← Chapters

အခန်း (၁၅၀)

Vol. 15 Ch. 150

အခန်း (၁၅၀)

Vol. 15 Ch. 150

150 01

အခန်း 150

ဇူလိုင်လ (၁၀) ရက်နေ့တွင် မြို့တော်ရှိ လမ်းကြားအသီးသီးမှ လူအများအပြားသည် အိမ်ပြင်သို့ ထွက်ခွာလာကြပြီး လမ်းမများပေါ်တွင် စုဝေးနေကြလေသည်။

(၁၀) နှစ်ကျော်ကြာမှ ပြန်လည်ရောက်ရှိလာသော မြောက်ပိုင်းဝေတိုင်းပြည်၏ သံတမန်အဖွဲ့ကို ကြိုဆိုရန် ကြီးမားခန့်ညားသော မြို့တော်တံခါးကြီးများကို ဟင်းလင်းဖွင့်ထားလေသည်။

အရှင်ဧကရာဇ်သည် ဝူတံခါး တွင် နေထွက်ချိန်ဖြစ်သော နံနက် (၇) နာရီမှ (၉) နာရီအတွင်း အခမ်းအနား တက်ရောက်ရန် သတ်မှတ်ထားလေသည်။

နိုင်ငံခြားရေးရာအမတ် ယွီကွမ်ကျုံးက ယခင်က သံတမန်များ ဝင်ရောက်လာချိန်တွင် ဧကရာဇ်သည် မွန်းတည့်ချိန်၌ မြို့ရိုးပေါ်တက်ပြီး ကြည့်ရှုလေ့ရှိကြောင်း၊ ယခုအခါ နံနက်စောစောသို့ ပြောင်းရွှေ့လိုက်ခြင်းမှာ ရှေးထုံးစံနှင့် မညီကြောင်း လျှောက်တင်လေသည်။

နိုင်ငံတော်စီမံခန့်ခွဲရေးရုံးခန်းတွင် ယွမ်ဟော်ဧကရာဇ်က စကားတစ်ခွန်းတည်းဖြင့် ပယ်ချလိုက်လေသည်။

“ဇူလိုင်လ ရာသီဥတုက အရမ်း ပူတယ်။ မွန်းတည့်ချိန် နေပူကျဲကျဲထဲမှာ အခမ်းအနား တက်ရောက်ရမယ် ဆိုရင် အသက်ကြီးပြီး ကျန်းမာရေး မကောင်းတဲ့ အမတ်မင်းတွေ လူကြားထဲ မူးလဲကုန်မှာကို ငါ စိတ်ပူတယ်”

ရုံးခန်းထဲရှိ အမတ်ကြီးများ၏ တစ်ဝက်မှာ အသက်ကြီးသူများ ဖြစ်ကြပြီး၊ ကျန်တစ်ဝက်မှာ ကျန်းမာရေး ချူချာသော စာပေပညာရှင်များ ဖြစ်ကြရာ အားလုံး ဆွံ့အသွားကြလေသည်။

ထို့ကြောင့် မြို့ရိုးပေါ်တက်ပြီး ကြည့်ရှုမည့် အချိန်ကို နံနက် (၇) နာရီမှ (၉) နာရီအတွင်း သတ်မှတ်လိုက်လေသည်။

မြောက်ပိုင်းဝေတိုင်းပြည် သံတမန်အဖွဲ့သည်လည်း ညသန်းခေါင်တွင် ထွက်ခွာပြီး နံနက်စောစော မြို့တော်သို့ ဝင်ရောက်လာကြသည်။ နံနက်ခင်း နွေလေပြေများကြားတွင် ဧကရာဇ်လမ်းမကြီးကို ဖြတ်သန်းလာကြလေသည်။

ရှေ့ဆုံးမှ ကြေးနောင်တီးဝိုင်းနှင့် အခမ်းအနားအဖွဲ့၊ မြင်းလေးကောင်ဆွဲသော ရထားများ၊ ဆင်တပ်ဖွဲ့များ လှည့်လည်လာကြသည်။

အလယ်တွင် လက်ဆောင်ပစ္စည်းများ တင်ဆောင်ထားသော လှည်းတန်းကြီး ပါဝင်သည်။

အနောက်ဆုံးတွင် မြို့တော်သူမြို့တော်သားများ ဝိုင်းဝန်း ကြည့်ရှုလိုက်ပါလာကြလေသည်။

ဆူညံသိုက်မြိုက်စွာဖြင့် လူတန်းကြီးသည် မွန်းတည့်တံခါးဆီသို့ ဦးတည်လာကြ၏။

မေဝမ့်ရှူးသည် ထိုနေ့ နံနက်စောစော ထပြီး အရာရှိဝတ်စုံအပြည့် ဝတ်ဆင်ထားလေသည်။ ခေါင်းပေါ်တွင် လေးလံသော သရဖူကြီး၊ အတွင်းခံ အဖြူရောင် ပိုးသားအင်္ကျီ၊ အပေါ်မှ အနီရောင် ဝတ်ရုံ၊ ရွှေတံဆိပ်၊ ခရမ်းရောင် ဖဲကြိုး၊ ခြေထောက်တွင် အနက်ရောင် ဖိနပ်၊ ခါးတွင် ကျောက်စိမ်းဓား ချိတ်ဆွဲထားသဖြင့် လမ်းလျှောက်တိုင်း တချွင်ချွင် မြည်နေလေသည်။

မွန်းတည့်တံခါး မြို့ရိုးပေါ်သို့ မရောက်မီကပင် ချွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။

