အတင်းအဖျင်းများ
Vol. 178 Ch. 2549
ရီဖူရှင်း ရှေ့သို့ထွက်သွားသောအခါ နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူတစ်ဦးသည် သူ့ကို ပြုံးလျှက်ခေါင်းညိတ်ပြလိုက်၏။
ရီဖူရှင်းသည် လှံရှည်များအလယ်ရှိ နတ်ဘုရားတစ်ဝက်လက်နက် ငွေလှံရှည်ကို လက်ညှိုးညွှန်ပြလိုက်၏။ ထို့ကြောင့် လူများစွာသည် သူ့ကိုအာရုံစိုက်သွားကြသည်။ နတ်ဘုရားတစ်ဝက်လက်နက်အတွက် စိန်ခေါ်ဝံ့သူများသည် စွမ်းအားကြီးသူများပင် ဖြစ်၏။
“သူက ဘယ်သူလဲ”
လူအုပ်ထဲမှ လူများသည် တီးတိုးပြောဆိုနေကြ၏။
“ငွေရောင်အဝတ်အစားတွေနဲ့ ငွေရောင်မျက်နှာဖုံး... ပြီးတော့ ထူးကဲတဲ့ဟန်ပန်လည်းရှိတယ်။ ဒီခံ့ညားတဲ့သူက ဘယ်သူလဲ... ဘယ်ကလာတာလဲ”
“ကျွန်တော်တို့ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူတစ်ဦးက မေးလိုက်၏။
“ငွေလှံချန်ခုန်း”
ရီဖူရှင်းသည် သူ့ကိုမည်သူမှ မသိစေရန် နာမည်တုကို သုံးလိုက်၏။
သူ့အရှေ့ရှိ အထပ်(၁၃)ထပ်ပါသည့် မျှော်စင်၏ (၁၃)ထပ်မြောက်မှနေ၍ လူတစ်ယောက်ပျံဆင်းလာပြီး ကွင်းပြင်ထဲတွင် ဆင်းသက်လိုက်၏။ ရီဖူရှင်းသည် ထိုလူနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်အထိ တိုက်ပွဲကွင်းထဲသို့ လျှောက်သွား၏။ သူ့ပတ်ပတ်လည်တွင် ငွေရောင်အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး သူတို့ရှိနေသောနေရာကို ဝန်းရံကာလိုက်၏။
တိုက်ပွဲကွင်းပြင်သည် ကျယ်ဝန်းသော်လည်း သူတို့၏အဆင့်ရှိသည့် လူများအတွက် အတော်လေးသေးသည်ဟု ဆိုနိုင်ပေသည်။ သို့သော် နံပါတ်(၁၃)အဖွဲ့၏ပြိုင်ပွဲသည် လှံသိုင်းများကို လေ့လာရန်ဖြစ်ကာ တိုက်ခိုက်မှုကို တိုက်ခိုက်မှုဖြင့် ပြန်၍ခုခံရမည်ဖြစ်သည်။ ထို့ကြောင့် လှံသိုင်းပြိုင်ပွဲသည် နေရာများစွာ မလိုပေ။
“ကျုပ်က နံပါတ်(၁၃)အဖွဲ့က ငွေလှံဝမ်ယန်လို့ ခေါ်ပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်”
ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်ရပ်နေသော လူသည် အသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ငွေလှံရှည်ကို ကိုင်ထား၏။ သူသည် လှံတစ်ချောင်းကဲ့သို့ စူးရှ၍ ရပ်တန့်၍မရနိုင်သော အရှိန်အဝါကိုထုတ်လွှတ်နေပြီး အကြောက်တရားကင်းမဲ့စွာ ရပ်နေ၏။
ရီဖူရှင်း လက်တစ်ဖက်ဆန့်တန်းလိုက်၏။ ရုတ်ခြည်းပင် သူ၏လက်ထဲတွင် မဟာလမ်းစဉ်စွမ်းအားများ စုစည်းလာပြီး ငွေလှံရှည်တစ်ချောင်းဖြစ်ပေါ်လာသည်။ သူသည် လှံရှည်ကိုကိုင်၍ ဝမ်ယန်ကိုကြည့်ကာ ပြောလိုက်၏။
“ကျုပ်လည်း တွေ့ရတာဝမ်းသာပါတယ်”
သူ၏အသံပျောက်ကွယ်သွားသောအခါ ရီဖူရှင်း၏ခန္ဓာကိုယ်သည် လွန်စွာစူးရှလာသည်ဟု ထင်ရပေသည်။ ၎င်းသည် ငွေလှံရှည်နှင့် ပေါင်းစည်းသွားပြီး လှံသည်လူ၊ လူသည်လှံဖြစ်နေသည်။ သူဝတ်ဆင်ထားသော ငွေရောင်ဝတ်ရုံသည် လေထဲတွင် ဝဲလွင့်နေပြီး သူသည် ဤလောကမှမဟုတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရ၏။
ထိုတဒင်္ဂအတွင်းမှာပင် ဝမ်ယန်သည် စွမ်းအားကြီးပြိုင်ဘက်နှင့် ရင်ဆိုင်တွေ့ရပြီဖြစ်သည် သဘောပေါက်သွားသည်။ သူ၏မျက်နှာထားသည် လွန်စွာမှုံမှိုင်းလာ၏။
