← Chapters

ထျန်းယန်မြို့

Vol. 178 Ch. 2547

ထျန်းယန်မြို့

Vol. 178 Ch. 2547

ထျန်းယန်မြို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွက် ပြင်ဆင်နေသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ထျန်းယန်မြို့သို့သွားကြသည်ဟူသော သတင်းကို ရီဖူရှင်းသည် ရှီးချီယောင်ထံမှ ရရှိခဲ့သည်။

ရှီးချီယောင်က ရီဖူရှင်းကို မှန်မှတဆင့်ပြောလိုက်၏။

“ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲက ထျန်းယန်မြို့ရဲ့ ယခင်ကတည်းကဓလေ့ပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်ပွဲက နည်းနည်းကွဲပြားတယ်။ ကုန်းမြေသခင်အိမ်တော်အနည်းငယ်လည်း ဒီပွဲကို တက်လိမ့်မယ်။ အပေါ်ယံကတော့ သူတို့က ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို သွားတက်တာပေါ့လေ... ဒါပေမဲ့ နောက်ကွယ်မှာတော့ စီဝေ့ကြယ်ကောင်းကင်ကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာကို ဆွေးနွေးဖို့ သူတို့တွေ လျှို့ဝှက်တွေ့ဆုံမှာပဲ။ ဒီပွဲက ထျန်းယန်မြို့ကို အင်အားစုတွေအတွက် မဟာအင်ပါယာလက်နက်တွေ ထုတ်သုံးဖို့ ဖျောင်းဖျနိုင်မယ့် အခွင့်အရေးကောင်းပဲ”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သူသည်လည်း ထိုအကြောင်းကို သိပေသည်။

သို့သော် အင်အားစုများသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို သွားတက်ကြခြင်းဖြစ်သည်။ ထိုပွဲသည် ထျန်းယန်မြို့၏ ဓလေ့ဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်အပေါ် မကောင်းသောအကြံမရှိသည့် အင်အားစုများသည်လည်း ထိုပွဲသို့တက်ရောက်ရန် ကျင့်ကြံသူများစေလွှတ်လိုက်မည်ဖြစ်သည်။ သူ့အနေဖြင့် ထိုပွဲတွင်ပါသူတိုင်းကို မဆင်မခြင်တိုက်ခိုက်၍မရပေ။

“မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံက ကျင့်ကြံသူတွေ စီဝေ့ကြယ်ကောင်းကင်ကို အလည်ရောက်လာခဲ့ပြီးပြီလို့ ကျွန်မကြားတယ်... အဲဒါဟုတ်လား”

ရှီးချီယောင် မေးလိုက်၏။

“နတ်မိမယ်ချီယောင်က တကယ့်ကို သတင်းစုံတာပါပဲ”

ရီဖူရှင်း ပြောလိုက်၏။

ရှီးချီယောင်ပြုံးလျှက် ပြန်ပြောလိုက်၏။

“ကျွန်မက သတင်းစုံတာမဟုတ်ပါဘူး... အဲဒီအဓိကအင်အားစုကြီးနှစ်စုက အဲ့ကိစ္စကို လျှို့ဝှက်မထားချင်တာပါ။ ဒွန်ဟောင်နန်းတော်အပါအဝင် ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံး အဲဒီကိစ္စကို သိပြီးကြပါပြီ။ သူတို့ အဲဒီသတင်းကို တမင်ဖြန့်တာဖြစ်မှာပဲ။ သူတို့ ဘာလို့ဒီလုပ်တယ်ဆိုတာကို ရှင်လည်းသ‌ဘောပေါက်မယ်ဆိုတာ ကျွန်မသေချာသိပါတယ်။ ရှင် အဲဒီ အဓိကအင်အားစုကြီးနှစ်စုကို သတိထားဆက်ဆံမှရမယ်”

“နားလည်ပြီ”

