အခန်း (၁၄၅)
Vol. 15 Ch. 145
145 01
အခန်း 145
“ဒီနေ့ အမတ်မင်းတို့ကို ခေါ်တွေ့ရတာက တစ်ယောက်ချင်းစီကို သီးခြား ပြောစရာကိစ္စတွေ ရှိလို့ပဲ”
အရှေ့နန်းဆောင် အတွင်းတွင် လော့ရှင်းယွမ်သည် ခန်းမအလယ်ရှိ ကြီးမားသော စားပွဲရှည်ကြီး၏ နောက်တွင် ခန့်ညားစွာ ထိုင်နေလေသည်။ အောက်ဘက်တွင် ထိုင်ခွင့်ပြုထားသော ချန်ကျင်းယီကို ကြည့်ပြီး နာမည် ခေါ်လိုက်၏။
“ချန်အမတ်”
“ပထမအကြိမ်တုန်းက မယ်တော် ယာယီနန်းတော်ကို ပြောင်းရွှေ့သွားတုန်းက အမတ်တွေက ကျစ်ချန်နန်းဆောင် အပြင်ဘက်မှာ ဒူးထောက်ဆန္ဒပြခဲ့ကြတယ်။ ချန်အမတ်က ဦးဆောင်သူ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းကျတော့ ယဲ့အမတ်ကြီးရဲ့ ဖျောင်းဖျမှုကို နားထောင်ပြီး ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားခဲ့တယ်။ အဲဒီကိစ္စအတွက် ကျန်း ကျေးဇူးတင်တယ်”
“ဒုတိယအကြိမ်... ကျန်း (၂) လပိုင်းတုန်းက နေမကောင်းဖြစ်ပြီး ကျစ်ချန်နန်းဆောင်ကို ပိတ်ထားတုန်းကပေါ့။ အမတ်တွေက အိမ်ရှေ့စံကိစ္စ ဆွေးနွေးကြရင်း ယာယီနန်းတော်က မြေးတော်လေးကို မြို့တော် ပြန်ခေါ်ဖို့ အကြံပြုကြတယ်။ ချန်အမတ်ကတော့ ထောက်ခံတာရော ကန့်ကွက်တာရော မလုပ်ဘဲ ရေငုံနှုတ်ပိတ် နေခဲ့တယ်။ အဲဒီအချိန်တုန်းက နိုင်ငံရေးအခြေအနေက ရှုပ်ထွေးနေတော့ မှားတာလုပ်မိရင် ဂိုဏ်းဂဏ တိုက်ပွဲတွေ ဖြစ်ကုန်မှာ စိုးလို့ ချန်အမတ်က သတိထားပြီး နေခဲ့တာကို ကျန်း နားလည်တယ်”
“တတိယအကြိမ်... အခု ဖြစ်ပျက်ခဲ့တဲ့ အမိန့်တော် အတုလုပ်ပြီး အိမ်ရှေ့စံ နေရာလုတဲ့ ကိစ္စပေါ့”
သူသည် ထိုင်နေရာမှ ထပြီး လမ်းလျှောက်လာကာ ချန်အမတ်ရှေ့တွင် ရပ်တန့်လိုက်သည်။ မျက်လုံးများက စူးရှစွာ ကြည့်နေ၏။
“စာရင်းက ချန်အမတ် လက်ထဲ ရောက်နေတယ်။ ဘယ်လိုလုပ် ရောက်လာလဲ ဆိုတာ ချန်အမတ် ကိုယ်တိုင်ပဲ သိမှာပါ။ အမတ်ချုပ် တစ်ယောက် အနေနဲ့ ရပ်တည်ချက် မခိုင်မာဘူး။ ရှင်းရှင်းလင်းလင်း မရှိဘူး။ ငါ့ဆီ လာပြီး အတည်ပြုဖို့လည်း မကြိုးစားဘူး၊ အများရှေ့မှာ ထုတ်ဖော် မေးခွန်းထုတ်တာလည်း မရှိဘူး။ ဒီကိစ္စအတွက် ချန်အမတ်မှာ တာဝန်ရှိတယ်လို့ ငါ ထင်တယ်”
ချန်ကျင်းယီသည် မျက်နှာပျက်လျက် ထရပ်ပြီး ဦးညွှတ်လိုက်သည်။
