← Chapters

ဖိတ်ကြားချက်

Vol. 178 Ch. 2551

ဖိတ်ကြားချက်

Vol. 178 Ch. 2551

ဝမ်တုန်းလိုင် သတိပြန်ဝင်လာသောအခါ ရီဖူရှင်းကို စူးရှသောမျက်လုံးများဖြင့် ကြည့်လိုက်၏။

ထိုလူများသည် လှံချက်တစ်ချက်ဖြင့်သာ ရှုံးနိမ့်သွားကြ၏။

ရှေးဟောင်းနတ်ဘုရားကလန်မှ ဖေးယောင်ဖြစ်စေ သို့မဟုတ် မှော်နက်လောကမှ လာခဲ့ခြင်းဖြစ်နိုင်သူ နျဲ့ကျိုးဖြစ်စေ လှံချက်တစ်ချက်ဖြင့်ပင် ရှုံးနိမ့်သွားကြရသည်။ မည်သည့်လှံသိုင်းသည် ထိုသို့လုပ်နိုင်သနည်း။

သို့တည်းမဟုတ် ရီဖူရှင်း၏လှံသိုင်းသည် လှံသိုင်းသပ်သပ်မဟုတ်တော့ဘဲ မဟာလမ်းစဉ်အပေါ် သိမြင်နားလည်မှုကို အခြေခံထားသော အကြွင်းမဲ့ဖိအားအစွမ်းတစ်ခု ဖြစ်နေသည်လော။ သူသည် လှံအစား ဓားရှည်တစ်ချောင်း၊ ဓားတိုတစ်ချောင်း သို့မဟုတ် ပုဆိန်တစ်ချောင်းဖြင့် အစားထိုးခဲ့လျှင်လည်း ရလဒ်သည် အတူတူသာဖြစ်ပေမည်။

“ဒါပေါ့...”

ဝမ်တုန်းလိုင်က ပြန်ပြောလိုက်၏။

ရီဖူရှင်းသည် သူ၏ပြိုင်ဘက်တိုင်းကို လှံချက်တစ်ချက်စီဖြင့်သာ အနိုင်ယူခဲ့ပြီး အချိန်တိုအတွင်း နောက်ဆုံးအနိုင်ရသူဖြစ်လာခဲ့သည်။ ဤအကြိမ်တွင် နတ်ဘုရားတစ်ဝက်လက်နက်သည် သူ့အပိုင်ဖြစ်လာပေပြီ။

“ကျေးဇူးပဲ”

ရီဖူရှင်းက လှံရှည်ကိုယူ၍ ထွက်သွားရန် ဟန်ပြင်လိုက်၏။ ဘေးမှကြည့်နေသူများသည် သူ၏အပြုအမူကြောင့် အလွန်အံ့အားသင့်သွားကြသည်။ သူသည် အေးစက်စက်နိုင်၍ ခပ်စိမ်းစိမ်းသာနေတတ်သူဟု သူတို့တွေးလိုက်ကြသည်။ သူတို့သည် ထိုသူမှာ မည်သူဖြစ်ကြောင်းမသိသလို၊ ဘယ်မှလာခဲ့သည်ကိုလည်း မသိကြပေ။ သို့သော် သူသည် စွမ်းအားကြီးသူတစ်ယောက်ဖြစ်ကြောင်းကို မငြင်းနိုင်ချေ။

“ခဏလောက်နေပါဦး...”

အသံတစ်ခုသည် ရီဖူရှင်းကို လှမ်းခေါ်လိုက်၏။ ရီဖူရှင်းသည် ရပ်တန့်ကာ နောက်လှည့်ကြည့်လိုက်၏။ ငွေရောင်မျက်နှာဖုံးအောက်ရှိ မျက်လုံးများသည် မောက်မာ၊ အေးစက်နေသည်။ သူ့ကိုလှမ်းခေါ်လိုက်သူမှာ မြို့သခင်ရုံးတော်မှ ဝမ်ကလန်မှ ဝမ်ထန်ဖြစ်သည်။

ရီဖူရှင်းသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေပြီး ဝမ်ထန်ပြောမည့်စကားကို စောင့်နေလိုက်၏။

“ငွေလှံချန်ခုန်း...”

