ထျန်းယန်မြို့မှ ကြီးကျယ်သောပြိုင်ပွဲအခမ်းအနား
Vol. 178 Ch. 2546
အဘိုးမာသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် ကျင့်ကြံနေသော ရီဖူရှင်းထံသို့ ရောက်လာခဲ့သည်။
“ဦးလေးမာ... ဘာကိစ္စရှိလို့လဲ”
ရီဖူရှင်း မေးလိုက်၏။
“မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံက ကျင့်ကြံသူတွေ စီဝေ့အင်ပါယာနန်းတော်ကိုရောက်လာပြီး နန်းတော်သခင်နဲ့တွေ့ခွင့်တောင်းနေတယ်”
အဘိုးမာက ရီဖူရှင်းကို ပြန်ပြောလိုက်၏။
မူလဘုံတွင် ကောင်းကင်ဒေသမှ အင်အားစုများသာမကဘဲ အဓိကလောကကြီးများမှ ကျင့်ကြံသူများလည်း ရှိနေခဲ့၏။ မကြာသေးခင်က ရီဖူရှင်းတစ်ယောက် ကောင်းကင်ဒေသမှအင်အားစုများနှင့် တိုက်ခိုက်နေခဲ့သည်ကို မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့က ဘေးမှနေ၍ တိတ်တဆိတ်ကြည့်နေခဲ့ခြင်းပင်။
သို့သော် ယခုတွင် သူတို့သည်လည်း ဤနေရာသို့ ရောက်ရှိလာပေပြီ။
ယခုတွင် စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ထားသည်ကို ဖွင့်လိုက်ပြီဖြစ်၍ အခြားသူများ ဤနေရာသို့ရောက်လာခြင်းသည် အံ့အားသင့်ဖွယ်မဟုတ်ပေ။
ထို့အပြင် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် ဤနေရာသို့ တမန်တော်စေလွှတ်ဝံ့လေရာ ရဲတင်းသောအပြုအမူဟု ဆိုရပေမည်။ သူတို့အကြားမှ ရန်ငြိုးများသည် နက်ရှိုင်းပြီး လူတိုင်းသိပေသည်။ စီဝေ့ကြယ်ကောင်းကင်တွင် ရီဖူရှင်းက ထိုလူများကို သတ်ပစ်လိုလျှင် မခက်ခဲပေ။
“မောင်ငယ်လေး...”
ထိုအချိန်တွင် ထိုနေရာသို့ နောက်တစ်ယောက် ရောက်လာသည်။ ထိုသူမှာ ကျူးကော့မင်းယွီဖြစ်သည်။
ကျူးကော့မင်းယွီ၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်ပေ။ သို့သော် ယခုတွင် သူမသည် ကောင်းကင်အာဏာစက်နန်းတော်၏ လက်ထောက်နန်းတော်သခင်ဖြစ်နေပြီး ကိစ္စများစွာကို စီမံခန့်ခွဲနေရ၏။ သူမသည် စီဝေ့အင်ပါယာနန်းတော်၏ ကိစ္စများကိုပင် စီမံပေးနေရသည်။
“နင်က အတိတ်တုန်းက မှော်နက်လောကနဲ့ နက်ရှိုင်းတဲ့ရန်ငြိုးတွေရှိခဲ့တာ ငါသိတယ်။ ပြီးတော့ အဲဒီအတိတ်က ကိစ္စမှာ ပါခဲ့တဲ့သူတိုင်းကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ အခု ငါတို့က အတော်လေး ဘေးကြပ်နံကြပ်အခြေအနေကို ရောက်နေတာပဲ။ နင့်အနေနဲ့ သူတို့ကိုလက်ခံတွေ့တာ ကောင်းမယ်လို့ ငါထင်တယ်”
ကျူးကော့မင်းယွီက ရီဖူရှင်းကို ပြောလိုက်၏။
