← Chapters

အခန်း (၁၄၄)

Vol. 15 Ch. 144

အခန်း (၁၄၄)

Vol. 15 Ch. 144

144 01

အခန်း 144

ယနေ့ညသည် အခင်းဖြစ်ပွားမည့် ညတစ်ည ဖြစ်ချေတော့သည်။

ကျယ်ဝန်းလှသော နန်းတော်ကြီးအတွင်း၊ လရောင်မထိုးဖောက်နိုင်သော ထောင့်ချိုး အမှောင်များထဲတွင် တစ္ဆေသရဲများသဖွယ် အရိပ်မည်းများသည် လှုပ်ရှားသွားလာ နေကြလေသည်။

ည (၂) ချက်တီးချိန် ရောက်ရှိလာသောအခါ ညအတော်နက်နေပြီဖြစ်၍ နန်းတော်တံခါးများကို သော့ခတ်ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ အရိပ်မည်းတစ်ခုသည် ဘယ်ကြည့်ညာကြည့် ပြုလုပ်ရင်း နန်းတွင်းဥယျာဉ်တော်၏ လူရှင်းသော ထောင့်တစ်နေရာရှိ ကျောက်တောင်တု အောက်ဘက်သို့ သုတ်ခြေတင် လျှောက်လှမ်းသွားလေသည်။

ကျောက်တောင်တု အနောက်ဘက် အမှောင်ရိပ်ထဲတွင် လူတစ်ယောက်က ကြိုတင်စောင့်ဆိုင်းနေ၏။

ခြေသံကြားသောအခါ စောင့်ဆိုင်းနေသူသည် အမှောင်ထဲမှ ထွက်လာပြီး လက်သီးအုပ်ချီ နှုတ်ဆက်လေသည်။

“ပညာရှင်ကျောက် ရောက်လာပြီပဲ”

လရောင်အောက်တွင် ပိန်လှီသော ကိုယ်လုံးပိုင်ရှင်၏ အရိပ်ရှည်ကြီးသည် ကျောက်တောင်တုအောက်၌ ပေါ်လာသည်။ သူသည် အဆင့်မြင့် စာပေပညာရှင် အမတ်များသာ ဝတ်ဆင်ရသော ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စောင့်ဆိုင်းနေသူကို မာန်ပါပါ ပြန်လည်လက်အုပ်ချီကာ မေးမြန်းလိုက်လေသည်။

“ဘာကိစ္စရှိလို့ ငါ့ကို အလောတကြီး ရှာနေရတာလဲ”

ရောက်လာသူမှာ နန်းတွင်းတွင် တာဝန်ကျသော ဟန်လင်ပညာရှင် သုံးဦးအနက် အသက်အကြီးဆုံး ဖြစ်သည့် ကျောက်ကျင့်ရှန်းပင် ဖြစ်လေသည်။

အခြား ဟန်လင်ပညာရှင် နှစ်ဦးကို မေဝမ့်ရှူးက ရွေးချယ်ပြီး ဧကရာဇ် အပါးတော်မြဲအဖြစ် ခန့်ထားသော်လည်း ကျောက်ကျင့်ရှန်းမှာ အသက်ကြီးပြီး ပညာအရည်အချင်း သာမန်သာ ရှိသဖြင့် ချန်လှပ်ထားခံခဲ့ရသည်။ နေ့ဘက်တွင် ဟန်လင်ကျောင်းတော်၌ အလုပ်လုပ်ပြီး ညဘက်တွင် မိန်းမစိုးလေးများကို စာသင်ပေးရသော တာဝန်ဖြင့် နန်းတော်ထဲတွင် မကြာခဏ ညအိပ်လေ့ရှိသူ ဖြစ်သည်။

“မင်းကို ငါ ပြောထားပြီးသားလေ... တိုင်းပြည်ရေးရာရုံးတော်က အစည်းအဝေး မပြီးသေးဘူး၊ တံခါးပိတ် ဆွေးနွေးနေတုန်းပဲ၊ အမတ်မင်းတွေလည်း ပြန်မထွက်လာသေးဘူးလို့… အိမ်ရှေ့စံ ရွေးချယ်ပွဲလို အရေးကြီးကိစ္စကို ချက်ချင်းကြီး ဘယ်ဆုံးဖြတ်လို့ ရပါ့မလဲ။ မင်းတို့ဘက်က ဘာလို့ ဒီလောက် လောနေရတာလဲ”

ကျောက်ကျင့်ရှန်း ပြောပြီးသည်နှင့် လက်ကာပြကာ ပြန်လှည့်ထွက်ရန် ပြင်လေသည်။

စောင့်ဆိုင်းနေသူသည် အမှောင်ထဲမှ နှစ်လှမ်းခန့် ရှေ့တိုးလာပြီး ကျောက်ကျင့်ရှန်း ရှေ့ကို ပိတ်ရပ်လိုက်၏။

လရောင်အောက်တွင် ထိုလူ၏ ရုပ်ရည် ပေါ်လာသည်။ နန်းတွင်းမိန်းမစိုးများ ဝတ်ဆင်သည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မျက်နှာသွင်ပြင်မှာ သာမန်ဆန်လွန်းသဖြင့် လူအုပ်ထဲ ရောနှောသွားပါက ပြန်ရှာတွေ့ရန် ခက်ခဲမည့် ရုပ်ရည်မျိုး ဖြစ်သည်။

မိန်းမစိုးဝတ်စုံ ဝတ်ထားသော်လည်း စကားပြောလိုက်သောအခါ အသံမှာ မိန်းမစိုးများ၏ စူးရှသောအသံမျိုး မဟုတ်ဘဲ အက်ကွဲဩရှနေသော ယောက်ျားသံ ဖြစ်နေလေသည်။

“ပညာရှင်ကျောက်... ခဏလောက် နေပါဦး” ထိုလူက အေးတိအေးစက် ပြောလိုက်သည်။

“ကျွန်တော့်သခင်က မေးခိုင်းလိုက်လို့ပါ။ ပညာရှင်ကျောက် အရင်တုန်းက ပြောခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ မဟာဗျူဟာဆိုတာ ဘယ်နေရာမှာများ လွဲသွားသလဲ လို့။ အမတ်ချုပ်ချန် လက်ထဲ စာရင်းသွားထည့်တာက စောလွန်းအားကြီးမနေဘူးလား”