ဝမ်ထန်က ပြုံးလျှက်ပြောလိုက်၏။

“ကျုပ်က မြို့သခင်ရုံးတော်က ဝမ်ထန်ပါ။ ကျုပ် ခင်ဗျားရဲ့နာမည်ကို အရင်က တစ်ခါမှ မကြားဖူးပါဘူး... ဒါပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအစွမ်းအရ ခင်ဗျားဟာ အခုလို လူမသိ၊ သူမသိနေသင့်တဲ့သူမဟုတ်ဘူး။ ခင်ဗျား ဘယ်ကလာခဲ့တယ်ဆိုတာ မေးလို့ရမလား”

“မြို့သခင်ရုံးတော်က ဝမ်ထန်... ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ယောက်”

ရီဖူရှင်းသည် အပြင်ပိုင်းတွင် တည်ငြိမ်ဟန်ဆောင်နေသော်လည်း ရင်ထဲတွင် စိတ်လှုပ်ရှားနေပေသည်။ နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသည့် ထျန်းယန်မြို့၏ အရေးပါသော ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် ပြိုင်ပွဲတစ်ခုသာ မဟုတ်တော့ပေ။ ထိုပွဲ၏အမည်အောက်တွင် မြို့သခင်ရုံးတော်သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ပါဝင်သူများကိုဖြစ်စေ၊ သို့မဟုတ် အခြားပြိုင်ပွဲများတွင် ပါဝင်သူများကိုဖြစ်စေ  အနယ်နယ်၊ အရပ်ရပ်မှ စွမ်းအားကြီးသူအားလုံးကို ဖိတ်ခေါ်နိုင်ပေသည်။ ထိုသို့ဖိတ်ခေါ်ခံရသူများအားလုံးသည်လည်း ဖော်ပြရန်ပင်မစွမ်းသာသော စွမ်းအားကြီးကျင့်ကြံသူများသာဖြစ်ကြသည်။

ထို့အပြင် ထျန်းယန်မြို့ရှိ မြို့သခင်ရုံး‌တော်သည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းတွင် နံပါတ်တစ်အင်အားစုဖြစ်၍ သူတို့၏ဂုဏ်အရှိန်အဝါဖြင့် စွမ်းအားကြီးကျင့်ကြံသူများကို စည်းရုံးသိမ်းသွင်းနိုင်ပေသည်။ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုအနေဖြင့် သူတို့၏ကျော်ကြားသော ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကိုသာ မှီခိုနိုင်သော်လည်း အင်အားသည်သာ တစ်ခုတည်းသော စစ်မှန်သည့်အခြေခံအုတ်မြစ်ဖြစ်ပေသည်။ ထို့ကြောင့် ထျန်းယန်မြို့တွင်းရှိ အင်အားစုများသည် အင်အားကြီးမားလာစေရန် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ သူတို့၏ အင်အားစုများထဲတွင် သူတို့၏တိုက်ရိုက်မျိုးဆက်များပြင် အပြင်မှ အကြီးအကဲများနှင့် ဧည့်သည့်များလည်း များစွာရှိပေသည်။ ကောင်းကင်ဒေသရှိ ရှေးဟောင်းနတ်ဘုရားကလန်များအကြားတွင် ထျန်ယန်မြို့ရှိ ဝမ်မျိုးနွယ်များသည် ထပ်တန်းအင်အားစုများထဲမှ တစ်စုဖြစ်ပေသည်။

ရီဖူရှင်းသည် ထိုအကြောင်းများကို ထျန်းယျန်မြို့ထဲ၌ လှည့်ပတ်လေ့လာခဲ့စဉ်က သိခဲ့ရခြင်းဖြစ်သည်။

ဝမ်ထန်သည် မြို့သခင်ရုံးတော်ကို အုပ်ချုပ်သော ဝမ်မိသားစု၏ မျိုးနွယ်ရင်းထဲမှဖြစ်သည်။ သူသည် သင့်တော်သည်ဟုထင်သော မည်သူ့ကိုမဆို မြို့သခင်ရုံးတော်သို့ ဝင်ရန် စည်းရုံးနိုင်ပေသည်။ ထျန်းယန်မြို့တွင်လည်း အနောက်အင်ပါယာနန်းတော်၏ ရှေးဟောင်းနတ်ဘုရားကလန်ကဲ့သို့ပင် မြို့သခင်ရုံးတော်အတွင်း၌ မိသားစုဝင်များသည် အာဏာရရန် ပြိုင်ဆိုင်နေကြပေသည်။

“ကျုပ်က လေလွင့်ကျင့်ကြံသူတစ်ယောက်ပါပဲ။ လောကကြီးတစ်ခုလုံးက ကျုပ်ရဲ့ အိမ်ပဲ”

ရီဖူရှင်းက ပြန်ပြောလိုက်၏။ သူ၏အသံသည် တိုးညှင်းကာ ခပ်ဩဩဖြစ်နေသည်။

“လေလွင့်ကျင့်ကြံသူဟုတ်လား...”

