နတ်ဘုရားတစ်ဝက်လက်နက်အတွက် ယှဉ်ပြိုင်ခြင်း
Vol. 178 Ch. 2550
ရီဖူရှင်းသည် ထျန်းယန်မြို့ထဲတွင် ရက်အနည်းငယ်မျှ တိတ်တဆိတ်နေခဲ့သည်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်း၌ သူသည် သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။ အနယ်နယ်၊ အရပ်ရပ်မှ ကျင့်ကြံသူများသည်လည်း ထျန်းယန်မြို့သို့ တစ်ဦးပြီးတစ်ဦး ထပ်မံရောက်ရှိလာရာ ချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ရှေးဟောင်းမြို့ကြီးကို ပို၍သက်ဝင်စည်ကားလာစေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ စတင်ရန် သုံးရက်သာလိုတော့ပေသည်။
ထိုနေ့သည် နံပါတ်(၁၃)အဖွဲ့တွင် နောက်တစ်ကြိမ် တိုက်ခိုက်ယှဉ်ပြိုင်ရမည့်နေ့ဖြစ်သည်။
ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်လက်နက်ကို ရယူရန် နံပါတ်(၁၃)အဖွဲ့သို့ သွားလိုက်၏။
ဤတစ်ခေါက်တွင် နံပါတ်(၁၃)အဖွဲ့နေရာရှိ ကွင်းပြင်တွင် စွမ်းအားကြီးကျင့်ကြံသူများစွာ စုဝေးနေ၏။ ကြက်ပျံမကျစည်ကားဆူညံနေသော ထျန်းယန်မြို့သို့ အနယ်နယ်၊ အရပ်အရပ်မှ အင်အားစုများစွာ ရောက်ရှိနေပြီဖြစ်သည်။ ဤတစ်ခေါက်ပွဲတွင် နံပါတ်(၁၃)အဖွဲ့သည် နတ်ဘုရားတစ်ဝက်လက်နက်ကို အသုံးပြု၍ ဆွဲဆောင်ခဲ့ရာ မည်သူသည် ထိုလက်နက်ကို စိတ်မဝင်စားဘဲနေမည်နည်း။ ထိုလက်နက်အတွက် ထိပ်သီးအင်အားစုများပင် ရောက်လာခဲ့သည်။
ထိုထိပ်သီးအင်အားစုများအတွက်ပင် နတ်ဘုရားတစ်ဝက်လက်နက်သည် အဖိုးတန်လက်နက်တစ်ခုဖြစ်ပြီး ၎င်းတို့ကို များစွာတန်ဖိုးထားပေသည်။ သို့သော် ထိုအင်အားစုအများစုတွင် လှံသိုင်းပညာရှင်များ မရှိသည်မှာ စိတ်မကောင်းစရာပင်။ မဟုတ်လျှင် သူတို့သည် ပြိုင်ပွဲတွင် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ကွင်းပြင်အရှေ့ရှိ အထပ်(၁၃)ထပ်ရှိသော မျှော်စင်၏ အထပ်အသီးသီးတွင် ကျင့်ကြံသူများစွာ ရပ်နေကြပြီဖြစ်သည်။ အမြင့်ဆုံးအထပ်ဖြစ်သော (၁၃)ထပ်မြောက်တွင် နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူများအပြင် ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်မှ ဝမ်မျိုးနွယ်များ စေလွှတ်လိုက်သော ကျင့်ကြံသူများလည်းရှိနေပေသည်။
မြို့သခင်ရုံးတော်၏ ဝမ်မျိုးနွယ်မှ ကျင့်ကြံသူများကို အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဦးဆောင်လာခြင်းဖြစ်သည်။ သူသည် ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် လူအားလုံးကို စိတ်အိုက်နေစေ၏။ ထိုလူ၏အမည်သည် ဝမ်ထန်ဖြစ်ပြီး သူသည် ဝမ်မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သည်။ သူသည် မိသားစုအတွင်း၌ အဆင့်အတန်းမြင့်ပြီး မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးသူဖြစ်သည်။ သူ့ဘေးရှိ ငွေရောင်ဝတ်စုံနှင့်လူသည် နံပါတ်(၁၃)အဖွဲ့၏ခေါင်းဆောင် ဝမ်တုန်းလိုင်ဖြစ်သည်။