ရီဖူရှင်း ခေါင်းညိတ်၍ ပြောလိုက်၏။ သူသည် ထိုအကြောင်းကို သိပေသည်။ ထိုအဓိကအင်အားစုကြီးနှစ်စုသည် သူ့ကို ဒွန်ဟောင်အင်ပါယာနန်းတော်အပါအဝင် ကောင်းကင်ဒေသမှ အင်အားစုများနှင့် မည်သို့မှ ငြိမ်းချမ်းရေးမယူနိုင်တော့သည့် အခြေအနေအထိရောက်အေင် ဖိအားပေးလိုနေခြင်းပင်။ ထိုမှ သူသည် သူတို့အင်အားစုများနှင့် ပူးပေါင်းခြင်း သို့မဟုတ် မှီခိုခြင်းကို လုပ်လာရကာ သူတို့၏ထိန်းချုပ်မှုအောက်သို့ရောက်လာမည်ဖြစ်သည်။

ယခင်တစ်ခေါက် သူတို့ သူ့ထံလာလည်ခဲ့ခြင်းသည် ကိုယ်စီမကောင်းသောအကြံများနှင့် လာခဲ့ကြခြင်းဖြစ်သည်။

“ထျန်းယန်မြို့က ကိစ္စကို ရှင်ဘယ်လို ကိုင်တွယ်ဖို့ ကြံစည်ထားလဲ”

ရှီးချီယောင် မေးလိုက်၏။

“တကယ်လို့ ထျန်းယန်မြို့က အင်အားစုတွေက မဟာအင်ပါယာလက်နက်တွေကို အသုံးပြုဖို့ သဘောတူလိုက်ရင် စီဝေ့ကြယ်ကောင်းကင်အတွက် အတော်လေးအခက်တွေ့သွားစေမှာပဲ”

“အဲဒါက ကျုပ် ထိန်းချုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး”

ရီဖူရှင်း ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်ရဲ့အစွမ်းကိုတော့ သူတို့ ရှင်းရှင်းလင်းလင်းသိသွားအောင် ပြရမှာပဲ။ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးပြတာက ကောင်းကင်ဒေသက လူတိုင်း ကျုပ်ကို ပစ်မှတ်ထားတာကို ဟန့်တားဖို့ မလုံလောက်တဲ့ပုံပဲ။ ဒီလိုဆိုရင် ကျုပ် မီးစဉ်ကြည့်ကရမှာပဲ။ လိုအပ်လာရင် တိုက်ခိုက်သင့် တိုက်ခိုက်ရမှာပေါ့”

ရှီးချီယောင် ပြောလိုက်၏။

“အင်း... အနောက်အင်ပါယာနန်းတော်လည်း ထျန်းယန်မြို့ကို သွားလိမ့်မယ်။ သတင်းထူးတစ်ခုခုရတာနဲ့ ကျွန်မ ရှင့်ကို ချက်ချင်းအကြောင်းကြားပါမယ်”

“ကောင်းပါပြီ”

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြောလိုက်၏။

“ကျုပ်လည်း အဲ့ကို သွားဖြစ်လောက်တယ်”

“ရှင်က ထျန်းယန်မြို့ကို သွားမလို့လား”

ရှီးချီယောင်က စိုးရိမ်သောမျက်နှာထားဖြင့် ပြောလိုက်၏။

“ရှင်က ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်တယ်ဆိုပေမယ့် အခုက ထျန်းယန်မြို့မှာ ကျင့်ကြံသူတွေနဲ့ ပြည့်နေမှာဆို‌တော့ အတော်လေးစွန့်စားရကြတယ်နော်။ အဲဒါက အန္တရာယ်များလိမ့်မယ်... မြို့ထဲမှာ မဟာအင်ပါယာလက်နက်တွေရှိနေတာ့ ပိုတောင်အန္တရာယ်များတယ်”

အကယ်၍ ရီဖူရှင်းသာ အခြားသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလျှင် ယခုအထိ သူတို့၏အောင်မြင်ခဲ့မှုများသည် သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။

“ကျုပ်ရောက်သွားတာက ထျန်းယန်မြို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်မှာမဟုတ်ပါဘူး။ သူတို့က ကျုပ်လိုပမွှားလေးအတွက် မဟာအင်ပါယာလက်နက်တွေကို မသုံးလောက်ပါဘူး”

ရီဖူရှင်းက ပြောလိုက်၏။

“ကျုပ် သွားရင်လည်း သတိကြီးကြီးထားပြီး လှုပ်ရှားမှာပါ”

“ကောင်းပါပြီ...”