ဝမ်ထန် မှင်တက်သွားသည်။

“ရှေးဟောင်းနတ်ဘုရားကလန်က ကျင့်ကြံသူကို တစ်ချက်တည်းနဲ့ အနိုင်ရအောင် တိုက်ခိုက်နိုင်တဲ့သူက သေချာပေါက် ကိုယ့်ဘာသာ ကျင့်ကြံထားတဲ့ ကျင့်ကြံသူမဖြစ်နိုင်ဘူး”

ရီဖူရှင်း၏မျက်လုံးများသည် အေးစက်နေပြီး သူသည် မျက်နှာဖုံးအောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူက ပြောလိုက်၏။

“အကြီးအကဲဆီမှာ ပြောစရာမရှိတော့ရင် ကျုပ် သွားတော့မယ်”

သူသည် ထိုသို့ပြော၍ ထွက်သွားရန် နောက်လှည့်လိုက်၏။ လူတိုင်းတွင် လျှို့ဝှက်ချက်ရှိကြောင်း ဝမ်ထန်သိသဖြင့် သူသည် ထိုလျှို့ဝှက်ချက်များကို စပ်စုမနေသင့်ကြောင်း သူသိ၏။ အထူးသဖြင့် သူ့ရှေ့ရှိ စွမ်းအားကြီးသူကဲ့သို့သော သူမျိုး၏အကြောင်းကို ပို၍ပင် မစပ်စုသင့်ပေ။  သူဆက်ပြောလိုက်၏။

“မင်းရဲ့ တိုက်ခိုက်စွမ်းရည်က ထူးကဲတာပဲ... ပြီးတော့ အဲဒီငွေလှံက ဆရာဝမ်ကိုယ်တိုင် ပြုလပ်ထားတာ။ လှံရဲ့ စွမ်းအားကို အထူးပြောနေဖို့မလိုဘူး။ အခု လှံက မင်းနဲ့လိုက်ဖက်တယ်ဆိုပေမယ့် နောက်ပိုင်း မင်းက မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီး ပိုစွမ်းအားကြီးလာတာနဲ့အမျှ ပိုပြီးစွမ်းအားကြီးနဲ့ နတ်လက်နက်တွေကို လိုလာမှာပဲ...”

ရီဖူရှင်းသည် ရှေ့သို့လှမ်းနေသည့် ခြေလှမ်းကို ရပ်တန့်လိုက်၏။

“အကြီးအကဲ ပြောချင်တာက ဘာလဲ”

“ဘာရယ်မဟုတ်ပါဘူး... မင်းကို မြို့သခင်ရုံးတော်ကို ဧည်သည့်တော်တစ်ဦးအနေနဲ့ ဖိတ်ခေါ်ချင်တာပါ... အဲဒီမှာ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ကြည့်ရအောင်ပေါ့”

ဝမ်ထန်သည် သူ၏ရည်ရွယ်ချက်ကို လူမြင်ကွင်းတွင် ထုတ်မပြောလိုက်ပေ။ သို့သော် သူ၏ရည်ရွယ်ချက်သည် အတော်လေးသိသာပေသည်။ ရီဖူရှင်းသည် ထိုအရာကို ချက်ချင်း ခန့်မှန်းနိုင်၏။

သူ့ဘေးမှ လူများသည်လည်း အရာအားလုံးကို ကောင်းစွာနားလည်ပေသည်။ ဝမ်ထန်သည် ရီဖူရှင်းကို မြို့သခင်ရုံးတော်သို့ ဝင်လာစေရန် စည်းရုံးလိုနေပုံပင်။

ထိုကဲ့သို့ ထူးကဲသော တိုက်ခိုက်စွမ်းရည်ရှိသူ တစ်ယောက်သည် စည်းရုံးရန်ထိုက်တန်သော လူတစ်ယောက်ဖြစ်ပေသည်။ ဧည့်သည့်တော်တစ်ဦးအနေဖြင့် ပွဲကြည့်ရန် ဖိတ်ကြားချက်သည် အကြောင်းရှာခြင်းသာဖြစ်၏။

