နံပါတ်(၁၃)အဖွဲ့
Vol. 178 Ch. 2548
ပြီးခဲ့သောရက်အနည်းငယ်အတွင်း၌ ထျန်းယန်မြို့တွင်းသို့ ကျင့်ကြံသူများစွာ ရောက်လာခဲ့သည်။
ယခုတွင် ဧရာမလူအုပ်ကြီးထဲ၌ ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အရပ်ရှည်၍ ကျစ်လစ်သော လူတစ်ယောက်ရှိနေ၏။ သူ၏မျက်လုံးများသည် ကြယ်တာရာများကဲ့သို့ လင်းလက်တောက်ပနေသော်လည်း သူ့ထံမှ မည်သည့်အရှိန်အဝါမှ ထွက်မနေပေ။ သူသည် သာမန်လူတစ်ဦးကဲ့သို့သာ ထင်ရ၏။
သို့သော် လူတစ်ယောက်အတွက် သူ၏အရှိန်အဝါကို မမြင်သာအောင်အထိ ဖုံးကွယ်ထားနိုင်လျှင် ထိုသူသည် အထူးအတတ်များကို ကျင့်ကြံခဲ့သည့် ထိပ်သီးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ကျင့်ကြံသူအစစ်အမှန်များက သိပေသည်။ ထိုကဲ့သို့သောသူများ၏ စွမ်းရည်များသည် လွန်စွာစွမ်းအားကြီးမည်မှာ သေချာပေါက်ဖြစ်သည်။ ထိုကဲ့သို့ အရှိန်အဝါကိုမမြင်ရနိုင်သောသူများသည် အမှန်တွင် ပို၍ကြောက်စရာကောင်းသောသူများဖြစ်၏။
ထိုလူသည် စီဝေ့ကြယ်ကောင်းကင်မှ လာခဲ့သော ရီဖူရှင်းပင်။
ထျန်းယန်မြို့သည် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုကို ကျင်းပနေပေရာ သူသည် ထိုပွဲကို မည်သို့အလွတ်ခံမည်နည်း။
သို့သော် သူသည် ထျန်းယန်မြို့တွင်းသို့ ရီဖူရှင်းအနေဖြင့် ဝင်သွား၍မရပေ။ သူသာ ထိုသို့ဝင်သွားလျှင် ချက်ချင်း ပစ်မှတ်ထားခံရမည်ဖြစ်သည်။ ယခုတွင် သူ၏ငွေဖြူရောင်ဆံပင်များသည် နက်မှောင်နေပေပြီ။ သူသည် ငွေရောင်မျက်နှာဖုံးနှင့် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ဝတ်ရုံသည် မှန်သားတစ်ချပ်ကဲ့သို့ ချောမွေ့၏။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့်ပင် ထိုဝတ်ရုံသည် သာမန်ဝတ်ရုံမဟုတ်ကြောင်း သိနိုင်ပေသည်။
သူ၏အဝတ်အစားသည် အတော်လေးပေါ်လွင်သည်ဟု ဆိုနိုင်၏။ ငွေရောင်မျက်နှာဖုံး၊ ငွေရောင်ဝတ်ရုံအပြင် မည်သည့်အရှိန်အဝါမှ ထွက်မနေခြင်းကြောင့် အခြားသူများ၏ အာရုံစိုက်မှုကို အလွယ်တကူခံရနိုင်ပေသည်။ သူသည်သာမန်လူမဟုတ်ကြောင်း အခြားသူများက ခန့်မှန်းနိုင်၏။
ရီဖူရှင်းသည် ထိုသို့ဖြစ်စေလိုခြင်းပင်။ သူပို၍ ပေါ်ပေါ်ထင်ထင်နေလေလေ၊ သံသယမဝင်ခံရလေလေပင်ဖြစ်သည်။ တမင်တကာ ပုန်းကွယ်နေရန် ကြိုးစားလေလေ၊ ပို၍သံသယဝင်ခံရလေလေဖြစ်သည်။ ထိုအရာသည် သူ့ကို တာအိုဘုန်းတော်ကြီးမူ သင်ပေးလိုက်သောအရာဖြစ်သည်။ တာအိုဘုန်းတော်ကြီးသည် နတ်မြေပုံကို မခိုးယူခင်က လေညင်းအိမ်တော်အနီးတွင် ဈေးဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပြီး ဆေးလုံးများနှင့် အခြားရတနာများကို လဲလှယ်ဖောက်ကားခဲ့သည်။ သူသည် လေညင်းအိမ်တော်သခင် လီချင်းဖုန်းနှင့်ပင် ပြောဆိုဆက်ဆံခဲ့ကာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးအောင်လုပ်ခဲ့၏။ သူသည် ပုန်းကွယ်မနေဘဲ ပေါ်ပေါ်ထင်ထင်နေခဲ့ခြင်းဖြစ်၏။
