← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

141 01

အခန်း 141

မေဝမ့်ရှူးသည် ပြာလွင်လွင်အရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်္ကြံလမ်းအပြင်ဘက် လေဟာနယ်ထဲတွင် ရှိနေသော အနီရောင် လက်ရန်းပေါ်၌ ထိုင်နေလေသည်။

ခြေထောက်နှစ်ဖက်က မြေကြီးနှင့် လွတ်နေပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ လက်ရန်းကို ထောက်ထားသည်။

အနောက်ဆောင် အမိုးအောက်ရှိ အမှောင်ရိပ်ထဲတွင် ရပ်နေပြီး နေရောင်အောက်သို့ ထွက်မလာဘဲ ပုန်းကွယ်နေသော သားရဲတစ်ကောင်ကို သူမက အပေါ်စီးမှ ငုံ့ကြည့်နေ၏။

တောင်ပေါ်လေပြင်းများက အနောက်ဆောင်ကို ဖြတ်သန်းတိုက်ခတ်နေသဖြင့် မေဝမ့်ရှူး၏ ဝတ်ရုံလက်များသည် လေနှင့်အတူ ဖောင်းပွ လွင့်ပျံနေလေသည်။

“ဒီဘက် လာခဲ့လေ... ရှင်းယွမ်”

သူမက သူ့ကို လှမ်းခေါ်လိုက်သည်။

“မြေအောက်ခန်းထဲကနေ ထွက်လာပြီး အနောက်ဆောင်ပေါ် ရောက်နေမှတော့ ဘာလို့ အရိပ်ထဲကနေ ထွက်မလာရတာလဲ”

လော့ရှင်းယွမ်သည် အမိုးအောက်တွင် ရပ်နေသော်လည်း အရိပ်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားလေသည်။

ခမောက်ဆောင်းထားပြီး အဝတ်မည်း စည်းထားသဖြင့် မျက်နှာကို မမြင်ရ။ ခြေလှမ်းအနည်းငယ် အကွာမှ ကြည့်လျှင် ရူးသွပ်မှုများ ပြည့်နှက်နေပြီး တောက်ပနေသော မျက်လုံးတစ်စုံကိုသာ မြင်တွေ့ရ၏။

သူ့ရှေ့မှောက်ရှိ တောက်ပသော နွေရာသီ နေရောင်ခြည်သည် ဖြတ်ကျော်မရနိုင်သော အတားအဆီးတစ်ခုသဖွယ် သူ့ခြေလှမ်းများကို တားဆီးထားလေသည်။

သူသည် အမှောင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ မျက်လုံးများထဲတွင် ဖိစီးမှုများနှင့် ရုန်းကန်နေရမှုများ ပြည့်နှက်နေ၏။

“ဆင်းခဲ့ပါ... ရွှယ်ချင့်။ အနောက်ဆောင်မှာ လေတိုက်နေတယ်။ မြန်မြန် ဆင်းခဲ့ပါ”

သူ နာကျင်စွာဖြင့် ပြောဆိုလေသည်။

“မင်းရှိနေတဲ့ နေရာက အရမ်း လင်းလွန်းတယ်။ ငါ ဟိုဘက်ကို မကူးနိုင်ဘူး။ ငါ မင်းအနားကို မကပ်နိုင်ဘူး”

“ဘာဖြစ်လို့လဲ” မေဝမ့်ရှူးက မေးလိုက်သည်။

ပြန်ဖြေသံ မကြားရပေ။

အရိပ်ထဲမှ သားရဲကောင်သည် နောက်သို့ ဖြည်းညှင်းစွာ ဆုတ်သွားပြီး ပိုမိုနက်ရှိုင်းသော အမှောင်ထဲသို့ ဝင်ရောက် ပုန်းကွယ်လိုက်လေသည်။

