← Chapters

အခန်း (၁၆၁)

Vol. 16 Ch. 161

အခန်း (၁၆၁)

Vol. 16 Ch. 161

161 01

အခန်း 161 အပိုင်းပို (၁၀-ဇာတ်သိမ်း)

အရှေ့မြို့တော် နေ့စဉ်ဘဝ (အပိုင်း ၅)

လက်ဝါးခန့်ရှိသော သစ်သားသေတ္တာအနီလေး တစ်ဘူးကို သူမရှေ့တွင် ချထားလိုက်လေသည်။

မေဝမ့်ရှူးသည် မျက်မှောင်ကြုတ်လိုက်၏။ တစ်ညက မွှေနှောက်ခဲ့သော ပုံစံများကို သတိရပြီး၊ အနောက်ဆောင်မှာ အကျယ်ချုပ်ချထားတယ် ဆိုသော စကားက သူ့ကို မည်သည့် စိတ်ကူးများ ထပ်ရစေပြန်ပြီလဲ မသိဟု တွေးမိလေသည်။ မျက်လုံးများက သတိထားနေပြီး သေတ္တာကို မဖွင့်လိုဘဲ ဖြစ်နေ၏။

လော့ရှင်းယွမ်သည် ငွေကွပ်ထားသော သစ်သားသေတ္တာလေးကို သူမရှေ့သို့ ထပ်မံ တိုးပေးလိုက်လေသည်။

“ပြီးခဲ့တဲ့ တစ်ခေါက်ကလိုပါပဲ။ မိန်းကလေး အသုံးအဆောင် ပစ္စည်းလေးတွေပါ။ ကြောက်စရာကောင်းတာ မပါပါဘူး”

မေဝမ့်ရှူးသည် သူ့ကို သတိပေးသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး သေတ္တာကို ဖွင့်လှစ်လိုက်လေသည်။ ပထမဆုံး သေတ္တာအောက်ခြေကို လှန်လှောကြည့်ရှုလိုက်၏။

ယခင်တစ်ခေါက်ကဲ့သို့ သားရေကြိုးအနက်ရောင် မပါရှိပေ။

ထိုအခါမှ စိတ်အေးသွားပြီး သေတ္တာထဲမှ လက်ရာမြောက်သော ရွှေလက်ကောက် တစ်ကွင်းကို ထုတ်ယူလိုက်လေသည်။

မြွေခေါင်းပုံစံ ရွှေသားစစ်စစ် လက်ကောက် ဖြစ်လေသည်။ မြွေကိုယ်ထည်ကို ရွှေနန်းကြိုး ကိုးထပ်ဖြင့် ရစ်ပတ်ထားပြီး အထပ်တိုင်းတွင် မတူညီသော ပန်းပုလက်ရာများ ပါရှိသည်။ မျက်လုံးနေရာတွင် ပတ္တမြားနီ နှစ်လုံး မြှုပ်နှံထား၏။

လက်ကောက်ဝတ်မှ စွပ်လိုက်ပြီး လက်မောင်းအထိ တွန်းတင်လိုက်သောအခါ ကလစ်ခနဲ အသံမြည်ပြီး မောင်းတံ ကျသွားကာ မြွေပါးစပ်နှင့် အမြီးတို့ ချိတ်ဆက်သွားပြီး လက်မောင်းတွင် တင်းကျပ်စွာ တွယ်ကပ်သွားလေသည်။

“ဝတ်လိုက်ရင် တကယ် ကြည့်ကောင်းသားပဲ”

လော့ရှင်းယွမ်သည် ဖြူဖွေးသော လက်မောင်းလေးကို ကိုင်ထားပြီး ချီးမွမ်းလေသည်။ “ကျန်း ထင်ထားတာထက် အဆတစ်ရာလောက် ပိုကြည့်ကောင်းတယ်”

“ဘယ်ထဲက သွားရှာလာတာလဲ” မေဝမ့်ရှူး ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး လက်ကောက်ကို ပြန်ချွတ်ရန် ပြင်လိုက်လေသည်။ “ငါက လက်ကောက်ဝတ်ရတာ မကြိုက်ဘူး”

သို့သော် လက်ကောက်၏မောင်းတံက သေနေပြီ ဖြစ်သဖြင့် ပြန်ချွတ်၍ မရတော့ပေ။

“ကျန်း တော်တော် ကြိုးစားပြီး ရှာထားရတာ” လော့ရှင်းယွမ်က နှမြောတသ ဖြစ်သွားလေသည်။ “မင်း မကြိုက်ရင်လည်း ဒီည တစ်ညလောက်ပဲ ဝတ်ထားပေးပါလား”

မေဝမ့်ရှူးသည် လက်မောင်းတွင် ကပ်နေသော ရွှေလက်ကောက်ကို ငုံ့ကြည့်လိုက်လေသည်။

“လက်ရာကတော့ သေသပ်ပါတယ်။ ဒါပေမဲ့ ရွှေလက်ကောက်ကြီးမှာ ပတ္တမြားတွေ စီခြယ်ထားပြီး အထပ်ထပ် ဖြစ်နေတာက သိပ်ပြီး တောက်ပြောင်လွန်း မနေဘူးလား”

သူမသည် ဝတ်ရုံလက်ကို ပင့်တင်လိုက်ပြီး မီးရောင်အောက်တွင် ဖြူဖွေးသော လက်မောင်းပေါ်မှ ရွှေလက်ကောက်ကို လှုပ်ရမ်းပြလိုက်လေသည်။ “ရွှေရောင်တွေ တောက်နေတာ ကြည့်ရတာ မျက်စိမနောက်ဘူးလား”

“ကျန်းလည်း တောက်ပြောင်တာတွေ မကြိုက်ပါဘူး။ ဒါပေမဲ့ မင်း ဝတ်ထားရင် ကြိုက်တယ်” လော့ရှင်းယွမ်သည် သေချာ စိုက်ကြည့်နေပြီး မျက်လုံးများတွင် အားကျမှုများ ပေါ်လွင်နေလေသည်။ “အသားဖြူဖြူလေးပေါ်မှာ ရွှေလက်ကောက် ဝတ်ထားတာ ဘယ်လို ကြည့်ကြည့် လှတယ်”