ကျောက်ကျင့်ရှန်း ဒေါသထွက်သွားလေသည်။

“လူကို မယုံရင် မခိုင်းနဲ့၊ ခိုင်းပြီးရင် ယုံလေ မင်းသခင်ကို ပြန်ပြောလိုက်... ငါ့ရဲ့ မဟာဗျူဟာက အချိန်ကိုက်ပဲ၊ ဘာမှ မမှားဘူးလို့ အိမ်ရှေ့စံ တင်မြှောက်ရေးကိစ္စက ပြတ်ပြတ်သားသား လုပ်ရမယ့်ကိစ္စမျိုး၊ အချိန်ဆွဲနေရင် အခွင့်ကောင်း လွတ်သွားလိမ့်မယ်။ နောက်တစ်ခါ အခွင့်အရေး ရချင်မှ ရတော့မှာ”

“ဪ... အဲဒီလိုလား။ ကျွန်တော် နားလည်ပါပြီ။ ဒါနဲ့... ကျွန်တော့်သခင်က နောက်တစ်ခု မေးခိုင်းလိုက်သေးတယ်။ စာရင်းထဲမှာ နာမည်ကို အနီရောင် စုတ်တံနဲ့ ဝိုင်းလိုက်တာက ပညာရှင်ကျောက် ကိုယ်တိုင် လုပ်တာလား၊ တခြားလူကို ခိုင်းလိုက်တာလား တဲ့”

“ဒီလောက် အရေးကြီးတဲ့ကိစ္စကို သူများကို ဘယ်ခိုင်းလို့ စိတ်ချရမလဲ” ကျောက်ကျင့်ရှန်းက အေးစက်စက် ပြန်ဖြေသည်။ “ငါကိုယ်တိုင် ဝိုင်းလိုက်တာ။ မင်းသခင် စိတ်ချလက်ချ နေလို့ရပြီလို့ ပြန်ပြောလိုက်”

အပြာရောင်ဝတ် မိန်းမစိုးက ခေါင်းငြိမ့်လိုက်ပြီး ကျောက်တောင်တု အောက်ခြေကို လက်ညှိုးထိုးပြလေသည်။

“ကျွန်တော့်သခင်က နောက်ဆုံး စကားတစ်ခွန်း ပါးခိုင်းလိုက်ပါသေးတယ်။ ဒီနေရာက လူမြင်ကွင်း ဖြစ်နေလို့ ဟိုဘက်က လူကွယ်တဲ့နေရာမှာ ပြောရအောင်”

ကျောက်ကျင့်ရှန်း လရောင်ကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကျောက်တောင်တု အရိပ်အောက်သို့ လိုက်သွားလေသည်။

144 02

“ဘာကျန်သေးလို့လဲ။ မြန်မြန်ပြော။ ငါ ဒီည တာဝန်ကျနေတာ၊ အပြင်ထွက်တာ ကြာရင် လူတွေ သံသယဝင်ကုန်မယ်”

အပြာရောင်ဝတ် မိန်းမစိုးသည် သူ့အနောက်တွင် ရပ်ရင်း နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“ကျွန်တော့်သခင်က ပညာရှင်ကျောက်ကို မေးခိုင်းလိုက်တယ်...”

“တကယ်လို့ ပညာရှင်ကျောက်ရဲ့ မဟာဗျူဟာက အလွန်ကောင်းမွန်ပြီး အမှားအယွင်း မရှိဘူး ဆိုရင်... ဒီည ဖျင်မင်းသား နန်းတော်ကို စစ်တပ်တွေက ဘာလို့ ဝိုင်းထားတာလဲ။ ခင်ဗျားရဲ့ မဟာဗျူဟာက အကြီးအကျယ် လွဲချော်သွားတာကို ခင်ဗျား မသိဘူးလား”

ကျောက်ကျင့်ရှန်း မျက်နှာ အရောင် ပြောင်းသွားလေသည်။ လှည့်ကြည့်ပြီး စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အနောက်မှ မိန်းမစိုး၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး အင်္ကျီလက်ကြားထဲမှ အသင့်ပြင်ထားသော ကြိုးကြမ်းတစ်ချောင်းကို ထုတ်ကာ ကျောက်ကျင့်ရှန်း၏ လည်ပင်းကို နောက်မှနေ၍ တင်းကျပ်စွာ ရစ်ပတ် ဆွဲညှစ် လိုက်လေတော့သည်။

လရောင် မထိုးဖောက်နိုင်သော အမှောင်ရိပ်ထဲမှ တရှပ်ရှပ် အသံသဲ့သဲ့ ထွက်ပေါ်လာလေသည်။

သတိထား နားမထောင်လျှင် မြက်ခင်းထဲတွင် မြွေများ၊ ကြွက်များ သွားလာနေသည်ဟု ထင်မှတ်ဖွယ် ရှိ၏။

အနောက်ဆောင်မှ ကိုယ်ရံတော် (၄) ဦး၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီး ရုံးတော်သို့ ပြန်လာသော လင်စစ်ရှီသည် စိတ်နှင့်လူနှင့် မကပ်ဘဲ ဥယျာဉ်တော်ကို ဖြတ်လမ်းမှ ဖြတ်သန်းလာစဉ် ခြေခေါက်လဲမလို ဖြစ်သွားလေသည်။

မလှမ်းမကမ်းရှိ ကျောက်တောင်တုကြီးကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မျက်နှာညှိုးငယ်သွား၏။

“ခဏလောက် စောင့်ပေးကြပါဦး” လင်စစ်ရှီက ဝမ်းနည်းပက်လက် ပြောလေသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ့ဇနီးသည် နန်းတွင်းစားပွဲ လာတက်တုန်းက ဒီနားမှာ လက်ကောက် ကျပျောက်ခဲ့လို့တဲ့။ ငါ သွားရှာကြည့်လိုက်ဦးမယ်။ ပြန်တွေ့မလားလို့”

သူသည် ကျောက်တောင်တု အနောက်ဘက်သို့ လျှောက်သွားလိုက်လေသည်။

တကယ်တမ်းတွင်မူ မည်သည့် လက်ကောက်မျှ ပျောက်ဆုံးခြင်း မရှိပေ။

သူ ဤနေရာကို ဖြတ်သန်းမိသောအခါ နန်ဟယ်မင်းသမီး မင်္ဂလာဆောင်စဉ်က ဤနေရာတွင် ဝမ်နျန် (သခင်မလင်) နှင့် ရန်ဖြစ်ခဲ့သည်ကို သတိရသွားသောကြောင့် ဖြစ်သည်။ ဝမ်နျန်၏ မျက်ရည်များနှင့် သနားစရာ ကောင်းသော မျက်ဝန်းများကို မြင်ယောင်လာမိသည်။

