆင်းလာလျှင်ပင် ခံနိုင်ရည်ရှိ၍ မတုန်မလှုပ်ရှိနေစေရန် အစွမ်းမြှင့်ပေးလိုက်၏။

ထိုက်ချူတော်ဝင်အင်ပါယာ၏ မျက်နှာထားသည် မပြောင်းလဲ‌သေးပေ။ ထိုယင်ယန်တြိသဏ္ဍာန်ရှစ်ခု ပုံစံများမှ နတ်ဓားများထွက်ပေါ်လာသည်။ ထိုနတ်ဓားများသည် အံ့အားသင့်ဖွယ်စွမ်းအားများပါဝင်သည့် ထိုက်ချူနတ်ဓားများဖြစ်သည်။ ၎င်းနတ်ဓားသန်းပေါင်းများစွာသည် ထိုနေရာရှိကောင်းကင်ကို ဖျက်ဆီးတော့မည့်အလား တစ်ချိန်တည်းကျဆင်းလာ၏။

ရီဖူရှင်းသည် သခင်ချန်၏ဘေးသို့ ရောက်သွားသည်။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုသည် လွန်စွာအန္တရာယ်ကြီးပေသည်။

မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများသည် ထိုလောကတစ်ခုလုံးတွင် ပြည့်နှက်သွားသည်။ ထိုထိုက်ချူနတ်ဓားများသည် ကြယ်တာရာများကို ထွင်း‌ဖောက်သွားပြီး ယင်းကြယ်တာရာများပေါ်တွင် အက်ကြောင်းများပေါ်လာစေကာ ၎င်းတို့၏တိုက်ခိုက်မှုသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြနေပေသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်ရှိ ကြယ်တာရာအားလုံးသည် တစ်ပြိုင်တည်း ကြယ်တာရာနတ်အလင်းများ တောက်ပလာသည်။ ထိုအဆုံးမဲ့ ကြယ်တာရာနတ်အလင်းများသည် သခင်ချန်အပေါ်သို့ ဖြာကျနေပြီး အမတကြယ်တာရာများအဖြစ် ပြောင်းလဲသွားသည်။ သခင်ချန်သည် ထိုက်ချူ‌တော်ဝင်အင်ပါယာရှိနေသောဘက်သို့ လျှောက်သွားလိုက်၏။

ဝုန်း...ဝုန်း...ဝုန်း...

ထိုနတ်ဓားများသည် ကြယ်တာရာများကို ဆက်လက်တိုက်ခိုက်နေသော်လည်း ယင်းအမတကြယ်တာရာများကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုက်ချူတော်ဝင်အင်ပါယာ၏မျက်နှာထားသည် အေးစက်သွားပြီး အထက်စီးဆန်သွားသည်။ ယခုတွင် ကောင်းကင်ထက်ရှိ နတ်အလင်းအားလုံးသည် သူ့အပေါ်တွင် စုဝေးနေပေပြီ။ သူ့လက်သီးနှစ်လုံးသည် ရှေ့သို့ထိုးနှက်လိုက်၏။ သူ၏လက်သီးအရောင်အဝါသည် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားကာ အာကာဟင်းလင်းပြင်ကို နတ်ဘုရားများ၏ လက်သီးများအလား ထိုးဖောက်သွားသည်။

ပို၍ပြင်းထန်သောမြည်ဟည်းသံကြီးများကို ကြားလိုက်ရပြီး သခင်ချန်ကို ရှေ့သို့ဆက်မတိုးနိုင် ဖြစ်နေစေ၏။ အမတကြယ်တာရာများပေါ်တွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာသည်။ သို့သော် သခင်ချန်သည် သူ၏နှင်တံကို ကိုင်ထားဆဲဖြစ်သည်။ ကောင်းကင်ရှိ ကြယ်တာရာအားလုံးသည် သူ့ကိုဗဟိုပြု၍ လည်ပတ်နေ၏။ သူသည် သူ့လက်ထဲရှိ နှင်တံကို‌ ဝှေ့ယမ်းလိုက်သောအခါ ကြယ်တာရာအာလုံးသည် ထိုက်ချူတော်ဝင်အင်ပါယာထံသို့ ရုတ်ခြည်းပျံထွက်သွားကြသည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများသည် တိုက်ရိုက်ထိခတ်သွားကြသည်။ ထိခတ်မှုအရှိန်အဟုန်သည် လွန်စွာအံ့အားသင့်ဖွယ်ကောင်းပေသည်။