“မစိုးရိမ်ပါနဲ့... စိတ်ချပါ... မင်းထွက်သွားချင်ရင် အချိန်မရွေးထွက်သွားနိုင်ပါတယ်။ မြို့သခင်ရုံးတော်ရဲ့ စည်းမျဉ်းတွေကို ထျန်းယန်မြို့ထဲက လူတိုင်းသိတယ်”

ဝမ်ထန်ဆက်ပြောလိုက်၏။ ဖိတ်ခေါ်ခံရသူမှာ ရီဖူရှင်းတစ်ဦးတည်းမဟုတ်ပေ။ အကယ်၍ ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်သည် အခြားသူများကို သူတို့၏စိတ်ဆန္ဒမပါဘဲ ထိန်းသိမ်းထားလျှင် သူတို့၏ဂုဏ်သတင်းသည် ယခင်ကတည်းက ညစ်နွမ်းခဲ့မည်ဖြစ်သည်။

ထို့အပြင် သူတို့သည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသော ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကဲ့သို့ အရေးပါသောပွဲတော်အချိန်အတွင်း၌ ထိုသို့လုပ်မည်မဟုတ်ပေ။

ရီဖူရှင်းသည် ခေတ္တမျှ တွေးတောလိုက်၏။ မြို့သခင်ရုံးတော်သည် ထိုကဲ့သို့သောကိစ္စအတွက် အခြားသူများကို ဖိအားပေးမည်မဟုတ်ဟု ဝမ်ထန်းပြောသည်ကို သူယုံကြည်၏။

ပြဿနာမှာ သူ့အနေဖြင့် မြို့သခင်ရုံးတော်သို့သွားလျှင် အန္တရာယ်အနည်းငယ် ရှိနိုင်ခြင်းပင်။ အကယ်၍ သူမည်သူ၊ မည်ဝါဖြစ်သည်သာ ပေါ်သွားပါက သူ့အတွက် အလွန်အန္တရာယ်များပေလိမ့်မည်။

ကောင်းကွက်မှာမူ သူသာ မြို့သခင်ရုံးတော်အတွင်းသို့ ဝင်နိုင်ခဲ့ပါက စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန်အတွက် မည်သည့်အင်အားစုများသည် ထျန်းယန်မြို့နှင့် မဟာမိတ်ဖွဲ့လိုနေသည်ဟူသော အတွင်းသတင်းများကို သိကောင်းသိရနိုင်ပေသည်။ ထိုသို့ဖြင့် သူသည် အနာဂတ်အတွက် တိကျသောဗျူဟာကို ‌ရေးဆွဲနိုင်ပေလိမ့်မည်။

ထို့ကြောင့် သူသည် အနည်းငယ် ချီတုံချတုံဖြစ်နေခြင်းပင်။

သို့သော် ဝမ်ထန်၏အမြင်တွင်မူ ရီဖူရှင်းသည် မြို့သခင်ရုံးတော်နှင့် ပူးပေါင်းသင့်၊ မပူးပေါင်းသင့်ဆိုသည်ကို ချီတုံချတုံဖြစ်နေခြင်းဟု မြင်၏။ ရီဖူရှင်းတွေးနေသောအရာမှာ အခြားတစ်ခုဖြစ်ကြောင်း သူမသိပေ။

“ကောင်းပြီ...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သူသည် ချီတုံချတုံဖြစ်နေပြီး‌နောက် သဘောတူလိုက်၏။ သူမည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်ချေသည် အတော်လေးနည်းသည်ဟု သူယုံကြည်၏။ ယခုတွင် ဤကြီးကျယ်သောပွဲတော်အတွက် ထျန်းယန်မြို့သို့ မရေမတွက်နိုင်လောက်အောင် များပြားသော ပါရမီရှင်များ ရောက်ရှိနေပေသည်။ သူသည် ထိုလူများစွာထဲမှ တစ်ယောက်သာဖြစ်သည်။ သူသည် မြို့သခင်ရုံးတော်နှင့် တမင်ဆက်သွယ်ခဲ့ခြင်းမဟုတ်သဖြင့် သူသည် ရီဖူရှင်းဖြစ်ကြောင်းကို မည်သူမှ ဆက်စပ်မိမည်မဟုတ်ပေ။