ထို့နောက် မေဝမ့်ရှူးက အေးစက်သော မျက်နှာထားဖြင့် ဆရာတူအစ်ကိုလင်... လိမ္မာရေးခြားရှိတဲ့ မိန်းမ ယူလိုက်ရင်လည်း နောင်တရနေဦးမှာပါပဲဟု ပြောခဲ့သည်ကိုလည်း ကြားယောင် လာလေသည်။

စိတ်ဓာတ်ကျဆင်းလျက် ခြေလှမ်းလေးလံစွာဖြင့် ကျောက်တောင်တုအောက်တွင် ရပ်တန့်လိုက်သည်။ ထိုစဉ်က ဝမ်နျန် ငိုယိုပြီး လဲကျခဲ့သော မြက်ခင်းပြင်ကို ငေးကြည့်လိုက်မိ၏။

လရောင်အောက်တွင်... ခြေထောက်တစ်ဖက်ကို တွေ့လိုက်ရလေသည်။

အနက်ရောင် အရာရှိဖိနပ် စီးထားသော ခြေထောက်တစ်ဖက်။

မျက်စိရှေ့တွင် ခဏတာ ပေါ်လာပြီးနောက် ကျောက်တောင်တု အမှောင်ရိပ်ထဲသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရပြီး မြက်ခင်းပေါ်တွင် မထင်မရှား ဆွဲရာတစ်ခု ကျန်ရစ်ခဲ့လေသည်။

လင်စစ်ရှီသည် မြွေလိမ်မြွေကောက် ဖြစ်နေသော ဆွဲရာလမ်းကြောင်းလေးကို အံ့သြမှင်သက်စွာ စိုက်ကြည့်နေမိသည်။

နောက်တစ်ခဏ၌ သူသည် ကိုယ်ရံတော် (၄) ဦး စောင့်ဆိုင်းနေသော ကျောက်စရစ်လမ်းဘက်သို့ ပြန်လှည့်ပြီး အတင်း ပြေးထွက်သွားကာ အော်ဟစ်လိုက်လေသည်။

“လုပ်ကြံသူ ဟေ့ ဒီမှာ လူသတ်နေတယ်”

*** *** ***

သန်းခေါင်ကျော် (၃) ချက်တီး အချိန်၊ လမင်းကြီး ကောင်းကင်အလယ် ရောက်နေချိန် ဖြစ်သည်။

အနောက်ဆောင် တံခါးဝတွင် ချီကျန့်ဟန် ဒူးထောက် လျှောက်တင်နေလေသည်။

“...... အဲဒီလိုနဲ့ပဲ အစောင့်တွေက ပညာရှင်ကျောက်ကို အသက်ငွေ့ငွေ့ပဲ ကျန်တော့တဲ့ အချိန်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဖျင်မင်းသား အိမ်တော်က လုပ်ကြံသူ အသေခံတပ်သားကတော့ အခြေအနေ မဟန်မှန်း သိတာနဲ့ ချက်ချင်း အဆိပ်သောက် သေသွားပါတယ်။ ကံကောင်းတာက ပညာရှင်ကျောက် သတိပြန်ရလာပြီး ထွက်ဆိုချက် ပေးပါပြီ။ သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ ငိုယိုတောင်းပန်နေပါတယ်”

144 03

ချီကျန့်ဟန်သည် ယခုည အနောက်ဆောင် တက်လာခြင်းမှာ အချိန်အခါ သိပ်မကောင်းလှဟု ခံစားမိနေသည်။ တံခါးဝတွင် ဒူးတစ်ဖက်ထောက်ပြီး ထိုင်ရင်း ဧကရာဇ်၏ မျက်နှာကို ခိုးကြည့်နေမိလေသည်။

“ကျွန်တော်မျိုး ထွက်ဆိုချက် ရတာနဲ့ ဒုတပ်မှူး ကျိုးရွှမ်ယွီဆီ ချက်ချင်း သွားပါတယ်။ သူက ကျစ်ချန်နန်းဆောင်က လူတွေကို ဖမ်းပြီး စစ်ဆေးနေတုန်းပဲ။ ပညာရှင်ကျောက်ရဲ့ ထွက်ဆိုချက်နဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တော့ အတွင်းလူကို မိသွားပါတယ်”

“အဲဒီအတွင်းလူက ပညာရှင်ကျောက်ရဲ့ တပည့်၊ အသက် (၁၅) နှစ်ပဲ ရှိသေးတဲ့ သန့်ရှင်းရေး လုပ်တဲ့ မိန်းမစိုးလေးပါ။ ပညာရှင်ကျောက်ရဲ့ မြှောက်ပင့်စကားတွေကို ယုံပြီး အမှားကြီး မှားမိတာပါ ”

“အခု သက်သေ လူသက်သေ အကုန် စုံနေပါပြီ။ ဖျင်မင်းသား အိမ်တော်ကိုလည်း ဝိုင်းထားပြီးပြီ ဆိုတော့ မနက်ဖြန် ဖျင်မင်းသားကို မျက်နှာချင်းဆိုင် စစ်ဆေးလိုက်ရင် ဒီအမှုကြီး ပေါ်ပြီလို့ အာမခံပါတယ် ”

လော့ရှင်းယွမ်သည် နားထောင်ပြီးသော်လည်း မျက်နှာထား မပျက်ပေ။ ခေါင်းကို အသာညိတ်ရုံ ညိတ်လိုက်လေသည်။

“ကောင်းတယ်။ လုပ်တာ ကိုင်တာ သပ်ရပ်တယ်။ သက်သေ အစုံအလင် ရပြီဆိုတော့ မနက်ဖြန်ကျရင် လူတွေကို တော်ဝင်အကျဉ်းထောင်ကနေ ထုတ်ပြီး တာ့လီတရားရုံးချုပ်နဲ့ တရားရေးရာဌာနကို လွှဲပေးလိုက်တော့။ သူတို့ ပူးပေါင်း စစ်ဆေးကြပါစေ”

ချီကျန့်ဟန် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

အမိန့်တော် အတုလုပ်ပြီး အိမ်ရှေ့စံ နေရာလုသည့် ဤမျှ ကြီးမားသော ပုန်ကန်မှုကြီးကို ဧကရာဇ် ကိုယ်တိုင် စစ်ဆေးအပြစ်ပေးရမည့် တော်ဝင်အကျဉ်းထောင်တွင် မထားဘဲ တရားရုံးချုပ်နှင့် တရားရေးရာဌာနကို လွှဲပေးလိုက်သည် ဟုတ်လား။

အတွေးတစ်ချက် ဝင်လာသော်လည်း သူ ချက်ချင်း အမိန့်နာခံလိုက်လေသည်။ “အမိန့်တော်အတိုင်းပါ ”