မြို့သခင်ရုံးတော်မှ ဝမ်ထန်ကိုယ်တိုင်လာခဲ့ရခြင်းမှာ နံပါတ်(၁၃)အဖွဲ့သို့ စွမ်းအားကြီးသူများ များစွာရောက်လာကြောင်းကို ကြားခဲ့၍ဖြစ်သည်။ ထိုလှံသိုင်းများအားလုံးသည် အံ့အားသင့်ရလောက်အောင် စွမ်းအားကြီးပေသည်။ ထို့အပြင် ထိုလှံပြိုင်ပွဲများသည် ရင်ဖိုစရာကောင်းသော ပြိုင်ပွဲများဖြစ်ပေလိမ့်မည်။
“ငွေလှံချန်ခုန်း ရောက်လာပြီ”
ဝမ်တုန်းလိုင်သည် လူအုပ်ထဲရှိ ရီဖူရှင်းကို လက်ညိုးညွှန်ပြလိုက်ပြီး ဝမ်ထန်ကို မိတ်ဆက်ပေးလိုက်၏။ ဝမ်ထန်သည် သူ့ကိုအသိအမှတ်ပြုရန် အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။ ငွေလှံချန်ခုန်းသည် နံပါတ်(၁၃)အဖွဲ့က သူ့ကိုပြောထားသော စွမ်းအားကြီးသူများထဲမှ တစ်ဦးဖြစ်၏။
သူသည် ဝမ်ယန်ကို လှံတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။ နံပါတ်(၁၃)အဖွဲ့မှလူများသည် သူ့အနေဖြင့် နတ်ဘုရားတစ်ဝက်လက်နက်ကို ရနိုင်မည့်အခွင့်အရေး (၅၀)ရာခိုင်နှုန်းရှိသည်ဟု တွေးထားကြသည်။
သို့သော် ယခုတွင် ထိုဖြစ်နိုင်ချေသည် (၂၀)ရာခိုင်နှုန်းအထိ လျော့ကျသွားပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ငွေလှံချန်ခုန်း တိုက်ခိုက်ပြီးနောက်တွင် လွန်စွာစွမ်းအားကြီးသောသူများ ထပ်မံထွက်ပေါ်လာသောကြောင့်ဖြစ်သည်။ သူတို့ထဲမှတစ်ယောက်သည် ဤပွဲတော်သို့ လာရောက်ပျော်ပါးသော ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူတစ်ဦးဖြစ်၏။
ရီဖူရှင်းသည် သူ့ကို တစ်စုံတစ်ယောက်က အာရုံစိုက်နေသည်ကို သတိပြုမိလိုက်၏။ သူသည် ခေါင်းမော့၍ မျှော်စင်၏အပေါ်ဆုံးအထပ်သို့ လှမ်းကြည့်လိုက်၏။ သူသည် ဝမ်တုန်းလိုင်က သူ့ကို “မင်္ဂလာပါ” ဟုပြောနေသကဲ့သို့ အတန်ငယ်ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။ ဝမ်ထန်သည်လည်း သူ့ကိုကြည့်နေ၏။
ထိုလူများသည် သူ့ကိုမှတ်မိကြောင်း ထင်ရှားပေသည်။
ရီဖူရှင်းသည် အရေးမစိုက်လိုက်ဘဲ ပြန်၍မတုံ့ပြန်လိုက်ပေ။ ငွေရောင်မျက်နှာဖုံးအောက်ရှိ ထိုမျက်လုံးများသည် ငြိမ်သက်နေသောရေကဲ့သို့ တည်ငြိမ်နေ၏။ သူက ရှေ့ရှိ ပြိုင်ပွဲကွင်းကို လှမ်းကြည့်လိုက်၏။ ပြိုင်ပွဲသည် စနေပြီဖြစ်သည်။ သို့သော် ယခုတွင် အခြားနတ်လက်နက်(၁၂)ခုအတွက် ယှဉ်ပြိုင်သော ပြိုင်ပွဲသာ ရှိပေသေးသည်။
နတ်ဘုရားတစ်ဝက်အတွက် ပြိုင်ပွဲသည် နောက်ဆုံးမှ ကျင်းပမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ့ဘေးမှ လူများပြောဆိုနေသည်ကို နားထောင်နေလိုက်၏။ သူပြိုင်ပြီးသွားနောက်တွင် အခြားစွမ်းအားကြီးကျင့်ကြံသူအချို့သည်လည်း နတ်ဘုရားတစ်ဝက်လက်နက်အတွက် ယှဉ်ပြိုင်ခဲ့ကြပုံပင်။ သူသည် ထိုကိစ္စကို ယခင်က သိပ်၍အရေးမထားခဲ့ပေ။ ထိုပြိုင်ပွဲသည် သူ့အတွက် ခက်ခဲသောကိစ္စမဟုတ်ပေ။ သူသာ နတ်ဘုရားတစ်ဝက်လက်နက်ကို ယူလိုလျှင် မည်သည့်ရန်ဟောင်အဆင့်ကျင့်ကြံသူသည် သူ့ကိုတားနိုင်မည်နည်း။
သူ့အတွက် နတ်ဘုရားတစ်ဝက်လက်နက်သည် လက်လှမ်း၍ယူလိုက်ရုံဖြင့် အလွယ်တကူရနိုင်နေသလို ဖြစ်နေပေပြီ။ ဤနေရာတွင် ဖြစ်ပျက်နေသော ကိစ္စများကို အရေးစိုက်ရန်မလိုပေ။
“မာနကြီးတဲ့လူပဲ...”
