← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

146 01

အခန်း 146

ပူပြင်းသော နေ့လယ်ခင်းတွင် ဆိတ်ကျောက်ကပ်စွပ်ပြုတ် တစ်ပန်းကန်လုံး သောက်လိုက်မိသဖြင့် အားဆေးအရှိန်သည် ခဏအတွင်း တက်လာလေသည်။ တစ်ကိုယ်လုံး ပူလောင်လာပြီး ထိုင်မရ ထမရ ဖြစ်လာလေ၏။

လော့ရှင်းယွမ်သည် တည်ငြိမ်စွာ ထိုင်လျက် အစီရင်ခံစာအချို့ကို ဖတ်ရှုနေသော်လည်း အသက်ရှူသံများ လေးလံလာလေသည်။ စားပွဲပေါ်ရှိ အရေးကြီးကိစ္စများကို ပစ်ထားပြီး ကုတင်ဘေးတွင် သွားထိုင်လိုက်၏။ တစ်ကိုယ်လုံး အပူငွေ့များ ထွက်နေပြီး မျက်လုံးများမှာ ကြောက်စရာကောင်းလောက်အောင် တောက်ပနေလေသည်။

“ရွှယ်ချင့်...”

မေဝမ့်ရှူးသည် သူ လာနေသည်ကို မြင်သည်နှင့် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ရှင်ယီနင် ပေးထားသော ဆေးစာရွက်ကို အင်္ကျီလက်ကြားထဲမှ ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။ သူ့ရှေ့တွင် ဖြန့်ပြပြီး ကြက်သွန်မြိတ်ကဲ့သို့ ဖြူစင်သော လက်ချောင်းလေးဖြင့် ကာမကိစ္စ (၁၀) ရက် ရှောင်ကြဉ်ပါ ဆိုသော စာကြောင်းကို ထောက်ပြလိုက်၏။

“ငါ့ အားဆေးစွပ်ပြုတ် သောက်လိုက်တာတော့ ထားလိုက်ပါတော့။ အပြစ်မဆိုလိုပါဘူး” သူမ အေးအေးဆေးဆေး ပြောလိုက်သည်။ “ဒါပေမဲ့ သမားတော် မှာတာတော့ လိုက်နာရမယ်”

လော့ရှင်းယွမ်သည် ဆေးစာရွက်ကို ယူကြည့်ပြီး မယုံနိုင်သလို ဖြစ်သွားလေသည်။ အပြန်ပြန်အလှန်လှန် ဖတ်ပြီးနောက် စားပွဲရှည်ကြီး နောက်သို့ တိတ်ဆိတ်စွာ ပြန်သွားထိုင်လိုက်သည်။

အစီရင်ခံစာများကို တည်ငြိမ်စွာ ပြန်ဖတ်နေသော်လည်း အသက်ရှူသံများ ပြင်းထန်လာ၏။ သူ ခေါင်းလောင်းတီးပြီး တာဝန်ကျ မိန်းမစိုးကို ခေါ်လိုက်သည်။

“ရေအေးတစ်ပုံး ယူခဲ့”

(၁၀) ပေနက်သော ရေတွင်းထဲမှ ခပ်ယူလာသော ရေအေးများသည် အလွန် အေးစက်လှသည်။ သစ်သားပုံးကြီးဖြင့် ထည့်ပြီး အနောက်ဆောင်ပေါ်သို့ အမြန် ပို့ဆောင် ပေးကြလေသည်။

လော့ရှင်းယွမ်သည် အတွင်းခန်းထဲသို့ ဝင်သွားပြီး ရေတစ်ခွက် ခပ်ကာ ခေါင်းမှ လောင်းချလိုက်၏။

အတွင်းခံ အင်္ကျီပါးလေး တစ်ထည်သာ ဝတ်ဆင်ထားပြီး ရေစိုရွှဲဖြင့် ပြန်ထွက်လာလေသည်။ စားပွဲရှည်ကြီး နောက်တွင် ပြန်ထိုင်ပြီး ခုနက ဖတ်လက်စ စာရွက်ကို ဆက်ဖတ်လေသည်။ ဆံပင်နှင့် လက်မောင်းမှ ကျလာသော ရေစက်များကြောင့် စားပွဲတစ်ဝက်ခန့် ရေစိုကုန်၏။