သူမည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားစေနိုင်သည့် တစ်ခုတည်းသောပြစ်ချက်မှာ သူ၏ရုပ်ဖျက်ထားမှုဖြစ်၏။ သူ ဂရုစိုက်နေသ၍ သူ့အကြောင်း မပေါ်သွားစေနိုင်ပေ။

ထို့အပြင် ဝမ်ထန်သည် သူ့ကို စည်းရုံးလိုနေသည်ဖြစ်ရာ သူ့အားယုံကြည်၍သာ ဖြစ်နိုင်ပေသည်။ သူ့အား စည်းရုံးသိမ်းသွင်းမှု မအောင်မြင်သ၍ ဝမ်ထန်သည် သူ့ကို မည်သို့မှ လုပ်နိုင်မည်မဟုတ်ပေ။ သူတို့သည် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံမည်ဖြစ်ကြောင်း သေချာပေသည်။

ထို့ကြောင့် ရီဖူရှင်းသည် မြို့သခင်ရုံးတော်ကိုလိုက်ခဲ့ရန် သဘောတူလိုက်ခြင်းပင်။

“မြို့သခင်ရုံးတော်က တကယ်ပဲ ပါရမီရှင်တွေကို တန်ဖိုးထားပြီး လောကအနှံ့က ပါရမီရှင်တွေကို စည်းရုံးသိမ်းသွင်းတာပဲ”

သူ့ဘေးရှိ ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။ သူတို့၏လေသံသည် သိပ်၍မဖော်ရွေပေ။ ရီဖူရှင်း၏လက်ချက်ဖြင့် ရှုံးနိမ့်သွားသူထဲတွင် ယွမ်ရှစ်နန်းတော်မှ စွမ်းအားကြီးသူ ဖေးယောင်လည်း ပါခဲ့သည်မဟုတ်ပါလား။

ထို့နောက်တွင် ဝမ်ထန်သည် ရီဖူရှင်းကို ဖိတ်ခေါ်စည်းရုံးနေ၏။ သို့ဖြစ်ရာ ယွမ်ရှစ်နန်း‌တော်သည် ထိုကိစ္စကို မကျေမနပ်ဖြစ်နေခြင်းမှာ သဘာဝကျပေသည်။

“ဒီကြီးကျယ်ခမ်းနားတဲ့ပွဲတော်မှာ... ထျန်းယန်မြို့ရဲ့ မြို့သခင်ရုံးတော်က တစ်‌လောကလုံးက လူအားလုံးကို ပြိုင်ပွဲကြည့်ဖို့  မြို့သခင်ရုံးတော်ကို ဖိတ်ခေါ်တာပဲ။ ငွေလှံချန်ခုန်းရဲ့ လှံသိုင်းက ပြောင်မြောက်ပြီးတော့ အစွမ်းထက်တယ်ဆိုတော့ သူက ပြိုင်ပွဲမှာရှိနေဖို့ သေချာပေါက် ထိုက်တန်တယ်လေ...”

ဝမ်ထန်က ပြုံးလျှက်ပြောလိုက်၏။

“ဒီသူစိမ်းမဆန်ပါနဲ့ မြို့သခင်ရုံးတော်ကိုအတူသွားပြီး သေရည်သောက်ကြတာပေါ့”

“မလိုပါဘူး။ ကျုပ်တို့ ထျန်းယန်မြို့ထဲကို လှည့်ပတ်မကြည့်ရသေးဘူး... ဒီတစ်ခေါက်တော့ ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး။ ပြိုင်ပွဲစတော့မယ့်အချိန်ကျမှ လာခဲ့မယ်”

ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများက ပြန်ပြောလိုက်၏။

“ဒီလိုဆိုလည်း ကောင်းပါပြီ”

ဝမ်ထန်ခေါင်းညိတ်လိုက်၏။

“ပြိုင်ပွဲစဖို့ ရက်နည်းနည်းလောက်လိုပါသေးတယ်။ အခု ထျန်းယန်မြို့ကလည်း စည်းကားနေတာပဲ... မြို့ထဲ လှည့်ပတ်ကြည့်သင့်တာပေါ့”

“‌နောက်မှ တွေ့ကြတာပေါ့”

