← Chapters

အခန်း (၁၃၈)

Vol. 14 Ch. 138

အခန်း (၁၃၈)

Vol. 14 Ch. 138

138 01

အခန်း 138

ယနေ့တွင် ယဲ့ချန်းကော်သည် ဧကရာဇ်နှင့် ဧကရီ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ရန်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရန် ကျစ်ချန်နန်းဆောင်သို့ တစ်ဦးတည်း ဝင်ရောက်ခစားခွင့် ရရှိလေသည်။

နန်းတော်သို့ မဝင်ရောက်မီကပင် သူသည် မင်္ဂလာပွဲကျင်းပရေးအတွက် တာဝန်ယူမည့်သူများကို စိတ်ကူးဖြင့် ရွေးချယ်ထားပြီး ဖြစ်သည်။

ဧကရာဇ်၏ ရှေ့မှောက်တွင် သူက လေးလေးနက်နက် လျှောက်တင်လေသည်။

“ဒီတစ်ခေါက် နန်ဟယ်မင်းသမီးရဲ့ မင်္ဂလာပွဲကို တာဝန်ယူ စီစဉ်ပေးခဲ့တဲ့ ဓလေ့ထုံးတမ်းရေးရာဌာန လက်ထောက်အမတ် လီရွှယ်ချန်းနဲ့ မင်္ဂလာပွဲ ဦးစီးကျင်းပသူ စစ်ဘက်ရေးရာအမတ် လင်စစ်ရှီ... အရှင်၊ ဒီနှစ်ယောက်က အခုလို မင်းသမီးတစ်ပါးရဲ့ မင်္ဂလာဆောင်ကို စီစဉ်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိပြီးသားဆိုတော့၊ ဧကရာဇ်ရဲ့ မင်္ဂလာပွဲကိုလည်း သူတို့ပဲ ဆက်လက် စီမံခန့်ခွဲခိုင်းရင် သင့်တော်မယ်လို့ ထင်ပါတယ်...”

လော့ရှင်းယွမ်သည် စကားတစ်ဝက်၌ပင် ဖြတ်ပြောလိုက်သည်။

“လင်စစ်ရှီကို မရွေးနဲ့”

ယဲ့ချန်းကော်သည် အံ့အားသင့်သွားလေသည်။

သူ၏ တပည့်ကြီးအတွက် ဘာကြောင့် မရွေးတာလဲဟု မေးရန် တုံ့ဆိုင်းနေစဉ်မှာပင် လော့ရှင်းယွမ်က သူ့ကို ဦးစွာ မေးမြန်းလိုက်သည်။

“လက်ထောက်အမတ် လီရွှယ်ချန်း ဆိုတဲ့လူ... ငါ မှတ်မိသလောက် အသက် (၃၀) ဝန်းကျင် ရှိပြီမလား။ အိမ်ထောင်ကျတာလည်း ကြာပြီထင်တယ်”

ယဲ့ချန်းကော်က အလျင်အမြန် ပြန်လည်ဖြေကြားသည်။ “လီအမတ်က အိမ်ထောင်ကျတာ ကြာပါပြီ။ သားသမီးလည်း စုံပါတယ်။ အိမ်ထောင်ရေး ကံကောင်းတဲ့သူမို့ ဧကရာဇ် စိတ်ချပါ”

လော့ရှင်းယွမ်ကမူ စိတ်မချနိုင်ပေ။

စုတ်တံရိုးဖြင့် စားပွဲကို ဖြည်းညှင်းစွာ ခေါက်ရင်း ထပ်မေးသည်။ “လီအမတ်မှာ သားသမီးစုံတယ်ဆိုတာ... အကုန်လုံး တရားဝင် ပဏာမဇနီးက မွေးတာလား။ သူ မယားငယ် ယူထားသေးလား”

ယဲ့ချန်းကော်မှာ အမေးခံလိုက်ရပြီး ဆွံ့အသွားလေသည်။

“အဲဒါကတော့... သားကြီးကတော့ ပဏာမဇနီးက မွေးတာ သေချာပါတယ်။ နောက်က သားသမီးတွေကတော့ သိပ်မသေချာဘူး။ ဒါပေမယ့် သူ့အိမ်မှာ ကိုယ်လုပ်တော် ရှိတာတော့ ဟုတ်တယ်။ ကျွန်တော်မျိုး မှတ်မိသေးတယ်... ကိုယ်လုပ်တော် ယူတုန်းက လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ပြီး စားပွဲသောက်ပွဲ လုပ်သေးတာ...”

“ဒါဆို ထပ်မေးနေစရာ မလိုတော့ဘူး။ လီအမတ်လည်း မဖြစ်ဘူး”

လော့ရှင်းယွမ်သည် စုတ်တံကို ကိုင်ပြီး စားပွဲပေါ်ရှိ စာရင်းထဲမှ လီအမတ်၏ အမည်ကို ဖြတ်ပစ်လိုက်လေသည်။

ကျန်နေသော အမည်အနည်းငယ်ကို ရေတွက်ကြည့်ပြီး ယဲ့ချန်းကော်ကို မေးလိုက်သည်။

“တိုင်းခြားရေးရာအမတ် ယွီကွမ်းကျုံး ဆိုတဲ့လူက ဘယ်လိုလဲ”

ယဲ့ချန်းကော်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

“ယွီအမတ်ကတော့... လူကြီးလူကောင်း ပီသပါတယ်။ အဂတိကင်းရှင်းတယ်။ ဒါပေမယ့် ယွီအမတ်က တိုင်းခြား ဧည့်သည်တော်တွေကို ဧည့်ခံတဲ့ တိုင်းခြားရေးအမတ်လေ။ ဓလေ့ထုံးတမ်းရေးရာဌာနက လူမှ မဟုတ်တာ။ ဧကရာဇ် မင်္ဂလာဆောင် ကိစ္စနဲ့ ယွီအမတ်နဲ့က ဘာမှ မဆိုင်သလို ဖြစ်နေမှာပေါ့ အရှင်”

သူသည် ဧကရာဇ်၏ လူရွေးချယ်ပုံ စည်းကမ်းကို နားလည်အောင် ကြိုးစားရင်း ဆက်လက် လျှောက်တင်သည်။

