← Chapters

တိုင်ကြားခြင်း

Vol. 178 Ch. 2545

တိုင်ကြားခြင်း

Vol. 178 Ch. 2545

ထိုက်ချူကုန်းမြေ၊ ကုန်းမြေသခင်အိမ်‌တော်

မဟာခန်းမတစ်ခု၏အ‌ရှေ့တွင် ထိုက်ချူကုန်းမြေသခင် ရပ်နေ၏။ သူ့အရှေ့နှင့် သူ့‌အောက်တွင် လူတစ်စုလည်းရပ်နေကြပြီး သူ့ကိုဦးညွှတ်အရိုအသေပေးနေကြ၏။

“ဘာကိစ္စလဲ”

ထိုက်ချူကုန်းမြေသခင်က မေးလိုက်၏။ ထိုက်ချူကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်သည် အင်အားကြီးပြီး ကုန်းမြေသခင်သည်လည်း ထို့အတူပင်ဖြစ်သည်။ သူသည် လွန်စွာစွမ်းအားကြီးသူတစ်ဦးဖြစ်သည်။ ထိုလူများသည် သူ့ကျင့်ကြံနေချိန်တွင် ရောက်လာခြင်းဖြစ်သော်လည်း သူစိတ်မဆိုးခဲ့ပေ။

သူကျင့်ကြံနေချိန်တွင်ပင် လာရှာရလောက်သော ကိစ္စဖြစ်ပါက အရေးကြီးကိစ္စတစ်ခုခု ဖြစ်မည်ဖြစ်ကြောင်း သူသိပေသည်။

“ကုန်းမြေသခင်... ထိုက်ချူတော်ဝင်မြေ ဖျက်ဆီးခံလိုက်ရပြီဆိုပြီး ကျွန်‌တော်တို့ သတင်း ရထားပါတယ်”

အမျိုးသားတစ်ဦးက ဦးညွှတ်၍ ပြောလိုက်၏။ ထိုက်ချူကုန်းမြေသခင်ပင် ရင်ခုန်မြန်သွားပြီး သူ့မျက်လုံးများအတွင်းမှ ကြောက်မက်ဖွယ်နတ်အလင်းတန်းတစ်ခု ထွက်လာ၏။

ထိုက်ချူတော်ဝင်မြေ ဖျက်ဆီးခံလိုက်ရပြီလော။

“ဘာဖြစ်ခဲ့တာလဲ...”

သူသည် ‌ရှေ့သို့တည့်တည်ကြည့်လိုက်၏။ သူ့ထံမှနေ၍ မမြင်နိုင်သောအရှိန်အဝါတစ်ခု ထွက်လာ၏။ သူသည် ထိုက်ချူကုန်းမြေသခင်ဖြစ်၍ ထိုက်ချူတော်ဝင်မြေ၏အင်အားကို အခြားသူများထက် ပို၍ကောင်းစွာသိပေသည်။ ထိုကဲ့သို့သောတော်ဝင်မြေသည် အဘယ်သို့ တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသနည်း။

ခေတ္တမျှ သူသည် ထိုအကြောင်းကို မယုံနိုင်ဖြစ်နေပြီး သွက်သွက်လက်လက် မတုံ့ပြန်နိုင်ခဲ့ပေ။

“ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေကို ဦးဆောင်လာပြီး ထိုက်ချူတော်ဝင်မြေကို လာဖျက်ဆီးတာပါ။ ထိုက်ချူတော်ဝင်မြေက ကပ်ဘေးအဆင့် ထိပ်သီးကျင့်ကြံသူ သုံးယောက်စလုံး အသတ်ခံလိုက်ရပါတယ်။ ထိုက်ချူတော်ဝင်အင်ပါယာလည်း စီဝေ့အင်ပါယာနန်းတော်က မဟာအကြီးအကဲရဲ့ သတ်ဖြတ်တာကိုခံခဲ့ရပါတယ်”

ထိုလူက ပြန်ပြောလိုက်၏။ ထိုစကားကြောင့် ကုန်းမြေသခင်၏နှလုံးသားသည် ပြင်းထန်စွာတုန်လှုပ်သွားသည်။

ရီဖူရှင်း... စီဝေ့အင်ပါယာနန်းတော်...