မေဝမ့်ရှူး မြင်လိုက်ရသောအခါ နဖူးကို နှိပ်နယ်လိုက်မိသည်။ ထရပ်ပြီး လေတိုက်နေသော ပြတင်းပေါက်များကို ပိတ်လိုက်သည်။

“အဝတ်အစားလေး ဘာလေး လဲပါဦး။ ရေစိုကြီးနဲ့ နေနေတော့ အအေးမိကုန်မှာပေါ့”

လော့ရှင်းယွမ် ထိုအခါမှ အဝတ်လဲလိုက်သည်။ ထို့နောက် ပြန်ထိုင်ပြီး စုတ်တံနီဖြင့် စာရွက်ပေါ်တွင် စာကြောင်းအချို့ ဝိုင်းလိုက်၏။ ခေါင်းမမော့ဘဲ ပြောလိုက်သည်။

“ရှင်ယီနင် ဆိုတဲ့ကောင်... တကယ် ယုတ်မာတယ်။ ကျန်းကို အငြိုးထားပြီး တမင်တကာ ဆေးစာရေးပြီး နှိပ်စက်တာ နေမှာ”

မေဝမ့်ရှူး ရယ်ချင်သလိုလို ခေါင်းကိုက်သလိုလို ဖြစ်သွားလေသည်။ မကြားချင်ယောင် ဆောင်ပြီး စာအုပ်တစ်အုပ် ကောက်ကိုင်ကာ ဖတ်ရှုနေလိုက်၏။

ခဏအကြာတွင် တဒုန်းဒုန်း မြည်သံ ကြားလိုက်ရသည်။ မျက်နှာချင်းဆိုင်မှ လူက စာအုပ်တစ်အုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ခြင်း ဖြစ်သည်။ “အသုံးမကျတဲ့ ကောင်တွေ”

“ဘာဖြစ်လို့ ဒီလောက် ဒေါသထွက်နေရတာလဲ” မေဝမ့်ရှူး ထသွားပြီး စာအုပ်ကို ကောက်ယူဖတ်ကြည့်လိုက်သည်။

နိုင်ငံခြားရေးရာဌာနက တင်ပြလာသော မြောက်ပိုင်းဝေတိုင်းပြည်နှင့် ပတ်သက်သည့် အစီရင်ခံစာ ဖြစ်နေသည်။

မြောက်ပိုင်းဝေတိုင်းပြည်က လွန်ခဲ့သော (၁၀) နှစ်စာ ဆက်ကြေးများကို ပြန်လည်ပေးအပ်မည်၊ သံတမန်များ စေလွှတ်ပြီး ဆက်သမည်ဟု ဆိုလာ၏။ သို့သော် တောင်းဆိုချက် (၂) ခု ရှိလေသည်။

ပထမတစ်ခုက နယ်စပ်တွင် ကုန်သွယ်ခွင့် ပြုရန်။

ဒုတိယတစ်ခုက လက်ထပ်ထိမ်းမြားရန် မင်းသမီးတစ်ပါး တောင်းဆိုခြင်း။

မြောက်ပိုင်းဝေဘုရင်နှင့် လက်ထပ်မည့် မင်းသမီးမှာ ဆွေမျိုးတော်ထဲက မင်းသမီးစစ်စစ် ဖြစ်ရမည်၊ နန်းတွင်းသူကို မင်းသမီးအရာမြှောက်ပြီး ပို့တာမျိုး လက်မခံနိုင်ဟု ဆိုသည်။

“ဆွေမျိုးတော်ထဲက မင်းသမီးစစ်စစ် လိုချင်တယ်ပေါ့” လော့ရှင်းယွမ်က သရော်လိုက်သည်။

“ဆွေမျိုးတော်ထဲမှာ မင်းသမီးတွေတော့ အများကြီး ရှိပါတယ်။ ဦးရီးတော်တွေရဲ့ သမီးတွေလေ။ ကျန်းနဲ့ဆိုရင် ဝမ်းကွဲ ညီအစ်မတွေ တော်တယ်။ မြောက်ပိုင်းဝေတိုင်းပြည်က အမြဲတမ်း လက်အောက်ခံနိုင်ငံ အနေနဲ့ ဆက်ကြေးပေးလာတာ။ အခုကျမှ ဘာစိတ်ကူးပေါက်ပြီး ခြင်္သေ့လို ပါးစပ်ဟနေရတာလဲ။ မြောက်ပိုင်းဝေဘုရင်က ငါနဲ့ ညီအစ်ကိုလို ဆက်ဆံချင်နေတာလား။ အိပ်မက် မက်နေလိုက်”