ရီဖူရှင်းကို အမတကြယ်တာရာများက ကာကွယ်ပေးလိုက်၏။ သခင်ချန်သည် သူ့ကို ကာကွယ်ပေးနေပေသေးသည်။ သူသည် မြေကြီးကိုပင် ကွဲအက်သွားစေနိုင်လောက်သည်အထိ ပြင်းထန်သော ထိုတိုက်ပွဲကို ဘေးမှကြည့်သူနေသူတစ်ဦးသာဖြစ်ပြီး ထိုတိုက်ပွဲတွင် တိုက်ရိုက်ဝင်မပါခဲ့ပေ။

အဆုံးမဲ့ကြယ်တာရာများသည် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တိုက်ခိုက်လိုက်၏။ သို့သော် ထိုက်ချူတော်ဝင်အင်ပါယာကို မထိခိုက်စေနိုင်ပေ။ သူ၏ အဆုံးမဲ့နတ်ဓားများနှင့် နတ်လက်သီးသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ပေသည်။

ဝုန်း...

ပြင်းထန်သော အဆုံးမဲ့အားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးသည် ရုတ်တရက် မည်းမှောင်သွားသည်။ အဆုံးမဲ့ကြယ်တာရာနတ်အလင်းများသည် အတူတကွစုဝေးလာပြီး သခင်ချန်၏လက်ထဲရှိ နှင်တံသည် ယင်းကြယ်တာရာနတ်အလင်းများနှင့် ပေါင်းစည်းသွားကာ ကြယ်တာရာနှင်တံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အင်ပါယာချန်သည် အေးစက်စက်မျက်နှာထားဖြင့် ကြည့်လိုက်၏။ ကောင်းကင်ထက်ရှိ ယင်ယန်တြိသဏ္ဍာန်ရှစ်ခုပုံစံများမှ ထွက်ပေါ်နေသည့် ထိုက်ချူနတ်အလင်းများသည် အတူတကွစုဝေးလိုက်၏။ အဆုံးမဲ့မိုးကြိုးလျှပ်စီးများနှင့် ဓားဝိညာဉ်စွမ်းအားသည် ပေါင်းစည်းသွားပြီး စစ်မှန်သော လျှပ်စီးကပ်ဘေးဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ ထိုဓားသည် စစ်မှန်သော ထိုက်ချူဝိညာဉ်စွမ်းအားပါဝင်သည့် ခရမ်းရောင်နတ်ဓားတစ်ချောင်းဖြစ်သည်။ ယင်းနတ်ဓားသည် အာကာပြင်တစ်ခုလုံးကို အလင်းဆောင်နေ၏။ ၎င်းသည် ပြိုင်ဘက်ကင်း အဖျက်စွမ်းအားများနှင့် ပြည့်နှက်နေပေသည်။

ထိုအဖျက်စွမ်းအားလှိုင်းများအကြားတွင် ကြယ်တာရာနှင်တံနှင့် ခရမ်းရောင်နတ်ဓားတို့သည် တွေ့ဆုံ ထိခတ်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် အာကာပြင်တစ်ခုလုံးသည် တစ်စစီဖြစ်သွားသည်ဟုထင်လိုက်ရပြီး သူတို့၏ခန္ဓာကိုယ်အတွင်းသို့ အဆုံးမဲ့ မဟာလမ်းစဉ်နတ်အရှိန်အဝါများ စီးဆင်းသွားပြီးနောက် ထိုအရှိန်အဝါများသည် သူတို့ကိုင်ဆောင်သော ဓားများအတွင်းသို့ ဆက်လက်စီးဝင်သွားသည်။ ထို့နောက် သူတို့သည် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန် သူတို့၏လက်နက်များကို လွှဲယမ်းလိုက်၏။

ရီဖူရှင်းသည် တိုက်ပွဲကိုကြည့်နေရင်း ထိုက်ချူကုန်းမြေကို နှစ်ပေါင်းများစွာ အုပ်စိုးနိုင်ခဲ့သော ထိုက်ချူတော်ဝင်အင်ပါယာသည် သခင်ချန်ထက်များစွာ အင်အားပိုကြီးကြောင်း လက်ခံလိုက်ရသည်။ သခင်ချန်သာ နှင်တံကိုအသုံးမပြုခဲ့ပါက အရေးနိမ့်နေလောက်ပြီဖြစ်သည်။

ထို့အပြင် ထိုက်ချူတော်ဝင်အင်ပါယာသည် နတ်လက်နက်များကိုပင် အသုံးမပြုခဲ့ရာ သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုကို လွန်စွာယုံကြည်မှုရှိပုံပေါ်၏။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် အင်ပါယာလက်နက်များမှလွဲ၍ အခြားနတ်လက်နက်များသည် သူ့အတွက် များစွာအသုံးမဝင်တော့ခြင်း ဖြစ်နိုင်ပေသည်။ သူ၏ထိုက်ချူအားတစ်ခုနှင့်ပင် မည်သည့် အခြားနတ်လက်နက်မျိုးထက်မဆို ပို၍စွမ်းအားကြီးနေပြီဖြစ်သည်။