ဧကရာဇ် အပါးတော်မြဲ ဆူးဟွေ့ကျုံး မြင်တွေ့သွားပြီး ရှောင်ကွေ့ယွမ်ကို အမြန် လွှတ်လိုက်လေသည်။ ရေခဲစိမ်ထားသော မက်မွန်သီးဖျော်ရည်နှင့် ချွေးသုတ်ပုဝါ လာပေးပြီး ဧကရာဇ်က ထိုင်ခုံချပေးကြောင်း အမိန့်ပြန်တမ်း ပါးလိုက်လေသည်။

ထိုင်ခုံနေရာမှာလည်း အတော်အဆင်ပြေလှသည်။ အမတ်ချုပ်ယဲ့၏ ဘေး၊ အဆင့်နိမ့်သော နေရာတွင် ဖြစ်သည်။

မေဝမ့်ရှူးသည် ဆရာ့ကို သွားရောက် နှုတ်ဆက်လိုက်လေသည်။

ယဲ့ချန်းကော်သည်လည်း ရောက်ခါစပင် ရှိသေးသည်။ ဆူညံနေသော တီးမှုတ်သံများကြားတွင် ချွေးသုတ်ရင်း ပြောကြားလေသည်။

“ဧကရာဇ်က ဉာဏ်ပညာ ကြီးမားပါပေတယ်။ ဒီလောက် ပူတဲ့ ရာသီဥတုမှာ မနက်ပိုင်း ပြောင်းလိုက်တာ တကယ် မှန်ကန်တယ်”

သူက ကျေနပ်အားရစွာဖြင့် ဆက်လက်ပြောဆိုလေသည်။

“ဝမ့်ရှူး... မင်း မျက်နှာ ကြည်လင်နေပါလား။ ခြံဝင်းမှာ အနားယူတာ အဆင်ပြေရဲ့လား။ ဘယ်တော့လောက် မြို့တော်ပြန်လာပြီး တာဝန် ပြန်ထမ်းဆောင်မလဲ”

မေဝမ့်ရှူး ပြုံးလိုက်လေသည်။ မည်သည့်စကားမျှ ပြန်မပြောဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။ “ဆရာတူအစ်ကိုလင်က (၆) လပိုင်းကုန်မှာ ရာထူးပြန်ရတယ်လို့ ကြားတယ်။ ဆရာ့ကို ကူညီပေးမယ့်သူ ရှိနေပြီဆိုတော့ တပည့်လည်း စိတ်အေးလက်အေး အနားယူလို့ ရပါပြီ”

150 02

ယဲ့ချန်းကော်သည် တပည့်မလေး၏ ရှောင်လွှဲနေသော စကားကို သဘောပေါက်သဖြင့် ခေါင်းခါလိုက်လေသည်။ “မင်းကတော့လေ...”

မွန်းတည့်တံခါး ဧရိယာသည် နန်းတော်၏ တားမြစ်နယ်မြေ ဖြစ်သဖြင့် သာမန်ပြည်သူများ ဝင်ထွက်ခွင့် မရှိပေ။ သို့သော် အရာရှိကြီးများ၏ မိသားစုဝင်များကိုမူ တက်ရောက် ကြည့်ရှုခွင့် ပြုထားလေသည်။

ယနေ့တွင် မွန်းတည့်တံခါး ဘေးတစ်ဖက်တစ်ချက်၌ ယာယီမျှော်စင်နှစ်ခု ဆောက်လုပ်ထားသည်။ ဘေးရှိ ကျယ်ဝန်းသော ခြံဝင်းထဲတွင် ရောင်စုံမဏ္ဍပ်များ ထိုးထားပြီး အရာရှိကြီးများ၏ မိသားစုဝင်များကို ကျား၊ မ ခွဲခြားကာ နေရာချထားပေးလေသည်။

ယခုအချိန်တွင် မွန်းတည့်တံခါး အပေါ်စီးမှ ကြည့်လိုက်လျှင် အောက်ဘက်၌ လူအုပ်ကြီး မဲမှောင်နေသည်ကို တွေ့မြင်ရ၏။

မေသခင်ကြီးလည်း ယနေ့ ရောက်ရှိလာသည်။ ဧကရာဇ် ကိုယ်တိုင် ချီးမြှင့်ထားသော တတိယအဆင့် နင်ချန်မြို့စားအနေဖြင့် အနောက်ဘက် မျှော်စင်ပေါ်တွင် နေရာရရှိထားသည်။ သို့သော် အကွာအဝေး ဝေးကွာလွန်းသဖြင့် မည်သည့်နေရာတွင် ရှိနေသည်ကို မမြင်တွေ့ရပေ။

ယဲ့ချန်းကော်သည် သူမဘေးတွင် ထိုင်ရင်း စိတ်ပျော်ရွှင်နေပုံရသည်။ နောက်ထပ် မင်္ဂလာသတင်း တစ်ခုကို ပြောပြလေသည်။

“ဧကရာဇ်ဘက်က သတင်းနည်းနည်း ကြားရတယ်။ ဧကရီ တင်မြှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ တဲ့။ အခမ်းအနား ပြီးတာနဲ့ ဆရာ့ကို ခေါ်တွေ့ပြီး အသေးစိတ် ဆွေးနွေးမယ်လို့ ပြောတယ်။ ဝမ့်ရှူး... မင်းက ဧကရာဇ်နဲ့ နီးစပ်တော့ အတွင်းသတင်း သိမှာပဲ။ ဆရာ့ကို နည်းနည်းလောက် ပြောပြပါလား”

မေဝမ့်ရှူး ကြောင်သွားပြီး ရယ်မောလိုက်လေသည်။ “အဲဒါကတော့... ဆရာ ထင်ထားတာနဲ့ နည်းနည်း ကွာခြားလိမ့်မယ် ထင်တယ်”