“သူတို့က ငါတို့ရဲ့ ရန်သူတွေဖြစ်နေရင်တောင် သူတို့ကို အသုံးချလို့ရပါတယ်။ အခု ငါတို့က ကောင်းကင်ဒေသရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာလေ... မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့နဲ့ ဆက်ဆံရတာ စိတ်မသက်မသာဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ဒါပေမဲ့ အဲလိုဆို ဒွန်ဟောင်အင်ပါယာနန်းတော်က နည်းနည်းနောက်တွန့်သွားလိမ့်မယ်”
အဘိုးမာက ခေါင်းညိတ်၍ ပြောလိုက်၏။
“အမှန်ပဲ... ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတွေနဲ့ မှော်နက်လောက၊ နတ္တိအင်ပါယာဘုံတို့က ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ဖို့ ကံပါလာတာပဲ။ စီဝေ့ကြယ်ကောင်းကင်က ထူးခြားတယ်ဆိုတာ ငါတို့က မူလဘုံက အဲဒီအင်အားစုတွေထဲက ဘယ်ဘက်ကိုမှ မပါလို့ပဲ။ လက်ရှိအခြေအနေမှာ ငါတို့ ရန်သူတွေထပ်များလာအောင် လုပ်မိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အင်အားစုတွေကို ဒေါသထွက်အောင်လုပ်မိတာပဲဖြစ်ဖြစ် ငါတို့ ဖျက်ဆီးခံလိုက်ရနိုင်တယ်”
စီဝေ့ကြယ်ကောင်းကင်သည် အင်အားကြီးနိုင်သော်လည်း ထိုနတ်ဘုရားအဆင့် အင်အားစုများသည် သူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။ သူတို့သည် ထိုသို့ဖျက်ဆီးရန် စိတ်ရှုပ်ခံချင်၊ မခံချင်ကိုသာ မေးရမည်ဖြစ်သည်။
“အရင်တုန်းက နင်က ကောင်းကင်ဒေသအတွက် နတ်ဘုရားအဆင့် အင်အားစုနှစ်စုနဲ့ ရင်ဆိုင်ခဲ့ပြီး နင်နဲ့ မှော်နက်လောကအကြားမှာ ရန်ငြိုးတွေပိုများလာစေခဲ့တယ်။ အဲဒါကိုတောင် သူတို့ဘက်က နင်နဲ့ ပူးပေါင်းချင်သေးတယ်ဆိုတာ ရန်သူရဲ့ရန်သူက မိတ်ဆွေမို့လို့ပဲ။ နင်က အင်ပါယာရီချင်ရဲ့ ဆက်ခံသူ၊ အရှင်ဒွန်ဟောင်ရဲ့ မပြေနိုင်တဲ့ ရန်ဘက်ပဲ... အဲဒါကြောင့် သူတို့က အတိတ်က ရန်ငြိုးတွေကို သင်ပုန်းချေပြီး ပူးပေါင်းချင်နေတာပဲ”
ကျူးကော့မင်းယွီက ရီဖူရှင်းကို ဆက်၍ ဖျောင်းဖျလိုက်၏။
“ဒီအခြေအနေအောက်မှာ နင်က ကောင်းကင်ဒေသရဲ့ ဘုံရန်သူဖြစ်နေပြီ။ နင်သာ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံကို ဆက်ပြီးဖဲကြည်နေပြီး သူတို့ကိုရန်သွားလုပ်ဦးမယ်ဆိုရင် ကောင်းကင်ဒေသက အဲ့အင်အားစုတွေကို ထည့်မတွက်နဲ့ဦး အဲ့အင်အားစုနှစ်စုနဲ့တင် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်တယ်...”