နတ်မြေပုံ ခိုးယူခံလိုက်ရသောအခါ လေညင်းအိမ်တော်သည် ကျိုးရိမြို့ထဲတွင် ပုန်းကွယ်နေသော ကျင့်ကြံသူများကို ရှာဖွေခဲ့ကြသည်။ သို့သော် တာအိုဘုန်းတော်ကြီးမူသည် သူတို့၏မျက်စိအောက်မှာပင် စီးပွားရေးလုပ်နေသည်ဟု သူတို့တစ်ခါမှ သံသယမဝင်ခဲ့ပေ။ ထိုအရာသည် လူသားများ၏ စိတ်ပိုင်းဆိုင်ရာသဘောထားကို ကောင်းစွာအသုံးချခြင်းဖြစ်သည်။
ထို့အပြင် ယခုတွင် ထျန်းယန်မြို့သို့ စွမ်းအားကြီးသူများ၊ ဆန်းကျယ်သောကျင့်ကြံသူများနှင့် ရသေ့များအပါအဝင် လူပေါင်းများစွာ ရောက်လာကြပေသည်။ ထိုကဲ့သို့သော လူများ မရေမတွက်နိုင်အောင်ရှိပြီး ရီဖူရှင်းသည် ထိုသူများထဲမှ တစ်ယောက်သာ ဖြစ်၏။ သူသည် ထင်ထင်ပေါ်ပေါ်ဖြစ်နေလျှင်ပင် များစွာအာရုံစိုက်မှု ခံရမည်မဟုတ်ချေ။
အရှင်ဒွန်ဟောင်၏တပည့်ရင်းဖြစ်သော လှံအင်ပါယာတုယူသည်ပင် ဂုဏ်ပြုစကားဆိုရန်နှင့် ပွဲကြည့်ရန် ထျန်းယန်မြို့သို့ ရောက်လာမည်ဟူသော ကောလာဟလများလည်း ရှိနေ၏။ ရီဖူရှင်းသည် သူနှင့်ယှဉ်လျှင် အရေးမပါပေ။
ရီဖူရှင်း ထျန်းယန်မြို့တွင်းသို့ ဝင်လိုက်သောအခါ သူ့အပေါ်တွင် စူးရှသက်ဝင်သော အရှိန်အဝါတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားခဲ့ရသည်။ သူ့ပတ်ပတ်လည်တွင် စည်ပင်ဝပြောသော အငွေ့အသက်များ ရှိနေသည်။ ထျန်းယန်မြို့သည် တိုက်ကြီးတစ်တိုက်အလယ်တွင် ရှိနေသော နတ်လက်နက်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ဤမြို့သည် ထည်ဝါစူးရှသော အငွေ့အသက်ကို ပေး၏။ တစ်မြို့လုံးသည် အရောင်မျိုးစုံဖြင့် သက်ဝင်လှုပ်ရှားနေသည်ဟု ထင်ရပေသည်။ ထျန်းယန်မြို့သည် နတ်လက်နက်များ ပေါကြွယ်ဝသည့် ရွှေမြို့တော်တစ်ခုဖြစ်၏။
ယင်းမြို့သည် ကောင်းကင်ဒေသရှိ ချပ်ဝတ်လက်နက်ပြုလုပ်သူများအတွက် နံပါတစ်တော်ဝင်မြေတစ်ခု ဖြစ်သည်။
ယခုတွင် ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်တွင် အာခီမီလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်။ သူသည် စီဝေ့အင်ပါယာနန်းတော်ကို လောကအတွင်းရှိ စွမ်းအားအကြီးဆုံး အာခီမီတော်ဝင်မြေတစ်ခု ဖြစ်လာစေလိုပေသည်။ သို့သော် လက်ရှိတွင် စီဝေ့အင်ပါယာနန်းတော်၏ အာခီမီစွမ်းရည်များနှင့် ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်မှုစွမ်းရည်များသည် မိုးနှင့်မြေလို ကွာခြား၏။ ၎င်းတို့ကို ယှဉ်၍ပင်မရချေ။