“လင်စစ်ရှီကလည်း ဓလေ့ထုံးတမ်းရေးရာဌာနက မဟုတ်တော့ မင်္ဂလာပွဲ စီစဉ်ဖို့ မသင့်တော်ဘူး ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် လီရွှယ်ချန်းက ဓလေ့ထုံးတမ်းရေးရာဌာနက လက်ထောက်အမတ်လေ။ အရည်အချင်းနဲ့ ရာထူးအရ ပြောမယ်ဆိုရင် ဧကရာဇ် မင်္ဂလာပွဲအတွက် အသင့်တော်ဆုံးပါပဲ”

“ဒါပေမယ့် လီအမတ်က အိမ်မှာ ကိုယ်လုပ်တော် ယူထားတယ်။ ကိုယ်ကျင့်တရား မကောင်းဘူး”

လော့ရှင်းယွမ်သည် အနီရောင် စုတ်တံဖြင့် ယွီကွမ်းကျုံး၏ အမည်ကို ဝိုင်းလိုက်သည်။

138 02

“ယွီကွမ်းကျုံးက အိမ်မှာ တရားဝင် ဇနီးမယား တစ်ယောက်တည်း ရှိတယ်။ ကိုယ်ကျင့်တရား စောင့်ထိန်းတဲ့ အမတ်ကောင်းပဲ။ သူက ပိုသင့်တော်တယ်”

“... ...”

ယဲ့ချန်းကော်သည် နဖူးကို လက်ဖြင့် စမ်းလိုက်ပြီး ထပ်မံ သတိပေးလေသည်။

“ယွီအမတ်က ကိုယ်ကျင့်တရား ကောင်းတယ် ဆိုပေမယ့် သားသမီး မများဘူး။ သမီးမိန်းကလေး နှစ်ယောက်ပဲ ရှိတာ။ သားသမီးစုံလင်ပြီး အိမ်ထောင်ရေး ကံကောင်းတဲ့သူ စာရင်းမဝင်ဘူးလေ။ ဧကရာဇ် မင်္ဂလာဆောင်အတွက် မသင့်တော်ပါဘူး”

လော့ရှင်းယွမ်က နူးညံ့စွာ ပြုံးလိုက်သည်။

“သမီးမိန်းကလေး နှစ်ယောက် ရှိတာ ဘာဖြစ်လို့လဲ။ ငါ့အမြင်တော့ လီအမတ်ထက် ပိုသင့်တော်တယ်”

သူ့အကြည့်က စာရင်းပေါ်သို့ ပြန်ရောက်သွားသည်။

“တကယ်တော့ အသင့်တော်ဆုံး လူက ယဲ့အမတ်ကြီး ခင်ဗျားပါပဲ။ ဒါပေမယ့် ခင်ဗျားက အလုပ်တွေ အရမ်းများနေတာကိုး။ တကယ်လို့ ယဲ့အမတ်ကြီးမှာ ထပ်ရွေးစရာ လူမရှိတော့ရင် ယွီကွမ်းကျုံးကိုပဲ အတည်ပြုလိုက်မယ်”

ယဲ့ချန်းကော်သည် ဧကရာဇ်ပေးသနားသော ကုလားထိုင်ပေါ်တွင် ထိုင်ရင်း နဖူးကြောများ ထောင်လာသည်အထိ စိတ်ရှုပ်သွားလေသည်။

“ယွီအမတ်က တိုင်းခြားရေးရာဌာနကိုပဲ အမြဲ ကိုင်တွယ်လာတာ။ ဓလေ့ထုံးတမ်းရေးရာ ဌာနရဲ့ မင်္ဂလာဆောင် စည်းမျဉ်းတွေကို မကျွမ်းကျင်ဘူး။ ဒီလောက် အရေးကြီးတဲ့ မင်္ဂလာပွဲကို သူ့လက်ထဲ ထည့်ပေးလိုက်ရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ မသိနိုင်ဘူး”

သူက စိတ်မရှည်စွာ ထရပ်လိုက်သည်။

“သူ့ကို ပေးလုပ်မယ့်အစား ကျွန်တော်မျိုးပဲ လုပ်လိုက်ပါ့မယ်။ တိုင်းပြည်ရေးရာရုံးတော်က အလုပ်တစ်ဝက်လောက်ကို လင်စစ်ရှီဆီ လွှဲပေးလိုက်ရင် ကျွန်တော်မျိုး လက်လွတ်ပြီး မင်္ဂလာကိစ္စကို အာရုံစိုက်လို့ ရပါပြီ။ ဧကရာဇ် မင်္ဂလာဆောင်က နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်မို့ ကျွန်တော်မျိုးရဲ့ အကြံပြုချက်ကို လက်ခံတော်မူပါ”

ဤစကားမှာ လော့ရှင်းယွမ် လိုချင်နေသည့် အဖြေပင် ဖြစ်သည်။ သူက ချက်ချင်းပင် သဘောတူလိုက်လေသည်။

“ကျန်းက အမြဲတမ်း အကြံပေးချက်တွေကို လက်ခံတတ်ပါတယ်။ ယဲ့အမတ်ကြီး စိတ်မပူပါနဲ့။ အမတ်ကြီး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

ယဲ့ချန်းကော်သည် သက်ပြင်းချပြီး ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။

ထိုအချိန်ကျမှ သတိရပြီး မေးလိုက်သည်။

“ဒါနဲ့... ဧကရာဇ် ခုထိ မပြောသေးဘူး။ ရွေးချယ်ထားတဲ့ မိဖုရားလောင်းက ဘယ်သူများလဲ”

“ယဲ့အမတ်ကြီး သိတဲ့သူပါ” လော့ရှင်းယွမ်က ပြုံးရုံသာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ပေ။

“ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲအတွက် အရင် ပြင်ဆင်ထားနှင့်ပါ။ အနည်းဆုံး (၃) လ၊ (၅) လလောက်တော့ အချိန်ယူရမှာပဲ။ လူက ရွေးပြီးသားပါ။ ယဲ့အမတ်ကြီး စိတ်မလောပါနဲ့။ အချိန်တန်ရင် တိုင်းပြည်ကို ကြေညာပေးပါ့မယ်”