သူ့လက်ထဲတွင်ကိုင်ထားသော လှံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါလှိုင်းများ ထွက်လာ၏။ သူသည် ရှေ့သို့လျှောက်လာပြီး လေထဲသို့ လှံဖြင့် တစ်ချက်ထိုးလိုက်၏။ လေထုသည် တုန်ခါလှုပ်ယမ်းသွားပြီး အားကောင်းသော အဟုန်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
သို့သော် ဝမ်ယန်သည် တိုက်ရိုက်မတိုက်ခိုက်လိုက်ပေ။ ထိုအစား သူသည် လေထဲကိုသာ လှံချက်တစ်ချက်ပြီးတစ်ချက် အဆက်မပြတ်ထိုးသွင်းလိုက်၏။ လှံချက်တစ်ချက် ထိုးသွင်းလိုက်တိုင်း အဟုန်လှိုင်းသည် ပို၍အားကောင်းလာသည်။ အဟုန်လှိုင်းသည် ဆတိုးအားကောင်းလာသကဲ့သို့ဖြစ်ပြီး နောက်လှိုင်းများသည် အရင်လှိုင်းများအပေါ် အလွှာလိုက်ထပ်နေ၏။
“ဘုံ(၁၃)ဆင့်လှံသိုင်း”
လူအားလုံးသည် ဝမ်ယန်ထုတ်သုံးလိုက်သော သိုင်းမှာ အဆင့်မြင့်သိုင်းတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ထို့အပြင် ဝမ်ယန်သည် အလွန်သတိကြီးကြီးထားနေပုံလည်းပေါ်ပြီး လက်ရည်စမ်းအကွက်များကိုပင် ထုတ်မသုံးတော့ဘဲ တစ်ခါတည်းအဆင့်မြင့်သိုင်းကို ထုတ်သုံးတော့မည့်ပုံပင်။ သူသည် လှံချက်တစ်ချက်ပြီးတစ်ချက်ဖြင့် သူ့လှံသိုင်း၏စွမ်းအားကို မြှင့်နေပေသည်။
ဘုံ(၁၃)ဆင့်လှံသိုင်း၏ စွမ်းအားအစစ်အမှန်သည် နောက်ပိုင်းလှံချက်များပေါ်တွင် မူတည်ပေသည်။ လှံချက်များများ ထုတ်နိုင်လေလေ၊ ပို၍စွမ်းအားကြီးလာလေလေပင်။ ထိုလှံသိုင်းကို တီထွင်ခဲ့သောသူပင် လှံချက်(၁၂)ချက်အဆင့်အထိသာ ရောက်နိုင်ခဲ့သည်ဟု ဆိုကြသည်။ သူ့သက်တမ်းတစ်လျှောက်တွင် သူသည် (၁၃)ချက်မြောက် လှံချက်ကို တစ်ကြိမ်သာသုံးခဲ့သည်။ ထိုလှံချက်ကိုထုတ်သုံးခဲ့သောအခါတွင်လည်း ကောင်းကင်နှင့်မြေကြီးသည် နတ်ဘုရားများ၊ မိစ္ဆာများ ငိုကြွေးသကဲ့သို့ မြည်ဟည်းခဲ့သည်။ သူသည်လည်း (၁၃)ချက်မြောက် လှံချက်ကို ထုတ်သုံးပြီးနောက် အံ့အားသင့်ဖွယ်ပေါက်ကွဲမှုကြီးတစ်ခုနှင့်အတူ သေဆုံးပျောက်ကွယ်သွားခဲ့သည်။
ရီဖူရှင်းသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေပြီး သူ့ကိုတစ်ချက်ပြီးတစ်ချက်ရိုက်ခတ်နေသည့် စွမ်းအားကြီးအဟုန်လှိုင်းများကို ခံစားနေရသည်။ ဧရာမအဖျက်စွမ်းအားလှိုင်းများသည် ထိုကဲ့သို့ ကျဉ်းမြောင်းသောနေရာထဲတွင် ဖိနှိပ်ကာ လေထုကို မွန်းကြပ်စေပြီး မဟာလမ်းစဉ်ကို ဖျက်ဆီးနေ၏။ ထိုသို့ဝန်းရံပိတ်ဆို့ခံထားရသည့် နေရာထဲတွင် ထိုကဲ့သို့သော လှံသိုင်းသည် အမှန်ပင် စွမ်းအားကြီးပေသည်။
ပို၍အရေးကြီးသည်မှာ လှံသိုင်း၏ စွမ်းအားသည် ဆက်၍ ဆတိုး တိုးမြင့်နေခြင်းပင်။
သို့သော် ဝမ်ယန်၏ပြိုင်ဘက်သည် ရီဖူရှင်းဖြစ်နေခြင်းမှာ စိတ်မကောင်းစရာပင်။ အတိုက်သိုင်း ကျင့်ကြံခြင်းတွင် စွမ်းအားများသည် အထောက်အကူဖြစ်ပေသည်။ သို့သော် အကြွင်းမဲ့စွမ်းအား၏ရှေ့မှောက်တွင်မူ ထိုစွမ်းအားများသည် လုံးဝအသုံးမဝင်ချေ။
ရီဖူရှင်း ခေါင်းမော့လိုက်ပြီး သူ၏လှံကို ပစ်လွှတ်လိုက်၏။
လူနှင့်လှံသည် တစ်ကိုယ်တည်းဖြစ်နေသည့်အလား တစ်သားတည်းကျနေပြီး အလင်းနှင့်လျှပ်စီးကဲ့သို့ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။
ဝုန်း...ဝုန်း...ဝုန်း...