ရီဖူရှင်းသည် ထျန်းယန်မြို့တွင်း၌ တိတ်တဆိတ် လျှောက်ပတ်ကြည့်နေကာ မြို့တွင်းရှိ လက်ရှိအငွေ့အသက်ကို ခံစားနေ၏။ လမ်းများပေါ်တွင် လူအများစုသည် ချပ်ဝတ်လက်နက်ပွဲတော်အကြောင်းကို ဆွေးနွေးနေကြ၏။ ကောလာဟလများအရ ထိပ်သီးအင်အားစုများစွာမှ ကျင့်ကြံသူများသည် ထျန်းယန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပေသည်။
ထိုအင်အားစုများထဲတွင် ရှေးဟောင်းနတ်ဘုရားကလန်လည်းပါသည်ဟု ဆိုကြသည်။
ရီဖူရှင်းသည် ဈေးဆိုင်တစ်ဆိုင်သို့သွား၍ ထျန်းယန်မြို့မြေပုံကို ဝယ်ယူခဲ့သည်။
ထျန်းယန်မြို့သည် မြို့တစ်မြို့သာဖြစ်သော်လည်း ယင်းမြို့မှာ ထျန်ယန်ကုန်းမြေ၏ မြို့တော်ဖြစ်ရာ ကျယ်ဝန်းပြီး ထိပ်သီးကျင့်ကြံသူများစွာလည်း ရှိပေသည်။ ထျန်းယန်းမြို့၏ အကျော်ကြားဆုံးအရာမှာ လက်နက်တိုက်အမျိုးမျိုးပင် ဖြစ်ပေသည်။
ရီဖူရှင်းသည် ထျန်းယန်မြို့သို့ ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ရာ ရှေးဦးစွာ မြို့ထဲသို့ လျှောက်ပတ်လေ့လာရန် လိုအပ်ပေသည်။
ရီဖူရှင်းသည် မြေပုံရသောအခါ ထျန်းယန်မြို့၏ အဓိက ချပ်ဝတ်လက်နက်ပြုလုပ်သည့် အင်အားစုများကို ရှာဖွေကြည့်ရှုလိုက်၏။ ထို့နောက် သူသည် နံပါတ်(၁၃)အဖွဲ့ဟုလည်းခေါ်သည့် ငွေလှံပျံအဖွဲ့ဟု အမည်ရသော နေရာတစ်ခုကို တွေ့လိုက်၏။
ငွေလှံပျံအဖွဲ့သည် ထျန်းယန်မြို့ရှိ ချပ်ဝတ်လက်နက်ပြုလုပ်သည့် အင်အားစုများထဲမှ တစ်စုဖြစ်သည်။ ထိုအင်အားစုကို တည်ထောင်သူသည် အရှင်ထျန်းယန်၏ နောက်လိုက်တစ်ဦးဖြစ်သည်ဟူသော ကောလာဟလများလည်း ရှိကြသည်။ တည်ထောင်သူ၏ ငွေလှံပျံသည် ကျော်ကြားပေသည်။ နောင်တွင် ထိုအင်အားစုကို ယင်းငွေလှံပျံအား အစွဲပြု၍ ငွေလှံပျံအဖွဲ့ဟုခေါ်ခဲ့ကြသည်။ သူတို့သည် ငွေလှံပျံများကို အဓိကထားပြုလုပ်ကြပြီး လှံပျံတော်ဝင်မြေဟုလည်း လူသိများပေသည်။
ငွေလှံပျံအဖွဲ့သည် မြို့သခင်ရုံးတော်ဖြစ်သည့် ဝမ်ကလန်၏ အုပ်ချုပ်မှုအောက်တွင် ရှိ၏။
ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွက် ထျန်းယန်မြို့တွင်းရှိ ချပ်ဝတ်လက်နက်ပြုလုပ်သော အင်အားစုအသီးသီးသည် လက်နက်ဖလှယ်ရန်အတွက် သူတို့၏ရတနာများကို ထုတ်ပြခဲ့ကြသည်။ ငွေလှံပျံအဖွဲ့သည်လည်း ထိုအင်အားစုများထဲမှ တစ်စုပင်။