စကားလုံး ရွေးချယ်နေစဉ်မှာပင် မွန်းတည့်တံခါး နှစ်ဖက်စလုံးမှ ကြိမ်သံများ တပြိုင်နက် ထွက်ပေါ်လာသည်။ ဧကရာဇ် ကြွလာပြီ ဖြစ်သည်။

ရှိနေသော အမတ်ကြီးများနှင့် မိသားစုဝင် ထောင်ပေါင်းများစွာသည် တပြိုင်နက် ဒူးထောက်ပြီး အော်ဟစ် ဆုတောင်းကြလေသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

ယွမ်ဟော်ဧကရာဇ်သည် နေ၊ လ၊ ကြယ် တံဆိပ်များ ပါရှိသော ခမ်းနားထည်ဝါသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ခေါင်းပေါ်တွင် (၁၂) ချောင်းပါ ပုလဲသရဖူကို ဆောင်းထားလေသည်။ ခါးတွင် ဧကရာဇ်ဓားကို ချိတ်ဆွဲထားပြီး အခြွေအရံများ ဝန်းရံလျက် လှေကားထစ်များကို ဖြည်းညှင်းစွာ တက်လှမ်းလာလေသည်။

ရှေ့ဆုံးတန်းတွင် ဒူးထောက်နေသော ယဲ့ချန်းကော်နှင့် မေဝမ့်ရှူး ရှေ့ရောက်သောအခါ ခြေလှမ်း အနည်းငယ် တန့်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။

“ရာသီဥတု ပူတယ်။ အမတ်မင်းတို့ အခမ်းအနားအတိုင်း နေစရာ မလိုပါဘူး။ ထပြီး နေရာယူကြပါ”

နံနက် (၇) နာရီ တိတိတွင် ဧကရာဇ်သည် မွန်းတည့်တံခါး အလယ်တည့်တည့်တွင် နေရာယူလိုက်လေသည်။

မြောက်ပိုင်းဝေတိုင်းပြည် သံတမန်အဖွဲ့သည် အချိန်ကိုက်ပင် မွန်းတည့်တံခါး အောက်သို့ ရောက်ရှိလာကြ၏။

ဆင်တပ်ဖွဲ့က ကပြဖျော်ဖြေကြသည်။

မြောက်ပိုင်းဝေတိုင်းပြည် သံတမန်များက လက်ဆောင်ပစ္စည်းများ ဆက်သကြသည်။

မြောက်ပိုင်းဝေတိုင်းပြည် စစ်သည်များက ဓားသိုင်း ကပြကြသည်။ ပြည်တွင်း စစ်သည်များကလည်း မြားပစ် အစွမ်းပြကြသည်။

ဧကရာဇ်သည် မြို့ရိုးပေါ်မှ ကြည့်ရှုပြီး သံတမန်များ ဆက်သသော လက်ဆောင်များကို လက်ခံလိုက်လေသည်။

နောက်ဆုံးတွင် ဆုလာဘ်များ ပြန်လည်ချီးမြှင့်ပြီး နန်းတွင်းစားပွဲ တည်ခင်းဧည့်ခံရန် အမိန့်ပေးလိုက်လေသည်။

အခမ်းအနား တစ်ခုလုံး (၂) နာရီကြာမြင့်ခဲ့သည်။ ပြီးဆုံးသောအခါ မွန်းတည့်ချိန် မရောက်သေးသော်လည်း အရာရှိဝတ်စုံ ဝတ်ဆင်ထားသော အမတ်ကြီးများမှာ ချွေးများ ရွှဲနစ်နေကြလေပြီ။ စစ်ဘက်ဆိုင်ရာ အရာရှိများပင် မခံနိုင်တော့ဘဲ ရေခဲစိမ် မက်မွန်သီးဖျော်ရည်များကို အငမ်းမရ သောက်သုံးနေကြရသည်။

မေဝမ့်ရှူးသည် ဧကရာဇ် ချပေးသော ထိုင်ခုံပေါ်တွင် ထိုင်နေရပြီး ခေါင်းပေါ်တွင် ထီးမိုးပေးထားသော်လည်း ကျောပြင်တွင် ချွေးများ စီးကျနေလေသည်။ အခမ်းအနား ပြီးဆုံး၍ အမတ်များ ထပြန်ကြသော်လည်း သူမမှာ ထပင် မထနိုင်တော့ပေ။ နေပူထဲတွင် အရည်ပျော် သွားသကဲ့သို့ ခံစားနေရသည်။

ရှောင်ကွေ့ယွမ်သည် မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်သူ ဖြစ်သဖြင့် မေအမတ် မျက်နှာမကောင်းသည်ကို မြင်သောအခါ အေးရိပ်ရသော နေရာသို့ အမြန် တွဲပို့ပြီး ယပ်တောင်ဖြင့် တဖျပ်ဖျပ် ခတ်ပေးလေသည်။

150 03

“နန်းတော်ထဲ ဝင်ပြီး နားလိုက်ပါလား” ရှောင်ကွေ့ယွမ်က စိုးရိမ်တကြီး မေးလေသည်။

“ဧကရာဇ်က ခုနက ပြန်ခါနီး မေးသွားပါတယ်။ မေအမတ် နန်းတွင်းစားပွဲ တက်စရာ မလိုဘူး တဲ့။ နေ့လယ်စာ စားချိန်လည်း မရောက်သေးဘူးဆိုတော့ အနောက်ဆောင် ပြန်၊ ရေချိုး၊ အဝတ်အစားလဲပြီး တစ်မှေးလောက် အိပ်လိုက်ပါလား”