“တကယ်တော့... ငါ သိပါတယ်။ မင်းက ခုန်ချမယ့်သူ မဟုတ်ပါဘူး။ မင်းရဲ့ စိတ်နေသဘောထားက အေးဆေးတည်ငြိမ်တယ်။ သေးသေးမွှားမွှား ကိစ္စတွေကို စိတ်ထဲထားတတ်တဲ့သူ မဟုတ်ဘူး။ ဘယ်ကိစ္စကမှ မင်းကို သေချင်စိတ်ပေါက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

လော့ရှင်းယွမ် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“အခု အပေါ်တက်လာပြီး မင်း ဘာမှမဖြစ်တာ မြင်ရတော့ ငါ စိတ်အေးသွားပါပြီ”

နောက်ဆုတ်သွားသော ခြေလှမ်းများက တံခါးခုံနှင့် တိုက်မိပြီး သူ အနည်းငယ် ယိုင်သွားသည်။ ထို့နောက် အမှောင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားပြီး ပြန်လှည့်ထွက်ရန် ပြင်လိုက်လေသည်။

အနောက်ဆောင် အပြင်ဘက် နေရောင်အောက်မှ မေဝမ့်ရှူးသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ သူမ၏ သွယ်လျဖြူဖွေးသော လက်ချောင်းလေးများကို ငုံ့ကြည့်လိုက်သည်။

“ရှင်းယွမ်”

141 02

သူမ လှမ်းခေါ်လိုက်သည်။

ပြန်လှည့်လာပြီး သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသော သူထံသို့ သူမ၏ သွယ်လျလှပသော လက်ကို ကမ်းပေးလိုက်လေသည်။

“ငါ့လက်ကို ကြည့်စမ်း”

“မင်းက အမြဲတမ်း ထင်နေတာ... ငါ့လက်တွေက ဖြူစင်သန့်ရှင်းတယ်၊ သွေးစွန်းသွားရင် ငါ ညစ်ပတ်သွားပြီလို့”

သူမ ဖြည်းညှင်းစွာ ပြုံးလိုက်သည်။

“တကယ့်ကို အထင်လွဲမှု ကြီးကြီးမားမားပါပဲ။ ငါက အိမ်တွင်းပုန်းပြီး လောကကြီးအကြောင်း ဘာမှမသိတဲ့ မိန်းကလေးမှ မဟုတ်တာ။ ဘယ်လိုလုပ် မင်းထင်သလို ဖြူစင်သန့်ရှင်းပြီး ဖုန်မှုန့်တစ်စက်မှ မတင်ဘဲ နေနိုင်မှာလဲ”

သူမသည် နေရောင်အောက်တွင် သူမ၏ လက်ကို သေချာ ကြည့်ရှုလိုက်သည်။

“ဒါပေမယ့် ငါတော့ ဒီလိုပုံစံကို သဘောကျတယ်”

“အိမ်တွင်းအောင်းပြီး တစ်သက်လုံး သန့်ရှင်းဖြူစင်စွာ နေသွားရတာထက်၊ ကိုယ့်ကံကြမ္မာကို ကိုယ်မပိုင်ဘဲ ရေလိုက်ငါးလိုက် နေသွားရတာထက်၊ အခု ငါ့ရဲ့ လက်ရှိပုံစံကို ငါ ပိုသဘောကျတယ်”

“မြို့တော်မှာ (၁၀) နှစ်လောက် နေခဲ့ပြီးပြီဆိုတော့ နိုင်ငံရေး လှည့်ကွက်တွေကို ငြီးငွေ့လာလို့ အေးအေးဆေးဆေး နေချင်တာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါက တိုင်းပြည်အခြေအနေ တည်ငြိမ်သွားလို့ပါ။ တကယ်လို့များ အချိန်ကို ပြန်လှည့်ပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ကို ပြန်ရောက်သွားရင်... ငါ အခု လမ်းကိုပဲ ပြန်ရွေးမှာ။ မြို့တော်ကို လာမယ်၊ အမတ်လုပ်မယ်၊ ရှင်းယွမ် ဘေးမှာ နေမယ်၊ ရန်သူတွေကို ရှင်းထုတ်မယ်၊ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲမှာပဲ ရှိအောင် ဖန်တီးယူမယ်”