ဝမ်ထန်သည် ရီဖူရှင်း၏ပုံစံကို မျှော်စင်ပေါ်မှ လှမ်းမြင်လိုက်ရသောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ဝမ်တုန်းလိုင်သည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး နံပါတ်(၁၃)အဖွဲ့၏ခေါင်းဆောင်ဖြစ်၏။ သူသည် ရီဖူရှင်းကို သူ့ဘက်မှစ၍ နှုတ်ဆက်လိုက်သော်လည်း လျစ်လျူရှုခံလိုက်ရသည်။ ထိုအချက်ဖြင့်ပင် ရီဖူရှင်း၏မာနကြီးမှုကို မြင်နိုင်ပေသည်။
“ထူးကဲတဲ့သူတွေက တစ်ခါတစ်လေ သာမန်မဟုတ်တဲ့အကျင့်စရိုက်တွေ ရှိတတ်ကြတာပဲ”
ဝမ်တုန်းလိုင်က စိတ်မဆိုးသွားဘဲ ပြုံးလျှက် ပြောလိုက်၏။ ထို့နောက် သူက အဝေးသို့ကြည့်လျှက် ပြောလိုက်၏။
“သူရောက်လာပြီ...”
လူများစွာက ခေါင်းမော့လျှက် လှမ်းကြည့်လိုက်ကြသည်။ သို့သော် သူတို့ထံသို့လာနေသည့် ကျင့်ကြံသူတစ်စုကိုသာ တွေ့လိုက်ရသည်။ ထိုအုပ်စုမှ လူတိုင်းသည် ထူးကဲသောဟန်ပန်ရှိ၏။
ထိုအုပ်စုသည် မဟာအင်ပါယာယွမ်ရှစ်ထံမှ အမွေဆက်ခံရရှိပြီး ယွမ်ရှစ်နန်းတော်တွင် ကျင့်ကြံသော ယွမ်ရှစ်ကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများဖြစ်သည်။
ဤအကြိမ်တွင် ယွမ်ရှစ်နန်းတော်မှ ထူးချွန်သည့်ကျင့်ကြံသူတစ်ဦးဖြစ်သော ဖေးယောင်သည် နတ်ဘုရားတစ်ဝက်လက်နက်အတွက် တိုက်ခိုက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဖေးယောင်၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်ဖြစ်သော အဆင့်ကိုးဖြစ်သည်။ သူ၏တိုက်ခိုက်စွမ်းရည်သည်လည်း ထူးကဲပေသည်။ ပြီးခဲ့သောတိုက်ပွဲတွင် သူသည် နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့၏။
နံပါတ်(၁၃)အဖွဲ့၏ခေါင်းဆောင် ဝမ်တုန်းလိုင်သည် လက်နှစ်ဖက်ဆုပ်၍ ဧည့်သည့်များကို ကိုယ်တိုင်နှုတ်ဆက်ကာ ပြောလိုက်၏။
“မျှော်စင်ပေါ်ကိုလာခဲ့ပါ မိတ်ဆွေတို့...”
ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများသည် တုံ့ဆိုင်းမနေဘဲ မျှော်စင်၏ (၁၃)ထပ်တွင် ဆင်းသက်လိုက်၏။
“ပြိုင်ပွဲစနေပြီလား...”
ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများက မေးလိုက်၏။
“မကြာခင်စတော့မှာပါ... တခြားနတ်လက်နက်တွေအတွက် ပြိုင်ပွဲပြီးသွားရင် နတ်ဘုရားတစ်ဝက်လက်နက်အတွက် ပြိုင်ပွဲစတော့မှာပါ”
ဝမ်တုန်းလိုင်က ပြုံးလျှက် ဖော်ရွေစွာ ပြောလိုက်၏။
“ဖေးယောင်ရဲ့ နတ်ဘုရားဒဏ်ခတ်ခြင်းလှံက နတ်ဘုရားတစ်ဝက်လက်နက်ကို ယူသွားနိုင်မယ့် အခွင့်အရေးကောင်းကောင်းရှိပါတယ်”
“ယွမ်ရှစ်နန်းတော်က ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တော့ နတ်ဘုရားလက်နက်အတွက် တခြားသူတွေနဲ့ မယှဉ်ပြိုင်သင့်တာကို သိပါတယ်... ဒါပေမဲ့ ထျန်းယန်မြို့ရဲ့ ပွဲတော်ကို ပိုပြီးစိတ်လှုပ်ရှားသွားစေရအောင် ကျုပ်တို့က အပျော်ဝင်ပြိုင်တာပါ။ ဖေးယောင်ကလည်း လှံသိုင်းပညာရှင်တစ်ယောက် ဖြစ်နေတယ်လေ။ ကျုပ်တို့ ဆုကို ယူသွားနိုင်ခဲ့မယ်ဆိုရင် အခုကတည်းက ကြိုပြီးတောင်းပန်ထားပါတယ်...”