“အမိန့်တော် အတုလုပ်တဲ့ ကိစ္စမှာ ကျွန်တော်မျိုး အစောကြီးကတည်းက ဆုံးဖြတ်ချက် မချနိုင်ခဲ့တာ ကျွန်တော်မျိုးရဲ့ အမှားပါ။ ဒီနေ့ ဧကရာဇ် ခေါ်တွေ့ကတည်းက စိတ်ထဲမှာ ပြင်ဆင်ထားပြီးသားပါ။ မနေ့ညက ကျစ်ချန်နန်းဆောင်မှာ ရှိနေတုန်းကတည်းက ကျွန်တော်မျိုး စာလွှာ ရေးထားပြီးပါပြီ”
သူသည် အင်္ကျီလက်ကြားထဲမှ စာလွှာတစ်စောင်ကို ထုတ်ယူပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
ဆူးဟွေ့ကျုံးက လာယူပြီး ဧကရာဇ်ကို ဆက်သလိုက်၏။
လော့ရှင်းယွမ်သည် စာလွှာကို ဖွင့်ကြည့်လိုက်သည်။
ရာထူးမှ နုတ်ထွက်ခွင့် တောင်းခံစာ ဖြစ်နေလေသည်။
ချန်ကျင်းယီသည် နေရာတွင် ဒူးထောက်ချလိုက်သည်။ “ကျွန်တော်မျိုး အသက်ကြီးပါပြီ။ စိတ်ဓာတ်တွေလည်း ကျဆင်းနေပါပြီ။ တာဝန်ကြီးတွေကို မထမ်းဆောင်နိုင်တော့ပါဘူး။ အငြိမ်းစားယူပြီး မွေးရပ်မြေပြန်ခွင့်ပြုပါ ”
လော့ရှင်းယွမ် ခေါင်းညိတ်လိုက်သည်။ စာလွှာကို သိမ်းပြီး ဆူးဟွေ့ကျုံးကို ပေးလိုက်၏။ ထို့နောက် မင်းသုံးဆက်တိုင် အမှုထမ်းခဲ့သော ဝါရင့်အမတ်ကြီးကို ကိုယ်တိုင် တွဲထူပေးလိုက်သည်။
“ချန်အမတ်ရဲ့ ကွမ်ဝန်နန်းဆောင် ပညာရှင် ရာထူးကို ဆက်လက် ထားရှိပေးပါ့မယ်။ လော့ယန်မြို့တော်မှာ အိမ်တစ်လုံး ပေးသနားမယ်။ လော့ယန် အရှေ့မြို့တော်က ရာသီဥတု မျှတတယ်။ မြို့တော်နဲ့လည်း (၂) ရက်ခရီးပဲ ဝေးတာဆိုတော့ အားတဲ့အချိန်ကျရင် မြို့တော်ကို လာလည်လို့ ရတာပေါ့”
လော့ယန် အရှေ့မြို့တော်သည် အငြိမ်းစား အရာရှိကြီးများ နားခိုရာ နေရာဖြစ်သည်။ လော့ယန် အရှေ့မြို့တော်တွင် နေထိုင်ခွင့် ရရှိသော အရာရှိကြီးများသည် နိုင်ငံရေးတွင် အကြံပေးအရာရှိအဖြစ် ဆက်လက် ပါဝင်နိုင်ကြသည်။ ဒါဟာ နိုင်ငံတော်က အငြိမ်းစား အရာရှိတွေအပေါ်ထားတဲ့ အမြင့်ဆုံး ဂုဏ်ပြုမှုပင်။
ချန်ကျင်းယီ မျက်ရည်ကျပြီး ထပ်မံ ဦးခိုက်လိုက်သည်။
လော့ရှင်းယွမ်က ဝတ်စုံနှင့် ကျောက်စိမ်းခါးပတ် ချီးမြှင့်လိုက်ပြီး ဝါရင့်အမတ်ကြီးကို ဝေါယာဉ်ပေါ်သို့ ကိုယ်တိုင် လိုက်ပို့ပေးလိုက်သည်။ ဝေါယာဉ် နန်းတော်တံခါးမှ ထွက်ခွာသွားသည်အထိ ရပ်ကြည့်နေခဲ့၏။
145 02
အရှေ့နန်းဆောင်ထဲသို့ ပြန်ဝင်လာပြီး စားပွဲရှည်ကြီး နောက်တွင် ပြန်ထိုင်လိုက်သည်။ မျက်လုံးများက လင်စစ်ရှီဆီသို့ ရောက်သွားလေသည်။
လင်စစ်ရှီ “......”