လော့ရှင်းယွမ် တံခါးပိတ်လိုက်လေသည်။ ပြတင်းပေါက်မှ ဝင်လာသော လရောင်ကို အားပြုပြီး ကုတင်ဘေးသို့ ပြန်လျှောက်သွား၏။

မေဝမ့်ရှူးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ အသက်ရှူသံများက မှန်ကန်ငြိမ်သက်နေလေသည်။

သူမ ယခုည အတော်ပင် ပင်ပန်းသွားရှာပြီ ဖြစ်သည်။ နားငြီးလွန်းသော ခေါင်းလောင်းသံ ရပ်တန့်သွားသည်နှင့် ချက်ချင်း အိပ်ပျော်သွားခြင်း ဖြစ်သည်။

ဘေးနားတွင် လူရောက်နေသည်ကို သတိထားမိသဖြင့် သူမ အိပ်မှုန်စုန်မွှားနှင့် နိုးလာလေသည်။ မျက်လုံးတစ်ဝက်ဖွင့်ပြီး မေးမြန်းလိုက်သည်။ “ဘာဖြစ်တာလဲ။ အခြေအနေ ဘယ်လိုလဲ”

“ကိစ္စကြီး၊ ကိစ္စကောင်းပါ”

လော့ရှင်းယွမ်သည် ကိုယ်ကို ကိုင်းပြီး နှုတ်ခမ်းထောင့်စွန်းလေးကို နမ်းလိုက်လေသည်။ လျှောကျနေသော စောင်ကို ပခုံးထိ ဆွဲတင်ပေးလိုက်၏။

“ချီကျန့်ဟန် ကံကောင်းသွားတယ်။ သူ့ခြေထောက်နဲ့သူ အနောက်ဆောင်ပေါ်က ပြန်ဆင်းခွင့် ရသွားတယ်။ ရုံးတော်ထဲက လူတွေလည်း ပြန်လို့ရပြီ။ မင်း စိတ်ချလက်ချ အိပ်တော့နော်”

*** *** ***

တိုင်းပြည်ရေးရာရုံးတော်ထဲတွင် ငြိမ်ငြိမ်ထိုင်ပြီး အနားယူရန် အမိန့်ရထားသော အမတ်ကြီးများကို ညဉ့်နက်ပိုင်း ရောက်သောအခါ ဆူးဟွေ့ကျုံးက ဘေးနန်းဆောင် အသီးသီးတွင် နေရာချပေးပြီး အိပ်ခိုင်းလိုက်လေသည်။

“အမှုကိစ္စ ရှင်းလင်းသွားပြီ၊ အမတ်မင်းတို့ ပင်ပန်းကြပါပြီ၊ မနက်မိုးလင်းပြီး နန်းတော်တံခါးဖွင့်တာနဲ့ အိမ်ပြန်နားလို့ ရပါပြီ” ဧကရာဇ်က အမိန့်ပါးလိုက်သောကြောင့် ဖြစ်သည်။

အမတ်ကြီးများ စိတ်အေးသွားကြပြီး ယာယီကုတင်များပေါ်တွင် ဟောက်သံ တဝေါဝေါဖြင့် အိပ်ပျော်သွားကြလေသည်။

လင်စစ်ရှီ တစ်ယောက်တည်းသာ ပြတင်းပေါက် အပြင်ဘက်ရှိ ညအမှောင်ထုကို ကြည့်ရင်း ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေသည်။ မျက်လုံး မမှိတ်နိုင်၊ မမှိတ်ရဲ ဖြစ်နေ၏။

မျက်လုံးမှိတ်လိုက်သည်နှင့် မနေ့ညကကဲ့သို့ပင် အိပ်မက်ဆိုးများထဲသို့ ပြန်လည် ရောက်ရှိသွားမည်ကို သူ သိနေသည်။

သူ၏ ဆရာတူညီငယ်... နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့သည့်၊ ဧကရာဇ် ရှေ့မှောက်တွင် အတူတူ အမှုထမ်းခဲ့သည့် လုပ်ဖော်ကိုင်ဖက် မေရွှယ်ချင့်။

144 04

တည်ငြိမ်သည်၊ ဉာဏ်များသည်၊ သူ၏ အကျင့်စာရိတ္တကို လေးစားရသလို သူ၏ လုပ်ရည်ကိုင်ရည်ကိုလည်း ကြောက်ရွံ့ရသူ။

သူ၏ အိပ်မက်ထဲတွင်မူ ထိုမေမျိုးရိုး၊ ပန်းချီကားတစ်ချပ်ပမာ လှပသော မျက်နှာပိုင်ရှင်သည်... အမျိုးသမီးတစ်ဦး ဖြစ်နေချေသည်။

ကြည်လင်သန့်ရှင်းပြီး လှပသော မိန်းမပျိုလေး... အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပုလဲတစ်လုံးပမာ တောက်ပနေသည်။ သူမ ပြုံးလိုက်တိုင်း ရယ်လိုက်တိုင်း ဆွဲဆောင်မှု ရှိလွန်းလှသည်။ မင်္ဂလာဖယောင်းတိုင် မီးရောင်အောက်တွင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဦးညွှတ်ပြီး မျက်လွှာချကာ ပြုံးပြလေသည်။

“ခင်ပွန်း...” တဲ့။

သူမသည် သူ၏ တရားဝင် ပေါင်းသင်းဆက်ဆံသော ပဏာမဇနီးသည် ဖြစ်နေလေသည်။

လင်စစ်ရှီသည် မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသော အိပ်မက်အစွန်းတွင် ရပ်တန့်လျက် မြူခိုးများ မရှိသည့် အိပ်မက် အလယ်ဗဟိုကို ကြောင်တောင်တောင် ကြည့်နေမိသည်။

ထိုနေရာသည် အနီရောင် လွှမ်းနေသော မင်္ဂလာခန်းမဆောင် ဖြစ်သည်။

သူကိုယ်တိုင်လည်း သတို့သား ဝတ်စုံ ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေလေသည်။

သတို့သမီး ခေါင်းဆောင်း အနီရောင် ပုဝါကို စားပွဲပေါ် ပစ်တင်လိုက်သည်။ မျက်နှာထားမှာ အေးစက်နေပြီး စကားလုံးများက ဓားသွားသဖွယ် ထက်ရှနေသည်။ သူမကို အေးစက်စက် ပြောဆိုလိုက်လေသည်။

