အခန်း (၁၄၉)
Vol. 15 Ch. 149
149 01
အခန်း 149
မေဝမ့်ရှူး အိမ်ရှေ့ခန်းမသို့ အလျင်စလို သွားရောက်သောအခါ မေသခင်ကြီးသည် ဧည့်သည်ကို ဧည့်ခန်းမအတွင်းသို့ ခေါ်ဆောင်သွားပြီး ဖြစ်နေလေသည်။
အိမ်ရှင်နှင့် ဧည့်သည်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းထား၏။
မေသခင်ကြီးသည် ဧည့်သည်၏ အဆင့်အတန်းအမှန်ကို မသိရှိသဖြင့် အိမ်ရှင်နေရာဖြစ်သော ထိပ်ဆုံးနေရာတွင် ဝင်ထိုင်လိုက်ပြီး ရုပ်ဖျက်လာသော အမြင့်မြတ်ဆုံး ဧည့်သည်တော်ကြီးကိုမူ အောက်ဘက် ဧည့်သည်ခုံတွင် နေရာချထားလိုက်သည်။
လော့ရှင်းယွမ်ကမူ ဂရုစိုက်ပုံမရပေ။ ဧည့်သည်ခုံတွင် ဝင်ထိုင်ပြီး လက်ဖက်ရည်ပူပူကို ကိုင်လျက် နှုတ်ခမ်းစွန်းတွင် အပြုံးရိပ်သန်းကာ မေသခင်ကြီး ပြောသမျှကို စိတ်ဝင်တစား နားထောင်နေလေသည်။
မေသခင်ကြီးသည် သခင်လေးယွမ်၏ ဘဝဇာတ်ကြောင်းကို နားထောင်ပြီးနောက် သနားစိတ်ဖြင့် ညည်းတွားလိုက်သည်။
“တူလေးယွမ်... မောင်ရင်က မြို့တော်သား ဆိုတော့ ဦးကြီး ထင်ခဲ့တာက မြို့တော်မှာ မွေးတဲ့သူတွေက ဧကရာဇ်ရဲ့ ခြေရင်းမှာ နေရတော့ တခြားမြို့က လူတွေထက် ပိုပြီး ကံကောင်းမယ်၊ သက်တောင့်သက်သာ ရှိမယ်လို့ ထင်ခဲ့တာ။ မထင်မှတ်ထားဘူးကွယ်... အိမ်တိုင်းမှာ ပြောမပြချင်တဲ့ အတိတ်ဆိုးတွေ ကိုယ်စီ ရှိကြတာပါပဲ။ နေရာဒေသနဲ့ မဆိုင်ပါဘူးလေ”
သူသည် သက်ပြင်းချပြီး ထပ်မံ မေးမြန်းလိုက်သည်။
“တူလေးယွမ်... မင်းအဖေက စောစောစီးစီး ဆုံးသွားတယ်၊ အမေက အစ်ကိုကြီးကို ပိုချစ်ပြီး အမွေတွေ အကုန်ယူ၊ အစ်ကိုကြီးအိမ် လိုက်နေတယ်။ ဆွေမျိုးတော်တွေထဲက ဦးလေးတွေကလည်း အဖေ ချန်ခဲ့တဲ့ အမွေတွေကို ဝိုင်းလုချင်နေကြတယ် ဆိုတော့... ဦးကြီး ကြည့်ရတာ မင်းအသက်က (၂၀) ကျော်လေးပဲ ရှိဦးမယ်။ ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲ။ မင်းအိမ်က အကြောင်းတွေကိုရော ငါ့သား သိလား။ သူကော မင်းကို ကူညီပေးရဲ့လား”
လော့ရှင်းယွမ်က ယဉ်ယဉ်ကျေးကျေး ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော် ဒီနှစ် (၂၁) နှစ် ရှိပါပြီ။ အိမ်က ကိစ္စတွေကလည်း ရိုးနေပါပြီ။ စိတ်လျှော့လိုက်တော့ နေသားကျသွားတာပါပဲ။ ရွှယ်ချင့်က ဒီအကြောင်းတွေ အကုန် သိပါတယ်။ သူ့အကူအညီကြောင့်သာ ကျွန်တော် ဒီနေ့အထိ ရပ်တည်နိုင်ခဲ့တာပါ”
မေသခင်ကြီး သဘောတူလိုက်သည်။ “သူငယ်ချင်းတွေပဲ၊ ကူညီသင့်တာပေါ့”
တွက်ချက်ကြည့်ပြီး ညည်းတွားလိုက်ပြန်၏။ “(၂၁) နှစ် ဆိုတော့ ငယ်ပါသေးတယ်”
ထိုအချိန်၌ မေဝမ့်ရှူးသည် ဧည့်ခန်းမထဲသို့ ဝင်ရောက်လာလေသည်။
ဧည့်ခန်းထဲတွင် ထိုင်နေကြသော ပုံစံကို မြင်လိုက်သည်နှင့် နားထင်သွေးကြောများ တဒိတ်ဒိတ် ခုန်လာသကဲ့သို့ ခံစားလိုက်ရသည်။ လော့ရှင်းယွမ် ရှေ့သို့ လျှောက်သွားပြီး တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။
(၁၅) ရက်ခန့် မတွေ့ဆုံခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စာရွက်စာတမ်းများကြားတွင် နေ့စဉ် အလုပ်ရှုပ်နေရသော ဧကရာဇ်ပျိုသည် အနည်းငယ် ပိန်သွားသည်ဟု ထင်ရ၏။
မျက်နှာသွင်ပြင်များမှာ ပိုမို ထင်ရှားပေါ်လွင်နေသည်။
သို့သော် လူမှာမူ လန်းဆန်းတက်ကြွနေပုံ ရလေသည်။
ရှင်ယီနင် ပြောသကဲ့သို့ပင်... ခွန်အားများ ပြည့်ဝနေသော အရွယ်ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခြင်း မပြုသရွေ့ (၃) လ (၅) လခန့်မှာ ပြဿနာ မရှိပေ။
သူမ ဝင်လာသည်ကို မြင်သောအခါ သူ၏ နက်မှောင်သော မျက်လုံးများ ရုတ်တရက် တောက်ပလာလေသည်။
ပါးစပ်ကမူ မေသခင်ကြီးကို ဖြေကြားနေဆဲ ဖြစ်သည်။ “ကျွန်တော် အရွယ်ရောက်တာ ကြာပါပြီ။ မငယ်တော့ပါဘူး”
မေသခင်ကြီးက မေဝမ့်ရှူးကို ထိုင်ခိုင်းလေသည်။ “မင်းတို့က သူငယ်ချင်းတွေပဲ။ တူလေးယွမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်။ စကားပြောရတာ အဆင်ပြေအောင်လို့”