146 02

သူ့နှုတ်ခမ်းစွန်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ စာအုပ်ကို ပြန်ယူပြီး စုတ်တံနီဖြင့် ရေးသားလိုက်သည်။

“'စေတနာမှန်ရင် ကျောက်တောင်ကိုတောင် ဖောက်လို့ရတယ်။ စေတနာမမှန်ရင်တော့ ဘာကိစ္စမှ မအောင်မြင်နိုင်ဘူး။ နိုင်ငံခြားရေးအမတ်... ဒီစကားကို မြောက်ပိုင်းဝေဘုရင်ဆီ ပြန်ပြောလိုက်ပါ”

သူ့မျက်လုံးထဲတွင် မီးတောက်များ ထွက်နေသည်ကို ကြည့်ပြီး မေဝမ့်ရှူး ရယ်လိုက်မိလေသည်။

“ကဲပါ... တစ်နေကုန် ပင်ပန်းနေပြီ။ ကျစ်ချန်နန်းဆောင် ပြန်ပြီး အနားယူပါတော့။ ကျန်တဲ့ စာရွက်စာတမ်းတွေ ဒီမှာ ထားခဲ့လိုက်။ ဒီည ငါ အကြမ်းရေးထားလိုက်မယ်။ မနက်ဖြန်ကျမှ မင်း အတည်ပြုပေါ့”

လော့ရှင်းယွမ် တိတ်ဆိတ်စွာ ထရပ်လိုက်သည်။ စားပွဲနောက်မှ ထွက်လာပြီး ပြန်မသွားဘဲ မေဝမ့်ရှူး ထိုင်နေသည့် ကုတင်ဘေးသို့ ရောက်ရှိလာ၏။ ပူနွေးနေသော ခန္ဓာကိုယ်ကြီးဖြင့် ကပ်ထိုင်လိုက်သည်။

ရေလောင်းထားသဖြင့် စိုစွတ်နေသော ဆံပင်ဖျားလေးများမှာ ရေစက်လက်နှင့် ရှိနေသည်။ သူမ ပခုံးကို ဖက်လိုက်သောအခါ ရေစက်များ ကျဆင်းလာ၏။ ပူနွေးသော အသက်ရှူငွေ့များသည် သူမ နားရွက်နားတွင် ဝဲပျံနေလေသည်။

“ငါ့ကို မောင်းမထုတ်ပါနဲ့” သူက နားနားကပ်ပြီး တောင်းဆိုလေသည်။ “မင်း ကျန်းမာရေး ဂရုစိုက်ရမယ်ဆိုတော့ ငါ ဘာမှမလုပ်ပါဘူးလို့ ကတိပေးပါတယ်။ ဒီည ဒီလိုလေး ဖက်ထားရုံနဲ့တင် ကျေနပ်ပါပြီ။ ငါ့ကို တခြားနေရာ မောင်းမထုတ်ပါနဲ့”

မေဝမ့်ရှူး ရယ်မောလိုက်မိသည်။ သူ့ပခုံးကို ဖွဖွလေး ပုတ်ပြီး နှစ်သိမ့်လိုက်သည်။

“ကျစ်ချန်နန်းဆောင်မှာ တစ်ညလောက် သွားအိပ်ပါလို့ ပြောတာကို ဘာလို့ တခြားနေရာ မောင်းထုတ်တယ် ဖြစ်သွားရတာလဲ”

“ကျစ်ချန်နန်းဆောင်မှာ တစ်ယောက်တည်း နေရတာ ငြီးငွေ့နေပြီ” လော့ရှင်းယွမ်က သူမကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။