“ပြီးတော့ နင်သာ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံကို ပါးပါးနပ်နပ်နဲ့ ဆက်ဆံချင်တယ်ဆိုရင် ငါတို့ သူတို့နဲ့ မဟာမိတ်လည်းမဖွဲ့သလို လက်ခံတွေ့ဖို့လည်း ငြင်းရမှာမဟုတ်ဘူး။ ဒွန်ဟောင်အင်ပါယာနန်းတော်ကို နည်းနည်းတုံ့ဆိုင်းသွားစေရုံလောက်ဆို လုံလောက်ပြီ။ တကယ်လို့ အင်ပါယာနန်းတော်က ငါတို့ကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ကို မှော်နက်လောကနဲ့ ပူးပေါင်းသွားအောင် လုပ်မိသလိုဖြစ်သွားမလား ဒါမှမဟုတ် နတ္တိအင်ပါယာဘုံနဲ့ ပူးပေါင်းသွားအောင် လုပ်မိသလိုဖြစ်သွားမလားဆိုပြီး တွေးနေရတော့မှာ”
ကျုးကော့မင်းယွီသည် ရီဖူရှင်း၏အကြောင်းကို အသိဆုံးသူဖြစ်သည်။ ရီဖူရှင်းသည် လောကထဲတွင် မကောင်းမှုနှင့် မရိုးသားမှုကို အမုန်းဆုံးဖြစ်သည်။ သူ့မျက်လုံးထဲတွင် အမှန်မကန်လုပ်မှုများ၊ မတရားမှုများအတွက် နေရာမရှိပေ။ သို့သော် လက်ရှိတွင် စီဝေ့ကြယ်ကောင်းကင်ရင်ဆိုင်နေရသော အခြေအနေကို သူမ သေချာဆင်ခြင်သုံးသပ်လိုက်သောအခါ အခြေအနေသိပ်မဟန်ကြောင်း သိခဲ့ရသည်။ စီဝေ့ကြယ်ကောင်းကင်သည် တိုးတက်နေသည်ဟုထင်ရသော်လည်း လက်တွေ့တွင်မူ အန္တရာယ်များသည် သူမတို့ကို ဝန်းရံနေပေသည်။ သူမတို့သာ အနည်းငယ်မျှ ခြေလှမ်းမှားကာ သတိလက်လွတ်ဖြစ်သွားလျှင် အရာအားလုံးကို ဆုံးရှုံးသွားနိုင်သည့် အခြေအနေဖြစ်နေပေသည်။
စီဝေ့အင်ပါယာနန်းတော်သည် နတ်ဘုရားအဆင့် အင်အားစုများထဲမှ မည်သည့်အင်အားစုနှင့်မှ မပူးပေါင်းထားသည် မဟုတ်ပါလား။ သို့ဖြစ်ရာ သူမတို့သည် ဘေးကြပ်နံကြပ်အခြေအနေတွင် ကြိုးစားရှင်သန်နေရသလိုပင် ဖြစ်သည်။
ထို့ကြောင့် သူမသည် ရီဖူရှင်းတစ်ယောက် စိတ်လိုက်မာန်ပါ လုပ်လိုက်မည်ကိုစိုး၍ သူ့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြနေရခြင်းပင်။
ရီဖူရှင်းသည် ကျုးကော့မင်းယွီပြောနေသည်ကို နားလည်ပေသည်။ သူ၏ အစ်မနှစ်သည် လက်ရှိအခြေအနေကို ယထာဘူတကျကျ များစွာတွေးတောထားပုံပေါ်၏။ ယခုတွင် သူတို့သည် လမ်းကြောင်းမှန်ပေါ်တွင်ရှိနေပြီး ခြေလှမ်းတိုင်းတွင် ပို၍သန်မာလာသည်ဆိုသော်ငြား ခြေလှမ်းတစ်ချက်မှားသွားသည်နှင့် သူတို့ကိုစောင့်ကြိုနေသော ချောက်နက်ထဲသို့ ကျသွားစေနိုင်လောသည်။
ထိုမဟာအင်ပါယာအဆင့် အင်အားစုများသာ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးလိုပါက အလွယ်တကူဖျက်ဆီးပစ်နိုင်ကြောင်းကို ရီဖူရှင်း နားလည်ပေသည်။
“မောင်ငယ်လေး... နင်လည်း အချိန်လိုတယ်... စီဝေ့ကြယ်ကောင်းကင်လည်း အချိန်လိုတယ်။ ပြီတော့ ယူချင်းလည်း အချိန်လိုအပ်တယ်”