ခမောက်အောက်ရှိ အဝတ်မည်းပါးလေးက လော့ရှင်းယွမ်၏ အံ့သြမှင်သက်နေသော မျက်နှာထားကို ဖုံးကွယ်မထားနိုင်ပေ။

မေဝမ့်ရှူး မြင်လိုက်ရသည်။ သူမ ထပ်မံ ပြုံးလိုက်ရာ နှုတ်ခမ်းစွန်းတွင် ပါးချိုင့်လေး ထွက်ပေါ်လာလေသည်။

“တွေ့လား... ငါတို့ အတူတူ နေလာတာ ကြာပြီဆိုပေမယ့်၊ ငါ့စိတ်ထဲ ဘာရှိလဲ ဆိုတာ မင်း အမြဲတမ်း မှန်အောင် မခန့်မှန်းနိုင်ပါဘူး”

နှုတ်ခမ်းစွန်းမှ အပြုံးနှင့် ပါးချိုင့်လေးတွင် သရော်ရိပ် အနည်းငယ် ပါဝင်နေသည်။

“မင်းက အမြဲ ပြောတယ်... ငါ့ကို ဆွဲထားချင်တယ်၊ ငါ့ကို မသွားစေချင်ဘူး လို့”

“ဒါပေမယ့် မင်း ဖုံးကွယ်ထားတဲ့ အဲဒီရှင်းယွမ်က ငါ့ကို မဆွဲထားနိုင်ဘူးလို့ မင်း ဘယ်လိုလုပ် သိလဲ”

လော့ရှင်းယွမ်သည် အနောက်ဆောင် တံခါးဝတွင် ရပ်ရင်း နောက်ဆုံးတွင် အက်ကွဲသော အသံဖြင့် ပြန်ပြောလာသည်။

“ငါ ဖုံးကွယ်ထားတဲ့ လော့ရှင်းယွမ်က အရမ်း ဆိုးတယ်။ မင်း သဘောကျမှာ မဟုတ်ဘူး”

“သူက မင်းကို စိတ်ထိခိုက်အောင် လုပ်လိမ့်မယ်၊ ဝမ်းနည်းအောင် လုပ်လိမ့်မယ်၊ ငိုအောင် လုပ်လိမ့်မယ်။ မင်း သူ့ကို မြင်တာနဲ့ ကြောက်ပြီး ထွက်ပြေးချင်စိတ် ပေါက်သွားလိမ့်မယ်”

မေဝမ့်ရှူး သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတယ်။ ပြီးတော့ ငါ့ကို အထင်သေးလွန်းနေတယ်”

လေတိုက်ခတ်နေသော အနောက်ဆောင်တွင် သူမ ကိုယ်ကို စောင်းလိုက်ပြီး အောက်ဘက်ရှိ နန်းတော်ကြီးကို လှမ်းကြည့်လိုက်သည်။

“ဒီနန်းတော်ကြီးကို ကြည့်လိုက်စမ်းပါ။ နေ့တိုင်း လူပေါင်း ထောင်ချီ ဝင်ထွက်သွားလာ နေကြတယ်။ နေ့ဘက်ကျရင် တောက်ပြောင်တဲ့ ဝတ်ရုံတွေ ဝတ်ပြီး လူရည်မွန်တွေလို နေကြပေမယ့်၊ ညရောက်တာနဲ့ နေရာတိုင်းမှာ လူ့အရေခွံ ဝတ်ထားတဲ့ သရဲဘီလူးတွေချည်းပဲ။ လူစိတ် ဘယ်လောက် ယုတ်မာလဲ ဆိုတာ ငါ မြင်ဖူးတာ များပါပြီ”

“တကယ်လို့ စိတ်ထဲက ယုတ်မာမှုတွေကို အတိအလင်း ပြလာရင် ငါက စိတ်ထိခိုက်မှာ မဟုတ်ဘူး၊ ကြောက်မှာလည်း မဟုတ်ဘူး။ ငါ့ကို စိတ်ထိခိုက် ကြောက်ရွံ့စေတာက... ဖုံးကွယ်ထားခြင်းနဲ့ သံသယဝင်ခြင်းတွေပဲ”