ရီဖူရှင်း၏အုပ်ချုပ်မှုအောက်တွင်ရှိနေသော စီဝေ့အင်ပါယာနန်းတော်သည် ယခုတွင် ထိုက်ချူတော်ဝင်မြေကိုပင် ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်အင်အားကို ပိုင်ဆိုင်နေပြီလော။

သူသိသလောက်ဆိုလျှင် စီဝေ့အင်ပါယာနန်းတော်၏ မဟာအကြီးအကဲသည် နတ်ဘုရားကဒ်ဘေး ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ သူသည် ထိုက်ချူတော်ဝင်အင်ပါယာကိုပင် သတ်ဖြတ်ခဲ့ခြင်းကိုကြည့်လျှင် သူ အဆင့်တက်သွားခြင်းဖြစ်ရပေမည်။

ပထမဆုံး ရီဖူရှင်းနှင့် အနောက်အင်ပါယာနန်း‌တော်တို့သည် အင်အားပူးပေါင်း၍ ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်ကို တူးဖော်ခဲ့သည်။ ထို့နောက် ရီဖူရှင်းသည် အမွေအနှစ်မှ အညွှန်းများအရ ဆေးလုံးများဖော်စပ်ခဲ့သည်။ ထို့နောက်တွင် စီဝေ့အင်ပါယာနန်း‌တော်၏ မဟာအကြီးအကဲသည် ကျင့်ကြံခြင်းအဆင့်တက်သွားပြီး ရီဖူရှင်းနှင့် အင်ပါယာနန်း‌တော်မှသူများ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးနိုင်ရန်အတွက် လမ်းရှင်းပေးခဲ့သည်။

ရီဖူရှင်းသည် ထူးကဲသောဆေးလုံးများကို ဖော်စပ်နိုင်ခဲ့ပုံပင်။ ထိုဆေးလုံးများသည် နတ်ဘုရားတစ်ဝက်ဆေးလုံးအဆင့် ဖြစ်နိုင်ပေသည်။

“အခု ကောင်းကင်ဒေသမှာ မဟာမိတ်ဖွဲ့ပြီး စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးချင်နေတဲ့ အင်အားစုတွေရှိတယ်။ ကြည့်ရတာတော့ အဲဒီကိစ္စက လွယ်တော့မှာမဟုတ်ဘူး”

ထိုက်ချူကုန်းမြေသခင်သည် ကနဦးအံ့အားသင့်မှု ပြေပျောက်သွားသောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

ယခင်က ရီဖူရှင်းသည် အနောက်ပင်လယ်ကုန်းမြေရှိ ကုန်းမြေသခင်အိမ်တော်ကို တစ်ကိုယ်တော် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ သူသည် အိမ်တော်မှ ကျင့်ကြံသူများကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ကုန်းမြေသခင်ရှီဟိုင်ကို လုံးဝအသာစီးယူခဲ့၏။ ယခုတွင် သူသည် သူ၏ကျင့်ကြံသူများကို ဦးဆောင်၍ ထိုက်ချူကုန်းမြေသို့ရောက်လာကာ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးခဲ့၏။

ရီဖူရှင်းသည် ထိုက်ချူတော်ဝင်မြေကို အသုံးချ၍ ကောင်းကင်ဒေသရှိ လူအားလုံး၏ရင်ထဲသို့ အကြောက်တရားများ ထည့်ပေးလိုခြင်းဖြစ်သည်။

သူသည် ဖျက်ဆီးရန်အတွက် ကုန်းမြေသခင်အိမ်‌တော်ကို မရွေးချယ်ခဲ့ခြင်းမှာ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့်ပတ်သတ်၍ ဆင်ခြင်စရာအနည်းငယ်ရှိ၍ ဖြစ်နိုင်ပေသည်။ ကုန်းမြေသခင်အိမ်တော်သည် အင်ပါယာနန်းတော်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိနေသည်မဟုတ်ပါလား။

မဟုတ်လျှင် တုန်းဟွာကုန်းမြေသခင်အိမ်တော်ကဲ့သို့ အိမ်တော်မျိုးသည် ယနေ့အထိ ဆက်လက်တည်ရှိနေနိုင်မည်နည်း။

“ကောင်းကင်ဒေသကတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားဦးမှာပဲ...”