မေဝမ့်ရှူး နဖူးကို လက်ဖြင့် ထောက်လိုက်မိသည်။ အောက်ဘက်ရှိ ဧည့်သည်အဖော်ပြု ခုံတွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်သည်။
ထိုင်ပြီးသည်နှင့် ဖခင်အိုကြီးကို ပြန်လွှတ်ရန် ကြိုးပမ်းလေသည်။
“အဖေ... ညနက်နေပြီ။ ပြန်နားလိုက်ပါတော့။ ကျွန်တော်ပဲ ဧည့်ခံလိုက်ပါ့မယ်”
149 02
မေသခင်ကြီးမှာ စကားပြောကောင်းနေသဖြင့် ပြန်လိုစိတ် မရှိသေးချေ။
လော့ရှင်းယွမ်ကို လက်ညှိုးထိုးပြပြီး သမီးဖြစ်သူကို ပြောဆိုလေသည်။
“မင်းသူငယ်ချင်းက သနားစရာ ကောင်းလိုက်တာကွယ်။ အမွေပစ္စည်းတွေကို ဦးလေးတွေ၊ အစ်ကိုတွေက ဝိုင်းလုကြတယ်တဲ့။ အမှုဖွင့်တိုင်ကြားပြီး သောင်းကျန်းတဲ့ ဦးလေးတွေကို ထောင်ထဲ ထည့်လိုက်ရတယ်တဲ့။ အခု မြို့တော်မှာ ဟောင်းနွမ်းနေတဲ့ ဘိုးဘွားပိုင် အိမ်ကြီးတစ်လုံးပဲ ကျန်တော့တယ်တဲ့။ ဒီလောက် ရုပ်ရည်သန့်ပြန့်တဲ့ လူငယ်လေးက ဟောင်းနွမ်းနေတဲ့ အိမ်ကြီးထဲမှာ ဘယ်လိုလုပ် နေနိုင်မှာလဲ။ ဟိုတစ်လောက ချန်ပေါ် ပြောတာ ကြားတယ်။ မြို့တောင်ဘက် ထျန်းရွှေလမ်းကြားမှာ အိမ်တစ်လုံး ဝယ်ထားတယ်ဆို။ အဲဒီအိမ်လေးကို တူလေးယွမ်ကို ပေးလိုက်ပါလား”
မေဝမ့်ရှူးသည် ရှေ့မှ လူကြီးတစ်ယောက် လူငယ်တစ်ယောက်ကို ကြည့်ပြီး ခေါင်းကိုက် လာလေသည်။
သူမ ဖခင်ကို သွယ်ဝိုက်ပြီး သတိပေးလိုက်၏။ “ရှင်းယွမ်ရဲ့ အမွေတွေကို ဦးလေးတွေက လုချင်ကြပေမဲ့ မအောင်မြင်ပါဘူး။ သူ့အမေ ယူသွားတဲ့ အပိုင်းကလွဲရင် ကျန်တာတွေက သူ့လက်ထဲမှာ ရှိပါသေးတယ်။ သူ့ရဲ့ ဘိုးဘွားပိုင် အိမ်ကြီးကလည်း သိပ်မဟောင်းနွမ်းပါဘူး...”
လော့ရှင်းယွမ်က မျက်နှာချင်းဆိုင်တွင် ခါးကို မတ်မတ်ထားပြီး ထိုင်နေလေသည်။ မေသခင်ကြီးကို လေးလေးစားစား ပြောကြားလိုက်၏။
“ဘိုးဘွားပိုင် အိမ်ကြီးက နှစ်တစ်ရာလောက် ရှိနေပြီဆိုတော့ ပြုပြင်ထိန်းသိမ်းမှု နည်းပြီး ဆေးတွေ ကွာကျနေပေမဲ့ နေလို့တော့ ရပါသေးတယ်။ ထျန်ရွှေလမ်းကြားက အိမ်လေးမှာ ရွှယ်ချင့်က ကျွန်တော့်ကို တစ်ည ပေးအိပ်ဖူးပါတယ်။ အဲဒီအိမ်လေးက တကယ် ကောင်းပါတယ်။ အပိုင် မတောင်းရဲပါဘူး။ နောက်ထပ် (၂) ည (၃) ညလောက် ထပ်ပြီး တည်းခိုခွင့်ရရင် ကျေနပ်ပါပြီ”
မေသခင်ကြီးက သဘောထားကြီးသူပီပီ သနားစိတ် ဝင်သွားလေသည်။ သမီးဘက် လှည့်ပြီး ပြောလေသည်။ “အိမ်လေး တစ်လုံးပဲဟာ... ဘယ်လောက်မှ တန်တာ မဟုတ်ပါဘူး။ တူလေးယွမ်ကို ပေးလိုက်စမ်းပါ”
မေဝမ့်ရှူး ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။
“ဈေးနှုန်းကြောင့် မဟုတ်ပါဘူး။ အဓိကက ထျန်ရွှေလမ်းကြားက အိမ်မှာ... အရင်တုန်းက မိန်းမလှလေး တစ်ယောက် နေခဲ့ဖူးတာလေ။ သူ့ကို ပေးလိုက်ရင် နာမည်ပျက်မှာ စိုးလို့ပါ”
ပြောပြီးသည်နှင့် မျက်နှာချင်းဆိုင်မှ လူကို မျက်စောင်းထိုးပြီး သတိပေးလိုက်သည်။
လော့ရှင်းယွမ် အကြည့်စူးစူးနှင့် အထိုးခံလိုက်ရသဖြင့် ချက်ချင်း စကားပြင်ပြောလေသည်။
“ကျွန်တော် အမွေတွေ ပြန်ရထားပြီ ဆိုတော့ နေရေးထိုင်ရေး အဆင်ပြေပါတယ်။ ဘိုးဘွားပိုင် အိမ်ကြီးကို ဆေးပြန်သုတ်၊ ခေါင်မိုး ပြန်ပြင်လိုက်ရင် နေလို့ ရပါပြီ။ ရွှယ်ချင့်ဆီက အကူအညီတွေ အများကြီး ရထားပြီးပြီမို့ ထပ်ပြီး မတောင်းဆိုရဲပါဘူး”
မေသခင်ကြီး ခေါင်းညိတ်ပြီး မုတ်ဆိတ်မွှေးကို သပ်ကာ ချီးကျူးလေသည်။ “ဆင်းရဲချမ်းသာက စိတ်ဓာတ်ကို မပြောင်းလဲစေဘူး ဆိုတာ ဒါမျိုးပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်တယ်။ တော်တယ်၊ တော်တယ်”
မီးရောင်အောက်တွင် လော့ရှင်းယွမ်၏ မြင့်မားပြီး ခန့်ညားသော ရုပ်ရည်၊ သန်မာသော ခန္ဓာကိုယ်ကို အပေါ်အောက် သေချာ အကဲခတ်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားလေသည်။
“ဒါနဲ့... တူလေးယွမ် သိလား မသိဘူး။ မေအိမ်တော်မှာ မွေးရပ်မြေမှာ ကျန်နေခဲ့တဲ့ သမီးရင်းလေး တစ်ယောက် ရှိသေးတယ်။ အခုထိ အိမ်ထောင်မကျသေးဘူး...”