သူမ ပြန်လှည့်လာပြီး အမှောင်ထဲတွင် တွေဝေစွာ ရပ်နေသော သူကို ခေါင်းစဉ်တစ်ခု ပြောင်းပြီး ပြောလိုက်သည်။

“အရင်တုန်းက ရှင်ယီနင် ငါ့ဆီ လျှို့ဝှက်စာ တစ်စောင် ပို့ဖူးတယ်။ သူ ပြောတာက မင်း မူးပြီး ရင်ဖွင့်တုန်းက ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ဖူးတယ်လို့ ပြောခဲ့သတဲ့။ အိပ်မက်ထဲမှာ ငါက မိန်းကလေး ဖြစ်နေတယ်၊ ပုလဲနားကပ် ပန်ပြီး နန်းတော်ထဲမှာ စစ်တုရင် ဆက်သရတဲ့ နန်းတွင်းသူ ဖြစ်နေတယ် ဆိုလား။ မင်း ငါ့ကို တစ်ခါမှ မပြောပြဖူးဘူးနော်။ ဒီနေ့တော့ အမှန်အတိုင်း ပြောစမ်းပါ။ အဲဒီလို အိပ်မက်မက်ဖူးတာ ဟုတ်လား”

141 03

လော့ရှင်းယွမ် ဝေဝါးစွာ မှတ်မိနေသည်။

“ငါ ထင်ခဲ့တာက အဲဒါ ယုတ္တိမရှိတဲ့ အိပ်မက်ဆိုး တစ်ခုလို့ပဲ...” သူက တံခါးဝတွင် ရပ်ရင်း တွေဝေစွာ ဖြေလေသည်။ “ဒါပေမယ့် အဲဒါက နိမိတ်ပြတဲ့ အိပ်မက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး”

မေဝမ့်ရှူး လက်ကို မြှောက်ပြီး နဖူးကို နှိပ်နယ်လိုက်သည်။

“... မင်း ပြောတာ မှန်တယ်။ အဲဒါက နိမိတ်ပြ အိပ်မက်ပဲ။ အဲဒီလို အိပ်မက်မျိုး ငါလည်း မက်ဖူးတယ်။ ပြီးတော့ ငါ့အိပ်မက်က မင်းအိပ်မက်ထက် ပိုရှည်တယ်”

“အဲဒီအိပ်မက်ရှည်ကြီးထဲမှာ... ရှင်းယွမ်က အရမ်း ဆိုးသွမ်းတဲ့ လူတစ်ယောက်ပဲ”

“အခုထက် အများကြီး ပိုဆိုးတယ်”

အရိပ်ထဲမှ တောက်ပသော မျက်လုံးများ ရုတ်တရက် မော့ကြည့်လာသည်။ အံ့အားသင့်သွားပုံရသည်။

မေဝမ့်ရှူးသည် လက်ရန်းဘေးရှိ တိုင်နီနီကို မှီရင်း အတိတ်ကို ပြန်ပြောပြနေသကဲ့သို့ တိုးတိုးလေး ပြောလေသည်။

“ငါ့အိပ်မက်ထဲမှာတော့ ငါက နန်းတွင်းသူအဖြစ် နန်းတော်ထဲ ဝင်တဲ့ ပထမဆုံးနေ့မှာပဲ အရှေ့နန်းဆောင် စင်္ကြံအောက်မှာ ချိတ်ဆွဲထားတဲ့ အရေခွံဆုတ်ထားတဲ့ အလောင်းကို တွေ့ခဲ့ရတယ်။ တော်တော် လန့်သွားခဲ့တာ”

“အိပ်မက်ထဲက မင်းကလေ... ရက်စက်ကြမ်းကြုတ်တဲ့ မင်းဆိုးမင်းညစ်ကြီးပဲ”