ယွမ်ရှစ်နန်းတော်မှ လူက ပြန်ပြောလိုက်၏။ လူများစွာသည် မထွက်ခွာသွားခင်တွင် ရီဖူရှင်းကို ကြည့်သွားကြသည်။ ထိုပြိုင်ပွဲတွင် သူတို့သည် ရီဖူရှင်း၏လှံချက်တစ်ချက်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယွမ်ရှစ်နန်းတော်အနေဖြင့် ရီဖူရှင်းကို အပြစ်တင်ရန် အကြောင်းမရှိဟု သူတို့တွေးမိပေသည်။ ယွမ်ရှစ်နန်းတော်သည် ‌ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သဖြင့် ထိုကဲ့သို့ မသင့်လျော်သောအပြုအမူများဖြင့် သူတို့ကိုယ်သူတို့ အရှက်ရအောင်လုပ်၍ မရပေ။

ဝမ်ထန်သည် ထိုသူများထွက်ခွာသွားသည်ကို ကြည့်၍ ဝမ်တုန်းလိုင်ကို ပြောလိုက်၏။

“အစ်ကိုဝမ်... ကျုပ်လည်း သွားပါတော့မယ်”

“ကောင်းပါပြီ”

ဝမ်တုန်းလိုင်ခေါင်းညိတ်လိုက်၏။

“ကြွပါ...”

ဝမ်ထန်သည် ရီဖူရှင်းကို လက်ဟန်ပြ၍ ဖိတ်ခေါ်လိုက်၏။ ရီဖူရှင်းသည် လေပေါ်သို့ ပျံတက်ကာ ပြောလိုက်၏။

“အကြီးအကဲ အရင်ကြွပါ...”

ရီဖူရှင်း၏အပြုအမူ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ထန်က ပြုံးလျှက် ပြောလိုက်၏။

“ကဲပါ...အတူသွားကြတာပေါ့”

ထို့နောက်တွင် သူတို့အုပ်စုသည် အတူတကွထွက်ခွာသွားကြ၏။ ဝမ်တုန်းလိုင်သည် သူတို့ထွက်ခွာသွားသည်ကိုကြည့်၍ ဝမ်ထန်သည် စွမ်းအားကြီးသူတစ်ဦးကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီဟု တွေးလိုက်၏။

ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်သည် ရွှေမြို့တော်တစ်ခုကဲ့သို့ လွန်စွာခမ်းနားထည်ဝါပေသည်။

ရုံးတော်ခြံဝန်းတစ်ခုလုံးထဲတွင် ရွှေရောင်ခန်းမများ ရှိနေသည်ကို တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့်ပင် မြင်ရ၏။ ရီဖူရှင်းသည် အခြားသူများကို အပြစ်မပြုမိစေရန် မည်သည့်ခန်းမအတွင်းကိုမှ သူ၏နတ်အာရုံဖြင့် ဝင်မကြည့်ခဲ့ပေ။ သို့သော် သူသည် မျက်လုံးများဖြင့် လေ့လာကြည့်ရှုနေပေသည်။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်ရာနေရာများစွာကို တွေ့ခဲ့၏။ လက်နက်တိုက် အတွင်းပိုင်းတွင် မြေကွက်လပ်တစ်ခုရှိ၏။ သူတို့သည် မြို့သခင်ရုံးတော်အတွင်းသို့ လေပေါ်မှနေ၍ ပထမဆုံးဝင်သွားချိန်တွင် လူများစွာသည် ချပ်ဝတ်တန်ဆာများနှင့် လက်နက်များပြုလုပ်ကာ အလုပ်ရှုပ်နေသည်ကို မြင်ခဲ့ရသည်။ ထို့အပြင် သူတို့သည် သတ္တများကို ထုနှက်သုံးများကို အဆက်မပြတ်ကြားနေရ၏။

“မြို့သခင်ရုံးတော်မှာ ပုံမှန်ဆို သာမန်တပည့်တွေမှာ ချပ်ဝတ်လက်နက်ပြုလုပ်ဖို့ ကိုယ်ပိုင်နေရာမရှိကြဘူး။ သူတို့က အများသုံးချပ်ဝတ်လက်နက်ပြုလုပ်ရာနေရာတွေမှာဖြစ်ဖြစ် ဒါမှမဟုတ် ခြံဝန်းထဲမှာဖြစ်ဖြစ် ချပ်ဝတ်လက်နက်တွေ ပြုလုပ်ရတယ်။ ပိုပြီး အရေးပါတဲ့တပည့်တွေကတော့ ချပ်ဝတ်လက်နက်ပြုလုပ်ဖို့ ပိုကောင်းတဲ့နေရာတွေ ရကြတယ်။ အဓိကတပည့်တွေကတော့ ချပ်ဝတ်လက်နက်နန်းတော်ပါတဲ့ ကိုယ်ပိုင်နေရာတွေကို ရကြတယ်”