ရှီးချီယောင် ခေါင်းညိတ်၍ ပြောလိုက်၏။

“ရှင်တစ်ခုခုလိုတာရှိရင် ကျွန်မကို လှမ်းပြောပါ”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် စကားလက်စသတ်လိုက်လေတော့သည်။

ကြယ်တာရာကောင်းကင်အောက်တွင် ရီဖူရှင်းသည် အေးစက်စက်မျက်ဝန်းများဖြင့် တွေးတောနေ၏။ စီဝေ့ကြယ်ကောင်းကင်သည် အမှီအခိုကင်းသောနယ်မြေတစ်ခုဖြစ်ပြီး လောကအတွင်းရှိ အဓိကအင်အားစုကြီးများအကြားတွင် အင်အားအနည်းဆုံးလည်းဖြစ်ပေသည်။

သူသာ စီဝေ့ကြယ်ကောင်းကင်ကို ကောင်းကင်ဒေသရှိ အင်အားစုများနှင့်သာ နှိုင်းယှဉ်ပါက သူ့အတွက် ဘာကိုမှကြောက်စရာမရှိပေ။ သို့သော် ဒွန်ဟောင်အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသကို ထောက်ကန်ပေးထားသည်။ မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည်လည်း အဓိကလောကကြီးများဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်သည်သာ နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရကာ အပြင်လောကနှင့်အဆက်အသွယ်ပြတ်နေသော လောကအသေးလေးတစ်ခုဖြစ်ပေသည်။

အကယ်၍ မဟာအင်ပါယာစီဝေ့သာ အသက်ရှိသေးပါက စီဝေ့ကြယ်ကောင်းကင်သည်လည်း အခြားလောကများနှင့် ရင်ဘောင်တန်းနိုင်ပေလိမ့်မည်။ သို့သော် ကံဆိုးစွာပင် မဟာအင်ပါယာစီဝေ့သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် လေးမျက်နှာကျေးရွာမှ ဆရာသခင်သည်လည်း အရှင်ဒွန်ဟောင်နှင့် နားလည်မှုယူထားရ၏။

ယခုတွင် စီဝေ့ကြယ်ကောင်းကင်သည် ဆက်လက်ကြီးထွားနိုင်ရန် သူ့အပေါ်တွင်သာ မှီခိုရတော့မည်ဖြစ်သည်။

******

ကောင်းကင်ဒေသ၊ ထျန်းယန်မြို့...

ထျန်းယန်မြို့သည် ထျန်းယန်ကုန်းမြေတွင် အကြီးမားဆုံးမြို့ဖြစ်သည်။ ထိုအကြောင်းကို အငြင်းပွားဖွယ်မရှိပေ။

ထျန်းယန်ကုန်းမြေသည် ချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ ကုန်းမြေတစ်ခုဖြစ်သည်။ အရှင်ထျန်းယန် သက်ရှိထင်ရှားရှိခဲ့စဉ်က ထျန်းယန်မြို့သည် ဂုဏ်ရှိန်ပြောင်ခဲ့သည်။ ထိုအချိန်မှနေ၍ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း ထျန်းယန်မြို့သည် ကောင်းကင်ဒေသတွင် နံပါတ်တစ် ချပ်ဝတ်လက်နက်တော်ဝင်မြေဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိသေးပေ။ ထိုမြို့သည် ကျင့်ကြံသူများစွာ စုဝေးသောမြို့တစ်မြို့ဖြစ်ပြီး ထိပ်သီးအဆင့် ကျင့်ကြံသူများပင် ပါ၏။