ကျူးတော့မင်းယွီ ပြောလိုက်၏။
“နင်ကိုယ်တိုင် သူတို့နဲ့ သွားမတွေ့ချင်ဘူးဆိုရင်လည်း မဟာအကြီးအကဲနဲ့ တခြားအရှင်တွေကို သူတို့နဲ့သွားတွေ့ဖို့ ငါပြောလိုက်မယ်”
သူတို့အတွက် အချိန်သည် အဖိုးအတန်ဆုံး ငွေကြေးဖြစ်သည်။
သူတို့၏အလားအလာသည် ကောင်းမွန်ပေသည်။ အဝေးရှိ နတ်ဆိုးလောကတွင်လည်း ယူချင်းသည် ပို၍ စွမ်းအားကြီး၊ သန်မာလာစေရန် အပြင်းအထန် ကြိုးစားနေပေသည်။
“ကျွန်တော် သွားမယ်”
ရီဖူရှင်း ပြောလိုက်၏။ စီဝေ့ကြယ်ကောင်းကင်သည် သူနှင့်သာသက်ဆိုင်သည်မဟုတ်ပေ။ သူသည် စီဝေ့ကြယ်ကောင်းကင်၏ အရှင်သခင်တစ်ဦးအနေဖြင့် ကြယ်ကောင်းကင်အတွင်းရှိ လူအားလုံးအတွက် တာဝန်ရှိပေသည်။
“မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့က သံတမန်တွေကို ဧည့်ခံဖို့ စားပွဲသောက်ပွဲတစ်ခုကို ပြင်ဆင်လိုက်ပါ”
ရီဖူရှင်းက ပြောလိုက်၏။ သူသည် သူခံစားနေရသော မနှစ်မျို့မှုကို မျိုသိပ်ထားရန် ကြိုးစားနေရ၏။ ယခင်ကလိုသာဖြစ်ပါက သူသည် မှော်နက်လောကမှ ထိုလူများကို သတ်ပစ်ချင်စိတ်သာရှိနေမည်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် စိတ်လျှော့၍ ထိုလူများနှင့် တွေ့ဆုံဆွေးနွေးလိုနေပြီဖြစ်သည်။
“အရမ်းကောင်းတယ်... ငါ အခုပဲ သွားပြီးစီစဉ်လိုက်မယ်”
ကျူးကော့မင်းယွီu ခပ်ဟဟပြုံးလျှက် ပြောလိုက်ပြီး ထွက်သွား၏။
ရီဖူရှင်းu အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ကြယ်တာရာကောင်းကင်ထဲရှိ ကျင့်ကြံသူများစွာကို ကြည့်လိုက်၏။ ထိုလူများသည် သူ့အတွက် လေးနက်သောတာဝန်များဖြစ်ပေသည်။ ထို့အပြင် သူသည် ထိုလူများအတွက် ပို၍အပြင်းအထန် ကြိုးစားရန် များစွာလိုအပ်ပေသေးသည်။
*****
ဤအကြိမ်တွင် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့မှ လာခဲ့သူအားလုံးသည် အဆင့်အတန်းမြင့်သူများဖြစ်ကြသည်။ စီဝေ့အင်ပါယာနန်းတော်၏ စားပွဲသောက်ပွဲတွင် ရီဖူရှင်းသည် ထိုအဓိကအင်အားစုကြီးနှစ်စုမှ ကျင့်ကြံသူများကို စားကောင်းသောက်ဖွယ်များနှင့် ဧည့်ခံခဲ့သည်။
“ရန်ဟောင်ရီက အနောက်လောက,ကပြန်လာပြီးတော့ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်က ကပ်ဘေးအဆင့်ကျင့်ကြံသူတွေကို သတ်ခဲ့တယ်လို့ ကျုပ်တို့ ကြားတယ်။ စီဝေ့အင်ပါယာနန်းတော်ရဲ့ မဟာအကြီးအကဲကလည်း အဆင့်ထက်တက်သွားတယ်ဆိုလည်း ကြားထားတယ်။ နန်းတော်သခင်ရီကို ဂုဏ်ပြုပါတယ်”
မှော်နက်လောကမှ ကျင့်ကြံသူတစ်ဦးက ပြုံးလျှက် ပြောလိုက်၏။
