တော်ဝင်မြေ၏အဆုံးသတ်
Vol. 178 Ch. 2544
“ဒီတော့ ဒါကြောင့်ကိုး...”
ထိုက်ချူတော်ဝင်အင်ပါယာက ရီဖူရှင်းကို စိုက်ကြည့်လိုက်၏။ အားလုံးသည် ရီဖူရှင်း၏အင်အားကို များစွာလျှော့တွက်ခဲ့ကြသည်။ ကောင်းကင်ဒေသမှလူများသည် ရီဖူရှင်းမှာ အလားအလာကောင်းသူတစ်ဦးဖြစ်ကာ ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံခဲ့သဖြင့် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များလက်မှ ထွက်ပြေးနိုင်စွမ်းရှိသည်ဟုသာ တွက်ခဲ့ကြသည်။
သို့သော် သူတို့အားလုံးသည် ရီဖူရှင်း၏ တိုက်ခိုက်စွမ်းရည်အစစ်အမှန်ကို လျှော့တွက်မိခဲ့ကြ၏။ သူသည် ကျုံးမြောင်ကို သူ၏အင်အားဖြင့်သာ သတ်ပစ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏တိုက်ခိုက်စွမ်းရည်သည် နတ်ဘုရားကဒ်ဘေးပထမအဆင့်များထက်ပင် သာလွန်နေသည်ဟု မှတ်ယူနိုင်၏။
ကပ်ဘေးအဆင့်နှင့် ရန်ဟောင်အဆင့်ကျင့်ကြံသူများကြားမှ စွမ်းရည်ကွာခြားမှုကို မည်သို့မှ ထေ၍မရပေ။ သို့ဆိုလျှင် ရီဖူရှင်းက ၎င်းကိုမည်သို့လုပ်ခဲ့သနည်း။
ထိုက်ချူတော်ဝင်အင်ပါယာ၏ မျက်လုံးအတွင်းမှ အကြည့်များပြောင်းလဲသွားသည်။ သို့သော် ထို့နောက်တွင် မျက်ဝန်းထဲ၌ အေးစက်စက်အလင်းတစ်ချက် လက်သွား၏။ သို့ပေသည့် ယခုတွင် သူ ဘာလုပ်နိုင်ဦးမည်နည်း။
ရီဖူရှင်းသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်နေလျှင်ပင် ယနေ့တွင် သူသည် ဤနေရာ၌ အသတ်ခံရမည်သာဖြစ်သည်။
ရီဖူရှင်းသည် ကျုံးမြောင်ကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် သတ်နိုင်ခဲ့လျှင်ပင် ယခု ရီဖူရှင်းရင်ဆိုင်နေရသူမှာ ထိုက်ချူတော်ဝင်အင်ပါယာဖြစ်၏။
“သတ်...”
ထိုစကားသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် ထိုက်ချူစွမ်းအားသည် အဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ နတ်ဓားများသည် ရီဖူရှင်းထံသို့ အဆက်မပြတ်ကျဆင်းလာသည်။ ၎င်းတို့သည် သူ့ကိုထိုနေရာတွင်ပင် သတ်ပစ်ရန် ရည်ရွယ်နေသည်။
သို့သော် သူလှုပ်ရှားလိုက်သည့် တစ်ချိန်တည်းမှာပင် သခင်ချန်သည် ထိုက်ချူတော်ဝင်အင်ပါယာကို အသက်ရှူရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ ထပ်မံတိုက်ခိုက်လိုက်၏။ ရီဖူရှင်းသည်လည်း လက်အုပ်ချီလိုက်ရာ သူ့ထံမှ ရွှေရောင်အလင်းတစ်ခု တောက်ပလာ၏။ ကောင်းကင်ထက်တွင် ဗုဒ္ဓတရားသံများ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်သည် ရွှေခန္ဓာတစ်ခု အဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် ပြိုင်ဘက်ကင်းစွမ်းအားပါဝင်သည့် ရွှေရောင်နတ်ဓားတစ်ချောင်း ပေါ်ပေါက်လာ၏။