ယခုတွင် ကျင့်ကြံသူများစွာသည် ငွေလှံပျံအဖွဲ့၏နေရာတွင် စုဝေးနေကြ၏။
ငွေလှံပျံအဖွဲ့၏နေရာတွင် ဧရာမကွင်းပြင်ကြီးတစ်ခုရှိသည်။ ထိုနေရာတွင် ကျင့်ကြံသူများစွာစုဝေးနေကြ၏။ ထိုကွင်းပြင်ကြီးရှေ့တွင် နံပါတ်(၁၃)မျှော်စင်ရှိ၏။ ထိုမျှော်စင်ထဲတွင် ငွေလှံပျံအဖွဲ့မှလူများနှင့် ထျန်းယန်မြို့၏ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများ ထိုင်နေကြ၏။
ယခုတွင် ထိုအထပ်မြင့်မျှော်စင်ထဲတွင် လူများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် မျှော်စင်အစွန်းတွင် ထိုင်နေကြကာ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြ၏။ သူတို့သည် မျှော်စင်အရှေ့ရှိ ကွင်းပြင်ကြီးကို ကြည့်နေကြ၏။ ထိုကွင်းပြင် အလယ်တွင် နေရာအသီးသီးမှ ကျင့်ကြံသူများ စုဝေးနေ၏။ သူတို့ထဲတွင် နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများလည်းရှိနေ၏။ သူတို့အလယ်တွင် ငွေလှံရှည်များကို စီတန်းချထား၏။ ငွေလှံရှည်တစ်ချောင်းချင်းစီသည် အင်ပါယာအင့်ဝိညာဉ်လက်နက်များဖြစ်ပေသည်။
ထိုလူအုပ်ထဲတွင် ရီဖူရှင်းလည်းရှိ၏။ သူသည် လှံရှည်တစ်ချောင်း ရယူရန် ထိုနေရာသို့ လာခဲ့ခြင်းပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏အဝတ်အစားသည် ငွေလှံရှည်နှင့် လွန်စွာပနံသင့်နေပေသည်။ သူသာ ငွေလှံရှည်တစ်ချောင်းကို ကိုင်ထားလိုက်လျှင် လွန်စွာသူရဲကောင်းဆန်နေမည်ဖြစ်ပြီး ယခင်ကနှင့်လုံးဝကွဲပြားသွားသည့် တဖန်ပြန်လည်မွေးဖွားလာသူဟုပင် ထင်ရမည်ဖြစ်သည်။ သူသည် ချက်ချင်းပင် စွမ်းအားကြီးလှံအင်ပါယာတစ်ယောက်ပုံစံ ပေါက်သွားပေမည်။
ထို့ကြောင့် ရီဖူရှင်းသည် လှံပျံတော်ဝင်မြေကို လာခဲ့ခြင်းပင်။
ရီဖူရှင်းသည် အရှေ့ရှိ စီတန်းထားသော လှံရှည်များကို ကြည့်လိုက်၏။ ၎င်းတို့၏ အရေအတွက်သည် နံပါတ်(၁၃)အဖွဲ့ဟူသော အမည်နှင့်ပင် တူညီနေပေသည်။ ထိုနေရာတွင် လှံရှည်(၁၃)ချောင်းရှိသည်။ ၎င်းတို့သည် ချောမွေ့နေပြီး လှံရှည်တိုင်းသည် ငွေလှံများဖြစ်ကြသည်။ ၎င်းတို့သည် အတူတူဟု ထင်ရသော်လည်း ဂရုတစိုက်အာရုံခံကြည့်မည်ဆိုလျှင် ယင်းလှံရှည်(၁၃)ချောင်းမှ တစ်ချောင်းချင်းစီသည် ကွဲပြားသော အရှိန်အဝါများကို ထုတ်လွှတ်နေကြောင်း သိနိုင်ပေသည်။
ထိုလှံရှည်(၁၃)ချောင်းထဲမှ (၁၂)ချောင်းသည် တမင်ရွေးရခက်စေရန် ထား,ထားခြင်းဖြစ်ကြောင်း ရီဖူရှင်းတွေးလိုက်၏။ သူသည် အလယ်ရှိ လှံရှည်ကို စိုက်ကြည့်နေသည်။
နတ်ဘုရားတစ်ဝက်လက်နက်...