“အဖေ” မေဝမ့်ရှူး ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ချက်ချင်း လှမ်းတားလိုက်သည်။
လော့ရှင်းယွမ်၏ မျက်လုံးနှင့် မျက်ခုံးများတွင် အပြုံးရိပ်များ ထင်ဟပ်လာသည်။ ချက်ချင်းပင် ဝင်ရောက်ပြောဆိုလိုက်၏။
“ကျွန်တော် နားထောင်ချင်ပါတယ်”
မေသခင်ကြီးက စိတ်ဝင်စားသည့် လေသံကို သတိထားမိပြီး ဝမ်းသာသွားလေသည်။ သမီး တားမြစ်သည်ကို မကြားချင်ယောင် ဆောင်ပြီး ဆက်ပြောလေသည်။
“တူလေးယွမ် ခုနက ပြောတယ်နော်... အိမ်မှာ စေ့စပ်ထားတာ မရှိဘူးလို့။ ဦးကြီး သားနဲ့ သမီးလေးက အမွှာတွေလိုပဲ။ ရုပ်ချင်းဆင်တယ်၊ အသက်ချင်းတူတယ်၊ စိတ်နေသဘောထားချင်းလည်း တူတယ်။ သမီးလေးက မွေးရပ်မြေမှာ အချိန်ဖြုန်းနေခဲ့ရလို့ တူလေးယွမ်ထက် အသက်နည်းနည်း ကြီးနေတယ်။ အသက်ကြီးတာကို တူလေးယွမ် စိတ်ကွက်မလား မသိဘူး...”
149 03
မေဝမ့်ရှူး နားမထောင်နိုင်တော့သဖြင့် ခွက်ကို မပြီး လက်ဖက်ရည် မော့သောက်လိုက်သည်။
လော့ရှင်းယွမ် မျက်လုံးထဲတွင် အပြုံးများ ပို၍ များပြားလာသည်။ ချက်ချင်း ပြန်ဖြေလိုက်၏။
“ဦးလေးကို မလိမ်ပါဘူး။ ကျွန်တော်က အသက်ကြီးတဲ့ မမတွေကို ပိုသဘောကျပါတယ်”
မေသခင်ကြီး စိတ်လှုပ်ရှားသွားပြီး ပေါင်ကို ပုတ်လိုက်သည်။ “ဟား… ကောင်းလိုက်တာ။ တူမောင်က အမြင်ရှိတာပဲ!”
“အဖေ” မေဝမ့်ရှူး ဆက်လက် နားမထောင်နိုင်တော့ပေ။ “ကျွန်တော် ခုနက (၂) ချက်တီးသံ ကြားလိုက်တယ်။ အဖေ တကယ် သွားနားသင့်ပြီ”
မေသခင်ကြီးက နေ့ရောညပါ စဉ်းစားနေသော အရေးကြီးကိစ္စ အကောင်အထည် ပေါ်လာတော့မည်ဖြစ်ရာ မည်သို့ အိပ်နိုင်မည်နည်း။ လက်ကာပြလိုက်သည်။ “စောပါသေးတယ်။ ငါ့သား အိပ်ချင်ရင် အရင်သွားအိပ်ချေ”
မေဝမ့်ရှူး လက်ဖက်ရည်ခွက်ကို ချပြီး အသံတိတ် သက်ပြင်းချလိုက်သည်။
“အဖေ… ရှင်းယွမ် က မြို့တော်မှာ အိမ်ပိုင်ဆိုင်မှုတွေ ရှိတယ်။ သူက ကျွန်တော်နဲ့အတူ လင်းချွမ်ကို လိုက်ပြန်လို့ မရဘူး”
စကားတိုတိုလေး ဖြစ်သော်လည်း မေသခင်ကြီး၏ ခေါင်းပေါ်သို့ ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
မေသခင်ကြီး၏ အပြုံးများ ရပ်တန့်သွား၏။
“တူလေးယွမ်က မြို့တော်မှာ အိမ်ပိုင်ဆိုင်မှုတွေ ရှိတယ် ဟုတ်လား။ ခုနက ဟောင်းနွမ်းနေတဲ့ ဘိုးဘွားပိုင် အိမ်ကြီးပဲ ရှိတယ်ဆို”
“သူ့မှာ အိမ်ပိုင်ဆိုင်မှုတွေ ရှိပါတယ်” မေဝမ့်ရှူးက မျက်နှာချင်းဆိုင်မှ အကြည့်စူးစူးကို ရှောင်လွှဲပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါကြောင့်လည်း ဦးလေးတွေက ဝိုင်းလုချင်နေကြတာပေါ့။ အခု ပြန်ရပြီ ဆိုတော့ သူက မြို့တော်မှာ နေပြီး စီးပွားရေး လုပ်ရတော့မှာ”
မေသခင်ကြီး နှမြောတသ ဖြစ်သွားလေသည်။ “ဪ... အဲဒီလိုလား။ နှမြောစရာပဲ”
လော့ရှင်းယွမ်၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို နှမြောတသ ကြည့်ရှုလိုက်သည်။ ကြည့်လေ သဘောကျလေ၊ ကြည့်လေ နှမြောလေ ဖြစ်နေ၏။
“ဦးကြီး ထင်ခဲ့တာက... ထားလိုက်ပါတော့။ ကိုယ်ပိုင် စီးပွားရေး ရှိတဲ့ ယောကျ်ားကောင်း တစ်ယောက်ကို မေအိမ်တော်က အိမ်ခေါ်သားမက် လုပ်ပါလို့ အတင်း မတောင်းဆိုသင့်ပါဘူး”
လော့ရှင်းယွမ် နှုတ်ခမ်းစွန်းမှ အပြုံးများ ပျောက်ကွယ်သွားလေသည်။