ရွှေရောင်နတ်ဓားသည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ၎င်းသည် ကျဆင်းလာသော ထိုက်ချူနတ်ဓားများနှင့် ထိခတ်သွားသောအခါ မြည်ဟည်းသံတစ်သံကို ကြားလိုက်ရ၏။ ၎င်းဓားသည် ထိုက်ချူနတ်ဓားများကို ပျက်စီးပျောက်ကွယ်စေသည်။
ထိုက်ချူတော်ဝင်အင်ပါယာသည် ဖြစ်ပျက်သွားသည့်အဖြစ်အပျက်ကို ကြည့်ရှုနေသည်။ သူခန္ဓာကိုယ်သည် ဒဏ်ရာများရထားသဖြင့် လက်ရှိတွင် အကောင်းဆုံးအခြေအနေ၌ ရှိမနေသော်လည်း သူသည် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်ဖြစ်သည်။ သူ၏တိုက်ခိုက်စွမ်းအားသည် ပြိုင်ဘက်ကင်းဖြစ်နေဆဲဖြစ်သည်။ သို့သော် ရီဖူရှင်းသည် သူ၏တိုက်ခိုက်မှုကို တာဆီးနိုင်သလော။
သို့သော် သူသည် ထိုအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ သခင်ချန်၏တိုက်ခိုက်မှုသည် အဆက်မပြတ်ဝင်ရောက်နေရာ ထိုက်ချူတော်ဝင်အင်ပါယာသည် ရီဖူရှင်းကို တိုက်ခိုက်လျှက် အာရုံပျက်မခံနိုင်ပေ။ သူ၏နတ်အာရုံသည် အနည်းငယ်ရွေ့လျားသွား၏။ ထို့နောက် ရုတ်တရက် မရေမတွက်နိုင်အောင်များပြားသော ထိုက်ချူဓားများသည် ထိုနေရာသို့ ကျဆင်းလာသည်။ ထိုဓားများသည် သခင်ချန်ကိုသာ ချိန်ရွယ်ထားသည်မဟုတ်ဘဲ ရီဖူရှင်းကိုလည်း ချိန်ရွယ်ထားပေသည်။
ထိုလောကထဲတွင် ဗုဒ္ဓတရားသံများ ပျံ့နှံ့နေပြီး အာကာပြင်တစ်ခွင်လုံး၌ ပဲ့တင်ထပ်နေသည်။ ထိုအခိုက်တွင် ကောင်းကင်တစ်ခွင်လုံး၌ ဗုဒ္ဓများထွက်ပေါ်လာပြီး ရီဖူရှင်းကို ဗဟိုပြုလျှက် ဝန်းရံလိုက်၏။ ထိုနေရာသည် ယခုတွင် ဗုဒ္ဓလောကတစ်ခုကဲ့သို့ပင် ထင်ရ၏။ ဗုဒ္ဓလက်များသည် ဓားအတတ်ကို ထုတ်၍ လက်ဟန်ပြုလိုက်ကြရာ ဗုဒ္ဓဓားများထွက်ပေါ်လာပြီး ထိုက်ချူဓားများနှင့် ထိခတ်သွားသည်။ ရည်ရွယ်ချက်မှာ တိုက်ခိုက်ရန်မဟုတ်ဘဲ ခုခံရန်ဖြစ်သည်။
ရီဖူရှင်း၏ကျင့်ကြံခြင်းအဆင့်သည် ထိုက်ချူတော်ဝင်အင်ပါယာနှင့် မယှဉ်နိုင်သေးသော်လည်း သူ၏ရန်သူသည် သခင်ချန်၏တိုက်ခိုက်မှုကိုခံနေရသည်ဖြစ်ရာ ရီဖူရှင်းအနေဖြင့် သူ့ကိုယ်သူကာကွယ်ရန် ပြဿနာမရှိပေ။ ထိုက်ချူဓားများသည် သူဖန်တီးထားသော ဗုဒ္ဓစက်ကွင်းကို မဖောက်ဝင်နိုင်ချေ။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် လေထဲတွင် ရပ်နေ၏။ သူ့မျက်လုံးများသည် တိုက်ပွဲမှ တစ်ချက်ပင်မခွာပေ။ သူသည် အခွင့်အရေးတစ်ခုကို စောင့်နေသကဲ့သို့ပင်။
ရီဖူရှင်း ရှိနေရာတွင် နတ်အလင်းရှိနေ၏။ မဟာလမ်းစဉ်သည် သူနှင့် တစ်သားတည်းကျနေပြီး နတ်အလင်းနှင့် လိုက်လျောညီထွေရှိနေသကဲ့သို့ပင်။ ထိုနတ်အလင်းသည်လည်း သူ၏နတ်ခန္ဓာနှင့်လည်း လိုက်လျောညီထွေဖြစ်နေ၏။
သူ့ထံမှနေ၍ နှိုင်းယှဉ်မရနိုင်သော နတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကို အဆုံးမဲ့ သင်္ကေတများနှင့် တုနှိုင်းမဲ့ဓားအရှိန်အဝါစည်းမျဉ်းတို့က ဝန်းရံသွားသည်။ ၎င်းတို့သည် မည်သည့်လမ်းစဉ်နှင့်မှ သက်ဆိုင်ပုံမပေါ်ဘဲ သန့်စင်ကာ စွမ်းအားကြီး၏။
