← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

147 01

အခန်း 147

မေဝမ့်ရှူးသည် မြို့တော်ပြင်ပရှိ ခြံဝင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ယန်ရန်သည် သတင်းကြိုတင်ရရှိထားသဖြင့် သူမ၏ မရီးဖြစ်သူ အားကျစ်သခင်မလေးနှင့်အတူ တံခါးဝ၌ စောင့်ကြိုနေလေသည်။

“ခင်ပွန်း ပြန်လာပြီ”

ယန်ရန်သည် အဝေးမှနေ၍ ပြေးထွက်ကြိုဆိုလေသည်။

“ဒီတစ်ခေါက် နန်းတော်ထဲမှာ နေရတာ ကြာလိုက်တာ။ အဆင်ပြေရဲ့လား။ မြို့တော်မှာ နိုင်ငံရေးအခြေအနေတွေ မငြိမ်မသက် ဖြစ်နေတယ်လို့ ကြားတယ်။ မင်းသားတချို့ ပုန်ကန်ဖို့ ကြံစည်နေတယ် ဆိုလား။ ဟိုရက်ပိုင်းက တစ်မြို့လုံး အဝင်အထွက် ပိတ်ထားတော့ ကျွန်မတို့မှာ ကြောက်လွန်းလို့ သေတော့မလိုပဲ။ အခု အခြေအနေ အေးဆေးသွားပြီလား”

မေဝမ့်ရှူးသည် ခွေးခြေခုံကို နင်းလျက် မြင်းရထားပေါ်မှ ဆင်းသက်လိုက်သည်။

“အေးဆေးသွားပါပြီ။ ပြဿနာရှာတဲ့ ခေါင်းဆောင်တွေကိုလည်း ဖမ်းမိပါပြီ။ မြို့တော်ကို ပိတ်ထားတာလည်း ပြန်ဖွင့်လိုက်ပါပြီ။ စိတ်မပူကြပါနဲ့တော့”

ယန်ရန်သည် သူမ၏ လက်မောင်းကို ချိတ်တွယ်လျက် အိမ်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။

မေဝမ့်ရှူးသည် အနောက်မှ လိုက်ပါလာသော အားကျစ်သခင်မလေးကို တစ်ချက် လှမ်းကြည့်ရှုပြီးနောက် ယန်ရန်အား မေးမြန်းလိုက်၏။

“မင်းမရီး နေကောင်းရဲ့လား။ မင်းအမေရဲ့ နာရေးကိစ္စတွေ အဆင်ပြေပြေ ပြီးသွားပြီလား”

“အမေရဲ့အရိုးပြာအိုးကို ဆွေမျိုးနွယ်စု သင်္ချိုင်းမှာ မြှုပ်နှံလိုက်ပါပြီ။ မြေချတဲ့နေ့က ကျွန်မတို့ အကုန် သွားခဲ့ကြတယ်။ မရီးကတော့ ရက်နည်းနည်းလောက် ငိုနေပေမဲ့ ဒီရက်ပိုင်း စိတ်သက်သာရာ ရသွားပုံပါပဲ”

ယန်ရန်သည် နောက်သို့ လှည့်ကြည့်ကာ အားကျစ်သခင်မလေးအား အကဲခတ်လျက် တိုးညှင်းစွာ ဆိုလေသည်။

“မရီးက ပြောတယ်။ ခင်ပွန်းအိမ်မှာပဲ အလကား နေနေလို့ မဖြစ်ဘူး တဲ့။ မြို့တော်ထဲမှာ ဆိုင်ခန်းလေး တစ်ခန်းလောက် ငှားပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တယ် တဲ့။ မရီးက အပ်ချုပ်ကျွမ်းကျင်တော့ အထည်ဆိုင်လေး ဖွင့်ပြီး အပ်ချုပ်ဆိုင် လုပ်ချင်နေတာ”

မေဝမ့်ရှူးသည် လမ်းလျှောက်ရင်း စဉ်းစားဆင်ခြင်နေလေသည်။

“တကယ်လို့ သာမန် မိန်းကလေး တစ်ယောက် ဆိုရင်တော့ ဆိုင်ခန်းလေး ငှားပေး၊ ငွေရင်းလေး ထုတ်ပေးပြီး လွှတ်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ သူက မင်းရဲ့ ချွေအိမ်တော်က ယောင်းမ ဖြစ်နေတယ်လေ။ ငါ တစ်ခု ပြောပြမယ်... မြို့တော်ထဲမှာ အထည်ဆိုင်တွေက အရမ်း များနေပြီ။ စီးပွားရေး လုပ်ရတာ မလွယ်ဘူး”

အိမ်မကြီးအနီးသို့ ရောက်ရှိခါနီးတွင် သူမ ခြေလှမ်းရပ်တန့်လိုက်ပြီး အကြံပြုချက်တစ်ခု ပေးလိုက်သည်။

“ဒါနဲ့... ငါ့အမေဘက်က လုပ်နေတဲ့ နှင်းဆီရည် လုပ်ငန်းလေ... ဆိုင်ခွဲတွေက မြစ်အရှေ့ဘက် ဟဲတုန်းမှာပဲ ဖွင့်ထားတာ။ မြို့တော်မှာ လာဖွင့်ဖို့ ပြောကြပေမဲ့ ငါက မြို့တော်မှာ အရာရှိ လုပ်နေတော့ မေအိမ်တော် နာမည်နဲ့ ဆိုင်ဖွင့်ရင် အမတ်တွေက အပြစ်ရှာမှာ စိုးလို့ ရပ်ထားရတာ”