ဝမ်ထန်သည် ရီဖူရှင်းက မြို့သခင်ရုံးတော်အတွင်းရှိ အရာအားလုံးကို အလွန်စိတ်ဝင်စားနေကြောင်း တွေ့လိုက်ရသောအခါ ရုံးတော်၏စီမံခန့်ခွဲမှုကို ရှင်းပြလိုက်၏။

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ထိုစီမံခန့်ခွဲမှုကို သာမန်သာဖြစ်သည်။ အင်အားစုတိုင်းတွင် ရာထူအဆင့်အတန်း ခွဲခြားမှုများရှိသည် မဟုတ်ပါလား။

“မြို့သခင်အိမ်တော်မှာ ပိုအစွမ်းကြီးတဲ့ နတ်လက်နက်တွေရှိတယ်လို့ အကြီးအကဲပြောခဲ့တယ်မဟုတ်လား။ ကျွန်တော်ရခဲ့တဲ့ ငွေလှံကကို နတ်ဘုရားကပ်ဘေးပထမအဆင့်နတ်လက်နက်ဖြစ်နေပြီ... မြို့သခင်ရုံးတော်မှာ နတ်ဘုရားကပ်ဘေးဒုတိယအဆင့်နတ်လက်နက်တွေကို လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ”

ရီဖူရှင်းသည် ဝေ့ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။ ထိုသို့‌မေးလိုက်ခြင်းသည် သူဖော်ပြခဲ့သော သူ့အကျင့်စရိုက်နှင့် ကိုက်ညီပေသည်။

“နတ်ဘုရားကပ်ဘေးဒုတိယအဆင့်နတ်လက်နက်တွေကို ပြုလုပ်ဖို့က မလွယ်ဘူးမလား။ မြို့သခင်ရုံးတော်တစ်ခုလုံးမှာ နတ်ဘုရားကပ်ဘေးဒုတိယအဆင့်နတ်လက်နက်တွေကို လုပ်နိုင်တဲ့သူက လက်တစ်ဆုပ်စာလောက်ပဲရှိတယ်”

ဝမ်ထန်က ပြုံးလျှက်ပြောလိုက်၏။ သူသည် ရီဖူရှင်း၏မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့ပေ။ သူဆက်ပြောလိုက်၏။

“ဒါပေမဲ့ မြို့သခင်ရုံးတော်က ခေတ်အဆက်ဆက်က ထိပ်သီးကျင့်ကြံသူတွေ ပြုလုပ်ခဲ့တဲ့ နတ်လက်နက်တွေကို စုဆောင်းထားခဲ့တာပဲ။ မြို့သခင်ရုံးတော်မှာ နတ်ဘုရားကပ်ဘေးဒုတိယအဆင့်နတ်လက်နက်တွေ အလုံအလောက်ရှိပါတယ်။ ထျန်းယန်မြို့ရဲ့ ဝမ်မိသားစုက ဒီမှာနေထိုင်ခဲ့တာ မျိုးဆက်ပေါင်းများစွာကြာခဲ့ပြီ။ မြို့သခင်ရုံးတော်အတွက် နတ်ဘုရားကပ်‌ဘေးဒုတိယအဆင့်နတ်လက်နက်တစ်ခုကို ထုတ်ပေးဖို့ဆိုတာ မခက်ပါဘူး”

“နားလည်ပါပြီ”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။

“ဒီတစ်ခေါက် ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတွေ အများကြီး ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို လာလောက်မယ်ထင်တယ်”

“ဒါပေါ့...”