ခပ်အုပ်အုပ် ထိခတ်သံများကို ကြားလိုက်ရပြီး ထိုအဟုန်လှိုင်းများသည် ထိုအလင်းတန်း၏ တွန်းထုတ်ဖယ်ရှားမှုကိုခံလိုက်ရသည်။ ရုတ်ခြည်းအတွင်းမှာပင် ငွေလှံရှည်သည် ဝမ်ယန်၏ မျက်ခုံးနှစ်ခုကြားတည့်တည့်သို့ ရောက်ရှိသွား၏။
တစ်ချက်တည်းသာ ထုတ်သုံးလိုက်ရ၏။
အကြွင်းမဲ့သိမြင်မှုနှင့် အကြွင်းမဲ့စွမ်းအားရှေ့မှောက်တွင် အခြားစွမ်းအားများသည် မည်သို့မှအသုံးမဝင်ပေ။ မဟာလမ်းစဉ်များနှင့် နည်းလမ်းများအားလုံးသည် ဆက်စပ်နေသည်။ ရီဖူရှင်း၏ ရိုးရှင်းသော လှံချက်သည်ပင် အရိုးရှင်းဆုံး၊ အသန့်စင်ဆုံး မဟာလမ်းစဉ်ဖြစ်သည်။ လူနှင့်လှံသည် မဟာလမ်းစဉ်နှင့် တစ်သားတည်းကျနေပေသည်။ ထိုလှံချက်အတွင်း၌ ဝှက်ထားသော စွမ်းအားကိုအသုံးမပြုခဲ့လျှင်ပင် ယင်းလှံချက်သည် ဝမ်ယန်တစ်ယောက် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ယှဉ်နိုင်မည့်လှံချက်မဟုတ်ပေ။ သူတို့နှစ်ဦးအကြားရှိ ကွာခြားမှုသည် အလွန်ကြီးမားပေသည်။
ရီဖူရှင်း၏နောက်တွင် အဟုန်လှိုင်းများ ပေါက်ကွဲသွားသဖြင့် ဖြစ်ပေါ်လာသော လှိုင်းများရှိနေပေသေးသည်။ ထိုလှိုင်းများသည် သူတို့ကိုကာရံထားသော အလင်းလွှာကိုပင် ရိုက်ခတ်နေပြီး ၎င်းအလင်းလွှာကို အပြင်းအထန်တုန်ခါနေစေ၏။ ခေတ္တမျှကြာသောအခါမှ ထိုလှိုင်းများပျောက်ကွယ်သွား၏။ ဝန်းရံကာထားသော အလင်းလွှာသည်လည်း ၎င်းလှိုင်းများနှင့်အတူ ပျောက်ကွယ်သွားသည်။
ဝမ်ယန်၏အကြည့်များသည် သူ့ရှေ့ရှိ ငွေရောက်မျက်နှာဖုံးပေါ်သို့သာ ကျရောက်နေသည်။
တစ်ချက်...