မေဝမ့်ရှူးသည် လေအေးအေးလေး ရမှ အသက်ရှူချောင်သွားလေသည်။

“တစ်မှေး အိပ်လိုက်ရင် ပြန်ထနိုင်တော့မှာ မဟုတ်ဘူး။ အနောက်ဆောင် မပြန်တော့ဘူး။ နန်းတော်ပြင် တန်းထွက်မယ်။ ကွေ့ကုန်းကုန်း... အနောက်ဘက် မျှော်စင်ပေါ်က ငါ့အဖေကို သွားရှာပေးပါဦး။ ညနေကျရင် အရေးကြီးကိစ္စ ရှိသေးတယ်။ အဖေနဲ့အတူ အိမ်ပြန်မှ ဖြစ်မယ်”

ရှောင်ကွေ့ယွမ်သည် လူသွားရှာရန် မြို့ရိုးပေါ်မှ အမြန် ပြေးဆင်းသွားလေသည်။

ခဏအကြာတွင် ဆူးဟွေ့ကျုံးက မေအမတ် နေပူပြီး အရည်ပျော်တော့မယ် ဆိုသော သတင်းကြားပြီး နန်းတွင်း ဝေါယာဉ် လွှတ်ပေးလိုက်သဖြင့် လူကို နန်းတော်အပြင်သို့ ပို့ဆောင်နိုင်ခဲ့လေသည်။

နန်းတော်တံခါးဝတွင် ရပ်ထားသော မေမိသားစု မြင်းရထားသည် မြို့တောင်ဘက်သို့ ဦးတည်မောင်းနှင်သွားလေသည်။

မြို့တောင်ဘက် ထျန်းရွှေလမ်းကြား အတွင်းပိုင်းရှိ အိမ်သေးသေးလေး တစ်လုံး...

လက်ရှိတွင် သစ်သားတံခါး နှစ်ချပ်ကို ပိတ်ထားပြီး ရိုးရိုးရှင်းရှင်း နှစ်သစ်ကူး စာတန်းတစ်စုံ ကပ်ထားလေသည်။ ဆေးသစ်သုတ်ထားသော နံရံ၊ အုတ်တံတိုင်းကို (၂) ပေခန့် မြှင့်ထားခြင်းနှင့် အမိုးကြွပ်များ လဲလှယ်ထားခြင်းမှလွဲ၍ အပြင်ပန်း ကြည့်လိုက်လျှင် ဘာမှ မထူးခြားပေ။

သို့သော် သစ်သားတံခါးကို တွန်းဖွင့်ပြီး ခြံဝင်းထဲ ဝင်လိုက်သောအခါ အထဲတွင် တခြားကမ္ဘာတစ်ခု ရောက်သွားသကဲ့သို့ ဖြစ်နေလေသည်။

အနီရောင် ပိတ်ပါးစများကို နေရာအနှံ့ ချိတ်ဆွဲထားသည်။

ပုံစံမျိုးစုံ သေသပ်လှပသော အနီရောင် မီးအိမ်များကို အမိုးစွန်းတိုင်းတွင် ချိတ်ဆွဲထားသည်။

ခြံဝင်းတံခါးဝမှ စတင်ပြီး (၅) ပေကျယ်သော အနီရောင် ကော်ဇောများကို အိမ်အဝင်လမ်း တစ်လျှောက် ခင်းကျင်းထားသည်။

ဧည့်ခန်းမဆောင်တွင် လက်မောင်းလုံးခန့် ရှိသော နဂါးနှင့် ဇာမဏီပုံ ဖယောင်းတိုင် အနီကြီး တစ်စုံကို ထွန်းညှိထားသည်။

တံခါးနှင့် ပြတင်းပေါက်တိုင်းတွင် မင်္ဂလာစာလုံး အနီကြီးများ ကပ်ထားလေသည်။

အလုပ်ရှုပ်နေသော ယန်ရန်သည် တံခါးဖွင့်သံ ကြားသဖြင့် ပြုံးရွှင်စွာ ထွက်ကြိုလေသည်။

“စောလှချည်လား။ ပြင်ဆင်စရာလေးတွေ နည်းနည်း ကျန်သေးတယ်။ အဖေက ခြံဝင်းထဲမှာ ခဏ ထိုင်နားပါဦး။ သတို့သမီးလောင်းကတော့ အခန်းထဲ ဝင်နားလိုက်ပါဦး”

သူမက ရယ်မောပြီး မေဝမ့်ရှူးကို အရှေ့ဘက် အခန်းထဲ တွန်းပို့လိုက်လေသည်။ “ဝတ်ထားတာတွေက လေးလံလိုက်တာ။ မြန်မြန် ရေချိုးပြီး ပေါ့ပါးတဲ့ အဝတ်အစား လဲလိုက်ပါ”

မေဝမ့်ရှူးသည် ခါးတွင် ချိတ်ထားသော လေးလံသည့် ကျောက်စိမ်းဓားကို ဖြုတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်လေသည်။ ခြံဝင်းတံခါး ပိတ်ထားသည်ကို လှမ်းကြည့်လိုက်၏။

“လူအင်အား စီစဉ်ထားတာ စိတ်ချရရဲ့လား”

“စိတ်ချပါ အမတ်မင်း။ ဒီအိမ်က သေးတော့ အိမ်ထဲမှာ ကျွန်မနဲ့ ချန်ပေါ် နှစ်ယောက်တည်း ရှိတာပါ” ယန်ရန်က သူမ၏ လေးလံသော အရာရှိ ဝတ်စုံကို ကူချွတ်ပေးရင်း ပြောလေသည်။