သူမသည် အနောက်မှ အားကျစ်သခင်မလေးကို လှမ်းကြည့်ပြီး ယန်ရန်နှင့် တိုင်ပင်လိုက်သည်။

“အနောက်ဘက် တာ့ရှီနိုင်ငံက လာတဲ့ နှင်းဆီရည်က အရမ်း ရောင်းကောင်းတာ။ ပန်းပုထွင်းထားတဲ့ ဖန်ပုလင်းလေးတွေနဲ့ ထည့်ရောင်းရင် တစ်ပုလင်းကို ရွှေ (၁၀) လောက် ရတယ်။ တကယ်လို့ မင်းယောင်းမက စီးပွားရေး လုပ်ချင်တယ် ဆိုရင်... မြို့တော်မှာ နှင်းဆီရည်ဆိုင် ဖွင့်တာ ပိုကောင်းမလား။ (၂) နှစ် (၃) နှစ်လောက် နာမည်ရအောင် လုပ်လိုက်ရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ”

ယန်ရန် ဝမ်းသာအားရ ဖြစ်သွားလေသည်။ “ကောင်းလိုက်တဲ့ အကြံပဲ။ ခဏနေကျရင် မရီးနဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်”

စကားပြောရင်း အိမ်မကြီးထဲသို့ ရောက်ရှိလာကြလေသည်။ ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သောအခါ နှစ်တစ်ရာ သက်တမ်းရှိသော ဂျင်ဂိုပင်ကြီးသည် နွေရာသီ နေရောင်အောက်၌ စိမ်းလန်းစိုပြေစွာ ရှင်သန်နေသည်ကို တွေ့ရှိလိုက်ရ၏။

147 02

“ရေပူစမ်းကန် အဆင်သင့် ပြင်ထားပါတယ်။ ခင်ပွန်း ခရီးပန်းလာတယ် ဆိုတော့ ရေစိမ်ပြီး အမောဖြေလိုက်ပါလား”

မေဝမ့်ရှူး ပြုံးလိုက်သည်။ “ရေစိမ်ဖို့ မလောပါဘူး။ မနက်ကတည်းက နန်းတော်ထဲက ထွက်လာတာ၊ လမ်းမှာ ဇီးချိုယိုမုန့် နည်းနည်းပဲ စားခဲ့ရတာ။ ထမင်းအရင် စားကြစို့”

နှစ်ဦးသား ခြံဝင်းထဲရှိ သစ်ပင်ရိပ်အောက်တွင် နေ့လယ်စာ ရိုးရိုးရှင်းရှင်း စားသောက်ကြလေသည်။

မေဝမ့်ရှူးသည် စိတ်ထဲ၌ စွဲထင်နေသော ကိစ္စတစ်ခု ရှိနေသဖြင့် ထမင်းစားရင်း မေးမြန်းလိုက်၏။

“ယန်ရန်... မင်း မေကတော် ဆိုတဲ့ နာမည်ခံထားတာ (၁) နှစ် (၂) နှစ် ရှိနေပြီ။ မင်းက ငယ်သေးတယ်လေ။ မေအိမ်တော်မှာ ဆက်နေနေရင် မင်းဘဝ နစ်မွန်းသွားလိမ့်မယ်။ ငါ စဉ်းစားနေတာ... မင်းကို ကွာရှင်းစာ ပေးပြီး လွှတ်ပေးလိုက်ရင် ကောင်းမလားလို့”

ယန်ရန်သည် စွပ်ပြုတ်သောက်နေစဉ် ကွာရှင်းစာ ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် သီးသွားလေသည်။

“ခင်ပွန်းက ကျွန်မကို ငြီးငွေ့သွားလို့ နှင်ထုတ်တော့မလို့လား” ယန်ရန်သည် မျက်ရည်ဝဲနေသော မျက်လုံးများကို ပွတ်သပ်ရင်း ပြောလေသည်။ “ကျွန်မက မေအိမ်တော်ထဲ ရောက်လာကတည်းက ပြန်ထွက်ဖို့ စိတ်ကူး မရှိပါဘူး။ ရှင်ရင် မေအိမ်တော်က လူ၊ သေရင် မေအိမ်တော်က သရဲပဲ လုပ်မှာ”

မေဝမ့်ရှူး ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး သူမကို ဖွဖွလေး ရိုက်လိုက်သည်။ “ယန်ရန်... မနောက်နဲ့။ အတည်ပြောနေတာ”

“မနောက်ပါဘူး။ တကယ် ပြောနေတာပါ” ယန်ရန်သည် စောစောက နောက်ပြောင်နေသော မျက်နှာထား ပျောက်ကွယ်သွားပြီး တည်ငြိမ်စွာ ဆိုလေသည်။ “ကျွန်မ သဘောပေါက်ပါတယ်”