ယွမ်ရှစ်နန်းတော်မှ အကြီးအကဲတစ်ဦးက ပြောလိုက်၏။
သူ၏လေသံကို နားထောင်ရသည်မှာ နတ်ဘုရားတစ်ဝက်လက်နက်သည် သူ့တို့လက်ထဲသို့ ရောက်ရှိရန်သေချာနေသကဲ့သို့ပင် ထင်ရပြီး ထိုကိစ္စသည် အလွန်လွယ်ကူနေဟန် ပေါက်နေ၏။
အမှန်တွင်လည်း နတ်ဘုရားတစ်ဝက်လက်နက်အတွက် ယှဉ်ပြိုင်ခြင်းတွင် ရှေးဟောင်းနတ်ဘုရားကလန်မှ ပါရမီရှင်များသည် အနိုင်ရသူများဖြစ်နိုင်ရန် အခွင့်အရေးများ၏။ သာမန်အခြေအနေတွင် သူတို့သည် သူတို့ထက် သန်မာသော ပြိုင်ဘက်ကို မတွေ့ရနိုင်ပေ။ ထို့ကြောင့် သူတို့ ထိုကဲ့သို့ ယုံကြည်မှုရှိနေခြင်းမှာ သာမန်သာဖြစ်သည်။
ထို့အပြင် ဖေးယောင်၏ နတ်ဘုရားဒဏ်ခတ်ခြင်းလှံသည် အံ့အားသင့်ဖွယ် အဖျက်စွမ်းအားကို ပိုင်ဆိုင်၏။
“ဒီပွဲကလည်း အနယ်နယ်၊ အရပ်ရပ်က လှံသိုင်းတွေကို မြင်နိုင်ဖို့ပါပဲ။ တောင်းပန်စရာမလိုပါဘူး... ပေါ့ပေါ့ပါးပါးပဲပေါ့...”
ဝမ်တုန်းလိုင်က ပြုံးလျှက် ပြောလိုက်၏။ ယွမ်ရှစ်နန်းတော်သည် ယုံကြည်မှုပြည့်ဝနေသော်လည်း သူ့အမြင်တွင် ဖေးယောင်သည် ပြိုင်ဘက်နှစ်ဦးကို ရင်ဆိုင်ရဦးမည်ဖြစ်ရာ နတ်ဘုရားတစ်ဝက်လက်နက်ကို ရယူရန် ထိုမျှလွယ်ကူမည်မဟုတ်ပေ။
သူတို့စကားပြောနေစဉ်မှာပင် အဝေးရှိ ကောင်းကင်ထက်မှနေ၍ နောက်ထပ် စွမ်အားကြီးအရှိန်အဝါတစ်ခု ဆင်းသက်လာ၏။ ထို့နောက်တွင် လေထဲတွင် ပျံသန်းကာ ဤနေရာသို့ လာနေသောလူများကို တွေ့လိုက်ရသည်။ ထိုလူများ၏အလယ်မှလူသည် ဝတ်ရုံနက်ကိုဝတ်ဆင်ထားပြီး အန္တရာယ်များသောစွမ်းအင်ကို ထုတ်လွှတ်နေပေသည်။
သူတို့ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်တုန်းလိုင်သည် ထိုသူများကို အာရုံစိုက်လိုက်၏။
ထိုလူများ၏ ဇစ်မြစ်သည် ဆန်းကြယ်ပြီး သူတို့သုံးသွားသော လှံချက်မှနေ၍လည်း များစွာမသိနိုင်ပေ။ ထိုလူများသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများမဟုတ်ဘဲ မှော်နက်နန်းတော်မှ ကျင့်ကြံသူများဖြစ်ရမည်ဟု ဝမ်တုန်းလိုင်သံသယဖြစ်နေမိသည်။
သို့သော် သူတို့တွင် သူတို့၏သံသယကို သက်သေပြရန် ခိုင်မာသောသက်သေအထောက်အထားမရှိပေ။ ထိုလူများသည် ပြိုင်ပွဲကို စည်းမျည်းများအတိုင်း ယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် သူတို့အနေဖြင့် ကန့်ကွက်ရန် အကြောင်းပြချက်မရှိဖြစ်နေသည်။