“မင်း ငါ့ရှေ့မှာ ဒီလို လိမ္မာယဉ်ကျေးတဲ့ ပုံစံမျိုး ဟန်ဆောင်မနေပါနဲ့။ အမှန်အတိုင်း ပြောရရင် မင်းကို လက်ထပ်တာက အမေ သဘောကျလို့ လက်ခံလိုက်ရတာ။ ငါ့စိတ်ထဲမှာ တခြားတစ်ယောက် ရှိပြီးသား။ သူက ကံမကောင်းလို့ မင်းလို မေအိမ်တော်က တိသမီး ဖြစ်မလာတာ၊ ငါ့အမေ မျက်စိကျစရာ ဂုဏ်ဒြပ်တွေ မရှိတာပဲ ကွာတာ။ မင်းက အမေ ရွေးချယ်ထားတဲ့သူ ဆိုတော့ ခုနကလို လိမ္မာတဲ့ပုံစံမျိုးကို အမေ ရှေ့မှာ များများလုပ်ပြ။ ဒါဆို မင်းရဲ့ ပဏာမဇနီးသည် နေရာ မြဲလိမ့်မယ်။ တခြားဟာတွေတော့ မျှော်လင့်မနေနဲ့”

တစ်လုံးချင်းစီသည် ရင်ကို ထိုးစိုက်နေလေသည်။ မျက်စိရှေ့ရှိ မိန်းမလှလေး၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်ကို သူ မြင်နေရသည်။ သူမ နှုတ်ခမ်းကို တိတ်ဆိတ်စွာ စေ့ထားလိုက်လေသည်။

ဖယောင်းတိုင် မီးရောင်အောက်တွင် လှပသော မျက်နှာလေးကို လွှဲလိုက်ရာ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝေ့သီလာသည်။ မျက်ရည်ဝဲနေသည်မှာပင် လှပနေဆဲ ဖြစ်သည်။

သတို့သားဝတ်စုံဖြင့် သူသည် သူမ ငိုယိုမသောင်းကျန်းဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်အနည်းငယ် လျော့ကျသွားသည်။ လေသံ ပျော့ပျောင်းသွားလေသည်။

“ကဲပါ... ပြောစရာရှိတာလည်း ပြောပြီးပြီ။ နောက်နောင် မင်းက သားသမီး မွေးပေးနိုင်မယ်၊ အိမ်မှုကိစ္စတွေကို နိုင်နိုင်နင်းနင်း လုပ်နိုင်မယ် ဆိုရင် လင်အိမ်တော်ရဲ့ ပဏာမဇနီး နေရာမှာ တည်မြဲအောင် ငါ အာမခံပေးပါ့မယ်။ ငါ့ကိစ္စတွေကို ဝင်မပါဘဲ မင်းတာဝန် မင်းကျေရင် ရပြီ”

သူ ရှေ့တိုးသွားပြီး လက်ကမ်းပေးလိုက်လေသည်။ “လာ... မင်္ဂလာဦးညမှာ မငိုနဲ့တော့”

မျက်နှာချင်းဆိုင်မှ သူမသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ အသံမှာ တည်ငြိမ်အေးစက်နေ၏။ စောစောက ဝမ်းနည်း မျက်ရည်ဝဲနေသော ပုံစံ လုံးဝ မဟုတ်တော့ပေ။

“ခင်ပွန်း စိတ်ထဲမှာ တခြားတစ်ယောက် ရှိနေမှတော့ နှစ်ဖက်မိဘ တွေ့ဆုံတုန်းက ဘာလို့ မငြင်းခဲ့တာလဲ။ မေအိမ်တော်မှာ ကျွန်မက သမီးတစ်ယောက်တည်း ရှိတာပါ။ ခင်ပွန်းသာ သဘောမတူဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် မိဘတွေက လင်အိမ်တော်နဲ့ သဘောတူမှာ မဟုတ်ပါဘူး”

အိပ်မက်ထဲမှ သူ၏ အံ့သြနေသော မျက်နှာကို ကြည့်ပြီး သူမက တည်ငြိမ်စွာ ဆက်ပြောလေသည်။

“ခင်ပွန်းက မငြင်းဆန်ဘဲ ရိုးရာဓလေ့အတိုင်း လက်ထပ်ခဲ့တယ် ဆိုကတည်းက... ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရရင် မောင်က ဒီမင်္ဂလာပွဲက ရလာမယ့် အကျိုးအမြတ်တွေကို တွက်ချက်ပြီးမှ လက်ခံခဲ့တာပဲ။ လင်အိမ်တော်က သခင်မကြီးရဲ့ မျက်နှာသာပေးမှု၊ မေအိမ်တော်ရဲ့ အရှိန်အဝါ အထောက်အပံ့၊ ပြီးတော့ မြို့တော်မှာ နာမည်ကြီးနေတဲ့ ကျွန်မရဲ့ ဂုဏ်သတင်း အနည်းအကျဉ်း... အဲဒါတွေက ခင်ပွန်း စိတ်ထဲက ချစ်သူထက် ပိုအရေးကြီးနေလို့ မဟုတ်လား”

144 05

လင်စစ်ရှီသည် မြူခိုးများ ဖုံးလွှမ်းနေသော အိပ်မက်အစွန်းတွင် ရပ်ရင်း သတို့သားဝတ်စုံဖြင့် သူက ဒေါသတကြီး ပေါက်ကွဲပြီး မင်္ဂလာဦးညတွင် သတို့သမီးကို ပစ်ထားခဲ့ကာ ထွက်ခွာသွားသည်ကို လက်ပိုက်ကြည့်နေမိလေသည်။

သူ အိပ်မက်မက်ရင်း ဝေဝေဝါးဝါး တွေးလိုက်မိသည်။ ဒီအိပ်မက်ဆိုးကြီးက တကယ့်ကို ယုတ္တိမရှိဘူး။

သို့သော် ပြန်တွေးမိပြန်သည်။ ဒါက မေရွှယ်ချင့် တကယ် ပြောမယ့် စကားတွေပဲ။ သူက လူစိတ်ကို ထိုးဖောက်မြင်နိုင်သူလေ။

သူ အိပ်မက်ထဲတွင် ထပ်မံ၍ သံသယဝင်လာပြန်သည်။ ဒါက သူ (ယောက်ျား) လား၊ သူမ (မိန်းမ) လား။

မြူခိုးများ ဖုံးလွှမ်းနေသော အိပ်မက်မှာ ဆက်လက် မက်နေဆဲပင်။

လင်စစ်ရှီသည် အိပ်မက်ထဲမှ သူ ပဏာမဇနီးကို ပစ်ထားပြီး အပြင်၌သာ လနှင့်ချီ အိပ်စက်နေသည်ကို ကြည့်နေမိလေသည်။