ထျန်းယန်မြို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ တော်ဝင်မြေဖြစ်သည်။ မြို့သခင်ရုံးတော်၏ လက်အောက်ခံဖြစ်သော နံပါတ်(၁၃)အဖွဲ့သည်ပင် နတ်ဘုရားတစ်ဝက်လက်နက်ကဲ့သို့သော ဝိညာဉ်လက်နက်ကို လဲလှယ်ရန် ထုတ်ပြနိုင်ပေသည်။ သူတို့လက်ထဲတွင် လက်နက်မည်မျှ သိမ်းထားသေးသည်ကို တွေးကြည့်ရုံသာတတ်နိုင်၏။ သို့သော် ထိုနတ်ဘုရားတစ်ဝက်လက်နက်သည် ကျင့်ကြံခြင်းအစွမ်းအရကြည့်မည်ဆိုလျှင် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးအဆင့်နှင့် ညီမျှနိုင်ပေသည်။ ယင်းလက်နက်သည် နတ်ဘုရားကပ်ဘေးပထမအဆင့်နတ်လက်နက်ဟု ဆိုနိုင်၏။
ထျန်းယန်မြို့သည် နတ်ဘုရားကပ်ဘေးဒုတိယအဆင့်နတ်လက်နက်ကိုပင် ပြုလုပ်နိုင်စွမ်းရှိလောက်ပေသည်။
သို့သော် ထိုနတ်ဘုရားတစ်ဝက်လက်နက်သည် ရီဖူရှင်း၏ ပစ်မှတ်မဟုတ်ပေ။ နတ်ဘုရားတစ်ဝက်လက်နက်ကိုရရန် တန်ကြေးမတန်တဆပေးရမည်ဖြစ်သည်။ သူ့ဘက်ကလည်း နတ်ဘုရားတစ်ဝက်လက်နက်နှင့် တန်ဖိုးခြင်းတူညီသည့် ရတနာတစ်ခုကို ပြန်ပေးရမည်ဖြစ်သည်။ သူသာ ထိုသို့လုပ်ခဲ့လျှင် သူမည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်ပေသည်။ သူသည် အင်ပါယာအဆင့်နတ်လက်နက်တစ်ခုကိုသာ လိုအပ်ခြင်းဖြစ်သည်။
“ဟမ်...”
ထိုအချိန်တွင် ရီဖူရှင်း၏မျက်နှာထားသည် ထူးဆန်းသွားသည်။ သူသည် နံပါတ်(၁၃)မျှော်စင်အရှေ့ရှိ ကွင်းပြင်ဘေးဘက်တွင် ရပ်နေသောလူတစ်ယောက်ကို တွေ့လိုက်၏။ ထိုစဉ်၌ နောက်ထပ်လူတစ်ယောက် ရှေ့သို့ထွက်လာပြီး ထိုလူကို စိန်ခေါ်လိုက်၏။ သူ့တို့ပတ်ပတ်လည်တွင် ကျယ်လောင်သော ဆွေးနွေးသံတစ်ခု ထွက်ပေါ်လာသည်။
ရီဖူရှင်းသည် ဆွေးနွေးသံများကို ကြားလိုက်သောအခါ အံ့အားသင့်သွား၏။ ကြည့်ရသည်မှာ ပြိုင်ပွဲကို အနိုင်ရလျှင် နတ်ဘုရားတစ်ဝက်လက်နက်ကို ရယူနိုင်ပုံပင်။
ထိုမတိုင်ခင်က နတ်ဘုရားတစ်ဝက်လက်နက်ကို အခြားအဖိုးတန်ရတနာတစ်ခုဖြင့် လဲလှယ်မည်ကို သူစိုးရိမ်နေခဲ့သည်။ ထိုသို့သာဆိုလျှင် သူသည် နတ်ဘုရားတစ်ဝက်လက်နက်ကိုရရန် နတ်ဘုရားတစ်ဝက်ဆေးလုံး သို့မဟုတ် ထိပ်တန်းအဆင့်သိုင်းပညာများကို ပြန်ပေးရမည်ဖြစ်သည်။ သို့သော် သူ၏ခန့်မှန်းမှုသည် မှားယွင်းခဲ့၏။
နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများသည် နတ်ဘုရားတစ်ဝက်လက်နက်ကို ထုတ်ပြခဲ့သည်မှာ လှံသိုင်းများကို အခြားအင်အားစုများနှင့် ယှဉ်ပြိုင်လို၍ဖြစ်သည်။ နတ်ဘုရားတစ်ဝက်လက်နက်သာမဟုတ်ဘဲ အခြားဝိညာဉ်လက်နက်များကိုလည်း ယှဉ်ပြိုင်အနိုင်ယူ၍ ရယူနိုင်ပေသည်။ ဝိညာဉ်လက်နက်များကို လိုချင်သူများသည် အော်ပြော၍ ယှဉ်ပြိုင်ရန် စိန်ခေါ်နိုင်၏။ သူတို့သည် ငွေလှံပျံအဖွဲ့မှ ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထိုပြိုင်ပွဲများတွင် အနိုင်ရသူများထဲမှ နောက်ဆုံးအနိုင်ရသူများကို ဆုံးဖြတ်ရန် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ မတိုင်ခင် သုံးရက်တွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအနိုင်ရသူများသည် နတ်လက်နက်များကို ရယူနိုင်ပေသည်။
ထိုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအားလုံးမှာ ရန်ဟောင်အဆင့်ကျင့်ကြံသူများသာဖြစ်သည်။
ရီဖူရှင်းသည် ထိုအကြောင်းများကိုသိလိုက်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ ချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ တော်ဝင်မြေဆိုသည့်အတိုင်း သူတို့၏ ဆုလာဘ်များသည် ရက်ရောပေသည်။ သူတို့သည် ပွဲတော်ကို ပို၍သက်ဝင်လှုပ်ရှားလာစေရန် နတ်ဘုရားတစ်ဝက်လက်နက်တစ်ခုကိုပင် အမှန်တကယ်အသုံးပြုခဲ့သည်။ နံပါတ်(၁၃)အဖွဲ့နေရာတွင် ကျင့်ကြံသူများစွာ စုဝေးနေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ပေ။
ထို့အပြင် ထျန်းယန်မြို့ရှိ အခြားအဖွဲ့များ၏နေရာတွင်လည်း တူညီသောအဖြစ်အပျက်များ ဖြစ်ပျက်နေပြီး ပွဲတော်ကို ပို၍စည်ကားသက်ဝင်နေစေ၏။
နံပါတ်(၁၃)အဖွဲ့သည် ထိုပြိုင်ပွဲများကို စီစဉ်သည်မှာ လှံသိုင်းများကို တွေ့နိုင်ရန်သာလော။ ရီဖူရှင်းသည် အခြားဖြစ်နိုင်ချေကိုလည်း တွေးတောလိုက်၏။ စိန်ခေါ်သူများသည် ဝိညာဉ်လက်နက်များကို ရယူနိုင်ရန် နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများကို အနိုင်ရရန် လိုအပ်ပေသည်။ ထို့ကြောင့် နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများသည် လောကနေရာအသီးသီးမှ စွမ်းအားကြီးကျင့်ကြံသူများနှင့် တစ်ပွဲပြီးတစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နံပါတ်(၁၃)အဖွဲ့သည် ထိုပွဲကိုစီစဉ်သည်မှာ ပွဲတော်ကို ပို၍စည်းကားသက်ဝင်စေရန်အတွက်သာ မဟုတ်ဘဲ သူတို့အဖွဲ့ဝင်များ၏လှံသိုင်းကို တိုးတက်စေရန်အတွက်လည်းဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံသူများစွာ အတူတကွစုဝေးခြင်းသည် ကြုံတောင့်ကြုံခဲဖြစ်ပေသည်။ ထိုကဲ့သို့စုဝေးမှုသည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ရှိ၏။
ထို့အပြင် ထိပ်တန်းလှံသိုင်းများကို တတ်သည့် ကျင့်ကြံသူများစွာရှိပေသည်။