သူသည် သူ့ဘာသာရေရွတ်လိုက်ပြီး နောက်လှည့်၍ ထွက်သွားလေတော့သည်။ ပထမဆုံး မူလဘုံတွင် ပရမ်းပတာဖြစ်ခဲ့သည်၊ ထို့နောက်တွင် ရီဖူရှင်းသည် ကောင်းကင်ဒေသတွင် ဂြိုလ်မွှေခဲ့၏။ ထိုအခြေအနေသည် ပို၍ပင်ပြင်းထန်လာပြီး အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှမသိပေ။

သို့သော် ခေတ်သစ်တစ်ခေတ်၏ နိဒါန်းသည် စတင်ပျိုးနေခဲ့ပြီးဖြစ်ပုံပေါ်၏။ ထိုကိစ္စတွင် လောကများစွာ ပါဝင်လာနိုင်ပေသည်။

ထိုမတည်ငြိမ်၊ မအေးချမ်းသော အချိန်များတွင် မည်သူများသည် အဓိကဇာတ်ဆောင်များဖြစ်လာမည်နည်း။

ထိုက်ချူကုန်းမြေသခင်အိမ်တော်သည် ထိုက်ချူကုန်းမြေထဲတွင် တည်ရှိသဖြင့် ထိုက်ချူတော်ဝင်မြေ ပျက်စီးသွားပြီဟူသောသတင်းကို ပထမဆုံးရခဲ့ခြင်းဖြစ်သည်။ မကြာမီတွင် ထိုသတင်းသည် ကောင်းကင်ဒေသအတွင်းရှိ ကုန်းမြေအားလုံးသို့ ပျံ့နှံ့သွား၏။ ထိပ်သီးအင်အားစုများသည်လည်း ထိုက်ချူတော်ဝင်မြေပျက်စီးသွားမှုနှင့် ထိုက်ချူတော်ဝင်အင်ပါယာသေဆုံးသွားမှုကို မကြာခင်မှာပင် သိသွားကြ၏။

အားလုံးသည် တဒင်္ဂမျှ မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။

တစ်ချိန်တည်းမှာပင် အင်အားစုများစွာသည် အလွန်အမင်းတုန်လှုပ်သွားကြ၏။ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့လိုနေသော အင်အားစုများသည် အတော်လေးစိုးရိမ်ပူပန်နေကြ၏။ အထူးသဖြင့် ရီဖူရှင်းနှင့် အတိတ်မှရန်ငြိုးများရှိခဲ့သော အင်အားစုများသည် ရီဖူရှင်း၏ နောက်ထပ်ပစ်မှတ်မှာ သူတို့ဖြစ်နေမည်ကို စိုးရိမ်နေကြ၏။

ကောင်းကင်ဒေသထဲတွင် ထိုက်ချူတော်ဝင်မြေထက် ပို၍အင်အားကောင်းသည်ဟု ဆိုနိုင်သော အင်အားစုများစွာမရှိပေ။ အကယ်၍ ရီဖူရှင်းသည် သူလူများကိုခေါ်၍ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးနိုင်ခဲ့လျှင် သူသည် ကောင်းကင်ဒေသအတွင်းရှိ အင်အားစုအများစုကို ဖျက်ဆီးနိုင်ပေလိမ့်မည်။

*****

ရီဖူရှင်းသည် ထိုက်ချူ‌တော်ဝင်မြေကို ဖျက်ဆီးပြီးနောက်တွင် စီဝေ့ကြယ်ကောင်းကင်သို့ ပြန်သွားခဲ့သည်။ ကောင်းကင်ဒေသနှင့် စီဝေ့ကြယ်ကောင်းကင်ကို ဆက်သွယ်ထားသော လမ်းကြောင်းသည် လေးမျက်နှာကျေးရွာတွင်ရှိကြောင်း အားလုံးသိသော်လည်း မည်သူမှ ထိုနေရာသို့သွား၍ မလျော်ကန်သောကိစ္စများကို သွားမလုပ်ဝံ့ပေ။

လေးမျက်နှာတိုက်ကြီးပေါ်ရှိ လေးမျက်နှာကျေးရွာတွင် ဆန်းကြယ်သောသူတစ်ဦးရှိ၏။ ထိုသူသည် ရှေးဟောင်းအင်ပါယာအဆင့်ရှိသူ တစ်ဦးဖြစ်နိုင်ရာ မည်သူသည် သူ့ကိုသွားရန်စဝံ့မည်နည်း။