အိမ်ထဲတွင် အတင်းအဖျင်းများ များပြားလာသည်။ အမေက မျက်နှာချင်းဆိုင် မေးမြန်းလာသည်။ သူမအပေါ် ဆက်ဆံပုံမှာလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာလေသည်။

တစ်နေ့ စောစော အိမ်ပြန်ရောက်သောအခါ အမေက သူမကို ခေါ်ယူပြီး အခြားအိမ်များမှ ချွေးမများကို နှိပ်စက်သကဲ့သို့ တစ်နေကုန် ဘေးနားခေါ်ထားကာ နှိပ်စက်နေသည်ကို တွေ့လိုက်ရသည်။

အမေက သူ့ရှေ့မှာပင် သူမကို ရွဲ့စောင်းပြောဆိုလေသည်။

အိမ်ထောင်ကျတာ (၆) လ ရှိပြီ၊ ဗိုက်က ဘာသံမှ မကြားရသေးဘူး။ မေအိမ်တော်က သမီးဆိုပေမယ့် အခု လင်အိမ်တော်ရဲ့ ချွေးမ ဖြစ်နေပြီ။ ယောကျ်ားရှေ့မှာ လိမ္မာယဉ်ကျေးပြီး နေစမ်းပါ။ မြို့တော်က စာဆိုရှင် ဆိုတဲ့ မာနကြီးနဲ့ နေမနေနဲ့။ ငါ့သား စိတ်ကုန်သွားလိမ့်မယ်။

သူမ အိမ်မှုကိစ္စများ လုပ်ဆောင်ရင်း ပင်ပန်းနွမ်းနယ်လာသည်ကို သူ အေးစက်စက် ကြည့်ရှုနေခဲ့သည်။ လက်ထပ်ခါစက ပြည့်ပြည့်ဖောင်းဖောင်း လှပသော မိန်းမပျိုလေးသည် တဖြည်းဖြည်း ပိန်ကျသွားလေသည်။ မေးရိုးလေး ချွန်လာသည်။ တည်ငြိမ်သော မျက်ဝန်းနက်လေးများက ပိုမို နက်မှောင်လာလေသည်။

သူမ သူ့ကို တစ်ခွန်းမျှ ညည်းညူခြင်း မရှိပေ။

သို့သော် တစ်နေ့ပြီးတစ်နေ့ သူမ၏ နူးညံ့သိမ်မွေ့သော အပြင်ပန်းအောက်မှ ထက်မြက်မှုများကို သူ့ရှေ့တွင် ပြသလာလေသည်။

အိမ်နောက်ဖေးတွင် နေသော်လည်း သူနှင့် အမေ ပြောသော စကားအနည်းငယ်ကို နားထောင်ရုံဖြင့် သူ ရုံးတော်တွင် မည်သည့် အခက်အခဲများ ကြုံနေရသည်ကို ခန့်မှန်းနိုင်၏။

စကား နည်းနည်းလေးဖြင့် အကြံပေးသည်။ အရင်က ဘယ်အကွက် ရွှေ့မှားခဲ့လို့ အခုလို အကျပ်အတည်း ဆိုက်နေတာလဲ ဆိုတာ ထောက်ပြသည်။

နူးညံ့သော စကားလုံးများ ဖြစ်သော်လည်း အဓိပ္ပာယ်မှာ အရိုးထိအောင် စူးရှလှသည်။

သူ နောင်တရပြီး စိတ်ညစ်နေသည်ကို သူမ အေးဆေးစွာ ကြည့်ပြီး ထွက်သွားလေ့ရှိသည်။

အစပိုင်းတွင် သူ သူမကို သံသယဝင်ခဲ့သည်။ လူလွှတ်ပြီးပင် စောင့်ကြည့်ခိုင်းခဲ့သေးသည်။ နောက်ပိုင်းကျတော့ စိတ်ထဲက လေးစားလာလေသည်။

ရုံးတော်တွင် ကိစ္စရှိလျှင် သူမနှင့် တိုင်ပင်လာသည်။

နောက်ဆုံးတွင် ဝမ်နျန်နှင့် စိတ်ကောက်ပြီး စိတ်ညစ်စရာများ ရှိလျှင်ပင် ရင်ဖွင့်စရာ မရှိသဖြင့် သူမကိုပင် ရင်ဖွင့်လာလေသည်။

သူ့စိတ်ထဲတွင် သူမကို တဖြည်းဖြည်း နေရာပေးလာသည်။ သို့သော် သူ့အတွက် အရာရာ စွန့်လွှတ်ခဲ့သော ဝမ်နျန်ကိုလည်း မစွန့်လွှတ်နိုင်ပေ။

သူ့စိတ် ယိမ်းယိုင်လာသည်ကို သတိထားမိပြီး အားနာစိတ်ဖြင့် ဝမ်နျန် ကိုယ်ဝန်ရသည်ကို ခွင့်ပြုပေးလိုက်လေသည်။

တစ်သက်လုံး ဤသို့ပင် နေသွားရမည် ထင်ခဲ့သည်။ တစ်ဖက်တွင် အရည်အချင်းနှင့် ပြည့်စုံပြီး လူတိုင်းအားကျသော ပဏာမဇနီး၊ တစ်ဖက်တွင် ငယ်ချစ်၊ သနားစရာကောင်းသော ဝမ်နျန်... မဆိုးလှဟု တွေးခဲ့သည်။

သို့သော် တစ်နေ့တွင် ဝမ်နျန်က ဗိုက်ကြီးကားကားဖြင့် လမ်း၌ ပဏာမဇနီးကို တားဆီးပြီး အိမ်ပေါ်ခေါ်တင်ရန် ဒူးထောက် တောင်းပန်လိမ့်မည်ဟု မည်သူ ထင်မှတ်မည်နည်း။

ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော သူမက ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ကွာရှင်းခွင့် တောင်းလိမ့်မည်ဟု မည်သူ ထင်မှတ်မည်နည်း။

လမ်းခွဲလိုက်ကြလေသည်။ သူမ ပြတ်ပြတ်သားသား ထွက်ခွာသွားသည်။ လင်အိမ်တော်တွင် (၃) နှစ် နေခဲ့သည်မှာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင် ခြေရာဖျောက်သွားလေသည်။

144 06

ဝမ်နျန်သည် သားမွေးပေးမည် ဆိုသော အကြောင်းပြချက်ဖြင့် လင်းအိမ်တော်၏ နောက်အိမ်ထောင်အဖြစ် ဝင်ရောက်လာနိုင်ခဲ့သည်။