ယဲ့ချန်းကော် ပြန်သွားပြီး မကြာခင်မှာပင် သမားတော်အိုးယန် ဝင်ရောက်ခွင့် တောင်းကြောင်း လာရောက် လျှောက်တင်ကြသည်။

လော့ရှင်းယွမ်က ခေါ်တွေ့ပြီး မေးမြန်းလိုက်သည်။ “ဒီနေ့ ဆေးစစ်တာ အခြေအနေ ဘယ်လိုလဲ”

သမားတော်အိုးယန်က ပြုံးဖြဲဖြဲဖြင့် ပြန်လည်လျှောက်တင်သည်။

“တော်ဝင်မိန်းကလေးရဲ့ ဒီရက်ပိုင်း သွေးခုန်နှုန်းက အရမ်း တည်ငြိမ်ပါတယ်။ ခန္ဓာကိုယ်ထဲက အအေးဓာတ် လက္ခဏာတွေလည်း သိသိသာသာ သက်သာလာပါပြီ။ ဆက်တိုက် သောက်နေတဲ့ အားဆေးတွေက ထိရောက်မှု ရှိပုံရပါတယ်”

သူက ရှေ့တိုးပြီး ခွင့်တောင်းသည်။

“တကယ်လို့ အဲဒီမိန်းကလေးက လိုက်ကာကို ဖယ်ရှားပေးပြီး မျက်နှာအရောင်အဆင်းနဲ့ လျှာအရောင်တို့ကို ကြည့်ခွင့်ပေးမယ်ဆိုရင်၊ ခန္ဓာကိုယ်ထဲက အအေးဓာတ်ကို ဖယ်ရှားဖို့ ပိုပြီး သေချာသွားမှာပါ...”

လော့ရှင်းယွမ်သည် စာစစ်နေသော စုတ်တံကို ရပ်လိုက်ပြီး အေးစက်စက် ပြောဆိုလိုက်သည်။

“သူ့ဘက်က လိုက်ကာချထားတယ် ဆိုကတည်းက သူ့အကြောင်းနဲ့သူ ရှိလို့ပေါ့။ မင်း နန်းတော်ထဲ ရောက်နေတာ လအနည်းငယ် ရှိပြီမလား။ ဒီလောက် ရိုးရှင်းတဲ့ အကြောင်းတရားကိုတောင် နားမလည်ဘူးလား”

138 03

သမားတော်အိုးယန်မှာ ကြောက်လန့်သွားပြီး ထောင်ထဲတွင် အဖမ်းခံထားရသော သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းကို ချက်ချင်း သတိရသွားလေသည်။ ဆရာကြီး မလုပ်ရဲတော့ဘဲ တိတ်တဆိတ် ဦးညွှတ်ကာ ပြန်ထွက်ရန် ပြင်လေသည်။

လော့ရှင်းယွမ်က သူ့ကို လှမ်းတားလိုက်သည်။

“မနေ့ညက မင်း ထောင်ထဲက သမားတော်ဆီ သွားပြီး မင်းပြင်ဆင်ထားတဲ့ ကုသမှုအစီအစဉ်ကို ပြခဲ့တယ်မလား။ သူ ကြည့်ပြီး ဘာပြောလဲ”

သမားတော်အိုးယန်က မလိမ်ရဲပေ။ တုန်တုန်ရီရီဖြင့် ပြန်ဖြေသည်။

“ထောင်ထဲက လူက ကြည့်ပြီး ပြောပါတယ်။ ကျွန်တော်မျိုးရဲ့ အစီအစဉ်က မကောင်းဘူးတဲ့။ အအေးဓာတ် ဖယ်ရှားတာ အရမ်းနှေးတယ် ဆိုပြီး ဆေးအမယ် (၂-၃) မျိုး ထပ်ထည့် ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီမနက် ကျွန်တော်မျိုး တခြား သမားတော်တွေနဲ့ တိုင်ပင်ကြည့်တော့၊ ထပ်ထည့်လိုက်တဲ့ ဆေးတွေက အစွမ်းထက်လွန်းတော့ ကောင်းကျိုး ပေးမလား၊ ဘေးထွက်ဆိုးကျိုး ဖြစ်မလား မသေချာဘူး ဖြစ်နေလို့ပါ...”

“မသေချာရင် ဖြည်းဖြည်းချင်း ဆွေးနွေးကြ။ အခုလောလောဆယ် အားဆေးပဲ ဆက်တိုက် ကျွေးထား။ ရှေးဟောင်းဆေးကျမ်းတွေ ရှာမလား၊ ဆရာကြီးတွေ မေးမလား၊ အပြင်သွားပြီး ဆေးစမ်းသပ်မလား... တစ်ခုခု လုပ်ကြ။ ရလဒ် ထွက်လာမှ ငါ့ကို လာပြ”

“အမိန့်တော် အတိုင်းပါ”

သမားတော်အိုးယန်သည် ဒူးထောက် အရိုအသေပြုပြီးသော်လည်း မထသေးဘဲ ဆက်လက် လျှောက်တင်သည်။

“နောက်ထပ် လျှောက်တင်စရာ တစ်ခု ရှိပါသေးတယ်။ အဲဒီမိန်းကလေးက ဒီရက်ပိုင်း ရာသီသွေး လာနေပါတယ်။ ဒါပေမယ့် အအေးဓာတ် မကုန်စင်သေးသရွေ့တော့ သားသမီးရဖို့ ခက်ခဲနေပါဦးမယ်။ ဒါကို ဖြည်းဖြည်းချင်း ကုသရပါမယ်။ (၂) နှစ် (၃) နှစ် ကြာမလား၊ (၃) နှစ် (၅) နှစ် ကြာမလား ပြောဖို့ ခက်ပါတယ်”

လော့ရှင်းယွမ် မျက်နှာထား မပျက်ပေ။ “ငါ သိပြီ”