“ပြောလောက်အောင်မဟုတ်ပါဘူး...”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“တမန်တော်ကြီးတို့ အခုတစ်ခေါက် ဒီကိုလာတာ ဘာအကြောင်းကြောင့်ပါလဲ”
“ကျုပ်တို့က ရန်ဟောင်ရီနဲ့ ပူးပေါင်းချင်လို့ပါ”
မှော်နက်လောကမှ ကျင့်ကြံသူတစ်ဦးက စကားဝေ့မနေတော့ဘဲ ရှင်းရှင်းပင်ပြောလိုက်၏။
“ပူးပေါင်းချင်တယ်ဟုတ်လား.. ဘယ်လိုမျိုးလဲ”
ရီဖူရှင်း မေးလိုက်၏။
“ရန်ဟောင်ရီက ကောင်းကင်ဒေသနဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရှိတဲ့ အင်ပါယာရီချင်ရဲ့ မျိုးဆက်ပဲ... အဲ့လောက်ဆို ကျုပ်တို့ ထပ်ပြောနေစရာလိုမယ်မထင်ပါဘူး။ ပြီးတော့ အခု ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံးက ရန်ဟောင်ရီကို သူတို့အတွက် ဆူးငြောင့်တစ်ခုအနေနဲ့ မြင်ကြတယ်။ တချို့ကလည်း ရန်ဟောင်ရီက ကောင်းကင်ဒေသရဲ့ ဘုံရန်သူလို့ ကြေညာထားကြတယ်။ ကျုပ်တို့ အခုလို ပြောနေချိန်မှာတောင် ကောင်းကင်ဒေသကအင်အားစုတွေက စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပြီး ရန်ဟောင်ရီကိုသတ်ဖို့ ကြံနေလောက်ပြီ။ ရန်ဟောင်ရီလည်း အဲဒါတွေအကုန်လုံးကို သိပြီးပြီလို့ ကျုပ် ယုံကြည်ပါတယ်”
ထိုလူက ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောလိုက်၏။
ပို၍အရေးကြီးသည် သူသည် ရီဖူရှင်းက အင်ပါယာရီချင်၏ ဆက်ခံသူဖြစ်သည်ဟု မပြောဘဲ မျိုးဆက်ဖြစ်သည်ဟု ပြောခဲ့ခြင်းပင်။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“ဒီလိုနောက်ကြောင်းမျိုးနဲ့ဆိုတော့ ကောင်းကင်ဒေသက အင်အားစုတွေက ရန်ဟောင်ရီကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး။ ပြီးတော့ အရှင်ဒွန်ဟောင်လည်းရှိသေးတယ်... သူက ရန်ဟောင်ရီကို ကိုယ်တိုင်မတိုက်ဘူးလို့ သဘောတူထားပေမယ့် အဲဒါက အင်ပါယာနန်းတော်က တခြားကျင့်ကြံသူတွေကလည်း ဒီလိုလုပ်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ စီဝေ့အင်ပါယာနန်းတော်က မဟာမိတ်မရှိတဲ့ သီးခြားနေရာတစ်ခုပဲ... အနှေးနဲ့အမြန်ဆိုသလို စီဝေ့အင်ပါယာနန်းတော်က ပျက်စီးသွားမှာပဲ”
ယခုတွင် ထိုလူသည် အနည်းငယ်မျှပင် ဟန်ဆောင်ပန်ဆောင်မလုပ်တော့ဘဲ ပို၍ခြိမ်းခြောက်သံပါသည့် လေသံဖြင့် ပြောလိုက်၏။
“အဲဒီတော့ဘာဖြစ်လဲ...”
ရီဖူရှင်းက ပြုံးလျှက်မေးလိုက်၏။
“အဲ့ဒီတော့ ရန်ဟောင်ရီက ကျုပ်တို့နဲ့ အင်အားပူးပေါင်း မဟာမိတ်ဖွဲ့ပြီးတော့ မူလဘုံက ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို တွန်းလှန်တိုက်ထုတ်၊ သတ်ဖြတ်ပစ်ပြီး မူလဘုံကို ခွဲဝေယူဖို့များ စိတ်ဝင်စားမလားဆိုတာ သိချင်တာပါ...”