ဝတ်ရုံနက်နှင့်လူသည် ဤနေရာတွင် နတ်ဘုရားတစ်ဝက်လက်နက်အတွက် ယှဉ်ပြိုင်သွားခဲ့သော နျဲ့ကျိုးဖြစ်၏။ သူသည် အံ့အားသင့်ဖွယ်အဖျက်စွမ်းအားရှိသည့် အနက်ရောင် လှံရှည်တစ်ချောင်းကို အသုံးပြုခဲ့သည်။ ဝမ်တုန်းလိုင်၏အမြင်တွင် ၎င်းလှံရှည်၏စွမ်းအားများသည် ဖေးယောင်၏ နတ်ဘုရားဒဏ်ခတ်ခြင်းလှံထက် မနိမ့်ကျဟု မြင်၏။ ထို့ကြောင့် ထိုနှစ်ဦးသည် နတ်ဘုရားတစ်ဝက်လက်နက်ကို ရယူနိုင်မည့် ဖြစ်နိုင်ချေအရှိဆုံးသူနှစ်ဦး ဖြစ်နေပေသည်။ ထိုနှစ်ဦးနှင့်ယှဉ်လျှင် ငွေလှံချန်ခုန်း၏စွမ်းအားသည် အနည်းငယ်နိမ့်နေပေသည်။
ထိုနှစ်ဦးတွင် တစ်ဦးသည် ရှေးဟောင်းနတ်ဘုရားကလန်မှဖြစ်ပြီး ကျန်တစ်ဦးသည် မှောက်နက်လောကမှ ဖြစ်နိုင်ချေများ၏။
နတ်ဘုရားတစ်ဝက်လက်နက်အတွက် ယှဉ်ပြိုင်ကြသော အခြားသူများလည်း များစွာရှိပေသေးသည်။ သို့သော် ထိုသုံးဦးသာ ဆုလာဘ်အတွက် တိုက်ခိုက်ယှဉ်ပြိုင်ရလိမ့်မည်ဟု ဝမ်တုန်းလိုင်တွေးမိ၏။ အခြားသူများသည်လည်း စွမ်းအားကြီးသည်ဆိုသော်ငြား သူတို့နှင့် ထိုသုံးဦးအကြားတွင် ကွာဟမှုတစ်ခု ရှိပေသေးသည်။ ဖေးယောင်နှင့် နျဲ့ကျိုးတို့သည် အနိုင်ရနိုင်ချေ(၄၀)ရာခိုင်နှုန်းစီရှိကြပြီး ငွေလှံချန်ခုန်းသည် (၂၀)ရာခိုင်နှုန်းရှိပေသည်။
သူတို့ ရောက်ရှိလာသောအခါ သူတို့သည် စကားတစ်လုံးမှမပြောဘဲ ကောင်းကင်ထက်တွင် တိတ်တဆိတ်ထိုင်ကာ စောင့်ဆိုင်းနေကြ၏။ သူတို့သည် အရှေ့ရှိ ပြိုင်ပွဲကွင်းကို ကြည့်နေကြ၏။ သူတို့သည် အလျင်မလိုပေ။
ဖေးယောင်သည် ခြိမ်းခြောက်မှုအငွေ့အသက် အနည်းငယ်ကို ခံစားမိလိုက်ပုံပင်။ သူသည် ကောင်းကင်ကိုဖြတ်၍ နျဲ့ကျိုးကို ကြည့်လိုက်၏။ သူတို့၏မျက်လုံးချင်း ဆုံသွားသောအခါ လေထုထဲတွင် မမြင်နိုင်သောလှိုင်းများထသွားပြီး ရိုက်ခတ်သွား၏။
သူတို့နှစ်ဦးလုံးသည် တစ်ဦးကိုတစ်ဦး သိသွားပေပြီ။
ရီဖူရှင်းသာ ချွင်းချက်ဖြစ်၏။ သူ့၏အရှိန်အဝါကို မမြင်နိုင်လောက်သည်အထိ ရုတ်သိမ်းထားရာ သူ၏တည်ရှိမှုကို မသိရှိနိုင်လောက်အောင်ပင် ဖြစ်နေသည်။
အချိန်များကုန်ဆုံးလာပြီး နောက်ဆုံးတွင် လှံ(၁၃)ချောင်းထဲမှ (၁၂)ချောင်းကို အသီးသီးရယူသွားကြပေပြီ။ အလယ်မှ လှံရှည်သာ ထီးထည်းကျန်ရှိခဲ့၏။
ဝမ်တုန်းလိုင်သည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။ နံပါတ်(၁၃)အဖွဲ့မှ ကျင့်ကြံသူတစ်ဦးသည် ရှေ့သို့ထွက်ကာ နတ်ဘုရားတစ်ဝက်လက်နက်ကို ဘေးသို့ဖယ်လိုက်၏။ သူသည် ကျင့်ကြံသူများကိုကြည့်၍ ပြောလိုက်၏။
“စကားတွေများမနေတော့ပါဘူး။ အကုန်လုံးလည်း ဒီမှာရောက်နေပြီဆိုတော့ ဒီလှံကိုဘယ်သူပိုင်ရမလဲဆိုတာ ခင်ဗျားတို့ဘာသာပဲ ဆုံးဖြတ်ကြပါတော့”
သူ၏စကားဆုံးသွားသောအခါ လူများသည် ရှေ့သို့လျှောက်လာကြသည်။ ဖီယောင်နှင့် နျဲ့ကျိုးတို့သည်လည်း ကွင်းပြင်ကျယ်ကြီးဆီသို့ ဆင်းသွားကြသည်။ ရီဖူရှင်းရှင်းသည်လည်း ရှေ့သို့ထွက်သွားလိုက်၏။
“လူ(၁၂)ယောက်...”