ရီဖူရှင်းနှင့် အခြားသူများ စီဝေ့ကြယ်ကောင်းကင်သို့ ပြန်ရောက်လာပြီးနောက် သူတို့သည် တိုက်ပွဲရလဒ်ကို အလွန်ကျေနပ်နေကြ၏။ သူတို့ ထိုက်ချူတော်ဝင်မြေတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူသုံးဦးကို သတ်ဖြတ်ပြီးနောက်တွင် ထိုက်ချူတော်ဝင်မြေသည် ဆက်၍မတည်ရှိနိုင်တော့ပေ။ ထိုတိုက်ပွဲသည် အတိုင်းအတာတစ်ခုအထိ အဟန့်အတားအဖြစ် အသုံးဝင်၏။ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်လိုသော အင်အားစုများကို နှစ်ကြိမ်ပြန်စဉ်းစားသွားစေရန် လုံလောက်ပေသည်။

ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် ရီဖူရှင်းသည် ထိုက်ချူတော်ဝင်အင်ပါယာချန်ခဲ့သည့် အမွေအနှစ်များကို ရေတွက်နေပြီး အဖိုးတန်ပစ္စည်းများစွာကို တွေ့ခဲ့ရသည်။ အထူးသဖြင့် သလင်းကျောက်များထဲမှ အရာဝတ္ထုတစ်ခုကိုလည်း တွေ့ခဲ့ရသည်။ သူ၏နတ်အာရုံသည် ၎င်းအတွင်း ဖော်ဝင်သွားသောအခါ သူသည် ဗြောင်းဆန်နေသည့် အာကာသလောကတစ်ခုအတွင်းသို့ ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မမြင်နိုင်သော လေစီးကြောင်းများလည်း တိုက်ခတ်နေသည်။ ထိုနေရာသည် ကောင်းကင်နှင့် မြေကြီးကိုစတင်ဖန်ဆင်းရာ အစနေရာကဲ့သို့ပင်။

ပို၍အံ့အားသင့်စရာကောင်းသည်မှာ ထိုမမြင်နိုင်သော လေစီးကြောင်းထဲတွင် စာလုံးအစုအဖွဲ့တစ်ခုပေါ်ပေါက်လာပြီး သူ့နားအတွင်းသို့ အသံတစ်ခုဝင်လာ၏။

“ကောင်းကင်လမ်းစဉ်ဟာ ပိုနေတဲ့ဆီကယူပြီးတော့ မပြည့်စုံတဲ့ဆီကိုပေးဖို့ပဲ”

အသံကပြောလိုက်၏။ ထိုပေါ်ပေါ်လာသော စာလုံးအစုသည်လည်း ထိုစကားလုံးများကို ရေးသားထားခြင်းဖြစ်သည်။ ၎င်းတို့သည် အသံတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့စိတ်ထဲတွင် လွင့်မျောနေ၏။

“ထိုက်ချူ... အစကနဦး...”

ရီဖူရှင်း ရေရွတ်လိုက်၏။ ၎င်းသည် စစ်မှန်သောထိုက်ချူဝိညာဉ်စွမ်းအားဖြစ်ပြီး အမွေအနှစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကောင်းကင်ဒေသရှိ ဒဏ္ဍာရီများအရ ထိုက်ချူတော်ဝင်အင်ပါယာသည် လွန်ခဲ့သောနှစ်များစွာက ပါရမီကောင်းသော ထူးချွန်သည့်လူတစ်ယောက်မဟုတ်ခဲ့ပေ။ သို့သော် သူသည် ကောင်းကင်ဒေသတွင် ထိပ်သီးတစ်ဦးဖြစ်လာခဲ့ပြီး အဆင့်အတန်းမြင့်မားသူတစ်ဦးဖြစ်လာခဲ့၏။ ထိုဖြစ်စဉ်သည် ဤပစ္စည်းနှင့် သက်ဆိုင်နိုင်ပေသည်။ သူသည် သူ၏သိမြင်နားလည်မှုကို ကိုယ်တိုင်ရခဲ့ခြင်းမဟုတ်ဘဲ ရတနာတစ်ခု၏အကူအညီဖြင့် ရခဲ့ခြင်းဖြစ်နိုင်၏။