“တကယ်တော့... ကျွန်မလို ပြည့်တန်ဆာအိမ် ရောက်ဖူးတဲ့ မိန်းမတစ်ယောက်က ခင်ပွန်းနဲ့ မတွေ့ဘဲ၊ နာမည်အတု မရခဲ့ဘူးဆိုရင် ဘယ်လိုလုပ် တရားဝင် ဇနီးမယား အဖြစ် ပေါင်းသင်းခွင့် ရမှာလဲ။ ဘယ်လိုလုပ် လူလယ်ကောင်မှာ မျက်နှာဖော်ပြီး နေရဲမှာလဲ။ ခင်ပွန်း... မေအိမ်တော်က ကျွန်မအတွက် အကောင်းဆုံး ခိုနားရာပါပဲ”

“မင်းက အခု မေကတော် ဖြစ်နေပြီပဲ” မေဝမ့်ရှူးက စိတ်ရှည်စွာ ရှင်းပြလေသည်။ “ကွာရှင်းစာ ကိုင်ပြီး ထွက်သွားရင် မေအိမ်တော်က ဇနီးဟောင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဘယ်သူမှ မင်းနောက်ကြောင်းကို လိုက်စုံစမ်းမှာ မဟုတ်တော့ဘူး။ မြို့တော်မှာက ခေတ်မီတယ်။ ဒုတိယအိမ်ထောင် ပြုတဲ့ မိန်းမတွေ အများကြီးပဲ။ ယန်ရန်... မင်းက ရုပ်ရည်ရော အရည်အချင်းပါ ရှိတာပဲ။ တောင်းရမ်းမဲ့သူတွေ ပေါ်လာမှာပါ”

“ခင်ပွန်း ပြောတာ မှန်ပါတယ်။ ကွာရှင်းစာ ကိုင်ပြီး ထွက်သွားရင် နောက်အိမ်ထောင်ပြုဖို့ မခက်ပါဘူး။ ဒါပေမဲ့... လက်ထပ်ပြီးရင်ရော”

ယန်ရန် ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာ၏။

“နာမည်ဝှက်နဲ့ နေရမယ်၊ ကိုယ့်အကြောင်းကို ဖုံးဖိထားရမယ်။ ချွေမျိုးနွယ်စုက သမီးပျို ဆိုတဲ့ ဘဝရယ်၊ ပြည့်တန်ဆာအိမ် ရောက်ခဲ့တဲ့ ဘဝရယ်ကို သတိထားပြီး ဖုံးကွယ်ထားရမယ်။ ယောကျ်ား ဖြစ်လာမဲ့သူက အဲဒီအကြောင်းတွေ သိသွားမှာကို နေ့တိုင်း ကြောက်နေရမယ်။ သိသွားတာနဲ့ ဘဝပျက်သွားမှာလေ”

“ကျွန်မ ကြောက်တယ်” သူမ တိုးတိုးလေး ပြောလေသည်။ “တွေးမိရင်ကို ကြောက်တယ်။ အရိုးထဲထိအောင် ကြောက်တယ်”

သူမ ထရပ်ပြီး မေဝမ့်ရှူး ဘေးသို့ သွားရောက်ကာ လက်မောင်းကို ချိတ်တွယ်လိုက်သည်။

“မေအိမ်တော်မှာကျတော့ ကျွန်မ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ နေ့တိုင်း ကြောက်လန့်နေစရာ မလိုဘူး။ မေအိမ်တော်မှာ နေရတာက ကျွန်မ တစ်သက်တာအတွက် အကောင်းဆုံး နေ့ရက်တွေပါပဲ။ ခင်ပွန်း... ကျွန်မ မသွားချင်ဘူး”

မေဝမ့်ရှူး စဉ်းစားဆင်ခြင်လိုက်ပြီး သူမ၏ လက်ဖမိုးကို ဖွဖွလေး ပုတ်ကာ နှစ်သိမ့်လိုက်သည်။

“မင်း အဲဒီလို သဘောထားတယ် ဆိုရင်လည်း... မေအိမ်တော်မှာပဲ ဆက်နေပေါ့။ မင်း အေးအေးဆေးဆေး နေချင်ရင် အေးအေးဆေးဆေး နေလို့ ရပါတယ်။ ငါ ရှိနေသရွေ့ မပူပါနဲ့”

ယန်ရန် ဝမ်းသာအားရ အာမေဋိတ်သံ ပြုလိုက်ပြီး မျက်ရည်ဝဲနေသော မျက်လုံးများ တောက်ပလာလေသည်။

သူမသည် မေဝမ့်ရှူး၏ လက်မောင်းကို ဖက်ပြီး ပါးပြင်ကို ရွှတ်ခနဲ နမ်းလိုက်၏။

“ဟာ... ခင်ပွန်းသာ ယောကျ်ားစစ်စစ် ဖြစ်မယ်ဆိုရင် ကျွန်မ တကယ် ယူလိုက်မှာ”

147 03

မေဝမ့်ရှူး ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး လက်ဖြင့် ကာကွယ်လိုက်သည်။ “မကဲနဲ့”

ယန်ရန် နေရာပြန်ထိုင်ပြီး ထမင်းဆက်စားလေသည်။ တစ်ဝက်ခန့် ရောက်သောအခါ ရုတ်တရက် သတိရပြီး မေးမြန်းလိုက်၏။