သူသည် လက်ဖက်ရည်ခွက်ကို ချ၊ ဝတ်ရုံကို ပြုပြင်ပြီး မတ်တပ်ထရပ်လိုက်၏။ မျက်နှာချင်းဆိုင်မှ မေဝမ့်ရှူး ရှေ့သို့ လျှောက်သွားလိုက်သည်။
မေဝမ့်ရှူး လက်ဖက်ရည်ခွက်ကို ချပြီး မော့ကြည့်ကာ ခေါင်းဖြည်းဖြည်းချင်း ခါပြလိုက်သည်။
“ရှင်းယွမ်... မလုပ်နဲ့…”
စကားမဆုံးမီ လော့ရှင်းယွမ်သည် သူမ၏ ကျယ်ဝန်းသော ဝတ်ရုံလက်အောက်မှ သွယ်လျသော လက်ကို လှမ်းဆွဲပြီး ထိုင်ခုံပေါ်မှ ဆွဲထူလိုက်သည်။
မေဝမ့်ရှူး လန့်ဖျပ်သွား၏။
ပါးစပ်အဟောင်းသား ဖြစ်နေသော မေသခင်ကြီး၏ ရှေ့မှောက်တွင်ပင် အိမ်ရှေ့ခန်းမ အပြင်ဘက်သို့ အဆွဲခံလိုက်ရလေသည်။
“ငါ လုပ်နိုင်တယ်”
မီးရောင်မှိန်ဖျဖျ စင်္ကြံလမ်းအောက် အမှောင်ရိပ်ထဲတွင် လော့ရှင်းယွမ်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နက်မှောင်သော မျက်လုံးများသည် မီးရောင်အောက်တွင် တောက်ပနေပြီး အန္တရာယ်ရှိသော ဝံပုလွေတစ်ကောင် လှည့်ပတ်သွားလာနေသကဲ့သို့ ဖြစ်နေလေသည်။
“မင်းတို့ မေအိမ်တော်က အိမ်ခေါ်သားမက် လိုချင်တယ်ဆိုရင် ငါ လုပ်ပေးမယ်။ ဘာလို့ ငါ့ကို တစ်ခွန်းမှ မမေးဘဲ ငါ့အစား ငြင်းလိုက်ရတာလဲ”
မေဝမ့်ရှူးသည် သူ့အသံ နိမ့်ပြီး ဖိစီးနေသည်ကို သတိပြုမိလိုက်၏။ လက်မောင်း ကြွက်သားများ တင်းမာနေသည်ကိုလည်း ခံစားမိသည်။ သူ့လက်ဖမိုးကို ဖွဖွလေး ပုတ်ပြီး နှစ်သိမ့်ကာ ဖြည်းဖြည်းချင်း ရှင်းပြလေသည်။
“ရှင်းယွမ်... အိမ်ခေါ်သားမက် ဆိုတာ ဘာလဲ သိရဲ့လား။ မင်းနဲ့ တကယ် မသင့်တော်ဘူး”
149 04
“ဘယ်နေရာက မသင့်တော်တာလဲ။ မင်း ဘယ်သွားသွား ငါ လိုက်မှာပဲ။ မင်း ဘာလုပ်လုပ် ငါ လိုက်လုပ်မှာပဲ” လော့ရှင်းယွမ်က အေးစက်စက် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ လဝက်လောက်က ညဉ့်နက်သန်းခေါင် ကျစ်ချန်နန်းဆောင်မှာ တစ်ယောက်တည်း နေရင်း ငါ သေချာ စဉ်းစားပြီးပြီ။ အခု ငါ မြို့တော်မှာ နေနေတာက မင်း မြို့တော်မှာ ရှိနေလို့ပဲ။ တကယ်လို့ မင်းက လော့ယန် အရှေ့မြို့တော်ကို သွားမယ် ဆိုရင် ငါလည်း လော့ယန် အရှေ့မြို့တော်ကို လိုက်ခဲ့မယ်။ မင်း မွေးရပ်မြေကို ပြန်မယ် ဆိုရင် ငါလည်း မင်းနဲ့အတူ မွေးရပ်မြေကို လိုက်ပြန်မယ်”
မေဝမ့်ရှူး သူပြောသည်ကို ကြားပြီး စကားမပြောနိုင် ဖြစ်သွားလေသည်။ အချိန်အတော်ကြာမှ အသက်ပြင်းပြင်း ရှူပြီး ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ... ငါ ရာထူးက နုတ်ထွက်ပြီး လင်းချွမ် မွေးရပ်မြေကို ပြန်မယ် ဆိုပါစို့။ မင်းလည်း ငါနဲ့အတူ လိုက်ပြန်မယ်။ ဒါဆို မြို့တော်က ထီးနန်းကိစ္စတွေကို ဘယ်လို လုပ်မလဲ။ မင်းက ဖျင်မင်းသားကို ပေးခဲ့မလို့လား။ တိုက်မင်းသားကို ပေးခဲ့မလို့လား။ ဒါမှမဟုတ် မင်းရဲ့ အစ်ကိုတော်ကို ပေးခဲ့မလို့လား။ ယာယီနန်းတော်က တူတော်မောင်တွေကို ပေးခဲ့မလို့လား”
“ငါ့စိတ်ထဲမှာ ရွေးချယ်ထားတဲ့သူ ရှိပါတယ်” လော့ရှင်းယွမ်က ယုံကြည်မှုအပြည့်ဖြင့် သူ့အစီအစဉ်ကို ပြောပြလေသည်။