ရီဖူရှင်းသည် ထိုလောကထဲတွင် ဆက်လက်ခံစားနေလိုက်ပြီး အချိန်အတော်ကြာသည်အထိ အပြင်သို့ပြန်မထွက်လိုက်ပေ။ သူသည် သူ့ရှေ့တွင် မျောနေသော ခရမ်းရောင်သလင်းကျောက်ကို ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းတစ်ချက် လက်သွား၏။ ထိုပစ္စည်းသည် ဤတစ်ခေါက်ခရီးတွင် ရရှိခဲ့သော အကောင်းဆုံးအကျိုးအမြတ်ဖြစ်ပေသည်။

“ကောင်းကင်လမ်းစဉ်က ပိုနေတဲ့ဆီကယူပြီး မပြည့်စုံတဲ့ဆီကို ပေးဖို့”

ရီဖူရှင်း သူ့ဘာသာ ရေရွတ်လိုက်၏။

ထိုက်ချူ၏အဓိပ္ပာယ်သည် “အစကနဦး” ဖြစ်သည်။ သူသည် ထိုက်ချူတော်ဝင်အင်ပါယာကို သတ်လိုက်ပြီးနောက် ထိုမမျှော်လင့်ထားသောလက်ဆောင်ကိုရမည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုပစ္စည်းသည် အရေးပါသောအကျိုးအမြတ်တစ်ခုဟု ဆိုနိုင်၏။

ကောင်းကင်လမ်းစဉ်သည် မပြီးပြည့်စုံခဲ့ပေ။ အကယ်၍ ကျင့်ကြံသူတစ်ဦးသည် အစကနဦး ထိုက်ချူကို ကျင့်ကြံလျှင် မည်သို့ဖြစ်မည်နည်း။

ရီဖူရှင်းသည် ထိုသို့တွေးမိသောအခါ ချက်ချင်းပင် အရှင်ထိုက်ရွှမ်၊ ကောင်းကင်မြစ်မဟာအကြီးအကဲ၊ အင်ပါယာနန်၊ ရှောင်တင်ထျန်းနှင့် တစ်ချိန်က မူလဘုံတွင် နေခဲ့သော အခြားကျင့်ကြံသူများကို ဆင့်ခေါ်လိုက်၏။ လက်ရှိတွင် ထိုလူများသည် ကောင်းကင်အာဏာစက်နန်းတော်မှ လူများဖြစ်နေပေပြီ။ သူတို့သည် အသန်မာဆုံးသူများမဟုတ်သော်လည်း သူတို့သည် ရီဖူရှင်းနောက်သို့ အစောဆုံးလိုက်ခဲ့သူများဖြစ်သည်။ သူတို့သည် မူလဘုံတွင် ရီဖူရှင်းနှင့်အတူ ယနေ့အထိ ကိစ္စအားလုံးကို ဖြတ်ကျော်ခဲ့သူများဖြစ်သည်။ သူတို့သည် သေရေး၊ ရှင်ရေး တိုက်ပွဲများစွာကို ဖြတ်ကျော်ခဲ့ရသူများဖြစ်၍ စိတ်ဓာတ်ခံစားချက်ပိုင်းတွင် သူတို့သည် လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများထက်ပင် သာ၏။

သို့သော် ရီဖူရှင်းသည် ခံစားချက်များကို ဂရုစိုက်ဘဲ ကျင့်ကြံခြင်းကိုသာ ဂရုစိုက်၏။

ရီဖူရှင်းသည် တစ်ချိန်က ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းတော်သခင်ဖြစ်ခဲ့သော ယခုအုပ်စု၏ခေါင်းဆောင်ဖြစ်သည့် အရှင်ထိုက်ရွှမ်ကို ကြည့်လိုက်၏။ သူသည် အရှင်ထိုက်ရွှမ်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်၏။

“ဒီခရမ်းရောင် သလင်းကျောက်က ထူးကဲပြီး နတ်ပစ္စည်းတစ်ခုပဲ။ ကျွန်တော် ထိုက်ချူတော်ဝင်အင်ပါယာကို သတ်ပြီးတော့ ရလာတာ။ ဒါကိုယူပြီး ဒါနဲ့အတူကျင့်ကြံပါ... ပြီးတော့ ဒီမှာရှိနေတဲ့လူအားလုံးလည်း ဒါနဲ့အတူကျင့်ကြံလို့ရတယ်... ဒါပေမဲ့ ဒါကို အပြင်ကလူတွေကိုတော့ မပေးပါနဲ့”

ထိုကဲ့သို့သောပစ္စည်းမျိုးကို အပြင်လူများကို ပေးလိုက်လျှင် ထိုသူများသည် လိုချင်တပ်မက်စိတ်များ ဖြစ်လာပေလိမ့်မည်။ စီဝေ့အင်ပါယာနန်းတော်ထဲမှာပင် အချို့လူများသည် ထိုပစ္စည်းကို မျက်စိကျလာနိုင်သည်။

“နားလည်ပါပြီ...”