“ဒါနဲ့... ခင်ပွန်း ဒီရက်ပိုင်း နန်းတော်ထဲမှာပဲ အိပ်နေတာလား။ (၅) လပိုင်းတုန်းက စာပို့ပြီး မိန်းကလေး အသုံးအဆောင်တွေ လှမ်းတောင်းတုန်းကဆိုရင် နန်းတော်ထဲမှာ ရာသီလာလို့လား။ ကျွန်မဖြင့် လန့်လိုက်တာ။ နောက်ပိုင်း အဆင်ပြေသွားရဲ့လား”

မေဝမ့်ရှူးက လက်တစ်ဖက်ဖြင့် ပါးကို ထောက်ထားပြီး တူဖြင့် ပဲပင်ပေါက်များကို တစ်ချောင်းချင်း ရွေးစားနေလေသည်။

“ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ နန်းတော်ထဲက တစ်ယောက်ကို အကျိုးအကြောင်း ပြောပြပြီး အနောက်ဆောင်မှာ (၄) (၅) ရက်လောက် ပုန်းနေလိုက်ရတယ်။ တော်သေးတာပေါ့... မင်း ပို့လိုက်တဲ့ အထုပ် ရောက်လာလို့ အသက်ရှူချောင်သွားတာ”

ယန်ရန် အံ့သြသွားလေကာ သတိထားပြီး မေးလိုက်၏။ “နန်းတော်ထဲက တစ်ယောက်က ခင်ပွန်းအတွက် ဖုံးဖိပေးတယ် ဟုတ်လား။ ဒါဆိုရင်တော့ အခြေအနေ သိပ်မဆိုးသေးဘူးပေါ့။ အခုရော... ရှင်တို့နှစ်ယောက် ဘယ်လို နေကြလဲ”

မေဝမ့်ရှူး ဘာမျှ မပြောပေ။ ပဲပင်ပေါက်ကြော်ကို ဖြည်းဖြည်းချင်း ဝါးနေလေသည်။

သူမလည်း တစ်ချိန်တုန်းက ကြောက်ရွံ့ခဲ့ဖူးသည်။

ယန်ရန် ပြောသကဲ့သို့ပင်... အရိုးထဲထိအောင် ကြောက်ခဲ့ဖူးသည်။

အမျိုးသမီးမှန်း ပေါ်သွားမည်ကို ကြောက်သည်၊ မိသားစု ဒုက္ခရောက်မည်ကို ကြောက်သည်၊ ခြေလှမ်းတစ်လှမ်း မှားယွင်းသည်နှင့် ဘဝပျက်မည်ကို ကြောက်သည်။

နောက်ပိုင်းတွင်မူ... တကယ်ပင် ဖုံးကွယ်ထားသည်များ ပေါ်ပေါက်သွားခဲ့သည်။

အရိုးထဲထိ ကြောက်လန့်နေခဲ့ရသော ဓားသွားသည် ပြုတ်ကျမလာခဲ့ပေ။

ခံစားချက်မှာ ချောက်ကမ်းပါးအစွန်း၌ ရပ်နေပြီး အောက်မှ နက်ရှိုင်းသော ချောက်နက်ကြီးကို ကြည့်ရင်း ကြောက်ရွံ့နေရသကဲ့သို့ပင် ဖြစ်သည်။

တကယ်တမ်း ချောက်ထဲ ပြုတ်ကျသွားသောအခါ... အောက်တွင် လူတစ်ယောက်က စောင့်ဆိုင်းနေပြီး ပွေ့ဖက် ဖမ်းယူလိုက်သကဲ့သို့၊ ထို့နောက် မြေပြင်ပေါ် ပြန်ချပေးလိုက်သကဲ့သို့ ခံစားရလေသည်။

သူမ စဉ်းစားပြီး ဖြည်းညှင်းစွာ ပြောကြားလိုက်သည်။ “ငါနဲ့ သူနဲ့ကြားမှာ... ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်။ ထင်မထားတဲ့ အလှည့်အပြောင်းတွေ အများကြီးပဲ။ ငါ မှန်းဆထားတာနဲ့ တခြားစီ ဖြစ်ကုန်တယ်”

“ငါက ကိစ္စတစ်ခုခု မလုပ်ခင် ကြိုတင် ပြင်ဆင်တတ်ပေမဲ့၊ တချို့ကိစ္စတွေကျတော့ တကယ်ပဲ ကြိုတင် စီစဉ်လို့ မရဘူး...” သူမ စကားရပ်တန့်လိုက်ပြီး တူကို ပြန်ကိုင်လိုက်သည်။

“ကံတရား အတိုင်းပါပဲလေ”

ယန်ရန် နားမလည်သော်လည်း ခေါင်းညိတ်ပြီး ထမင်းဆက်စားနေလိုက်သည်။

ထမင်းစားသောက်ပြီးနောက် လက်ဖက်ရည် သောက်သုံးကြစဉ် မေဝမ့်ရှူးသည် ဘေးဘီဝဲယာကို ကြည့်ရှုပြီး လူတစ်ဦးကို သတိရသွားလေသည်။

“ဒီနေ့ ချန်ပေါ်ကို မတွေ့ပါလား။ သူ ဒီခြံဝင်းမှာ မရှိဘူးလား”