“ပြဿနာရှာတဲ့ ဆွေမျိုးတွေကို ဖယ်ထုတ်လိုက်ရင်၊ အသက် (၁၅) နှစ်အထက် တူတွေထဲက အတော်ဆုံး တစ်ယောက်ကို ရွေးပြီး အိမ်ရှေ့စံ တင်မြှောက်မယ်။ နန်းတွင်းမှာ အမတ်ချုပ်ယဲ့က အိမ်ရှေ့စံကို ကူညီပြီး တိုင်းပြည်အုပ်ချုပ်မယ်။ ငါက မင်းနဲ့အတူ လင်းချွမ်ကို လိုက်ပြန်မယ်။ တစ်လ တစ်ခါ မြင်းစီးပြီး မြို့တော်ကို ပြန်လာမယ်။ အရေးကြီးကိစ္စတွေကို ဖြေရှင်းပေးမယ်။ အိမ်ရှေ့စံ အရွယ်ရောက်တဲ့အထိ စောင့်ပြီးရင် ငါ ထီးနန်းလွှဲပေးလိုက်မယ်…”
မေဝမ့်ရှူး နားထောင်ကြည့်ရာ သူပြောသော စကားများသည် အစီအစဉ်တကျ ရှိနေသည်ကို တွေ့ရ၏။ တကယ်ပင် သူမနှင့်အတူ မွေးရပ်မြေလိုက်ပြန်ရန် သေချာ စီစဉ်ထားပုံ ရလေသည်။
ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာ၏။ မည်သို့ ခံစားရမှန်းပင် မသိတော့ချေ။
ပါးစပ်ဟပြီး စကားပြောရန် ပြင်လိုက်၊ ဘာပြောရမှန်း မသိ ဖြစ်လိုက်နှင့်။
စင်္ကြံလမ်း အမှောင်ရိပ်ထဲတွင် ရပ်ရင်း တုံ့ဆိုင်းနေမိလေသည်။
“မဖြစ်နိုင်ပါဘူး” သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
“မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် စီစဉ်ရမှာပေါ့။ လောကကြီးမှာ လမ်းတွေ အများကြီး ရှိတာပဲ။ လျှောက်လို့ရတဲ့ လမ်း တစ်လမ်းတော့ ရှိမှာပါ”
လော့ရှင်းယွမ်က ခြေတစ်လှမ်း ရှေ့တိုးလာသည်။ မှိန်ဖျဖျ မီးရောင်အောက်တွင် သူ့အသံမှာ တည်ငြိမ်နေသော်လည်း ခံစားချက်များ ပြင်းထန်နေလေသည်။
“ငါတို့က အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်လာခဲ့ပြီးပြီ။ ရွှယ်ချင့်... ငါ့ကို တစ်ယောက်တည်း ထားမခဲ့ပါနဲ့။ ငါ့ကို အထီးကျန်အောင် မလုပ်ပါနဲ့”
“ညက မင်း ပို့လိုက်တဲ့ လက်ဆောင်စာရင်း ရတော့ မင်း ငါ့ကို သတိရနေတယ် ဆိုတာ ငါ သိလိုက်ရတယ်။ မင်းသာ ငါနဲ့အတူ ရှိချင်ရင် နည်းလမ်း ရှိပါတယ်။ ငါ ဒီည အရာအားလုံးကို ပစ်ထားခဲ့ပြီး မင်းဆီ တစ်ယောက်တည်း လာခဲ့တာ... မင်းကို တစ်ခွန်းတည်း မေးချင်လို့။ ငါ့ကို လိုချင်လား”
မေဝမ့်ရှူးသည် မီးရောင်အောက်တွင် ခေါင်းငုံ့ပြီး ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် ပြုံးလိုက်၏။
“ရှင်းယွမ်... ငါက အရာရာကို စဉ်းစားတတ်တဲ့သူပါ။ မင်းက အရာအားလုံးကို ပစ်ထားခဲ့ပြီး ငါ့ကို လိုချင်လားလို့ မေးလာမှတော့... ငါလည်း အရာအားလုံးကို ပစ်ထားခဲ့ပြီး ငါ့စိတ်ထဲ ရှိတာကိုပဲ ဖြေလိုက်မယ်”
“ဒီည နန်းတော်ထဲ လက်ဆောင်စာရင်း ပို့ပြီးတဲ့နောက်... ညတစ်ညလုံး ပြတင်းပေါက် အပြင်ဘက်ကို အနည်းဆုံး (၅) ခါလောက် လှမ်းကြည့်မိတယ်။ အိပ်ခါနီးမှ သတိထားမိတာက... ငါ မင်းရဲ့ အကြောင်းပြန်စာကို စောင့်နေမိတာပဲ။ စကားတစ်ခွန်း ဖြစ်ဖြစ်၊ စာတစ်စောင် ဖြစ်ဖြစ်... ဘာမှ ပြန်မလာတော့ ရင်ထဲမှာ ဟာတာတာ ဖြစ်နေတယ်”
သူမ စကားရပ်လိုက်ပြီး ဝေ့ဝိုက် ပြောလိုက်သည်။ “ငါ သတိရနေတယ် ဆိုတာ ငါ လိုချင်တယ် ဆိုတဲ့ သဘောပါပဲ”
နွေရာသီ ဝတ်စုံလက်အောက်ရှိ လော့ရှင်းယွမ်၏ လက်ဖဝါးကြီးသည် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ နာကျင်သွားသည်အထိပင် ဖြစ်၏။
နောက်တစ်ခဏ၌ သူမကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်လိုက်သည်။ လော့ရှင်းယွမ်က သူမ နှုတ်ခမ်းနားကို လက်ကမ်းပေးပြီး အသက်ရှူမြန်မြန်ဖြင့် ပြောလိုက်သည်။ “ကိုက်လိုက်”
“... ...”