လင်စစ်ရှီ ခဏ ငြိမ်နေပြီးမှ ထရပ်ကာ ရှင်းပြလေသည်။ “အမိန့်တော် အတုလုပ်တဲ့ ကိစ္စကို ကျွန်တော်မျိုး ကြိုမသိခဲ့ပါဘူး”
လော့ရှင်းယွမ်က မငြင်းပေ။ “ဟုတ်ပါတယ်။ အဲဒီကိစ္စနဲ့ လင်အမတ်နဲ့ မဆိုင်ပါဘူး။ ကျန်း ဒီနေ့ ခေါ်တာက အဲဒီကိစ္စအတွက် မဟုတ်ဘူး”
သူ ထပ်မံ ထရပ်ပြီး လင်စစ်ရှီ ရှေ့သို့ လျှောက်သွားလိုက်သည်။
“ရှေးပညာရှိတွေ ပြောဖူးတယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်မယ်၊ မိသားစုကို ထိန်းသိမ်းမယ်၊ ပြီးမှ တိုင်းပြည်ကို အုပ်ချုပ်မယ်တဲ့။ ကိုယ့်အိမ်တွင်းရေးတောင် မနိုင်နင်းဘဲနဲ့ တိုင်းသူပြည်သားတွေကို ဘယ်လိုလုပ် အေးချမ်းအောင် လုပ်ပေးနိုင်မှာလဲ”
“ကိုယ့်အိမ် နောက်ဖေးမီးတောင် မငြှိမ်းနိုင်ဘဲနဲ့ တိုင်းပြည်အရေး ဘယ်လို လုပ်မလဲ”
လင်စစ်ရှီ၏ အံ့သြနေသော မျက်နှာကို ကြည့်ပြီး အမိန့်ချလိုက်သည်။
“လင်အမတ်ရဲ့ စစ်ဘက်ရေးရာအမတ် ရာထူးကို ဆက်ထားပေးမယ်။ ဒါပေမဲ့ တိုင်းပြည်ရေးရာရုံးတော် အဖွဲ့ဝင် ဆိုတဲ့ ရာထူးကိုတော့ ဖြုတ်လိုက်မယ်။ အိမ်ပြန်ပြီး တံခါးပိတ်၊ ကိုယ့်အပြစ်ကို ပြန်သုံးသပ်ပါ။ အိမ်တွင်းရေး ပြဿနာတွေ ရှင်းပြီးမှ ရုံးပြန်တက်ပါ”
ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမတ်ကြီး တိတ်ဆိတ်စွာ ဦးညွှတ် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် အရှေ့နန်းဆောင်တွင် နောက်ဆုံး ကျန်ရစ်သော အမတ်တစ်ယောက်ဘက် လှည့်လိုက်သည်။
လော့ရှင်းယွမ်သည် ထိုအမတ်ရှေ့သို့ လျှောက်သွားပြီး ရယ်သံစွန်းသော အသံဖြင့် မေးလိုက်သည်။
“ကျန်း ဒီနေ့ သူတို့နှစ်ယောက်ကို အပြစ်ပေးလိုက်တာ မေအမတ်က ဘာမှ ဝင်မပြောပါလား။ မသင့်တော်ဘူးလို့ ထင်နေတာလား”
မေဝမ့်ရှူး လက်ဖက်ရည် ငုံ့သောက်လိုက်သည်။ ခွက်ကို ချပြီး လေသံအေးအေးဖြင့် စူးရှသော မေးခွန်းတစ်ခု မေးလိုက်သည်။
“အမတ်ချုပ်က နုတ်ထွက်သွားပြီ။ စစ်ဘက်ရေးရာအမတ်က ရာထူးရပ်နားခံရပြီ။ ဧကရာဇ်... တိုင်းပြည်မှာ အရည်အချင်းရှိတဲ့ အမတ်နှစ်ယောက် လျော့သွားပြီ။ အစိုးရ ယန္တရား ပုံမှန်လည်ပတ်နိုင်ဖို့ ဘယ်လို စီစဉ်မလဲ”