နတ်ဘုရားတစ်ဝက်လက်နက်အတွက် ယှဉ်ပြိုင်ခဲ့သူများထဲတွင် (၁၂)ယောက်သာ နံပါတ်(၁၃)အဖွဲ့မှ ထိပ်သီးကျင့်ကြံသူများကို အနိုင်ရခဲ့၏။ လှံသိုင်းအရ ဘုံ(၁၃)ဆင့်လှံသိုင်းသည် ပြိုင်ပွဲများတွင် အရေးသာကာ လွှမ်းမိုးနိုင်ခဲ့သည်။
“အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ မတိုက်ရဘူး။ လှံသိုင်းကိုအသုံးပြုပြီး နောက်ဆုံးအနိုင်ရတဲ့သူက နတ်ဘုရားတစ်ဝက်လက်နက်ကို ရမယ်”
ဝမ်တုန်းလိုင် ကြေညာလိုက်သောအခါ ပတ်ဝန်းကျင်ရှိကွန်ရက်မှနေ၍ အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာပြီး ကွင်းပြင်ကျယ်ကြီးအလယ်တွင် လေးထောင့်ကျကျ ကာရံလိုက်၏။
ကျင့်ကြံသူ(၁၂)ဦးစလုံးသည် ထိုလေးထောင့်ပုံ အလင်းအကာအရံထဲတွင် ရှိနေ၏။
ရီဖူရှင်း၏လက်ထဲတွင် ငွေလှံရှည်တစ်ချောင်းပေါ်လာပြီး ၎င်းအပေါ်သို့ မဟာလမ်းစဉ်စွမ်းအားများပေါင်းစည်းသွားသည်။ ထို့နောက် သူသည် ငွေရောင်မျက်နှာဖုံးအောက်ရှိ မျက်လုံးများကို မှိတ်လိုက်၏။ သူသည် ထိုရှုပ်ထွေးသည့်တိုက်ပွဲထဲတွင် ဝင်မပါလိုဟန်ဖြင့် မလှုပ်မယှက်ရပ်နေ၏။
ထို့အပြင် ဖေးယောင်သည်လည်း တစ်ဖက်တွင်ရပ်နေ၏။ သူသည် လွန်စွာအေးစက်စက်နိုင်ပြီး ချဉ်းကပ်၍မရနိုင်သကဲ့သို့ ထင်ရပေသည်။
နျဲ့ကျိုး၏လက်ထဲတွင် အနက်ရောင် လှံရှည်တစ်ချောင်းပေါ်လာပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်၏။
“ရလဒ်ကို မင်းတို့ဘာသာ ဆုံးဖြတ်ကြ”
ဖေးယောင်က ထိုတိုက်ပွဲထဲတွင် ဝင်ပင်မပါလိုဟန်ဖြင့် ပြောလိုက်၏။
ကျန်ကျင့်ကြံသူများသည်လည်း ထိပ်သီးများပင်ဖြစ်ကြသည်။ မဟာလမ်းစဉ်စွမ်းအားများထွက်ပေါ်လာပြီး သူတို့လက်ထဲရှိ လှံရှည်များထဲသို့ စီးဝင်သွားကြသည်။ ထို့နောက် သူတို့သည် တစ်ဦးပြီးတစ်ဦး လှုပ်ရှားလိုက်၏။
ရုတ်ခြည်းအတွင်းမှာပင် လှံရိပ်များသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။
သူတို့အများစုသည် သူတို့၏ သေလောက်သော လှံချက်များကို တန်းထုတ်သုံးလိုက်ကြသည်။
ရီဖူရှင်းသည် မျက်လုံးမှိတ်ကာ တိတ်တဆိတ်ရပ်နေဆဲဖြစ်သည်။ လျှပ်စီးကဲ့သို့ ငွေရောင်အလင်းတစ်ခုသည် သူ့ထံသို့ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပျံဝင်လာသည်။
ဝုန်း...
အသံတစ်ခုကိုကြားလိုက်ရပြီး ထိုပျံဝင်လာသောလှံသည် တားဆီးခံလိုက်ရသည်။ ရီဖူရှင်း၏လက်ထဲမှ ငွေလှံသည် မျက်စိဖြင့်မမြင်နိုင်လောက်အောင် လျင်မြန်စွာ မြောက်သွားပြီး ထိုလှံနှင့် ထိခတ်သွား၏။ ထို့နောက် ရန်ပြုသူ၏လှံသည် အစိတ်စိတ်အမွှာမွှာပျက်စီးသွားပြီး သူသည် သူ့လည်မျိုတွင် အအေးဓာတ်တစ်ခုကို ခံစားလိုက်ရ၏။ ရီဖူရှင်းသည် သူ၏လည်မျိုကို လှံဖြင့်ချိန်ထားခြင်းဖြစ်ပေသည်။
“မဆိုးဘူးပဲ...”