အသားမာတက်နေသော လက်ချောင်းထိပ်များသည် အစပိုင်းတွင် လက်ကောက် ဝတ်ထားသော လက်မောင်းကိုသာ ပွတ်သပ်နေသော်လည်း တဖြည်းဖြည်း အင်္ကျီလက် အတွင်းပိုင်းသို့ တိုးဝင်သွားပြီး နူးညံ့သော လက်မောင်းသားလေးများကို စမ်းသပ်ပွတ်သပ် လာလေသည်။

သွယ်လျသော လက်သည် လန့်ဖျပ်ပြီး နောက်ဆုတ်သွားကာ အင်္ကျီလက်စကို ဆွဲချပြီး ဖုံးအုပ်လိုက်လေသည်။

“နောက်ရက် နည်းနည်းနေရင် အရှေ့မြို့တော် ပြန်တော့မယ်”

မေဝမ့်ရှူးသည် မငြိမ်မသက် ဖြစ်နေသော လက်ကို ပုတ်ထုတ်လိုက်ပြီး တိုင်ပင်လေသည်။

“ဒီတစ်ခေါက် ပြန်လာတာ တစ်လနီးပါး ကြာသွားပြီ။ ငါနဲ့အတူတူ ပါလာတဲ့ အမတ်ချုပ်ချန်တောင် ပြန်သွားတာ ကြာပြီ။ ငါက ဒီမှာ ကျန်နေတုန်း။ တကယ် ပြန်သင့်နေပြီ”

လာစဉ်ကမူ မျက်နှာပြရုံမျှသာဟု ထင်မှတ်ခဲ့သော်လည်း ပြန်ခါနီးကျမှ ကိစ္စများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသဖြင့် ခေါင်းကိုက်နေရလေသည်။

“ငါ အရှေ့မြို့တော် ပြန်ရောက်ရင် ဧကရာဇ်လမ်းမကြီး နာမည်ကို မူလအတိုင်း ပြန်ပြောင်းပေးလို့ ရမလား”

161 02

“ကောလာဟလတွေ ငြိမ်သွားမှ ပြောင်းတာပေါ့” လော့ရှင်းယွမ်က တိတိကျကျ မငြင်းသော်လည်း လက်မခံပေ။

မေဝမ့်ရှူး သူ့လေသံကို နားထောင်ကြည့်ပြီး ဤကိစ္စသည် ထပ်ပြောရဦးမည် ဖြစ်ကြောင်း သိရှိလိုက်လေသည်။

ပြန်ခါနီးပြီဖြစ်၍ ယခုညတော့ ဆက်မပြောတော့ပေ။

သူမ အင်္ကျီလက်ထဲမှ လက်ကောက်ကို ပြလိုက်ပြီး နောက်ပြောင်လိုက်လေသည်။

“မေအမတ်ကို အနောက်ဆောင်မှာ အကျယ်ချုပ်ချထားပြီး ဧကရာဇ်က ညဘက် ရွှေလက်ကောက် လာပေးသတဲ့။ ကစားလို့ ဝပြီလား ဧကရာဇ်။ ဖွင့်တဲ့ မောင်းတံက ဘယ်နားမှာလဲ။ ငါ စမ်းလို့ မရဘူး”

လော့ရှင်းယွမ်၏ အကြည့်များက ရွှေလက်ကောက်ဆီ ရောက်ရှိသွားလေသည်။

“တကယ်တော့... ဒီလက်ကောက်မှာ နောက်ထပ် အသုံးဝင်ပုံ တစ်ခု ရှိသေးတယ်”

“အင် ဘာလဲ”

“ဒီည မင်း အပြစ်ပေးခံပါမယ်လို့ ကတိပေးထားတယ်နော်။ ကျန်းကို မကန်ရဘူး၊ မကိုက်ရဘူး။ ဒီည ကျန်းကို မောင်းမထုတ်ရဘူး။ ဒါဆိုရင် ပြောပြမယ်”

မေဝမ့်ရှူး သူပြောသည်မှာ သနားစရာ ကောင်းနေသဖြင့် ရယ်ချင်သွားလေသည်။ “ပြောပုံကလည်း... ငါကပဲ အနိုင်ကျင့်နေသလိုလို။ လက်ကောက်က ဘာများ ထူးခြားနေလို့လဲ။ ပြောပါ... နားထောင်ပေးပါ့မယ်”

လော့ရှင်းယွမ် သူမလက်မောင်းကို မြှောက်လိုက်ပြီး မီးရောင်အောက်တွင် မြွေအမြီးကို ဖိလိုက်လေသည်။

ဘေးနှစ်ဖက်ကို တပြိုင်နက် အားဖြင့် ညှစ်လိုက်သောအခါ အမြီးနားမှ မောင်းတံ ပွင့်သွားပြီး မြွေပါးစပ်ထဲမှ အမြီး ပြုတ်ထွက်လာလေသည်။

လော့ရှင်းယွမ်သည် ရွှေမြွေအမြီးကို ဆွဲပြီး တစ်ထပ်ချင်းစီ ဆွဲထုတ်လိုက်လေသည်။

(၉) ထပ်ရှိသော လက်ကောက်မှာ ဖြုတ်၍ ရခြင်း ဖြစ်လေသည်။ အောက်မှ (၄) ထပ်ကို ဖြုတ်လိုက်၏။ အပေါ်မှ အထပ်များမှာ လက်မောင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

မေဝမ့်ရှူး အံ့သြပြီး ကြည့်နေစဉ်မှာပင် လော့ရှင်းယွမ်က သူမ၏ နောက်လက်တစ်ဖက်ကို ဆွဲယူပြီး ကလစ်ခနဲ တပ်ဆင်လိုက်လေသည်။

လက်ရာမြောက်သော ရွှေလက်ကောက်ကို ပွတ်သပ်ရင်း မျက်လုံးများ မှေးစင်းသွားလေသည်။

“အနောက်ဆောင်မှာ အကျယ်ချုပ်ချတယ် ဆိုတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ တွေးရင်း တွေးရင်းနဲ့... အတွေးတွေ လွန်ကုန်ရော”

“နူးညံ့တဲ့ လက်ချောင်းလေးတွေကို ရွှေလက်ကောက်နဲ့ တွဲချုပ်ထားပြီး... အခုလိုမျိုး... ကုတင်တိုင်မှာ ချည်ထားမယ်။ ပြီးရင် ဖန်မီးအိမ်တွေ အကုန် ထွန်းထားမယ်...”