ရီဖူရှင်းသည် ထိုပြိုင်ပွဲများတွင် ဝင်မပါခဲ့ပေ။ သူသည် ဘေးမှနေ၍သာ ပြိုင်ပွဲများကို တိတ်တဆိတ်လေ့လာနေခဲ့သည်။ စိန်ခေါ်သူများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ စိန်ခေါ်သူများ ပစ်မှတ်ထားသည့် လှံရှည်များအရ သူတို့ယှဉ်ပြိုင်ရမည့် နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများသည်လည်း ကွဲပြားသည်ကို ရီဖူရှင်းသတိပြုမိခဲ့သည်။ နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများသည် အထပ်မြင့်မျှော်စင်၏ အထပ်အသီးသီးမှနေ၍ ပျံထွက်လာကာ စိန်ခေါ်မှုကို လက်ခံပေသည်။
စိန်ခေါ်သူသည် နတ်ဘုရားတစ်ဝက်လက်နက်ကို အလိုရှိလျှင် သူတို့၏ပြိုင်ဘက်သည် မျှော်စင်၏အမြင့်ဆုံးအထပ်မှ ကျင့်ကြံသူတစ်ဦးဖြစ်ပေလိမ့်မည်။ ထိုပြိုင်ဘက်သည် နံပါတ်(၁၃)အဖွဲ့မှ အသန်မာဆုံးကျင့်ကြံသူဖြစ်နိုင်ပေသည်။
စိန်ခေါ်သူများသည်လည်း အလွန်စွမ်းအားကြီးကြသည်။ သူတို့အားလုံးသည် ထပ်သီးအင်အားစုများမှ ကျင့်ကြံသူများဖြစ်သည်။ သို့သော် သူတို့ထဲမှ အနည်းငယ်သာ ပြိုင်ပွဲကို အနိုင်ရခဲ့သည်။
သူတို့သည် သူတို့၏ပြိုင်ဘက်ကို လှံသိုင်းကိုသာအသုံးပြု၍ တိုက်ခိုက်အနိုင်ယူရသည် မဟုတ်ပါလား။ သူတို့သည် မဟာလမ်းစဉ်စက်ကွင်းကိုပင် အသုံးပြု၍မရပေ။ အဘယ်ကြောင့်ဆိုသော် နံပါတ်(၁၃)အဖွဲ့သည် သူတို့၏ လှံသိုင်းကိုသာ ယှဉ်လိုခြင်းဖြစ်သောကြောင့်ပင်။
သို့သော် စိန်ခေါ်သူသည် စွမ်းအားကြီး မဟာလမ်းစဉ်စွမ်းအားရှိခဲ့လျှင် ပြိုင်ပွဲအတွင်း၌ ထိုစွမ်းအားကို သူ၏ လှံသိုင်းထဲသို့ ပေါင်းထည့်နိုင်၏။
ထိုအခိုက်တွင် နောက်ထပ် စွမ်အားကြီးကျင့်ကြံသူတစ်ဦးသည် သူ၏စိန်ခေါ်မှုကို ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် ပွဲကြည့်ပရိသတ်သည် ဆွေးနွေးလိုက်ကြသည်။
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“လှံသိုင်းမှာဆိုရင် နံပါတ်(၁၃)အဖွဲ့က ကျင့်ကြံသူတွေက အမြင့်ဆုံးအဆင့်ကို ရောက်နေပြီပဲ။ နံပါတ်(၁၃)အဖွဲ့ရဲ့ လှံသိုင်းကို ယှဉ်နိုင်တဲ့ကျင့်ကြံသူ နည်းနည်းပဲရှိတယ်”
နောက်ထပ်လူတစ်ယောက်က မှတ်ချက်ပြုလိုက်၏။
“အစွမ်းအထက်ဆုံး လှံသိုင်းကိုတတ်တဲ့သူက အရှင်ဒွန်ဟောင်ရဲ့ တပည့်ရင်း လှံအင်ပါယာတုယူဖြစ်လိမ့်မယ်... ဒီတစ်ခေါက် သူ ထျန်းယန်မြို့ကိုလာမယ်ဆိုတဲ့ ကောလာဟလတွေရှိတယ်။ ကံဆိုးတာက သူက မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားတာပဲ။ မဟုတ်ရင် ဒီနတ်ဘုရားတစ်ဝက်လက်နက်က သေချာပေါက် သူ့အတွက်ပဲ”
“အရှင်ဒွန်ဟောင်ရဲ့ တပည့်ရင်းက နတ်ဘုရားတစ်ဝက်လက်နက်လောက်ကို စိတ်ထဲရှိပါ့မလား...”