“နန်းတော်ထဲကနေ နေ့တိုင်း အလောင်းတွေ ထုတ်နေရတယ်။ နန်းတော်တံခါးဝမှာလည်း ရိုက်သတ်ခံထားရတဲ့ အမတ်လောင်းတွေ ချိတ်ဆွဲထားတယ်။ နေရာတိုင်းမှာ လူတွေက ထိတ်လန့်တကြားနဲ့ နေနေရတာ”

“အဲဒီအိပ်မက်ရှည်ကြီးထဲမှာ ငါ့မိသားစု တစ်ခုလုံး အပြစ်ပေးခံရတယ်။ ဆောင်းဦးပေါက်ကျရင် ကွပ်မျက်ခံရတော့မယ်။ ငါ့စိတ်ထဲမှာ သေချင်စိတ်ပဲ ရှိတော့တယ်။ ဒါကြောင့် ဧကရာဇ်နဲ့ စစ်တုရင် ကစားတဲ့အချိန် တမင်တကာ ရွဲ့ပြောပြီး အသတ်ခံရအောင် လုပ်ခဲ့တယ်”

“မင်းက ဒေါသထွက်ပြီး ထွက်သွားတယ်။ ဒါပေမယ့် ငါ့ကို မသတ်ဘူး”

“ငါက အပြစ်ပေးခံရမလားလို့ စောင့်နေပေမယ့် ဘာမှ မဖြစ်လာဘူး။ နောက်ရက်တွေ ကျတော့ စစ်တုရင် ဆက်ကစားရပြန်တယ်။ ငါ တော်တော် အံ့သြသွားတယ်”

“နောက်ပိုင်းကျမှ ငါ တဖြည်းဖြည်း သတိထားမိလာတယ်။ ရှင်းယွမ် ဆိုတဲ့ လူက အာရုံခံစားမှု အရမ်းကောင်းတယ်။ လူတစ်ယောက်ရဲ့ စေတနာနဲ့ မသမာတဲ့စိတ်ကို ခွဲခြားသိနိုင်တယ်”

“ငါက သေချင်နေတာလေ။ မင်းရှေ့မှာ စစ်တုရင် သေချာ မသင်ချင်ပါဘူး၊ ဘာကိစ္စ လာသင်ခိုင်းနေတာလဲ လို့ တဲ့တိုး ပြောခဲ့တယ်။ ငါ့စကားထဲမှာ မင်းကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မပါလို့လား မသိဘူး... မင်း ငါ့ကို ချမ်းသာပေးခဲ့တယ်”

“ငါ့ရဲ့ အကြံပေးချက်ကိုတောင် လက်ခံလိုက်သေးတယ်။ အဲဒီနောက်ပိုင်း (၁၀) ရက်မှာ နှစ်ရက်လောက် အချိန်ပေးပြီး ငါ့ဆီကနေ စစ်တုရင် သေချာ သင်ယူခဲ့တယ်”

မေဝမ့်ရှူး ရယ်မောပြီး စကားရပ်လိုက်သည်။ “ထားလိုက်ပါတော့။ အဲဒါတွေက ရှည်လျားတဲ့ အိပ်မက်တစ်ခုပါပဲ”

သူမ ဖြည်းညှင်းစွာ ဆက်ပြောသည်။

“ခုနက မင်း မြေအောက်ခန်းထဲကနေ အနောက်ဆောင်ပေါ် တက်လာတာ မြင်တော့ ငါ အရမ်း ဝမ်းသာသွားတယ်။ ရှင်းယွမ်... ငါ့အတွက်တော့ မြေအောက်ခန်းထဲက လူကလည်း မင်းပဲ၊ အပေါ်တက်လာတဲ့ လူကလည်း မင်းပဲ။ အတူတူပါပဲ”

လက်ရန်းပေါ်တွင် ထိုင်နေရင်း မေဝမ့်ရှူးသည် အမှောင်ရိပ်ထဲမှ လူကို လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ခမောက်ကို ချွတ်လိုက်။ ဒီဘက် လာခဲ့၊ ရှင်းယွမ်”