အရှင်ထိုက်ရွှမ်သည် ခေါင်းညိတ်ပြလိုက်ပြီး ရီဖူရှင်းသည်ထိုပစ္စည်းကို မည်မျှအလေးထားကြောင်း ခံစားလိုက်ရသည်။ ရီဖူရှင်းတစ်ယောက် ထိုမျှလေးနက်နေပေရာ ထိုပစ္စည်းသည် အလွန်အဖိုးတန်မည်ဖြစ်ကြောင်း သူသိပေသည်။

“ဒီကျင့်ကြံနည်းကို ဆေးလုံးတွေက အထောက်အကူပေးနိုင်တယ်။ အရှင်တို့ရဲ့ ကျင့်ကြံခြင်းကို ပြန်ပြီးပုံပြောင်းနိုင်ဖို့ အခွင့်အရေးရနိုင်မယ့်ပုံပါပဲ... ဒီတော့ အရင်ဆုံး စမ်းကြည့်ကြပေါ့”

ရီဖူရှင်းပြောလိုက်၏။ အားလုံးသည် ထိုစကားကိုကြားလိုက်သောအခါ အတော်လေးအံ့အားသင့်သွားကြသည်။ ကျင့်ကြံခြင်းကိုပင် ပြန်လည်ပုံပြောင်းနိုင်မည်လော။

ရီဖူရှင်းသည် ပြင်ဆင်မှုများလုပ်ပြီးသွားသောအခါ သူရရှိခဲ့သောရတနာများကို ခွဲဝေပေးရန် အခြားသူများကို ဆင့်ခေါ်လိုက်၏။ ထိုရတနာများသည် တိုက်ပွဲဝင်ပါဝင်ခဲ့သော နန်းတော်သုံး‌ဆောင်မှ ကျင့်ကြံသူများအတွက် ဆုလာဘ်ဖြစ်သည်။ သူသည် သူ့အတွက် တစ်ခုမှချန်မထားခဲ့ပေ။ ထို့အပြင် သူ၏ကိုယ်ရံတော်များဖြစ်သည့် ချန်ယိနှင့် မျက်မမြင်ထျယ်တို့သည်လည်း ရတနာတစ်ခုမှ မရခဲ့ချေ။

သို့သော် ထိုကိုယ်ရံတော်များသည် သူ၏အရင်နှီးဆုံးလူယုံတော်များဖြစ်ပြီး သူ၏မိတ်ဆွေရင်းများဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သူတို့သည် ထိုကဲ့သို့ ဆုလာဘ်များကို အရေးစိုက်မည်မဟုတ်ပေ။

ရီဖူရှင်းသည် ရတနာများကို ခွဲဝေပေးပြီးသွားသောအခါ တင်ပျဉ်ခွေထိုင်လိုက်ပြီး မှန်တစ်ချပ်ကို ထုတ်လိုက်၏။ ထို့နောက် သူသည် မှန်ထဲမှ လှပသောပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်၏။

“ရှင်က တကယ်ပဲ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးပစ်ခဲ့တာလား”

ရှီးချီယောင်၏လှပသောမျက်ဝန်းလေးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူမသည် ထိုသတင်းကိုကြားခဲ့ရစဉ်က လွန်စွာအံ့ဩခဲ့ရသည်။ ရီဖူရှင်းသည် သူ၏လူများကိုဦးဆောင်၍ ထိုက်ချူတော်ဝင်မြေကို အလွန်လျင်မြန်စွာ ဖျက်ဆီးပစ်ခဲ့သည်။ ထိုကိစ္စသည် သူ၏တိုးတက်မှုကို ပြသသည်မဟုတ်ပေလော။ စီဝေ့အင်ပါယာနန်းတော်သည် အလျင်အမြန် တိုးတက်သန်မာလာပြီး ကောင်းကင်ဒေသရှိ အင်အားစုအများစုကိုပင် ယှဉ်နိုင်လာပြီဖြစ်ကြောင်းကိုလည်း ပြသလိုက်ခြင်းပင်။