“မင်း မွေးရပ်မြေ ပြန်သွားတုန်းက လတွေအကြာကြီး ကျန်း ကျစ်ချန်နန်းဆောင်မှာ တစ်ယောက်တည်း နေခဲ့ရတာ။ ညတိုင်း အိပ်ရာဝင်ခါနီးရင် တွေးမိတယ်။ ကျန်းဘဝက ဒီလိုပဲ ပြီးဆုံးသွားတော့မှာလား လို့။ အထီးကျန် ဆန်ဆန် တစ်ယောက်တည်း နေရတာက ကံတရားက ကျန်းကို ပေးထားတဲ့ ကံကြမ္မာပဲလား လို့”

သူ့အသံ တိုးသွားလေသည်။ “အစတုန်းကတော့ ဝမ်းနည်းရုံပဲ။ နောက်ပိုင်းကျတော့ ဒေါသထွက်လာတယ်။ မနက်တိုင်း ခန်းမထဲမှာ အမတ်တွေ အများကြီးကို ကြည့်ပြီး စိတ်ထဲမှာ တွေးမိတယ်။ မင်းတို့ကကျတော့ မိဘတွေ ရှိကြတယ်၊ သားမယားတွေ စုံလင်ကြတယ်၊ ရာထူးဂုဏ်ရှိန်တွေနဲ့ ပျော်ပျော်ပါးပါး နေနိုင်ကြတယ်။ ငါကတော့ ဧကရာဇ် ဆိုပြီး ကျစ်ချန်နန်းဆောင်ထဲမှာ တစ်ယောက်တည်း ပိတ်မိနေတယ်။ နေ့တိုင်း စာရွက်စာတမ်းတွေ ဖတ်၊ တိုင်းပြည်အကြောင်းတွေ ဆွေးနွေး၊ တစ်ခါမှ မမြင်ဖူးတဲ့ မသိတဲ့ လူတွေအကြောင်း ပြောနေရတယ်။ တိုင်းပြည်ကို ပိုင်တယ်သာ ပြောတာ၊ ကိုယ် ချစ်တဲ့သူ တစ်ယောက်ကိုတောင် ဆွဲမထားနိုင်ဘူး။ အလကားပဲ...”

မေဝမ့်ရှူး သူ့ရင်ခွင်ထဲမှနေ၍ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။

လော့ရှင်းယွမ် အတိတ်ကို တွေးရင်း သတိပြန်ဝင်လာလေသည်။ “စကားလုံးတွေ ရိုင်းသွားပြီ။ မင်းကို မပြောသင့်ပါဘူး။ ထားလိုက်ပါတော့”

သူက သူမကို ပြန်ဖက်ထားလိုက်၏။ “မင်း ဘေးနားရှိနေရင် ပြီးတာပါပဲ။ ဒီလို ဖက်ထားရုံနဲ့တင် ရင်ထဲက ဟာတာတာ ဖြစ်နေတာတွေ ပျောက်သွားတယ်”

သူ ပိုတင်းအောင် ဖက်လိုက်သည်။ “ငါ့စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ခဏခဏ ဝင်လာတတ်တယ်။ မင်း မရှိတုန်းကဆိုရင် ဒေါသတွေ ထိန်းမရ ဖြစ်ဖြစ်လာတယ်။ တစ်ရက်ကို လူသတ်ချင်စိတ် (၁၀) ခါလောက် ပေါက်တယ်။ အမတ်ချုပ်ချန်ရဲ့ သဘောထားကို ငါ ရိပ်မိပါတယ်။ သူ ငါ့ကို ကြောက်တယ်။ ရာဇပလ္လင်ပေါ်မှာ ပိုကောင်းတဲ့ ဧကရာဇ်တစ်ပါးကို လိုချင်နေတာ။ ရွှယ်ချင့်... ငါက တကယ်ပဲ လူဆိုးတစ်ယောက် ဖြစ်နေပြီလား”

မေဝမ့်ရှူး ခဏမျှ ငြိမ်သက်နေ၏။

မျက်လွှာချပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“လောကကြီးမှာ လူတိုင်း မကောင်းတဲ့စိတ် ဝင်တတ်ကြတာပါပဲ။ ဒါပေမဲ့ ရှေးလူကြီးတွေ ပြောသလိုပေါ့... စိတ်ကူးကို အပြစ်မယူဘူး၊ လက်တွေ့လုပ်မှ အပြစ်ယူတယ် တဲ့။ စိတ်ထဲက မကောင်းတဲ့ အကြံတွေကို ထိန်းချုပ်နိုင်ပြီး လက်တွေ့ မလုပ်သရွေ့တော့ လူကောင်းပါပဲ”