သမားတော်အိုးယန် ထွက်သွားပြီးနောက် ကျစ်ချန်နန်းဆောင် ပြန်လည် တိတ်ဆိတ် သွားလေသည်။

လော့ရှင်းယွမ်သည် စာစစ်နေသည်ကို ရပ်လိုက်ပြီး စားပွဲပေါ်က စာရင်းတစ်ခုကို ကောက်ကိုင်လိုက်သည်။

ထိုစာရင်းပေါ်တွင် ဆွေမျိုးတော်ထဲမှ နောက်မျိုးဆက် ကလေးများ၏ အမည်များကို အများအပြား ရေးသားထားသည်။

အိမ်ရှေ့စံဟောင်း ဘက်မှ ဆွေမျိုးများ၊ မင်းသားတိုက် ဘက်မှ ဆွေမျိုးများမှာ စာရင်းထဲတွင် မပါဝင်တော့ပေ။

ကျန်ရှိသည်မှာ ခမည်းတော်၏ ညီအစ်ကိုများထံမှ မွေးဖွားသော သွေးရင်းသားရင်း တူများသာ ဖြစ်သည်။

နောက်မျိုးဆက် (၁၅) နှစ်အောက် ယောကျ်ားလေး အယောက် (၂၀) ကျော်ကို စာရင်းပြုလုပ်ထားသည်။ ဘေးတွင် မွေးသက္ကရာဇ်၊ မိခင်ဘက်မှ အမျိုးအနွယ်၊ ကလေး၏ ဝါသနာနှင့် စိတ်နေစရိုက်များကို စာလုံးသေးသေးလေးများဖြင့် ရေးမှတ်ထားလေသည်။

လော့ရှင်းယွမ်သည် အကြမ်းဖျင်း ကြည့်လိုက်ပြီး (၁၀) နှစ်အထက် ယောကျ်ားလေး အမည်များကို အကုန် ဖြတ်ချလိုက်သည်။

စဉ်းစားပြီးနောက် (၅) နှစ်အထက် အမည်များကိုပါ ထပ်မံ ဖြတ်လိုက်ပြန်သည်။

ထပ်မံ စဉ်းစားပြီးနောက် နောက်ဆုံး၌ စာရွက်ကို လုံးချေပြီး အမှိုက်တောင်းထဲသို့ ပစ်ထည့်လိုက်တော့သည်။

ဆွေမျိုးတော်ထဲတွင် ယောကျ်ားလေးများ ပေါများလှသည်။ အကယ်၍ သူ့တွင် သားသမီး မထွန်းကားလျှင်တောင် တူတစ်ယောက်ယောက်ကို မွေးစားပြီး အိမ်ရှေ့စံ တင်မြှောက်၍ ရသည်သာ။ အဲဒါက နောက်မှ စဉ်းစားရမယ့် ကိစ္စ။ အခု ဘာလို လောနေရမှာလဲ။

နောက်ထပ် (၁၀) နှစ် (၈) နှစ်လောက်ကြာလို့ တိုင်းပြည်အေးချမ်းသွားရင် ရွှယ်ချင့်ကို သူ့ဘာသာ စိတ်ကြိုက် ရွေးခိုင်းမယ်။ အသက်ငယ်ငယ်၊ ချစ်စရာကောင်းတဲ့ (၂) နှစ် (၃) နှစ်သားလေး တစ်ယောက်လောက် နန်းတော်ထဲ ခေါ်မွေးထားလိုက်ရင် ပြီးတာပဲ။

မလောပါဘူး။

အခုလောလောဆယ် ပိုအရေးကြီးတာတွေ လုပ်စရာ ရှိသေးသည်။

မနေ့ညက အနောက်ဆောင်တွင် တစ်ယောက်သောသူ မူးပြီး ရင်ထဲက စကားတွေ ပြောသွားတာ၊ နောက်ဆုံး လရောင်အောက်မှာ ငါ့ကို ဖက်ထားပေးပါလား လို့ ပြောသွားတာကို သတိရပြီး လော့ရှင်းယွမ် တစ်ယောက်တည်း ပြုံးနေမိသည်။

138 04

ရှောင်ကွေ့ယွမ်ကို လှမ်းခေါ်ပြီး အနောက်ဆောင် သွားကြည့်ခိုင်းလိုက်သည်။ မေပညာရှင်အမတ် နိုးပြီလား၊ အမူးပြေဆေးရည် သောက်ပြီးပြီလား ဆိုတာ။

*** *** ***

မေဝမ့်ရှူးသည် မွန်းတည့်ချိန် ရောက်မှ အိပ်ရာနိုးလေသည်။

နန်းတွင်းသုံး အရက်က ခန္ဓာကိုယ်ကို မထိခိုက်၊ သောက်များလည်း ခေါင်းမကိုက်ပေ။

သို့သော် မူးဝေခြင်းကား ရှိနေဆဲ။

သူမသည် မူးတူးတူးဖြင့် ထ၊ မျက်နှာသစ်၊ နေ့လယ်စာကို ဝါးတားတား စား၊ အမူးပြေဆေးရည် တစ်ခွက် သောက်ပြီး လော်ဟန်ခုတင်ပေါ်တွင် ပြန်မှောက်အိပ်လိုက်ရာ ဆေးအရှိန်တောင် မပြခင် ပြန်လည် အိပ်ပျော်သွားလေသည်။

ညနေစောင်းမှသာ လုံးဝ အမူးပြေသွားသည်။

မူးတုန်းက လျှောက်ပြောမိတာတွေ ပြန်စဉ်းစားမိပြီး မနေ့ညက အရက်အိုးကို အနောက်ဆောင် ပေါ်ကနေ တောင်အောက် ပစ်မချမိခဲ့တာ နောင်တရနေမိသည်။

လော့ရှင်းယွမ် ဝင်လာသည့် ခြေသံကြားသောအခါ သူမ ဆိုဖာပေါ်တွင် စာအုပ်ဖြင့် မျက်နှာအုပ်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်သည်။ စာအုပ်အောက်ကနေ လှမ်းပြောလိုက်သည်။

“နောက်နောင် ဘယ်တော့မှ အရက်မသောက်တော့ဘူး”