နတ္တိအင်ပါယာဘုံမှ ကျင့်ကြံသူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ့လေသံထဲတွင် သိသာသော ခက်ထန်မှုများနှင့် ရည်မှန်းချက်များရှိနေ၏။ သူတို့သည် မူလဘုံတွင် အရာအားလုံးပျက်သုဉ်းသွားစေနိုင်သည့် စစ်ပွဲတစ်ပွဲကို စတင်ကာ ကောင်းကင်ဒေသကို တိုက်ထုတ်၍ မူလဘုံ၏ အုပ်စိုးသူအသစ်များ ဖြစ်လာလိုနေခြင်းပင်။
“စီဝေ့အင်ပါယာနန်းတော်က နယ်မြေအကျယ်အဝန်းအရရော၊ ဩဇာလွှမ်းမိုးမှုအရရော မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့လောက် အင်အားမကြီးပါဘူး။ ဒီကိစ္စက ပေါ့ပေါ့တန်တန် မဆုံးဖြတ်သင့်တဲ့ တကယ့်ကိစ္စကြီးပဲ”
ရီဖူရှင်းက တည်ငြိမ်စွာပြန်ပြောလိုက်၏။ သို့သော် ရင်ထဲတွင်မူ သူသည် ထိုအကြံပြုချက်ကို အေးစက်စက်ရယ်၍ လှောင်လိုက်၏။
အကယ်၍ ကောင်းကင်ဒေသသာ တိုက်ထုတ်၊ ဖျက်ဆီးခြင်းကိုခံလိုက်ရလျှင် နောက်ထပ်ပစ်မှတ်သည် စီဝေ့ကြယ်ကောင်းကင်ဖြစ်လာမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် စီဝေ့ကြယ်ကောင်းကင်က လက်အောက်ခံ၊ မခံမည်ကို သူ့အား မေးပေလိမ့်မည်။
သူသာ ငြင်းဆိုခဲ့လျှင် စီဝေ့ကြယ်ကောင်းကင်သည် ချက်ချင်း ဖျက်ဆီးခဲ့လိုက်ရမည်ဖြစ်သည်။
“အခု ကောင်းကင်ဒေသက စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ဖို့ ဆွေးနွေးနေကြပြီ။ အဲဒါကို ရန်ဟောင်ရီ သိပါရဲ့လား”
ထိုလူက ဆက်၍ ဖိအားပေးလိုက်၏။
“ကျုပ် အဲ့လိုကိစ္စတစ်ခုကို ကြားထားပါတယ်... ဒါပေမဲ့ စီဝေ့ကြယ်ကောင်းကင်က ကောင်းကင်ဒေသက အင်အားစုတချို့နဲ့ ယှဉ်နိုင်ပါသေးတယ်။ တကယ်လို့ သူတို့သာ စီဝေ့ကြယ်ကောင်းကင်ကို အမှန်တကယ် ဖျက်ဆီးချင်နေတယ်ဆိုရင်လည်း သူတို့ကို ပြန်ပေးဆပ်ခိုင်းရမှာပေါ့”
ရီဖူရှင်း၏အသံက အေးစက်နေသည်။ သူသည် တမင်ထိုသို့ပြောလိုက်ခြင်းပင်။ ထိုအင်အားစုနှစ်စုသည် အနည်းဆုံး ထိုကဲ့သို့ တိုက်ပွဲဖြစ်လာသည်ကို ဘေးမှထိုင်ကြည့်လိုနေသေးကြောင်း သူသိပေသည်။
“ကောင်းပါပြီ... ရန်ဟောင်ရီက အတော်လေး ယုံကြည်မှုရှိနေမှတော့ ကျုပ်တို့ ဆက်မပြောတော့ပါဘူး။ နောက်ကျ ရန်ဟောင်ရီ အကူအညီလိုလာခဲ့ရင် ကျုပ်တို့ကို အသိပေးနိုင်ပါတယ်... ကျုပ်တို့ ဒီကို စစ်ကူအနေနဲ့ လာခဲ့ပါမယ်”
ထိုလူက ပြုံးလျှက် ပြောလိုက်၏။
“အတိတ်က ရန်ငြိုးတွေအတွက်ကတော့...”
“အဲဒါတွေကို ထည့်ပြောနေစရာမလိုပါဘူး...”