“ရှန်ယီချန်က အိမ်အပြင်ဘက်မှာ စောင့်နေတယ်။ မဆိုင်တဲ့လူတွေ အနားမကပ်စေရဘူး။ သူက ပြောတယ်... ဘာပဲဖြစ်ဖြစ် သံတမန်တွေ ဝင်လာတာ ကြည့်ဖို့ နေခဲ့မယ့်အတူတူ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေပြီး သခင်လေးရဲ့ မင်္ဂလာပွဲကို စားပြီးမှ ပြန်တော့မယ် တဲ့။ နှုတ်ဆက်ပွဲ အနေနဲ့ပေါ့”

မေဝမ့်ရှူး ရယ်မောလိုက်ပြီး စိတ်အေးသွားလေသည်။ အရာရှိဝတ်စုံ၊ ဖိနပ်နှင့် ဆံထိုးများကို ဖယ်ရှားလိုက်ပြီး ရေချိုးကန်ထဲသို့ သက်တောင့်သက်သာ ဝင်စိမ်လိုက်လေသည်။

ယန်ရန်က သစ်သားခွက်ဖြင့် ရေနွေး ဖြည့်ပေးရင်း မေးလိုက်၏။ “နန်းတော်ထဲက ဟိုတစ်ယောက်က လူဘယ်နှယောက်လောက် ခေါ်လာမလဲ။ လူများရင် ခြံဝင်းထဲမှာ နေရာဆန့်မှာ မဟုတ်ဘူး”

150 04

“ကြိုမပြောထားဘူး” မေဝမ့်ရှူးက ရေချိုးကန်ဘောင်ပေါ် မှီရင်း မျက်လုံးမှိတ်ကာ ဖြေလိုက်လေသည်။ “ဒါပေမယ့် လူအများကြီး ခေါ်လာမှာ မဟုတ်ပါဘူး”

ယန်ရန်က ရေနွေးတစ်ခွက် ထပ်လောင်းထည့်ပြီး ဆပ်ပြာကမ်းပေးလိုက်လေသည်။ “ခုနက အဖေ ပြောနေတာ ကြားတယ်။ အိမ်ခေါ်သားမက်၊ အိမ်ခေါ်သားမက်နဲ့…။ အဖေက အခုထိ မသိသေးဘူးလား”

မေဝမ့်ရှူး ခေါင်းကိုက် သွားလေသည်။ “သူက ပေးမပြောဘူး။ ပြောလိုက်ရင် အဖေက အိမ်ထဲ ပေးမဝင်မှာ စိုးလို့တဲ့”

ယန်ရန် ပါးစပ်အုပ်ပြီး ခိုးရယ်လေသည်။

ရေချိုးပြီးသောအခါ ယန်ရန်က ချုပ်လုပ်ပြီးစ မင်္ဂလာဝတ်စုံကို ယူလာလေသည်။

ယနေ့သည် စေ့စပ်ပွဲ ဖြစ်ပြီး လက်ထပ်ပွဲ မဟုတ်သော်လည်း မင်္ဂလာနေ့ ဖြစ်သဖြင့် ရွှေချည်ထိုး အနီရောင် ဝတ်စုံကို ဝတ်ဆင်ရမည် ဖြစ်သည်။ ယန်ရန်၏ ယောင်းမဖြစ်သူ အားကျစ်သခင်မလေး ကိုယ်တိုင် ရက်ရောပြီး ချုပ်လုပ်ပေးထားခြင်း ဖြစ်သည်။

ယန်ရန်က ဘေးမှ ကူညီပြီး ဝတ်ဆင်ပေးလေသည်။ မှန်ရှေ့တွင် ထိုင်စေပြီး သတို့သမီး ဆံထုံး ထုံးပေးသည်။ မိတ်ကပ် ပါးပါးလေး လိမ်းပေးပြီး နောက်ဆုံးတွင် နှုတ်ခမ်းနီ အနီရောင်ကို နှုတ်ခမ်းပေါ် ဖွဖွလေး တင်ပေးလိုက်လေသည်။

“နေဝင်ဖို့ (၂) နာရီလောက် လိုသေးတယ်။ ဒီအတိုင်းလေး ထိုင်နေနော်။ လဲမအိပ်နဲ့။ မိတ်ကပ်တွေ ပျက်ကုန်မယ်”

ယန်ရန် မထွက်သွားခင် အထပ်ထပ် မှာကြားလေသည်။

မေဝမ့်ရှူးသည် ကြေးမုံပြင်ထဲမှ ရင်းနှီးသလိုလို စိမ်းသက်သလိုလို ဖြစ်နေသော ကိုယ့်ပုံရိပ်ကို ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။ “ခဏနေကျရင် လူကြီးချင်း စာချုပ်ဖလှယ် ကြမှာပဲလေ။ ငါက မျက်နှာပြရုံလောက်ပဲ ပါမှာပါ”

“မရဘူး။ ဒီညက စေ့စပ်ပွဲ ဆိုတော့ အရေးကြီးတယ်။ သေချာ ပြင်ဆင်ထားမှ ဖြစ်မယ်” ယန်ရန်က ရယ်မောပြီး ထွက်သွားလေသည်။

မေဝမ့်ရှူးသည် ဒီနေ့ နေပူထဲတွင် အကြာကြီး နေခဲ့ရသဖြင့် ပင်ပန်းနေလေသည်။ ရေချိုးပြီး ဆန်ပြုတ်သောက်လိုက်သောအခါ အိပ်ချင်စိတ် ဝင်လာ၏။

ယန်ရန် မှာထားတာကို သတိရပြီး ကုတင်ပေါ် မလဲဘဲ နေလိုက်လေသည်။

မှန်တင်ခုံကို မှီပြီး လက်တစ်ဖက်ဖြင့် ပါးထောက်ကာ မျက်လုံးမှိတ်ပြီး ခဏလောက် မှေးလိုက်လေသည်။