သာမန်နေ့များမှာပင် ထို့မြို့၌ ကျင့်ကြံသူများစွာ စုဝေးခဲ့ကြသည်ဖြစ်ရာ နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသည့် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲနေ့တွင်မူ ဆိုဖွယ်ရာမရှိပေ။

ကောင်းကင်ပြက္ခဒိန်၏ ယခုတစ်နှစ်လုံးသည် ကောင်းကင်ဒေသအတွက် ထူးခြားပေသည်။ ကောင်းကင်ပြက္ခဒိန်၏ (၁၀,၁၀၀)ပြည့်နှစ်သည် ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပွဲတော် ကျင်းပသည့်နှစ်နှင့် တိုက်ဆိုင်နေ၏။ ထို့ကြောင့် ထိုနှစ်သည် တစ်လောကလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရပေသည်။ ကောင်းကင်ဒေသတစ်ခွင်လုံးသည် ထျန်းယန်မြို့ကို အာရုံစိုက်နေကြပေသည်။

ထျန်းယန်မြို့အတွင်းရှိ သေရည်ဆိုင်များစွာသည်လည်း လူပြည့်နေကြပြီဖြစ်သည်။ လမ်းမကြီးများတွင်လည်း လူများ ကြက်ပျံမကျစည်ကားနေသည်။ နတ်လက်နက်များနှင့် ဝိညာဉ်လက်နက်များကို ရောင်းဝယ်လဲလှယ်သော နေရာများတွင်လည်း ပို၍ပင်လူစည်ကားနေသည်။ ထိုလူအုပ်ထဲသို့ ကျောက်ခဲတစ်ခဲပစ်လိုက်လျှင် အဆင့်မြင့်ရန်ဟောင်ကျင့်ကြံသူတစ်ဦးကိုပင် အလွယ်တကူသွားရောက်ထိမှန်နိုင်သည်ဟု အချို့လူများကာ စနောက်ပြောဆိုကြသည်။

ကောင်းကင်ဒေသတွင် တိုက်ကြီးများစွာရှိပြီး ကျင့်ကြံသူများလည်း များစွာရှိပေသည်။ အထွတ်အထိပ်အဆင့် အင်အားစုကြီးများအပြင် ၎င်းတို့အောက်တွင် ထိပ်တန်းအဆင့် အင်အားစုများစွာ ရှိပေသေးသည်။ ဤအကြိမ်တွင် ထိုအင်အားစုများစွာသည် ထျန်းယန်မြို့သို့ လာခဲ့၏။

နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသော ချပ်ဝတ်လက်နက်ပွဲတော်တွင် ထျန်းယန်မြို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကိုသာ ကျင်းပသည်မဟုတ်ပေ။ သူတို့သည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များစွာနှင့် နတ်ဘုရားတစ်ဝက်လက်နက်အနည်းငယ်ကို ထုတ်၍ လဲလှယ်မှုများလည်း ပြုလုပ်မည်ဖြစ်သည်။ ထို့ကြောင့် ချပ်ဝတ်လက်နက်ပွဲတော်အချိန် ရောက်လာတိုင်း ကောင်းကင်ဒေသသည် လှုပ်လှုပ်ရှားရှားဖြစ်သွားတတ်ပေသည်။ အနယ်နယ်၊ အရပ်ရပ်မှ ကျင့်ကြံသူများသည် ထျန်းယန်မြို့သို့လာရောက်စုဝေးကြပြီး အလွန်စွမ်းအားကြီးသော ထိပ်တန်းအဆင့်ကျင့်ကြံသူများပင် ထျန်းယန်မြို့သို့ ကိုယ်တိုင်ရောက်ရှိလာကြပေသည်။

“တခြားလောကတွေက ကျင့်ကြံသူတွေလည်း ထျန်းယန်မြို့ကို လာမယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေတယ်”

လမ်းမထက်မှ တစ်ယောက်သည် ထိုကြီးကျယ်ခမ်းနားသောပွဲကို ဆွေးနွေးရင်း ပြောလိုက်၏။

“တခြားလောက,က ကျင့်ကြံသူတွေ ဟုတ်လား...”