လော့ရှင်းယွမ် ကြိုတင် စဉ်းစားထားပုံရသည်။ “မင်းဆရာရဲ့ လုပ်သက်နဲ့ဆိုရင် လက်ယာ အမတ်ချုပ် နေရာနဲ့ ထိုက်တန်ပါတယ်။ သူ့ကို ရာထူးတိုးပေးလိုက်မယ်။ လက်ဝဲအမတ်ချုပ် နေရာကိုတော့ ခဏ လစ်လပ်ထားလိုက်မယ်”
“အရင်တုန်းက မင်း အကြံပြုထားတဲ့ ဟန်လင်ပညာရှင် လူငယ်နှစ်ယောက်လေ... သူတို့က ဉာဏ်ကောင်းပြီး ထက်မြက်တယ်။ အခု လူလိုနေတုန်း သူတို့ကို နေရာပေးပြီး သုံးကြည့်လိုက်မယ်”
သူက ရယ်မောပြီး ဆက်ပြောသည်။ “တကယ်လို့ လူမလောက်သေးရင် ရွှယ်ချင့် ဝင်ကူပေါ့”
မေဝမ့်ရှူး မျက်လုံးပင့်ပြီး မျက်နှာချင်းဆိုင်က ဧကရာဇ်ကို တစ်ချက် စောင်းကြည့်လိုက်သည်။ ဘာမှ ပြန်မပြော။
လော့ရှင်းယွမ် ကိုယ့်ဘာသာ စကားပြန်ပြင်လိုက်တယ်။
“တကယ်လို့ လူမလောက်သေးရင် ကျန်း ရှိသေးတာပဲ။ နိုင်ငံတော်စီမံခန့်ခွဲရေးရုံးက မဆုံးဖြတ်နိုင်တဲ့ ကိစ္စတွေကို ကျန်းဆီ တိုက်ရိုက် တင်ပြခိုင်းလိုက်။ ကျန်း ဆုံးဖြတ်ပေးမယ်”
“ဧကရာဇ် ပင်ပန်းရပါပြီ” မေဝမ့်ရှူးက အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုသို့ဖြင့် ကိစ္စရပ်များ အားလုံး အဆင်ပြေသွားကြလေသည်။
*** *** ***
တရားရုံးချုပ်နှင့် တရားရေးရာဌာနသို့ လွှဲပြောင်းပေးလိုက်သော အမှုကြီးသည် လျင်မြန်စွာ တိုးတက်မှု ရှိလာခဲ့သည်။
တရားရေးရာဌာန၏ စစ်ဆေးပုံသည် တော်ဝင်အကျဉ်းထောင်နှင့် မတူပေ။ ကျွမ်းကျင်သော မှုခင်းဆေးပညာရှင်များကို ခေါ်ယူပြီး ဖျင်မင်းသား အိမ်တော်မှ အသေခံတပ်သားများ၏ အလောင်းများကို အသေးစိတ် စစ်ဆေးစေသည်။ အမှုတွဲပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးလေသည်။
မှုခင်းဆေးပညာရှင်က အချက်တစ်ခုကို သတိထားမိလိုက်သည်။ ဖျင်မင်းသား အိမ်တော်မှ အသေခံတပ်သားများသည် အံဆုံးအောက်တွင် ဝှက်ထားသော အဆိပ်ကို ကိုက်ခဲပြီး သေဆုံးသွားကြခြင်း ဖြစ်သည်။ အဆိပ်ဝှက်ထားသော နေရာနှင့် ပုံစံသည် ယခင်က ဖမ်းမိခဲ့သော ယာယီနန်းတော်မှ အသေခံတပ်သားများနှင့် တစ်ထပ်တည်း တူညီနေလေသည်။
145 03