ရီဖူရှင်းသည် အဟန့်အတားများကို ဖြတ်ကျော်ကာ အဆင့်ကိုးသို့ တက်လှမ်းခဲ့စဉ်တွင် ကျင့်ကြံခြင်းနှင့်ပတ်သတ်သော အခြေခံနိယာမအချို့ကို နားလည်သဘောပေါက်သွားခဲ့သည်။
လမ်းစဉ်နှင့် စည်းမျဉ်းများဟူသော အရာများမှာ ပညတ်ချက်များထက်မပိုကြောင်း သူသိရှိခဲ့သည်။ မိမိ၏စွမ်းအားသည် အတိုင်းအတာတစ်ခုအထိ လုံလုံလောက်လောက်သန်မာလာလျှင် ထိုစွမ်းအားကိုယ်တိုင်သည်ပင် စည်းမျဉ်းများနှင့် လမ်းစဉ်ဖြစ်ပေသည်။
လောကထဲတွင် လမ်းစဉ်ဟူသော အရာမရှိပေ။
ထိပ်ဆုံးအဆင့်ကို လိုချင်သော မည်သည့်ကျင့်ကြံသူမဆို သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းများနှင့် ကိုယ်ပိုင်လမ်းစဉ်ရှိရမည်ဖြစ်သည်။
ရွှီး...
နတ်အလင်းသည် မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပနေပြီး ကောင်းကင်နှင့်တစ်သားတည်းဖြစ်နေသည်။ ရီဖူရှင်း၏နတ်ခန္ဓာသည် ပြိုင်ဘက်ကင်းကာ ဖျက်ဆီး၍မရနိုင်သည့် ဓားခန္ဓာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ထိုအခိုက်တွင် ထိုက်ချူတော်ဝင်အင်ပါယာသည် အားကောင်းသောအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုသည် လွန်စွာမူမမှန်ကြောင်း ခပ်ရေးရေးခံစားလိုက်ရသည်။ ထိုခံစားချက်သည် အစောပိုင်း သူကျင့်ကြံနေစဉ်က ခံစားလိုက်ရသော မကောင်းသောနမိတ်ဆိုးကဲ့သို့ပင်။
ဝုန်း...
သို့သော် သခင်ချန်သည် ထိုကဲ့သို့သောအခွင့်အရေးမျိုးကို မည်သို့လက်လွတ်ခံမည်နည်း။ သူသည် ထိုက်ချူတော်ဝင်အင်ပါယာကို ထပ်မံတိုက်ခိုက်လိုက်၏။ သူ၏တိုက်ခိုက်မှုအရှိန်သည် မြေကြီးကိုပင် တုန်ခါသွားစေ၏။ သူတို့ရှိနေသော လောကစက်ကွင်းသည်ပင် အပြင်းအထန်တုန်ခါသွားပြီး ပျက်စီးတော့မတတ်ဖြစ်သွား၏။
သူသည်လည်း ရီဖူရှင်းထံမှ ထွက်ပေါ်လာသော တလက်လက်တောက်ပနေသည့် နတ်အလင်းနှင့် ပြိုင်ဘက်ကင်းစွမ်းအားကို ခံစားလိုက်ရပုံပေါ်၏။
ရုတ်ခြည်းလိုလိုပင် ရီဖူရှင်းလည်း လှုပ်ရှားလိုက်၏။ တောက်ပသောဓားအလင်းသည် အနည်းငယ်မျက်စိကျိန်းစေပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။ ထိုက်ချူအင်ပါယာသည် ရီဖူရှင်းတိုက်ခိုက်တော့မည်ကို အာရုံရလိုက်သည့်အလား အော်လိုက်၏။ ထိုက်ချူနတ်ဓားများသည် အဆက်မပြတ်ထွက်ပေါ်လာပြီး ရီဖူရှင်း၏တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်၏။
သို့သော် ထိုအလင်းသည် ထိုးဖောက်ဝင်သွားပြီး ထိုက်ချူနတ်ဓားအားလုံးသည် ထိုလမ်းစဉ်ဖျက်ဆီးဓားကို မတားနိုင်၏။ နတ်ဓားဖြတ်သန်းသွားသောအခါ အာကာပြင်သည် ရပ်တန့်သွားသည်။
ထန်း...