အသားမာတက်နေသော လက်ချောင်းထိပ်များသည် အစပိုင်းတွင် နီရဲနေသော နားသီးလေးကို ပွတ်သပ်နေရာမှ တဖြည်းဖြည်း အောက်သို့ ဆင်းသက်လာလေသည်။ ရမ္မက်ဆန္ဒများ ပြင်းပြလာပြီး နှုတ်ခမ်းလေးကို ပွတ်သပ်လာ၏။ “ရမလား”

အဖြေကား လက်ဖမိုးကို အားပါပါ ကိုက်ချလိုက်ခြင်းပင် ဖြစ်လေသည်။

“အား...” လော့ရှင်းယွမ် လေစုပ်လိုက်ပြီး လက်ဖမိုးပေါ်မှ သွားရာအသစ်ကို စမ်းသပ်ကြည့်လိုက်လေသည်။ “မကိုက်ပါဘူးလို့ ပြောထားပြီးတော့... ဘာလို့ ဒီလောက် နာအောင် ကိုက်ရတာလဲ”

မေဝမ့်ရှူး တစ်ဖက်လှည့်သွားပြီး သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားလိုက်လေသည်။ ဘာမျှ ပြန်မပြောပေ။

လော့ရှင်းယွမ် သူမကို ပွေ့ချီပြီး ထလိုက်လေသည်။ ဖန်မီးအိမ်များကို လိုက်လံငြှိမ်းသတ်လိုက်၏။

အပြင်ခန်းမှ စားပွဲပေါ်တွင် ဆီမီးခွက်လေး တစ်လုံးသာ ချန်လှပ်ထားလေသည်။ ညအမှောင်ထဲတွင် ဝါကျင်ကျင် အလင်းရောင်လေး ဖြာကျနေလေသည်။

“ကဲ... ဖန်မီးအိမ်တွေ ငြှိမ်းလိုက်ပြီ” လော့ရှင်းယွမ် ပြန်လာထိုင်ပြီး ရင်ခွင်ထဲမှ အလှလေးကို ချော့မော့လိုက်လေသည်။ “မရသေးဘူးလား။ ဘယ်လိုမှ သည်းမခံနိုင်ဘူးလား”

မေဝမ့်ရှူး ရင်ခွင်ထဲတွင် မျက်နှာဝှက်ရင်း သက်ပြင်းချလိုက်လေသည်။ “ဒီည တစ်ညတည်းနော်။ ဒီည ပြီးရင် ဒီရွှေလက်ကောက်ကို လွှင့်ပစ်လိုက်တော့”

*** *** ***

161 03

ညဉ့်နက်သန်းခေါင် အချိန်တွင် အရိပ်မည်းတစ်ခုသည် ညအမှောင်ကို အကာအကွယ်ယူပြီး လှုပ်ရှားနေလေသည်။

အနောက်ဆောင်ပေါ်သို့ တက်ရောက်လာသည်။ တောင်ပေါ်စင်္ကြံလမ်း အဆုံးကို ဖြတ်ကျော်ပြီး အိပ်ငိုက်နေသော အတွင်းစောင့်များကို သတိထား ရှောင်ကွင်းလာသည်။ ထုံးစံအတိုင်း ခေါင်းလောင်းတီးပြီး ခွင့်မတောင်းပေ။

အသံမထွက်စေဘဲ သစ်သားလှေကားအတိုင်း တက်ရောက်လာလေသည်။

မြင့်မားသော နေရာတွင် တည်ဆောက်ထားသည့် အနောက်ဆောင်ကြီး အတွင်းရှိ လူများ အိပ်ပျော်နေလောက်ပြီ ဖြစ်သည်။ မီးအိမ်များ အကုန် ငြိမ်းနေပြီး အပြင်ခန်းမှ မီးရောင်မှိန်မှိန်လေး တစ်ခုသာ ကျန်ရှိတော့သည်။

အရိပ်မည်းသည် တံခါးနားသို့ တိတ်တဆိတ် ကပ်သွားပြီး တွန်းကြည့်လိုက်သည်။ တံခါး ဂျက်ထိုးထားလေသည်။

သူ ကြိုတင် ပြင်ဆင်ထားသည်။ တံခါးနားတွင် ထိုင်ချလိုက်ပြီး လက်ဝါးဖြင့် တံခါးကို အားပြု တွန်းလိုက်ရာ ဟသွားသော နေရာလေး ရရှိသွားလေသည်။

ထို အဟလေးမှ ထွက်ပေါ်လာသော မီးရောင်မှိန်မှိန်လေးကို အားပြုပြီး အထဲသို့ ချောင်းကြည့်လိုက်လေသည်။

သူသည် ငယ်စဉ်ကတည်းက မြောက်ပိုင်းဝေတိုင်းပြည်မှ ထွက်ခွာလာပြီး နန်းတော်ထဲတွင် သူလျှိုအဖြစ် နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သခင်ကြီးအတွက် အလုပ်လုပ်ပေးရမည့် အချိန် ရောက်ရှိလာပြီ။

သခင်ကြီးက တိတ်တဆိတ် မှာကြားထားသည်။ မေအမတ်က အနောက်ဆောင်တွင် တည်းခိုသည်လော၊ သို့မဟုတ် အကျယ်ချုပ် ချခံထားရသည်လော ဆိုသည်ကို ဤည အဖြေပေါ်အောင် စုံစမ်းခဲ့ ဟူ၍။

တံခါးကြားမှနေ၍ ချောင်းကြည့်သော်လည်း ဘာမျှ မမြင်ရပေ။ နားနှင့်ကပ်ပြီး နားထောင်ကြည့်ရာ စားပွဲ ကုတင် ရွှေ့သံကဲ့သို့ အသံများ ကြားရလေသည်။ ထို့နောက် ယောက်ျားသံ သဲ့သဲ့ ကြားရ၏။