လော့ရှင်းယွမ်သည် ကုတင်ဘေးသို့ ရောက်လာပြီး စာအုပ်ကို ဆွဲယူလိုက်သည်။ ငုံ့ကြည့်ပြီး၊

“မျက်နှာက မနေ့ညကလောက် မနီတော့ဘူး။ လုံးဝ အမူးပြေသွားပြီလား”

သူ့လက်ငါးချောင်း ထောင်ပြပြီး ပြုံးစစ မေးသည်။ “ဒါ ဘယ်နှချောင်းလဲ”

မေဝမ့်ရှူး မျက်လုံးမှိတ်ထားရင်း သူ့လက်ကို ရိုက်ချလိုက်သည်။

“မနေ့ညက မူးပြီး လျှောက်ပြောတာတွေကို ငါ မေ့သွားပြီ။ မင်းလည်း မမှတ်ထားနဲ့”

“မနေ့ညက ဘာမှ လျှောက်ပြောတာ မရှိပါဘူး”

လော့ရှင်းယွမ်က သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

“ငါတို့နှစ်ယောက် လကိုကြည့်ပြီး ပျော်ပျော်ပါးပါး သောက်ကြတယ်။ နောက်ဆုံးကျတော့ ရွှယ်ချင့်က ဒီည လသာတယ်လို့ ပြောခဲ့တယ်။ ဒါပါပဲ”

“......”

မေဝမ့်ရှူးသည် ခရီးသွားမှတ်တမ်း စာအုပ်တစ်အုပ် ကောက်ယူပြီး မျက်နှာကို ထပ်မံ အုပ်လိုက်ပြန်သည်။

“နောက်ထပ် စကားတစ်လုံး ထပ်ပြောရင် ပြန်ကြွပါတော့”

လော့ရှင်းယွမ် ပါးစပ်ပိတ်သွားသည်။ သူ့ဝတ်ရုံလက်ကြားထဲမှ ကြည်လင်တောက်ပသော ဖန်ပန်းကန်လုံးလေး တစ်လုံး ထုတ်လိုက်သည်။

လူကြီးလက်ဝါးခန့် ရှိသော ပန်းကန်လုံးလေးမှာ အဖုံးပါ ပါရှိသည်။ အထဲတွင် ရေခဲစလေးများ ခင်းထားပြီး မက်မွန်သီး၊ သစ်တော်သီး စိတ်လေးများ၊ စပျစ်သီးများ၊ ငွေဇွန်းဖြင့် လှပ်ထားသော ဖရဲသီးလုံးလေးများကို အလွှာလိုက် စီထားလေသည်။

သူက ငွေဇွန်းဖြင့် ဖရဲသီးလုံးလေး တစ်လုံး ခပ်ယူပြီး သူမ နှုတ်ခမ်းနား တေ့ပေးလိုက်သည်။

မေဝမ့်ရှူး မျက်လုံးမှိတ်ထားရင်း ပါးစပ်ဟပြီး အေးမြသော အသီးကို စားလိုက်သည်။

“မင်းအစ်ကိုတော်ဘက်က ကိစ္စ ငါ ဘာလုပ်ပေးဖို့ လိုသေးလဲ”

“သက်သေအထောက်အထား ခိုင်လုံနေပြီ။ လူလည်း ဖမ်းထားပြီ။ ဘွဲ့ထူးလည်း ဖြုတ်လိုက်ပြီ။ သူ့ဘက်က စာပေပညာရှင်တချို့ ကျန်နေသေးပေမယ့် ဆောင်းဦးပေါက် နှံကောင်တွေလိုပါပဲ၊ သိပ်ကြာကြာ ခုန်နိုင်မှာ မဟုတ်ပါဘူး”

လော့ရှင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဘယ်လို အပြစ်ပေးမလဲ ဆိုတာတော့ ဆွေးနွေးတုန်းပဲ။ ဒါပေမယ့် မင်းလက်ထဲအထိ ရောက်လာစရာ မလိုပါဘူး”

“အင်း” မေဝမ့်ရှူးက ပြန်ထူးသည်။

“မြို့တော်မှာ ဘာကိစ္စမှ မရှိတော့ရင် ဒီနေ့ပဲ နှုတ်ဆက်ချင်ပါတယ်။ မနက်ဖြန် မနက်စောစော တော်ပေါ်ခြံဝင်းကို ပြန်တော့မယ်”

138 05

လော့ရှင်းယွမ် ဖရဲသီး ခပ်နေသည့် လက် ရပ်တန့်သွားသည်။

“မနက်ဖြန် မနက်စောစော ဟုတ်လား။ ဒီလောက် အလောတကြီးလား”

သူ ပြတင်းပေါက် အပြင်ဘက်မှ နေလုံးကို ကြည့်လိုက်သည်။

“ဒီရက်ပိုင်း နေပူတယ်။ တောင်ပေါ်လမ်းမှာ မြင်းရထားစီးရင် အပူရှပ်မှာ စိုးရတယ်”

“တောင်ပေါ်ရောက်ရင် အေးသွားမှာပါ”

မေဝမ့်ရှူး သိပ်ဂရုမစိုက်။ “ငါ့ခန္ဓာကိုယ်က အအေးဒဏ်ပဲ ကြောက်တာ၊ အပူဒဏ် မကြောက်ဘူး”

တစ်ဖက်လူ ငြိမ်သွားသည်ကို သတိထားမိသဖြင့် သူမ ကိုယ်ကို ကိုင်းလိုက်သည်။ ရပ်တန့်နေသော ဇွန်းနားကို တိုးသွားပြီး နှုတ်ခမ်းလေးဟကာ ဇွန်းထဲမှ အသီးကို စားလိုက်သည်။ အခေါ်အဝေါ် ပြောင်းပြီး ပြောလိုက်သည်။

“ဧကရာဇ် ပြောဖူးတယ်လေ... ကျွန်တော့်ကို အတင်းအကျပ် မလုပ်ပါဘူးလို့”

လော့ရှင်းယွမ် ဇွန်းကို ချလိုက်သည်။ “ကျန်း အတင်းမလုပ်ပါဘူး”