တစ်စုံတစ်ယောက် မေးလိုက်၏။

“အင်း...”

ပထမဆုံးပြောလိုက်သူက ပြန်ဖြေလိုက်၏။

“မှော်နက်လောက၊ နတ္တိအင်ပါယာဘုံနဲ့ လူသားဘုံက ကျင့်ကြံသူတွေ ဒီမြို့ကို ရောက်လာနိုင်တယ်။ ဒါပေမဲ့ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံက ကောင်းကင်ဒေသနဲ့ နက်ရှိုင်းတဲ့ပဋိပက္ခတွေရှိတယ်။ သူတို့သာ ရောက်လာရင်လည်း လျှို့ဝှက်ပြီးရောက်လာမှာပဲ။ သူတို့ ဘယ်ကလာတယ်ဆိုတာ ထုတ်ပြောမှာမဟုတ်ဘူး”

“သူတို့ အဲ့လောက်အတင့်ရဲလောက်ပါ့မလား။ သူတို့ ဘယ်ကလာတယ်ဆိုတာသာ ပေါ်သွားရင် သူတို့ကို ကောင်းကင်ဒေသက အင်အားစုတွေက သတ်ပစ်ကြမှာမလား”

“အဲ့လောက်တော့လွယ်မှာ မဟုတ်ဘူး။ ကောင်းကင်ဒေသက အင်အားစုတွေကလည်း မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံက ကျင့်ကြံသူတွေကို အလွယ်တကူတိုက်ခိုက်ရဲမှာ မဟုတ်လောက်ဘူး။ သူတို့က စွမ်းအားကြီး နတ်ဘုရားတစ်ဝက်လက်နက် နည်းနည်းလောက်ရဖို့ လာတာဖြစ်နိုင်တယ်။ ငါကတော့ ထျန်းယန်မြို့ကို ဒွန်ဟောင်အင်ပါယာနန်းတော်က လူတွေကို အလာစေချင်ဆုံးပဲ”

“အရှင်ဒွန်ဟောင်က ဒီကို လူတွေစေလွှတ်လိုက်ပါ့မလား”

“သူစေလွှတ်မှာပါ”

တစ်ဖက်လူက ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တစ်ရာ..ကောင်းကင်ပြက္ခဒိန် နှစ်တစ်သောင်းပြည့်တဲ့နှစ်က အရှင်ဒွန်ဟောင်က ချပ်ဝတ်လက်နက်ပွဲတော်ကျင်းပနိုင်တဲ့အတွက် ထျန်းယန်မြို့ကို ဂုဏ်ပြုဖို့ နတ်စစ်သူကြီးတစ်ယောက်ကို စေလွှတ်ခဲ့တယ်။ ဒီတစ်ကြိမ်လည်း ဂုဏ်ပြုဖို့ လူစေလွှတ်လိုက်မှာပဲ။ ကောလာဟလတွေကပြောကြတာတော့ မင်းသမီးဒွန်ဟောင်က အရွယ်ရောက်နေပြီတဲ့... ပြီးတော့ ပြိုင်ဘက်ကင်းအလှပဂေးလေးတဲ့။ ငါတို့ သူ့ကို တွေ့ခွင့်ရမလားမသိဘူး။ ငါကတော့ တွေ့ခွင့်ရဖို့ မျှော်လင့်တယ်ဟေ့”

“မင်းသမီးဒွန်ဟောင်...”