ထိုက်ချူတော်ဝင်အင်ပါယာ၏မျက်လုံးများသည်ပင် ခရမ်းရောင်အဖြစ်ပြောင်းလဲသွားပြီး သူ၏ရန်သူကို နတ်အလင်းများပစ်လွှတ်လိုက်၏။ သခင်ချန်၏ မျက်လုံးများသည်လည်း သူ့ရန်သူ၏မျက်လုံးများနှင့် စုံသွားသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် သူတို့၏စွမ်းအားအကုန်ထုတ်သုံးနေပေသည်။

ရွှီး...ရွှီး...

စူးရှသောအသံတစ်သံထွက်ပေါ်လာပြီး နတ်ဓားနှစ်ချောင်းသည် ထိခတ်သွားကာ တစ်ချိန်တည်းမှာပင် ကျိုးပျက်သွား၏။ သို့သော် ထိုလူနှစ်ယောက်သည် တစ်ယောက်ဆီသို့တစ်ယောက် သွားနေကြဆဲပင်။ သူတို့၏ခန္ဓာကိုယ်များအတွင်းမှ ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ အများအပြားထွက်ပေါ်လာသည်။ သို့သော် သူတို့နှစ်ဦးလုံးသည် နောက်သို့ခြေတစ်လှမ်းပင် ပြန်မဆုတ်လိုက်ပေ။

ရွှီး...

သခင်ချန်၏ပတ်ပတ်လည်ရှိ ကြယ်တာရာနတ်အလင်းသည် ကြယ်တာရာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ‌ရှေ့သို့ဆက်ပျံထွက်သွားသည်။ ထိုက်ချူတော်ဝင်အင်ပါယာသည် စစ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲလိုက်၏။ သူ၏ခန္ဓာကိုယ်သည် ပြန့်ကားနေပြီး သူ၏လက်သီးနှစ်လုံးသည် တစ်ပြိုင်တည်း ရှေ့သို့ထိုးထွက်လာပြီး ဧရာမကြယ်တာရာကြီးကို ထိုးချလိုက်၏။

ကြောက်မက်ဖွယ်စွမ်းအားသည် ၎င်း၏လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ ရီဖူရှင်းသည် အဝေးတစ်နေရာသို့ ရောက်သွားသည်။ သို့သော် သူသည် တိုက်ပွဲကို ကြည့်ရုံသာကြည့်နေပြီး ဝင်မပါ‌သေးပေ။ ထိုတိုက်ပွဲသည် သခင်ချန်အတွက် ကောင်းမွန်သောစစ်ဆေးမှုဖြစ်သည်ဟု သူတွေးလိုက်၏။ ထိပ်သီးနှစ်ဦး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသည် အလွန်ရှားပါးပေသည်။ ရီဖူရှင်းသည် ထိုအဆင့်ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကြိမ်ကြိမ်တိုက်ခိုက်နေသည်။ သူတို့၏အရှိန်အဝါများသည် မတည်မငြိမ်ဖြစ်လာပြီး အားနည်းလာသည်။ သူတို့သည် စွမ်းအားကြီးတိုက်ခိုက်မှုများကို ခံခဲ့ရသည်မဟုတ်ပါလား။ တဖြည်းဖြည်းဖြင့် သူတို့သည် ဒဏ်ရာများရရှိလာ၏။

သို့သော် သူတို့နှစ်ဦးလုံးသည် မရှုံးမပေးသေးဘဲ ရူးသွပ်ပြင်းထန်သော တိုက်ပွဲကို ဆက်လက်တိုက်နေဆဲဖြစ်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး သတ်လိုနေကြ၏။

နောက်ဆုံးတွင် နောက်ထပ်တိုက်ခိုက်မှုတစ်ခု ကျဆင်းလာ၏။ မရေမတွက်နိုင်အောင် များပြားသော ကြယ်တာရာများသည် လေထုကိုဖိနှိပ်ဖြတ်သန်းကာ ထိုက်ချူတော်ဝင်အင်ပါယာထံသို့ ထပ်မံကျဆင်းသွားသည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့လျှပ်စီးနတ်ဓားများသည်လည်း သခင်ချန်ကို သတ်ဖြတ်ရန် ကျဆင်းလာသည်။ သူတို့သည် သူတို့၏လက်နက်များကို ကာကွယ်ရန်အသုံးမပြုခဲ့ဘဲ တစ်ယောက်ကိုတစ်ယောက် သတ်ရန်သာ အသုံးပြုခဲ့၏။

ဝုန်း....