မေဝမ့်ရှူးသည် သူမ၏ ဝန်ခံစကားကြောင့် ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ရလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အံ့သြပြီး မော့ကြည့်လိုက်မိသည်။ မျက်လုံးထဲတွင် နားမလည်မှုများ ပြည့်နှက်နေလေသည်။
149 05
“ကိုက်ပြီး... ဘာလုပ်မလို့လဲ”
“ငါ အရမ်း ပျော်လွန်းလို့။ ပျော်လွန်းလို့ ရူးတော့မယ်” လော့ရှင်းယွမ်က အလျင်စလို ပြောလေသည်။ “ငါ အိပ်မက် မက်နေတာများလား။ ရွှယ်ချင့်... ငါ့ကို နာနာလေး ကိုက်လိုက်စမ်းပါ။ ငါ့ကို နှိုးပေးပါ။ ငါ့ကို မရူးသွားစေနဲ့”
မေဝမ့်ရှူး - “......”
သူမ ခေါင်းကိုက်စွာဖြင့် နဖူးကို နှိပ်နယ်လိုက်မိသည်။ ရှေ့သို့ တိုးပြီး ကမ်းပေးထားသော လက်ကောက်ဝတ်ကို မနာကျင်စေဘဲ ကိုက်လိုက်သည်။
“မနာဘူး” လော့ရှင်းယွမ်က သူမ ခေါင်းပေါ်မှ ညည်းတွားလိုက်သည်။ “ငါ တကယ် အိပ်မက် မက်နေတာပဲ။ ဟဲဟဲ... ဒီလောက် ကောင်းတဲ့ အိပ်မက်မျိုးက ဘယ်လိုလုပ် တကယ် ဖြစ်နိုင်မှာလဲ...”
သူ၏ စိတ်ပျက်အားငယ်နေသော အသံကို ကြားသောအခါ မေဝမ့်ရှူး စိတ်မရှည်တော့ချေ။ ခေါင်းငုံ့ပြီး ရှိသမျှ အားကုန်သုံးကာ သူ၏ လက်ကောက်ဝတ်ကို ကိုက်ချလိုက်သည်။
“အား…”
လက်ကောက်ဝတ်မှာ နာကျင်သွားသဖြင့် အလိုအလျောက် နောက်ဆုတ်သွားလေသည်။
လော့ရှင်းယွမ်၏ အသက်ရှူသံများသည် ရုတ်တရက် ပြင်းထန်လာ၏။ ညအမှောင်ထဲတွင် သူ၏ မျက်လုံးများသည် မနက်ခင်း ကြယ်များသဖွယ် တောက်ပလာလေသည်။
မေဝမ့်ရှူး ပါးစပ်ဟ လိုက်သောအခါ လက်ကောက်ဝတ်တွင် သွားရာကြီး ထင်ကျန်ရစ်သည်ကို တွေ့ရ၏။ သူမ ရယ်ချင်စိတ်ကို ထိန်းပြီး အင်္ကျီလက်စဖြင့် သုတ်ပေးရန် ပြင်လိုက်စဉ်... သန်မာသော လက်ဖဝါးကြီးက သူမ၏ မေးစေ့လေးကို ကိုင်ပြီး မော့စေလိုက်သည်။
လော့ရှင်းယွမ်၏ မျက်လုံးများသည် တောက်ပနေပြီး အံ့သြ၍ ဟနေသော နှုတ်ခမ်းလေးကို စိုက်ကြည့်နေလေသည်။ မြင့်မားသော ခန္ဓာကိုယ်ကြီးသည် စင်္ကြံလမ်း အမှောင်ရိပ်ကို အကာအကွယ်ယူပြီး နှုတ်ခမ်းလေးကို လက်မဖြင့် ပွတ်သပ်ပေးနေ၏။ တဖြည်းဖြည်း ကိုယ်ကို ကိုင်းညွှတ်လာနေစဉ်…
“တော်ကြစမ်း!”
မေသခင်ကြီးသည် (၃) လှမ်းခန့် အကွာတွင် မီးအိမ်ဆွဲလျက် ရပ်နေလေသည်။ မျက်မှောင်ကြုတ်ပြီး လက်ညှိုးထိုးကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
ဖြတ်သွားဖြတ်လာ အိမ်စေများ ကြားသွားမည် စိုးသဖြင့် မီးအိမ်ကို ပစ်ချပြီး ရှေ့သို့ ပြေးထွက်လာလေသည်။ သူပါ အမှောင်ရိပ်ထဲ ရောက်ရှိလာလေသည်။
“ကောင်းကြသေးရဲ့လား... သူငယ်ချင်းတွေတဲ့!” မေသခင်ကြီး ဒေါသထွက်လွန်း၍ လက်များ တုန်ယင်နေသည်။ “ငါသာ ထွက်မကြည့်ရင်... သိလိုက်မှာ မဟုတ်ဘူး... မင်းတို့...”