သူ့ဘေးမှ သူသည်လည်း မျှော်လင့်တကြီးဖြင့် ရေရွတ်လိုက်၏။ မင်းသမီးဒွန်ဟောင်သည် အရည်အချင်းရှိသော ကောင်းကင်သမီးတော်ဖြစ်ပြီး အရှင်ဒွန်ဟောင်၏တစ်ဦးတည်းသော သမီးတော်ဖြစ်သည်။ သူမ၏အဆင့်အတန်းသည် မည်မျှမြင့်ပေသနည်း။ အရှင်ဒွန်ဟောင်သည် ကောင်းကင်‌ဒေသကို အုပ်စိုးသူဖြစ်ပြီး သမီးတော်တစ်ပါးသာရှိ၏။

မင်းသမီးဒွန်ဟောင်သည် အရှင်ဒွန်ဟောင်၏ ချစ်ခင်မှုကို အပြည့်အဝခံရပေသည်။ သို့သော် မင်းသမီးဒွန်ဟောင်သည် အလွန်အမှီအခိုကင်းကာ ကိုယ့်အားကိုယ်ကိုးတတ်သူ တစ်ယောက်ဖြစ်သည်ဟု ကောလာဟလများက ဆိုကြသည်။ သူမ၏ပြိုင်ဘက်ကင်းအလှအပြင် သူမသည် ပါရမီထူးသူတစ်ဦးဖြစ်ပြီး ထိပ်သီးကျင့်ကြံသူတစ်ဦးလည်းဖြစ်ပေသည်။

ထျန်းယန်မြို့ထဲတွင် ထိုစကားများကို နေရာအနှံ့ကြားနိုင်ပေသည်။ အားလုံးသည် ထိုကြီးကျယ်ခမ်းနားသောပွဲကို မျှော်လင့်နေကြ၏။ ထင်ရှားသူများ၊ စွမ်းအားကြီးသူများ၊ နာမည်ကျော်ကြားသော ထိပ်သီးအဆင့်ကျင့်ကြံသူများစသည်ဖြင့် လူစုံ ရောက်ရှိနေပြီဖြစ်သည်။

သူတို့သည် ထျန်းယန်မြို့က ထုတ်ပြမည့် နတ်လက်နက်များကိုလည်း သိလို၊ မြင်လိုနေကြ၏။

ထျန်းယန်မြို့သည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသည့် ချပ်ဝတ်လက်နက်ပွဲတော်အတွင်း၌ အမြဲရက်ရောခဲ့သည်။ ဤအကြိမ်တွင်လည်း ထိုသို့သာဖြစ်ပေမည်။

*****

မြို့သခင်ရုံးတော်သည် ထျန်းယန်မြို့ကို စီမံအုပ်ချုပ်ပေသည်။ ထိုရုံးတော်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သည့် ဝမ်မိသားစု၏ အမွေအနှစ်တစ်ခုလည်း ဖြစ်သည်။ ဝမ်ကလန်သည် သူတို့၏ ပန်းပဲစွမ်းရည်များကြောင့် ထင်ရှားကျော်ကြားသည်။ သူတို့သည် ပန်းပဲဆရာသခင်များစွာကို သင်ကြားမွေးထုတ်ပေးခဲ့ကြသည်။ ထိုပန်းပဲဆရာသခင်များသည် သူတို့၏ကိုယ်ပိုင်မိသားစုများရှိကြပြီး ထျန်းယန်မြို့ထဲတွက် ကလန်အသီးသီး၏ အုပ်ချုပ်သူများဖြစ်လာခဲ့ကြသည်။

တဖြည်းဖြည်းဖြင့် ဝမ်မိသားစု၏ လွှမ်းမိုးနိုင်မှုသည် တစ်မြို့လုံးအပေါ် သက်ရောက်လာခဲ့သည်။ သူတို့သည် ထျန်းယန်မြို့၏ အုပ်ချုပ်သူများဖြစ်လာခဲ့ကြသည်။ ဝမ်မိသားစုအိမ်တော်သည်လည်း မြို့သခင်ရုံးတော်ဖြစ်လာခဲ့သည်။

ထိုအခိုက်တွင် ကျင့်ကြံသူများသည် မြို့သခင်ရုံးတော်သို့ တဖွဲဖွဲရောက်လာကြသည်။ ဝမ်မိသားစုမှ ကျင့်ကြံသူများသည် ကိုယ်တိုင်ထွက်၍ ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေ၏။