သူမ မီးခိုးရောင် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားလေသည်။

အိပ်မက်ထဲတွင်... မိတ်ကပ်ဗူးများ ဖုန်တက်နေသည်။ သေတ္တာများ မှောက်ခုံဖြစ်နေ၏။

မေအိမ်တော်၏ရွှေရောင်စာလုံးနှင့် ဆိုင်းဘုတ်ကြီးသည် ကွဲကြေပြီး လှေကားထစ်များ ပေါ်တွင် ပြန့်ကျဲနေသည်။ ကောက်ယူမည့်သူ မရှိပေ။

ကလေးငယ် (၂) (၃) ယောက်သည် သီချင်းဆိုရင်း ပြေးလွှားလာကြသည်။ မြက်ရိုင်းများ ပေါက်နေသော ကျောက်လှေကားထစ်များပေါ်တွင် ခုန်ပေါက်ဆော့ကစားကြသည်။ ရေညှိတက်နေသော ကျောက်ခြင်္သေ့ကြီးကို ပတ်ပြီး တူတူပုန်းတမ်း ကစားကြလေသည်။

မကြာမီ အထိန်းတော်များ ရောက်လာပြီး ကလေးများကို ပွေ့ချီသွားကြလေသည်။

ကျန်းထိုင် လမ်းမကြီးတွင် နေထိုင်သူများမှာ ဂုဏ်သရေရှိ လူတန်းစားများသာ ဖြစ်ကြသည်။ တစ်အိမ်နှင့်တစ်အိမ် အကြောင်းသိကြသည်။

အိမ်တော်ထိန်းအချို့သည် ပျက်စီးနေသော မေအိမ်တော်ရှေ့ ဖြတ်သန်းစဉ် ခြေလှမ်းရပ်တန့်ပြီး တီးတိုး ပြောဆိုနေကြလေသည်။

“မေမိသားစုက နှမြောစရာပဲ။ အရင်ဧကရာဇ် လက်ထက်တုန်းက မေမိသားစုက သမီးလေး နန်းတွင်းဝင်ပြီး မျက်နှာပွင့်ခဲ့တာ။ မေအမတ်လည်း ဘဏ္ဍာရေးဌာနမှာ နေရာပြန်ရပြီး (၂) (၃) နှစ်အတွင်း တစ်နိုင်ငံလုံးက အခွန်တွေကို စစ်ဆေးနိုင်ခဲ့တယ်။ အထက်တန်းလွှာတွေ ဖုံးကွယ်ထားတဲ့ အခွန်ငွေ (၈) သန်းလောက်ကို ဘဏ္ဍာတိုက်ထဲ ပြန်ထည့်ပေးနိုင်ခဲ့တာ။ မေမိသားစု ပြန်လည် ဦးမော့လာပြီ ထင်နေတုန်း... ဧကရာဇ်အသစ် နန်းတက်လာတာနဲ့ မေမိသားစုကို ဖမ်းဆီးပြီး ဆွေမျိုး (၃) ဆက် မျိုးဖြုတ်သတ်ပစ်လိုက်တာပဲ”

“တံခါးဝက ဆိုင်းဘုတ်ကို မြင်လား။ ငါ့သခင်က အဲဒီဆိုင်းဘုတ်ကို သိမ်းပေးထားမလို့ လုပ်သေးတယ်။ မေအမတ် ရာထူးပြန်ရတဲ့အချိန်ကျရင် ပြန်ပေးပြီး မျက်နှာလုပ်မလို့လေ။ ဘယ်သူ ထင်မှာလဲ... ဟူး...”

150 05

“တိုးတိုးပြော... တိုးတိုးပြော။ သူများ ကြားသွားဦးမယ်။ ငါ့သခင် ပြောတာတော့ မေအမတ်က အရင်ဧကရာဇ် အတွက် အခွန်ငွေတွေ လိုက်စစ်ပေးရင်း အထက်တန်းလွှာတွေ၊ ဆွေမျိုးတော်တွေကို ရန်စမိလိုက်တာတဲ့။ ဒါကြောင့် အခု ဧကရာဇ်အသစ် လက်ထက်ကျတော့ အသတ်ခံလိုက်ရတာ... ထားလိုက်ပါတော့။ မေမိသားစုက တစ်ယောက်မှ အရှင်မကျန်တော့ဘူး။ မပြောကြပါနဲ့တော့”

မြင်းခွာသံများ ကျန်းထိုင် လမ်းမကြီးထိပ်မှ ထွက်ပေါ်လာပြီး မြင်းတစ်စီး ရပ်တန့်လိုက်လေသည်။

မြင်းပေါ်မှ အနက်ရောင်ဝတ် အရာရှိက နှင်တံကို ဝှေ့ယမ်းရင်း မေးမြန်းလိုက်၏။ “မင်းတို့တွေ ရာဇဝတ်သား အိမ်ရှေ့မှာ စုဝေးပြီး ဘာတွေ ပြောနေကြတာလဲ”

အိမ်တော်ထိန်းများ ကြောက်လန့်တကြား ပိုက်ဆံထုတ်ပေးပြီး တောင်းပန်ကာ လူစုခွဲလိုက်ကြလေသည်။

မြင်းစီးသမား ထွက်ခွာသွားသောအခါမှ ပြန်လည်စုဝေးပြီး တီးတိုး ပြောဆိုကြပြန်သည်။

“ဧကရာဇ်အသစ် နန်းတက်လာတုန်းကတော့ မင်းဆိုးမင်းညစ်ကို ဖြုတ်ချမယ် ဆိုပြီး ခေါင်းစဉ်တပ်တာ။ နန်းတော်ထဲမှာ သွေးချောင်းစီးအောင် သတ်တယ်၊ အမတ်တွေ တစ်ဝက်လောက် အသတ်ခံလိုက်ရတယ်။ အခု မင်းဆိုးမင်းညစ် မရှိတော့ပေမယ့်... ရက်စက်တာတွေကတော့ အတူတူပါပဲလား”