ဝမ်ထန်က ရီဖူရှင်း၏ တန်ပြန်တိုက်ကွက်ကို မြင်လိုက်သောအခါ ချီးကျူးလိုက်၏။ ထိုတိုက်ကွက်သည် အလွန်လျင်မြန်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
ရီဖူရှင်းသည် လှံကိုဖယ်လိုက်သောအခါ သူ၏ပြိုင်ဘက်သည် ဦးညွှတ်၍ ပြိုင်ပွဲအတွင်းမှ ထွက်ခွာသွားလေတော့သည်။ သူ့နဖူးမှနေ၍ ဇောချွေးများစီးကျနေ၏။
“အံ့ဩစရာပဲ...”
အပြင်မှလူများသည် ထိုအံ့အားသင့်ဖွယ် မြင်ကွင်းကို မြင်လိုက်ကြရသည်။ ပြိုင်ပွဲကွင်းအတွင်းရှိ အခြားနေရာများတွင်လည်း အနိုင်ရသူများ လျင်မြန်စွာ ပေါ်ထွက်လာသည်။ ထိုကဲ့သို့သော နေရာကျဉ်းထဲတွင် အနိုင်၊ အရှုံးသည် စက္ကန့်ပိုင်းအတွင်း ပေါ်လာမည်ဖြစ်သည်။ နောက်တစ်ယောက် အနိုင်ရပြီးသွားသောအခါ ကျန်လူအားလုံးသည် နျဲ့ကျိုး၏လှံက အရိပ်နက်တစ်ခုကဲ့သို့ သူ့ပြိုင်ဘက်၏လက်မောင်းကို ထွင်းဖောက်သွားသည်ကို တွေ့လိုက်ကြရသည်။ ထို့နောက် သူသည် သူ့ပြိုင်ဘက်ကို ပြိုင်ပွဲကွင်းအပြင်သို့ ပစ်ထုတ်လိုက်၏။
ထိုအချိန်တွင် ပြိုင်ပွဲကွင်းထဲ၌ သုံးယောက်သာ ကျန်ပေတော့သည်။ ထိုပွဲသည် အားလုံးမျှော်လင့်နေသော ပွဲပင်။ ထိုသုံးယောက်သည် ထိုလူများထဲတွင် အသန်မာဆုံးသုံးယောက်ဖြစ်ပေသည်။
“ဟေ့..မင်းတို့နှစ်ယောက်... မင်းတို့ထဲက ဘယ်သူက ငါနဲ့ယှဉ်ပြိုင်ဖို့ထိုက်တန်လဲဆိုတာ မင်းတို့ဘာသာ အရင်ပြိုင်ကြည့်ကြ...”
ယွမ်ရှစ်နန်းတော်မှ ဖေးယောင်က ရီဖူရှင်းနှင့် နျဲ့ကျိုးတို့ကိုကြည့်၍ ပြောလိုက်၏။
နျဲ့ကျိုးသည် သူ့ကိုကြည့်လိုက်ပြီး အထင်သေးဟန်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ရီဖူရှင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။
“အရှုံးပေးလိုက်...”
သူသည် ယွမ်ရှစ်နန်းတော်မှ နတ်ဘုရားဒဏ်ခတ်လှံသည် မည်မျှစွမ်းအားကြီးကြောင်း သိလိုနေပေသည်။
ရီဖူရှင်းသည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ လူနှစ်ယောက်ကို ကြည့်လိုက်၏။ သူသည် လက်ထဲရှိ ငွေလှံကို မြှောက်လိုက်၏။ ထို့နောက် သူလှုပ်ရှားလိုက်၏။
ရုတ်ခြည်းအတွင်းမှာပင် သူသည် ငွေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နျဲ့ကျိုးသည် အားကောင်းသောအန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ အနက်ရောင်လှံရှည်သည်လည်း လှုပ်ရှားသွားသည်။ ရုတ်ခြည်းအတွင်း လေထုထဲတွင် မရေမတွက်နိုင်အောင်များပြားသော အဖျက်စွမ်းအားလှံအရိပ်များ ထွက်ပေါ်လာသည်။ လှံရိပ်တိုင်းသည် အံ့အားသင့်ဖွယ် အဖျက်စွမ်းအားအရှိန်အဝါများပါပြီး လေထုကို လွှမ်းခြုံထား၏။ ၎င်းတို့သည် ရီဖူရှင်းထံသို့ တိုက်ရိုက်ပျံဝင်သွားကြသည်။ သူသည် မသတ်ရဟူသော စည်းမျဉ်းကိုပင် လိုက်နာရန် ဂရုစိုက်မနေနိုင်တော့ဘဲ ထိုအခိုက်တွင် သူ၏ပြိုင်ဘက်ကို သတ်ပစ်ရန် အဆင်သင့်ဖြစ်နေ၏။