ယန်ရန်လည်း စဉ်းစားလိုက်မိလေသည်။ “ချန်ပေါ် ရှိပါတယ်။ ဟိုရက်ပိုင်းက မြို့တော်မှာ မင်းသားတွေ အဖမ်းခံရပြီး မြို့အဝင်အထွက် ပိတ်လိုက်တုန်းကဆိုရင် ချန်ပေါ်က မနက်စောစောထ၊ ညဥ့်နက်မှ အိပ်နဲ့ အိမ်ကို သတိထားဖို့ သတိပေးနေသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မွေးရပ်က စာတစ်စောင် ရောက်လာပြီးကတည်းက သူ့ပုံစံ ပြောင်းသွားတယ်။ စိတ်နဲ့လူနဲ့ မကပ်တော့ဘူး။ မေးရင်လည်း မပြောဘူး”

ချန်ပေါ်ကို ခေါ်ယူလိုက်သောအခါ မျက်နှာမကောင်းဘဲ ရောက်ရှိလာလေသည်။ တကယ်ပင် စိတ်ညစ်နေပုံရသည်။

မေဝမ့်ရှူးကို တွေ့သည်နှင့် စကားပင် မပြောရသေး၊ မျက်ရည်များ ကျဆင်းလာပြီး ဒူးထောက်ချလိုက်သည်။

“ကျွန်တော်မျိုး မစဉ်းစားမဆင်ခြင်ဘဲ လုပ်မိပါတယ်။ ကျွန်တော်မျိုး နောင်တရလို့ မဆုံးပါဘူး”

မေဝမ့်ရှူး လန့်ဖျပ်သွားပြီး သူ့ကို အမြန် တွဲထူလိုက်သည်။ “ဘာဖြစ်တာလဲ။ ကိစ္စ ဘယ်လောက်ကြီးကြီး ပြောပါ၊ အဆင်ပြေပါတယ်”

147 04

ချန်ပေါ်သည် အင်္ကျီလက်ကြားမှ စာတစ်စောင်ကို ထုတ်ယူပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။ မျက်ရည်စက်လက်ဖြင့် အကြောင်းစုံ လျှောက်တင်လေသည်။

(၄) လပိုင်းတုန်းက ချန်ပေါ်သည် မွေးရပ်မြေသို့ တိတ်တဆိတ် စာရေးပြီး ယန်ရန်ကို မြို့တော်လာရန် လှမ်းခေါ်ခဲ့ခြင်း ဖြစ်သည်။ ညဘက် လူကြီးလူကောင်းနှင့် တွေ့နေသော သခင်လေးကို ဖျောင်းဖျပေးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

သို့သော် ဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်သဖြင့် စာထဲတွင် အကြောင်းစုံ မရေးသားဘဲ မြို့တော်မှာ အရေးကြီးကိစ္စ ရှိလို့ မေကတော် လာကူညီပါ ဟု ဝါးတားတား ရေးလိုက်ခြင်း ဖြစ်သည်။

စာပို့သည့်အချိန်မှာ လွဲချော်သွားလေသည်။ ဤဘက်မှ စာသည် (၄) လပိုင်းကုန်မှ ထွက်သွားပြီး၊ ဟိုဘက်မှ ယန်ရန်သည် (၅) လပိုင်း အစ၌ပင် မြို့တော် ရောက်ရှိနေပြီ ဖြစ်သည်။ လမ်းတွင် လွဲချော်သွားကြခြင်း ဖြစ်သည်။

ချန်ပေါ်၏ စာသည် (၁၅) ရက်ခန့် ကြာမှ မွေးရပ်မြေအိမ်သို့ ရောက်ရှိလေသည်။

ဘာရေးထားမှန်း မသဲကွဲ၊ မြို့တော်တွင် ဘာဖြစ်နေမှန်း မသိ။

ကြိုရောက်နေသော ယန်ရန်ထံမှလည်း ဘာသံမျှ မကြားရ။

မွေးရပ်မြေတွင် ကျန်ရစ်ခဲ့သော မေသခင်ကြီးနှင့် မေကတော်ကြီး နှစ်ယောက်သား မီးစပေါ် ရောက်နေသော ပုရွက်ဆိတ်များသဖွယ် ပူလောင်နေကြလေသည်။

လင်ချွမ်မြို့တွင် ရက်အနည်းငယ်ခန့် ပူပင်ပြီးနောက် မေသခင်ကြီးသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ဘဲ အကြံတစ်ခု ထုတ်လိုက်သည်။

မကြာသေးမီက မြို့တော်မှ အမိန့်တော် ရောက်ရှိလာပြီး ကောင်းကင်မှ ကျလာသကဲ့သို့ မေသခင်ကြီးကို တတိယအဆင့် မြို့စားဘွဲ့ ပေးသနားလိုက်သည်။ သူသည် ထိုအချက်ကို အခွင့်ကောင်းယူပြီး မြို့တော်ကို ကျေးဇူးတင်လွှာ ဆက်သရန် ခေါင်းစဉ်တပ်ကာ မြို့တော်သို့ လိုက်လာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မထွက်ခွာမီ စာတစ်စောင် ရေးသားပြီး အိမ်စေတစ်ယောက်ကို မြင်းဖြင့် အမြန် စေလွှတ်လိုက်သည်။