သို့သော် မွေးလာသည်မှာ သမီးမိန်းကလေး ဖြစ်နေသဖြင့် လင်သခင်မကြီး စိတ်ပျက်သွားလေသည်။

ဝမ်နျန်မှာ အောက်တန်းလွှာမှ လာသူဖြစ်၍ လင်အိမ်တော်ကဲ့သို့ အိမ်ကြီးအရာကြီး၏ အိမ်မှုကိစ္စများကို စီမံရာတွင် အမှားမှား အယွင်းယွင်းများ ဖြစ်ကုန်လေသည်။ အထက်တန်းလွှာ သခင်မများကြားတွင် သရော်စရာ ဖြစ်လာသည်။ ထို့ပြင် သမီးမိန်းကလေး နှစ်ယောက် ဆက်တိုက် မွေးလိုက်သဖြင့် လင်သခင်မကြီးမှာ မကြာမီပင် ငြီးငွေ့သွားသည်။ သားကို မယားငယ် ထပ်ယူရန် တိုက်တွန်းလာသည်။ ဝမ်နျန်မှာ တစ်နေ့တစ်နေ့ ငိုယိုသောင်းကျန်းနေတော့သည်။

အိပ်မက်ထဲမှ သူသည် အိမ်တွင်းရေး ပူပန်မှုများနှင့် စိတ်ရှုပ်နေရစဉ် မေအိမ်တော်တွင် အဂတိလိုက်စားမှု ပြဿနာကြီး ပေါ်ပေါက်လာပြီး တစ်မိသားစုလုံး ဖမ်းဆီးခံလိုက်ရလေသည်။

သူမသည် လင်အိမ်တော်နှင့် ကွာရှင်းပြီးသား၊ ပြင်ပရောက်နေသော သမီး မဟုတ်တော့ပေ။ မေအိမ်တော်၏ သမီးအကြီးဆုံး အနေဖြင့် ပြစ်ဒဏ် ခံရမည့် စာရင်းထဲ ပါဝင်သွားသည်။ ရာဇဝတ်သား အမျိုးသမီးများ ထုံးစံအတိုင်း ပြည့်တန်ဆာအိမ် ပို့ခံရမလား၊ နယ်နှင်ဒဏ် ခံရမလား ဆိုသည့် အခြေအနေ ဖြစ်လာလေသည်။

သူ နေရာအနှံ့ လိုက်လံပြီး အကူအညီတောင်းသည်။ အာဏာပိုင်များကို လိုက်ရှာသည်။ နောက်ဆုံးတွင် ပြည့်တန်ဆာအိမ် ပို့မည် ဆိုသော အမိန့်ကို ပြင်ဆင်ပြီး နန်းတွင်းအစေခံအဖြစ် သိမ်းမည် ဆိုသည့် အမိန့် ပြောင်းပေးနိုင်ခဲ့လေသည်။

ထို့နောက် နန်းတွင်းထဲမှ အဆက်အသွယ်များကို သုံးပြီး သာမန် အစေခံဘဝမှ နန်းတွင်း အရာရှိမလေး ရာထူး ရရှိအောင် လုပ်ပေးခဲ့သည်။

အစစအရာရာ အဆင်ပြေအောင် လိုက်လုပ်ပေးနေသည်မှာ (၂) လခန့် ကြာသွားလေသည်။

အလုပ်များ ပြီးစီး၍ အိမ်ပြန်ရန် သတိရသည့် အချိန်ကျမှ...

ဝမ်နျန် ကြိုးဆွဲချသေဆုံးသွားသည် ဆိုသော သတင်းဆိုး ကြားလိုက်ရလေသည်။

ဝမ်နျန်မှာ မကြာသေးမီကမှ တတိယမြောက် သမီးကို မွေးဖွားထားခြင်း ဖြစ်သည်။ ယောက္ခမကြီး၏ နေ့စဉ် ရွဲ့စောင်းပြောဆိုမှုများကို မခံနိုင်တော့ပေ။ ယောကျ်ားကလည်း တစ်နေကုန် အိမ်မကပ်သဖြင့် စိတ်ဆင်းရဲနေရသည်။ ပြီးတော့ သခင်လေးက မေသခင်မလေးကို ပြန်ရွေးဖို့ နေရာတကာ လိုက်ပတ်နေတယ် ဆိုသည့် အစေခံများ၏ အတင်းစကားများကို ကြားပြီး စိတ်ဓာတ်ကျသွားခြင်း ဖြစ်သည်။

ဆက်လက် မရပ်တည် နေနိုင်တော့ဘဲ ဝမ်းနည်းပက်လက်ဖြင့် သုံးပေခန့်ရှိသော ပိတ်ဖြူစဖြင့် ကြိုးဆွဲချသွားရှာလေသည်။

အိပ်မက်ထဲမှ သူသည် မျက်နှာဖြူဖတ်ဖြူရော်ဖြင့် အလောင်းကောင်ရှေ့တွင် ဒူးထောက်ထိုင်ရင်း လင်သခင်မကြီးကို မေးမြန်းနေမိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း မေးနေမိသည်။

“ဘယ်လိုဖြစ်ပြီး ဒီအခြေအနေ ရောက်သွားရတာလဲ။ ဘယ်နေရာမှာ မှားသွားခဲ့တာလဲ”

ကျယ်လောင်သော အော်သံတစ်ခုကြောင့် မိုးလင်းခါနီး အိပ်မက်ရှည်ကြီးထဲမှ လန့်နိုးလာလေသည်။

ဆူးဟွေ့ကျုံးသည် ဘေးနန်းဆောင် တံခါးဝတွင် ရပ်လျက် ဧကရာဇ် အမိန့်ကို ကြေညာနေလေသည်။

“ဒီနေ့ ညီလာခံ ဖျက်သိမ်းလိုက်ပါပြီ။ ဧကရာဇ်က အမတ်ချုပ်ချန်နဲ့ စစ်ဘက်ရေးရာ အမတ်လင်တို့ကို အရှေ့နန်းဆောင်မှာ တွေ့ခွင့်ပြုလိုက်ပါတယ်”

*** *** ***

အမတ်ချုပ် ချန်ကျင်းယီမှာ အသက်ကြီးပြီဖြစ်၍ မနက်စောစော နိုးတတ်သည်။ အရှေ့နန်းဆောင်သို့ အရင် ရောက်ရှိသွားလေသည်။