သူ့ကဲ့သို့ နံပါတ်(၁၃)အဖွဲ့မှ ထိပ်သီးအဆင့်ရန်ဟောင်ကျင့်ကြံသူတစ်ဦးပင် ထိုလှံသိုင်း၏ လှံချက်တစ်ချက်ကို မခုခံနိုင်ခဲ့ပေ။ ထိုလှံချက်တစ်ချက်ဖြင့်ပင် သူနှင့် သူ့ပြိုင်ဘက်အကြားရှိ စွမ်းအားကွာခြားမှုနှင့်၊ သူ၏ ကျင့်ကြံခြင်းအပေါ်သိမြင်နားလည်မှုသည် သူ့ပြိုင်ဘက်နှင့် အဆင့်မတူကြောင်းတို့ကို သူခံစားလိုက်ရသည်။
အထပ်(၁၃)ထပ်ရှိသော မျှော်စင်မှ ကျင့်ကြံသူများစွာသည် ထရပ်လိုက်ကြပြီး ငုံ့ကြည့်လိုက်ကြသည်။ သူတို့၏မျက်ဝန်းများသည် စူးရှလာပြီး ထိုမျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။ လာရောက်စိန်ခေါ်သူများထဲမှ များစွာသည် အနိုင်မရဘဲ ရှုံးနိမ့်မှုနှင့်သာ အဆုံးသတ်သွားသည်က များ၏။ လူအနည်းငယ်သာ ဘုံ(၁၃)ဆင့်လှံသိုင်းကို ယှဉ်နိုင်ပေသည်။ သို့သော် လှံချက်တစ်ချက်တည်းဖြင့် ယှဉ်နိုင်သူကိုတော့ သူတို့မတွေ့ခဲ့ဖူးပေ။
ထိုလှံချက်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း လှံချက်ထဲတွင် မဟာလမ်းစဉ်၏ရိုးရှင်မှု ပါဝင်ပုံပေါ်၏။ ထိုလှံချက်သည် အခြေခံလှံချက်တစ်ခုကဲ့သို့ပင်။
“တော်တော် အံ့အားသင့်စရာကောင်းတဲ့ လှံချက်ပဲ...”
အကြီးအကဲတစ်ဦးက ချီးကျူးလိုက်၏။
“အခုလို ချီးကျုးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရီဖူရှင်းလက်ထဲရှိ ငွေလှံရှည်သည် မဟာလမ်းစဉ်အဖြစ် ပြန်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။
“ခင်ဗျားရဲ့ လှံသိုင်းက အထင်ကြီးစရာပဲ။ ကျုပ် ချီးကျုးပါတယ်”
ဝမ်ယန်သည် သူ၏လှံကိုသိမ်းလိုက်ပြီး ရီဖူရှင်းကို အနည်းငယ်ဦးညွှတ်လိုက်၏။ ထျန်းယန်မြို့၏ ကြီးကျယ်ခမ်းနားသောပွဲသို့ အနယ်နယ်အရပ်ရပ်မှ စွမ်းအားကြီးကျင့်ကြံသူများ လာရောက်သည်ဆိုခြင်းမှာ အမှန်ပင်ဖြစ်သည်။ သူသည် သူ့ရှေ့ရှိလူ၏အမည်ကို တစ်ခါမှမကြားဖူးပေ။ သို့သော် ထိုလူသည် အတော်လေးအံ့အားသင့်စရာကောင်းပေသည်။
ဝမ်ယန်သည် သူ၏ဘုံ(၁၃)ဆင့်လှံသိုင်းသည် ခမ်းနားထည်ဝါသော်လည်း အကာသာရှိ၍အနှစ်မရှိသော သိုင်းပညာတစ်ခုဟု ပထမဆုံးအကြိမ် တွေးမိသွား၏။
သို့သော် ဘုံ(၁၃)ဆင့်လှံသိုင်းက အစွမ်းမထက်ခြင်းမဟုတ်ပေ။ သူသည် သူ့ထက်များစွာပိုသန်မာသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ခဲ့ရခြင်းသာဖြစ်သည်။
“ဆွေးနွေးစရာလေးတစ်ခုအတွက် အစ်ကိုချန်ခုန်း မျှော်စင်ပေါ်ကို လိုက်လာပေးနိုင်မလားခင်ဗျာ”