*** *** ***

အိပ်မက်ထဲမှ မီးခိုးရောင်များ ရုတ်တရက် ကွယ်ပျောက်သွားလေသည်။

မေဝမ့်ရှူး၏ အမြင်အာရုံများ ကြည်လင်လာ၏။

ကျန်းထိုင် လမ်းမကြီးမှ တဖြည်းဖြည်း မြင့်တက်သွားပြီး မိုးပေါ်မှနေ၍ မြို့တော်ကို ငုံ့ကြည့်လိုက်မိလေသည်။

ခြောက်ကပ်နေသော ဧကရာဇ် လမ်းမကြီးကို တွေ့လိုက်ရသည်။

ကျယ်ဝန်းသော လမ်းမကြီးပေါ်တွင် သစ်ရွက်ခြောက်များ ပြန့်ကျဲနေပြီး လှည်းကျင်းမည့်သူ မရှိ။ လမ်းသွားလမ်းလာများမှာ သုတ်ခြေတင် သွားလာနေကြသည်။ မျက်နှာများတွင် ကြောက်ရွံ့မှုများ၊ ထုံထိုင်းမှုများ ပေါ်နေ၏။ သာမန်ပြည်သူများ၏ အဝတ်အစားများမှာ ဖာထေးရာများနှင့် ဖြစ်နေသည်။

သိကျွမ်းသူချင်း တွေ့လျှင်ပင် စကားနည်းနည်း ပြောပြီးသည်နှင့် အနောက်မှ သားရဲကောင် လိုက်နေသကဲ့သို့ အလျင်စလို ခွဲခွာသွားကြလေသည်။

လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်ရှိ အဆောက်အအုံများတွင် ချိတ်ဆွဲထားသော မီးအိမ်နီကြီးများသည် အရောင်လွင့်ပါးပြီး စုတ်ပြတ်နေကြသည်။

မေဝမ့်ရှူး အိပ်မက်ထဲတွင် မျက်မှောင်ကြုတ်လိုက်မိလေသည်။

ဧကရာဇ် လမ်းမကြီးက ဒီလို မဖြစ်သင့်ဘူးလေ။

ဧကရာဇ်ရဲ့ ခြေရင်း၊ ပြည်သူပေါင်းများစွာ နေထိုင်တဲ့ မြို့တော်က ဒီလောက် ခြောက်ကပ်မနေသင့်ဘူး။

မြို့တော်မှာက တစ်နှစ်ပတ်လုံး ညမထွက်ရအမိန့် မရှိဘူး။ ညဘက်ဆိုရင် မီးရောင်တွေ လင်းထိန်နေတတ်တာ။

ဧကရာဇ် လမ်းမကြီး ဆိုတာ မြို့တော်ရဲ့ အစည်ကားဆုံး နေရာ။ မနက်ကနေ ညအထိ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတတ်တာ။ လမ်းဘေးက စားသောက်ဆိုင်တွေက မီးရောင်တွေဆိုရင် နန်းတော်ထဲအထိတောင် လှမ်းမြင်ရတာ။

မေဝမ့်ရှူးသည် ပျက်စီးခြောက်ကပ်နေသော မြို့တော်ကို ကြည့်ပြီး အိပ်မက်ထဲမှာတင် ခံစားမိလိုက်လေသည်။ မှားနေပြီ။ ဒါ မဟုတ်သေးဘူး။

ဒါ သူမ (၁၀) နှစ်ကြာ နေထိုင်ခဲ့တဲ့ မြို့တော် မဟုတ်ဘူး။

အိပ်ချင်စိတ်များ ဒီရေအလား ပြန်လည်ဆုတ်ခွာသွားပြီး သူမ အိပ်မက်ထဲမှ ရုန်းထွက်လိုက်လေသည်။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မှန်တင်ခုံကို မှီလျက် လက်တစ်ဖက်ဖြင့် ပါးထောက်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည် မသိ၊ တံတောင်ဆစ်များပင် ထုံကျင်ကိုက်ခဲနေလေသည်။

သူမ ထရပ်ပြီး ပြတင်းပေါက် ဖွင့်ကြည့်လိုက်ရာ ခြံဝင်းနံရံအနောက်သို့ ဝင်ရောက်သွားသော နေလုံးကြီးကို တွေ့လိုက်ရ၏။

ခြံဝင်းထဲတွင် ချိတ်ဆွဲထားသော မီးအိမ်များအားလုံး ထွန်းညှိထားပြီး ဖြစ်သည်။ ပုံစံမျိုးစုံ မီးအိမ်များ၊ ပန်းမီးအိမ်များ၊ နန်းတွင်းမီးအိမ်များသည် ရွှေရောင် နေဝင်ချိန် အလင်းရောင်အောက်တွင် ရောင်စုံတောက်ပနေသဖြင့် မျက်စိကျိန်းလောက်အောင် လှပနေလေသည်။

ညနေစောင်းပြီ။ နေဝင်ရီတရော အချိန် ရောက်လေပြီ။

ပြတင်းပေါက် တစ်ဖက်မှနေ၍ ခြံဝင်းထဲတွင် စကားပြောနေသော ရင်းနှီးသည့် အသံများကို ကြားလိုက်ရလေသည်။

150 06

မေသခင်ကြီးက ပျော်ရွှင်စွာ ပြောဆိုနေလေသည်။ “သားမက်... စစ်တုရင် ကစားတာ ညံ့တယ်ကွာ။ ဦးလေးကို နှစ်ပွဲဆက်တိုက် ရှုံးနေပြီ”