ရီဖူရှင်း ကြားဖြတ်ပြောလိုက်၏။
“ဒီလိုက အကောင်းဆုံးပါပဲ”
ထိုလူက ပြုံးလျှက် ခေါင်းညိတ်လိုက်၏။
နှစ်ဖက်စလုံးသည် သူတို့၏အတိတ်က ရန်ငြိုးများကို မေ့သွားသကဲ့သို့ပင်။ သူတို့ရင်ထဲတွင် အမှန်တကယ် တွေးနေသည်များကိုမူ မှန်းကြည့်ရုံသာတတ်နိုင်ပေသည်။
ထိုစားပွဲသောက်ပွဲတွင် နှစ်ဖက်စလုံးသည် ဟန်ဆောင်ပန်ဆောင်နှင့် ပါးပါးနပ်နပ် ဆက်ဆံခဲ့ကြသည်။ သို့သော် အဖွဲ့တိုင်းသည် ကိုယ့်အကြံအစည်ကို လျှို့ဝှက်ကြံစည်ပြုလုပ်ခဲ့ကြပေသည်။ ရီဖူရှင်းသည် ထိုအဓိကအင်အားစုနှစ်စု ပြန်သွားသောအခါ ကိုယ်တိုင်လိုက်ပို့ခဲ့ပြီး ၎င်းအင်အားစုနှစ်စုမှ ကျင့်ကြံသူများကို လက်ပြနှုတ်ဆက်ခဲ့သည်။ သူတို့သည် နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်ခဲ့သူများဟုပင် ထင်ရ၏။ သူတို့၏ရင်ထဲတွင် မည်သည့်အကြောင်းကို တွေးနေသည်ကိုမူ သူတို့သာသိပေလိမ့်မည်။
စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်တွင် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့မှ ကျင့်ကြံသူများသည် အေးစက်စက်မျက်နှာထားများဖြင့် လေထုကိုဖြတ်၍ ပျံသန်းကာ ပြောဆိုနေကြ၏။
“ရီဖူရှင်းက အတိတ်က ရန်ငြိုးတွေကို လက်လွှတ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒီနှစ်တွေအတွင်းမှာ သူအတော်လေး ပြောင်းလဲသွားတဲ့ပုံပဲ”
“အားလုံးက ကြီးပြင်းရင့်ကျက်လာရတာပဲလေ... ရီဖူရှင်းလည်း အတူတူပဲပေါ့။ ဒီတစ်ခေါက် သူက ငါတို့အလည်လာတာကို ကောင်းကောင်းဧည့်ခံခဲ့တာက ကောင်းကင်ဒေသနဲ့ ဒွန်ဟောင်အင်ပါယာနန်းတော်တို့ကို ပြဖို့ပဲ။ ဒီလိုဆို ဒွန်ဟောင်အင်ပါယာနန်းတော်က ဆက်ပြီး ဝင်မပါတော့ဘဲ သူ့ကို ကောင်းကင်ဒေသက တခြားအင်အားစုတွေနဲ့ပဲ တိုက်ခိုက်ခိုင်းပြီး နောက်ဆုံးမှာ ဘယ်သူက အနိုင်ရမလဲဆိုတာကို စောင့်ကြည့်နေမှာပေါ့။ အနိုင်ရတဲ့သူထွက်လာရင် ငါတို့လည်း ဝှက်ထားတဲ့လက်သည်းကိုထုတ်ပြရမှာပေါ့ ”
မှော်နက်လောကမှ ကျင့်ကြံသူတစ်ဦးသည် အေးစက်စွာပြောလိုက်၏။
အကယ်၍ ရီဖူရှင်းသာ အမှန်တကယ် အညံ့ခံလိုခဲ့ပါက သူတို့သည် ရီဖူရှင်းကို အသက်ရှင်ခွင့်ပေးမည်ဖြစ်သည်။ သို့သော် ရီဖူရှင်းသည် ဝင့်ဝါသောစိတ်ဓာတ်ဖြင့် မွေးဖွားလာသူဖြစ်ကြောင်း သူတို့သိပေသည်။ သူ ဟန်ဆောင်ရန် ကြိုးစားခဲ့စဉ်ကပင် ယုံချင်စရာမကောင်းပေ။ ထို့ကြောင့် သူသည် အဘယ်သို့ အညံ့ခံရန် စိတ်ကူးရှိမည်နည်း။
သူသည် အနှေးနှင့်အမြန် သူတို့လက်အောက်သို့ ရောက်လာရမည်ဖြစ်သည်။
ရီဖူရှင်းနှင့် အခြားသူများ စီဝေ့အင်ပါယာနန်းတော်သို့ ပြန်သွားသောအခါတွင် ကျူးကော့မင်းယွီက မေးလိုက်၏။
“ဘယ်လိုသဘောရလဲ...”
“သူတို့အကုန်လုံးက လူလိမ်တွေချည်းပဲ...”
ရီဖူရှင်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“သူတို့ပါးစပ်ကထွက်လာတဲ့ စကားတစ်ခွန်းမှ အမှန်မပါဘူး...”
“အဲဒါက တစ်ယောက်ကိုတစ်ယောက် အသုံးချဖို့ သရုပ်ဆောင်တာပဲလေ...”