ဝမ်ယန်က ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။ သူသည် လှံချက်တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခြင်းကြောင့် ဒေါသမထွက်နေပေ။ အဘယ်ကြောင့် နံပါတ်(၁၃)အဖွဲ့သည် နတ်ဘုရားတစ်ဝက်လက်နက်ကို ဆုလာဘ်တစ်ခုအနေဖြင့် အသုံးပြု၍ အနယ်နယ်၊ အရပ်ရပ်မှ လှံသိုင်းများကို များနိုင်သမျှ များများကြည့်နိုင်သော အခွင့်အရေးကို ဖန်တီးခဲ့ရသနည်း။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုထိပ်တန်းအဆင့် လှံသိုင်းများကိုကြည့်၍ သင်ယူ၊ တုပကာ သူတို့၏ကိုယ်ပိုင်လှံသိုင်းကို အဆင့်မြှင့်တင်လို၍ ဖြစ်၏။ ထိုရည်ရွယ်ချက်ကြောင့် သူတို့သည် အစွမ်းထက်လှံသိုင်းအမျိုးမျိုးကို များနိုင်သမျှများများ ကြည့်ရှုလိုနေကြခြင်းပင်။ သို့သော် ရီဖူရှင်း၏လှံသိုင်းသည် သူသိသောလှံသိုင်းအားလုံးထက် အပြတ်အသတ်သာလွန်ပေသည်။ ထိုလှံသိုင်း၏ကြီးကျယ်မှုကို သူ၏သိမြင်နားလည်မှုအဆင့်ဖြင့် အလုံးစုံမသိရှိနိုင်ပေ။
“ကျေးဇူးတင်ပါတယ်... ကျုပ် မလိုက်တော့ပါဘူး။ ကျုပ်က တစ်ကိုယ်တော်လှုပ်ရှားတာ အကျင့်ဖြစ်နေပါပြီ။ အချိန်ကျရင် ကျုပ် ငွေလှံကို လာယူမယ်”
ရီဖူရှင်းသည် ထိုနတ်ဘုရားတစ်ဝက်လက်နက်က သူ့အပိုင်ဖြစ်လာမည်မှာ သေချာနေသကဲ့သို့ ပြောလိုက်၏။ သူ့ပတ်ပတ်လည်မှလူများသည် ထိုဝင့်ဝါသောစကား၏နောက်ကွယ်ရှိ သူ၏ယုံကြည်မှုကို ခံစားလိုက်ရသည်။
“ငွေလှံချန်ခုန်းက ဘယ်မှာကျင့်ကြံတယ်ဆိုတာ ကျုပ်မေးလို့ရမလား”
မျှော်စင်ပေါ်ရှိ အကြီးအကဲတစ်ဦးက ရီဖူရှင်းကိုကြည့်၍ စိတ်ဝင်တစားမေးလိုက်၏။
“ဒီလှံသိုင်းက ကျုပ်ဘာသာ တီထွင်ထားတာပါ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“ကိုယ့်ဘာသာ တီထွင်ထားတာလား”
အဘိုးအိုသည် လေသံတိုးတိုးဖြင့် အံ့ဩတကြီးရေရွတ်လိုက်၏။
“ကျုပ် ချီးကျူးပါတယ်။ ချန်ခုန်းရဲ့ လှံသိုင်းက ရှားပါးပြီး ထူးခြားတာပဲ။ မဟာအင်ပါယာရဲ့ တပည့်ရင်းဖြစ်တဲ့ လှံအင်ပါယာကလည်း ပြိုင်ဘက်ကင်းလှံသိုင်းကို တတ်တယ်လို့ ကျုပ်ကြားတယ်။ ဒါပေမဲ့ ကျုပ်က ကံမကောင်းတော့ အဲဒီလှံသိုင်းကို မမြင်ဖူးသေးဘူး။ နတ်စစ်သူကြီးတုယူက အခု မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီဆိုတော့ ဆိုးတာပဲ... ကျုပ်တော့ သူ့ရဲ့ လှံသိုင်းကို ဘယ်တော့မှ မြင်နိုင်တော့မှာ မဟုတ်ပါဘူး”
“လှံအင်ပါယာတုယူ...”
ရီဖူရှင်း ရေရွတ်လိုက်၏။
“သူက တော်တော်သန်မာလို့လား”
အဘိုးအိုသည် တစ်စက္ကန့်မျှ မှင်တက်သွားသည်။ ထို့နောက် သူပြုံးလျှက် ဆက်ပြောလိုက်၏။
“မဟာအင်ပါယာဒွန်ဟောင်ရဲ့ တပည့်ရင်းဆိုတော့ သေချာပေါက် အတော်လေးသန်မာတာပေါ့။ သူ့ရဲ့လှံသိုင်းတစ်ခုတည်းနဲ့တင် ကောင်းကင်ဒေသမှာ သူ့ကိုယှဉ်နိုင်တဲ့သူ သိပ်မရှိတော့ဘူး။ လှံအင်ပါယာတုယူ သူ့ရဲ့လှံကိုပစ်လွှတ်လိုက်ရင် လောကထဲက ဘယ်လှံကိုမှ လှံလို့မသတ်မှတ်နိုင်တော့ဘူးလို့ ပြောကြတယ်”