“အမှောင်ထဲကနေ ထွက်လာခဲ့။ ငါ့ကို လာဖက်ထား”

လော့ရှင်းယွမ်၏ ပခုံးများ ဆတ်ခနဲ တုန်သွားသည်။

နားထဲတွင် ကြားလိုက်ရသော စကားများကို မယုံနိုင်လွန်းသဖြင့် လန့်သွားသကဲ့သို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

“မလုပ်ဘူး”

141 04

အသံတွင် နာကျင်မှုများနှင့် ဖိစီးမှုများ ပြည့်နှက်နေသည်။ သူ ခေါင်းခါပြီး အက်ကွဲသော အသံဖြင့် အော်ပြောလိုက်သည်။

“မင်း နောင်တရလိမ့်မယ်။ မင်း ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလို ဟန်ဆောင်သေဆုံးပြီး ငါ့နားကနေ ထွက်ပြေးသွားလိမ့်မယ်”

“မပြေးပါဘူး။ အိပ်မက်ထဲမှာ မင်းရဲ့ အဆိုးဆုံးပုံစံကို ငါ မြင်ဖူးပြီးပြီ။ ရှင်းယွမ်... မင်း ဘယ်လောက် ဆိုးဆိုး ငါ မကြောက်ဘူး။ ငါ ကြောက်တာက ဖုံးကွယ်ထားတာနဲ့ သံသယဝင်တာကိုပဲ”

မေဝမ့်ရှူး တည်ငြိမ်စွာ ပြောလေသည်။

“မင်းက ဒီရက်ပိုင်း မင်းရဲ့ အကောင်းဆုံး ပုံစံကိုပဲ ငါ့ကို ပြနေခဲ့တယ်။ မင်း အကောင်းဆုံး ဖြစ်နေတဲ့အချိန်မှာ ငါ့အတွက် ဘာတွေ လုပ်ပေးနိုင်တယ် ဆိုတာကိုပဲ ထပ်ခါတလဲလဲ ပြောနေခဲ့တယ်”

“ဒါပေမယ့် မင်းရဲ့ အဆိုးဆုံး ပုံစံကို မြင်လိုက်ရမှ ငါ သိလိုက်ရတယ်။ မင်း အဆိုးဆုံး ဖြစ်နေတဲ့အချိန်မှာတောင် ငါ့ကို ဘာမှ မလုပ်ဘူး ဆိုတာကိုလေ”

“မင်း တိတ်တဆိတ် ဆောက်ထားတဲ့ မြေအောက်ခန်းကို ငါ တွေ့သွားတယ်။ အလင်းရောင် မမြင်ရတဲ့ ပစ္စည်းတွေ အကုန်လုံး ပေါ်သွားတယ်။ မင်းရဲ့ ရောဂါ ပြန်ထလာတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ထိန်းမရတော့ဘဲ ဒဏ်ရာရအောင် လုပ်မိတယ်။ ဒါပေမယ့် မင်း ငါ့ကို နည်းနည်းလေးမှ မထိခိုက်စေခဲ့ဘူး။ ငါ့အတွက်နဲ့ မြေအောက်ခန်းထဲက ထွက်ပြီး အနောက်ဆောင်ပေါ် တက်လာခဲ့သေးတယ်။ အဲဒီအချက်က ငါ့ကို တကယ် စိတ်ချသွားစေတာ”

သူမ လက်ရန်းကို ထောက်ထားသော လက်များကိုပါ လွှတ်လိုက်လေသည်။

နေရောင်အောက်တွင် ကိုယ်လုံးလေးမှာ လေထဲတွင် တွဲလောင်း ဖြစ်နေသည်။ ပြာလွင်လွင်အရောင် ဝတ်ရုံအောက်နားစများသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

သူမသည် အမှောင်ရိပ်ထဲမှ လူထံသို့ သွယ်လျဖြူဖွေးသော လက်ကို ကမ်းပေးလိုက်သည်။

“လာခဲ့လေ... ရှင်းယွမ်”