လော့ရှင်းယွမ် စဉ်းစားပြီး ပြန်ပြောလေသည်။ “ရွှယ်ချင့်ကျတော့ လူတိုင်းအပေါ် ကောင်းတယ်။ မကောင်းတဲ့စိတ် မရှိဘူး”

146 03

“ဘယ်သူပြောလဲ” မေဝမ့်ရှူး အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ “ငါလည်း ပုထုဇဉ်ပါပဲ။ စိတ်ညစ်စရာတွေ ကြုံရင် မကောင်းတဲ့ အတွေးတွေ ဝင်တာပါပဲ”

လော့ရှင်းယွမ် မယုံပေ။ “ဥပမာ ပြောပြပါလား”

“ဥပမာလား...” မေဝမ့်ရှူး စဉ်းစားပြီး ရယ်လိုက်သည်။ သူ့နားနား ကပ်ပြောလိုက်သည်။

“ဟိုတစ်နေ့က မင်း လင်အမတ်ကို ဆူပြီး ရာထူးက ယာယီရပ်နား လိုက်တုန်းကလေ... အိမ်ပြန်ပြီး တံခါးပိတ်၊ ကိုယ့်အပြစ်ကို ပြန်သုံးသပ်၊ အိမ်တွင်းရေး ရှင်းပြီးမှ ပြန်လာခဲ့… ဆိုပြီး ပြောလိုက်တာလေ။ တကယ်တမ်းတော့ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အလုပ်ကို မရောသင့်ပေမဲ့ အဲဒီတုန်းက သူ့မျက်နှာပျက်သွားတာကို ကြည့်ပြီး... ငါ ကျေနပ်သွားမိတယ်”

သူမ သူ့ပခုံးကို မှီပြီး တိုးတိုးလေး ရယ်မောလိုက်သည်။ မျက်စိရှေ့မှ နားသီးလေးကို ကြည့်ပြီး စိတ်ကူးပေါက်လာသည်နှင့် သူ လုပ်ဖူးသကဲ့သို့ ဖွဖွလေး ကိုက်လိုက်သည်။

“တွေ့လား” သူမ တိုးတိုးလေး ပြောလိုက်သည်။ “ငါ လက်စားချေနေတာ”

လော့ရှင်းယွမ် တစ်ကိုယ်လုံး တုန်သွားလေသည်။ မီးရောင်အောက်တွင် နားရွက်ဖျားလေးများ နီရဲလာ၏။

သူမ မမြင်ချင်ယောင် ဆောင်ပြီး ထိုနီရဲနေသော နားရွက်နားတွင် ကပ်၍ မေးလိုက်သည်။ “မင်း ငါ့ကို အမှန်အတိုင်း ဝန်ခံစမ်းပါ”

“ငါ့အိမ်က ရေပူစမ်းမှာ အတူရှိတုန်းက မင်းက မေ့အိမ်တော်က ညီမဝမ်းကွဲဆိုပြီး ခဏခဏ ပြောခဲ့တယ်နော်။ အမှန်အတိုင်း ပြောစမ်းပါ။ အဲဒီတုန်းကတည်းက ငါမှန်း သိနေတာလား၊ နောက်မှ သိတာလား”

လော့ရှင်းယွမ် မျက်လုံး ကလည်ကလည် ဖြစ်သွားလေသည်။ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်ပြီး အချိန်ကြာမြင့်စွာ ငြိမ်သက်နေ၏။ စကားမပြောပေ။

မေဝမ့်ရှူး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

“စဉ်းစားထားနော်။ နောက်ထပ် အခွင့်အရေး တစ်ခါပေးမယ်။ (၃) အထိ ရေတွက်မယ်။ ဖြေရမယ်။ သုံး... နှစ်...”