“ကျုပ် နားလည်ပြီ...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“ကျုပ်လည်း အခွင့်အရေးရရင် အဲ့လှံသိုင်းကို ကိုယ်တိုင်မြင်ချင်ပါသေးတယ်။ အခုတော့ သွားပါတော့မယ်... နောက်မှတွေ့ကြတာပေါ့”
သူသည် ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ ထွက်သွား၏။
သူသည် ခပ်တန်းတန်းသာ ပြောဆိုဆက်ဆံပြီး ထီမထင်ဟန်ရှိ၏။
လူများစွာသည် ထွက်ခွာသွားသော သူ့ပုံစံကိုကြည့်၍ အလွန်အံ့အားသင့်သွားကြသည်။ ထိုလူသည် ပြောင်မြောက်သော လှံသိုင်းကို တတ်ရုံသာမက ချည်းကပ်ရန်မလွယ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကွဲနေ၏။ သူသည် အခွင့်အရေးရလျှင် လှံအင်ပါယာ၏ လှံသိုင်းကို ကိုယ်တိုင်တွေ့ကြုံလိုသေးသည်ဟုပင် ပြောသွား၏။
လူအားလုံးသည် သူထုတ်သုံးသွားသည့် လှံချက်ကိုကြည့်၍ သူသည် အလွန်စွမ်းအားကြီးသူတစ်ဦးဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော် လှံအင်ပါယာသည်လည်း မည်သူပေနည်း။ မဟာအင်ပါယာဒွန်ဟောင်၏ တပည့်ရင်းဖြစ်သော လှံအင်ပါယာသည် သူ့ကို အလေးအနက်ပင်ထားမည်မဟုတ်ပေ။
“ဒီလူ နတ်ဘုရားတစ်ဝက်လက်နက်ကို ရသွားနိုင်ချေ ဘယ်လောက်ရှိလဲ”
မျှော်စင်ပေါ်မှ အဘိုးအိုကို တစ်စုံတစ်ယောက်က မေးလိုက်၏။
“ဝင်ပြိုင်တဲ့သူတွေထဲမှာ အံ့အားသင့်ရလောက်တဲ့ပါရမီရှင်တွေ၊ ထိပ်သီးတွေ အများကြီးပါတယ်ဆိုပေမယ့် ကျုပ်တို့ ခုနကမြင်ခဲ့ရတဲ့ လှံချက်က တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ။ ကျုပ်ရဲ့ခန့်မှန်းချက်အရဆို နတ်ဘုရားတစ်ဝက်လက်နက်ကို သူရယူနိုင်မယ့်အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်းရှိတယ်လို့ထင်တယ်”
အဘိုးအိုက ဆက်ပြောလိုက်၏။
“ငွေလှံချန်ခုန်း... သူ့နာမည်ကို မှတ်ထားပါ။ ဒီကြီးကျယ်ခမ်းနားတဲ့ပွဲမှာ လူတွေအများကြီး နာမည်ကျော်လာလိမ့်မယ်... သူကလည်း အဲဒီထဲက တစ်ယောက်ဖြစ်လိမ့်မယ်”
ရီဖူရှင်းသည် သူ့ကို အခြားသူများ မည်သို့ထင်မည်ကို လုံးဝဂရုမစိုက်ပေ။ သူတို့သည် ကျော်ကြားမှုအကြောင်းပြောလိုလျှင် လက်ရှိတွင် ကောင်းကင်ဒေသ၌ “ရီဖူရှင်း” ဟူသောအမည်ထက် ပိုကျော်ကြားသောအမည် မည်မျှရှိပါသနည်း။
သူထိုလှံကို လိုချင်ရသည့်အကြောင်းအရင်းမှာ နတ်ဘုရားတစ်ဝက်လက်နက်တစ်ခုကို တန်ကြေးပေးစရာမလိုဘဲ ရရှိနိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် ဝင်မပြိုင်ရမည်နည်း။ ထို့အပြင် ဒုတိယအကြောင်းမှာ သူသည် သူ့ကိုယ်သူ လှံသိုင်းကျွမ်းကျင်၍ မောက်မာသောလှံအင်ပါယာ ငွေလှံချန်ခုန်းအဖြစ် ဟန်ဆောင်ထားနိုင်သောကြောင့်ဖြစ်သည်။
သူ၏လှံချက်သည် နံပါတ်(၁၃)အဖွဲ့ထဲတွင် အနည်းငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသော်လည်း ယနေ့ထျန်းယန်မြို့ထဲတွင် ထိုကိစ္စသည် ကိစ္စကြီးမဟုတ်ပေ။ ယခုတွင် မရေမတွက်နိုင်အောင်များပြားသော စွမ်းအားကြီးကျင့်ကြံသူများသည် ထျန်းယန်မြို့သို့ ရောက်ရှိနေကြပေသည်။