“အနောက်ဆောင်မှာ အကျယ်ချုပ် ကျနေတဲ့ မေအမတ်... ဘာလို့ စကားမပြောတာလဲ။ ဟင်”

ထိုအသံက ချော့မော့ပြီး ပြောဆိုနေလေသည်။ “စကားပြောလေ... တစ်ခွန်းဖြစ်ဖြစ်၊ တစ်လုံးဖြစ်ဖြစ် ပြောလိုက်။ ဒါဆို မင်းလက်တွေကို ဖြေပေးမယ်”

အခြားအသံတစ်ခု အခန်းထဲမှ ထွက်ပေါ်လာလေသည်။ တိုးတိုးလေး ညည်းသံ ဖြစ်သည်။ ကြောင်ပေါက်လေး အော်သံကဲ့သို့ပင်။ အားမရှိသကဲ့သို့ ဖြစ်နေလေသည်။

အပြင်မှ ချောင်းနေသော အရိပ်မည်း လန့်ဖျပ်သွားလေသည်။

တကယ်ပင် အကျယ်ချုပ် ချထားခြင်း ဖြစ်ချေသည်။ အကျယ်ချုပ်တင် မက… ညဘက်ကြီး နှိပ်စက်ပြီး စစ်ဆေးမေးမြန်းနေခြင်း ဖြစ်တန်ရာသည်။

ဤမျှ အရေးကြီးသော သတင်းကို သခင်ကြီးထံ အမြန် သွားရောက်ပြောကြားမှ ဖြစ်ပေမည်!

အရိပ်မည်း ချက်ချင်း ပြန်လှည့်ပြီး အသံမထွက်ဘဲ စင်္ကြံလမ်းအတိုင်း ပြန်ဆင်းပြေးလေသည်။

အရိပ်မည်း တောင်အောက် ရောက်ရှိသွားသည်နှင့် တောင်ပေါ်စင်္ကြံလမ်း တိုင်လုံးကြီး နောက်မှ လူတစ်ယောက် ထွက်ပေါ်လာလေသည်။

ယခုည အနောက်ဆောင်တွင် တာဝန်ကျသော ကျိုးရွှမ်ယွီသည် အရိပ်ထဲတွင် ရပ်လျက် အေးစက်စက် ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။ “လိုက်သွားကြ။ ဒီည ငါးကြီးတစ်ကောင် ဖမ်းမယ်”

******

အနောက်ဆောင်ထဲမှ အသံသေးသေးလေးများသည် တောင်ပေါ်လေသံများနှင့် ရောနှောနေသဖြင့် စောစောက မဖိတ်ခေါ်သော ဧည့်သည်ကဲ့သို့ တံခါးနားကပ်ပြီး နားထောင်မှသာ ကြားနိုင်မည် ဖြစ်သည်။

ယိမ်းနွဲ့နေသော ဖယောင်းတိုင် မီးရောင်အောက်တွင် ရွှေလက်ကောက် တစ်ကွင်း ပြတင်းပေါက်မှတဆင့် လွင့်ပစ်ခံလိုက်ရလေသည်။

“အိပ်တော့” လော့ရှင်းယွမ်သည် နောက်ဆုံး ဆီမီးခွက်ကို မှုတ်ငြှိမ်းလိုက်လေသည်။ အတွင်းခန်း လိုက်ကာများကို ချလိုက်၏။ “မိုးချုပ်နေပြီ”

အပူငွေ့များ ထွက်နေသော ခန္ဓာကိုယ်ကြီးသည် အင်္ကျီပါးလေး ဝတ်ဆင်လျက် စောင်ထဲ ဝင်ရောက်လာလေသည်။ နွေးအိနေပြီး ရေနွေးအိတ်ထက် ပိုမိုကောင်းမွန်သည်။ မေဝမ့်ရှူး မျက်လုံးမှိတ်ပြီး မှီတွယ်လိုက်လေသည်။

“ငါ ဒီနေ့ စိတ်ဝင်စားစရာ လျှို့ဝှက်စာ တစ်စောင် ရတယ်” သူမ မျက်လုံးမှိတ်ထားလျက် အိပ်ချင်စိတ်ကို တွန်းလှန်ပြီး ပြောကြားလိုက်လေသည်။

161 04

“ခြေရာလက်ရာ ဖျောက်ဖို့ ကြိုးစားထားပေမဲ့ စာလာပို့တဲ့လူက အနီးအနားမှာ ရှိနေတာ သေချာတယ်။ လိုက်စုံစမ်းကြည့်ရင် သဲလွန်စတွေ အများကြီး ရမှာ”

“သဲလွန်စ လိုက်ရင်း နောက်ကွယ်က ကြိုးကိုင်သူကို မိရင်... ငါ ထင်တဲ့သူသာ ဖြစ်မယ်ဆိုရင်...”

“သူက မြောက်ပိုင်းဝေဘုရင်ရဲ့ အချစ်ဆုံး သားတော် မဟုတ်လား။ သူ မြို့တော်မှာ ရှိနေတုန်း သူ့အပြစ်ကို ဖမ်းချုပ်ပြီး သက်သေအထောက်အထားတွေကို မြောက်ပိုင်းဝေတိုင်းပြည် မြို့တော်ဆီ ပို့လိုက်ရင်... နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးတဲ့အခါ သူတို့ကို အကြပ်ကိုင်လို့ ရပြီ”

လော့ရှင်းယွမ် နားထောင်ရင်း ရယ်မောလိုက်လေသည်။ သူမ လူးလှိမ့်၍ လန်သွားသော စောင်ကို ပြန်လည်ခြုံပေးလိုက်၏။

“ကဲပါ... ဒီလောက် ပင်ပန်းနေတာတောင် သူများကို အကြပ်ကိုင်ဖို့ တွေးနေသေးတယ်။ မနက်ဖြန်မှ ဆက်ပြော။ စောစော အိပ်တော့”

နှစ်ယောက်သား ဖက်အိပ်ရင်း အိပ်ပျော်လုနီးပါး ဖြစ်နေချိန်တွင်…

အောက်ဘက် စင်္ကြံလမ်းမှ ကြေးခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။

တစ်ယောက်ယောက် ညဉ့်နက်သန်းခေါင် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။