လော့ရှင်းယွမ် ရှောင်လို့မရမှန်း သိသောအခါ ပြန်လှည့်လာလေသည်။ “မင်းကို ဖုံးကွယ်လို့ မရမှန်း သိသားပဲ”

“ငါ့အပြစ်ပါ” သူက ရင်ခွင်ထဲမှ လူကို ပိုတင်းအောင် ဖက်လိုက်သည်။ ခေါင်းငုံ့ပြီး တောင်းပန်လေသည်။

“အဲဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် သံသယဝင်နေကြတာကိုး။ ငါက မင်းကို အရမ်း ဆွဲထားချင်ပေမဲ့ မင်း ငြင်းမှာ ကြောက်နေတာ။ စိတ်ထဲမှာ မကောင်းတဲ့ အကြံတွေ အများကြီး ရှိခဲ့တယ်။ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်။ မနက်ဖြန်ကျရင် တောင်းပန်စာ ရေးပေးရမလား”

မေဝမ့်ရှူးက “အင်း” ဟု ပြောလိုက်သည်။ “ဘယ်နေရာမှာ မှားခဲ့လဲ၊ ဘာတွေ မှားခဲ့လဲ ဆိုတာ အစကနေ ပြန်ရေး”

“အစကနေ ပြန်ရေးရမယ် ဟုတ်လား” လော့ရှင်းယွမ် ငြိမ်သက်သွားသည်။ “ဒါဆို စာလုံးရေ တစ်သောင်းလောက် ရေးရင်တောင် ပြီးမှာ မဟုတ်ဘူး”

“... ...”

လော့ရှင်းယွမ်သည် ဤည၌ အိပ်မပျော်နိုင်ဘဲ စိတ်များ ဂနာမငြိမ်ဖြစ်နေလေသည်။

သန်းခေါင်ကျော်သောအခါ အတွင်းခန်းထဲသို့ ဝင်ရောက်သွားပြီး ရေအေးကန်ထဲ စိမ်နေလိုက်၏။

ပြန်လာအိပ်သောအခါ ကိုယ်ပေါ်မှ အအေးဓာတ်များသည် ပါးလွှာသော အင်္ကျီကို ဖောက်ထွင်းပြီး မေဝမ့်ရှူးကို အေးစက်သွားစေလေသည်။ သူမ လန့်နိုးလာ၏။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် နှိပ်စက်နေရတာလဲ” သူမ အမှောင်ထဲတွင် သူ၏ ရေစိုနေသော အေးစက်စက် အသားအရေကို စမ်းကြည့်လိုက်သည်။ “မနက်ဖြန်ကျရင် ကျစ်ချန်နန်းဆောင် ပြန်အိပ်လိုက်တော့”

လော့ရှင်းယွမ်က ခေါင်းမာလေသည်။ “မင်းကို ဖက်အိပ်ရရင် ကောင်းကောင်း အိပ်မပျော်ရင်တောင် စိတ်အေးချမ်းတယ်။ ရှင်ယီနင်က တမင်သက်သက် ကျန်းကို နှိပ်စက်နေတာ။ မနက်ဖြန်ကျရင် မင်း သူ့ကို ဆူပေးဦး…” (ချွဲတာ ကောင်းမှန်း သိကတည်းက ချွဲနေလိုက်တာ ချိုလွန်းလို့ ချောင်းပါဆိုးတော့မယ်)

မေဝမ့်ရှူး ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။

သန်းခေါင်ယံ လရောင်အောက်တွင် သူတို့ တိတ်တိတ်ဆိတ်ဆိတ် ဖက်ထားကြလေသည်။ လော့ရှင်းယွမ်က မင်းသားကြီး ထောင်ထဲသွားပြီး မင်းသားသုံးပါးကို ဆဲဆိုသည့် အကြောင်း ပြောပြလေသည်။ “မင်းသားကြီးက အခု ငါ့ဘက်ပါသွားပြီ”

146 04

မေဝမ့်ရှူးက ခေါင်းညိတ်လေသည်။ လက်ရှိ အခြေအနေကို သုံးသပ်ပြီး အကြံပေး၏။ “ဆွေမျိုးတော်တွေ ဆိုတော့ တကယ်တမ်း လက်နက်ကိုင် ပုန်ကန်တာ မဟုတ်သေးဘူး။ ကြံစည်ရုံပဲ ရှိသေးတော့ ပြစ်ဒဏ်ကို သိပ်ပြင်းပြင်းထန်ထန် မပေးသင့်ဘူး”