ထိုက်ချူတော်ဝင်အင်ပါယာနှင့် သခင်ချန်တို့ နှစ်ဦးစလုံးသည် တစ်ဦး၏ပြင်းထန်သောတိုက်ခိုက်မှုများကို တစ်ဦးကခံလိုက်ရသည်။ အခိုးအငွေ့များပျောက်ကွယ်သွားသောအခါ သူတို့၏အရှိန်အဝါသည် အတော်လေးအားနည်းနေပြီး နှစ်ဦးစလုံးသည် ဒဏ်ရာများလည်းရနေသည်ကို တွေ့လိုက်ရသည်။

သူတို့သာ ဆက်၍တိုက်ခိုက်နေလျှင် နှစ်ယောက်စလုံးသေဆုံးသွားတော့မည်ဖြစ်သည်။

“ဒီတိုက်ပွဲကို အဆုံးသတ်ရမယ့်အချိန် ရောက်လာပြီ”

ရီဖူရှင်းသည် သူ့ကိုယ်သူ ပြောလိုက်၏။ သူသည် ထိုက်ချူတော်ဝင်အင်ပါယာကိုကြည့်၍ မေးလိုက်၏။

“ခင်ဗျား မသေခင် ဘာပြောချင်သေးလဲ”

ထိုက်ချူတော်ဝင်အင်ပါယာသည် ထိုက်ချူကုန်းမြေကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သူဖြစ်သည်။ ထိုကဲ့သို့သောသူတစ်ယောက်၏ သေဆုံးသွားမှုကို ပူဆွေးကြမည်ဖြစ်ပြီး သူ၏ရန်သူများပင် စိတ်မကောင်းဖြစ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် သူမသေခင်တွင် ပြောလိုသည့်စကားများ ရှိသေးသလောဟု မေးလိုက်ခြင်းပင်။

“နောက်ဆုံးစကားလား”

ထိုက်ချူတော်ဝင်အင်ပါယာသည် ရီဖူရှင်းကို ကြည့်၍ အေးစက်စက်ပြောလိုက်၏။

“မင်း ဘယ်ကနေပြီး ဒီလိုယုံကြည်မှုတွေ ရလာတာလဲ”

ထိုက်ချူတော်ဝင်အင်ပါယာက ထိုသို့ပြောလိုက်ပြီးနောက် ချက်ချင်းပင် ရီဖူရှင်းထံသို့ ထိုက်ချူဓားများ ကျဆင်းလာသည်။ သခင်ချန်၏ကာကွယ်ပေးနေမှုကြောင့်သာ မဟုတ်လျှင် သူသည် ရီဖူရှင်းကို အစောကတည်းက တိုက်ခိုက်ခဲ့ပြီဖြစ်သည်။

သို့သော် ထိုတိုက်ခိုက်မှု ကျဆင်းလာသောအခါ ရီဖူရှင်းကို စွမ်းအားကြီးအရှိန်အဝါတစ်ခုက လွှမ်းခြုံသွားသည်။ သူ့ကိုဗဟိုပြု၍ ထိုနေရာတစ်ခုလုံးသည် သူ၏အလုံးစုံထိန်းချုပ်မှုအောက်သို့ ‌ရောက်သွားသကဲ့သို့ပင်။ ထိုနေရာတစ်ခုလုံးသည် ရပ်တန့်သွား၏။ ထိုက်ချူနတ်ဓားများသည် သူ့ပေါ်သို့ မကျဆင်းလာနိုင်တော့ပေ။

ထိုက်ချူတော်ဝင်အင်ပါယာသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး သူသည်လည်း ရီဖူရှင်း၏အရှိန်အဝါ၏ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး၏ အဟုန်ကိုသယ်ဆောင်ထားပြီး မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သော ကျင့်ကြံသူများထက်ပင် ပို၍အားကောင်းပေသည်။

“သူက ကျုံးမြောင်ကို လက်နက်တွေ၊ ပြင်ပအားတွေကို မသုံးဘဲ သူ့ရဲ့စွမ်းအားနဲ့ပဲ သတ်ခဲ့တာပဲ”

ထိုက်ချူတော်ဝင်အင်ပါယာက ထိုအကြောင်းကို အမှတ်ရသွားပြီး ရင်တုန်သွား၏။ ရီဖူရှင်း၏အင်အားသည် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူတစ်ယောက်ကိုပင် သတ်ပစ်နိုင်ရန် လုံလောက်ပေသည်။

All Chapters