အဖမ်းခံလိုက်ရသော မေဝမ့်ရှူးက လှည့်ကြည့်လိုက်သည်။ တည်ငြိမ်နေဆဲပင်။
“အရင်တုန်းက ဖုံးကွယ်ထားမိတာ ခွင့်လွှတ်ပါ အဖေ”
“သမီးနဲ့ ရှင်းယွမ်က မြို့တော်မှာ နေတာ ကြာပြီဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပါပြီ။ သမီး ယောကျ်ားလေးလို နေရတဲ့ ကိစ္စတွေ၊ မွေးရပ်မြေမှာ ညီမလေး မရှိတဲ့ ကိစ္စတွေကို ရှင်းယွမ် သိပြီးသားပါ”
လော့ရှင်းယွမ်က သူမကို အနောက်ပို့ပြီး ကာကွယ်ပေးလိုက်သည်။ မျက်နှာချင်းဆိုင် လှည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်ပါတယ်။ ဦးလေးရဲ့ အခက်အခဲတွေ၊ မေအိမ်တော်ရဲ့ အခက်အခဲတွေကို ကျွန်တော် သိပါတယ်”
မေသခင်ကြီး၏ စူးစူးရဲရဲ အကြည့်အောက်တွင် လော့ရှင်းယွမ်က ရှေ့နှစ်လှမ်း တိုးပြီး သားသမီး တစ်ယောက်သဖွယ် ဦးညွှတ်အရိုအသေ ပြုလိုက်သည်။ တည်ငြိမ်စွာ ပြောကြားလိုက်၏။
“ကျွန်တော်က အရည်အချင်း သာမန်ပါပဲ။ မျိုးရိုးလည်း သာမန်ပါပဲ။ ဒါပေမဲ့ မေအိမ်တော်ရဲ့ အိမ်ခေါ်သားမက် အနေနဲ့တော့ တာဝန်ကျေနိုင်မယ်လို့ ထင်ပါတယ်။ ခုနက ရွှယ်ချင့်နဲ့ တိုင်ပင်ပြီးပါပြီ။ ရွှယ်ချင့်က သဘောတူပါတယ်”
မေသခင်ကြီး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ ကောင်းကင်မှ အိမ်ခေါ်သားမက် တစ်ယောက် ပြုတ်ကျလာသကဲ့သို့ ဖြစ်နေ၏။ အင်္ကျီလက်စအောက်မှ လက်များ တုန်နေလေသည်။ အသံလည်း တုန်နေသည်။
“မင်း... မင်းက ငါ့အိမ်မှာ အိမ်ခေါ်သားမက် လုပ်မယ် ဟုတ်လား။ မင်း မြို့တော်မှာ ကိုယ်ပိုင် စီးပွားရေး ရှိတယ် မဟုတ်ဘူးလား”
လော့ရှင်းယွမ်က အေးဆေးပင်။ “ကိုယ်ပိုင် စီးပွားရေးကို မလိုချင်တော့ပါဘူး။ ဦးလေးနဲ့ ရွှယ်ချင့်က မငြင်းရင် ပြီးတာပါပဲ။ မေအိမ်တော်ထဲ ဝင်ခွင့်ပြုပါ”
149 06
မေသခင်ကြီး နေရာတွင် ရပ်ပြီး အသက်ပြင်းပြင်း ရှူနေလေသည်။ စိတ်ငြိမ်သွားသောအခါ မေဝမ့်ရှူးကို မေးမြန်းလိုက်၏။ “မင်းတို့... ဘယ်လောက် ကြာပြီလဲ”
မေဝမ့်ရှူး တွက်ချက်ကြည့်လိုက်သည်။ “ဒီတစ်ခေါက် မြို့တော် ပြန်ရောက်မှ ဆိုတော့... (၂) လ (၃) လလောက် ရှိပြီ”
လော့ရှင်းယွမ်က ပြင်ပေးလိုက်သည်။ “(၂) လ နဲ့ (၃) ရက်ပါ”
ဘေးနားက ပါလာသော ချန်ပေါ်က သက်ပြင်းချလေသည်။ “သခင်လေးယွမ် ပြောတာက ပိုတိကျတယ်”
မေသခင်ကြီး လန့်သွားလေသည်။ “ချန်အန်း... မင်း... မင်းလည်း သူတို့အကြောင်း သိနေတာလား”
သူ ရုတ်တရက် သဘောပေါက်သွား၏။ “ဒါဆို (၄) လပိုင်းတုန်းက မင်း စာရေးပြီး ပြောတဲ့ အရေးကြီးကိစ္စ ဆိုတာ ဒါလား”
ချန်ပေါ် တိတ်ဆိတ်စွာ ဦးညွှတ်လိုက်သည်။
မေသခင်ကြီးသည် မှောင်မိုက်နေသော စင်္ကြံလမ်းတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားနေလေသည်။ အခေါက် (၁၀၀) ခန့် လျှောက်ပြီးသောအခါ ရုတ်တရက် ရပ်လိုက်၏။ လော့ရှင်းယွမ်ကို လက်ညှိုးထိုးပြီး “မင်း အထဲလိုက်ခဲ့”
ပြီးတော့ မေဝမ့်ရှူးကို လက်ညှိုးထိုးပြီး “မင်း လိုက်မလာနဲ့”
မီးရောင်လင်းထိန်နေသော ဧည့်ခန်းမထဲတွင် အိမ်ရှင်နှင့် ဧည့်သည် ဒုတိယအကြိမ် ထိုင်လိုက်ကြလေသည်။
မေသခင်ကြီးသည် ဒီတစ်ခါ မီးရောင်အောက်တွင် အဆတစ်ရာခန့် ပိုမို သေချာ အကဲခတ်ကြည့်ရှုနေလေသည်။
စကားမပြောဘဲ အပေါ်အောက် ဘယ်ညာ သေချာကြည့်ရှုနေသည်မှာ နာရီဝက်ခန့် ကြာမြင့်သွားသည်။ ကျေနပ်သွားသောအခါမှ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး လေးလေးနက်နက် မေးလိုက်သည်။
“တူလေးယွမ်... မင်းအိမ် အခြေအနေကို အသေးစိတ် ထပ်ပြောပြစမ်းပါ။ မင်းမှာ ဘွဲ့ထူးဂုဏ်ထူး ရှိလား။ အိမ်မှာ ဘယ်သူတွေ ရှိလဲ”
လော့ရှင်းယွမ် တည်ငြိမ်စွာ ဖြေကြားလိုက်သည်။ “ကျွန်တော့်မှာ ဘွဲ့ထူးဂုဏ်ထူး မရှိပါဘူး။ သာမာန်ပါပဲ။ အိမ်အခြေအနေကတော့ ခုနက ပြောသလိုပါပဲ။ အမေက အမွေတွေ ယူပြီး ထွက်ပြေးသွားတယ်။ ဦးလေး (၂) ယောက်နဲ့ အစ်ကိုကြီးက ထောင်ကျနေတယ်။ မကြာခင် နယ်နှင်ဒဏ် ခံရတော့မယ်...”