ဝမ်ထန်သည် ဂုဏ်ယူသောလေသံဖြင့် ပြောလိုက်၏။

“ဒီပွဲက ငါတို့ ထျန်းယန်မြို့မှာ နှစ်တစ်ရာမှ တစ်ကြိမ်ပဲကျင်းပတဲ့ ပွဲပဲ။ ဒါက ကောင်းကင်ဒေသက အကြီးကျယ်ဆုံးပွဲတွေထဲက တစ်ခုပဲ...ပြီးတော့ ဒွန်ဟောင်အင်ပါယာနန်းတော်က ကြီးမှူးပြီးလုပ်တဲ့ ပွဲတွေကလွဲရင် ဒီပွဲတော်ကို ယှဉ်နိုင်တဲ့ပွဲက နည်းနည်းပဲရှိတယ်။ ကောင်းကင်ဒေသတစ်ခွင်လုံးမှာ ထျန်းယန်မြို့ကို ယှဉ်နိုင်တဲ့ အင်အားစုတွေ သိပ်မရှိဘူး”

သူ၏လေသံသည် ဂုဏ်ယူဝံ့ကြွားသောလေသံဖြစ်သော်လည်း သူပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ကောင်းကင်ဒေသတွင် ထျန်းယန်မြို့၏အဆင့်အတန်းသည် မြင့်မားသည်ကို သံသယဖြစ်ဖွယ်မရှိပေ။ ထျန်းယန်မြို့သည် ကောင်းကင်ဒေသတွင် ‌ချပ်ဝတ်လက်နက်ပြုလုပ်သည့်အပိုင်းတွင် နံပါတ်တစ် တော်ဝင်မြေတစ်ခုပင် မဟုတ်ပါလား။

“အင်း...”

ရီဖူရှင်းသည် ခေါင်းညိတ်လိုက်ပြီး ဆက်၍ အဖြေမတောင်းနေတော့ပေ။ သူသည် ယခုတွင် မြို့တော်သခင်အိမ်တော်အတွင်းသို့ ရောက်နေပြီဖြစ်သည်။ မြို့သခင်ရုံးတော်သို့ မည်သည့်အင်အားစုများ ရောက်လာသည်ကို သူ နောက်ရက်အနည်းငယ်အတွင်း၌ သိရှိရမည်သာဖြစ်သည်။

“ဒီတစ်ခေါက် မင်းသမီးဒွန်ဟောင်ကိုယ်တိုင် လာလိမ့်မယ်”

ဝမ်ထန်ပြောလိုက်၏။

“မင်းသမီးက ဒီကို ကိုယ်တိုင်လာမှာလား”

ရီဖူရှင်းမေးလိုက်၏။

“ကျုပ် အပြင်မှာ ကောလာဟလနည်းနည်း ကြားခဲ့ပါတယ်... ဒါပေမဲ့ ကောလာဟလတွေအရတော့ ဒီကိုလာမှာ အရှင်ဒွန်ဟောင်ရဲ့တပည့်ရင်း လှံအင်ပါယာတုယူပဲဆို...”

“အာ..ဟား...”

ဝမ်ထန်ခေါင်းညိတ်လိုက်၏။

“မင်းသမီးကိုယ်တိုင် ထျန်းယန်မြို့ကိုလာမယ်ဆိုတာကို အတည်ပြုပြီးပြီ။ မြို့သခင်ရုံးတော်က မင်းသမီးကို နတ်လက်နက်တွေ လက်ဆောင်ပေးချင်တယ်လို့ တောင်းဆိုခဲ့တာကို အင်ပါယာနန်းတော်က လက်ခံခဲ့တယ်”

“ဒီလိုကိုး...”

နောက်ဆုံးတွင် ရီဖူရှင်း နားလည်သွား၏။ ထျန်းယန်မြို့သည် မင်းသမီးကို ဤပွဲတော်သို့ တက်ရောက်ရန် ဖိတ်‌ခေါ်လိုသော်လည်း သူမကို တိုက်ရိုက်ဖိတ်ခေါ်ရန် နည်းလမ်းမရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် တန်ဖိုးမဖြတ်နိုင်သော နတ်လက်နက်များကို လက်‌‌ဆောင်ပေးလိုသည်ဟုဆိုကာ မင်းသမီးကို ပွဲတက်စေခဲ့ခြင်းပင်ဖြစ်သည်။

သူတို့သည် မင်းသမီးအတွက် နတ်လက်နက်များကိုပင် လက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်သော်လည်း မင်းသမီးသည် လက်ဆောင်ကို လက်ခံရန်လာခဲ့ခြင်းသည်ပင် ထျန်းယန်မြို့ကို မျက်နှာသာပေးခြင်းဖြစ်သည်ဟု သူတို့မှတ်ယူကြသည်။ ထိုအချက်ဖြင့်ပင် သူတို့သည် သူမကို မည်မျှလေးစားကြောင်း သိနိုင်ပေသည်။

All Chapters