လော့ရှင်းယွမ် ဂရုမစိုက်ပေ။ အောက်မှ လူသည် အလိုက်တသိ ပြန်သွားလိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။ သို့သော် ခေါင်းလောင်းသံမှာ မရပ်တန့်ဘဲ (၁၅) မိနစ်ခန့် ဆက်တိုက် မြည်နေလေသည်။

သူ အသက်ပြင်းပြင်း ရှူလိုက်လေသည်။ ညအမှောင်ထဲတွင် စမ်းသပ်ပြီး ထထိုင်လိုက်သည်။ ပြန်လည်တုံ့ပြန်သည့် ကြိုးကို ဆွဲလိုက်လေသည်။

“အရင်တစ်ခေါက် ချီကျန့်ဟန် ညဘက်ကြီး ဒီလို လုပ်လို့ သူ့အစား မင်းကို အနောက်ဆောင် စောင့်ခိုင်းထားတာ”

လော့ရှင်းယွမ် အဝတ်ခြုံပြီး တံခါးဖွင့်လိုက်လေသည်။ တံခါးဝတွင် ရပ်လျက် အေးစက်စက် ပြုံးလိုက်လေသည်။ “ဘာလဲ... ကျိုးရွှမ်ယွီ... မင်းလည်း လူအိပ်ချိန် လာနှောင့်ယှက် တတ်နေပြီလား။ တောင်ပေါ်ကနေ အပစ်ချခံရမှာ မကြောက်ဘူးလား”

ကျိုးရွှမ်ယွီ ကြောက်လန့်တကြား ဒူးထောက်လိုက်လေသည်။ “အရှင်... ဧကရာဇ်... ကျွန်တော်မျိုး ဒီည မြောက်ပိုင်းဝေ သူလျှိုတစ်ယောက်ကို ဖမ်းမိပါတယ် ”

“အင်” မေဝမ့်ရှူး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် နိုးလာလေသည်။

“အင်း” ထူးပြီး အဝတ်ထခြုံလိုက်၏။

ကုတင်ဘေးမှ ဖန်မီးအိမ်လေးကို ထွန်းလိုက်လေသည်။ မြောက်ပိုင်းဝေ သူလျှိုအကြောင်း နားထောင်ရန် ပြင်ဆင်လိုက်စဉ်…

ရုတ်တရက် မူးဝေလာလေသည်။ သူမ ယိမ်းယိုင်သွားပြီး မျက်လုံးထဲတွင် အမှောင်ကျ သွားလေသည်။ နံရံကို မနည်း အားပြုပြီး ထောက်ထားလိုက်ရ၏။

“ရှင်းယွမ်... ငါ... ငါ နေလို့ သိပ်မကောင်းဘူး...”

မူးဝေခြင်းသည် တချက်တချက် ဖြစ်ပေါ်နေလေသည်။ တစ်ယောက်ယောက် ပြေးလာပြီး စကားပြောသည်ကို… တစ်ယောက်ယောက်က သူမကို တွဲပြီး ပို့ပေးသည်ကို ဝေဝါးဝါး ခံစားမိလေသည်။

ပြန်လည်သတိရလာသောအခါ ကျောက်စိမ်းရောင် ဝတ်စုံနှင့် ရှင်ယီနင်ကို ဝေဝါးဝါး မြင်တွေ့လိုက်ရလေသည်။ ကုတင်ဘေးရှိ ခုံပုလေးတွင် ထိုင်ပြီး ဆေးစာရေးရင်း စကားပြောဆိုနေလေသည်။

“ဧကရာဇ်က ကျွန်တော်မျိုးကို အရင် ခွင့်လွှတ်ပေးမှ ကျွန်တော်မျိုးက ရောဂါ အခြေအနေမှန်ကို တင်လျှောက်ရဲမှာပါ။ ဧကရာဇ်က အပြစ်မယူပါဘူးလို့ မပြောရင် ကျွန်တော်မျိုး ဘယ်လိုမှ ဆေးစာ မပေးရဲပါဘူး”

လော့ရှင်းယွမ် ပြတင်းပေါက်နားတွင် ရပ်နေလေသည်။ တစ်ဝက်ပွင့်နေသော ပြတင်းပေါက် အပြင်ဘက်တွင် မိုးလင်းစပြုနေပြီ ဖြစ်သည်။

သူ့မျက်နှာတွင် ဘာမျှ မပေါ်သော်လည်း ပြတင်းပေါက်ဘောင်ကို ကိုင်ထားသော လက်များသည် လက်သီးဆုပ်ထားလေသည်။

“ပြောစမ်းပါ” သူ အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။ “ဘာရောဂါပဲ ဖြစ်ဖြစ်၊ ဘာဆေးစာပဲ ပေးပေး... မင်းကို အပြစ်မယူဘူး”

“ကျေးဇူးတင်ပါတယ် ။ မေအမတ်ရဲ့ ရောဂါက ရောဂါရှာရတာ မခက်ပါဘူး။ ဆေးစာပေးရတာလည်း လွယ်ပါတယ်။ ဆေးရှာရတာလည်း လွယ်ပါတယ်။ တစ်ခုပဲ ရှိတယ်... သမားတော် မှာတာ လိုက်နာရမယ်” ရှင်ယီနင်က ခပ်မြန်မြန် ရေးပြီး ပေးလိုက်လေသည်။

လော့ရှင်းယွမ် စိတ်မရှည်သော်လည်း အောင့်အီးပြီး ဖွင့်ကြည့်လိုက်လေသည်။

161 05

ဆေးစာအပြင် တိုတောင်းသော မှာကြားချက် တစ်ကြောင်းသာ ပါဝင်လေသည်။

“လူမမာ အနားယူဖို့ လိုသည်။ ကာမကိစ္စ (၃) လ ရှောင်ကြဉ်ပါ”

“......”