ယာယီနန်းတော်မှ အသေခံတပ်သားများသည် မြို့ပြင်ရှိ မေအိမ်တော် ခြံဝင်းကို ချောင်းမြောင်းနေစဉ် ချီကျန့်ဟန်နှင့် တိုးပြီး အဖမ်းခံခဲ့ရသူများ ဖြစ်သည်။ အဆိပ်သောက်သေရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
ထိုလူများကို ထုတ်ပြီး စစ်ဆေးမေးမြန်းလိုက်သောအခါ အရေးကြီးသော သဲလွန်စတစ်ခု ပေါ်ထွက်လာလေသည်။
အိမ်ရှေ့စံဟောင်း၏ အသေခံတပ်သား အများစုသည် ဖျင်မင်းသား အိမ်တော်မှ လာသူများ ဖြစ်နေကြသည်။
ယာယီနန်းတော်က လူရွေးပြီး ဖျင်မင်းသား အိမ်တော်ကို ပို့ကာ လေ့ကျင့်ပေးသည်။ တတ်မြောက်သွားမှ ယာယီနန်းတော်ကို ပြန်ပို့ပေးခြင်း ဖြစ်သည်။
နှစ်ဖက်စလုံးက တိတ်တဆိတ် ဆက်သွယ်နေကြခြင်း ဖြစ်သည်။
ဖျင်မင်းသားသည် နှစ်ပေါင်းများစွာ ယာယီနန်းတော်ကို ကူညီထောက်ပံ့နေခဲ့သည်။ အိမ်ရှေ့စံဟောင်းက သူ့ကို ကူညီပေးသော ဦးရီးတော်အပေါ် ကျေးဇူးတင်ရှိနေသဖြင့် သူ အဖမ်းခံရတုန်းက တိုက်မင်းသား တစ်ယောက်တည်းကိုသာ ဆွဲထည့်ပြီး ဖျင်မင်းသားကို လုံးဝ မဖော်ခဲ့ပေ။
ယခုတော့ အသေခံတပ်သားများ၏ အဆိပ်သောက်ပုံ တူညီမှုကြောင့် မမျှော်လင့်ဘဲ ဆက်နွယ်မှုများ ပေါ်ပေါက်လာခဲ့လေသည်။
ဖျင်မင်းသား အိမ်တော်၊ ယာယီနန်းတော်၊ ပညာရှင်ကျောက်... သုံးဦးစလုံး၏ ထွက်ဆိုချက်များ၊ သက်သေအထောက်အထားများ စုံလင်သွားပြီ ဖြစ်သည်။ ဖျင်မင်းသား၏ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသော ရည်မှန်းချက်ကြီးသည် နောက်ဆုံးတွင် နေရောင်အောက်၌ ပေါ်လွင်ထင်ရှားလာခဲ့ပြီ ဖြစ်သည်။
ထိုနေ့တွင် လော့ရှင်းယွမ်သည် ဆွေမျိုးတော် အကြီးအကဲ မင်းသားကြီးကို ကျစ်ချန်နန်းဆောင်သို့ ခေါ်ယူလိုက်သည်။ စားပွဲပေါ်ရှိ ထွက်ဆိုချက်များကို ပြသပြီး သက်ပြင်းချလိုက်သည်။
“အမျိုးအဆွေချင်းတွေပါပဲ... ဘာလို့ ဒီလောက် ရက်စက်ကြတာလဲ။ ကျန်းရဲ့ ဦးရီးတော်တွေ၊ အစ်ကိုတော်တွေက ချီမိသားစု လက်ထက်တုန်းကတော့ ငြိမ်ငြိမ်လေး နေကြပြီး၊ အခုကျမှ ကျန်း ငယ်သေးတယ် ဆိုပြီး ဝိုင်းအနိုင်ကျင့်ကြတာလား။ တစ်ယောက်ပြီးတစ်ယောက် ထကြွလာကြတယ်။ နည်းလမ်းပေါင်းစုံ သုံးလာကြတယ်။ မင်းသားကြီး... ဘယ်လို လုပ်ရမလဲ။ ဒီဆွေမျိုးတွေကို ကျန်း ဘယ်လို စီရင်ရမလဲ”