လော့ရှင်းယွမ်၏ တည်ငြိမ်သော အသံတွင် ရယ်သံစွန်းနေသည်။ “ကျွန်တော်က မကျွမ်းကျင်ပါဘူး။ ရွှယ်ချင့် သင်ပေးတာ နှစ်တွေကြာပြီ၊ အခုထိ မတတ်မြောက်သေးပါဘူး”

“ကိစ္စမရှိပါဘူး။ အပျင်းပြေ ကစားတာပဲဟာ” ခြံဝင်းထဲရှိ ဝူထုန် သစ်ပင်ကြီးအောက်တွင် မေသခင်ကြီးသည် အကွက်ရွှေ့ရင်း မေးလိုက်လေသည်။

“နေဝင်တော့မယ်။ မင်းဘက်က လူကြီးတွေ မရောက်သေးဘူးလား”

“ဒီနေ့ အဝေးက ဧည့်သည်တွေ ရောက်နေလို့ အိမ်မှာ ဧည့်ခံပွဲ လုပ်နေရလို့ပါ။ လူကြီးတွေက အဲဒီကို သွားတက်နေရတယ်” လော့ရှင်းယွမ်က စစ်တုရင်ခုံကို ကြည့်ရင်း အေးအေးဆေးဆေး ဖြေလေသည်။ “ဦးလေး စိတ်မပူပါနဲ့။ ဦးလေးကြီးဆီ ဖိတ်စာ ပို့ပြီးပါပြီ။ ညနေစောင်းရင် သေချာပေါက် ရောက်လာပါ့မယ်လို့ ပြန်ပြောထားပါတယ်”

မေသခင်ကြီးက အံ့သြသွားလေသည်။ “မင်းတို့ မြို့တော်က လူတွေက စည်းကမ်းကြီးလိုက်တာ။ ကိုယ့်အမျိုးအချင်းချင်းတောင် ဖိတ်စာ ပို့ရတယ်လို့”

ခေါင်းခါရင်း အကွက်ရွှေ့မလို့ လုပ်တုန်း ကိစ္စတစ်ခု သတိရသွားပြီး လက်ပြန်ရုပ်လိုက်သည်။ လော့ရှင်းယွမ်ကို လေးလေးနက်နက် တိုင်ပင်လိုက်လေသည်။

“ဒါနဲ့ သားမက်... အရေးကြီးကိစ္စ တစ်ခု ရှိသေးတယ်။ ဦးလေး ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မေ့ပြီး မပြောလိုက်ရဘူး။ စေ့စပ်ပွဲ မစခင် မင်းနဲ့ တိုင်ပင်ထားမှ ဖြစ်မယ်”

“မင်းက ငါတို့ မေအိမ်တော်ကို အိမ်ခေါ်သားမက် အဖြစ် ဝင်လာမယ် ဆိုတော့... နောင်တစ်ချိန် ငါ့သမီးက ကလေးမွေးလာရင်... ယောကျ်ားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ်...”

လော့ရှင်းယွမ်သည် စကားရိပ်ကို နားလည်သဖြင့် နှုတ်ခမ်းစွန်းတွင် အပြုံးရိပ် သန်းသွားလေသည်။ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးပွင့်သွားပြီး ချန်ပေါ် ဝင်ရောက်လာကာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကို ခေါ်ဆောင်လာလေသည်။

“ဆွေမျိုးတော် ဘက်က ဦးလေးကြီး... ဒီဘက် ကြွပါ”

မေသခင်ကြီး၏ စကားအဆက်က ထွက်ပေါ်လာလေသည်။ “… ယောကျ်ားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ်... မယ်မျိုးရိုးပဲ ယူရမယ်”

လော့ရှင်းယွမ်က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ တည်ငြိမ်စွာ သဘောတူလိုက်လေသည်။ “ရပါတယ်”

ချန်ပေါ်က (၂) လှမ်း ရှေ့တိုးပြီး ကြေညာလိုက်လေသည်။ “ဆွေမျိုးတော် ဦးလေးကြီး ရောက်ပါပြီ”

ဘေးသို့ ဖယ်ပေးလိုက်ရာ အနောက်တွင် ရပ်နေသော မျက်လုံးအပြူးသား ဖြစ်နေသည့် မင်းသားကြီး ပေါ်ထွက်လာလေသည်။

မင်းသားကြီးသည် ဧကရာဇ် မှာကြားချက်အရ ဒီနေ့ နန်းတွင်းစားပွဲ တစ်ဝက်လောက်မှာ ဧကရာဇ် ထွက်သွားတာ မြင်တာနဲ့ သူလည်း လိုက်ထွက်လာခဲ့သည်။ အညိုရောင် ပန်းပွင့်ပုံ ဝတ်ရုံသစ်ကြီးကို ဝတ်ဆင်ပြီး ဦးလေးကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နေဝင်ရီတရော အချိန်လေးမီအောင် မြို့တောင်ဘက် ထျန်းရွှေလမ်းကြားကို အပြေးအလွှား လာခဲ့ရခြင်း ဖြစ်သည်။

ရောက်ရောက်ချင်း ပထမဆုံး ကြားလိုက်ရသော စကားက ဘာတဲ့လဲ။

မင်းသားကြီး လက်များ တုန်ယင်လာသည်။ ခြံဝင်းတံခါးဝတွင် ရပ်ရင်း တုန်တုန်ရီရီ ပြောလိုက်လေသည်။

“မ... မဖြစ်ဘူး လုံးဝ မဖြစ်နိုင်ဘူး”

******

All Chapters