သူ ထရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ရာ တောင်ပေါ်လေပြင်းများ အခန်းထဲ ဝင်ရောက်လာသည်။

“မနေ့ညက လရောင် တကယ် သာယာပါတယ်။ မနေ့ညက မူးနေတဲ့ ရွှယ်ချင့်ရဲ့ ရိုးသားမှုကြောင့် မင်းရဲ့ သဘောထားနဲ့ တွေဝေမှုတွေကို ကျန်း ကောင်းကောင်း မြင်လိုက်ရတယ်”

သူက ပြတင်းပေါက် အပြင်ဘက်မှ နေလုံးကို ကြည့်ရင်း၊ “ဒီတစ်ခေါက်တော့ ရက်နည်းနည်း ပိုနေဖြစ်မယ် ထင်ခဲ့တာ”

မေဝမ့်ရှူးက အလျှော့မပေး။ “မနက်ဖြန် မနက် နေမထွက်ခင် သွားပါမယ်”

လော့ရှင်းယွမ် နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်သည်။

ပြတင်းပေါက်နားတွင် ရပ်ရင်း ပြောလိုက်သည်။

“ဒီည ကျန်း ဒီမှာ အိပ်မယ်”

အနောက်မှ စိုက်ကြည့်နေသည်ကို သတိထားမိသော်လည်း သူ လှည့်မကြည့်။ တည်ငြိမ်စွာ ပြောသည်။

“စိတ်ချပါ။ မင်းပြောတာတွေကို ကျန်း မှတ်မိပါတယ်။ နန်းတော်ထဲမှာ မင်းကို ဘာမှ မလုပ်ပါဘူး။ အနောက်ဆောင်မှာ အရက်ပုလင်း လာစောင့်ပေးတာပါ။ တစ်ယောက်ယောက် ညဘက် မူးပြီး ထပ်လျှောက်ပြောမှာ စိုးလို့”

မေဝမ့်ရှူးက ဆင်ခြေမှန်း သိသော်လည်း ပြုံးလိုက်သည်။ ဘာမှ ပြန်မပြောဘဲ တိတ်တဆိတ် သဘောတူလိုက်လေသည်။

*** *** ***

ထိုည၌ အိပ်ရသည်မှာ သိပ်အဆင်မပြေလှ။

သန်းခေါင်ကျော် (၃) ချက်တီးခန့်တွင် နိုးလာသည်။ ညအမှောင်ဆုံး အချိန်ပင် ဖြစ်သည်။

မေဝမ့်ရှူးသည် အပူလွန်ပြီး နိုးလာခြင်း ဖြစ်သည်။

ကိုယ်ပေါ်တွင် အမွေးပွ ခွေးကြီးတစ်ကောင် လာဝပ်နေသကဲ့သို့ သူမ၏ ခေါင်းနှင့် လည်ပင်းကို ရစ်ပတ်ထားသည်။ လူကလည်း ပူသည်။

သူမက အအေးဒဏ်သာ ခံနိုင်ပြီး အပူကျတော့ သိပ်မခံနိုင်ပေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လန့်နိုးလာပြီး အသာလေး ထထိုင်လိုက်သည်။

သူမနှင့် ကုတင်ကျဉ်းကျဉ်းလေးတွင် အတူတူ လာအိပ်နေသူမှာ အိပ်မောကျနေလေသည်။

အိပ်နေသော မျက်နှာလေးမှာ အေးချမ်းပြီး ဖြေလျော့ထားသည်။ စူးရှသော မျက်လုံးများကို မှိတ်ထားသဖြင့် ပုံမှန် မြင်နေရသော ထက်မြက်သည့် အရှိန်အဝါများ ပျောက်ကွယ်နေသည်။

အောက်ဘက် နန်းတော်ထဲတွင် ရှိနေစဉ်ကမူ ဤလူသည် သရဖူဆောင်း၊ ဝတ်ရုံတော်ဝတ်၊ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်၊ မျက်နှာထား တင်းတင်းနှင့် နေတတ်သဖြင့် လူတိုင်း ကြောက်ရိုသေရသော ဧကရာဇ်မင်း ပီသသည်။

ဤအပေါ် အနောက်ဆောင်မှာကျတော့ သူ့အပြုအမူ၊ အနေအထိုင်များသည် ပေါ့ပါးလွတ်လပ်သည်။ သူမ အမြင်မှာတော့ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ အတူရှိခဲ့သော ကောင်လေးတစ်ယောက် အရွယ်ရောက်လာသည်နှင့် ပိုတူနေသည်။

138 06

စဉ်းစားရင်း မေဝမ့်ရှူး ကိုယ့်ဘာသာ ရယ်ချင်သွားသည်။

လူက တစ်ယောက်တည်းပါပဲ။ ဘာလို့ ဟိုလူနဲ့တူတယ်၊ ဒီလူနဲ့တူတယ် လျှောက်တွေး နေမိပါလိမ့်။

သူမ လရောင်အောက်တွင် ခဏမျှ ငေးကြည့်နေမိသည်။

ဖိနပ်စီးပြီး ဝတ်ရုံခြုံကာ ထလိုက်သည်။

သူမ လူရှင်းသော နေရာတစ်နေရာတွင် အနာဂတ်အကြောင်း သေချာ စဉ်းစားရန် လိုအပ်နေပြီ။

ယခင်က သူမ စိတ်ကူးခဲ့သော အနာဂတ်မှာ မိဘဆွေမျိုးများ၊ အိမ်ရှိ အစေခံ အိုကြီးအိုမကြီးများသာ ပါဝင်သည်။ သူတို့ နေကောင်းကျန်းမာလျှင် သူမဘဝ ပြည့်စုံပြီဟု ယူဆခဲ့သည်။

နောက်ပိုင်း ယန်ရန် ပါလာသည်။

အခု နောက်ထပ် တစ်ယောက် တိုးလာပြန်ပြီ။

ဟိုတလောက အနောက်ဆောင်တွင် သူမ သူ့အစီအစဉ် (၂) ခုစလုံးကို ငြင်းခဲ့သည်။ တတိယလမ်းကို ရွေးခဲ့သည်။ မြို့တော်မှာပဲ နေမယ်၊ ခြံဝင်းမှာ အေးအေးဆေးဆေး နေမယ်၊ တစ်လတစ်ခါလောက် တွေ့မယ်... ဆိုပြီးတော့။