မင်းသားကြီး ဒေါသထွက်လွန်း၍ မျက်နှာရော လည်ပင်းပါ နီရဲလာသည်။ တုန်တုန်ရီရီဖြင့် တောင်ဝှေးကို ထောက်ကာ ထရပ်လိုက်သည်။
“ဒီကောင်တွေ… ကောင်းကောင်းမွန်မွန် နေခွင့်ပေးတာ မနေချင်ဘဲ ပုန်ကန်ချင်ကြတာကိုး။ ဧကရာဇ်... နိုင်ငံတော် ဥပဒေအတိုင်းသာ စီရင်လိုက်ပါ”
ထိုနေ့ညနေတွင် တရားရုံးချုပ် အကြီးအကဲ ဝင်ရောက်ခွင့် တောင်းလေသည်။
မင်းသားကြီးက ထောင်ထဲသွားပြီး ဖျင်မင်းသား၊ တိုက်မင်းသား၊ အိမ်ရှေ့စံဟောင်း တို့ကို တစ်ယောက်ချင်းစီ လက်ညှိုးထိုးပြီး တစ်နာရီကြာအောင် ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ပြန်လည် လျှောက်တင်လေသည်။
လော့ရှင်းယွမ်သည် ပြုံးရွှင်စွာဖြင့် နားထောင်နေလေသည်။ တရားရုံးချုပ် အကြီးအကဲ ထွက်သွားပြီးနောက် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ဘေးသို့ တွန်းပို့လိုက်ပြီး ထရပ်လိုက်၏။
“တစ်နေကုန် အလုပ်လုပ်ရတာ ပင်ပန်းလှပြီ။ နားလိုက်ဦးမယ်။ စာရွက်စာတမ်းတွေကို ယူခဲ့။ အနောက်ဆောင် သွားမယ်”
*** *** ***
အနောက်ဆောင် တောင်ကုန်းမြင့်ပေါ်တွင် လေပြင်းများ တိုက်ခတ်နေလေသည်။
ရှင်ယီနင်သည် ပွင့်နေသော ပြတင်းပေါက်များကို တစ်ဝက်လောက် ပိတ်လိုက်ပြီး မေဝမ့်ရှူးကို သတိပေးလိုက်သည်။
“နွေရာသီ ဆိုပေမဲ့ တောင်ပေါ်လေက ကြမ်းတယ်။ အအေးမိပြီး ချောင်းဆိုးတတ်တယ်။ သတိထားဦး”
သူသည် ကုတင်ဘေးရှိ ခုံပုလေးပေါ်တွင် ထိုင်ပြီး သွေးခုန်နှုန်းကို သေချာ စမ်းသပ်လိုက်သည်။ မျက်နှာထားက တဖြည်းဖြည်း ထူးဆန်းလာသည်။ ဆေးစာရေးမည့် စက္ကူလွတ်ကို ကိုင်ထားသော်လည်း စုတ်တံကို မချသေးပေ။
“ဘာဖြစ်လို့လဲ” မေဝမ့်ရှူးက မေးလိုက်သည်။
“ဒီရက်ပိုင်း ဆေးမှန်မှန်သောက်၊ အစားအသောက် ဆင်ခြင်နေတာပဲ။ ဘာဖြစ်ပြန်ပြီလဲ။ ပွင့်ပွင့်လင်းလင်း ပြောပါ”
145 04
“ဒါဆို ငါ တဲ့တိုးပဲ ပြောလိုက်မယ်” ရှင်ယီနင် ချောင်းဟန့်လိုက်သည်။ “မင်းက ဒီရက်ပိုင်း ကျောက်ကပ်အားနည်းပြီး လိင်ကိစ္စ လွန်ကဲနေတယ်။ ထိန်းသိမ်းဖို့ လိုတယ်”
“... ...”