ရီဖူရှင်းသည် နံပါတ်(၁၃)အဖွဲ့နေရာမှ ထွက်ခွာလာပြီးနောက် သေရည်သောက်ရန် ထျန်းယန်မြို့အတွင်းရှိ သေရည်ဆိုင်တစ်ဆိုင်သို့ သွားခဲ့သည်။ သေရည်ဆိုင်ထဲတွင် အတင်းအဖျင်းမျိုးစုံကို ကြားရလေ့ရှိပေသည်။
သူသည် သေရည်ဆိုင်၏ ထောင့်တစ်နေရာရှိ ပြတင်းပေါက်ဘေးတွင်ထိုင်ကာ ပြတင်းပေါက်ကိုမှီနေလိုက်၏။ သူသည် ပြတင်းပေါက်မှတဆင့် သွားနေ၊ လာနေသူများကို မြင်နိုင်ပေသည်။ လမ်းပေါ်မှလူများနှင့် သူ့ဘေးရှိ သေရည်ဆိုင်ထဲမှလူများသည် ထျန်းယန်မြို့တွင်ကျင်းပနေသော ကြီးကျယ်ခမ်းနားသည့်ပွဲတော်အကြောင်းကိုသာ ပြောနေကြ၏။ လက်ရှိတွင် ထျန်းယန်မြို့ထဲ၌ ထိုအကြောင်းသည်သာ ပြောရန် ထိုက်တန်သောအကြောင်းအရာတစ်ခုကဲ့သို့ လူတိုင်း ထိုအကြောင်းကိုသာ ပြောနေသည်။
“ဒီတစ်ခေါက် မင်းသမီးဒွန်ဟောင် ကိုယ်တိုင်လာမယ်လို့ ငါကြားတယ်”
သေရည်ဆိုင်ထဲမှ လူအချို့သည် စကားစမြည်ပြောနေကြ၏။ ဤသေရည်ဆိုင်သည် ဆိုင်ကြီးတစ်ဆိုင်မဟုတ်ပေ။ ဆိုင်ကြီးများသည် လူပြည့်နေပြီဖြစ်သည်။ ထို့ကြောင့် ဤသေရည်ဆိုင်တွင် စုဝေးနေသော ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်ပေ။ ထို့အပြင် ဤနေရာမှ သတင်းများသည် အတင်းအဖျင်းပိုဆန်၏။
“လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ပွဲကြည့်ဖို့ နတ်စစ်သူကြီးတစ်ယောက် ရောက်လာခဲ့တယ်။ ဒီတစ်ခေါက် မင်းသမီးကိုယ်တိုင် လာမှာလား”
“အင်း... မင်းသမီးဒွန်ဟောင်က အရွယ်ရောက်တာကြာပြီ သူ့ရဲ့ကျင့်ကြံခြင်းကလည်း အောင်မြင်ချောမွေ့နေတယ်။ သူက တစ်ချိန်လုံး ကျင့်ကြံရေးနဲ့ပဲ အလုပ်ရှုပ်နေတာပဲ... အခု သူ့အနေနဲ့ ဘဝလက်တွဲဖော်ရွေးချယ်ဖို့ အချိန်တန်ပြီလေ။ ဒီကိစ္စမှာ ထျန်းယန်မြို့က အခွင့်အရေးကောင်းကောင်းရှိမယ်လို့ ပြောကြတယ်”
“ဘာလို့ ထျန်းယန်မြို့လဲ”
“တွေးကြည့်စမ်းပါ... အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို အုပ်စိုးတယ်ဆိုပေမယ့် ရှေးဟောင်နတ်ဘုရားကလန်တော်တော်များများက သူ့ရဲ့တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘူး... ပြီးတော့ သူ့မှာ ချပ်ဝတ်လက်နက် ကောင်းကောင်းပြုလုပ်နိုင်တဲ့ ထိပ်တန်းအင်အားစုတွေမရှိဘူး။ တကယ်လို့ ထျန်းယန်မြို့ကိုသာ သူ့ဘက်ပါအောင် စည်းရုံးနိုင်ခဲ့ရင် အင်ပါယာနန်းတော်ကို ပိုပြီးအင်အားတောင့်တင်းလာစေမှာ အသေအချာပဲ။ အဲဒါကြောင့် ထျန်းယန်မြို့ကနေ သမက်ရွေးဖို့ ဖြစ်နိုင်ချေများနေတာပဲ”
“ထျန်းယန်မြို့က ဝမ်မြန်လား...”
တစ်စုံတစ်ယောက်က မေးလိုက်၏။
“ဝမ်မြန်ဟုတ်လား...”