သူမ ရည်ရွယ်သည်မှာ သူ့ဆန္ဒ ပြည့်ဝသွားပြီးနောက်၊ သူ့ရဲ့ စွဲလမ်းမှုများ ပြေပျောက် သွားပြီးနောက်၊ သူ့ဘက်က စွန့်လွှတ်လိုက်ဖို့ပင် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူမမှာ မိဖုရားဆိုသည့် ဂုဏ်ပုဒ်လည်း မရှိ၊ မေအမတ် ဆိုသည့် ရာထူးလည်း မရှိတော့ဘဲ၊ ဧကရာဇ်က လက်လွှတ်လိုက်တာနဲ့ မူလ ရည်မှန်းချက်အတိုင်း ဇာတိမြေပြန်ပြီး အေးအေးဆေးဆေး နေမယ်လို့ တွေးထားခဲ့တာ။

ဒါပေမယ့် သူ့ရဲ့ ဇွဲနဲ့ သူ့ရဲ့ စွဲလမ်းမှုကို သူမ လျှော့တွက်မိသွားသည်။

သွေးဆူနေတဲ့ လူငယ်တစ်ယောက်ရဲ့ အချစ်က အေးစက်နေတဲ့ သွေးကိုတောင် ပြန်နွေးလာစေနိုင်တာကိုး။

အခု လက်ရှိ အနေအထားအရ... ရှေ့လျှောက် ဘယ်လို ဆက်သွားရမလဲ သူမ သေချာ မစဉ်းစားရသေးဘူး။

သေသေချာချာ စဉ်းစားဖို့ လိုပြီ။

မေဝမ့်ရှူးသည် လရောင်အောက်တွင် အဝတ်ပါးလေး ခြုံပြီး တောင်အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။

အနောက်ဆောင်တွင် တာဝန်ကျသော အပျိုတော်လေး နှစ်ယောက်နှင့် မိန်းမစိုးလေး နှစ်ယောက်မှာ (၁၅-၁၆) နှစ်အရွယ် ကလေးများ ဖြစ်ရာ ကြေးခေါင်းလောင်းကြီး နားတွင် အိပ်ပျော်နေကြသည်။ တောင်ပေါ်လေက အေးသဖြင့် ဟိုတစ်ယောက်လဲ၊ ဒီတစ်ယောက်လဲနှင့် အိပ်မောကျနေကြသည်။

သူမ ပြုံးလိုက်ပြီး သူတို့ကို မနိုးအောင် ခြေသံလုံလုံဖြင့် ရှောင်ထွက်လာခဲ့သည်။

အောက်ဘက်တွင် မှိန်ဖျဖျ မီးရောင်လေးများကို တွေ့ရသည်။ သိပ်မလင်းသော်လည်း အပေါ်မှ လှမ်းကြည့်ရာ အနားတစ်ဝိုက်ကိုတော့ မြင်ရလေသည်။

အနောက်ဆောင် နားတွင် ဇရပ်တစ်ဆောင် ရှိနေပါလား။

မီးရောင်ကြောင့် လှမ်းမြင်လိုက်ရသည်မှာ လူသူအရောက်အပေါက် နည်းသော နေရာတွင် ဆောက်ထားသည့် ရှစ်မြှောင့်ပုံ ဇရပ်တစ်ဆောင် ဖြစ်သည်။ နန်းတွင်းဥယျာဉ်တော်ထဲမှ သူမ ခုနက သွားခဲ့သော ဇရပ်နှင့် ပုံစံတူပင်။ လက်ရာတူ ဖြစ်လောက်သည်။

စိတ်ပါလာသည်နှင့် သူမ မီးအိမ်တစ်လုံး ဆွဲပြီး တောင်ပေါ်လမ်းအတိုင်း အောက်ဘက် လျှောက်ဆင်းလာခဲ့သည်။

တောင်ပေါ်တွင် လမ်းလျှောက်ရင်း အနာဂတ်အကြောင်း စဉ်းစားမည်ဟု ရည်ရွယ်သည်။

ဘယ်တုန်းကမှ မရောက်ဖူးသော လမ်းခွဲတစ်ခု ရောက်သောအခါ ဘယ်နားက ထွက်လာမှန်း မသိသော ကိုယ်ရံတော်တပ်သား (၄-၅) ယောက်ခန့် ရုတ်တရက် ပေါ်လာလေသည်။ မျက်နှာများက တင်းမာနေပြီး သူမကို ရိုရိုသေသေ နှုတ်ဆက်ကြသည်။

“မေပညာရှင်အမတ်... ရှေ့မှာ လမ်းမရှိတော့ပါဘူး။ တောင်ပေါ်လမ်းက ညဘက်ဆို အန္တရာယ်များလို့ ပြန်လှည့်ပါခင်ဗျာ”

မေဝမ့်ရှူး ခြေလှမ်း ရပ်သွားသည်။ အတွေးစ ပြတ်သွားသည်။ သူမ အံ့သြသွားပြီး ရှေ့မှ လမ်းဆုံးကို လှမ်းကြည့်လိုက်သည်။

“ဟုတ်လား။ နှောင့်ယှက်မိပြီ”

သူမ မီးရောင်အောက်တွင် ပြန်လှည့်လိုက်သည်။ လာရာလမ်းအတိုင်း တောင်ပေါ် ပြန်တက်လာခဲ့သည်။

138 07

မှိန်ဖျဖျ လရောင်အောက်တွင် အရိပ်မည်းတစ်ခုက ညအမှောင်ထဲ၌ လှုပ်ရှားနေလေသည်။

ကိုယ်ရံတော်များ ထွက်တားသည့် အချိန်လေးတွင် ထိုအရိပ်မည်းက မြေကြီးထဲမှ ပေါ်လာသကဲ့သို့ တိတ်တဆိတ် ထွက်လာသည်။ ဖြတ်လမ်းမှနေ၍ ကျော်တက်သွားပြီး စင်္ကြံလမ်း အရိပ်ထဲတွင် ပုန်းနေသည်။ မေဝမ့်ရှူး ဖြတ်သွားသည့်အချိန်တွင် အသံနက်ကြီးဖြင့် လှမ်းခေါ်လိုက်သည်။