သူမ ပြုံးလိုက်ပြီး ထပ်ခေါ်သည်။

“နေရောင်ထဲ ထွက်လာပြီး ငါ့ကို လာဖက်ပါ။ ငါ့ကို အောက်ချပေးပါ”

“ငါ့ကို ချပေးလိုက်ရင် မင်း ငါ့ကို ဆွဲထားနိုင်ပြီ”

အမှောင်ထဲတွင် ပုန်းနေသော လော့ရှင်းယွမ်၏ အသက်ရှူသံ ရပ်တန့်သွားသည်။

တုန်ယင်နေသော လက်များဖြင့် မျက်နှာကို ဖုံးကွယ်ထားသော၊ နေရောင်ကို ကာကွယ်ထားသော ခမောက်ကို ဆွဲချွတ်ပြီး မြေကြီးပေါ် ပစ်ချလိုက်လေသည်။

တဝေါဝေါ တိုက်ခတ်နေသော တောင်ပေါ်လေပြင်းထဲတွင် သူသည် ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်လာသည်။ အမှောင်ရိပ်၏ ချုပ်နှောင်မှုများကို ဖောက်ထွက်ပြီး တောက်ပသော နေရောင်ခြည်အောက်သို့ ဝင်ရောက်လာသည်။

လေထဲတွင် ယိမ်းထိုးနေသော တောင်ပေါ်ဝါးပင်လေးသဖွယ် သွယ်လျသော ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသို့ အတင်း ဆွဲသွင်းပြီး တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

*** *** ***

“ဧကရာဇ်”

နေဝင်သွားသည့် အချိန်၌ပင် လင်စစ်ရှီ၏ လေးလံသော အသံသည် အနောက်ဆောင် တံခါးဝမှ ထွက်ပေါ်လာလေသည်။

“ဒီအချိန်ကြီး ဧကရာဇ်နဲ့ မေအမတ်ကို မနှောင့်ယှက်သင့်မှန်း သိပါတယ်။ ဒါပေမယ့် တိုင်းပြည်ရေးရာရုံးတော်မှာ အရေးကြီးကိစ္စ ပေါ်လာလို့ပါ။ ကျွန်တော်မျိုး သတ္တိမွေးပြီး ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ကို လာတောင်းခံတာပါ”

လင်စစ်ရှီ၏ ခြေလှမ်းများက လေးလံနှေးကွေးနေသည်။ အနောက်ဆောင် တံခါးဝတွင် ရပ်တန့်ပြီး စေ့ထားသော တံခါးကို တွန်းဖွင့်ရန် အတော်ကြာ တုံ့ဆိုင်းနေလေသည်။

အနောက်ဆောင် မြေအောက်ခန်း ကိစ္စက နန်းတော်တစ်ခုလုံး ပျံ့နှံ့နေပြီ။

နန်းတွင်း ကောလာဟလများအရ ဧကရာဇ်သည် စိတ်ဖောက်ပြန်သွားပြီး ကိုယ့်ကိုယ်ကိုယ် မှောင်မိုက်သော အခန်းထဲတွင် ပိတ်လှောင်ကာ နှိပ်စက်နေသည်ဟု ဆိုသည်။

မေအမတ်မှာလည်း စိတ်ဒဏ်ရာရပြီး အနောက်ဆောင်ပေါ်မှ ခုန်ချသတ်သေရန် ကြိုးစားနေသည်ဟု ဆိုကြသည်။

အခု နှစ်ယောက်စလုံး အနောက်ဆောင်ပေါ် ရောက်နေတာ ကြာပြီ။ ဘာသံမှလည်း မကြားရ။ အောက်က ကြည့်တော့လည်း လူမမြင်ရတော့ဘူး။ တစ်ခုခု ဖြစ်သွားပြီလား မသိဘူး။