ကျုးကော့မင်းယွီက ပြောလိုက်၏။
“ငါတို့က အခု ဘေးကြပ်နံကြပ်အခြေအနေမှာ ကြိုးစားရှင်သန်နေတာက ဆိုးတာပဲ... နင် အဲဒါတွေအကုန်လုံးကို သည်းခံထားမှရမယ်”
“အစ်မနှစ် ဘာတွေပြောနေတာလဲ... အဲဒါက ကျွန်တော် လုပ်သင့်တဲ့ကိစ္စပါ။ ပြီးတော့ ဘာမှလည်း ပြောပလောက်တာမဟုတ်ပါဘူး”
ရီဖူရှင်းက ဆက်ပြောလိုက်၏။
“သူတို့အကုန်လုံးက စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ချင်နေကြတာပဲ။ ဒါပေမဲ့ အခုက အချိန်ကောင်းလို့ သူတို့မထင်သေးဘူး။ ကျွန်တော်လည်း ဒီလိုပဲထင်တယ်... ကျွန်တော်တို့ရဲ့အင်အားက သူတို့နဲ့ မယှဉ်နိုင်သေးဘူး...”
“ကျေးဇူးပဲ...”
ကျူးကော့မင်းယွီက ရီဖူရှင်း၏ခံ့ညားသောမျက်နှားကိုကြည့်၍ ပြုံးလျှက်ပြောလိုက်၏။ သူမ၏လှပသောမျက်လုံးများထဲတွင် နူးညံ့မှုတစ်ခုရှိ၏။ သူသည် ရီဖူရှင်းကို အမြဲ သူမ၏မောင်အရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။ ရီဖူရှင်း စံအိမ်သို့ ပထမဆုံးဝင်လာချိန်တွင် သူသည် ဆယ့်ရှစ်နှစ်သာရှိသေးပြီး သူမ၏မောင်လေးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
သို့သော် ယခုတွင် သူ့ပခုံးပေါ်၌ တာဝန်ဝတ္တရားများစွာရှိလာပြီဖြစ်သည်။
****
ကောင်းကင်ပြက္ခဒိန်၏ (၁၀,၁၀၀)ပြည့်နှစ်တွင် ထျန်းယန်မြို့သည် ကောင်းကင်ဒေသ၏ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပွဲအခမ်းအနားကို ကြည့်ရန် ကောင်းကင်ဒေသမှ အင်အားစုအားလုံးကို ဖိတ်ခေါ်ခဲ့သည်။ ထိုချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် နှစ်တစ်ရာလျှင် တစ်ကြိမ်ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး ထျန်းယန်မြို့၏ ခမ်းနားကြီးကျယ်သောပွဲအခမ်းအနားဖြစ်သည်။ ထိုပြိုင်ပွဲသည် လွန်စွာအရေးပါသော ပြိုင်ပွဲတစ်ပွဲဖြစ်သည်။
ထျန်းယန်မြို့သည် အင်အားစုအသီးသီးမှ ကျင့်ကြံသူများကို ပွဲတက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ကောင်းကင်ဒေသမှ ဖိတ်ကြားခံရသော အင်အားစုများသည် ထျန်းယန်မြို့တွင် စုဝေးကြသည်။ ထိပ်သီးအဆင့် အင်အားစုများစွာသည် ထျန်းယန်မြို့၏ ဖိတ်ကြားမှုကို တုံ့ပြန်ကာ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ကြည့်ရန် ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြသည်။
သူတို့ကြားတွင် အဓိကကုန်းမြေသခင်အိမ်တော်များစွာလည်း ပါပေသည်။
ယခင်က ထိုကုန်းမြေသခင်အိမ်တော်များသည် တစ်ခါမှ ပွဲမတက်ရောက်ခဲ့ပေ။ သို့သော် ဤအကြိမ်တွင် သူတို့သည် ပွဲတက်ရောက်ရန် ထျန်းယန်မြို့သို့ လာခဲ့၏။
ထိုသို့ ပွဲတက်ရခြင်း၏ နောက်ကွယ်မှအကြောင်းသည် စိတ်ဝင်စားဖွယ်ကောင်းပေသည်။ သူတို့သည် အမှန်ပင် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို တက်ရောက်လိုခြင်းပေလော သို့မဟုတ် သူတို့အားလုံး ထျန်းယန်မြို့တွင် အတူတကွတွေ့ဆုံနိုင်ရန် အကြောင်းရှာခြင်းပေလော။