ဓားသည် ထိုက်ချူတော်ဝင်အင်ပါယာနှင့် ထိခတ်သွားသောလည်း သူ၏ခန္ဓာကိုယ်ကို ဖောက်မဝင်နိုင်ခဲ့ပေ။ သူ့ကိုယ်တွင်းတွင် အဖျက်စွမ်းအားများ လှိုင်းတံပိုးထနေ၏။ ထိုက်ချူအင်ပါယာသည် ကျယ်လောင်စွာဟိန်းအော်လိုက်၏။
“ထွက်သွားစမ်း...”
ထိုအော်ဟစ်သံကြီးသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေပြီး အာကာပြင်ကိုလည်း ပေါက်ကွဲသွားစေသည်ဟုပင် ထင်ရ၏။ သခင်ချန်၏ ကြယ်တာရာနှင်တံသည် ရှေ့သို့ဆက်ပျံသန်းလာသည်။ ထို့နောက် ကျယ်လောင်သောထိတွေ့သံကြီးနှင့်အတူ ထိုက်ချူတော်ဝင်အင်ပါယာ၏ခန္ဓာကိုယ်သည် အပြင်းအထန်လှုပ်ယမ်းသွားသည်။ သူ၏ကိုယ်တွင်းအင်္ဂါများအားလုံး ပျက်စီးသွားတော့မလိုပင်။
သူ့ကိုယ်ပေါ်တွင် တစ်နေသော ဓားသည် ကိုယ်တွင်းသို့ အနည်းငယ်တိုးဝင်သွားသည်။ ထိုဓား၏အနောက်တွင် ထိုက်ချူဓားများစွာသည် ပျက်စီးကာ အမှုန်ဖြစ်သွားပေပြီ။
စွက်...
နောက်ထပ်ဓားတစ်ချောင်း သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ သခင်ချန်၏ကြယ်တာရာနှင်တံသည် ထိုက်ချူတော်ဝင်အင်ပါယာ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။ ထိုက်ချူတော်ဝင်အင်ပါယာသည် သူ့ကိုယ်တွင်းသို့ ဓားနှစ်ချောင်းဖောက်ဝင်နေသည်ကို တွေ့လိုက်ရသောအခါ ခေါင်းငုံ့လိုက်၏။ ရုတ်တရက် သူ့ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် လက်နှစ်ဖက်ဖြင့် ဓားနှစ်ချောင်းကို တစ်ပြိုင်တည်း ဆုပ်ကိုင်လိုက်ပြီး ခေါင်းမော့ကာ သူ့အရှေ့သို့ကြည့်လိုက်၏။
“ငါက ကုန်းမြေတစ်ခုကို လွှမ်းမိုးနိုင်ခဲ့တဲ့သူပဲ... ငါ ဒီနေ့ ဒီနေရာမှာ ဒီလိုကျရှုံးသွားမယ်လို့ မထင်ထားခဲ့ဖူးဘူး...”