လော့ရှင်းယွမ် အံကြိတ်လိုက်လေသည်။ ဆေးစာရွက်ကို လုံးချေလိုက်ပြီး ဖျော့တော့တော့ ပြုံးလိုက်လေသည်။ “ရှင်ယီနင်... မင်း သေချင်နေပြီလား”

“ကျွန်တော်မျိုး ပြောစရာ အရေးကြီးတာ တစ်ခု ကျန်ပါသေးတယ်။ ပြောပြီးရင် ဧကရာဇ်က ကျွန်တော်မျိုးကို အသက်ချမ်းသာပေးမှာ သေချာပါတယ်။ ရွှယ်ချင့်လည်း သေချာ နားထောင်နော်” ရှင်ယီနင်က မေဝမ့်ရှူးဘက် လှည့်ကြည့်ပြီး လူက သတိရရဲ့လား စစ်ဆေးလိုက်လေသည်။

မေဝမ့်ရှူး ထထိုင်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။ “ပြောပါ”

ရှင်ယီနင် ထရပ်လိုက်လေသည်။ ဝတ်ရုံကို သပ်ရပ်အောင် ပြုလုပ်ပြီး လော့ရှင်းယွမ်ကို လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

“ဧကရာဇ်... ဝမ်းမြောက်စရာပါ။ ရွှယ်ချင့်ရဲ့ ရောဂါလက္ခဏာက... ကိုယ်ဝန် ရှိနေတာပါ”

မေဝမ့်ရှူး နှင့် လော့ရှင်းယွမ် နှစ်ဦးစလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် အံ့သြသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ အနောက်ဆောင်ထဲတွင် အချိန်အတော်ကြာ မည်သူမျှ စကားမပြောနိုင်ကြပေ။

မေဝမ့်ရှူး နောက်ကျမှ သတိဝင်လာပြီး ဝမ်းဗိုက်လေးကို စမ်းသပ်ကြည့်လိုက်လေသည်။

“... ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ” ရှင်ယီနင် သက်ပြင်းချလေသည်။ “ပြီးခဲ့တဲ့ တစ်ခေါက် မြို့အရှေ့ဘက် အိမ်မှာ သွေးစမ်းတုန်းကတော့ ရက်နုသေးလို့ မပေါ်သေးတာ။ ဒီတစ်ခါတော့ သွေးခုန်နှုန်းက သိသာနေပြီ။ (၂) လနီးပါး ရှိနေပြီ။ ရာသီ မလာတာ ဘယ်လောက် ကြာပြီလဲ။ မင်း သတိမထားမိဘူးလား။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါ့ကို ဘာမှ မပြောဘူး”

မေဝမ့်ရှူး ရှားရှားပါးပါး စဉ်းစားရ ကျပ်သွားလေသည်။ သေချာ စဉ်းစားပြီးမှ ပြောဆိုလိုက်လေသည်။ “ငါ့ ရာသီက ပုံမှန် ရက်ရွှေ့တတ်တယ်။ တစ်ခါတလေ နောက်ကျတတ်တော့ ပုံမှန်ပဲ ထင်နေတာ...”

“ပေါ့ဆလိုက်တာ။ ဟိုရက်ပိုင်းက တိုင်းပြည်ချင်း ရင်းနှီးဧည့်ခံပွဲတောင် သွားတက်လိုက်သေးတယ်။ အရက်တွေ အများကြီး မသောက်မိဘူးမလား။ ကိုယ်ဝန်ဆောင်နေတဲ့ (၃) လလောက် အတွင်း အရက် လုံးဝ မသောက်နဲ့တော့”

ရှင်ယီနင် သက်ပြင်းချရင်း စာရွက်တစ်ရွက် ယူပြီး (၃) လ ကာမကိစ္စ ရှောင်ကြဉ်ရန် ဆိုသည်ကို ထပ်မံ ရေးပေးလိုက်လေသည်။ “(၃) လ မပြည့်ခင် ကိုယ်ဝန် မငြိမ်သေးဘူး။ သမားတော် မှာတာ သေချာ လိုက်နာပါ”

လော့ရှင်းယွမ် ပြတင်းပေါက်နားတွင် ရပ်နေဆဲပင် ဖြစ်သည်။ အဝေးကို ငေးကြည့်နေလေသည်။ အချိန်ကြာမြင့်မှ သတိပြန်ဝင်လာသည်။ ပြတင်းပေါက် အပြင်ဘက်မှ တောင်ပေါ်လေပြင်းများ တိုက်ခတ်နေသဖြင့် သူ့ဝတ်ရုံအောက်နားစများ လွင့်ပျံနေလေသည်။

သူ ရုတ်တရက် အခန်းပြင် ထွက်ခွာသွားလေသည်။

ခြေလှမ်းများက ပုံမှန်ကဲ့သို့ တည်ငြိမ်မနေဘဲ အလျင်စလို ဖြစ်နေ၏။ စင်္ကြံလမ်း အဝေးသို့ ပျောက်ကွယ်သွားလေသည်။

ရှင်ယီနင်သည် စကားပြောလက်စ တန်းလန်းနှင့် လူပျောက်သွားသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ “သွားပြီလား။ ဒီလောက် သတင်းကြီး ကြားရတာကို သူက ဒီအတိုင်း ထွက်သွားတာလား!”

မေဝမ့်ရှူးကမူ တည်ငြိမ်နေသည်။ “လန့်သွားလို့ ဖြစ်မှာပါ။ တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေချင်လို့ နေမှာပေါ့။ သူ စဉ်းစားလို့ ပြီးရင် အဆင်ပြေသွားမှာပါ”

ပွင့်နေသော တံခါးကို ကြည့်ပြီး စိတ်မချသဖြင့် ရှင်ယီနင်ကို မှာကြားလိုက်လေသည်။ “သူ ဘယ်သွားလဲ တစ်ချက်လောက် သွားကြည့်ပေးပါဦး”

ရှင်ယီနင် ထွက်ခွာသွားလေသည်။ လေတိုက်နေသည့်ကြားမှ လက်ရန်းကို ကိုင်ပြီး အောက်ဘက်ကို လှမ်းကြည့်လေသည်။

“ဝါး…” သူ ပြန်လာပြီး ပြောလေသည်။ “ငါတို့ ဧကရာဇ်က ကျိုးရွှမ်ယွီကို သွားရှာပြီး လူချင်း ထိုးသတ်နေတယ်။ ဟိုတစ်ယောက်က ပုံမှန်ဆို လမ်းလျှောက်ရင်တောင် တည်တည်ငြိမ်ငြိမ် လျှောက်တတ်တာ၊ အခုကျတော့ လက်တင်ပြီး လက်သီးတွေ ထိုးနေလိုက်တာ... ကျိုးအမတ်ကလည်း ပြန်မချရဲတော့ အထိုးခံနေရတယ်”