သို့သော် ထျန်းယန်မြို့သခင်သည် ကိုယ်တိုင်ထွက်မလာပေ။ သူကိုယ်တိုင် တံခါးအထိထွက်၍ ကြိုဆိုရလောက်သည်အထိ လေးစားထိုက်သောသူများမှာ ကောင်းကင်ဒေသတွင် အနည်းငယ်သာရှိ၏။

မြို့သခင်ရုံးတော်၏ ခန်းမထဲတွင် ထျန်းယန်မြို့သခင်သည် အမြင့်ပိုင်းရှိ ကုလားထိုင်တွင်ထိုင်၍ အောက်ရှိ ကျင့်ကြံသူများ၏ တင်ပြမှုများကို နားထောင်နေ၏။ သူတို့သည် ရောက်ရှိလာသော ကျင့်ကြံသူများ၏ အမည်များနှင့်၊ အဆင့်အတန်းများကို တင်ပြနေခြင်းဖြစ်သည်။

“အင်ပါယာနန်း‌တော်ကရော ဘာသတင်းကြားသေးလဲ”

ထျန်းယန်မြို့သခင်က မေးလိုက်၏။ သူအရေးအစိုက်ဆုံးမှာ ဒွန်ဟောင်အင်ပါယာနန်းတော်ဖြစ်ကြောင်း ထင်ရှားပေသည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာက အင်ပါယာနန်းတော်က ပွဲတော်ကိုတက်ရောက်ဖို့ နတ်စစ်သူကြီးတစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်လည်း တစ်ယောက်ယောက်ကို စေလွှတ်လောက်မှာပါ။ မကြာခင် သတင်းရောက်လာတော့မှာပါ”

တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်၏။ ထျန်းယန်မြို့သခင်သည် ခေါင်းညိတ်လိုက်၏။

ချပ်ဝတ်လက်နက်ပွဲတော်သည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသော ပွဲတော်ဖြစ်သည်။ ဝမ်မိသားစုသည် ထိုပွဲတော်ကို အလွန်အရေးထားပေသည်။ ထိုပွဲတော်သည် ထျန်းယန်မြို့၏ အဓိကပွဲတော်တစ်ခုဖြစ်ပြီး ရှေးဟောင်းဓလေ့တစ်ခုလည်းဖြစ်၏။

ထိုအခိုက်တွင် အပြင်မှနေ၍ လူတစ်ယောက်ဝင်လာ၏။ ထိုလူက ပြောလိုက်၏။

“ကလန်ခေါင်းဆောင်ခင်ဗျာ... အင်ပါယာနန်းတော်က အကြောင်းပြန်လိုက်ပါတယ်”

“သူတို့ဘာပြောလဲ”

ထျန်းယန်မြို့သခင်က မေးလိုက်၏။

“အင်ပါယာနန်းတော်က ဖိတ်ကြားချက်ကို ရတော့ ပွဲတော်ကို တက်ရောက်ဖို့နဲ့ ကျွန်တော်တို့ကို ဂုဏ်ပြုဖို့ ကိုယ်စားလှယ်တစ်ယောက် စေလွှတ်လိုက်ပါမယ်လို့ ပြောပါတယ်”

ထိုလူက ပြန်ပြောလိုက်၏။

“ကိုယ်စားလှယ်အနေနဲ့ ဘယ်သူလာမှာလဲဆိုတာ မင်းသိလား”

ထျန်းယန်မြို့သခင်၏ အကြည့်သည် စူးရှပေသည်။ သူသည် အတော်လေး စိတ်လှုပ်ရှားနေပုံရ၏။

ထိုလူက ပြောလိုက်၏။

“ကျွန်တော်လည်း အသေးစိတ်မသိပါဘူး။ ဒါပေမဲ့ ကျွန်‌တော့်ရဲ့ခန့်မှန်းချက်အရ နတ်စစ်သူကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ လှံအင်ပါယာတုယူဖြစ်လောက်မယ် ထင်ပါတယ်”