သူသည် သက်ပြင်းချ၍ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
“ဆိုးတာပဲ... မဟာအင်ပါယာအဆင့်က ဘယ်လိုဆိုတာ ငါမသိနိုင်တော့ဘူးပဲ”
သူ့အသံတိမ်ဝင်သွားသည်နှင့် ရီဖူရှင်းဖန်ဆင်းထားသော အလင်းဓားသည် သူ့ကိုယ်တွင်းသို့ ထပ်မံတိုးဝင်သွားသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် ထိုနေရာတွင် ပေါ်လာသည်။ ထိုအချိန်၌ ထိုက်ချူတော်ဝင်အင်ပါယာ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာပျက်စီးနေပြီဖြစ်ပြီး သေလုမြေပါးဖြစ်နေပေပြီ။
“ကျုပ် ခင်ဗျားကိုယ်စား သိအောင်လုပ်ပေးမယ်”
ထိုက်ချူတော်ဝင်အင်ပါယာကို ကျောခိုင်းထားသော ရီဖူရှင်းသည် နောက်လှည့်၍ သူ့ကိုပြောလိုက်၏။
ထိုက်ချူတော်ဝင်အင်ပါယာသည် ထိုစကားကိုကြားလိုက်သောအခါ ရယ်မောလိုက်၏။ သူသည် ခံစားနေရသော နာကျင်မှုကို လျစ်လျူရှုထား၏။ သူက ခက်ခက်ခဲခဲ ခေါင်းမော့လျှက် ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်၏။
“အရှင်ဒွန်ဟောင်က မင်းကိုမသတ်ခဲ့တာ ကောင်းတာလား.. ဆိုးတာလားဆိုတာ ငါမသိဘူး။ ကြည့်ရတာ မဟာအင်ပါယာက အထီးကျန်လွန်းလို့ ကောင်းကင်ဒေသမှာ နောက်ထပ်မဟာအင်ပါယာတစ်ယောက် မွေးဖွားလာတာကို မြင်ချင်တာထင်တယ်။ ရီဖူရှင်း… အနာဂတ်က မင်းအတွက်ဖြစ်လာမှာပဲ”
“ကျုပ် သိတယ်...”
ရီဖူရှင်းက ထိုက်ချူတော်ဝင်အင်ပါယာကိုကြည့်၍ ပြန်ပြောလိုက်၏။
ထိုက်ချူအင်ပါယာသည် ယုံကြည်မှုရှိ၍ စိတ်ကြီးဝင်နေသော စကားများကိုကြားလိုက်သောအခါ ဆက်၍သာပြုံးနေလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး သူ၏ပြင်ပခန္ဓာကိုယ်သည် သေဆုံးသွား၏။ သူသည် ဆက်၍ခုခံမနေတော့ပေ။ သူ၏စိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွား၏။
“ငါသေသွားပြီးရင် ထိုက်ချူတော်ဝင်မြေက တခြားကျင့်ကြံသူတွေကို အသက်ရှင်ခွင့်ပေးလိုက်ပါ။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် သူတို့တွေကို စိတ်မပူလည်းရပါတယ်”
ထိုက်ချူတော်ဝင်အင်ပါယာ၏ စကားများသည် လေထဲတွင် ပျံ့လွင့်သွားသည်။ ထိုစကားများသည် သူ၏နောက်ဆုံးဆန္ဒဖြစ်ပေသည်။
ယနေ့နောက်ပိုင်းတွင် ထိုက်ချူတော်ဝင်မြေ ရှိတော့မည်မဟုတ်ပေ။
“ကောင်းပြီ...”