161 06

မေဝမ့်ရှူး နံရံဘက် မျက်နှာလှည့်ပြီး တိတ်တဆိတ် ရယ်မောလိုက်လေသည်။

ရှင်ယီနင် ပြန်ထိုင်ပြီး ထပ်ခါထပ်ခါ မှာကြားလေသည်။ “ကိုယ်ဝန်ဆောင်ကာစ လပိုင်းတွေက အရမ်း အရေးကြီးတယ်။ (၃) လ ဆိုတာ မနည်းဘူး။ ဟိုတစ်ယောက်ကို ငါ စိတ်မချဘူး။ မင်း အရှေ့မြို့တော် ပြန်ပြီး ကိုယ်ဝန်ဆောင်တာ ပိုကောင်းမယ်”

ကိုယ်ဝန်ဆောင် စောင့်ရှောက်နည်းများ သေချာ မှာကြားနေစဉ် အပြင်ဘက် စင်္ကြံလမ်းမှ အလျင်စလို ခြေသံများ ကြားလိုက်ရလေသည်။

လော့ရှင်းယွမ် အပြေး ပြန်ရောက်လာလေသည်။

“အခုတော့ သူ နားလည်သွားလောက်ပြီ…” မေဝမ့်ရှူး ပြုံးပြီး ရှင်ယီနင်ကို ပြောရန် ပြင်လိုက်စဉ်...

ရွှေချည်ထိုး နဂါးပုံ ဝတ်ရုံစသည် မျက်စိရှေ့တွင် ဖြတ်ခနဲ ဖြစ်သွားပြီး သူမ ရုတ်တရက် ပွေ့ချီခံလိုက်ရလေသည်။ အတွင်းခန်းထဲမှ အပြင်ဘက် လေဟာပြင် စင်္ကြံလမ်းပေါ်သို့ တန်းခေါ်ဆောင်သွားပြီး လေတိုက်နေသည့်ကြားတွင် တစ်ပတ်ခန့် လှည့်လိုက်လေသည်။

နေရောင်ခြည်က အရှေ့ဘက်မှ ထွက်ပေါ်လာပြီး စင်္ကြံလမ်း သစ်သားခင်းများပေါ်တွင် ဖြာကျနေလေသည်။ သူမ လေတိုက်သဖြင့် အနည်းငယ် မူးဝေသွား၏။ အနည်းငယ် ရုန်းကန်လိုက်လေသည်။ “ရှင်းယွမ်... ဖြည်းဖြည်း... ငါ မူးတယ်…”

လော့ရှင်းယွမ်က ဖိချလိုက်လေပြီ။ သူမကို အနီရောင် လက်ရန်းပေါ်တွင် ဖိထားပြီး လက်ချောင်းချင်း ယှက်နွယ်ကာ နဖူး၊ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်းများကို တရစပ် နမ်းရှိုက် လေတော့သည်။

ရှင်ယီနင် ကြည့်မနေနိုင်တော့ပေ။ တံခါးဝတွင် ရပ်ပြီး ချောင်းဟန့်လိုက်လေသည်။ “ဗိုက်ကို မဖိနဲ့လေ”

လေဟာပြင် စင်္ကြံလမ်းပေါ်တွင် အနမ်းမိုးရွာနေသော နှစ်ယောက်သား တောင့်ခနဲ ဖြစ်သွားကြလေသည်။

မေဝမ့်ရှူး မျက်လုံးကို အုပ်ပြီး ကိုယ်ပေါ်မှ လူကို တွန်းထုတ်လိုက်လေသည်။

လော့ရှင်းယွမ် ထိုအခါမှ ရှင်ယီနင် ရှိနေသည်ကို သတိထားမိလိုက်လေသည်။ လှည့်ကြည့် လိုက်သောအခါ မျက်လုံးများက မဲမှောင်နေ၏။

“သမားတော်ရှင်... မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ”

ရှင်ယီနင်သည် သူ့အကြည့်ကို မြင်သည်နှင့် အန္တရာယ် အငွေ့အသက် ရရှိလိုက်လေသည်။ ချက်ချင်းပင် နှုတ်ဆက်ပြီး အနောက်ဆောင်ပေါ်မှ ပြေးဆင်းသွားတော့သည်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

“...... ပြေးတာ မြန်သားပဲ”

လော့ရှင်းယွမ်သည် ရှင်ယီနင် ပြေးထွက်သွားသည်ကို ကြည့်ပြီး မျက်နှာပေါ်မှ အေးစက်မှုများ ပျောက်ကွယ်သွားလေသည်။ ပြန်လှည့်လာပြီး မေဝမ့်ရှူး၏ ဝမ်းဗိုက်လေးကို ဖွဖွလေး ထိတွေ့လိုက်လေသည်။ “တကယ်လား။ ဒီထဲမှာ တကယ်ပဲ ကလေး ရှိနေတာလား”

သူ တီးတိုး ရေရွတ်လိုက်လေသည်။ “...... ငါတို့ရဲ့ ကလေး”

မေဝမ့်ရှူးသည် သူ နှစ်ပေါင်းများစွာ နေမှ တစ်ခါလောက် တုံးအသည်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။ “ငါတို့ ကလေး မဟုတ်ရင် ဘယ်သူ့ ကလေး ဖြစ်မလဲ”

လော့ရှင်းယွမ်သည် သူ မေးခွန်း အတီးအတ မေးလိုက်မိမှန်း သတိမထားမိပေ။ လက်ချောင်းလေးများသည် အဝတ်အစား အထူကြီးများကြားမှ ဝမ်းဗိုက်လေးကို ဖွဖွလေး ထိတွေ့နေလေသည်။ စဉ်းစားပြီးနောက် လက်ကို လက်မဝက်ခန့် အောက်လျှော ချလိုက်လေသည်။ ရေပြင်ကို လေတိုက်သကဲ့သို့ ဖွဖွလေး ထိတွေ့လိုက်ပြန်လေသည်။

“ဒီနေရာမှာလား။ ဒါမှမဟုတ် ဒီနားလား”