“တော်ပြီ... တော်ပြီ” မေသခင်ကြီး နားထောင်ရင်း ခေါင်းကိုက်လာသဖြင့် လက်ကာပြလိုက်သည်။
“ဒီလို ဆွေမျိုးတွေကို စွန့်လွှတ်လိုက်တာ ကောင်းပါတယ်။ ဒါကြောင့်လည်း မင်းက အိမ်ခေါ်သားမက် လုပ်ချင်တာကိုး။ ငါတို့ မေအိမ်တော်က ချမ်းသာပါတယ်။ မင်းဆီက ကျန်တဲ့ အမွေတွေကို မမက်ပါဘူး။ မင်းက အိမ်ခေါ်သားမက် လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မြို့တော်က မင်းပိုင်ဆိုင်မှုတွေကို မင်းရဲ့ ခန်းဝင်ပစ္စည်းအဖြစ် သဘောထားပြီး ကိုယ့်ဘာသာ စီမံခန့်ခွဲပေတော့”
အသေးစိတ် အချက်အလက်များကို ဆွေးနွေးပြီးသောအခါ မေသခင်ကြီးက အရေးကြီးဆုံး ကိစ္စကို မေးလိုက်သည်။
“အိမ်ခေါ်သားမက် ဆိုပေမဲ့ နှစ်ဖက်မိဘ သဘောတူ တရားဝင် လက်ထပ်ရမှာ။ ဦးကြီးက မေအိမ်တော်ဘက်က လူကြီးပေါ့။ မင်းဘက်က အဖေမရှိ၊ အမေကလည်း ထွက်ပြေးသွားဆိုတော့... ကမ်းလှမ်းတဲ့အချိန်ကျရင် မင်းဘက်က လူကြီး တစ်ယောက်ယောက် ရှိလား”
လော့ရှင်းယွမ်က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ “ရှိပါတယ်။ အိမ်မှာ ဦးလေး တစ်ယောက် ရှိပါတယ်။ မင်္ဂလာသက်သေ လူကြီးအဖြစ် ဆောင်ရွက်ပေးလို့ ရပါတယ်”
မေသခင်ကြီး ကျေနပ်သွားလေသည်။
ဧည့်ခန်းမထဲမှ မီးရောင်များသည် မနက်မိုးလင်းခါနီးအထိ လင်းထိန်နေလေသည်။
နှစ်ဖက် သဘောတူလိုက်ကြပြီး စေ့စပ်ပွဲကို (၇) လပိုင်းတွင် ကျင်းပရန် ဆုံးဖြတ်လိုက်ကြ၏။
မေဝမ့်ရှူး၏ မိခင်က လာ၍ မမီတော့သဖြင့် မြို့တော်တွင် စေ့စပ်ပွဲကို အကျဉ်းချုံးပြီး ပြုလုပ်မည်။ လင်းချွမ် မွေးရပ်မြေပြန်ရောက်မှ မင်္ဂလာပွဲကို အကြီးအကျယ် ကျင်းပမည်ဟု သဘောတူကြလေသည်။
မေသခင်ကြီး စိတ်ချမ်းသာသွားလေသည်။ မီးရောင်အောက်တွင် သားမက်လောင်းကို ကြည့်ရင်း ကြည့်ရင်းနှင့် ပိုမို သဘောကျလာသည်။ တံခါးဝအထိ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးလိုက်၏။
149 07
ညနေပိုင်းက တူလေးယွမ်ဟု ယဉ်ယဉ်ကျေးကျေး ခေါ်ဆိုခဲ့သော်လည်း...
ပြန်သွားသည့် အချိန်တွင် ရှင်းယွမ်ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုနေပြီ ဖြစ်သည်။
“သူ့မိဘတွေက နာမည်ပေးတာ တစ်မျိုးပဲ” မီးအိမ်ဆွဲပြီး ပြန်လျှောက်လာသောအခါ မေသခင်ကြီးက မေဝမ့်ရှူးကို ပြောပြလေသည်။
“ယွမ်ရှင်းယွမ်တဲ့။ နာမည်က ထူးထူးဆန်းဆန်း။ ဒီသားကို ဂရုမစိုက်တာ သေချာတယ်”
မေဝမ့်ရှူးက မီးအိမ်ကို ကိုင်ပြီး ရှေ့မှ လျှောက်ရင်း အဖေ ညည်းတွားသည်ကို နားထောင်နေလေသည်။ ပြီးမှ ပြန်လည်ဖြေကြားလိုက်၏။
“ရှင်းယွမ် ဆိုတာ သူ့ရဲ့ ငယ်နာမည်ပါ။ သူ့အဖေ ရှိတုန်းက ပေးခဲ့တဲ့ ရှားပါးတဲ့ နာမည်တစ်လုံး ရှိပါသေးတယ်”
“ဪ... ဟုတ်လား” မေသခင်ကြီး လမ်းအနည်းငယ် လျှောက်ပြီးသောအခါ ထပ်ပြောပြန်လေသည်။ “(၇) လပိုင်း (၁၀) ရက်နေ့ စေ့စပ်မယ် ဆိုတော့ နေ့ကောင်းရက်သာပါပဲ။ (၇) လပိုင်း (၁၀) ရက်... ဘာလို့ ရင်းနှီးနေပါလိမ့်”
မေဝမ့်ရှူး ထောက်ခံလိုက်သည်။ “တကယ့်ကို နေ့ကောင်းရက်သာပါပဲ။ (၇) လပိုင်း (၁၀) ရက်နေ့က မြောက်ပိုင်းဝေတိုင်းပြည် သံတမန်တွေ မြို့တော်ကို ဝင်မဲ့နေ့လေ”
မေသခင်ကြီး လန့်သွားလေသည်။ “အို... သမီး ပြောဖူးတယ် မဟုတ်လား။ သံတမန်တွေ ဝင်လာရင် ဧကရာဇ်နဲ့အတူ မြို့ရိုးပေါ်တက်ပြီး ကြည့်ရမယ် ဆို။ နေ့ကောင်းရက်သာ ဖြစ်ပေမဲ့ ရက်တိုက်နေပြီ!”
“အဖေ မပူပါနဲ့” မေဝမ့်ရှူးက အေးဆေးပင်။ “ရှင်းယွမ် ဘက်ကလည်း အဲဒီနေ့ အလုပ်ရှုပ်မှာပါ။ မင်္ဂလာဆောင် ဆိုတာ ရှေးတုန်းကတော့ နေဝင်ချိန်ကို ခေါ်တာလေ။ အဖေက စေ့စပ်ပွဲ အချိန်ကို နေဝင်ရီတရော အချိန် သတ်မှတ်လိုက်ရင် အဆင်ပြေပါတယ်”
******