“မေပညာရှင်အမတ်... မတွေ့တာ ကြာပြီနော်”

အသံက ရင်းနှီးနေသလိုပင်။ မေဝမ့်ရှူး အံ့သြပြီး လှည့်ကြည့်လိုက်သည်။

“ဟုန်ကုန်းကုန်းလား”

သူမ သေချာ ကြည့်ပြီးမှ မှတ်မိသွားသည်။

“မင်း အနောက်ဆောင်မှာ တာဝန်ကျနေတာလား”

မတွေ့တာ ကြာပြီ။ ရှောင်ဟုန်ပေါင်မှာ အရင်ကထက် အများကြီး ပိန်သွားလေသည်။ ယခင်က ပြည့်ပြည့်ဖောင်းဖောင်း ပါးလေးများ ချိုင့်ဝင်သွားပြီး မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြင့် ရောဂါရနေသလိုပင်။

“ကျွန်တော်မျိုး အနောက်ဆောင်မှာ တာဝန်ကျပါတယ်။ ဒါပေမယ့် အပေါ်က အနောက်ဆောင်မှာ မဟုတ်ပါဘူး။ အောက်က အနောက်ဆောင်မှာပါ”

ရှောင်ဟုန်ပေါင်က နဂါးရုပ်ထွင်းထားသော တိုင်လုံးကြီး နောက်ကွယ်တွင် ရပ်နေသဖြင့် မျက်နှာတစ်ဝက်မှာ အရိပ်ထဲ ရောက်နေသည်။

“အရင်တုန်းက ကျွန်တော်မျိုး အပြစ်လုပ်မိလို့ အနောက်ဆောင် အောက်ဘက်မှာ အလုပ်လုပ်ဖို့ အပြစ်ပေးခံရတာလေ” သူက အသံတိုးတိုးဖြင့် ပြောသည်။ “ကံဆိုးတာပါပဲ”

သူ တိုင်နောက်မှ ထွက်လာသည်။

“မေပညာရှင်အမတ် အနောက်ဆောင် ပြန်မလို့လား။ ကျွန်တော်မျိုး ညလမ်း ကျွမ်းပါတယ်။ လိုက်ပို့ပေးပါရစေ”

မေဝမ့်ရှူး မငြင်းတော့ပေ။ သူ့နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါသွားသည်။

“ဟုန်ကုန်းကုန်း... မင်းနဲ့ ငါနဲ့က နှစ်တွေအကြာကြီး ရင်းနှီးလာတာပဲ။ ကျွန်တော်မျိုးတွေ ဘာတွေ ပြောမနေပါနဲ့။ အရင်ကလိုပဲ ပြောပါ”

ရှောင်ဟုန်ပေါင်က သက်ပြင်းချလေသည်။

“အရင်တုန်းက မိုးကောင်းကင် ဘယ်လောက်မြင့်လဲ မသိခဲ့ဘူး။ အခုတော့ သိသွားပါပြီ။ မရဲတော့ပါဘူးဗျာ”

“မင်း ဘာအပြစ် လုပ်မိလို့လဲ” မေဝမ့်ရှူး မေးလိုက်သည်။

“အပြစ်ပေးခံရတာလည်း နှစ်ဝက်လောက် ရှိပြီ။ တကယ်လို့ အပြစ် မကြီးဘူးဆိုရင် ငါ ဧကရာဇ်ကို ပြောပေးပါ့မယ်။ မင်းကို ရှေ့တော် ပြန်ခေါ်ပေးဖို့လေ”

“မေပညာရှင်အမတ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဧကရာဇ် ကိုယ်တိုင် မိန့်ထားတာပါ... (၁၀) နှစ် (၂၀) လောက်တော့ ပြန်လာဖို့ မဖြစ်နိုင်တော့ဘူးတဲ့”

ရှောင်ဟုန်ပေါင်က ကိုယ့်ဘာသာ သရော်ပြီး ရယ်လိုက်သည်။

“ဒါနဲ့... ဒီည အနောက်ဆောင်မှာ သမားတော်ရှင်ကို နှုတ်ဆက်ပွဲ လုပ်တာ မေပညာရှင်အမတ် မလာဘူးလား”

မေဝမ့်ရှူး ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ ခြေလှမ်း ရပ်သွားလေသည်။

“သမားတော်ရှင် ဟုတ်လား” သူမ၏ အကြည့်များ စူးရှသွားသည်။ “သူ အနောက်ဆောင်မှာ ရှိနေတာလား။ ငါ လုံးဝ မသိပါလား”

ရှောင်ဟုန်ပေါင်က ထူးဆန်းစွာ ပြုံးလိုက်သည်။

“အနောက်ဆောင် အောက်ဘက်မှာ တာဝန်ကျတဲ့ အခန်းတစ်ခန်း ရှိတယ်။ ဧကရာဇ် သုံးလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ကျွန်တော်မျိုး သိတယ်။ သမားတော်ရှင်လည်း သိတယ်။ မေပညာရှင်အမတ် မသိဘူးလား”

“သမားတော်ရှင်က အနောက်ဆောင် အောက်က အဲဒီနေရာကောင်းလေးမှာ နေနေတာ ကြာလှပြီ။ မေပညာရှင်အမတ် ဒီည သွားကြည့်သင့်တယ်”

“ဘာလို့လဲဆိုတော့... မေပညာရှင်အမတ် ဒီည သမားတော်ရှင်ကို မနှုတ်ဆက်လိုက်ရရင်...”

“နောက်နောင် လေဒဏ် နှင်းဒဏ် ခံရတဲ့ နယ်စပ်ဘက်ကို ရောက်သွားပြီး မိုင်ပေါင်းထောင်ချီ ဝေးကွာသွားရင်၊ ဒီတစ်သက် သမားတော်ရှင် မျက်နှာကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး”

*** *** ***

All Chapters