“နတ်မိမယ်က သိပြီးရင်လည်း ဘာလို့မေးနေသေးတာလဲ”

ရီဖူရှင်း ပြန်မေးလိုက်၏။

ရှီးချီယောင်က ပြုံးလျှက် မှန်ထဲမှတဆင့် ရီဖူရှင်းကို စိုက်ကြည့်လိုက်၏။

“ရှင်က ကောင်းကင်ဒေသကို အံ့အားသင့်စရာအကြီးကြီး ပေးလိုက်တာပဲ။ အခု အဲဒီကိစ္စကြောင့် လူ‌တော်တော်များများ ညဘက် ကောင်းကောင်းအိပ်မပျော်မှာတောင် ကျွန်မစိုးရိမ်မိတယ်။ တုန်းဟွာကုန်းမြေသခင်က အဲဒီသတင်းကို ကြားကြားချင်း တုန်းဟွာကုန်းမြေသခင်အိမ်တော်က ထွက်သွားပြီး ကုန်းမြေသခင်ရှီဟိုင်နဲ့ အခြားသူတွေနဲ့ပူးပေါင်းပြီး ဒွန်ဟောင်အင်ပါယာနန်းတော်ကို သွားကြတယ်လို့ ကျွန်မကြားတယ်”

“အင်ပါယာနန်းတော်ကို သွားတယ်ဟုတ်လား...”

ရီဖူရှင်း အံ့အားသင့်သွားပုံပေါ်၏။

“အင်း...”

ရှီးချီယောင် ခေါင်းညိတ်လိုက်၏။

“ရှင်က ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတစ်စုကို ဖျက်ဆီးပစ်လိုက်တာပဲ။ သူတို့က အင်ပါယာနန်းတော်ကို ရှင့်အကြောင်း သွားတိုင်တာထင်တယ်။ အင်ပါယာနန်းတော်ကသာ အမိန့်ပေးလိုက်ရင် သူတို့က စီဝေ့ကြယ်ကောင်းကင်ကို အလုံးအရင်းနဲ့ တိုက်ခိုက်မှာပဲ။ အင်ပါယာနန်းတော်က သတိပေးချက်တစ်ခုနဲ့တောင် ရှင် ကိုယ့်အပြုအမူကို ကိုယ်ပြန်ဆင်ခြင်သွားရလိမ့်မယ်။ တုန်းဟွာကုန်းမြေသခင်က ထိုက်ချူတော်ဝင်အင်ပါယာလို အဆုံးသတ်သွားချင်မှာ မဟုတ်ဘူးမလား”

ရီဖူရှင်းက လက်မခံနိုင်ပုံပေါ်နေ၏။ သွားရောက်တိုင်ကြားခြင်းသည် အလုပ်ဖြစ်မည်လော။

ကျင့်ကြံခြင်းလောကရှိ ထိပ်သီးများဖြစ်သော ကုန်းမြေသခင်အိမ်တော်များ၏ ကုန်းမြေသခင်များသည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့သွား၍ တိုင်းကြားကြသည်။

သို့သော် ရီဖူရှင်းသည် အချို့လူများနှင့် အချို့အင်အားစုများသည် ထိုက်ချူတော်ဝင်မြေ ဖျက်ဆီးခံလိုက်ရပြီးနောက် သူ့ကိုမည်မျှကြောက်ရွံ့နေကြ၏ကို ထိုအခြင်းအရာမှနေ၍ မြင်နိုင်ပေသည်။ ထိုအင်အားစုများသည် ခြိမ်းခြောက်ခံရသကဲ့သို့ ခံစားနေရခြင်းဖြစ်ပေမည်။ ထို့ကြောင့် သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့သွား၍ သူ့အကြောင်းကို တိုင်ကြားခြင်းဖြစ်သည်။

“ပြီးတော့ အခု ရှင် ဒီပြဿနာကို စလိုက်ပြီဆိုတော့ မဟာမိတ်အဖွဲ့ကို ပေါ်ပေါ်ထင်ထင်ဖွဲ့မှာမဟုတ်‌တော့ဘူး... လျှို့ဝှက်ပြီးပဲ ဖွဲ့စည်းလိမ့်မယ်။ ဒီတော့ အပေါ်ယံမှာ အန္တရာယ်နည်းသွားပြီလို့ ထင်ရပေမယ့် ရှင်မမြင်နိုင်တဲ့နေရာမှာ အန္တရာယ်လှိုင်းတွေထနေမှာပဲ။ အဲဒါက ပိုပြီးတောင် အန္တရာယ်များတယ်။ ရှင် တော်တော်လေး ဂရုစိုက်ဖို့လိုလိမ့်မယ်”