ဘေးမှ တစ်စုံတစ်ယောက်က ရွဲ့လိုက်၏။ သူ၏စကားသည် တစ်ဖက်လူကို မကျေမနပ်ဖြစ်သွားစေသည်။ အရှင်ဒွန်ဟောင်၏ တပည့်ရင်းတစ်ဦးထံတွင် ကောင်းမွန်သော နတ်လက်နက်များ ရှိမည်မှာ အမှန်ပင်ဖြစ်သည်။
‘လှံအင်ပါယာတုယူလား...’
ရီဖူရှင်းသည် ထိုစကားများကို ကြားလိုက်သောအခါ အံ့ဩသွားသည်။ သူသည် လှံအင်ပါယာတုယူကို ယခင်က မြင်ခဲ့ဖူးသည်။ ယခင်က လှံအင်ပါယာတုယူသည် မင်းသမီးဒွန်ဟောင်နှင့်အတူ မူလဘုံသို့ လိုက်လာခဲ့သည်။ သူသည် မှော်နက်နန်းတော်မှ နန်းတော်သခင်နှင့်ပင် တိုက်ခိုက်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် လှံအင်ပါယာတုယူသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကိုပင် ကျော်ဖြတ်ခဲ့ပြီးပေပြီ။
သို့သော် ထိုတိုးတက်မှုသည် သာမန်သာဖြစ်သည်။ အရှင်ဒွန်ဟောင်၏ တပည့်ရင်းသည် ထိုသို့အရည်အချင်းမရှိမှသာ ထူးဆန်းနေမည်ဖြစ်သည်။
သူသည် သေချာပေါက် လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမည်။
ယခုတွင် ရီဖူရှင်းသည် ကျင့်ကြံခြင်းလောကအကြောင်းကို ပို၍နားလည်လာပြီဖြစ်သည်။
ကောင်းကင်ဒေသအင်ပါယာနန်းတော်၏ နတ်စစ်သူကြီးကိုးဦးနှင့် မှော်နက်နန်းတော်သခင်သည် အစွမ်းအကြီးဆုံးလူများမဟုတ်ကြောင်း သူသိ၏။ မူလဘုံတွင် ပရမ်းပတာမဖြစ်လာခင်က နတ်ဆိုးလောကသည် နတ်ဆိုးအိုတွမ့်ထျန်းနှင့် နတ်ဆိုးသူတော်စင်တို့ကို စေလွှတ်ခဲ့သည်။
ဒွန်ဟောင်အင်ပါယာနန်းတော်မှ ဖုန်းရူလည်းရှိပေသေးသည်။ သူသည် နတ်စစ်သူကြီးကိုးဦးထဲမှ မဟုတ်ပေ။
နတ်စစ်သူကြီးကိုးဦးသည် ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ထိပ်သီးများထဲမှ ဖြစ်သည်ဟု ရီဖူရှင်း သုံးသပ်ခဲ့သည်။ အနည်းဆုံးအနေဖြင့် စွမ်းအားအကြီးဆုံး စစ်သူကြီးသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူဖြစ်ရပေမည်။ သူတို့အထက်တွင် အခြား ထိပ်သီးများရှိပေသေးသည်။ ထိုထိပ်သီးများသည် အင်ပါယာနန်းတော်တွင် အမှန်တကယ် အစွမ်းအကြီးဆုံးသူများဖြစ်ပေသည်။ သူတို့သည် မဟာအင်ပါယာ၏ တိုက်ရိုက်အမိန့်အောက်တွင်ရှိပြီး နန်းတော်တွင် အမှန်တကယ် အရေးပါသူများဖြစ်သည်။
ရီဖူရှင်းသည် ထိုသို့တွေးမိသွားသောအခါ ရှေ့သို့လျှောက်သွားပြီး ပြိုင်ပွဲကွင်းဆီသို့ သွားလိုက်၏။ သူသည် ထိုနတ်ဘုရားတစ်ဝက်လက်နက် ငွေလှံပျံကို အရင်ဆုံး ရယူရပေမည်။