သို့သော် သူသည် ထိုသို့မလုပ်လိုက်နိုင်ပေ။ ငွေရောင်အလင်း လက်သွားပြီး ပျောက်ကွယ်သွား၏။ ငွေရောင်အလင်းသည် သူ၏လက်ကိုထွင်းဖောက်သွားရာ သူ့လက်ထဲရှိ အနက်ရောင်လှံရှည်သည် ပေါက်ကွဲပျက်စီးသွားသည်။ အလင်းသည် ထိုးဖောက်သည်ဆိုရုံသာ ထိုးဖောက်သွားသော်လည်း သူ့လက်မှနေ၍ သွေးနီနီများ စီးကျလာလေတော့သည်။
နျဲ့ကျိုးမှာ အံ့အားသင့်သွားသည်။ ထို့နောက် သူသည် သူ့ကို ပြိုင်ပွဲကွင်းအပြင်သို့ ရိုက်ထုတ်လိုက်သည့် ရီဖူရှင်း၏လှံကိုမြင်လိုက်ရသည်။ ထို့နောက် သူသည် နောက်လှည့်ကာ နောက်ဆုံးကျန်နေသော ယွမ်ရှစ်နန်းတော်မှ ဖေးယောင်ကို ကြည့်လိုက်၏။
ဖေးယောင်သည် ရီဖူရှင်းကို အံ့အားသင့်တုန်လှုပ်မှုများနှင့် ကြည့်နေသည်။ သူသည် အစောက လှံချက်ကို မမြင်နိုင်လိုက်ပေ။ သို့သော် ထိုသို့မမြင်နိုင်လိုက်သူမှာ သူတစ်ဦးတည်းမဟုတ်ချေ။ ဝမ်တုန်းလိုင်၊ ဝမ်ထန်နှင့် အခြားသူများသည်လည်း ရီဖူရှင်း၏ ငွေလှံလှုပ်ရှားသွားသည်ကို မမြင်နိုင်လိုက်ပေ။
ထိုမှင်တက်ဖွယ်လှံချက်သည် ငွေရောင်အလင်းတစ်ခုကို သယ်ဆောင်၍ ဖေးယောင်ထံသို့ ငွေရောင်လျှပ်စီးတစ်ခုကဲ့သို့ ပျံဝင်သွားသည်။
ဝုန်း...
အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ကာရံထားသောအလင်းလွှာသည်ပင် ပျက်စီးသွားတော့မလို ဖြစ်သွား၏။ နတ်စစ်သည်တစ်ဦးကဲ့သို့ ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်လာ၏။ ၎င်းသည် နတ်ဘုရားဒဏ်ခတ်စွမ်းအားကို ထုတ်သုံး၍ ထိုအဖျက်စွမ်းအားဖြင့် ပျံဝင်လာသော ငွေရောင်လျှပ်စီးကို သတ်ဖြတ်ရန် ကြိုစားလိုက်၏။
အလင်းတန်းသည် လင်းလက်သွားပြီး ပျောက်ကွယ်သွားသည်။ နတ်ဘုရားဒဏ်ခတ်အလင်းသည် အလုံးစုံထွင်းဖောက်ခံလိုက်ရ၏။ ဖေးယောင်၏လည်မျိုပေါ်သို့ ငွေလှံရှည်တစ်ခု ကျရောက်လာသည်။ ဖေးယောင်၏လှံဖျက်ဆီးခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုငွေလှံသည် သူ့လည်မျိုပေါ်သို့ ကျရောက်လာခြင်းဖြစ်သည်။
တိုက်ပွဲသည် တဒင်္ဂအတွင်း ပြီးဆုံးသွား၏။
အခြားပွဲကြည့်ပရိသတ်များသည် တုံ့ပြန်ရန် အခွင့်အရေးမရခင်၊ ကျင့်ကြံသူအားလုံးသည် မှင်တက်ဆွံ့အနေချိန်မှာပင် တိုက်ပွဲသည် ပြီးဆုံးခဲ့ပေပြီ။
သူတို့၏မျက်နှာများသည် အံ့ဩတုန်လှုပ်နေပေသည်။ သူတို့သည် ပြိုင်ပွဲကွင်းကို မျက်တောင်မခတ်တန်းကြည့်နေကြ၏။
ဝမ်တုန်းလိုင်၊ ဝမ်ထန်နှင့် ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများသည် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော အရာအားလုံးကို အံ့ဩတကြီးကြည့်နေကြ၏။ သူတို့တွေးလိုက်၏။
‘အဲဒါကဘာလဲ...’
‘ပြိုင်ပွဲက ပြီးသွားပြီလား’
‘ဘာဖြစ်သွားတာလဲ...’
ရီဖူရှင်းသည် ထိုလူအားလုံး၏ မျက်နှာထားများကို လျစ်လျူရှုလိုက်ပြီး သူ၏ငွေလှံရှည်ကို သိမ်းဆည်းလိုက်၏။ သူသည် နတ်ဘုရားတစ်ဝက်လက်နက်ဘေးသို့ လျှောက်သွားပြီး လက်ဆန့်တန်းကာ ၎င်းကိုယူလိုက်၏။ သူသည် ဝမ်တုန်းလိုင်ကို မော့ကြည့်၍ မေးလိုက်၏။
“ကျုပ် ဒါကို အခုယူသွားလို့ရပြီမလား”