ရီဖူရှင်း သဘောတူလိုက်၏။ သူထိုသို့ပြောလိုက်သည်နှင့် ထိုက်ချူတော်ဝင်အင်ပါယာ၏ဝိညာဉ်သည် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားကာ အရာအားလုံးသည် အမှုန်အဖြစ်ပြောင်းလဲသွားလေတော့သည်။
ထိုအခိုက်သည် ကောင်းကင်ဒေသ၏ ထိပ်သီးကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သော ထိုက်ချူကုန်းမြေကို လွှမ်းမိုးနိုင်ခဲ့သည် စွမ်းအားကြီးကျင့်ကြံသူ ထိုက်ချူတော်ဝင်အင်ပါယာ၏ အဆုံးသတ်ဖြစ်ပေသည်။
*****
ထိုက်ချူတော်ဝင်မြေအတွင်းနှင့် အပြင်မှ လူများစွာသည် မြင့်မားသောကောင်းကင်ထက်ရှိ တိုက်ပွဲကို ကြည့်ရှုနေဆဲဖြစ်သည်။ ထိုအခိုက်တွင် သူတို့သည် လောကစက်ကွင်းပျောက်ကွယ်လာသည်ကို မြင်လိုက်ရသည်။ မဟာလမ်းစဉ်အရှိန်အဝါသည်လည်း ပျောက်ကွယ်နေသည်။
လူများစွာသည် စိတ်လှုပ်ရှားလာကြပြီး သူတို့၏မျက်လုံးများသည် ကောင်းကင်ထက်မှနေရာတွင် ကော်နှင့်ကပ်ထားသကဲ့သို့ပင် ထင်ရ၏။ နောက်ဆုံးတွင် ထိုပြင်းထန်သောတိုက်ပွဲသည် ပြီးဆုံးသွားလေပြီလော။
ထိုက်ချူတော်ဝင်အင်ပါယာသည် သူ၏ရန်သူများကို သတ်ဖြတ်နိုင်ခဲ့လေသလော။
သူတို့သည် လူနှစ်ယောက်ကို ခပ်ရေးရေးလှမ်းမြင်လိုက်ရပြီး မကြာခင်မှာပင် ထိုနှစ်ယောက်ကို ထင်ထင်ရှားရှား မြင်လာရ၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ဝတ်ရုံဖြူကိုဝင်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်နှင့်ဖြစ်ကာ ကောင်းကင်ထက်တွင် ခံ့ခံ့ညားညား ရပ်နေ၏။ နှင်တံတစ်ချောင်းကို ကိုင်ထားသော ကျန်တစ်ယောက်သည်လည်း ဩဇာအပြည့်ရှိ၏။
ထိုအခိုက်တွင် မျက်လုံးပေါင်းများစွာသည် ကြက်သေ,သေသွားပြီး ကျယ်ပြောသောနေရာတစ်ခွင်လုံး တိတ်ဆိတ်သွားသည်။
ထိုက်ချူတော်ဝင်အင်ပါယာ၏ အရိပ်အယောင်တစ်ခုပင် မတွေ့ရချေ။ ကောင်းကင်ထက်တွင် ရီဖူရှင်းနှင့် သခင်ချန်သာရှိနေ၏။
ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများသည် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်သည့် ထိုမျှော်လင့်ချက်ကို ဆွဲကိုင်ထားကြခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်တွင် သူတို့၏မျက်လုံးများထဲတွင် စိတ်အားငယ်မှုများနှင့် အမှန်တကယ် ကြံရာမရဖြစ်နေမှုများသာ ရှိတော့၏။
တော်ဝင်အင်ပါယာကျရှုံးခဲ့ပေပြီ။
ထိုက်ချူတော်ဝင်မြေရှိ အသန်မာဆုံးသူ ထိုက်ချူဆရာသခင်သည် ထိုတိုက်ပွဲတွင် သေဆုံးခဲ့ပေပြီ။
ဤနေ့မှစ၍ ထိုက်ချူတော်ဝင်မြေသည် သမိုင်းထဲတွင်သာရှိသော နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
အပြင်မှစောင့်ကြည့်နေသော သူများသည်လည်း သက်ပြင်းချကာ စိတ်မကောင်းဖြစ်သွားကြသည်။
နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိသည့် ပရမ်းပတာခေတ်များတွင်ပင် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ထိုက်ချူကုန်းမြေကို ခေတ်အဆက်ဆက် သင်ကြားပေးခဲ့သော တော်ဝင်မြေတစ်ခုသည် ယနေ့တွင် ပျောက်ကွယ်သွားတော့မည်လော။ ရီဖူရှင်းသည် စွမ်းအားကြီးသောလူတစ်ခုကို ဤနေရာသို့ ဦးဆောင်ခေါ်လာကာ တော်ဝင်မြေကို ဖျက်ဆီးပစ်ခဲ့၏။