ချန်ပေါ်သည် လွန်ခဲ့သော ရက်ပိုင်းကမှ စာရရှိသည်။ ရက်တွက်ကြည့်လိုက်သော် သခင်ကြီးသည် မြို့တော်အနီး ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

“ဒီရက်ပိုင်း မြို့တော်မှာ မင်းသားတွေ ပုန်ကန်တယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်၊ မြို့တံခါးတွေ ပိတ်ထားတယ်၊ လမ်းပေါ်မှာ စစ်သားတွေ လက်နက်တွေနဲ့ သွားလာနေကြတယ်။ သခင်လေးကလည်း နန်းတော်ထဲက ပြန်မထွက်လာဘဲ အဆက်အသွယ် ပြတ်နေတယ်”

ချန်ပေါ်သည် ဤရက်ပိုင်း ကြောက်လန့်ပြီး စိတ်ဒဏ်ရာ ရနေရှာလေသည်။ မျက်ရည်များ သုတ်ရင်း ငိုကြွေးပြောဆိုလေသည်။

“ကျွန်တော်မျိုး အိမ်က စာရကတည်းက အိပ်လို့မပျော်ဘူး။ သခင်ကြီး မြို့တော် ရောက်လာတဲ့အချိန်မှာ အခြေအနေ ဆိုးနေမှာကို စိုးရိမ်နေတာ။ သခင်ကြီးက မွေးရပ်မြေမှာ အေးအေးဆေးဆေး နေရမဲ့ဟာ၊ ကျွန်တော်မျိုး စာတစ်စောင်ကြောင့် မြို့တော်က အရှုပ်အထွေးတွေထဲ ပါလာရပြီ။ ကျွန်တော်မျိုး... ကျွန်တော်မျိုး အပြစ်ဒဏ်သာ ပေးပါတော့”

အဘိုးအိုသည် တုန်တုန်ရီရီဖြင့် ဒူးထောက်ရန် ပြင်နေပြန်လေသည်။

မေဝမ့်ရှူး သဘောပေါက်သွားပြီး စိတ်အေးသွားလေသည်။ “ငါက ဘာများလဲလို့”

သူမ ချန်ပေါ်ကို တွဲထူလိုက်သည်။ “မြို့တော် အခြေအနေက တည်ငြိမ်သွားပါပြီ။ မြို့တံခါးတွေ ပြန်ဖွင့်လိုက်ပြီ။ တိုက်မင်းသားနဲ့ ဖျင်မင်းသားလည်း ထောင်ထဲ ရောက်သွားပြီ။ နောက်ထပ် ဘာပြဿနာမှ မရှိနိုင်တော့ပါဘူး။ ဘာမှ မဖြစ်ပါဘူး၊ ကိုယ့်ဘာသာ လန့်မနေပါနဲ့”

ချန်ပေါ်သည် မျက်ရည်များ သုတ်ရင်း ရှိုက်ငိုနေသည်။ “အခု ပြန်စဉ်းစားကြည့်တော့ တစ်မိသားစုလုံး ဘေးကင်းဖို့က အရေးအကြီးဆုံးပါပဲ။ သခင်လေးက လူကြီးလူကောင်း တစ်ယောက်နဲ့ ညဘက် တွေ့တာလောက်က ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်မျိုး အဲဒီတုန်းက ဘာလို့များ အတွေးလွန်ခဲ့မိပါလိမ့်...”

မေဝမ့်ရှူး ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားလေသည်။ မျက်နှာသုတ်ပုဝါ ကမ်းပေးပြီး နှစ်သိမ့်လိုက်၏။

“တကယ် ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖေ ရောက်လာရင် ချန်ပေါ်အနေနဲ့... အဟမ်း... ညဘက် ချိန်းတွေ့တဲ့ ကိစ္စကို ထုတ်မပြောပါနဲ့ဦး။ အဖေ စိတ်မသက်မသာ ဖြစ်နေမှာ စိုးလို့။ အချိန်တန်ရင် ငါ့ဘာသာ ပြောပြပါ့မယ်”

ချန်ပေါ် မျက်နှာသုတ်ရင်း ခေါင်းညိတ်လိုက်သည်။

စာထဲတွင် ပါရှိသော ထွက်ခွာသည့် ရက်စွဲအတိုင်း တွက်ချက်ကြည့်ပါက မေသခင်ကြီး မြို့တော်သို့ ရောက်ရှိမည့်ရက်မှာ ဇွန်လဆန်းခန့် ဖြစ်တန်ရာသည်။

147 05

မေအိမ်တော် ခြံဝင်းမှ အိမ်စေများကို မြို့တံခါးဝ၌ နေ့စဉ် သွားရောက် စောင့်ဆိုင်းစေလိုက်သည်။