ရှီးချီယောင်က သူ့ကိုသတိပေးလိုက်၏။

ထိုက်ချူတော်ဝင်မြေ အလုံးစုံပျက်သုဉ်းသွားခြင်းသည် အားလုံးအတွက် သတိပေးချက်ဖြစ်သည်။ သူတို့သည် ရီဖူရှင်း၏လက်တုံ့ပြန်မှုကို စိုးရိမ်သဖြင့် မဟာမိတ်အဖွဲ့ကို ပေါ်ပေါ်ထင်ထင်ဖွဲ့နိုင်တော့မည်မဟုတ်ပေ။ သို့သော် အမှောင်ထဲတွင်မူ ကိစ္စများသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာနိုင်ပေသည်။ ထိုလူများကိုသာ အခွင့်အရေးပေးလိုက်လျှင် သူတို့ကို သေချာပေါက် အသက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။

“အထူးသဖြင့် ထျန်းယန်မြို့ကို သတိထားပါ။ ကျွန်မသိသလောက်တော့ တချို့အင်အားစုတွေက ထျန်းယန်မြို့ကို ခေါင်းဆောင်တင်ချင်နေတယ်... စီဝေ့ကြယ်ကောင်းကင်က သန်မာနိုင်ပေမယ့် ထျန်းယန်မြို့ကိုတော့ ယှဉ်နိုင်လောက်မှာ မဟုတ်ဘူး။ ထျန်းယန်မြို့က ထိုက်ချူတော်ဝင်မြေလို အဆုံးသတ်သွားမှာမဟုတ်ဘူး။ ထျန်းယန်မြို့ကသာ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ဖို့ သဘောတူလိုက်ပြီဆိုရင် ကိစ္စတွေက တော်တော်ခက်ခဲသွားလိမ့်မယ်”

ရှီးချီယောင် ပြောလိုက်၏။

“ကောင်းပြီ”

ရီဖူရှင်းသည် မှုံမှိုင်းသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် အင်ပါယာရီချင်၏ ဆက်ခံသူဖြစ်ကြောင်း ပေါ်သွားသည်နှင့် ချက်ချင်းပင် ကောင်းကင်ဒေသ၏ ဘုံရန်သူဖြစ်လာခဲ့သည်။ သူ့ကို တိုက်ခိုက်ကာ ရှင်းပစ်လိုသူ မည်မျှ များပြားနေသည်ကိုပင် မသိနိုင်ပေ။ စီဝေ့ကြယ်ကောင်းကင်တွင်ပင် ထိုအန္တရာယ်သည် အမြဲရှိနေခဲ့ပြီး သူသည် ဖြစ်နိုင်ချေများ၊ အန္တရာယ်များကို လျစ်လျူမရှုဝံ့ပေ။

လက်ရှိတွင် သူအများဆုံးအာရုံစိုက်ရမည့်ကိစ္စမှာ ပိုကြိုးစားကျင့်ကြံ၍ ကပ်ဘေးအဆင့်သို့ မြန်နိုင်သမျှမြန်မြန် တက်လှမ်းရန်ဖြစ်ကြောင်း ရီဖူရှင်းသိပေသည်။ သူသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာရပေမည်။ အကယ်၍ သူသာ ရန်ဆောင်အဆင့်ကိုးကို ကျော်ဖြတ်နိုင်ခဲ့လျှင် သူသည် လောကကို အံ့အားသင့်သွားစေသော နာမည်ကြီးထိပ်သီးများအပါအဝင် ကောင်းကင်ဒေသမှ ကျင့်ကြံသူအများစုကို ယှဉ်နိုင်လိမ့်မည်ဟု သူယုံကြည်မှုရှိသည်။

သို့သော် ထိုကဲ့သို့ ကျင့်ကြံခြင်းပန်းတိုင်များသည် ညတွင်းချင်းရနိုင်သော အရာများမဟုတ်ပေ။ သူအဆင့်ကိုးသို့ ‌ရောက်ရှိခဲ့သည်မှာ မကြာ‌သေးပေ။ သူ့အတွက် အချိန်လိုသေးပေသည်။

All Chapters