“ငါ့ကို လာပြောမနေနဲ့” မေဝမ့်ရှူး ခေါင်းလွှဲပြီး ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်လိုက်သည်။ “ဟိုတစ်ယောက်ကို သွားပြော”
ရှင်ယီနင် နှုတ်ခမ်းမဲ့လိုက်သည်။ “ဟိုတစ်ယောက်ကို ငါ ဘယ်ထိန်းနိုင်မလဲ။ မင်းကိုပဲ ပြောနိုင်တာပေါ့”
သူသည် စက္ကူပေါ်တွင် အားဆေးစာ ရေးနေရင်း ညည်းတွားလိုက်သည်။
“အနောက်ဆောင်မှာ အိပ်တာ ဘယ်နှရက် ရှိသေးလို့ ဒီလို လက္ခဏာတွေ ပြနေရတာလဲ။ ဘယ်လောက်တောင် မကြာခဏ ဖြစ်နေလို့လဲ။ နေ့တိုင်းလား။ တစ်ရက်ကို တစ်ခါ မကဘူးလား”
ရှင်ယီနင် ဆေးစာရေးရင်း သက်ပြင်းချသည်။ “မင်း ခန္ဓာကိုယ်က မူလကတည်းက သိပ်မကောင်းဘူး။ ဟိုတစ်ယောက်ကလည်း သွေးဆူနေတဲ့ အရွယ်၊ ဝံပုလွေလို အငမ်းမရ ဖြစ်နေတဲ့ အရွယ်။ မင်းက သူ့သဘောအတိုင်း လွှတ်မပေးထားနဲ့လေ။ တားသင့်ရင် တားရမယ်။ ဒီရက်ပိုင်း လမ်းလျှောက်ရင် ခြေကုန်လက်ပန်းကျပြီး ဒူးညွတ်ချင်သလို ဖြစ်နေတယ် မဟုတ်လား။ အဲဒါ ကျောက်ကပ်အားနည်းတဲ့ လက္ခဏာပဲ။ (၁၀) ရက်လောက် ရှောင်ကြဉ်လိုက်။ အားရှိမဲ့ အစားအစာတွေ စားရမယ်”
မေဝမ့်ရှူး ပြတင်းပေါက် အပြင်ဘက်ကိုသာ ကြည့်နေသည်။ ဘာမှ မကြားသလို နေနေလိုက်သည်။
ဒါပေမဲ့ ရှင်ယီနင်က သူမ ကြားမှန်း သိနေသည်။ ဆေးသေတ္တာကို သိမ်းဆည်းပြီး ထရပ်လိုက်သည်။
“ဒီည စားတော်ဆောင်ကို ဆိတ်ကျောက်ကပ်စွပ်ပြုတ် ချက်ခိုင်းပြီး လာပို့ခိုင်းလိုက်မယ်။ မင်းက အနံ့ပြင်းတဲ့ စွပ်ပြုတ်တွေ မကြိုက်မှန်း သိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် မဖြစ်မနေ သောက်ရမယ်”
မေဝမ့်ရှူး ပြတင်းပေါက်ဘက် ကြည့်နေရင်း ခေါင်းညိတ်လိုက်သည်။
ရှင်ယီနင် ထွက်သွားခါနီးမှ သတိရပြီး မှာလိုက်သည်။ “ဆိတ်ကျောက်ကပ်စွပ်ပြုတ်က အားအရမ်းပြင်းတယ်။ မင်းတစ်ယောက်တည်း သောက်ရမှာ။ ဟိုတစ်ယောက်ကို ပေးမသောက်နဲ့”
“စိတ်ချပါ” မေဝမ့်ရှူးက လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “ဒီရက်ပိုင်း ရုံးခန်းမှာ အလုပ်ရှုပ်နေတာ။ ဒီည ကျစ်ချန်နန်းဆောင်မှာပဲ အိပ်မယ်လို့ မနက်က ပြောသွားတယ်”
ရှင်ယီနင် စိတ်ချလက်ချ ပြန်သွားလေသည်။
ညနေစောင်း အချိန်တွင် တာဝန်ကျ မိန်းမစိုးလေးက ပူပူနွေးနွေး ဆိတ်ကျောက်ကပ် စွပ်ပြုတ်အိုးလေးကို လာပို့ပေးသည်။
စွပ်ပြုတ်ထဲတွင် ဆေးဖက်ဝင် အပင်များ၊ ငရုတ်ကောင်းမှုန့်များ ထည့်သွင်းထားသဖြင့် အနံ့က မွှေးကြိုင်နေသည်။