လင်စစ်ရှီကမူ စိတ်နှင့်လူနှင့် မကပ်ဘဲ နောက်ကျကျန်ရစ်ခဲ့သည်။ အရှေ့နန်းဆောင်သို့ သုတ်ခြေတင် လျှောက်လာသောအခါ တခြားဘက်မှ ဖြည်းညှင်းစွာ လျှောက်လာသော မေဝမ့်ရှူးနှင့် မျက်နှာချင်းဆိုင် တိုးမိလေသည်။

မနေ့ညက အနောက်ဆောင်တွင် အိပ်ခဲ့သော မေဝမ့်ရှူးမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသည်။ လမ်းလျှောက်သည်မှာ ပုံမှန်ထက် ပိုနှေးနေလေသည်။ သို့သော် စိတ်အခြေအနေတော့ ကြည်လင်နေပုံ ရသည်။

“ဟော... မေအမတ် မနေ့ညက အိပ်မပျော်ဘူးလား” ရှောင်ကွေ့ယွမ်က အရှေ့နန်းဆောင် အပြင်ဘက်တွင် တွေ့သဖြင့် မေးလိုက်လေသည်။ “မျက်ကွင်းတွေ ညိုနေသလိုပဲ”

144 07

မေဝမ့်ရှူးက မငြင်းပေ။ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “မနေ့ညက ကိစ္စရှိလို့ ကောင်းကောင်း မအိပ်လိုက်ရဘူး”

လင်စစ်ရှီ နောက်ဆုံးတော့ လူအစစ်ကို တွေ့လိုက်ရပြီ ဖြစ်သည်။ ရင်ထဲမှ ဝမ်းနည်းမှုများ၊ စိတ်လှုပ်ရှားမှုများကို အောင့်အီးပြီး အနားသွားကာ တုန်တုန်ရီရီ ခေါ်လိုက်လေသည်။ “ဆရာတူညီလေးမေ”

ရှေ့တွင် ရပ်ပြီး သေချာ အကဲခတ်ကြည့်လိုက်သည်။

ဆရာတူညီလေးမေသည် မိန်းကလေးတစ်ယောက်ကဲ့သို့ လှပချောမွတ်သော မျက်နှာ ရှိသော်လည်း၊ ဤမျှ ကြီးမားသော ရည်မှန်းချက်များ၊ နိုင်ငံတော် အဆင့် (၂) အရာရှိကြီး တစ်ယောက်၏ အရည်အချင်းများနှင့် ပြည့်စုံနေသည်ဖြစ်ရာ၊ အဘယ်မှာလျှင် မိန်းကလေး ဖြစ်နိုင်မည်နည်း။ ထိုအိပ်မက်ဆိုးကြီးမှာ အစမှ အဆုံးထိ အဓိပ္ပာယ်မရှိသော အရာကြီးသာ ဖြစ်သည်...

အကြည့်က ဖြူဖွေးသော လည်ပင်းဆီ ရောက်သွားသောအခါ လည်ပင်းမြင့် ကော်လာက ဖုံးမထားနိုင်သော အနီရောင် အကွက်အချို့ကို တွေ့လိုက်ရလေသည်။

လင်စစ်ရှီ “......”

မေဝမ့်ရှူး သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။ လက်ကို မြှောက်ပြီး ကော်လာကို ဆွဲတင်လိုက်လေသည်။ ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်ပြီး အကွာအဝေး ယူလိုက်၏။ တည်ငြိမ်စွာ မေးလိုက်သည်။ “လင်းအမတ် ကိစ္စရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ”

ထိုအချိန်၌ပင် ကြိမ်သံကြားလိုက်ရပြီး ဧကရာဇ် ကြွလာလေသည်။

လော့ရှင်းယွမ်သည် လက်နောက်ပစ်ပြီး စင်္ကြံလမ်းကွေ့မှ ထွက်လာသည်။ သူတို့ရှေ့တွင် ရပ်လိုက်ပြီး စောစောက မေးခွန်းအတိုင်း မေးလိုက်လေသည်။

“စစ်ရှီက ရွှယ်ချင့် ကို ဘာကိစ္စ ပြောစရာ ရှိလို့လဲ။ ပွင့်ပွင့်လင်းလင်း ပြောလေ”

လင်စစ်ရှီ စကားမထွက်တော့ပေ။ တိတ်ဆိတ်စွာ နောက်ဆုတ်ပြီး အရိုအသေ ပေးလိုက်လေသည်။

လော့ရှင်းယွမ်က မေဝမ့်ရှူးကို ခေါ်ဆောင်ပြီး နှစ်ယောက်သား အရှေ့နန်းဆောင်ထဲ ဝင်သွားကြသည်။

နန်းတွင်း စည်းကမ်းအရ အမတ်များက ခေါင်းငုံ့ပြီး ဧကရာဇ်၏ မျက်နှာကို မကြည့်ရပေ။

သို့သော် လင်စစ်ရှီသည် ရက်ဆက် မက်နေသော အိပ်မက်ဆိုးများကြောင့် စိတ်လွတ်နေပြီ ဖြစ်သည်။ စည်းကမ်းများကို ဂရုမစိုက်နိုင်တော့ဘဲ ဧကရာဇ် ဘေးမှ ဝါးပင်လို သွယ်လျသော မေဝမ့်ရှူး၏ ကျောပြင်ကို စိုက်ကြည့်နေမိလေသည်။

အရှင်နှင့် အမတ် အရှေ့နန်းဆောင်ထဲ ဝင်သွားသည့်အချိန်၊ (၂) ရက်ဆက်တိုက် မအိပ်ရသဖြင့် မျက်စိများ မှားသွားသလား မသိပေ...

နှစ်ယောက်သား ယှဉ်လျက် ဝင်သွားပြီး ဝတ်ရုံလက်များ ထိမိသွားသည့်အချိန်၊ ဧကရာဇ်၏ သန်မာသော လက်ကြီးက နဂါးပုံ ဝတ်ရုံလက်ကြားမှ ထွက်လာပြီး ဆရာတူညီလေးမေ၏ လက်ချောင်းလေးများကို လာရောက် ချိတ်တွယ်သည်ကို မြင်တွေ့လိုက်ရလေသည်။

မေဝမ့်ရှူးက လက်ကို ရုပ်ပြီး ရှောင်လိုက်လေသည်။ ထို့နောက် ခေါင်းစောင်းပြီး ဘေးမှ ဧကရာဇ်ကို မျက်စောင်းထိုးလိုက်၏။ အသံမထွက်ဘဲ ပြုံးလိုက်သောအခါ နှုတ်ခမ်းစွန်းတွင် ပါးချိုင့်လေး ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

*** *** ***

All Chapters