“ငါလည်း အဲဒီလိုပဲ စိတ်ကူးထားတယ်။ သူတို့ကို သာမန်အရပ်သား အဖြစ် တန်းလျှော့မယ်။ နယ်စပ်ကို ပို့မယ်။ တစ်သက်လုံး မြို့တော်ကို ပြန်မလာရ ဆိုတဲ့ အမိန့် ထုတ်မယ်”

မေဝမ့်ရှူး သဘောတူလေသည်။ “အဲဒါ ကောင်းပါတယ်” သူမ မျက်လုံးမှိတ်လိုက်၏။

နားထဲတွင် လော့ရှင်းယွမ်၏ တည်ငြိမ်သော အသံကို ကြားနေရသည်။

“နန်းတွင်းမှာ အမတ်ဟောင်းတွေ များလွန်းတယ်။ သူတို့က ရှေးရိုးစွဲဆန်ပြီး ထက်မြက်မှု မရှိကြဘူး။ နောက်နှစ်ကျရင် စာမေးပွဲ ကျင်းပပြီး လူသစ်တွေ ခေါ်မယ်။ လူငယ် လူရွယ်တွေ၊ ထက်မြက်တဲ့ သူတွေကို ရွေးချယ်ပြီး နေရာပေးမယ်။ နောက် (၃) နှစ် (၅) နှစ်လောက် နေရင် အခြေအနေတွေ အများကြီး ပြောင်းလဲသွားလိမ့်မယ်”

“အဲဒါ ကောင်းတယ်” သူမ ထောက်ခံလိုက်သည်။

“ငါ့ဘက်က မင်းသားကြီး ကို ဦးဆောင်ခိုင်းမယ်။ မင်းဘက်က မိဘနှစ်ပါးစလုံး ရှိနေတာပဲ။ လူကြီးနှစ်ယောက်ကို မြို့တော်ကို ဖိတ်ပြီး အခမ်းအနား တက်ခိုင်းရင် ကောင်းမလား”

“အင်း” မေဝမ့်ရှူးက အိပ်ချင်မူးတူးဖြင့် ထူးလိုက်သည်။ ဘာအခမ်းအနားလဲဟု မေးရန် ပြင်လိုက်ပြီးမှ ရုတ်တရက် သဘောပေါက်သွားလေသည်။

သူမ လုံးဝ အိပ်ချင်စိတ် ပျောက်သွား၏။

ကြယ်ရောင်စုံသော ညဘက်တွင် သူမ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေလေသည်။

“ငါ့ကို စဉ်းစားခွင့် ပေးပါဦး” သူမ နောက်ဆုံးတော့ ပြန်ပြောလိုက်သည်။

*** *** ***

လော့ရှင်းယွမ်သည် နောက်တစ်နေ့ နံနက်တွင် ပုံမှန်အတိုင်း စောစောထပြီး ညီလာခံ တက်ရောက်လေသည်။

ညက ကောင်းကောင်း မအိပ်ရသော်လည်း သူ့ကို မထိခိုက်ပေ။ (၂) နာရီခန့် ညီလာခံ တက်ပြီးနောက် အမတ်တချို့ကို တိုင်းပြည်ရေးရာစီမံရေးရုံးတော် ခေါ်ဆောင်သွားပြီး ဆက်လက် ဆွေးနွေးလေသည်။

ဆွေးနွေးပြီးသောအခါ မွန်းတည့်ချိန်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ အမတ်များ ပြန်သွားကြလေသည်။ ပုံမှန်အတိုင်း အပြင်ခန်းမတွင် နေ့လယ်စာ စားလေသည်။

ထို့နောက် ကျစ်ချန်နန်းဆောင်သို့ ပြန်လာခဲ့၏။

ရှောင်ကွေ့ယွမ်နှင့် ချီကျန့်ဟန်တို့သည် နန်းဆောင်အပြင်တွင် စောင့်ဆိုင်းနေကြသည်။ ဧကရာဇ် လာသည်ကို မြင်သောအခါ ချီကျန့်ဟန်က ရှောင်ကွေ့ယွမ်ကို တံတောင်ဖြင့် တွတ်ပြီး အချက်ပြလိုက်သည်။