ဇွန်လ (၁၀) ရက်နေ့ ရောက်သောအခါ အိမ်စေတစ်ယောက် ဝမ်းသာအားရ ပြန်ပြေးလာလေသည်။

“မနက်က သခင်ကြီးရဲ့ ယာဉ်တန်း မြို့တံခါးဝမှာ တန်းစီနေတာ တွေ့ခဲ့ပါတယ်! ဟာ... လှည်းတွေ အများကြီးပဲ။ မွေးရပ်မြေက လက်ဆောင်ပစ္စည်းတွေ အများကြီး ပါတယ်။ သခင်ကြီးက ပြောလိုက်ပါတယ်... မြို့အရှေ့ဘက်က မေအိမ်တော်မှာ ပစ္စည်းတွေ အရင်သွားချလိုက်ဦးမယ်၊ ပြီးမှ ခြံဝင်းဘက်ကို လာခဲ့မယ် တဲ့။ သခင်လေးကို မလောပါနဲ့လို့ မှာလိုက်ပါတယ်”

မေဝမ့်ရှူး သတင်းရသည်နှင့် ခြံဝင်းထဲ၌ပင် အေးအေးဆေးဆေး စောင့်ဆိုင်းနေလိုက်သည်။

စောင့်ရင်း စောင့်ရင်းနှင့် နေဝင်ခါနီးပြီ ဖြစ်သော်လည်း လူရိပ်မမြင်ရသေးပေ။

သူမ အချိန်ကို တွက်ဆကြည့်ပြီး စိတ်ပူလာလေသည်။ ရှန်ယီချန်ကို ခေါ်ယူပြီး မှာကြားလိုက်၏။ မြို့အရှေ့ဘက်ရှိ အိမ်သို့ မြင်းဖြင့် အမြန်သွားကြည့်ရန်၊ ဘာဖြစ်နေသလဲ၊ မည်သည့်နေရာတွင် ကြန့်ကြာနေသလဲ ဆိုသည်ကို စုံစမ်းခိုင်းလိုက်သည်။

ရှန်ယီချန်သည် ခြေမြန်လက်မြန် ရှိသူပီပီ နေမဝင်မီ ပြန်လည်ရောက်ရှိလာလေသည်။

ဝင်ရောက်လာသည်နှင့် ပြောကြားလေသည်။ “ခင်ဗျားအဖေ မြို့အရှေ့ဘက် အိမ်ရောက်တော့ အဖမ်းခံလိုက်ရပြီ။ မနက်က မြို့ထဲဝင်တုန်းက သတင်းပေါက်သွားလို့ ဖြစ်မယ်။ နန်းတော်ထဲက ဆူးကုန်းကုန်း ကိုယ်တိုင် လာခေါ်သွားတာ။ သူ ပြောတာက... ဧကရာဇ်က မေသခင်ကြီးကို နန်းတော်ထဲ ဖိတ်ပြီး မိသားစုအကြောင်း စကားစမြည် ပြောချင်လို့ပါတဲ့။ နေ့လယ်ကတည်းက ခေါ်သွားတာ၊ ကျွန်တော် သွားကြည့်တော့ ပြန်မလွှတ်သေးဘူး”

နန်းတော်ထဲ ခေါ်ဆောင်သွားသည်၊ လာရောက်ခေါ်ဆောင်သူမှာလည်း ဆူးဟွေ့ကျုံး ဖြစ်နေသည် ဆိုသောကြောင့် မေဝမ့်ရှူး ရင်ထဲမှ အလုံးကြီး ကျသွားလေသည်။

သို့သော် စဉ်းစားကြည့်လျှင် ထူးဆန်းနေ၏။

“သူက ငါ့အဖေကို ခေါ်ပြီး ဘာမိသားစုအကြောင်း ပြောစရာ ရှိလို့လဲ”

ညဉ့်နက်သန်းခေါင်ကျော် အချိန်တွင်...

တောင်ပေါ်လမ်းမှ မြင်းခွာသံများ ကြားလိုက်ရလေသည်။ ချီကျန့်ဟန်ကိုယ်တိုင် ဦးစီးပြီး ကိုယ်ရံတော်များနှင့် အတူ မေသခင်ကြီးကို မေအိမ်တော် ခြံဝင်းရှေ့အထိ ဘေးကင်းစွာ လိုက်ပါပို့ဆောင်ပေးကြသည်။

မေသခင်ကြီးသည် ကျေးဇူးတင်စကားများ အထပ်ထပ် ဆိုလေသည်။ အိမ်ထဲ ရောက်သည်နှင့် ချီးမွမ်းတော့သည်။

“ဧကရာဇ်က သဘောကောင်းလိုက်တာ၊ အဝေးကနေ ထိုင်နေရလို့ မျက်နှာကို သေချာ မမြင်ရပေမဲ့ အသံက တည်ငြိမ်ပြီး လက်အောက်ငယ်သားတွေအပေါ် ကြင်နာတတ်ပုံ ရတယ်။ ဧကရာဇ်ရဲ့ လူတွေကလည်း ငါတို့လို တောသားတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ်။ ငါ့သားက ဧကရာဇ်ရဲ့ အချစ်တော် ဖြစ်နေတာ အမှန်ပဲ”

မေဝမ့်ရှူးသည် မျက်နှာရွှင်လန်းနေသော ဖခင်အိုကြီးကို ဧည့်ခန်းသို့ ဖိတ်ခေါ်သွားလေသည်။ ယန်ရန်က လက်ဖက်ရည် လာချပေး၏။