“ငါလည်း မသိဘူး” မေဝမ့်ရှူး အမှန်အတိုင်း ဖြေကြားလိုက်လေသည်။

လော့ရှင်းယွမ် လက်ပြန်ရုပ်လိုက်လေသည်။ ပုံမှန် တည်ငြိမ်နေတတ်သော မျက်နှာထားသည် ယခုအခါ စိုးရိမ်ပူပန်နေသကဲ့သို့ ဖြစ်နေလေသည်။

မေးခွန်းတစ်ခုကို ပါးစပ်ထဲတွင် အကြိမ်ကြိမ် ရေရွတ်ပြီး အတော်ကြာမှ မေးရဲလေသည်။

“ရွှယ်ချင့် ကလေးအကြောင်း ပြောတာ တစ်ခါမှ မကြားဖူးဘူး။ မင်း... ငါတို့ ကလေးကို မကြိုက်ဘူး ဖြစ်နေမလား”

မေဝမ့်ရှူး ပြုံးလိုက်မိလေသည်။

161 07

“အရင်တုန်းက မပြောခဲ့တာက... ဒီတစ်သက် ကလေး ကံမပါဘူးလို့ ထင်ထားလို့ပါ။ ကံတရားက မပေးရင် အတင်း မတောင်းဆိုချင်ဘူး”

“အခုတော့...” သူမ ပြန့်ပြူးနေသော ဝမ်းဗိုက်လေးကို ငုံ့ကြည့်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်လေသည်။ “ကံတရားက မိခင်နဲ့ သားသမီး ရေစက် ပေးလာမှတော့ ဝမ်းသာစရာ ကိစ္စပဲလေ၊ ဘာလို့ မကြိုက်ရမှာလဲ”

နေထွက်လာသော အချိန်၊ နန်းတော် ခြေရင်း၌...

အမတ်များသည် နန်းတော်ထဲမှ ထွက်ခွာပြီး နေရာအသီးသီးသို့ ပြန်နေကြလေပြီ။

ယနေ့ ဧကရာဇ် ညီလာခံ မတက်ပေ။

အနောက်ဆောင် အမြင့်ပေါ်တွင်...

ကျောပြင် နှစ်ခုသည် အရှေ့ဘက် စင်္ကြံလမ်း လက်ရန်းပေါ်တွင် မှီထိုင်နေကြလေသည်။ လူသူကင်းမဲ့သော နေရာ၊ ဆောင်းဦးပေါက် မနက်ခင်း နေရောင်အောက်တွင် တီးတိုး ပြောဆိုနေကြလေသည်။

“ရွှယ်ချင့်က သားလိုချင်လား၊ သမီးလိုချင်လား”

“ငါ့ဆီ လာချင်တဲ့ ကလေးမှန်သမျှ ငါ ချစ်ပါတယ်။ ရှင်းယွမ် ကရော”

“ငါက သမီးလေး လိုချင်တယ်”

“အင် ဘာလို့ သမီး လိုချင်တာလဲ။ ငါ ထင်တာက မင်း သားကြီးဩရသ လိုချင်မယ် ထင်နေတာ”

“သမီးပဲ လိုချင်တယ်။ မျက်လုံးတွေ မျက်နှာသွင်ပြင်တွေက ရွှယ်ချင့်နဲ့ တူမယ်။ စိတ်နေသဘောထားကလည်း ရွှယ်ချင့်နဲ့ တူမယ်။ သေးသေးကွေးကွေးလေး ရပ်နေရင် ကျောက်စိမ်းရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးလေး... ဘယ်လောက်ကောင်းလဲ။ သားဆိုးလေးတော့ မဖြစ်ပါစေနဲ့”

“ဘာလို့ ဒီလောက် ရွံနေရတာလဲ” မေဝမ့်ရှူး ရယ်ချင်သွားလေသည်။ “တကယ်လို့ သားလေး ဖြစ်နေရင်ရော... မင်း လွှင့်ပစ်လိုက်မှာလား”

“တကယ်လို့ သားဆိုးလေး ဖြစ်နေရင်...” လော့ရှင်းယွမ် စဉ်းစားပြီး မတတ်သာသကဲ့သို့ ပြောဆိုလေသည်။ “မျက်လုံး မျက်နှာက ရွှယ်ချင့်နဲ့ တူမယ်၊ စိတ်သဘောထားကလည်း ရွှယ်ချင့်နဲ့ တူမယ် ဆိုရင်တော့ ထားလိုက်ပါမယ်။ တကယ်လို့ ငါနဲ့ တူနေရင်တော့... တန်းပြီး လွှင့်ပစ်လိုက်မယ်”

“......” မေဝမ့်ရှူး လက်မြှောက်ပြီး သူ့ကို ရိုက်လိုက်လေသည်။ “ဘာ လွှင့်ပစ်မှာလဲ။ လျှောက်မပြောနဲ့။ အရင်တုန်းက နန်းတော်ထဲ ဝင်တုန်းက အန္တရာယ်တွေ များလွန်းလို့တောင် ရှင်းယွမ်ကို လွှင့်မပစ်ခဲ့တာ”

လော့ရှင်းယွမ် တိုးတိုးလေး ရယ်မောလိုက်လေသည်။ လက်လှမ်းပြီး သူမ လက်ကို ပြန်လည်ဆုပ်ကိုင်ထားလိုက်၏။

“ဒါဆို သားလေးလည်း ထားလိုက်ပါမယ်။ သမီးလေး ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ သားဆိုးလေး ဖြစ်နေရင်၊ ရုပ်က ငါနဲ့ တူချင်တူပါစေ၊ စိတ်သဘောထားကတော့ ရွှယ်ချင့်နဲ့ တူအောင် သေချာ သင်ပေးရမယ်...”

ဆောင်းဦး နေရောင်အောက်တွင် တစ်ယောက်ကို တစ်ယောက် မှီတွယ်နေသော သူတို့၏ အရိပ်များသည် ရှည်လျားစွာ ကျရောက်နေလေသည်။

ရှေ့ဆက်ရမည့် ခရီးက ပိုပြီး ရှည်လျားအုံးမည် ဖြစ်သည်။

******

(ဇာတ်သိမ်း ပြီးပါပြီ)

All Chapters