မြင့်မားသောကောင်းကင်ထက်တွင် ရီဖူရှင်းသည် အောက်ဘက်သို့ လေ့လာကြည့်ရှုလိုက်၏။ သူသည် ထိုသူများ၏မျက်လုံးများအတွင်းရှိ အမုန်းတရားများ၊ စိတ်အားငယ်မှုနှင့် အခြားခံစားချက်မျိုးစုံကို မြင်လိုက်ရသည်။ သို့သော် မည်သည့်အရာကမှ ရီဖူရှင်းအပေါ် မသက်ရောက်နိုင်ပေ။
ဤဖြစ်စဉ်သည် ကျင့်ကြံခြင်းလောကထဲတွင် ဖြစ်လေ့ဖြစ်ထရှိသည့်ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ တစ်ချိန်က ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း ယခုကဲ့သို့ တူညီသောအခြေအနေကို တွေ့ကြုံခဲ့ရဖူး၏။ ထိုအချိန်က ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှ ကြည့်မည်ဆိုလျှင် ထိုက်ချူတော်ဝင်မြေသည် ခုခံ၍မရနိုင်သော ရန်သူဖြစ်၏။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို သိမ်းပိုက်လိုခဲ့သဖြင့် သူ့ကိုဖျက်ဆီးရန် ရည်ရွယ်သော တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။
သို့ဖြစ်ရာ ထိုက်ချူတော်ဝင်မြေသည် အပြစ်မရှိဟု ဆိုနိုင်ပါလေသလော။ သေချာပေါက် မဆိုနိုင်ပေ။
သို့သော် ထိုက်ချူတော်ဝင်မြေသည် ထိုက်ချူကုန်းမြေအတွင်းရှိ သင်ကြားရေးတော်ဝင်မြေဖြစ်သည်။ သူသည် သူလူ့များနှင့်အတူရောက်လာ၍ ထိုတော်ဝင်မြေကို ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် သူ့ကိုလူအချို့က မုန်းတီးနေခြင်းသည် သဘာဝကျပေသည်။
သူသည် ဘာကိုမှ ရှင်းပြမနေတော့ပေ။ အခြားကျင့်ကြံသူများသည် စုဝေးလိုက်ပြီး ရီဖူရှင်းဘေးသို့ ပြန်ရောက်လာကြသည်။ ကပ်ဘေးအဆင့်ရှိသော စွမ်းအားကြီးကျင့်ကြံသူသုံးဦးစလုံး အသတ်ခံလိုက်ရပြီဖြစ်သည်။ ယခုတွင် ထိုက်ချူတော်ဝင်မြေအတွင်းရှိ မည်သူကမှ သူတို့ကိုမခုခံနိုင်တော့ပေ။
ထိုက်ချူတော်ဝင်အင်ပါယာသေဆုံးသွားမှုနှင့်အတူ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။
“နန်းတော်သခင်... နန်းတော်သခင်က...”
မုရုံယွီက ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် အောက်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်၏။ လူများစွာသည် ထိုအခြင်းအရာကိုမြင်လိုက်သောအခါ တုန်လှုပ်သွားကြသည်။ ယခုတွင် သူတို့၏ သေခြင်း၊ ရှင်ခြင်းသည် အခြားသူများ၏လက်ထဲတွင် ရှိနေပြီဖြစ်သည်။
ရီဖူရှင်းသည် ထိုက်ချုတော်ဝင်မြေရှိ ထိုကျင်ကြံသူများကို သတ်ပစ်မည်လော။
သူ၏အမိန့်တစ်ချက်သည် ထိုက်ချူတော်ဝင်မြေရှိ ကျင့်ကြံသူအားလုံးကို အသက်ဆုံးရှုံးသွားစေနိုင်ပေသည်။
“ပြန်ကြစို့...”
ရီဖူရှင်း ပြောလိုက်၏။ ထို့နောက် သူသည် နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာသွား၏။ အခြားကျင့်ကြံသူများသည်လည်း သူ့နောက်သို့ အသီးသီးလိုက်ပါသွားကြသည်။ မုရုံယွီသည် ရီဖူရှင်းဆိုလိုသည်ကို နားလည်ပေသည်။ သူသည် အခြားသူများနှင့်အတူ မထွက်ခွာသွားမီတွင် အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
အောက်ရှိကျင့်ကြံသူများစွာသည် စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်ကြပြီး အနည်းငယ်ကံကောင်းသည်ဟု ခံစားနေကြရ၏။ သူတို့သည် အဝေးရှိ ထွက်ခွာသွားသောလူများနှင့် ပျက်စီးကာကျန်ခဲ့သော ထိုက်ချူတော်ဝင်မြေကိုကြည့်ကာ ရင်ထဲတွင် ခံစားချက်များပြည့်နှက်နေ၏။
ခေတ်တစ်ခေတ်အဆုံးသတ်ခဲ့ပေပြီ။