141 05

နန်းတော်ထဲတွင် ကောလာဟလများ ထွက်ပေါ်နေသဖြင့် ယဲ့ချန်းကော်သည် ရုံးတော်ထဲတွင် ထိုင်မရ ထမရ ဖြစ်နေသည်။

လင်စစ်ရှီသည် ဆရာဖြစ်သူ ယဲ့ချန်းကော်၏ တောင်းဆိုမှုကြောင့် အခြေအနေ လာကြည့်ခြင်း ဖြစ်သည်။

သူ တံခါးဝတွင် အတော်ကြာ ရပ်နေပြီး အဆိုးဆုံး အခြေအနေကို မျှော်မှန်းလျက် သွားအံကြိတ်ကာ တံခါးကို တွန်းဖွင့်လိုက်လေသည်။

“ဧကရာဇ်... ကျွန်တော်မျိုး သတ္တိမွေးပြီး…”

စကားတစ်ဝက်မှာတင် မျက်စိရှေ့မှ မြင်ကွင်းကြောင့် အသံများ လည်ချောင်းထဲ ပြန်ဝင်သွားလေသည်။

အနောက်ဆောင်၏ အပြင်ဘက် စင်္ကြံလမ်းသို့ ထွက်သော တံခါးမှာ တစ်ဝက် ပွင့်နေသည်။

နေဝင်ခါနီး နေရောင်ခြည် အနည်းငယ်သည် ဝေးလံသော နန်းဆောင်ခေါင်မိုးများထက်မှ ဖြာကျလာပြီး စင်္ကြံလမ်း ဝန်းကျင်ကို ရွှေရောင် တောက်ပစေသည်။

ရွှေချည်ထိုး နဂါးပုံ ဝတ်ရုံလက်တစ်ဖက်သည် အောက်ဘက်မှ ပြာလွင်လွင်အရောင် ဝတ်ရုံလက်ကို ဖုံးအုပ်ထားသည်။ ဝတ်ရုံလက်များ ဖုံးကွယ်ထားသော အနီရောင် လက်ရန်းတစ်ပိုင်းကိုလည်း မြင်တွေ့နေရသည်။

နန်းတွင်း ကောလာဟလများအရ စိတ်ဖောက်ပြန်နေပြီ ဟူသော ဧကရာဇ်မင်းသည် ယခုအခါ စင်္ကြံလမ်းပေါ်တွင် ရှိနေသည်။ သူ၏ မြင့်မားသော ခန္ဓာကိုယ်သည် အနောက်ဆောင် တံခါးကို ကျောပေးထားသည်။ လက်ချောင်းချင်း ယှက်နွယ် ဆုပ်ကိုင်လျက် သူ့အောက်မှ လူသားကို အနီရောင် တိုင်လုံးနှင့် ကပ်ကာ ဖိထားလေသည်။

မေဝမ့်ရှူးသည် ခေါင်းမော့ထားပြီး မျက်လုံးမှိတ်ထားသည်။ နေရောင်အောက်တွင် ပြင်းပြသော အနမ်းများကို ငြိမ်သက်စွာ ခံယူနေ၏။

အနောက်ဆောင်ထဲသို့ တတိယလူ ဝင်ရောက်လာသည်ကို သတိထားမိပုံရသည်။ မှိတ်ထားသော မျက်တောင်ရှည်ကြီးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ ပုံမှန်အားဖြင့် အေးစက်တည်ငြိမ်သော မျက်ဝန်းနက်များတွင် မျက်ရည်စများ ဝေ့သီနေပြီး အနောက်ဆောင် တံခါးဝဘက်သို့ ဝေဝါးစွာ လှမ်းကြည့်လိုက်သည်။

တံခါးဝတွင် ပါးစပ်အဟောင်းသားဖြင့် ရပ်နေသော လင်စစ်ရှီကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ထို့နောက် ဂရုမစိုက်သလို ပြန်မှိတ်လိုက်လေသည်။

လင်စစ်ရှီ “...... ကျွန်တော်မျိုး ပြန်သွားပါတော့မယ်”

++++++

All Chapters