အခြားတစ်ယောက်က မှတ်ချက်ပြုလိုက်၏။

“လှံအင်ပါယာတုယူက မဟာအင်ပါယာရဲ့ တပည့်ရင်းပဲ။ သူက လွန်ခဲ့တဲ့ဆယ်နှစ်က ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တာ။ လက်ရှိ သူ့ရဲ့စွမ်းရည်က နတ်စစ်သူကြီးကိုးယောက်ထဲမှာ ထိပ်ပိုင်းထဲကပါ။ သူက ကျုပ်တို့ပွဲတော်အတွက် တော်‌တော်လေး ဂုဏ်ဒြပ်ကြီးနေပါတယ်”

“လှံအင်ပါယာတုယူက အမြဲတမ်း မင်းသမီးဒွန်ဟောင်ဘေးမှာပဲလို့ ငါကြားတယ်... အဲဒါဟုတ်လား”

ထျန်းယန်မြို့သခင်က မေးလိုက်၏။

“သူက မဟာအင်ပါယာရဲ့ တပည့်ရင်းပါ။ သူ့အနေနဲ့ မင်းသမီးအ‌ပေါ် စိတ်ဝင်စား‌နေတာက သာမန်ပါပဲ”

တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်၏။

“မင်းသမီးဒွန်ဟောင်က နှစ်တစ်ရာနီးပါးလောက် ကျင့်ကြံပြီး‌တော့ ထပ်သီးတစ်ယောက်ဖြစ်နေပြီ။ သူက မဟာအင်ပါယာရဲ့ တစ်ဦးတည်းသောသမီးတော်လည်းဖြစ်တယ်။ ကောင်းကင်ဒေသက မရေမတွက်နိုင်လောက်တဲ့လူတွေက သူ့ကို မျက်စိကျနေကြတာပဲ။ သူသာ ဒီတစ်ကြိမ် ငါတို့ပွဲတော်ကို လာခဲ့ရင်တော့...”

ထျန်းယန်မြို့သခင်က ရေရွတ်လိုက်၏။ သူ၏လေသံထဲတွင် စိတ်လှုပ်ရှားသည့်အငွေ့အသက် အနည်းငယ် ပါနေ၏။

အောက်တွင် ရပ်နေသူအားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏အကြည့်များသည် ထျန်းယန်မြို့သခင်၏ဘေးတွင်ရပ်နေသော လူထံသို့ ရောက်သွားကြသည်။ ထိုလူသည် ထူးကဲသော ဟန်ပန်အရှိန်အဝါရှိသော်လည်း မည်သို့မှဝင်မှတ်ချက်မပေးဘဲ ဘေးတွင် တိတ်တဆိတ်သာ ရပ်နေ၏။

လက်အောက်ငယ်သားများ ပြောခဲ့သလိုပင် လက်ရှိတွင် ကောင်းကင်ဒေသမှ မရေမတွက်နိုင်အောင်များသော အရည်အချင်းရှိသည့်အမျိုးသားများသည် မင်းသမီးဒွန်ဟောင်ကို မျက်စိကျနေကြ၏။

မင်းသမီးဒွန်ဟောင်သည် မည်မျှပင် ထူးကဲစေကာမူ သူမသည် အမျိုးသမီးတစ်ဦးသာဖြစ်ပေသည်။ ကောင်းကင်ဒေသမှ အမျိုးသားအားလုံးသည် အရှင်ဒွန်ဟောင်၏ သားမက်ဖြစ်လိုကြခြင်းပင်။

သူတို့သာ သူမ၏နှလုံးသားကိုရရှိခဲ့လျှင် သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

သို့သော် ကံဆိုးစွာပင် မင်းသမီးဒွန်ဟောင်သည် ကျင့်ကြံခြင်းတွင်သာ စိတ်ဝင်စားပုံရ၏။

All Chapters