ရှောင်ကွေ့ယွမ်သည် ပြေးသွားပြီး အရိုအသေ ပေးလိုက်၏။ “ဧကရာဇ်... မေအမတ်က မနက်က ကျွန်တော်မျိုးကို ခေါ်ပြီး စကားတစ်ခွန်း ပါးခိုင်းလိုက်ပါတယ် ”

လော့ရှင်းယွမ်က ပြုံးလိုက်သည်။ ဘေးမှ လူများကို ထွက်သွားခိုင်းလိုက်၏။

ရှောင်ကွေ့ယွမ် တစ်ယောက်တည်းကိုသာ ချန်ထားပြီး မေးမြန်းလိုက်သည်။ “သူ ဘာပြောခိုင်းလိုက်လဲ။ ပြောစမ်း”

“မေအမတ်က ပြောခိုင်းလိုက်ပါတယ်...” ရှောင်ကွေ့ယွမ်က အသံကျယ်ကျယ်ဖြင့် ပြန်ပြောလေသည်။

“ကျွန်တော်မျိုး သွားပြီ။ ဧကရာဇ် လိုက်ရှာစရာ မလိုပါဘူး”

“....”

လော့ရှင်းယွမ် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားလေသည်။

မနေ့ညက သူ အခမ်းအနားကိစ္စ ပြောလိုက်သည်ကို သတိရသွား၏။

သူမ မကြိုက်၍များလား။

“ဘယ်သွားတာလဲ။ ဘယ်အချိန်က သွားတာလဲ” လော့ရှင်းယွမ် အသံ အေးစက်သွားလေသည်။

ရှောင်ကွေ့ယွမ်က ဧကရာဇ် မျက်နှာပျက်သွားသည်ကို မြင်သောအခါ ကြောက်လန့်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ အမှန်အတိုင်း အမြန် လျှောက်တင်လိုက်၏။

146 05

“မေအမတ်က မနက်ကတည်းက ထွက်သွားတာပါ။ မြို့ပြင်က ခြံဝင်းကို ပြန်သွားတာ။ ဧကရာဇ် လိုက်မရှာပါနဲ့လို့ မှာလိုက်ပါတယ်”

သူ အခြေအနေ မဟန်မှန်း သိသဖြင့် မေအမတ် ပေးခဲ့သော စာရွက်ကို ကမန်းကတန်း ဆက်သလိုက်သည်။

လော့ရှင်းယွမ်သည် မြို့ပြင်က ခြံဝင်း ဆိုသော စကားကြားမှ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ မတ်တပ်ရပ်လျက် အသက်ပြင်းပြင်း ရှူလိုက်၏။ စာရွက်ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

ရင်းနှီးနေသော လက်ရေးလှလှလေးဖြင့် စာတစ်ကြောင်း ရေးထားသည်။

“ခြံဝင်းမှာ (၁၀) ရက်လောက် ပြန်နေလိုက်ဦးမယ်။ ဒါမှ နှစ်ယောက်စလုံး ညဘက် အေးအေးဆေးဆေး အိပ်ရမှာ”

အောက်တွင် နောက်ပြောင်သော လေသံဖြင့် ထပ်ရေးထားသေးသည်။ “အလောတကြီး လိုက်မရှာပါနဲ့။ (၁၀) ရက်လောက် မင်းကောင်းမင်းမြတ် လုပ်ပြီး ငြိမ်ငြိမ်လေး နေပါ”

စောစောက ကျွန်တော်မျိုး သွားပြီ၊ လိုက်မရှာနဲ့ ဆိုသော စကားကြားစဉ်က ရင်ထဲ ဆို့နင့်သွားသမျှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

လော့ရှင်းယွမ်သည် စာရွက်ကို ခေါက်သိမ်းလိုက်သည်။ ရှောင်ကွေ့ယွမ်ကို အေးစက်စက် ကြည့်လိုက်သည်။

“မင်း ရှေ့တော်မှာ အမှုထမ်းနေတာ နှစ်ဝက်လောက် ရှိပြီ။ စကားပြောတာ ဒီထက် ပိုမတတ်ရင် နောက်တစ်ခါ နန်းဆောင်အပြင် ထွက်ပြီး တံမြက်စည်း သွားလှည်းခိုင်းမယ်”

******

All Chapters