စကားပြောသူသည် ရွဲ့တဲ့တဲ့ဟန်ဖြင့် ပြောလိုက်၏။
“မင်းအဲလိုပြောလိုက်ကတည်းက မင်း အခြေအနေတွေကို ဘာမှမသိဘူးဆိုတာ ငါတို့သိလိုက်ပြီ။ ဝမ်မြန်က အဆင့်နိမ့်ကမ္ဘာတွေမှာရှိတဲ့ မူလဘုံကနယ်မြေတွေကိုသွားခဲ့တုန်းက အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်မလား။ မင်းသမီးဒွန်ဟောင်လို အဆင့်အတန်းမြင့်တဲ့သူက သူ့ကိုဘယ်စဉ်းစားမလဲ”
“သူက ရီဖူရှင်းနဲ့တိုက်ပွဲမှာ ရှုံးသွားတာမလား”
“ဟုတ်တယ်... အဲ့တုန်းက ရှေးဟောင်းနတ်ဘုရားကလန်က ထိပ်သီးတွေအများကြီး ပူးပေါင်းခဲ့ပေမယ့် ရီဖူရှင်းရဲ့လက်ချက်နဲ့ မရှုမလှရှုံးသွားတာပဲ။ ဝမ်မြန်လည်း အဲဒီတိုက်ပွဲမှာပါခဲ့တယ်”
အစောပိုင်းက ပြောလိုက်သောသူက ဆက်ပြောလိုက်၏။
“ဝမ်မြန်က နောက်ကျရင် ထျန်းယန်မြို့ရဲ့ မြို့သခင်ဖြစ်လာလိမ့်မယ်လို့ လူတွေအများကြီးက ထင်ကြတယ်။ ဒါပေမဲ့ အမှန်တော့ ဝမ်မြန်က အမြဲတမ်းနံပါတ်နှစ်ပဲ။ ထျန်းယန်မြို့ရဲ့ ဆက်ခံသူအစစ်အမှန်က ကျင့်ကြံခြင်းအပေါ်မှာပဲအာရုံစိုက်ပြီးတော့ သိုသိုသိပ်သိပ်ပဲ နေတတ်တယ်... သူဘယ်လောက် သန်မာတယ်ဆိုတာ အပြင်လူတွေမသိကြဘူး။ ငါရထားတဲ့ သတင်းတွေအရ သူက မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကိုတောင် ကျော်ဖြတ်ပြီးပြီတဲ့... ပြီးတော့ သူက နတ်ဘုရားတစ်ဝက်လက်နက်တွေကိုတောင် ပြုလုပ်နိုင်တယ်။ ဒီချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ ထျန်းယန်မြို့က ကောင်းကင်ဒေသက အင်အားစုအကုန်လုံးကို ဖိတ်ကြားခဲ့တာက သူနာမည်ရလာအောင် လုပ်ဖို့ပဲ။ သူက ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ ပထမရပြီးတော့ လောကတစ်ခွင်မှာ ကျော်ကြားလာအောင်လို့ပဲ”
“ထျန်းယန်မြို့ရဲ့ မြို့သခင်ရုံးတော်က ဝမ်မျိုးနွယ်တွေက အမြဲတမ်း တော်တော်လေး ပွင့်လင်းမြင်သာမှုရှိတာပဲ... ဒါပေမဲ့ သူတို့က အဲ့လိုလူတစ်ယောက်ကို လျှို့ဝှက်ပျိုးထောင်ထားတယ်ပေါ့လေ”
တစ်စုံတစ်ယောက်က စိတ်ဝင်တစားမေးလိုက်၏။
“သူက ထျန်းယန်မြို့ရဲ့ ပါရမီရှင်အစစ်အမှန်ပဲ။ ဘယ်နတ်ဘုရားကလန်ကရော အဲဒီလိုမျိုး ဝှက်ဖဲ တစ်ချပ်၊ နှစ်ချပ်ကို ဝှက်မထားကြလို့လဲ... ဝမ်မြောင်က အပြင်လောက,က လူတွေကိုပြဖို့သပ်သပ်ပဲ။ နောက်ကွယ်ကလူကမှ ထျန်းယန်မြို့ရဲ့ တကယ်အရေးပါတဲ့သူပဲ... သူက မကောင်းသတင်းနဲ့ ကျော်စောလာလောက်တယ်။ သူမျက်စိထဲက ပစ်မှတ်က မင်းသမီးဒွန်ဟောင်ဖြစ်လိမ့်မယ်”
ထိုလူက ဆန်းကြယ်စွာပြောလိုက်၏။
ရီဖူရှင်းသည် အရက်သောက်ရန် အရက်ခွက်ကိုမြှောက်ကိုင်ရင်း တိတ်ဆိတ်စွာနားထောင်နေ၏။ သို့သော် သူသည် စိတ်ထဲတွင် အနည်းငယ်အထင်သေးနေပေသည်။
မင်းသမီးဒွန်ဟောင်ကဲ့သို့သောသူသည် မဟာမိတ်ဖွဲ့နိုင်ရေးအတွက် လက်ထပ်ရန် လိုအပ်မည်လော။
သူ့ကဲ့သို့သော အဆင့်ရှိသူတစ်ဦးအတွက် ထိုသို့သော အတင်းအဖျင်းများသည် ဟာသတစ်ခုကို ကြားနေရသကဲ့သို့ပင်။ မဟာအင်ပါယာအတွက် သက်ရှိအားလုံးသည် ပိုးမွှားများအဆင့်သာဖြစ်၏။ အရှင်ထျန်းယန်ကိုယ်တိုင် ပြန်မွေးဖွားလာလျှင် တစ်နည်းတစ်ဖုံ ပြောင်းသွားနိုင်သော်လည်း ထိုကိစ္စသည် မဖြစ်နိုင်ပေ။