နွေရာသီ ညနေခင်း ဖြစ်၍ ပူအိုက်နေသည့်အထဲ စွပ်ပြုတ်ကလည်း အပူစာ ဖြစ်နေသဖြင့် မေဝမ့်ရှူး ပန်းကန် တစ်ဝက်လောက် သောက်ပြီးတာနဲ့ ချွေးတွေ ထွက်လာသည်။ ဆက်မသောက်နိုင်တော့ပေ။
ရှင်ယီနင်ရဲ့ စေတနာကို အားနာပေမဲ့ တူကို ချပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။
ထိုအချိန်မှာပင် လော့ရှင်းယွမ်သည် နေဝင်ချိန် အလင်းရောင်အောက်မှတဆင့် အနောက်ဆောင်ထဲသို့ ဝင်ရောက်လာလေသည်။
အတွင်းခန်းမှ ရေချိုးသံ ကြားလိုက်ရသည်။
လော့ရှင်းယွမ်သည် ပြုံးရွှင်စွာဖြင့် ရှောင်ကွေ့ယွမ်ကို အချက်ပြလိုက်သည်။ ပါလာသော စာရွက်စာတမ်း အပုံလိုက်ကြီးကို စားပွဲပေါ် တင်ခိုင်းလိုက်ပြီး အားလုံးကို အပြင်ထွက်ခိုင်းလိုက်သည်။ အနောက်ဆောင်ထဲတွင် သူတစ်ယောက်တည်း စောင့်ဆိုင်းနေလိုက်သည်။
ရုတ်တရက် စိတ်ကူးပေါက်ပြီး ထလာခဲ့တာမို့ ညစာ မစားရသေးပေ။ အခန်းထဲ ဝင်လိုက်သည်နှင့် ဆွဲဆောင်မှု ရှိသော အနံ့တစ်မျိုးကို ရလိုက်သည်။
အနံ့လာရာကို ကြည့်လိုက်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ နို့နှစ်ရောင် စွပ်ပြုတ်အိုးလေးကို တွေ့လိုက်ရသည်။
ခုနလေးတင် လာပို့ထားတာ ဖြစ်မယ်။ ပူပူနွေးနွေးလေး ရှိသေးတယ်။
လော့ရှင်းယွမ်က လူငယ်၊ အစာစားချင်စိတ် ကောင်းနေတဲ့ အရွယ်။ အနံ့မွှေးမွှေးလေး ရလိုက်တော့ ဗိုက်ဆာလာသည်။ ဘေးနားမှာလည်း ဘယ်သူမှ မရှိတော့ ကိုယ့်ဘာသာ ပန်းကန်ထဲ ခပ်ထည့်ပြီး သောက်လိုက်သည်။ ဆိတ်ကျောက်ကပ် တစ်တုံးကိုလည်း ကောက်ဝါးလိုက်၏။
145 05
မေဝမ့်ရှူး ရေချိုးပြီးလို့ ဆံပင်အစိုကြီးနဲ့ ထွက်လာတော့ လော့ရှင်းယွမ်ကို စားပွဲမှာ ထိုင်နေတာ တွေ့လိုက်ရသည်။ စွပ်ပြုတ်အိုးလေးက ပြောင်သလင်းခါနေပြီ။ လက်ကျန် အရည်လေးတွေကိုတောင် မော့သောက်နေသေးတာ။
“... ...”
သူမ ထွက်လာတာ တွေ့တော့ လော့ရှင်းယွမ်က တူနဲ့ စွပ်ပြုတ်အိုးကို ညွှန်ပြပြီး ပျော်ရွှင်စွာ ပြောလိုက်တယ်။
“ဒီနေ့ နေ့ကောင်းရက်သာပဲ။ ကျစ်ချန်နန်းဆောင်မှာလည်း သတင်းကောင်း ကြားရတယ်။ ဒီ ဆိတ်ကျောက်ကပ်စွပ်ပြုတ်ကလည်း အရသာ ရှိလိုက်တာ။ အားရှိမဲ့ ဟင်းပဲ။ နောက်နောင် စားတော်ဆောင်ကို မကြာခဏ ချက်ခိုင်းရမယ်”
မေဝမ့်ရှူး အသက်ပြင်းပြင်း ရှူလိုက်တယ်။
“... ... ပန်းကန်ကို အောက်ချလိုက်စမ်းပါ။ မင်း ထပ်ပြီး အားရှိအောင် လုပ်လို့ မဖြစ်တော့ဘူး”
*** *** ***