မေဝမ့်ရှူးသည် လက်ဖက်ရည် သောက်ရင်း ဖခင်ကြီး နန်းတော်ထဲတွင် ဧကရာဇ်နှင့် ဘာများ ပြောဆိုခဲ့လဲ ဆိုသည်ကို မေးမြန်းလိုက်သည်။

“ဪ... ဧကရာဇ်က အိမ်က လူဦးရေအကြောင်း မေးတယ်။ ပြီးတော့ အမတ်ချုပ်ယဲ့က ယွီမိသားစုနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပေးခဲ့တဲ့ ကိစ္စကို မေးတယ်။ မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ မင်းရဲ့ ညီမလေး အကြောင်း မေးတယ်”

မေသခင်ကြီးသည် မုတ်ဆိတ်မွှေးကို သပ်ရင်း တည်ငြိမ်စွာ ပြန်လည်ပြောပြလေသည်။

“အဖေကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေခဲ့ပါတယ်။ အမတ်ချုပ်ယဲ့ရဲ့ စာကို ရပြီးပါပြီ၊ မေမိသားစုနဲ့ ယွီမိသားစုက မွေးရပ်မြေမှာ စေ့စပ်တာကို ဖျက်သိမ်းလိုက်ပါပြီလို့။ အခု မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ သမီးလေးက ယွီမိသားစုနဲ့ ဘာမှ မပတ်သက်တော့ပါဘူး၊ သားမက်လောင်း အသစ် ရှာနေပါတယ် လို့ လျှောက်တင်ခဲ့တယ်”

မေဝမ့်ရှူး ဘာမှ ပြန်မပြောဘဲ ငြိမ်သက်နေသည်ကို မြင်သောအခါ မေသခင်ကြီးက အံ့သြပြီး မေးမြန်းလိုက်သည်။ “အားရှူး... အဖေ ဖြေတာ တစ်ခုခု လွဲနေလို့လား”

မေဝမ့်ရှူး လက်ဖက်ရည်ခွက်ကို ကိုင်ရင်း စိတ်ထဲ၌ တွေးလိုက်မိသည်။ မျက်နှာချင်းဆိုင် လိမ်ညာလိုက်တာပဲ...

147 06

“ဧကရာဇ်က ဘယ်လို တုံ့ပြန်လဲ” သူမ ခေါင်းကိုက်စွာ မေးလိုက်သည်။ “မေအိမ်တော်က အကြီးဆုံးသခင်မလေး အကြောင်း ထပ်မေးသေးလား”

မေသခင်ကြီးက ချီးကျူးလေသည်။ “ငါ့သားက ဧကရာဇ်ရဲ့ စိတ်ကို ကောင်းကောင်း နားလည်တာပဲ။ ဧကရာဇ်က မေအိမ်တော် အကြီးဆုံးသခင်မလေးရဲ့ မင်္ဂလာရေးကို ဘယ်လို စီစဉ်ထားလဲ၊ မွေးရပ်မြေမှာပဲ စေ့စပ်ပေးမှာလား ဆိုပြီး ထပ်မေးတယ်”

သူသည် မုတ်ဆိတ်မွှေးကို သပ်ရင်း အသံနှိမ့်ပြီး ပြောဆိုလေသည်။

“အဖေကလည်း အရာရှိဟောင်း တစ်ယောက်ပဲလေ။ အဲဒီအချိန်မှာ တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိလိုက်တယ်။ ဧကရာဇ်က ယွီမိသားစုကို လက်ထပ်ပေးနိုင်တယ် ဆိုရင် ဒီနေ့ စိတ်ပျော်နေတုန်း ငါ့သမီးကိုပါ လက်ထပ်ပေးလိုက်ရင် ဒုက္ခပဲလေ။ ကျေးဇူးတင်ရမလား၊ အမိန့် ဖီဆန်ရမလား။ ပြဿနာ တက်ကုန်မှာ။ ဒါကြောင့် အဖေက သေချာ စဉ်းစားပြီး လျှောက်တင် လိုက်တယ်...”

သမီးဖြစ်သူ၏ တိတ်ဆိတ်စွာ စိုက်ကြည့်နေမှုအောက်တွင် မေသခင်ကြီးသည် လက်ဖက်ရည် တစ်ငုံသောက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

“အဖေ ဧကရာဇ်ကို ပြောလိုက်တယ်။ မေအိမ်တော်မှာ လူနည်းပါတယ်။ ကျွန်တော်မျိုးရဲ့ သမီးလေးကို အိမ်ကနေ မပေးစားချင်ပါဘူး။ လိမ္မာရေးခြားရှိတဲ့ သားမက်တစ်ယောက် ရှာပြီး အိမ်မှာပဲ ပေါင်းသင်းခိုင်းဖို့ အိမ်ခေါ်သားမက်ယူဖို့ စီစဉ်ထားပါတယ်လို့… အားရှူး... ပြောစမ်းပါဦး၊ အဖေ့အဖြေက ကောင်းတယ် မဟုတ်လား”

“......”

မေဝမ့်ရှူး တိတ်ဆိတ်စွာ လက်မြှောက်ပြီး တဒိန်းဒိန်း ကိုက်ခဲနေသော နားထင်ကို နှိပ်နယ်လိုက်သည်။

“အဖေရယ်...”

******

All Chapters